Friday, December 30, 2011

ဒီဇင်ဘာ ဒိုင်ယာရီ

မနက်ဖြန်ဆို ဒီဇင်ဘာက ကုန်ဆုံးတော့မယ်။
နှစ်တနှစ်ကို အနားသတ်ပေးတဲ့ ဒီဇင်ဘာလဟာ ကျမအတွက်တော့ ခံစားချက်မျိုးစုံ ရောပြွမ်းလို့ပါပဲ။ ဟုတ်တယ် ... ဒီနှစ် ဒီဇင်ဘာမှာ စိတ်ဖိစီး ညစ်နွမ်းမှုတွေ ... လွမ်းဆွတ်သတိရခြင်းတွေ ... ကြည်နူးပျော်ရွှင်မှုတွေနဲ့ တဒင်္ဂလွတ်လပ်ပေါ့ပါးခြင်းတွေ အားလုံး ကျမရင်ထဲမှာ ပေါင်းစုံနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဘ၀မှာ အမှတ်တရအဖြစ် ကျန်ခဲ့မယ့် ဒီဇင်ဘာလကလေးမို့ ဘလော့မှာ မှတ်တမ်းတင်လိုက်ပါတယ်။ ၂၀၁၁ရဲ့ ဒီဇင်ဘာဒိုင်ယာရီ ဆိုပါတော့ ... ။
***
၁ ဒီဇင်ဘာ

အေးစက်စက်မနက်ခင်းမှာ အထီးကျန်ခြင်းနဲ့ အိပ်ရာက နိုးထခဲ့တယ်။ တအိမ်လုံးမှာ တယောက်ထဲ ... ဦးရီးတော်က အလုပ် အားလပ်ရက် ခရီးသွားနေလို့ အိမ်မှာမရှိဘူး။ ထုံးစံအတိုင်း မနက်စာ ပေါင်မုန့်နှစ်ချပ်နဲ့ ကော်ဖီတခွက်ကို ကမန်းကတန်းစားသောက်ပြီး ကျောင်းသွားရတယ်။ ချိုသလား ခါးသလား အရသာ မခံဖြစ်တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ...။


(၁) ကျောင်းသွားဖို့ ဘတ်စ်ကားစောင့်တဲ့နေရာလေး၊ (၂) နေ့လည်စာကလည်း ပေါင်မုန့်နှစ်ချပ်နဲ့ ကော်ဖီပါပဲ ...။
***
၃ ဒီဇင်ဘာ

ဦးရီးတော်ပြန်ရောက်မှာမို့ တမနက်ခင်းလုံး အိမ်ရှင်း ဟင်းချက်၊ စာမဖတ်ဖြစ်ဘူး၊ စာမေးပွဲက ဒီဇင်ဘာ ၈-ရက်။ စာတွေက ခေါင်းထဲမှာမရှိ ... ရာသီဥတုက အုံ့မှိုင်း လူက ထုံထိုင်း ... ။ ဦးရီးတော်ပါလာတဲ့ လက်ဆောင်တွေကိုလဲ ခါတိုင်းနှစ်တွေကလို ရင်မခုန်မိတော့ … ။
***
၅ - ၇ ဒီဇင်ဘာ

တစစ နီးကပ်လာတဲ့ စာမေးပွဲက လူကို သွေးပျက်စေတယ်။ စာဖတ်ရတာလဲ ငြီးငွေ့လှပြီ။ အဖေနဲ့ ဖုန်းပြောတိုင်း အားပေးစကား အမြဲပြောပေးနေလို့ အတော်အသင့် စိတ်သက်သာရာ ရခဲ့တယ်။

“စိတ်ဝယ်အတည်
ငါအောင်မည်ဟု
ယုံကြည် မနော ရှိပါစေ” ... တဲ့။

အဖေက သူရေးခဲ့ဖူးတဲ့ ကဗျာလေး ရွတ်ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့က အဓိက ... ကျမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်နေတာ ကြာခဲ့ပြီ။


မျက်နှာကျက်က မီးရောင်မှိန်မှိန်လေးနဲ့ စာကြည့်ရလွန်းလို့မျက်လုံးပြူးပြီး လျှာထွက်နေပုံ :)
***
၈ ဒီဇင်ဘာ

စာမေးပွဲ စဖြေရတယ်။ စာဖြေခန်းမထဲ မ၀င်ခင် အပြင်မှာထိုင်ရင်း အငြိမ်မနေနိုင်တဲ့လက်က ဖုန်းလေးနဲ့ ဓာတ်ပုံတွေရိုက်ခဲ့သေးတယ်။ ဖြေနိုင်လား ... မဖြေနိုင်ဘူးလား၊ ကျေးဇူးပြုပြီး မမေးကြပါနဲ့။ ကိုယ်တိုင်လဲ ဇဝေဇ၀ါနဲ့ ဘာမှန်းမသိတဲ့ စာမေးပွဲတခုပါပဲ။ ဒီလိုနဲ့ .... …. ….


***
၁၄ ဒီဇင်ဘာ

စာမေးပွဲ နောက်ဆုံးနေ့။ ခါတိုင်းနှစ်တွေလို စာမေးပွဲပြီးတာနဲ့ လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုမျိုး မခံစားရဘူး။ စိတ်ထဲမှာ တမျိုးကြီးပဲ၊ စိတ်တွေ လေးနေတာလား ... လေနေတာလား ... မခွဲခြားတတ်ခဲ့ … ။ တရက်ကို ၃နာရီ ၁၅ မိနစ်နဲ့ ၃ရက်တိတိ စိတ်ပင်ပန်းခံခဲ့ရတဲ့ ဒီခန်းမကြီးကို ကျောမခိုင်းခင် အမှတ်တရ ပုံရိုက်ခဲ့တယ်။ လူတွေက ခန်းမကြီးကို စွန့်ခွါသွားကြချိန်မှာ သက်မဲ့ထိုင်ခုံလေးတွေသာ ငြိမ်သက်စွာ ကျန်ရစ်ရင်း ... ။


***
၁၅ ဒီဇင်ဘာ

ဒီဇင်ဘာအလွမ်း ဆိုတဲ့သီချင်းလေးကို ထပ်တလဲလဲ နားထောင်ရင်း လွမ်းနာကျနေခဲ့တယ်။ မိဘတွေနဲ့ တနိုင်ငံထဲမှာနေနေရပေမဲ့ တမြို့စီဝေးနေလို့။ “အမေတို့ရှိရင် သမီးစာကောင်းကောင်း ကြည့်လို့ဖြစ်မှာ မဟုတ်ဘူး” ဆိုပြီး ဦးရီးတော်အိမ်နဲ့ မိုင်တရာကျော်ဝေးတဲ့ ကျမအမအိမ်မှာ နေနေကြတယ်။ ၁၁ နှစ်ကျော် ကွဲကွာနေတဲ့ မောင်လေးကလဲ ဒီဇင်ဘာ ၁၃ ရက်နေ့က ရောက်လာပေမဲ့ ကျမနဲ့မတွေ့ရသေးဘူး။ စာမေးပွဲပြီးပြီးချင်း မိဘ မောင်နှမတွေ ရှိရာကို အပြေးသွားလိုက်ချင်တယ်။ သို့သော်လဲ ကံကြမ္မာက ကိုယ့်ဘက်မှာ မရှိပြန်ဘူး။
***
၁၆ ဒီဇင်ဘာ

တနေ့လုံး မီးဖိုထဲမှာ ချက်ပြုတ်ရင်း အချိန်ကုန်ခဲ့တယ်၊ ကိုယ်တိုင်ပါဝင်ခွင့်မရှိတဲ့ မိသားစုစုံညီ ဆွမ်းကျွေးပွဲအတွက် ဟင်းအမယ် အမျိုးမျိုးကို တယောက်ထဲ တိတ်တဆိတ်ချက်ရင်း ကျမ ကြေကွဲနေမိတယ်။ နက်ဖြန်ဆိုရင် ကျမအမအိမ်မှာ ဆွမ်းကျွေးလုပ်ကြမယ်။ ကျမကတော့ အလုပ်သွားရမယ်။ စာမေးပွဲကာလမှာ အလုပ်ကခွင့်ယူထားတာ ကြာပြီမို့ သူတို့ပြောတဲ့နေ့မှာ ပြန်ဆင်းပေးရမယ်၊ ကျမ ငြင်းလဲမငြင်းချင်၊ ငြင်းလဲမငြင်းသင့်ဘူး မဟုတ်လား။


ဆွမ်းကျွေးအတွက် တတပ်တအား ကုသိုလ်ပါဝင်ချင်လို့ တယောက်ထဲ ချက်ပြုတ်ထားတဲ့ ဟင်းလျာများ (ဦးရီးတော်နဲ့ လူကြုံထည့်ပေးလိုက်တာပါ)
***
၁၇ ဒီဇင်ဘာ

မနက်စောစော အလုပ်သွားချိန် အမှောင်ထုက ကြီးစိုးတုန်း။ အပူချိန်က သုညဒီဂရီအောက်၊ ကားမှတ်တိုင်မှာ စောင့်နေရင်း စိတ်က ဆွမ်းကျွေးပွဲဆီပဲ ရောက်နေတယ်။ ကံမကောင်းချင်တော့ ခါတိုင်း မနက် ၀၆း၁၈ မိနစ်လာတဲ့ ဘတ်စ်ကားက ၇ နာရီကျော်မှ ရောက်လာတယ်။ ဘူတာရုံကိုရောက်တော့ ရထားတွေကလဲ cancel ဖြစ်လိုဖြစ် delay ဖြစ်လိုဖြစ်။ ထုံကျင်အောင် အေးစက်နေတဲ့ ဆောင်းနံနက်ခင်းမှာ အရာရာဟာ နောက်ကျပြီးရင်း နောက်ကျလို့ … ။


(၁) စောင့်နေကျ ကားမှတ်တိုင်အိုလေး ... (၂) အလုပ်ကရခဲ့တဲ့ ခရစ်စမတ်လက်ဆောင် (မှတ်ချက် ခုထိ မသောက်ရသေးပါ) ;)

အဲဒီနေ့ရဲ့ ညနေခင်းကတော့ ကျမအတွက် ကြည်နူးစရာဖြစ်ခဲ့တယ်။ ကျမမောင်လေးနဲ့ မောင်လေးမိန်းမက ဆွမ်းကျွေးပွဲအပြီးမှာ ကျမဆီလာခဲ့ကြတယ်။ အလုပ်ကနေ အိမ်ကို တန်းမပြန်ဘဲ သူတို့ကို ဘူတာမှာ စောင့်ကြိုရင်း ကျမ ပင်ပန်းရမှန်းမသိ၊ ဘူတာရုံက ကော်ဖီဆိုင်လေးမှာ ထိုင်ရင်း စိတ်လှုပ်ရှားစွာ နာရီတကြည့်ကြည့်နဲ့ ၀င်လာမယ့် ရထားကြီးကို တနာရီနီးပါးလောက် စောင့်နေခဲ့တယ်။ ၁၁ နှစ်ကျော်ခွဲခဲ့ရတဲ့ မောင်နှမနှစ်ယောက် ပြန်ဆုံတဲ့ ညနေ … ။
***
၁၈ ဒီဇင်ဘာ

ဦးရီးတော်လိုက်ပို့ပေးလို့ အနီးတ၀ိုက် countryside တွေ လျှောက်လည်ကြတယ်။ အဲဒီနေ့က အရမ်းအေးလို့ လမ်းတွေက ရေခဲပြီး ချောနေတယ်၊ ဘယ်နှစ်ခါသွားသွား မရိုးနိုင်တဲ့ iron bridge က ခါတိုင်းလို လူများမနေဘူး။ ကျမတို့ ရှေ့မှာပဲ လူကြီးတယောက် ချော်လဲပြီး ခေါင်းပေါက်သွားတာ ambulance ခေါ်လိုက်ရတယ်။ သွေးတွေမနည်းဘူးပဲ။ အဲဒါမြင်လို့ ကြောက်ပြီး ကျမတို့တွေ လမ်းမလျှောက်ရဲကြတော့ဘူး။


(၁)သံတံတားပေါ်မှာ ... (၂) တောနှင့်တောင်ခွင် လွမ်းဖွယ်မြင်သည် ...

