Wednesday, December 12, 2007

ကမ်းခြေမှာ ...

ပင်လယ်ဆီကို ရောက်ခဲ့တယ်။
ပင်လယ်ကတော့ သူ့ဆီလာသူ အားလုံးရဲ့ ခြေအစုံကို ဦးတိုက်လို့ ကြိုဆိုနေလေရဲ့ ... ။ ညင်သာတဲ့ လှိုင်းလုံးလေးတွေ ဖြည်းဖြည်းချင်း ကမ်းခြေကို ရိုက်ခတ်ပြီး ... ပြန်လျှောကျသွားတိုင်း ... ရေမြှုပ် ဖွေးဖွေးလေးတွေ သောင်ပြင်မှာ ပလုံစီလို့ တင်ကျန်ခဲ့ကြတယ်။ ဒါပေမဲ့ ... တကယ့်ကို ခဏလေးပါပဲ ... ပျောက်ကွယ်သွားကြ ပြန်ပါရော ... ။

ကမ်းခြေက သဲပြင်မွမွ။
ခြေတလှမ်း နင်းလျှောက်လိုက်တိုင်း သဲပြင်ပေါ်မှာ ထင်ကျန်ခဲ့တဲ့ ခြေရာတွေ ... ။ တလှမ်း ... နှစ်လှမ်း ... သုံးလှမ်း ... ခြေလှမ်းပေါင်းများစွာ လှမ်းရင်း ကမ်းခြေတလျှောက် လမ်းလျှောက်နေခဲ့တယ်။ နူးညံ့တဲ့ သဲပြင်ပေါ်မှာ ခြေရာတွေ ထင်ကျန်နိုင်ပေမဲ့ ... မာကျောတဲ့ ကျောက်ဆောင်ပေါ်မှာတော့ ဘယ်လောက်ပဲ လျှောက်လှမ်းလှမ်း ခြေလှမ်းတိုင်းအတွက် အမှတ်အသားတွေ ထင်ကျန် နိုင်ပါ့မလား .. ။

ရာသီက အေးပေမဲ့ ကမ်းခြေက နေသာတယ်။
ညီညာ ပြန့်ပြူးတဲ့ ကမ်းခြေတလျှောက် လမ်းလျှောက်သူတွေ ... ဆော့ကစားသူ ... ကလေးတွေ ... ခွေးတွေ ... ဟိုတစု ... သည်တစု ... ။

ဆူဆူညံညံ အသံကြားလို့ ကြည့်လိုက်တော့ ယောနသန်ရဲ့ အမျိုးအဆွေ ... စင်ရော်ငှက် ကလေးတွေ ... ။ ဒီစင်ရော်လေးတွေထဲမှာ ယောနသန်လို စင်ရော် တကောင် တလေများ ပါမလား တွေးရင်း ရစ်ချတ်ဘာ့ခ်ရဲ့ စာသားတချို့ သွားသတိရမိတယ်။

“Remember, Jonathan, heaven isn't a place or a time because place and time are so very meaningless. Heaven is...”

ဟုတ်သားပဲ ... ။ အချိန်တွေ နေရာတွေဆိုတာ အဓိပ္ပါယ် မရှိတဲ့ အရာတွေ ... ။ နိဗ္ဗာန်ဆိုတာ ဘယ်နေရာမှာလဲ ... လက်ညှိုးညွှန်ပြလို့ ရနိုင်ပါ့မလား ... ။

ဒီလိုနဲ့ သူတို့လေးတွေကို ပါလာတဲ့ ပေါင်မုန့်အပိုင်းအစလေးတွေ တဖဲ့စီ ဖဲ့ကျွေးတော့ ဆူညံညံ အသံနဲ့ ကရိကရိ ကွက် ကွက် အော်ဟစ်ရင်း မုန့်ကို အလုအယက် စားနေကြတာ ပျော်စရာပဲ ... ။

ကမ်းခြေမှာ နေစောင်းပြီ။
နေစောင်းတာနဲ့ တဖြည်းဖြည်း အေးသည်ထက် အေးလို့လာတယ်။ အဆုံးမဲ့တဲ့ ပင်လယ်ကြီး ကိုငေးကြည့်ရင်း ... ဟိုမှာဘက်ကမ်းမှာ ကိုယ့်ဌာနေများ ရှိလေမလား ... ရော်ရမ်း မှန်းဆနေမိပြန်တယ် ... ။

ကြည့်နေရင်း ကြည့်နေရင်း ... မျက်လုံးတွေ ပူနွေး စိုစွတ်လာပြီး အရာရာဟာ တဖြည်းဖြည်း ဝေ ... ၀ါး ... လို့... ။ ပင်လယ်ရေပြင်တောင် မြင့်တက်လာလေသလား ... ထင်ယောင် ထင်မှား ဖြစ်ခဲ့ရပေါ့။

စောစောက ပျံသန်းနေကြတဲ့ စင်ရော်လေးတွေလည်း အတောင်ညောင်း နေကြရှာသလား မသိ ... လှိုင်းစီးရင်း အနားယူ နေကြပြီ။

သွားတော့မယ် ... ။
ပင်လယ်ကြီးကို နှုတ်ဆက်တော့ ... လေညင်းလေးက ခပ်ဖွဖွ နမ်းရှိုက်ရင်း ပါးပြင်ပေါ်က အရာတွေကို အေးစက် ခြောက်သွေ့စေတယ်။
ဒီလိုနဲ့ တနေ့တာ ကုန်ခဲ့ပေါ့ ... ။
နေမင်းက နှုတ်ဆက် ခွဲခွါ သွားပြန်ပြီ။
နေ့တာက တိုတောင်းလွန်းလှတယ် ... ။
ပင်လယ်ကတော့ အထီးကျန်နေတဲ့ ကမ်းခြေဆီ လှိုင်းလုံးလေးတွေ ရိုက်ခတ် ပို့ပေးရင်း ... လူတကာ နင်းခဲ့တဲ့ ခြေရာတွေ ... လူတကာ ချခဲ့တဲ့ သက်ပြင်းတွေကို ပြန်လည် သယ်ဆောင်သွားလေရဲ့ ... ။
***
မေဓာဝီ
၁၁၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၀ နာရီ ၀၅ မိနစ်

No comments: