Tuesday, December 04, 2007

ဂဠုန်ဆားချက်တယ်ဆိုတာ ...

ဒီကနေ့ အပြင်သွားရင်း လူတယောက်ကို မြင်တော့ ဒီလူမျက်နှာမျိုး ရင်းရင်းနှီးနှီး ရှိလိုက်တာလို့ စိတ်ထဲ စဉ်းစားနေမိတာ။ နောက်မှ ကျမရဲ့ ဆရာတော်နဲ့ မျက်နှာချင်း ဆင်နေတာပဲ လို့ သိလိုက်ရတယ်။ ဒီလိုနဲ့ ကျမရဲ့ ဆရာတော်ကို သတိရမိသွားတယ်။ ကျမရဲ့ ဆရာတော် ဆိုတာက ကျမကို အမြဲ ပုံပြင်တွေပြောပြနေကျ၊ ဆိုဆုံးမနေကျ၊ အားပေး ချီးမြှောက်နေကျ ဆရာတော်ပါ။ ဆရာတော်ပြောပြတဲ့ ပုံပြင်လေးတွေကို အရင်က ဘလော့မှာ တင်ခဲ့ဖူးပါတယ်။

(၁)
(၂)
(၃)
(အဲဒီနေရာတွေမှာ ဖတ်ရှုနိုင်ပါတယ်။)

ဆရာတော်က ခြောက်ထပ်ကြီး သာသနာ့ သိပ္ပံ ကျောင်းက ဆရာတော်ကြီးပါ။ အသက်ကြီးပြီး ကျန်းမာရေးလည်း သိပ်မကောင်းလှပါဘူး။ ကျမ ဒီကို လာခါနီးမှာ ဆရာတော်ကို နှုတ်ဆက်ခဲ့ချင်ပေမဲ့ အကြောင်းကြောင်းကြောင့် မနှုတ်ဆက်ခဲ့ရဘူး။ ကျမ ဒီကို ရောက်နေတယ် ဆိုတာ ဆရာတော် သိချင်မှ သိမှာပါ။ သိရင်တော့ ကျေနပ်ပီတိ ဖြစ်နေမှာပါပဲ။ ဆရာတော်ရဲ့ အခြေအနေနဲ့ ဆရာတော့် သတင်းကိုတော့ အဝေးမှာ ရောက်နေတဲ့ ကျမလည်း ခုချိန်မှာ မသိနိုင်တော့ပါဘူး။

ဆရာတော်ကို သတိရရာက ဆရာတော် ပြောပြခဲ့ဖူးတာလေး ခေါင်းထဲ ရောက်လာပြန်ပါတယ်။ အဲဒါကတော့ 'အကြံကုန် ဂဠုန်ဆားချက်' ဆိုတဲ့ စကားပုံနဲ့ ပတ်သက်လို့ပါ။ အဲဒီစကားပုံနဲ့ ပတ်သက်လို့ ကျမတို့ သိထားကြတာက ဂဠုန်နဲ့ နဂါး အချင်းများရာက နဂါးက ပင်လယ်ကြီးထဲ ဆင်းသွားလို့ ရေမကူးတတ်တဲ့ ဂဠုန်ခမျာ ကြံရာမရ ဖြစ်ပြီး ပင်လယ်ရေတွေ ခမ်းခြောက်သွားအောင် ကမ်းစပ်ကနေ ဆားချက်ရင်း စောင့်နေတယ်ပေါ့။ အဲဒီလို သိထားတာ ငယ်ငယ်လေး ကတည်းပဲ မဟုတ်လား။

ဒီလိုနဲ့ပဲ 'ဆားချက်တယ်' ဆိုတဲ့ ဝေါဟာရက ဘလော့လောက မှာလည်း အသုံးများလာကြပါတယ်။ ရေးစရာ ပါးရှားလာရင် အကြံအဖန်လုပ်ပြီး ဟိုလူ့စာကူးတင် ဒီလူ့စာကူးတင်ပေါ့။ ကျမလည်း အမြဲလုပ်နေကျပါပဲ။

ထားပါတော့ ... ။ အခု ပြောချင်တာက ဆရာတော် ပြောပြတဲ့ ဂဠုန်ဆားချက်တာနဲ့ ကျမတို့ သိထားတဲ့ ဂဠုန်ဆားချက်တာ အကွာကြီး ကွာနေတဲ့ အကြောင်းပါ။