အဲဒီညမှာ ရထားကြီးစီးလို့ အမေတို့ရှိရာ အမလတ်အိမ်ကို မောင်နှမတွေ တူတူသွားကြတယ်။ ဟိုရောက်တော့ ည ၁၀ နာရီခွဲကျော်ပြီ။ အဖေက ရေနွေးကြမ်းတအိုးကို ကျကျလေးနှပ်ပြီး ကျမတို့အလာကို စောင့်နေတယ်။ မိသားစုတွေ ပြန်ဆုံကြပြီပေါ့။ စကားတွေ ပြောမကုန်တဲ့ ညခင်းကလေး။
***
၁၉ ဒီဇင်ဘာ

ရထား ၃ ဆင့်စီးပြီးမှ ရောက်တဲ့ ၀င်ဆာရဲတိုက်ကို သွားကြည့်ကြတယ်။ ၀င်ကြေးက တယောက်ကို ၁၆ ပေါင်ခွဲ၊ ကျမက ကျောင်းသားမို့ ၁၅ ပေါင်နဲ့ လျှော့ဈေးရတယ်။ အ၀င်မှာ နားကြပ်နဲ့ အသံသွင်းထားတဲ့ စက်ကလေး တခုစီိယူခဲ့ကြတယ်။ နေရာတနေရာရောက်တဲ့အခါ အဲဒီနေရာက နံပါတ်အတိုင်း အသံသွင်းစက်က ခလုတ်လေးတွေကို နှိပ်ရင် သူနဲ့ဆိုင်တဲ့ သမိုင်းကြောင်းကို ရှင်းပြတယ်။ တခါတုန်းက သွားခဲ့တဲ့ Warwick ရဲတိုက်လောက် မကျယ်ဘူး။ ဒါပေမဲ့ လက်ရှိအသုံးပြုနေဆဲမို့ ခမ်းနားမှုက ပိုသာတယ်။ အထဲမှာ ဓာတ်ပုံရိုက်လို့မရတာတော့ အဆိုးသား။


(၁) ရဲတိုက်ဝင်ပေါက် ... (၂) ဗြိတိသျှအလံ တလူလူလွင့်နေတဲ့ ရဲတိုက်ကြီး



ကြီးကျယ်ခြင်း ခမ်းနားခြင်းတွေအပြည့်နဲ့ ... ရာဇ၀င်တွင်ကျန်မယ့် သူရဲကောင်းတို့ ၀ိညာဉ်တွေ ၀န်းကျင်တခုလုံး လွှမ်းခြုံထားသယောင် ...။ အင်း ... သူရဲကောင်းဆိုတာကလဲ တခြားဘက်ကကြည့်တော့ ဗီလိန်ဖြစ်နေနိုင်တာ ... ။ ကြည့်လေ ... အဲဒီမှာ ...


မန္တလေးက မ-သွားတဲ့ အမြောက်ကြီးနဲ့ ခေါင်းလောင်းကြီး ... စိတ်နာနာနဲ့ ဓာတ်ပုံတွေ ဖိရိုက်ခဲ့တယ်။
***
၂၂ ဒီဇင်ဘာ

ယောင်းမလေးက ကြည့်ချင်တယ်ဆိုလို့ ညဘက် သီရေတာသွားပြီး Peter Pan သွားကြည့်ကြတယ်။ မြို့သေးသေးလေးကမို့ သီရေတာကလဲ သေးသေးလေး၊ ဈေးလဲ သိပ်မကြီးဘူး၊ အပေါ်တန်းကကြည့်ရင် တယောက်ကို ၁၉ ပေါင်၊ အောက်ဖက်ကကြည့်ရင်တော့ ၂၃ ပေါင်တဲ့။ လူတွေကို အပေါ်စီးက ကြည့်ချင်လို့ (တကယ်က ဈေးသက်သာအောင်လို့ပါ) အပေါ်တန်းကပဲ လက်မှတ်ဝယ်လိုက်တယ်။ Pantomime လို့ခေါ်တဲ့ ပျော်စရာ ရယ်စရာ ပြဇာတ်မျိုးလေးမို့ ကလေးတွေပျော်ကြတယ်၊ လူကြီးတွေလဲ ပျော်ကြတာပါပဲ။


ပြဇာတ်ပြနေချိန်မှာ ဓာတ်ပုံ ဗီဒီယို ရိုက်လို့မရဘူး၊ ဒါကြောင့် မစခင်နဲ့ ခဏနားချိန်မှာ ရိုက်ထားတဲ့ ပုံတွေပါ။
***
၂၄ ဒီဇင်ဘာ

အလုပ်သွားရမှာမို့ မနက် ၄ နာရီထရတယ်။ ကျမ အလုပ်နဲ့ အမအိမ်ရှိတဲ့မြို့က ၂ နာရီကြာအောင် ရထားစီးရတယ်။ အသွားအပြန်လက်မှတ်ဝယ်ရတာ ပေါင် ၅၀၊ အလုပ်က ၅ နာရီပဲ လုပ်ရမှာ။ တကယ်က ရမှာနဲ့ ကုန်တာနဲ့ မကိုက်ပါဘူး။ ဒါပေမဲ့ အလုပ်မဖျက်ချင်လို့ ကိုယ်ပဲ အနစ်နာခံပြီး သွားလိုက်တယ်။ ဘူတာကို အဖေနဲ့ မောင်လေး လိုက်ပို့တယ်။ မနက် ၅း၄၁ ရထားနဲ့။ အိမ်ပြန်ရောက်တော့ ညနေ ၄ နာရီခွဲ။ ပျော်နေတာနဲ့ပဲ ပင်ပန်းရမှန်းမသိ။



ပျော်စရာအကောင်းဆုံး ခရစ်စမတ်အကြိုညကလေးပါ။ လက်ဆောင်ပစ္စည်းတွေ ဖောက်ကြ၊ ကိုယ်ရတဲ့ လက်ဆောင်လေးတွေနဲ့ ဓာတ်ပုံတွေရိုက်ကြ၊ တချို့ပစ္စည်းတွေက ရယ်စရာမို့ တ၀ါးဝါး တဟားဟားနဲ့ ရယ်သံတွေ ဝေစည်နေခဲ့တဲ့ ညချမ်းလေးပေါ့။ အင်း ... နက်ဖြန်ဆို .... ။
***
၂၅ ဒီဇင်ဘာ

ဆုံတွေ့ချိန်က တိုတောင်းလွန်းလှတယ်။ ပျော်လို့မှမဆုံးခင် ခွဲခွါခြင်းက အနားရောက်လာပါပြီ။ ၉ နာရီကြာ လေယာဉ်စီးရမယ့် ခရီးအတွက် အမေက စိတ်လှုပ်ရှားပြီး နေမကောင်းသလို ဖြစ်တော့ စိတ်ပူရပြန်တယ်။ လေယာဉ်ကွင်းကို လိုက်ပို့ကြပြီး မျက်ရည်တွေနဲ့ လှမ်းကြည့်နေတဲ့ အမေ့ကို နှုတ်ဆက် အနမ်းလေးပေးခဲ့တယ်။ မကြာခင် ပြန်ဆုံရအုံးမှာပါ အမေ .... ။


နှုတ်ဆက်ချိန်လေး ...
***
၂၆ ဒီဇင်ဘာ


အမေနဲ့ အဖေ လိုရာခရီးကို ချောချောမောမော ရောက်သွားကြပြီ။ မောင်လေးနေတဲ့မြို့မှာက ရာသီဥတု ကောင်းပြီး သာယာတာမို့ အမေတို့အတွက် နေရထိုင်ရ ပိုအဆင်ပြေတယ်။ အမေလဲ နေလို့ပိုကောင်းပြီး ပျော်နေပုံရတယ်။ skype ကနေ စကားပြောရင်း ပျော်နေကြတဲ့ မိဘနှစ်ပါးကို ပုံရိုက်ယူလိုက်တယ်။ အမြဲတမ်း ပျော်ရွှင်ကျန်းမာပါစေ ... အမေနဲ့ အဖေ ... ။
***
၂၇ ဒီဇင်ဘာ

ပုံမှန်အတိုင်း ပြန်လည်ပတ် လှုပ်ရှားဖို့ ဦးရီးတော်အိမ်ကို ပြန်ရောက်လာပါပြီ။ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကို အိပ်မက်လိုပဲ ပြန်တမ်းတ နေမိတယ်။ အမြဲတသသနဲ့ ထင်ကျန်နေမယ့် အိပ်မက်လေးတွေ ... ...။ မိဘနှစ်ပါးနဲ့ အတူ မောင်နှမ အားလုံး ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံချင်ပါသေးတယ်။ မဝေးတော့တဲ့ အနာဂတ် တခုမှာပေါ့ ... ။
***
၃၀ ဒီဇင်ဘာ

မနက်ဖြန်ဆို ဒီဇင်ဘာက ကုန်ဆုံးတော့မယ်။
ပြီးရင် ၂၀၁၂ ရဲ့ ဇန်န၀ါရီက တံခါးခေါက်လာတော့မယ်။
တနှစ်ကုန်ဆုံးလိုက် နှစ်သစ်ရောက်လာလိုက်နဲ့ ... အဟောင်းအသစ် ပြောင်းလဲ ဖြစ်စဉ်တွေ လက်ဆင့်ကမ်း သယ်ဆောင်ရင်း သံသရာက လည်ပတ်နေတယ်။ အကောင်းနဲ့ အဆိုး၊ အချစ်နဲ့ အမုန်း၊ အဖြစ်နဲ့ အပျက်၊ မနှစ်သက်တာတွေရှိပေမဲ့ နိယာမတခုလို လက်ခံရင်း နှလုံးသွင်းကောင်းဖို့ ကြိုးစားရပါဦးမယ်။
***
ကျမဘလော့ကို မတော်တဆဖြစ်စေ တမင်တကာဖြစ်စေ ရောက်လာသူများအားလုံး နေ့ရက်တိုင်းမှာ ငြိမ်းချမ်းသာယာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ...

