Sunday, December 09, 2007

မဲဇာမှာ ကဗျာရွတ်ခြင်း

ခုလို အိမ်နဲ့အဝေးမှာ ရောက်နေခိုက် ... ကိုယ့်ကိုယ်ကိုယ် မဲဇာ ရောက်နေသလို ခံစားနေရပါတယ်။ ကြုံနေရတဲ့ ရာသီဥတုကလည်း လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ မဲဇာတောင်ခြေရတုထဲက အတိုင်းပဲ ဖြစ်နေ တာကိုး။ “သံဝါ ဖြောက်ဖြောက်၊ ဆီးနှင်းပေါက် လည်း၊ မိုးလောက် ပြင်းထန်၊ သွန်းချ ပြန်သော်” ... ဆိုသလို ... တခါတလေကျတော့ ရွာနေတာ မိုးလား ဆီးနှင်းလား မခွဲခြားတတ်အောင်ပါပဲ ... ။ “ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍” ... ဆိုတဲ့အတိုင်း ... နေမင်းကလည်း နောက်ကျမှ ထွက်ပြီး စောစောစီးစီး ၀င်တာမို့ နေမင်းကို ဘယ်လိုပဲ တ-နေပေမဲ့ နေခြည်လည်း မဖြာနိုင်တော့ နွေးလည်း မနွေးနိုင်ဘူးပေါ့။

ဒီလို မဲဇာရောက်နေခိုက်မှာ ... မဲဇာတောင်ခြေ ကဗျာ ရွတ်ဖို့ အကြောင်း တိုက်ဆိုင် လာပါတယ်။ ဒီတပတ် စနေ၊ တနင်္ဂနွေက info weekend မို့ ကျောင်းကနေ အိမ်ပြန် ခွင့်မပြုဘဲ တခြားမြို့မှာရှိတဲ့ ကျောင်းခွဲတွေက ကျောင်းသားတွေရော တခြားနိုင်ငံ အသီးသီးက ပြန်လာတဲ့ ကျောင်းသားတွေရော ကျမတို့ ကျောင်းမှာ အကုန်စုပြီး တွေ့ကြ ဆုံကြတယ်။ ဒီတွေ့ဆုံပွဲမှာ ကျောင်းသား အသီးသီးက ကိုယ့် အတွေ့အကြုံတွေ ပြောပြကြရသလို အတွေ့အကြုံ မရှိသေးတဲ့ ကျမတို့လို ကျောင်းသား သစ်တွေကလည်း လုပ်ဆောင်ချက် တခုခု ဆင်နွှဲလိုက ပါဝင် ဆင်နွှဲကြပါ လို့ ဆိုလာပါတယ်။

သီချင်းပဲဆိုဆို၊ ဂစ်တာပဲတီးတီး၊ ကစားနည်းတခုခုပဲ ကစား ကစား၊ ဒါမှမဟုတ် ကဗျာ ရွတ်ချင်ရွတ် ... ကိုယ်နှစ်သက်ရာ တခုခု ပေါ့ ... ။ ကျမလည်း ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားတော့ သီချင်းဆိုဖို့ကလည်း ဒီအသံနဲ့က အဆင်ပြေမှာ မဟုတ်၊ ဂစ်တာကလည်း မတီးတာ ကြာတော့ ကောင်းကောင်း မတီးနိုင်၊ ကစားနည်း ကျပြန်တော့လည်း ဟုတ်တိ ပတ္တိ မလုပ်နိုင်တော့ကာ ... နောက်ဆုံး ကဗျာပဲ ရွတ်မယ်လို့ စိတ်ကူး လိုက်မိတယ်။

ဘာကဗျာရွတ်ရင် ကောင်းမလဲ ... စဉ်းစားတော့ မဲဇာတောင်ခြေ ကိုပဲ သတိရ မိတယ်။ ကံကောင်းချင်တော့ ... အိမ်ကသယ်လာတဲ့ စာအုပ်တွေထဲမှာ “သျှင်ဥတ္တမကျော် တောလား နဲ့ လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ ရတုများ” ဆိုတဲ့ စာအုပ် ပါလာတယ်။ အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေထားတာပါ။ ဒေါက်တာဘဟန် ဘာသာပြန်ထားပြီး တချိန်က ကျောင်းသုံးစာအုပ် အဖြစ် ပြဋ္ဌာန်းခဲ့ပုံ ရပါတယ်။ ဒါနဲ့ အဲဒီကဗျာပဲ ရွတ်ဖို့ စိတ်ပိုင်းဖြတ်ပြီး အင်္ဂလိပ်လို စာသားတွေကို ကွန်ပျူတာနဲ့ စာအမြန်စီရပါတယ်။ စာစီပြီး၊ ကော်ပီကူးပြီးတော့ နာရီကြည့်တော့ ၈ နာရီ ခွဲ ကျော်နေပါပြီ။ အစီအစဉ်က ၁၀ နာရီ ခွဲ လို့ မနက်က ဖတ်ထားတာ ... ဆိုတော့ အေးဆေးပေါ့ .. ဆိုပြီး ... နေနေရာက အစိအစဉ်ကို နောက်တခေါက် ပြန်သွားဖတ် ကြည့်တော့မှ ....

