Tuesday, October 03, 2006

essay 4

မနေ့ ညက မိုးအရမ်းရွာတယ်။ ကြောက်စရာ ကောင်းလောက်အောင် လေတွေလဲ တိုက်တယ်။
လေက တ၀ီဝီ အသံပေးပြီး တိုက်တာ တခါမှ မကြုံဖူးဘူး။ မှန်ပြတင်းကနေပြီး အပြင်ကိုကြည့်ရတာ ရုပ်ရှင်ဇာတ်ကားထဲက လေမုန်တိုင်းတိုက်တဲ့ ဇာတ်ဝင်ခန်းတခုကို ကြည့်နေရသလိုပဲ။
မီးလဲ ပြတ်သွားတာနဲ့ ဘာမှလုပ်စရာမရှိဘဲ ပြတင်းပေါက်က အပြင်ကို ထိုင်ငေးကြည့်နေမိတယ်။
လမ်းမပေါ်မှာလဲ ရေတွေဖွေးလို့ .. ကားတချို့လဲ ဆက်မသွားနိုင်ဘဲ ရပ်လို့။ သစ်ပင်တွေလဲ သွက်သွက်ခါအောင် ယိမ်းထိုးလို့။ မိုးတွေကလဲ တဂျိမ်းဂျိမ်းနဲ့ခြိမ်း .. လျှပ်တွေကလဲ အဆက်မပြတ် ပြက်၊
မိုးနည်းနည်းစဲပြီး လေငြိမ်သွားတော့ မီးသတ်ကားတွေ ဆက်တိုက် အိမ်ရှေ့လမ်းမက ဖြတ်သွားတယ်။ ဘယ်မှာ ဘာတွေဖြစ်တယ်မသိ။ အားလုံးဘေးကင်းဖို့ ဆုတောင်းရုံသာတတ်နိုင်ပါတယ်။
ဆုတောင်းနေရင်းနဲ့ ပြီးခဲ့တဲ့ မိုးဦးကျစ (မေလ) တုန်းက တိုက်သွားတဲ့ မာလာ မုန်တိုင်းကို ပြန်အမှတ်ရမိတယ်။ အဲဒီမုန်တိုင်းပြီးတော့ ‘မုန်တိုင်းအလွန်’ဆိုတဲ့ နာမည်နဲ့ အက်ဆေးတပုဒ်ရေးဖြစ်ခဲ့တယ်။
ဒီနေ့အဖို့တော့ အဲဒီအက်ဆေးလေးကို တင်လိုက်ပါတယ်။
မုန်တိုင်းတွေ ဘယ်လိုထန်ထန် ..နောက်ဆုံးတော့ သာယာတဲ့နေ့သစ်တနေ့ကို ရောက်ရမယ်လို့ ယုံကြည်မျှော်လင့်မိပါရဲ့။