မေတ္တာဖြင့် ...
မေဓာဝီ

၃၀၊ ဒီဇင်ဘာ၊ ၂၀၁၁
၁၁း၁၃ နာရီ

Read More...

Thursday, November 03, 2011

၄၇ နှစ်ပတ်လည်

“ဆုံတွေ့ကြတဲ့အခါ”

ဆုံတွေ့ကြတဲ့အခါ …
ဝေဒနာတွေ သက်သာ
ဒဏ်ရာတွေ ပျောက်ကင်း
သတင်းတွေ ဖလှယ်
ရယ်သံတွေ ဝေစည်
တူစုံညီ လက်တွဲ
တသားထဲ စုဝေး
မီးပုံလေး နံဘေးမှာ
ဂီတသံ သာသာနဲ့
မြူးထူးစွာ ပျော်ကြစို့ … ။ … ။
***

ဦးရီးတော်နှင့်အတူ အဖေနဲ့အမေကို တွေ့ဖို့အသွား

အဖေနဲ့ အမေ အောက်တိုဘာ ၃၀ ရက်နေ့က အမလတ်နဲ့ အတူ ဒီကို ရောက်လာကြတယ်။ စနေ တနင်္ဂနွေ အလုပ်လုပ်ရတာမို့ ကျမက သွားမကြိုနိုင်ခဲ့ဘူး။ အဖေနဲ့ အမေက ကျမနဲ့ မိုင် ၁၄၀ နီးပါးလောက် ဝေးတဲ့ အမလတ်အိမ်မှာ နေတာမို့ ချက်ချင်းသွားမတွေ့နိုင်ဘူး။ အဲဒီခံစားချက်က အတော်ဆိုးတာပဲ၊ ၄ နှစ်တာ ခွဲခွါခဲ့ရတဲ့ အဖေ့ကို လေယာဉ်ကွင်းမှာ သွားကြိုချင်ပေမဲ့ ဆန္ဒတွေ မြိုသိပ်ခဲ့ရတယ်။ နောက်တနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နေ့လည်ခင်းမှာတော့ ကျမတို့ တူဝရီးနှစ်ယောက် အမလတ်နေတဲ့ မြို့ကိုသွားခဲ့ကြတယ်။ အလုပ်ရှိတဲ့ ဦးရီးတော်က အင်္ဂါနေ့မှာ သူ့အိမ်ပြန်သွားပေမဲ့ ကျမက ဒီတပတ် ကျောင်းမတက်ရဘူးဆိုတော့ နေခဲ့လိုက်တာပေါ့။ ဒါပေမဲ့လည်း သောကြာနေ့အထိပါပဲ၊ စနေ တနင်္ဂနွေဆို အလုပ်ပြန်လုပ်ရအုံးမှာမို့ ဒီထက်ပိုနေလို့လည်း မရတော့ဘူး၊ ပြန်ရမယ်။

အဖေရော အမေပါ နေ့နဲ့ည မှားနေကြတုန်းပဲ။ မြန်မာပြည် အချိန်အတိုင်း အိပ်ကြ၊ စားကြဖြစ်နေတယ်။ ကျမပါ အမေတို့နဲ့အတူ ရောယောင်ပြီး အိပ်ချိန်စားချိန် လွဲကုန်တယ်။ အဖေက နေကောင်းကျန်းမာပေမဲ့ အမေက အဲဒီဒဏ် မခံနိုင်တော့ နေလို့မကောင်းဘူး။ ဒါကြောင့် အမေ့အနားမှာပဲနေပြီး ခြေဆုပ်လက်နယ် ပြုစုပေး စားဖို့ သောက်ဖို့ ချက်ပြုတ်ပေးရတယ်။

ကိုယ်ချစ်တဲ့သူတွေနဲ့ နေရတဲ့ အချိန်တွေက အကုန်မြန်လွန်းတယ်။ ကျမကလဲ အနားမှာ နေပေးချင်တယ်၊ အဖေနဲ့အမေကလဲ ကျမကို သူတို့အနားမှာ ရှိစေချင်တယ်၊ ဒါပေမဲ့ ဒီဇင်ဘာမှာ ဖြေရမယ့် ကျမရဲ့ စာမေးပွဲကလဲ ပြန်ဖို့ကို တွန်းအားပေးနေတယ်။ စာဖတ်မယ်ဆိုပြီး ကျောင်းစာအုပ်တွေ သေတ္တာနဲ့ တလုံးသယ်လာပေမဲ့ တပုဒ်တလေကလွဲပြီး မဖတ်ဖြစ်ဘူး။ ဘယ်ဖတ်ဖြစ်မလဲ ၄ နှစ်တာအတွက် စကားတွေ အတိုးချပြီး ပြောနေကြတာ ပြောလို့မကုန်နိုင်ဘူးလေ။
***

ပုံ (၁) သားသမီးတွေ မရခင် အမေနဲ့အဖေ၊ ပုံ (၂) အမကြီးမွေးပြီး အမေနဲ့အဖေ

နိုဝင်ဘာလက အဖေနဲ့ အမေအတွက် အမှတ်တရ လတလပေါ့။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ရေးခဲ့ဖူးပါတယ်။ လ-က နိုဝင်ဘာပေမဲ့ ရက်ကို ကျမတို့ အငြင်းပွါးနေကြတယ်။ ကျမက ၇ ရက်လို့ ပြောတော့ အမေက ၃ ရက်တဲ့ … အဖေကတော့ ၂၉ ရက်လို့ ပြောတယ်။ ကျမ သိထားတာက နိုဝင်ဘာလ ၇ ရက်နဲ့ ၂၉ ရက်နေ့ပါပဲ။ ၇-ရက်နေ့မှာ အမေက အဖေ့နောက်ကို လိုက်ခဲ့တယ်၊ ၂၉ ရက်နေ့မှာ ဧည့်ခံပွဲလုပ်တယ်၊ အဲဒီလို သိထားခဲ့တာ။ နောက်တော့ အမေကပြောတယ်၊

“အမေ့ဘ၀တခုလုံး ပြောင်းလဲခဲ့တဲ့ နေ့ပဲ၊ အမေ ဘယ်မေ့မှာလဲ …” တဲ့။
“တကယ်က နိုဝင်ဘာ ၃ ရက်မှာ အမေ့ကို အဖေက ခိုးပြေးခဲ့တာ၊ ၇ ရက်မှာ ရုံးတက် လက်မှတ်ထိုးကြတယ်။ နောက်တော့ လူကြီးတွေက ပြန်ခေါ်ပြီး ၂၉ ရက်နေ့မှာ ဧည့်ခံပွဲ လုပ်ခဲ့ကြတာ”

အမေက အဲဒီလိုရှင်းပြတော့ အဖေက ဟုတ်တယ်လို့ ထောက်ခံပါတယ်။ ကျမတို့က လက်မှတ်ထိုးတဲ့နေ့နဲ့ ဧည့်ခံပွဲနေ့ကိုသာ မှတ်ထားမိကြတာ နေမှာပေါ့။ ဒီလိုဆိုရင် နိုဝင်ဘာ ၃ ရက်နေ့ (ဒီနေ့က) အမေနဲ့ အဖေ ဘ၀ကို စတင်ခဲ့ကြတာ ၄၇ နှစ် တင်းတင်း ပြည့်ပြီပေါ့။ ဒါနဲ့ပဲ ဒီနေ့ အမေနဲ့ အဖေရဲ့ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘာလုပ်ချင်လဲ မေးတော့ အမေက ဘုရားကို သစ်သီးပန်းကပ်ချင်တာပါပဲ လို့ပြောတယ်။ အမလတ်က မနေ့က အလုပ်ကအပြန် အမေလိုချင်တာတွေ ၀င်ဝယ်ခဲ့တယ်။ ဒီနေ့ မနက်စောစော အားလုံးအဆင်သင့်ပြင်ပေးပြီး အမေနဲ့ အဖေ အတူ ဘုရားကန်တော့ကြတယ်။


အမလတ်က အိမ်ပြောင်းခါစမို့ အိမ်ထောင်ပရိဘောဂတွေ မစုံလင်သေးဘူး။ သူ့အိမ်က ဘုရားခန်းလေးမှာ ဘုရားကန်တော့နေကြတဲ့ မိဘနှစ်ပါးကို ကြည့်ရင်း ပါရမီဖြည့်ဘက် ဆိုတဲ့စကားကို အထူးစဉ်းစားမိတယ်။ အဖေ့အတွက် အမေဟာ ၄၇ နှစ်လုံးလုံး ပါရမီအတူ ဖြည့်ဆည်းပေးခဲ့တဲ့ ပါရမီဖြည့်ဘက်ကောင်း တယောက်ပဲ။ ခင်ပွန်းကို ပါရမီဖြည့်သလို သားသမီး ၄ ယောက် အတွက်လည်း အမေပင်ပန်းခဲ့တယ်၊ အဲဒီဒဏ်တွေကြောင့် အမေ့ကျန်းမာရေးက သိပ်မကောင်းရှာဘူး။ ဆီးချို သွေးတိုး နှလုံး ရောဂါတွေ ဖိစီးလို့ အမေဟာ ဆေးတွေ အများကြီးကူနေရပြီ။ ၂၀၀၈ မေလတုန်းက အမေဒီကို တခေါက်လာစဉ်ကနဲ့တောင် အခုနဲ့ မတူတော့ဘူး၊ အမေအတော်လေး အရွယ်ကျသွားပြီ။ အမေ့ကို ဖက်ရတာလဲ အရင်လို မဟုတ်တော့ဘူး။ အမေ့အသားအရေတွေ ပျော့တွဲပြီး အားနည်းနေသလိုပဲ။

အဖေကတော့ နှာစေး ချောင်းဆိုးကလွဲလို့ ဘာမှမဖြစ်ဘူး။ ချောင်းဆိုးနေတဲ့ အဖေ့ကို ကျမက အချိန်ရခိုက် အသံသွင်းပေးဖို့ ပူဆာမိသေးတယ်။ အဖေကလဲ လည်ချောင်းရှင်းအောင် ရေနွေးနဲ့ ဇာပျံလေး လျက်ဆား စားပြီး နေ့လည် ဘယ်သူမှမရှိတုန်း ကျမလိုချင်တဲ့ အသံဖိုင်တွေ သွင်းပေးခဲ့ပါတယ်။ ကျမလဲ ဟက်ဖုန်းတွေ မိုက်တွေ ပါမလာလို့ အသံအရည်အသွေးကတော့ သိပ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် အမှတ်တရ ဖြစ်ဖို့နဲ့ အဖေနဲ့ ခွဲနေချိန်မှာ ကျမ အထပ်ထပ် ပြန်နားထောင်ဖို့ ဆိုပါတော့။ အဖေ အမြဲဘုရားရှိခိုးနေကျ … ကျမနားစွဲနေတဲ့ ဘုရားရှိခိုးတွေပါ။ အဲဒီဘုရားရှိခိုးတွေရဲ့ နောက်ခံ အကြောင်းကိုတော့ နောက်များမှပဲ အဖေ့ကို သေချာမေးပြီး တင်ပေးပါမယ်။ လောလောဆယ် စာမေးပွဲ အရမ်းနီးနေပြီမို့ ဒီပို့စ်လေးနဲ့ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ ဒီဇင်ဘာလလယ်လောက်မှ ဘလော့ရွာထဲ ပြန်လာခဲ့ပါတော့မယ်။
***
မေဓာဝီ
၃၊ ၁၁၊ ၂၀၁၁
၂၃း၃၀ နာရီ

(၁)

(၂)

(၃)

(၄)

Read More...