ဆရာတော်ပြောပြတာကို မှတ်မိသလောက် ပြန်ပြောရရင်တော့ ... ။

ကျေးလက်တောရွာတွေမှာ ချုံပုတ်လို အပင်တွေ တောထ နေတာကို ဂဠုန်ထတယ်လို့ ဆိုကြသတဲ့။ ရွာသားတွေဟာ ယာခင်း စိုက်ခင်းထဲမှာ စိုက်ပျိုးဖို့သွားရင်း ချောင်းရေလျှံလို့ ပဲဖြစ်ဖြစ် အကြောင်းတခုခုကြောင့် အိမ်မပြန်နိုင်တော့တဲ့အခါ လုပ်စရာမရှိတော့ ... ဒီလို အပင်တွေကို ခုတ်ထွင် မီးရှို့ပြာချ ပြီး ဆားချက်လေ့ရှိကြသတဲ့။ ဂဠုန်ထတဲ့ အပင်တွေကို မီးရှို့လို့ရလာတဲ့ ပြာကို ဂဠုန်ပြာလို့ ခေါ်ပြီး ဂဠုန်ပြာက ရတဲ့ ဆားကို ဂဠုန်ဆားလို့ ခေါ်ပါသတဲ့။

အဲဒါနဲ့ ပတ်သက်ပြီး အဆိုတခု ရှိတယ်လို့ ဆရာတော်က ပြောပါသေးတယ်။

ဂဠုန်ပင်တွေကို ပြာချလို့ ရလာတဲ့ ပြာကို ရေထဲ ထည့်လိုက်တဲ့အခါ ပြာတွေက ရေမှာ ပျော်ဝင်သွားပြီး ရေက နောက်သွားတော့ ... 'ဂဠုန် ဂဠုန် ဆွေ့ဆွေ့ခုန်၊ ဂဠုန်လည်း ပျောက် ရေလည်း နောက်' ဆိုပြီး ပြောစမှတ်ရှိတယ် လို့လည်း ဆိုပါတယ်။

အဲဒီရေကို ကြိုချက်လိုက်လို့ ရလာတဲ့ ဆားကတော့ ဂဠုန်ဆား ပေါ့။ အဲဒါဟာ အကြံကုန် ဂဠုန်ဆားချက် ဆိုတာရဲ့ မူလ ဘူတ အဖြစ်အပျက်ပဲ လို့ ဆရာတော်က ပြောပြပါတယ်။ ကျေးလက်ရဲ့ အလေ့အထကို မသိလို့ ပုံပြင်ဆရာက သူ့စိတ်ကူးနဲ့ ကွန့်မြူးပြီး ရေးလိုက်တာ ဖြစ်လိမ့်မယ်လို့ ဆရာတော်က ပြောပြခဲ့တယ်။

ဘယ်ဟာက မှန်တယ် မမှန်ဘူး ဆိုတာကိုတော့ ကျမလည်း အငြင်းမပွါး ချင်ပါဘူး။ ဒါပေမဲ့ ကျမကတော့ ဆရာတော် ပြောတာကို ဖြစ်နိုင်ချေရှိတယ်လို့ ယူဆပါတယ်။

ဆရာတော်ကို သတိရရာက ဆရာတော့်ရဲ့ စကားလေးကို အမှတ်တရ ဖော်ပြရင်း ကျမလည်း ဆားချက်လိုက်ပါတယ် ရှင်။
***
မေဓာဝီ
ဒီဇင်ဘာ ၄၊ ၂၀၀၇
အမျိုးသားနေ့
ည ၁၁ နာရီ ၃၀ မိနစ်

4 comments:

ကလိုစေးထူး said...

ဆား ဘယ်နှစ်ပိဿာရလဲဗျို့။ :P
ကျနော်လည်း ဂဠုန်ဆားချက်တယ်ဆိုတာကို ဘုန်းဘုန်းမိန့်တဲ့ပုံစံမျိုး အရင်က မကြားဖူးဘူး။ အခုဒီပို့စ်မှာဖတ်ရမှပဲ အဲလိုမျိုး ရှိသေးတယ်ဆိုတာ သိတော့တယ်။ မှတ်သားစရာပဲ။ ဘယ်ဟာ အမှန်ဖြစ်ဖြစ်ပေါ့။

Anonymous said...

Oi, achei seu blog pelo google está bem interessante gostei desse post. Gostaria de falar sobre o CresceNet. O CresceNet é um provedor de internet discada que remunera seus usuários pelo tempo conectado. Exatamente isso que você leu, estão pagando para você conectar. O provedor paga 20 centavos por hora de conexão discada com ligação local para mais de 2100 cidades do Brasil. O CresceNet tem um acelerador de conexão, que deixa sua conexão até 10 vezes mais rápida. Quem utiliza banda larga pode lucrar também, basta se cadastrar no CresceNet e quando for dormir conectar por discada, é possível pagar a ADSL só com o dinheiro da discada. Nos horários de minuto único o gasto com telefone é mínimo e a remuneração do CresceNet generosa. Se você quiser linkar o Cresce.Net(www.provedorcrescenet.com) no seu blog eu ficaria agradecido, até mais e sucesso. If is possible add the CresceNet(www.provedorcrescenet.com) in your blogroll, I thank. Good bye friend.

မြရွက်ဝေ said...

ဗဟုသုတကို မှတ်သားသွားပါတယ်ရှင်

ကိုလူထွေး said...

ဆားလေး ချက်ပါအုံး...
ဆားကလေးချက် ပါ အုံး...

းဝ)