“ဗုဒ္ဓေါ”
၂၀း၃၀ နာရီ လို့ ရေးထားတာပါလား ... ။

ဒါနဲ့ စာအုပ်တွေ စာရွက်တွေ အမြန်သိမ်းကျုံး ယူပြီး Chinese Embassy ဆိုတဲ့ အဆောက်အဦးဆီ ပြေးရပါတော့တယ်။ ဟိုရောက်တော့ အစီအစဉ်က စ-နေပါပြီ။ အဖွင့်အနေနဲ့ ကျောင်းအုပ် ဆရာမကြီးက ဂစ်တာတီးပြီး သီချင်းဆိုနေပါတယ်။ ကျမ အလှည့်က တတိယမြောက်။ ထိုင်ခုံမှာ ထိုင် ခဏနားပြီး အမောပြေလောက်တဲ့ အချိန်မှာပဲ ... ကျမ နာမည် ခေါ်ပါတော့တယ်။

ဒီလိုနဲ့ ... ကော်ပီကူးထားတဲ့ စာရွက်တွေ တယောက်ကို ဝေခိုင်း၊ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်၊ ကဗျာဆရာရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကလေး ပြော (တကယ်တော့ စာရွက်ကြည့်ဖတ်တာပါ) ပြီးတော့မှ ... ကဗျာကို စရွတ်ပါတော့တယ် ... ။
((( အဟမ်း ... )))

ရွတ်ပြီးသွားတဲ့ ရတုကို “ဒီနေရာမှာ”သာ သွားဖတ် ကြည့်ကြပါတော့ ... ။

အင်္ဂလိပ်လို ဘာသာပြန်ထားတာကိုတော့ ဒီမှာ ဖော်ပြ ပေးလိုက် ပါတယ်။
***
Myanmar Classical Poem (Radu)
Written by Letwe`thondara (1772)
Translated by Dr. Ba Han (M.A., PhD, D.Litt, LLD (1964)


From the wooded foot of Meza Hill girt with its gushing stream my heart pants for the distant City of gold. Behold! The fold of the stars glows with the stately splendour of the conquest-crowned eminence graced with sacred fabrics. They stand out resplendent in six kindred rays like Zabudipa’s luminous Lamp. First in order shines Gugyi-thakin – Grand Sire’s golden deed. Next I proceed to tell on single hand other associate shrines – Shwe-Linbin, Shwe-chin-the-mwe, Shwe-ze-di-gyi. The gay galaxy set off by the brave palace’s hue, lights up the air like repeated flashes across the blue. My songless heart sighs of these haunting scenes. Alas! Alas! Because the City is afar I call up the old familiar views and fancy to myself “Here is the City, there are the shrines and over these lies the palace.”

The lovely river of the lower region abounds in sandy shoals ringed about with the enclasping flow. What a soul-enchanting sight to see! To me, it seems as remote as a far-off isle. And here, the clear-cut Meza river clad with thickets and tinged with a darksome tint, flows through the soundless forest that is folded in mist. The Pole-star lies hidden far from sight while I groan for a glimpse of the glorious sun. My bearings I take in vain, and again and again deep amazement invades my shattered senses. I sink and sink under the stress of thought, and the sylvan shades wear a buffling air. An early breath of southerly breeze heralds the approach of seasonal winds. My mind reels and my feeling heart is filled with fadeless longings because of the chilling breeze.

The residents of Meza cling to hoary custom and hold the Nyaungye carnival. A motley crew in reverent awe and ardent faith pray before the Golden Cave that lends endless charms to the cloud-kissed height rising from the heart of Meza Glen. The self-same mountain is shrouded in gloom and its exhalations wreathe themselves round every range. The sullen scene seems one welded mass. Again, with no trace of rain, the soft wind whistles and snowflakes fall fast and thick like heavy showers. You may even hear the drip-drop ring through the air. And Phoebus’ fair chariot coursing its daily round from Yugan’s crown, ceases to fling its flying flames. When it is biting cold, I wait and watch for the noonday light, because the dancing, flitting fancies help kill the leaden-footed hours.
***
နားထောင်ကြတဲ့ ပရိသတ် အပေါင်းကတော့ ကောင်းသလား ဆိုးသလား မသိ၊ အားနာပါးနာနဲ့ လက်ခုပ်သြဘာ ချီးမြှင့်ကြပါတယ်။ ဒီလိုနဲ့ ကျမလည်း ... ပီတိတွေ ဖြာရင်း ဘလော့မှာ တင်လိုက်ရလေသတည်း ... ဆိုပါတော့ ... ။

မေဓာဝီ
၈၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၁ နာရီ ၃၀ မိနစ်

1 comment:

ကလိုစေးထူး said...

ကဗျာရွတ်နေတဲ့ မူကြိုကျောင်းသူ အဲ…၊ :P ဥရောပရောက် မြန်မာတယောက်ပုံစံကို မြင်ယောင်ကြည့်တာ အချိန်နောက်ကျလို့ ကမန်းကတန်းသွားရတော့ ဖိုသီဖတ်သီ ဖိုးရို့ဖားယား ပုံစံပေါက်နေမလားပဲ။ :D
ကဗျာရွတ်နေတဲ့ အချိန်မှာ… အဟမ်း)))))))))) :D (အနီးဆုံး ခုံမှာ ထိုင်မယ့် ပုဂ္ဂိုလ်ခမျာ တံတွေးတော်တော် အစင်ခံရရှာတော့မယ်။) :P သို့သော်………။ :D
ကဗျာရွတ်ဖို့ စဉ်းစားမိတဲ့ စိတ်ကူးကို ဘရာဗို)))))))))၊