***
မုန်တိုင်းအလွန်
***
ရေဒီယို နဲ့ ရုပ်မြင်သံကြားမှာ မုန်တိုင်းသတင်းကြေငြာချက်တွေ ဆက်တိုက်ထုတ်လွှင့်နေသည်။
ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်းအုံ့ဆိုင်းလာပြီး လေတိုက်ခတ်နှုန်းက တဖြည်းဖြည်းကြမ်းလာ၏။
ကောင်းကင်က နီမှောင်မှောင်အရောင် သမ်းနေပြီး တချက်တချက် လျှပ်အပြက်မှာ လင်းခနဲ လက်ခနဲ။
အိပ်တန်းတက်မယ့် ငှက်တအုပ်လည်း ခပ်သုတ်သုတ် ပျံသန်းနေကြပြီ။
သူတို့ သိုက်မြုံဆီပဲ ပျံကြတာလား .. တခြားခိုနားရာ နေရာပဲရှာနေကြသလား၊
သူတို့အတွက် လုံခြုံသည့်နေရာရော .. ရှိပါရဲ့လား။
အိပ်တန်းတက် ငှက်တွေကိုကြည့်ရင်း အိမ်ခေါင်းရင်းက ကံ့ကော်ပင်ထက်မှာ အသိုက်ဆောက်နေသည့် ငှက်မလေးကို သတိရလိုက်မိသည်။ သူလည်း ခုဘယ်ရောက်နေပါလိမ့်။
မြက်ခြောက်ပင်များ သစ်ကိုင်းခြောက်သေးသေးမွှားမွှားများကို ကိုက်ကာ ပျံချီသန်းချီ နှင့် တနေ့ခင်းလုံး ဒင်းအလုပ်ရှုပ်နေခဲ့တာ။ ခုလိုအချိန်မှာ သူ့အသိုက်အမြုံလေးက ဒီမုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိပါ့မလား။
သစ်ပင်တွေက ယိမ်းထိုးလှုပ်ရှားနေကြပြီ။
မိုးကသည်းသည်ထက်သည်းလာသည်။
လေကလည်း ထန်သည်ထက် ထန်လို့။
ကောင်းကင်မှာတော့ မှောင်အတိကျသွားလေပြီ။
ဒီမိုး ဒီလေက သစ်ရွက်ခြောက်တွေသာမက သစ်ရွက်စိမ်းတွေ သစ်ကိုင်းကြီးတွေကိုပါ ပြတ်ထွက် ကျိုးထွက်အောင် တိုက်ခတ်ပုံ ပြင်းလှသည်။
လေတိုက်သံတဝေါဝေါ .. မိုးရွာသံတ၀ုန်းဝုန်း .. မိုးထစ်ချုန်းသံခပ်အုပ်အုပ် ..
ဒီကြားထဲ တခါတရံ ပစ်လိုက်သော မိုးကြိုးသံ တဂျိန်းဂျိန်း .. သစ်ပင်တွေယိမ်းထိုးသံ ..
သစ်ကိုင်းတွေ ကျိုးကျသံ .. ။
မုန်တိုင်းရဲ့အသံက ခြောက်ခြားဖွယ်ပင် ကောင်းလွန်းနေတော့သည်။
တံခါးတွေအားလုံးပိတ်ထားသော်လည်း အသံတွေကြားနေရ၏။
မုန်တိုင်းသံ အပြင် .. သတ္တ၀ါလေးတွေ ကယ်ပါ ယူပါ ဟု အော်နေကြသည့်အလား နားမှာ ကြားယောင်မိသည်။
အိမ်ခြေယာမဲ့သူများ .. အိမ်ခြေမခိုင်ခံ့သူများ .. မုန်တိုင်းနဲ့ တိုက်ရိုက်ထိတွေ့ရမည့်သူများ ..
ပင်လယ်ပြင် ..မြစ်ပြင် ..တောထဲ တောင်ထဲလို အမှီအခိုကင်းရာ နေရာမျိုး ရောက်နေကြမည့်သူများ .. ငှက်ကလေးတွေလို လုံခြုံမှုမရှိသူများ .. ။
ထိုသူတို့၏ အော်သံများ နားထဲမှာ ကြားနေရသလို .. ။
သတ္တ၀ါတွေ ..ဘေးကင်းကြပါစေ ..
မုန်တိုင်းက မြန်မြန်လွန်မြောက်ပါစေ .. ဟု ဆုတောင်းရုံသာ တတ်နိုင်တော့သည်လေ။
***
ခုတော့လည်း မနေ့တုန်းက လေပြင်းမုန်တိုင်းမတိုက်ခတ်ခဲ့သလို ပတ်ဝန်းကျင်ဟာ နေသားတကျ စိမ်းစိုလို့။
သစ်ပင်တွေ သစ်ရွက်တွေလည်း အက်ျီအသစ်ဝတ်ထားသူတွေလို လတ်ဆတ် လန်းဆန်းလို့။
တိမ်တွေကြားမှာ သာနေတဲ့ နေရောင်ဟာလည်း ၀ါလွင်တောက်ပလို့။
မိုးကောင်းကင်မှာ တိမ်တွေက ဟိုတဆုပ် .. ဒီတဆုပ် ..လေအဝှေ့မှာ တအိအိ လွင့်မျော နေကြသည်။
အိမ်ရှေ့အုတ်တံတိုင်းစည်းရိုးကို ခပ်ယိုင်ယိုင်မှီပြီး ရှင်သန်နေဆဲ မန်ကျည်းပင်ကြီးရဲ့ အစိမ်းရင့်ရောင် အရွက်စိပ်စိပ်တွေ တလွန့်လွန့် လှုပ်ရှားနေပုံကိုကြည့်ရသည်မှာ ငြိမ်းချမ်းလွန်းလှ၏။
တနွေလုံး ပူလောင်ခဲ့တဲ့ ကမ္ဘာမြေကြီးပေါ်ကို အငြိုးတကြီး ရွာချထားတဲ့ မိုးစက်တွေဟာ ခြောက်ကပ် အက်ကွဲစပြုနေတဲ့ မြေပြင်ကို ချွေးသိပ်ပေးထားကြလို့ မြေကြီးဟာလည်း သေသေ၀ပ်ဝပ် နဲ့ရှိနေလေရဲ့။
မနက်စောစောက ဟိုတကွက် ဒီတကွက်နဲ့ လမ်းပေါ်တင်ကျန်နေတဲ့ မိုးရေအိုင်ငယ်လေးတွေလည်း နေရောင် ဖျော့ဖျော့အောက်မှာ တဖြည်းဖြည်းနဲ့ ပျောက်ကုန်ကြပြီ။
မျက်နှာချင်းဆိုင်ဆေးရုံဝင်းရဲ့ မြက်ခင်းဟာ.. အစိမ်းရောင် ကတ္တီပါကော်ဇောတချပ်ကို ဖြန့်ခင်းထားသည့် နှယ် ပြန့်ပြူး စိမ်းလန်းလို့နေ၏။
မုန်တိုင်းအလွန် ရာသီဟာ ဘာကြောင့်များ ဒီလောက်တောင်လှပနေရတာလဲ ..
***
မုန်တိုင်းကြောင့် ကံ့ကော်ပင်၊ မန်ကျည်းပင်၊ သရက်ပင်များမှ ကျိုးကျနေသော သစ်ကိုင်းများအား ရှင်းရန် ခြံထဲသို့ ဆင်းခဲ့သည်။
မြေပေါ်မှာ သစ်ကိုင်းတွေ သစ်ရွက်တွေပွစာကျဲနေ၏။
သင်းပျံ့ပျံ့ ရနံ့ကို ရှူရှိုက်မိသဖြင့် ၀န်းကျင်ကိုကြည့်လိုက်တော့ ..
သစ်ပင်ကြီးများ၏လောင်းရိပ်မှလွတ်ရာ မြေလွတ်မှာ အုတ်ဘောင်လေးနှင့်စိုက်ထားသော စပယ်ပင်လေးမှ အဖြူရောင် စပယ်ပန်းလေးတပွင့် .. ။
ပန်းပွင့်လေးကို နှစ်ခြိုက်မြတ်နိုးစွာ ကြည့်နေဆဲ .. မျက်စိရှေ့မှာ ငှက်တကောင် ပျံသွားတာကို ရိပ်ခနဲမြင်လိုက်သဖြင့် လှမ်းကြည့်လိုက်တော့ အသိုက်ရှင် ငှက်မလေး။
သူ့အသိုက်ကား မရှိတော့ချေ။ သို့သော် ..
ထင်းရူးပင်မှ ရွက်မျှင်ကလေးတခုကို ကိုက်ချီပြီး ကံ့ကော်ပင်ကြီးထက်သို့ ပျံတက်သွားသည်။
ခဏအကြာ ဆင်းလာပြန်၏။
ပျံတက်လိုက် .. ပျံဆင်းလိုက် ..
သူ .. အသိုက်ပြန်ဆောက်နေလေပြီ။
***
အံ့သြစရာတော့မဟုတ်ပါ .. ။
မုန်တိုင်းသည် သစ်ပင်များ သစ်ကိုင်းများကို ချိုးဖျက်နိုင်သော်လည်း ပွင့်လန်းလာမည့် စပယ်ဖူးလေးတွေ ကိုတော့ တားနိုင်စွမ်းမရှိ။
မုန်တိုင်းသည် ငှက်ကလေးတွေ၏ သိုက်မြုံများစွာကို ဖျက်ဆီးပစ်နိုင်သော်လည်း သူတို့၏ စိတ်ဓာတ်ကို ကား ဖျက်ဆီးနိုင်စွမ်းမရှိပါပေ။
***
သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်းကို ရှောင်လွှဲလို့မရသည်မှာတော့ သေချာပါသည်။
မည်သို့ပင်ဖြစ်စေ ..
လေပြင်း၏ နောက်တွင် လေပြေညင်းလာမည်။
မုန်တိုင်း၏နောက်တွင် ရှင်နေမင်းသာမည်။
လေပြင်းကား အမြဲတမ်း မတိုက်ခတ်နိုင်ပါ။
မုန်တိုင်းလည်း အမြဲတမ်း မကျရောက်နိုင်ပါ။
မုန်တိုင်းလွန်လျှင်တော့ .. တလောကလုံး သာယာမှာ အမှန်ပင်ဖြစ်ပေတော့သည်တကား။
***
(မေဓာဝီ)
၁၈.၅.၀၆

3 comments:

Anonymous said...

တစ်ခေါက်ဖတ်ပြီးသား ထပ်တစ်ခေါက်ပြန်ဖတ်မိတယ်။
အရမ်းကောင်းတယ် မမေ...ကျေးဇူး

မေဓာဝီ said...

မမေစာတွေ အားပေးတဲ့အတွက် ..ကျေးဇူးပါစနေ၊
သတင်းပေးတဲ့ မြန်မာဘလူးကိုလဲ ကျေးဇူးတင်ပါတယ်။
ဖိုရမ်ကိုတော့ မလာချင်တော့ပါဘူးရှင် ..လောလောဆယ်တော့ ဒီဘလော့ခ်မှာပဲ ရေးနေပါတယ်။

yangonthar said...

အစ်မမေရေ
မုန်တိုင်းတွေလည်း အားပျော့ပါစေ
လေပြင်းတွေလည်း ညင်းသက်ပါစေ
ဒီ အက်ဆေးလေးက သဘာဝ တရားကို အခြေ ခံထားတဲ့ အမှန်တရားတွေကို ထင်ရှားလာစေ တယ်လို့ ထင်မိပါတယ် ... စိတ်ဓါတ်ခွန်အား ကိုလည်း ဖြစ်စေပါတယ် အစ်မမေ ... စံပယ် ဖူးတွေ ပွင့်လန်းကြပါစေ
ခင်တဲ့
ရန်ကုန်သား :))))