Friday, May 04, 2007

နွေ၏ အဆုံး ...

ချက်ချင်းပဲ မိုးဥတုကို ရောက်သွားပြီလား မသိ။
မနေ့ နေ့လည်ခင်းကစပြီး တနေ့လုံး မိုးဖွဲလေးတွေ တစိမ့်စိမ့်နဲ့ ရွာလိုက်တာ ဒီမနက်ထိအောင်ပါပဲ။
အမြင်အာရုံတွေ အားလုံး ပြောင်းလဲကုန်ပြီ။ ခြောက်သွေ့ ညှိုးယော်နေတဲ့ မြက်ပင်တွေလည်း ချက်ချင်းဆိုသလို စိမ်းစိုလာကြပြီ။ နွေနေပူဒဏ်ကြောင့် ခေါင်းငိုက်စိုက်ကျနေတဲ့ သစ်ရွက်တွေလည်း စိမ်းစိမ်းလန်းလန်းနဲ့ ပြန်လည် ဦးမော့လာကြပြီ။ နွေရာသီ ကုန်ဆုံးသွားပြီလား … ။
ပြောင်းလဲသွားတဲ့ ရာသီလေးတွေကို အမြဲတမ်း အမှတ်ထင်ထင် ရှိတတ်တဲ့ ကျမ နွေအကုန် မိုးအကူး ရာသီလေးကို ပြတင်းပေါက်က ငေးကြည့်ရင်း တွေးနေမိပါတယ်။

မိုးရွာလို့ တလောကလုံး စိမ်းစိမ်းစိုစိုနဲ့ ကြည့်လို့လည်း ကောင်း၊ နေလို့လည်း ကောင်းနေပါရဲ့။ နွေရဲ့ အပူက လွတ်မြောက် သွားတဲ့အတွက်လည်း အေးအေးချမ်းချမ်း ရှိလှတယ်။ တနွေလုံး ရေငတ်နေတဲ့ ပျိုးပင်တွေ သစ်ပင်တွေလည်း မိုးကို မျှော်နေရှာမှာလေ။ ခုဆို မိုးရွာလို့ သူတို့လေးတွေလည်း ပျော်နေကြရော့မယ်။ လူတွေလည်း ဒီလိုပါပဲ … ။ ပူလောင်လှပြီ … နွေကို ငြီးငွေ့လှပြီ …။
ဒီတော့လည်း မိုးဦးကို အားလုံးကမ်းလင့် ကြိုဆိုနေကြပြီပေါ့။

ပြတင်းပေါက်က ငေးကြည့်နေရင်း ….
ကုန်ဆုံးသွားတဲ့ နွေရာသီ ကိုယ်စား ကျမခံစားတွေးမိပါတယ်။ ကျန်နေခဲ့တဲ့အတွက် ခမျာမှာ အားငယ် နေရှာမလား … ။ ပူလောင်လွန်းလို့ ညည်းတွားကြ အပြစ်ဆိုကြတဲ့ ဒဏ်တွေ မခံနိုင်လို့များ မိုးကို သူကိုယ်တိုင် ခေါ်လာတာပဲလား။
ဘာပဲဖြစ်ဖြစ် …နွေသည်လည်း နွေပီပီ သူ့တာဝန်သူ ကျေခဲ့ပါပြီ။ အခု … မိုးအလှည့် ရောက်တော့လည်း သူက ခဏဘေးဖယ် ပေးရအုံးမှာပေါ့။ ဒါဟာ သဘာဝပဲ မဟုတ်လား။