Saturday, October 22, 2011

အားရနေလို့ ... အားကျစေဖို့ ... (အပိုင်း ၃)

အပိုင်း ၂ တင်ပြီး တလလောက်ကြာမှ အပိုင်း ၃ တင်တဲ့စခန်း ရောက်ပါတော့တယ်။ အပိုင်း ၃ ကို နောက်ဆုံးအပိုင်း အနေနဲ့ တင်ချင်တာမို့ နည်းနည်းတော့ ရှည်သွားပါတယ်။ ဒါတောင် တော်တော်များများ ချုံ့ပစ်ထားရတာပါ။ ပို့စ်က ရှည်နေတာကြောင့် အချိန်ပေးပြီး လာဖတ်သူတွေကို အားလဲနာပါတယ်။ ဖတ်ရတာ မငြီးငွေ့ဘူးလို့လဲ မျှော်လင့်ပါတယ်။
***
(အပိုင်း ၂ မှ အဆက်)

မေ - ဘာသာရေးနဲ့ ပတ်သက်လို့ ပြည့်ပြည့်ရဲ့ ခံယူချက်နဲ့ ငယ်စဉ်ကနေ ခုချိန်ထိ အမြင်ပြောင်းလဲ လာပုံ အကျဉ်းကို ပြောပြပါအုံး။
ပြည့် - ၂၀၀၄ ခုနှစ်မှာ အောက်စ်ဖို့ဒ်တက္ကသိုလ်ကို စတက်ပြီး ၂၀၀၅ ခုနှစ်လောက်မှာ ဆရာတော် ဦးဓမ္မသာမိကို လျှောက်ဖြစ်တယ်၊ တပည့်တော် အခုချိန်မှာ အကောင်းဆုံး တက္ကသိုလ်မှာ ၀င်ပြီးပြီ၊ အဖေတို့ကလဲ စီးပွါးရေး တော်တော်လေးကို အဆင်ပြေနေတယ်။ ဒါပေမဲ့ အတက်ရှိရင် အကျရှိမှာပဲ ဆိုတဲ့အသိဖြစ်ပေါ်လာခဲ့တယ် … လောကဓံပေါ့လေ … အဲဒါကို ခံနိုင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး လျှောက်ဖူးတယ်။ ဆရာတော်က တရားထိုင်ခိုင်းတာနဲ့ တပတ်တရက် တောက်လျှောက်ထိုင်ဖြစ်တယ်။ အဲဒါကြောင့် ပထမဆုံး တရားထိုင်ဖြစ်တာက အကောင်းအဆိုး လောကဓံကို ခံနိုင်ရည်ရှိအောင်ပါ။

အဲဒီနွေမှာပဲ မေမေက ကင်ဆာဖြစ်ပြီး ကုတော့ အဆင့်က လွန်နေပြီ၊ ၂၀၀၆ မှာ မေမေဆုံးပြီးတော့ ၂၀၀၇ မှာ ဖေဖေနဲ့ အစ်မက သဲအင်းဂူမှာ တရားစခန်းဝင်ကြတယ်၊ အဲဒီတုန်းကတော့ သမီးက တရားစခန်း မ၀င်သေးဘူး။ မေမေဆုံးတော့ သမီးရဲ့ ၀မ်းနည်းမှုကို ပြတာက တခြားသူတွေနဲ့မတူဘူး၊ တခြားသူတွေလို ထိုင်ငိုမနေဘူး။ သမီးရဲ့ ဝမ်းနည်းမှုကို ကိုယ်သွားချင်တာသွား လုပ်ချင်တာလုပ်ပြီး ဖုံးကွယ်ခဲ့တာပေါ့၊ အဲဒီတုန်းက တော်တော်လေးကို ဆိုးလိုက်သေးတယ်။ ဒေါသတွေကြီးပြီး ရှိသမျှ လူတွေနဲ့ ရန်ဖြစ်တယ်။ နောက်တော့မှ မဖြစ်ဘူး တရားထိုင်မှပဲ ဆိုပြီး ၂၀၀၇ သင်္ကြန်အပြီးမှာ အောင်လံ သဲအင်းဂူဆရာတော်ရဲ့ တရားစခန်းဝင်တယ်။ အဲဒီတုန်းက ဆရာတော်ဟောတဲ့ တရားတွေထဲမှာ တရားထိုင်တယ်ဆိုတာ သေတတ်အောင် လေ့ကျင့်ပေးတာတဲ့။ အဲဒီအခါကျတော့ တရားထိုင်တဲ့ ရည်ရွယ်ချက်က ပြောင်းသွားပြန်ရော၊ လောကဓံကနေ သေတတ်အောင် လေ့ကျင့်တဲ့ဆီ ရောက်သွားတယ်။


သီလရှင် ၀တ်ခဲ့စဉ်တုန်းက

၂၀၀၈ မှာ သီလရှင်ဝတ်တော့ အမြင် ထပ်ပြောင်းသွားပြန်တယ်၊ နိဗ္ဗာန်ရောက်ချင်တာပေါ့၊ ဗြဟ္မာ့ပြည်မှာတောင် ဒုက္ခရှိတယ်ဆိုတော့ ဒုက္ခအားလုံးချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်အောင် တရားထိုင်ရမယ် ဆိုတဲ့အသိဖြစ်လာခဲ့တယ်။ ၂၀၀၈ နှစ်ကုန်ပိုင်းလောက် အင်္ဂလန် ပြန်ရောက်တာတောင် အချိန်တော်တော်များများ တရားထိုင်ဖြစ်တယ်။ တနေ့ နှစ်ကြိမ်လောက် အချိန်အကြာကြီး တရားထိုင် ဖြစ်တာပေါ့။ အဲတော့ ဘာဖြစ်လာလဲဆိုတော့ တရားအလုပ်ပဲ လုပ်ချင်နေခဲ့ တော့တာ။ ဒါပေမယ့် လူ့လောကထဲမှာပဲနေ နေတုန်းဆိုတော့ တရားဘက်ကိုပဲ လိုက်စားနေလို့ မရတဲ့အခြေအနေမျိုးတွေ ဖြစ်လာခဲ့တယ်။

နောက်တော့ ဗုဒ္ဓဘာသာအကြောင်းကို လေ့လာမယ်ဆိုပြီး ကျောင်းပြန်တက်တယ်။ သမီးရဲ့ SOASက ဆရာမလဲ တော်တော်လေး ကျေးဇူးကြီးပါတယ်၊ ပရိယတ်ဘက်ကနေ လောကဓမ္မ နှစ်ခုလုံး မြင်နိုင်အောင် သင်ပေးတယ်။ အခုတော့ ဆရာတော် ဦးဓမ္မသာမိ အပါအ၀င် ဆရာတော်ကြီးတွေ ဟောပြော ဆုံးမကြသလို လောက ဓမ္မ နှစ်ခုလုံး မျှအောင် ကြည့်ဖို့နဲ့ အသေတတ် အနေတတ်ဖို့ တရားအားထုတ်ဖြစ်ပါတယ်။

မေ - MA အတွက် dissertation က ဘာခေါင်းစဉ် လုပ်ရတာလဲ။ စာလုံးရေ ဘယ်လောက်ရေးရလဲ။
ပြည့် - စီးပွါးရေးသမားကောင်း နှင့်/သို့မဟုတ် ဗုဒ္ဓဘာသာကောင်းတယောက်။ ခေတ်သစ်မြန်မာနိုင်ငံ၏ စီးပွါးရေး အလေ့အကျင့် ထုံးစံများကို သမ္မာအာဇီဝ ရှုထောင့်ဖြင့် လေ့လာခြင်း ဆိုတဲ့ ခေါင်းစဉ်ပါ။ အဲဒါ စာလုံးရေ တသောင်း သတ်မှတ်ထားတယ်။ သမီးကတော့ နှစ်ထောင်ပိုသွားလို့ ၁၂၀၀၀ ဖြစ်သွားတယ်။

မေ - အဲဒါကို မြန်မာပြည်မှာ ပြန်ပြီးလုပ်ခဲ့တာလား။
ပြည့် - ဟုတ်တယ်အမ၊ မြန်မာပြည်မှာ ပြီးခဲ့တဲ့နှစ်က ဇွန် က သြဂုတ်အထိ အင်တာဗျူးမေးခွန်းတွေ လုပ်တယ်။ ဖေဖေ့စီးပွါးရေးကို အဓိကပေါ့။ နောက်ပြီး တခြား ပြည်၊ သုံးဆယ်နဲ့ ရန်ကုန်မှာရှိတဲ့ ကုန်သည်တွေကိုလဲ အင်တာဗျူးလုပ်တယ်။ ကုန်သည်တွေအပြင် နှစ်လုံးထီရောင်းတဲ့ အကိုကြီးတယောက်လဲ ပါသေးတယ်။ နောက်ပြီး မိုးဝင်းဇာတ်မှာ ဦးမိုးဝင်းတို့ တင်ဇာမိုးဝင်းတို့ကိုလဲ အင်တာဗျူးခဲ့တယ်။ နောက်ပြီး ဟိုတယ်မန်နေဂျာတယောက်ကို ဗျူးတယ်၊ အဲဒီလိုမျိုးပေါ့ အင်တာဗျူးတာ (၄၅) ယောက်လောက်ရှိမယ်။


(၁) မြန်မာပြည်မှာ fields work ဆင်းစဉ် မယ်နုအုတ်ကျောင်း၌ (၂) သံဃာတော်များအား ဆွမ်းလောင်းနေစဉ်

မေ - ပြည့်ပြည့် အဲဒီလို အင်တာဗျူးတော့ ဘယ်လိုမြင်လဲ၊ ယေဘုယျအားဖြင့်ပေါ့ သမ္မာအာဇီဝနဲ့ ညီတယ် မြင်လား မညီဘူးမြင်လား။
ပြည့် - များသောအားဖြင့် မညီဘူးလို့ပဲ ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ ခိုးတာ ဘာညာတွေလဲ ရှိချင် ရှိမှာပေါ့။ တချို့ကလဲ ညီတယ်လို့ ပြောကြတာပါပဲ။ ဒါပေမဲ့ သမီးကတော့ ညီတယ် မညီဘူးဆိုတာ စကော်လာတယောက် အနေနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတော့ သူတို့ပြောသလိုပဲ ရေးရတာပေါ့။

သမ္မာအာဇီဝနဲ့ ညီတယ် မညီဘူးဆိုတာထက် မြန်မာပြည်ကလူတွေက များသောအားဖြင့် စေတနာကို ဦးစားပေးတာပါပဲ။ နှစ်လုံးထီနဲ့ ဇာတ်ပွဲကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ နှစ်လုံးထီ သမားဆိုရင် သမ္မာအာဇီဝမကျဘူးလို့ အားလုံးက ပြောကြတာပဲ။ သမီးမေးတဲ့ အကိုကြီးကတော့ သူ အဲဒီအလုပ် လုပ်လာတာ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ် ၀န်းကျင်လောက်ရှိပြီ။ သူက မနက်ဆိုရင် ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ တရားထိုင်၊ ရပ်ကွက်ထဲမှာလဲ အပတ်စဉ်ဆွမ်းလောင်းတဲ့ အသင်းမှာ သူက ခေါင်းဆောင်၊ သွေးလှူတာတို့ ဘာတို့လိုမျိုး လူမှုရေးတွေလဲ လုပ်တယ်၊ နောက်ပြီး သူက နေ့တိုင်း တခုခု လှူတယ်၊ ပန်းရောင်းတဲ့သူတွေ မသန်မစွမ်းသူတွေကို လှူတယ်။ ဘာလို့ ပြန်လှူလဲ မေးတော့ သူတို့ ချွေးနည်းစာလေးနဲ့ နှစ်လုံးထီလာထိုးကြတာဆိုတော့ သူက အမြတ်ကြီးစားသလို မဖြစ်ရအောင် တတ်နိုင်သလောက် ပြန်လှူတာလို့ ပြောတယ်။ အဲဒါကြောင့်လားတော့ မသိဘူး သူက နှစ်လုံးထီသာ ရောင်းတယ် သူ့ဟာနဲ့သူ လည်ပတ်နေတာပဲ။ ဆိုလိုချင်တာကတော့ စိတ်ထားကောင်းတယ်ပေါ့နော်။

ဇာတ်ပွဲလဲ အဲဒီလိုပဲ၊ အဘိဓမ္မာရှုထောင့်က ကြည့်ရင်တော့ တဏှာကို ပွါးစေတတ်တယ်ပေါ့။ သမ္မာအာဇီဝ ရှုထောင့်က ကြည့်ရင်တော့ သမ္မာအာဇီဝ ကျတယ်လို့ ပြောရင်လဲ ရပါတယ်။ ကိုယ့်ခွန်အားနဲ့ ရိုးသားစွာ အသက်မွေးကြတာပဲ။ ဦးမိုးဝင်းကလဲ ခုချိန်မှာ ဆရာကောင်းတွေနဲ့ တွေ့ပြီး တရားထိုင်တာတွေ ဘာတွေလုပ်နေပြီ။

နောက်ဆုံး conclusion ချရရင်တော့ မြန်မာဗုဒ္ဓဘာသာ တော်တော်များများက ဗုဒ္ဓတရားတော်ကို ဖြေဆေးအနေနဲ့ သုံးကြတာများတယ်။ ကောင်းတဲ့ဘက်က ပြန်တွေးပြီး ဖြေကြတာပဲ၊ နှစ်လုံးထီ သမားဆိုလဲ နှစ်လုံးထီရောင်းပေမဲ့ ကောင်းတာတွေ ပြန်လုပ်တယ်။ အဲဒါကတော့ သဘောကျဖို့ ကောင်းပါတယ်။ သမ္မာအာဇီဝ ကျတာ မကျတာကတော့ စိတ်ထားပေါ် စေတနာပေါ် မူတည်တာပါပဲ။

မေ - အဲဒီခေါင်းစဉ်က ပြည့်ပြည့် ကိုယ့်ဟာကိုယ် ရွေးတာလား။
ပြည့် - ဟုတ်တယ်၊ ဟုတ်တယ်ဆိုတာကလဲ ဆရာတော် ဦးဓမ္မသာမိတို့နဲ့ စကားပြောရင်းဆိုရင်းနဲ့ အိုင်ဒီယာရလို့။ dissertation အတွက်က ၂ လ ၃ လ လောက်ကြိုပြီးခေါင်းစဉ်ပေးရတယ်။ အဲဒါမှ သူတို့က approve လုပ်တာ။

မေ - ဒီဘာသာရပ်လေ့လာရာမှာ အထောက်အကူ ဖြစ်စေဖို့ တခြား ဘာသင်တန်းတွေ တက်ခဲ့သေးလဲ။
ပြည့် - MA မစခင် ၂၀၀၉ သြဂုတ်လတုန်းက အောက်စ်ဖို့ဒ်မှာ ပရော်ဖက်ဆာ Gombrich နဲ့ ပါဠိ intensive course ၁၁ ရက် တက်လိုက်သေးတယ်။ SOAS မှာ MA တက်နေရင်းနဲ့လဲ ပါဠိကိုတွဲတက်ရတယ်။ basic နဲ့ intermediate ဆိုပြီးရှိတာ၊ သမီးက basic ယူထားတာပေါ့။

အခု PhD တက်တော့ Research နဲ့ ဆိုင်တဲ့ သင်တန်းတွေ တက်ရတယ်။ SOAS ကပဲ provide လုပ်ပေးတယ်။ အဲဒါကတော့ ပထမနှစ် PhD တိုင်း တက်ရတယ် မတက်မနေရပေါ့။ အင်တာဗျူး skill အတွက် သင်တဲ့ course တွေလဲ တက်ရသေးတယ်။

မေ - တခြားရော ဘာသာရေးဆိုင်ရာ ဘာသင်တန်းတွေ တက်ခဲ့သေးလဲ။
ပြည့် - အဘိဓမ္မာအခြေခံကို တိပိဋက ဆရာတော် ဦးဂန္ဓမာ ဒီမှာရှိတုန်းက သင်ဖူးတယ်။ နောက်ပြီး မြန်မာပြည်မှာတော့ ဆရာတော် ဦးတိလောကနဲ့ အဘိဓမ္မာ အခြေခံ သင်တယ်။ ပဋ္ဌာန်းကို အင်းစိန်ရွာမ ဆရာတော်ဆီမှာ (၃၄) ရက် တက်ခဲ့သေးတယ်။ အဆင့်မြင့် နွေရာသီ ယမိုက် ပဋ္ဌာန်းသင်တန်းပေါ့။ သမီးက ယမိုက်တော့ မတက်ခဲ့ဘူး၊ ပဋ္ဌာန်းပဲ တက်ခဲ့တာ။ အဲဒါက သံဃာတော်တွေနဲ့ ဆရာလေးတွေကို ပထမကြီးအတွက် ပြင်ဆင်ပေးတဲ့ သင်တန်းပေါ့။ အဲဒီမှာ ပဋ္ဌာန်းက တနေ့ကို တနာရီခွဲ စာဝါလိုက်ရတယ်။ နာရီဝက်ကို ဆရာတော်က အဘိဓမ္မာအခြေခံ သင်ပေးတယ်။ သမီးက သံဃာတော်တွေ စာဝါလိုက်နည်းမျိုး လိုက်ပေမဲ့ အတွေးအခေါ်နဲ့ သင်ပုံသင်နည်းကို ယူရတာပါပဲ။

မေ - ပဋ္ဌာန်းစာဝါလိုက်ရတာရော အခက်အခဲရှိလား။
ပြည့် - တချို့နေရာတွေတော့ သိပ်နားမလည်ဘူး။ ပစ္စည်းယှဉ်တာတွေ အရကောက်နဲ့ တွဲရတာတွေကတော့ ခက်ခဲတာပေါ့။ နောက်ပြီး ပါဠိသဒ္ဒါနဲ့ ယှဉ်ပြောတာမျိုးကျတော့ ကိုယ်ကပါဠိသင်ထားပေမဲ့ သဒ္ဒါကျတော့ မရဘူး။ အနောက်နိုင်ငံမှာ ပါဠိကိုသင်တာက အတိုနည်းနဲ့ သင်တာ၊ သဒ္ဒါက ကိုယ်သုံးရမယ့် သဒ္ဒါလောက်ပဲ။ အရှေ့မှာကတော့ သဒ္ဒါကျမ်းတွေကို ကျက်ရတယ် လမ်းရှည်နည်းပေါ့။

မေ - MA တက်တုန်းက စာမေးပွဲအတွက် ပြင်ဆင်ရတာ စာတမ်းရေးရတာတို့ stress များတာမျိုးတွေ ဖြစ်လား။
ပြည့် - ဖြစ်တယ် အမ၊ အောက်စ်ဖို့ဒ်တက္ကသိုလ် တက်တုန်းကတော့ psychologically stress များတာပေါ့။ ဒီတခါကတော့ စာကို enjoy ဖြစ်တော့ stress ဖြစ်တာမျိုးမဟုတ်ဘဲ physically tired ဖြစ်တယ်။ စာမေးပွဲအတွက် စာဖတ်ရရင် စိတ်ကပျော်တယ်။ ဒါပေမဲ့ ကြာလာတော့ လူက ဇက်ကြောတက်တာမျိုးလို ပင်ပန်းလာတာပေါ့။ dissertation လုပ်တော့လဲ အဲဒီလိုပဲ၊ အာရုံစိုက်ရေးရတော့ လူပင်ပန်းတာပေါ့။ နောက်ပြီးတော့ တယောက်ထဲ စာဖတ်၊ စာရေး ဆိုတော့ lonely လဲ ဖြစ်တယ်။