အရင်ကတော့ ရာသီပြောင်းချိန်လေးတွေတိုင်း အမှတ်တရနဲ့ ကဗျာလေးတွေ ရေးဖွဲ့ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က နွေအကုန် မိုးအကူးမှာ ရေးခဲ့ဖူးတဲ့ ကဗျာလေးတပုဒ် စာအုပ်ဟောင်းတွေ မွှေနှောက်ရင်းနဲ့ တွေ့လို့ ပြန်ဖတ်ဖြစ်တယ်။ ခုတော့လည်း အဲဒီလို ကဗျာလေးတွေတောင် မရေးဖြစ်တာကြာခဲ့ပါပြီ။ ဒါကြောင့် ငယ်စဉ်က ရေးခဲ့ဖူးတဲ့ ဒီကဗျာလေးပဲ အမှတ်တရ ဘလော့မှာ တင်လိုက်ပါရစေတော့။
***
“နွေ၏ အဆုံး”

လေပြင်းအဝှေ့
မိုးငွေ့ရောယှက်
တစက် နှစ်စက်
သစ်ရွက်တွန့်ခြောက်
မိုးစက်ပေါက်မှန်
မာန်ထန်ထစ်ချုန်း
မိုးလုံးမှိုင်းမှိုင်း
ရိုင်းစိုင်းသော လေ
နွေကို နှုတ်ဆက်လိုက်ပြီ နွေ … ။

နေခဲ့တော့ နွေ …
နွေရဲ့အလှ ပသာဒများ
အားလုံးရှုစားကြပြီးပြီ၊
နွေရဲ့ အပူ နေအပူလည်း
ရယူ ခံစားကြပြီးပြီ … ။

သည်တော့လေ နွေ …
ကျန်နေခဲ့တာ အားငယ်ပါနဲ့
သဘာဝပေါ့ နွေပြီးတော့မိုး
မိုးပြီးရင်ဆောင်း …ပြောင်းလဲဦးမှာ
ချိန်ခါတထောက် နွေပြန်ရောက်ရင်
ပိတောက်ရင်ခတ် စပယ်ကြက်ရုံး
ဂမုန်းနှင်းဆီ ကံ့ကော်သီတဲ့
နွေပီသအောင် လှလိုက်ပေါ့ … ။ … ။


18th May, 1992
2:35 pm
***
သဘာဝတ္ထ နိယာမ အတိုင်း ဘယ်အရာမှ တသမတ်တည်း တည်မြဲနေတာ မရှိပါဘူး။
အလှည့်ဆိုတာ ပေးရစမြဲပါ။ ကိုယ်ကျတဲ့ အလှည့်မှာ ကိုယ့်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရမှာ ဖြစ်ပြီး တပါးသူကို အလှည့်ပေးရပြီ ဆိုရင်လည်း ၀မ်းမြောက်စွာ လက်ဆင့်ကမ်း ပေးဖို့တော့ လိုအပ်ပါတယ်။
ဒီလိုနဲ့ တချိန်မှာတော့ ကိုယ့်အလှည့်ဟာ ပြန်ရောက်လာဦးမှာပါပဲ … ။
ရာသီစက်ဝိုင်းဆိုတာ လည်ပတ်နေသလို … ရှည်လျားလှတဲ့ သံသရာဆိုတာလည်း လည်ပတ်နေတာပဲ မဟုတ်ပါလား။
***
မေဓာဝီ
4th May, 2007
8:45 am

2 comments:

Anonymous said...

"ကိုယ်ကျတဲ့ အလှည့်မှာ ကိုယ့်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရမှာ ဖြစ်ပြီး တပါးသူကို အလှည့်ပေးရပြီ ဆိုရင်လည်း ၀မ်းမြောက်စွာ လက်ဆင့်ကမ်း ပေးဖို့တော့ လိုအပ်ပါတယ်။"

မှန်လေစွ။

Thet Oo said...

ရာသီဥတုမှာတောင် အလှည့်အပြောင်းရှိပေမယ့် မြန်မာပြည်အုပ်ချုပ်နေသူတွေကတော့ သူများကို အလှည့်ပေးဖို့ မစဉ်းစားတာ သေချာတယ်ဗျ။ နောက်ဆုံးပေါက်ကွဲထွက်ပြီးမှ ပြောင်းရတယ်ဆိုတော့ တိုင်းပြည်နစ်နာတာပေါ့ဗျာ။