ဆရာတော်ဦးဓမ္မသာမိက ပညာရေးနဲ့ ပတ်သက်လို့ တော်တော်လေးကို ကူညီပါတယ်။ တယောက်ထဲ စာရေးရတာ lonely ဖြစ်နေတော့ ဘုန်းကြီးကျောင်းမှာ လာရေးဖို့ ပြောတယ်။ အဲဒီမှာကတော့ ဘုန်းဘုန်းတွေရော ကျောင်းကို လာတဲ့ ဒကာ ဒကာမတွေနဲ့ရော အမြဲတွေ့နေတော့ သူတို့ကလဲ အားပေးတယ်။ စာအကြောင်း မပြောတောင် စကားလေးဘာလေး လာပြောကြတော့ တယောက်ထဲလို မငြီးငွေ့ဘူးပေါ့။ အဲဒီ စာတမ်း၂ ခုလုံးက အောက်စ်ဖို့ဒ် ဘုန်းကြီးကျောင်းမှာ ပြီးတာ။

(၁) ဆရာတော် ဦးဓမ္မသာမိနှင့် (၂) ဆရာတော် ဦးဂန္ဓမာလာနှင့်

မေ - PhD ဆက်လုပ်ဖို့ နဂိုထဲက ရည်ရွယ်ထားတာလား။
ပြည့် - PhD ဆက်လုပ်ဖို့က မာစတာမပြီးခင်ကတည်းကာ apply လုပ်ရတယ်။ ဆရာမကလည်း လုပ်ဖို့ အားပေးတယ်။ သမီးကလဲ နဂိုထဲက PhD လုပ်ဖို့ ရည်မှန်းချက်ရှိလို့ apply လုပ်လိုက်တာ၊ apply လုပ်တုန်းကတော့ အခုရေးနေတဲ့ ခေါင်းစဉ်နဲ့ လုပ်တာ မဟုတ်ဘူး။ အဲဒီတုန်းက meditation အကြောင်း လုပ်မလို့ စိတ်ကူးထားတာ။ မြန်မာပြည်မှာရှိတဲ့ meditation ဆိုင်ရာ tradition တွေနဲ့ business community တွေရဲ့ ဆက်စပ်ပုံပေါ့။ အဲဒါကို proposal ရေးပြီးတင်လိုက်တာ။

တင်လဲတင်လိုက်ပြီးရော တခြားသူတွေဆိုရင် conditional offer ဆိုပြီးလာတယ်။ MA မှာ ဘာရမှ PhD တက်ခွင့်ရမယ် ဆိုတာမျိုးပေါ့။ သမီးကျတော့ unconditional ဆိုပြီးလာတယ်။ သမီးတောင် အံ့သြသွားတယ်။ condition လဲ မပါဘူးပေါ့လေ၊ အဲဒါဆို တက်ရမှာတော့ သေချာနေပြီပေါ့။ တော်သေးတယ် MA မှာ အမှတ်ကောင်းကောင်း ထွက်လာလို့။

အဲဒီတုန်းက MA dissertation ပြီးချိန်နဲ့ သိပ်မကွာဘူး။ MA က စက်တင်ဘာ ၁၅ရက်နေ့ ပြီးတယ်ဆိုရင် PhD အတွက် enroll လုပ်တာက စက်တင်ဘာ ၂၅ မှာလုပ်ရတယ်၊ အောက်တိုဘာ လဆန်းမှာ PhD စတယ်။

မေ - ပြည့်ပြည့် PhD အတွက် အခုလုပ်နေတဲ့ ခေါင်းစဉ်ကို ပြောပြပါအုံး။
ပြည့် - Living tradition of Pathana … မြန်မာပြည်မှာ ပဋ္ဌာန်းတရားတော်မြတ်ကြီးကို ပူဇော်ကိုးကွယ်ကြတဲ့ ဓလေ့ထုံးစံနဲ့ပူဇော်ကိုးကွယ်ရခြင်းအကြောင်းပေါ့။ အဲဒါက စာလုံးရေ တသိန်းကို ၃ နှစ်အတွင်း ပြီးအောင်ရေးရမယ်။ အခုတော့ သုံးသောင်း ကျော်လောက်ပြီးနေပြီ။

အခုလုပ်နေတဲ့ ပဋ္ဌာန်းကိုတော့ ဆရာမက recommend လုပ်တာ၊ ဆရာမက မြန်မာပြည်မှာ ပဋ္ဌာန်းက အရေးပါတယ်ဆိုတာ သိနေတယ်၊ ဒါကြောင့် ပဋ္ဌာန်းလုပ်ဖို့ ပြောတယ်။ သမီးကလဲ အစကတော့ စဉ်းစားအုံးမယ်လို့ သူ့ကို ပြောခဲ့ပေမဲ့ နောက်ပိုင်းကျတော့ သူပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီး ပထမဆုံး ဗုဒ္ဓဘာသာကို လေ့လာမယ်ဆိုတာက ပဋ္ဌာန်းကို လေ့လာချင်တာက စတာလေ။ ဒါပေမဲ့ သမီးက တခြားသူတွေလို အဘိဓမ္မာ အခြေခံ သေချာတက်ထားတာ မဟုတ်တော့ ကိုယ့်ကိုယ်ကိုယ် confidence မရှိဘူး။

ဆရာမကတော့ လုပ်ဖို့ အားပေးတယ်။ ဆရာတော် ဦးဓမ္မသာမိနဲ့ ဆရာတော် ဦးဂန္ဓမာတို့ကို တပည့်တော် ဖြစ်ပါ့မလားလို့ တိုင်ပင်ကြည့်တော့လဲ ဆရာတော် နှစ်ပါးလုံးက အားပေးကြတော့ သမီးလဲ လုပ်ဖြစ်သွားတာ။ သမီး ဆရာမက တော်တော် တော်ပါတယ်။ တပည့်တယောက်ကို force လုပ်တာမျိုးမဟုတ်ဘဲ တပည့်ရဲ့ အားနည်းချက် အားသာချက်ကိုသိပြီး တိုက်တွန်း အားပေးတာမျိုးပဲ လုပ်တာ။

မေ - PhD ဘွဲ့ရပြီးရင် ဘာဆက်လုပ်မယ်လို့ ရည်ရွယ်ထားလဲ။
ပြည့် - PhD ပြီးရင်တော့ စာသင်တဲ့ဘက်ကို ရောက်သွားမှာပါ၊ ပြီးတော့ research တို့ project တို့ ဆက်လုပ်မယ်။ အခုနောက်ပိုင်းက ပရိုက်ဗိတ် funding တွေနဲ့ ပရောဂျက်တခုအတွက် အလုပ်အပ်တာမျိုးရှိတယ်။ Post doc ဆိုတာလဲ ရှိတယ်။ အဲဒါကတော့ after PhD မှာ pay researcher အနေနဲ့ apply လုပ်ရမယ်။

မေ - မြန်မာပြည်အတွက်ကော ဘာတွေ ပြန်လုပ်ဖို့ အစီအစဉ်ရှိလဲ။
ပြည့် - မြန်မာပြည်ကို သမီးက နှစ်စဉ် ပြန်နေတာဆိုတော့ တတ်နိုင်သလောက်တော့ လုပ်သွားမှာပါ၊ ဥပမာ ထေရ၀ါဒတက္ကသိုလ်က လိုအပ်လို့ ကမ်းလှမ်းလာရင် အဲဒီမှာ ပြပေးဖို့ အစီအစဉ်ရှိပါတယ်။ နောက်ပြီး conference တို့ဘာတို့ဆိုရင်လည်း ကူညီပေးဖို့ရှိပါတယ်။

မေ - ဟိုတလောက ပြည့်ပြည့် ထိုင်းမှာ conference တခုသွားသေးတယ်နော်။
ပြည့် - ဟုတ်တယ်၊ အဲဒီဟာက မဟာချူလာလောင်ကွန် Buddhist University မှာ ဌာနတခုက International Buddhist seminar ဆိုပြီး conference လုပ်တာ အဲဒီမှာ စာတမ်းသွားဖတ်တာ။

မေ - ဘာအကြောင်း ဖတ်ခဲ့လဲ။
ပြည့် - “သုညတ” အကြောင်း၊ သုညတနဲ့ ပတ်သက်ပြီး ဖားအောက် tradition၊ နောက် သဲအင်းဂူ tradition၊ ထိုင်းမှာရှိတဲ့ ဘိက္ခူဗုဒ္ဓ ဒါသ အဲဒီဆရာတော်ရဲ့ teaching တွေပေါ့နော်။ သူတို့က သုညတကို ဘယ်လိုမြင်လဲ သူတို့အတွက်က ဘာလဲဆိုတာပေါ့။ ဘာလို့လဲဆိုတော့ မဟာယနတွေရဲ့ စာပေမှာ ရှိတဲ့ သုညတက အဘိဓမ္မာကို နည်းနည်း criticize လုပ်ထားတာလဲ ပါတာပေါ့။ ဥပမာ အဘိဓမ္မာမှာ ပရမတ္ထ တရားလေးပါး ရှိတယ်။။ ဒီပရမတ္ထလေးပါးက တကယ်ကိုရှိတယ် atomic reality ဆိုပြီး ယူဆတာလေ။ အဲဒါကို atomic reality ဆိုတာက အတ္တ၀ါဒနဲ့ ဆက်စပ်နေလား၊ အတ္တဆိုတာ မရှိဘူး ပြောပေမဲ့ နောက်ဆုံးကျတော့ atomic reality ဆိုတာ အတ္တအနေနဲ့ ဖြစ်နိုင်တယ်၊ ပရမတ္ထတရားလေးပါးကို ကိုယ်ပိုင်၊ ကိုယ်ဆိုင် အနေနဲ့ ယူဆသွားနိုင်တယ်၊ တကယ်ရှိတဲ့ အရာကြီးဆိုပြီး စွဲသွားနိုင်တယ်ဆိုပြီး မဟာယာနတို့က ထောက်ပြတယ်။

အဲဒါကို ထေရ၀ါဒက ပဋ္ဌာန်းနဲ့ ဖြေရှင်းတယ်။ ပရမတ္ထတရားလေးပါးက အကြောင်းအကျိုးနဲ့ ဆက်စပ်နေတာဆိုပြီး ပဋ္ဌာန်းက ဟောထားတာ ဆိုတော့ စွဲထားမယ်ဆို စွဲလို့ကို မရဘူးပေါ့။ အဲဒီဟာကို သမီးက ပေပါထဲမှာ debate လုပ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ဆုံး တကယ်တမ်း ကျင့်စဉ်ထဲမှာ သုညတကို ဘယ်လိုနားလည်လဲ … ဆရာတော်တွေက ဘယ်လို interpret လုပ်လဲပေါ့။ ဥပမာ သဲအင်းဂူဆရာတော်ကြီးက စိတ်မပေါ်တဲ့ နေရာက နိဗ္ဗာန် … ပညတ်မတပ်တော့တဲ့ နေရာက သူ့အတွက်တော့ သုညတပဲလို့ ဟောခဲ့တယ်။ ရုပ်ချုပ် နာမ်ချုပ်တဲ့ နေရာက နိဗ္ဗာန်ပဲလို့ ပြောတယ်။ အဲဒါတွေကို သမီးရဲ့ ပေပါထဲမှာ explore လုပ်ထားတာပေါ့။


ထိုင်းနိုင်ငံတွင် သုညတအကြောင်း စာတမ်းဖတ်စဉ်

မေ - အဲဒီ conference တက်ဖို့ ပြည့်ပြည့်ကို ဘယ်သူက ဖိတ်တာလဲ။
ပြည့် - ဘုန်းဘုန်းတပါးက ဖိတ်လို့ သွားရတာ။ အခုလဲ လာမယ့် နိုဝင်ဘာ ဒီဇင်ဘာအတွက် ပေပါ ၂ ခု ရေးရမယ်။

မေ - အဲဒါက …
ပြည့် - အဲဒါကလဲ ထိုင်းမှာပဲ၊ ပေပါ ၂ ခုက ဘာအကြောင်းလဲဆိုတော့ … တခုက သဲအင်းဂူနဲ့ စွန်းလွန်း tradition ပေါ့။ အဲဒီ နှစ်ခုက ပရိယတ္တိဘက်က လာတာမဟုတ်ဖူး ကျင့်စဉ်ဘက်က တက်သွားတာဆိုတော့ အဲဒီ tradition ကို လေ့လာတာ။ နောက်တခုက ပဋ္ဌာန်းနဲ့ meditation ဘယ်လိုဆက်စပ်လဲ ဆိုတာပေါ့။ အဲဒါကတော့ မိုးညှင်းဆရာတော်၊ ဖားအောက် ဆရာတော်၊ သဒ္ဓမ္မရံသီ ဆရာတော်ကြီးတွေ ဟောတဲ့တရား ဆိုရင် ပဋ္ဌာန်းနဲ့ meditation ဆက်စပ်နေတာလေ။ အဲဒီအကြောင်းပေါ့။ ဒီပေပါ နှစ်ခုက issue ကတော့ တခုပဲ။ ဒါပေမဲ့ တခုက ပရိယတ္တိ၊ တခုက ပဋိပတ္တိပေါ့ … ။ ဒါပေမဲ့ လမ်းတခုနေရာမှာတော့ ဆုံမှာပဲပေါ့။



မေ - ပြည့်ပြည့် ဒီလို စာတွေရေးဖို့က တခြားဘာစာအုပ်တွေ လေ့လာရသေးလဲ။
ပြည့် - ကံအကြောင်း ရေးတုန်းကဆိုရင် မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတွေ လေ့လာကိုးကားရတယ်။
ပဋ္ဌာန်းဆိုရင် မိုးညှင်း ဆရာတော်ရဲ့ စာအုပ်တွေ ကိုးကားရတယ်။ နောက်ပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာ ရေးပေမဲ့ တခြားဘာသာတွေရဲ့ discipline တွေကိုပါ သိထားရတယ်။ history တို့ political တို့လဲ ဖတ်ရတယ်။ မြန်မာ့သမိုင်း၊ နိုင်ငံရေး ပြောင်းလဲပုံပေါ့။ အဲဒါတွေကို ထည့်မရေးတောင်မှ ထည့်တွေးရတယ်။ ထည့်မတွေးလို့ မရဘူး။ တွေးလွန်းတော့ သမီး mind က အရမ်းကို complex ဖြစ်တယ်။

သမီးတို့ ပီအိတ်ခ်ျဒီ သမားတွေက ပထမနှစ်မှာ upgrade လုပ်ရတယ်။ စစချင်း PhD/ M.phil ဆိုပြီး လက်ခံထားတာ။ အဲဒီကနေ PhD candidate အနေနဲု့ ပြောင်းဖို့က စာလုံးပေါင်း ၂ သောင်းကျော် ရေးရတယ်။ သမီးရေးတာ ၃ သောင်းကျော်သွားတယ်။ အဲဒီဟာရေးတုန်းက တောက်လျှောက် အဲဒီအကြောင်း တလလောက် တွေးထားတော့ အတွေးက ရပ်လို့မရဘူး။ အဲဒါကို ဆရာမက သိတယ်။ ဗိုင်ဗာ လဲထိုင်ရသေးတာဆိုတော့ ဗိုင်ဗာထိုင်ခါနီး ဆရာမနဲ့ သွားတွေ့ပြီး ဘာလုပ်ရမလဲ မေးတော့ ဆရာမက ဘာမှမလုပ်နဲ့ အိပ်တဲ့ … နင် အိပ်ဖို့ပဲလိုတာတဲ့။ သူပြောတဲ့အတိုင်း ၄ ရက်လောက် တရားထိုင် အိပ် တရားထိုင် အိပ် အဲဒီလို လုပ်လိုက်တော့မှ တွေးတာတွေ ရပ်သွားတယ်။ အစက ရပ်လို့မရဘူး၊ အိပ်လဲ အိပ်မက်ထဲမှာ တွေးနေတာ။

မေ - PhD လုပ်တော့ရော ပြည့်ပြည့် အဖေက အားပေးလား။ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေတွေကရော ဒီဘာသာရပ် သင်ယူတာနဲ့ ပတ်သက်လို့ ဘယ်လိုပြောကြလဲ။
ပြည့် - အစတုန်းကသာ ဖေဖေက ကန့်ကွက်ပေမယ့် နောက်ပိုင်းတော့ သမီးကိုချစ်တဲ့စိတ်နဲ့ အားပေးပါတယ်။ ဆွေမျိုးသားချင်းတွေကလဲ အားပေးကြပေမဲ့ တချို့သူငယ်ချင်းတွေကတော့ ပြောကြတာပေါ့။ ဘာကြောင့် ဒါမျိုးလုပ်ရတာလဲ အောက်စ်ဖို့ဒ်မှာ စီးပွါးရေးသင်ပြီးမှ ဒီဘက်ကို ကူးတော့ ကြောင်သွားပြီလို့ ပြောကြတယ်။ များသောအားဖြင့် မြန်မာအသိုင်းအ၀ိုင်းထဲက ပြောကြတာများတယ်။ ဒီကောင်မလေး ဂေါက်များသွားပြီလားပေါ့။ တချို့ကျတော့လဲ ဘာသာရေးကို လေ့လာလိုက်စားပြီး သမီးတတ်နိုင်သလောက် ဗုဒ္ဓတရားတော်နဲ့အညီ နေဖြစ်အောင် ကြိုးစားနေထိုင်တော့ သမီးကို ရှေးရိုးကြီး၊ conservative ဖြစ်တယ်ပေါ့။ ဥပမာ သမီးက အင်္ဂလန်မှာ ၁၅ နှစ်လောက် အနေကြာတာတောင် အရက်တို့ ဝိုင်တို့ မသောက်ဘဲနေတယ်ဆိုတော့ ခေတ်မမှီဘူးပေါ့။

မေ - အဲဒီလိုပြောကြတော့ ပြည့်ပြည့် စိတ်ထဲမှာ ဘယ်လိုနေလဲ။
ပြည့် - ဘယ်လိုမှ မနေဘူး။ သမီး သီလရှင်ဝတ်ပြီးနောက်ပိုင်း စိတ်လဲ ပြောင်းတယ် ရုပ်လဲ ပြောင်းတယ်။ ရုပ်က အထူးသဖြင့် ဆံပင်ပေါ့။ အရင်တုန်းက သမီးဆံပင်က ကြမ်းပြီး ဖွါဖွါ ခြောက်ခြောက်ကြီး။ နောက်တော့ သီလရှင်ဝတ်ပြီး ပြန်ပေါက်တော့ မကြမ်းတော့ဘူး ဆံပင်က ခြောက်လဲ မခြောက်တော့ဘူး။

စိတ်ပြောင်းတာကတော့ အရင်ကဆို ဒေါသ အရမ်းထွက်တာ၊ မကျေနပ်တာ များတယ်။ အခုတော့ ဒေါသထွက်ရင်တောင် အချိန်တိုသွားတယ်။ သမီးကို တရားပြတဲ့ ဆရာလေးတပါးက သူက ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို ဖြစ်နိုင်အောင် ကြိုးစားတယ်လို့ ပြောဖူးတယ်။ အဲဒီလိုမျိုး ကိုယ်လဲ ကြိုးစားတယ်။ ဖြစ်တော့ မဖြစ်သေးဘူးပေါ့လေ ကြိုးစားနေတုန်းပါပဲ။

မေ - ခုလို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် ပြည့်ပြည့်ကို ကျေးဇူးတင်ပါတယ်။
ပြည့် - သမီးလည်း ခုလို သမီးရဲ့အတွေ့အကြုံတွေကို အများနဲ့ ရှယ်ခွင့်ရတဲ့ အတွက် အမကို ကျေးဇူးတင်ပါတယ်။
***
ဒီပို့စ် ဖြစ်မြောက်ဖို့ အချိန်ပေး၍ ကူညီသူ ပြည့်ပြည့် (ပြည့်ဖြိုးကျော်)နှင့် အိမ်သားများ၊ သည်းခံပြီး စောင့်စားဖတ်ရှုကြသူများ အားလုံးကို ကျေးဇူးတင်စွာဖြင့် ... ။

မေဓာဝီ
၂၂၊ ၁၀၊ ၂၀၁၁
၂၃း၃၃ နာရီ

Read More...

Tuesday, October 18, 2011

ကိုယ်လွမ်းနေတာ သိလို့တဲ့ ...

"ကိုယ်လွမ်းနေတာ သိလို့တဲ့"
***
ကိုယ်လွမ်းနေတာ သိလို့တဲ့ …
ငှက်ပြာလေးတွေ တေးဆိုနေကြတယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
ပန်းဝါလေးတွေ ပွင့်ဝေနေကြတယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
လေပြည်နုနု ယုယတိုက်ခတ်တယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
မြက်ခင်းစိမ်းစိမ်း နွဲ့နွဲ့ယိမ်းနေတယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
တိမ်မျှင်ဖြူစ မျောလွင့်နေကြတယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
ရွက်ခြောက်ညိုလွ လွင့်ကြွေကျနေတယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
………………………………………..
…………………………………………..
………………………………………………..
အမိနဲ့ဖ ကိုယ့်ဆီလာကြမယ် … ။

တကယ်ပါ ...
ကိုယ်လွမ်းနေတာ သိလို့တဲ့ …
တလောကလုံး သာယာလှနေတယ် … ။ … ။
***
မေဓာဝီ
၁၈၊ ၁၀၊ ၂၀၁၁
၁၆း၁၅ နာရီ

Read More...

Wednesday, October 12, 2011

မင်းဂန်ရွာမှာ သာတဲ့လ ...

ကျောင်းကပြန်ရောက်တော့ ညနေ ၆ နာရီ ကျော်နေပြီ။ ဧည့်ခန်းထဲမှာ တယ်လီဗေးရှင်းကြည့်နေတဲ့ ဦးရီးတော်က တံခါးဖွင့်ဝင်လာတဲ့ ကျမကို လှမ်းပြောတယ်။

"သမီး မင်းဂန် ရွာဦးကျောင်းရဲ့ မီးထွန်းပွဲ သွားချင်လား ... ဒီညနေခင်းက ရာသီဥတု မဆိုးဘူးဆိုတော့ သမီးသွားချင်ရင် ထမင်းစားသောက်ပြီး သွားကြတာပေါ့ ..." တဲ့

ကျမက အဲဒီစကားကြားချင်လို့ စောင့်နေခဲ့တာပါ။ ဒီနေ့ ဘုန်းကြီးကျောင်းသွားရင် ယူသွားဖို့ ကျောင်းမတက်ရတဲ့ မနေ့က တမနက်လုံး ဟင်းတွေ ချက်ထားခဲ့တာ၊ မီးထွန်းပွဲ သွားချင်လို့ ရာသီဥတု ကောင်းပါစေလို့ ဆုတောင်းလိုက်ရတာလဲ အမောပါပဲ။ မိုးလေ၀သ သတင်းက မိုးရွာမယ်လို့ ကြေငြာချက် ထုတ်ထားတဲ့အတိုင်း ကျမတို့နေတဲ့ ၀ံပုလွေရွာမှာ တနေ့လုံး မိုးရွာပါတယ်။ မိုးရွာရင်/ ရာသီဥတု အေးရင် မသွားဘူးလို့ ဦးရီးတော်က ကြိုပြောထားတာ၊ ကံကောင်းချင်တော့ ညနေခင်းလေးကမှ မိုးတိတ်သွားပြီး ကောင်းကင်က မိုးသားကင်းစင် ကြည်လင်သွားခဲ့တယ်၊ အပူချိန်ကလဲ ၁၆ - ၁၇ ဒီဂရီ စင်တီဂရိတ်ဆိုတော့ နေလို့ ကောင်းရုံကလေး ... မအေးလှဘူး။

ဒီလိုနဲ့ တူဝရီးနှစ်ယောက် ညနေစာကို ကမန်းကတန်း စားသောက်ကြပြီး ဆွမ်းဟင်းဘူးတွေ ဖယောင်းတိုင်တွေ သယ်လို့ ညနေ ၆ နာရီခွဲမှာ မင်းဂန်ရွာကို သွားကြပါတယ်။ ဦးရီးတော်က ကားမောင်း၊ ကျမကတော့ သူမပျင်းရအောင် ဘေးနားကနေ အတင်းပေါင်းစုံ အဲလေ သတင်းပေါင်းစုံ ပြောလို့ပေါ့ :)

ကားလမ်းက အရှေ့အရပ်ကို မျက်နှာမူ မောင်းရတာမို့ ပြည့်ဝန်းထိန်သာနေတဲ့ လမင်းကြီးကို ကြည်နူးဖွယ် မြင်တွေ့ရတယ်။ ဦးရီးတော်က ဆရာတော်ဦးဝိစိတ္တရဲ့ ပဋ္ဌာန်းတရားကို တလမ်းလုံးဖွင့်သွားတာမို့ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ အဆုံး ည ၇ နာရီ သာသာ မှောင်စပျိုးချိန်လောက်မှာ မင်းဂန်ရွာဦးစေတီကို ရောက်ပါတယ်။


ကျမတို့ ရောက်တော့ သူများတွေက မီးထွန်းနေကြပြီ။ ကျမတို့ တူဝရီးလဲ ပါလာတဲ့ ဖယောင်းတိုင်လေးတွေ ထုတ်ပြီး မီးထွန်းကြတယ်။ ရာသီဥတု သာယာပေမဲ့ လာတဲ့လူ နည်းနေသလားလို့ ထင်မိတယ်။ ကောင်းကင်ပေါ်က လမင်းကြီးကတော့ ဘယ်သူလာလာ မလာလာ သာနေတာပါပဲ။ လမင်းကို ပုံရိုက်ရင် အပြင်မှာလို ဘယ်တော့မှ မလှပေမဲ့ ပုံမရိုက်ဘဲလဲ မနေနိုင်ဘူး။ လပြည့်ညက လူကို ဖမ်းစားနိုင်လွန်းတယ် ... ။


စီတန်းထွန်းညှိထားတဲ့ ဖယောင်းတိုင်လေးတွေရယ် ... ချိတ်ဆွဲထားတဲ့ မီးပုံးလေးတွေရယ် ... လေတိုက်တိုင်း တဖျပ်ဖျပ်လွင့်နေတဲ့ သာသနာ့အလံလေးတွေရယ် ... မြင်ရတာ ကြည်နူးစရာ ... ။ သြော် ... ဒီအချိန်ဆို ... ကျမတို့ဌာနေ မြန်မာပြည်မှာ လူတွေ ဘယ်လောက် ပျော်နေကြမလဲ။


စေတီထဲက ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာလဲ ပန်း၊ ဆီမီးနဲ့ အမွှေးတိုင်တွေ ကပ်လှူ ထွန်းညှိ ပူဇော်ထားကြတယ်။ ဘုရားရိပ် တရားရိပ် သံဃာအရိပ်ဟာ စိတ်ညွတ်နူး ချမ်းမြေ့ဖွယ် ... ။


လပြည့်နေ့က မနှစ်ကလို ပိတ်ရက် (စနေ တနင်္ဂနွေ) မဟုတ်ဘဲ ကြားရက် (ဗုဒ္ဓဟူးနေ့) ဖြစ်တာကြောင့် မီးထွန်းပွဲကို လူများများ လာနိုင်ပါ့မလားလို့ ထင်နေပေမဲ့ တဖြည်းဖြည်း ရောက်လာကြပါတယ်။


သံဃာတော်တွေ ပ၀ါရဏာ ပြုပြီးနောက် ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဖတ် သရဇ္ဈာယ်ကြတယ်။ ရွတ်ဖတ်အပြီးမှာ ဆရာတော် ဒေါက်တာဦးဥတ္တရဉာဏက အဘိဓမ္မာနေ့ ဖြစ်ပေါ်လာပုံ အကျဉ်းနဲ့ ဆီမီးလှူရခြင်း ပန်းလှူရခြင်း အကျိုးတွေကို အင်္ဂလိပ်လို ဟောကြားပါတယ်။ (ဧည့်ပရိသတ်တွေထဲမှာ နိုင်ငံခြားသားက သုံးပုံတပုံလောက် ပါနေလို့ပါ။)


အားလုံးပြီးတော့ သာဓု သုံးကြိမ်ခေါ်ပြီး ပြန်ကြရုံပဲပေါ့။ ထွန်းထားတဲ့ ဖယောင်းတိုင်လေးတွေက လင်းလက် တောက်ပနေတုန်းပဲ။ သီတင်းကျွတ်ညရဲ့ ကောင်းကင်ယံမှာလဲ လမင်းက ထိန်ထိန်သာနေဆဲ ... ။

...
ခြင်္သေ့ကြီးရဲ့ အာခံတွင်းထဲမှာ ဖယောင်းတိုင်ထွန်းထားတာ တွေ့လို့ သဘောကျတာနဲ့ ဓာတ်ပုံရိုက်လိုက်တယ်။ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ ခွန်အားရှိခြင်း အဓိပ္ပါယ်တွေကို ဖော်ဆောင်တဲ့ ခြင်္သေ့ကြီးတွေရဲ့ မျက်လုံးက ကောင်းကင်က လမင်းကို မော့ကြည့်နေသလိုပဲ။ သီတင်းကျွတ်ညရဲ့ လမင်းဟာ လူတွေတွင်မက ခြင်္သေ့ကြီးတွေကိုပါ ဖမ်းစားနိုင်လေသလား ... ။


အိမ်အပြန်လမ်း ကားပေါ်မှာ ကျမတို့ တူဝရီးနှစ်ယောက် ပြုခဲ့တဲ့ ကုသိုလ်တွေအတွက် ပီတိတွေနဲ့ စားမြုံ့ပြန်ရင်း ကျမက ဆရာတော်ပေးလိုက်တဲ့ စာအုပ်ကလေးကို လှန်လှောကြည့်မိတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က စပြီး ဒီစာအုပ်ကလေးကို ဆရာတော်ခိုင်းလို့ လုပ်ပေးခဲ့တာ ခုတော့ စာအုပ်အဖြစ်နဲ့ ရောက်သွားခဲ့ပါပြီ။ အဖုံးလေးက ကျမလုပ်ပေးတဲ့ အရောင်အတိုင်း မထွက်ဘဲ နည်းနည်း မှိန်နေတာကလွဲလို့ မဆိုးလှပါဘူး။ ဘာပဲဖြစ်ဖြစ် ဘိလပ်မှာ လုပ်ခဲ့တဲ့ စာအုပ်ကလေးအဖြစ် အမှတ်တရ ဖြစ်တာပေါ့။ မြန်မာပြည်မှာတုန်းက အဖေ့စာအုပ်တွေ ကျမပဲ အစအဆုံး လုပ်ပေးခဲ့သလို ဒီရောက်တော့လဲ ကျမ အဖေလို လေးစားရတဲ့ ဆရာတော်အတွက် ခုလို ဆောင်ရွက်ပေးခွင့်ရတာ အလွန် ၀မ်းမြောက်မိတာကြောင့် ဒီနေရာမှာပဲ တလက်စတည်း မှတ်တမ်းတင်လိုက်ပါတယ်။
***
သီတင်းကျွတ်ညကလေးက ရိုးရှင်းအေးချမ်းစွာ သာယာလို့နေတယ်။
မင်းဂန်ရွာမှာ သာတဲ့ လမင်း ... ၀ံပုလွေရွာက ကျမအခန်း ပြတင်းအထိ လိုက်လာတယ်။
မနှစ်ကလဲ ... အဲဒီလမင်းပါပဲ ... မင်းဂန်ရွာကို သူ့အလင်းတွေနဲ့ ဖြန့်ခင်းပေးခဲ့တယ် ... ။
နှစ်တွေ ... အချိန်တွေ ... အခြေအနေတွေ ပြောင်းသွားခဲ့ပေမဲ့ လမင်းရဲ့ အလင်းရောင်ကတော့ မပြောင်းလဲပါဘူး။
နောက်နှစ်တွေတိုင်းမှာလဲ ဒီလိုညဆို မင်းဂန်ရွာဦးစေတီမှာ လမင်းအမြဲသာစေဖို့ ဆုတောင်းလိုက်ပါတယ်။
***
မေတ္တာဖြင့် ...

မေဓာဝီ
၁၂၊ အောက်တိုဘာ၊ ၂၀၁၁
သီတင်းကျွတ်လပြည့်ည
၂၃း၄၃ နာရီ

Read More...