Sunday, December 16, 2007

သံယောဇဉ် ဟူသည် …

ဒီတပတ် ကျောင်းကနေ အိမ်ပြန်ခွင့်ရလို့ အိမ်ရောက်တဲ့အခါ ဗမာပြည်က မိဘများ ပို့လိုက်တဲ့ ပါဆယ်ထုတ် ရောက်နေတာကို တွေ့လိုက်ရတော့ ၀မ်းသာ သွားတယ်။ အထုတ်ကို ဖောက်ကြည့်တော့ ရွှေတိဂုံဘုရားပုံပါ ၂၀၀၈ ပြက္ခဒိန် ၃-ခု၊ ဝေနေယျသုခ ရေချမ်းစင် ပြက္ခဒိန် ၂-ခု နဲ့ စာအုပ်တွေပါ။ စာအုပ်တွေထဲ မှာ အဖေရဲ့ ပရိတ်စာအုပ်တွေအပြင် ကျမ ဒီကိုမလာခင် လုပ်ပေးခဲ့တဲ့ “သတိပဋ္ဌာန်ဝတ္ထု” (ဆရာတော် ဦးသီရိ) စာအုပ် ၂-အုပ်ပါ ပါလာပါတယ်။ ကျမ ကြည့်ရအောင် အဖေက ထည့်ပေးလိုက်တာ တဲ့။ အဲဒီစာအုပ်က ကျမ ရှိတုန်းက ပုံမနှိပ်ရသေးပါဘူး။ ခု ကိုယ်လုပ်ပေးခဲ့တဲ့ စာအုပ်ကလေးကို မြင်ရ တဲ့အခါ ပီတိတွေ တဖြာဖြာနဲ့ လူတကာကို လိုက်ကြွားပြီး နောက် … ထပ်ဖတ်ဖြစ်ပါတယ်။

စာမူအနေနဲ့ ဖတ်ရတုန်းကနဲ့ စာအုပ်ဖြစ်ပြီးနောက် ဖတ်ရတဲ့ အရသာ မတူပါဘူး။ အခုမှ ပိုပြီး အရသာရှိသလို … စီးစီးပိုင်ပိုင် လေးလေးပင်ပင် ရှိသလို ခံစားရတယ်။ ဘာလို့လဲတော့ မပြောတတ်ပါဘူး။ ဖတ်ရင်းနဲ့ တနေရာမှာ သံယောဇဉ် အကြောင်း ရေးထားတာတွေ့လိုက်ရပါတယ်။ သံယောဇဉ် ဆိုတဲ့ စကားကို ကျမတို့ အမြဲ သုံးစွဲနေကြပေမဲ့ သေသေချာချာ မသိခဲ့ပါဘူး။ ဖတ်ခဲ့ဖူး သင်ခဲ့ဖူးပေမဲ့လည်း … ကြာတော့ မေ့ပျောက် သွားပြန်ပါရော … ။

ဒါနဲ့ သံယောဇဉ် ၁၀-ပါး အကြောင်း ကျမဘလော့မှာ တင်ဖို့ စိတ်ကူး မိပါတယ်။ ကိုယ်ကိုယ်တိုင် မမေ့မလျော့ဖို့နဲ့ … မသိသေးသူများကို ဝေမျှလို လို့ ပါပဲ။ ဗုဒ္ဓတရားတော် တွေကို ဝေမျှတဲ့နေရာမှာ ဆင်းရဲ ချမ်းသာ အယုတ် အလတ် အမြတ် လူတန်းစား မရွေး ဝေမျှခွင့်ရှိတယ် လို့ ကျမကတော့ ယူဆပါတယ်။ ပါရမီ နည်းသေးလို့ ကိုယ်တိုင် အားသွန်ခွန်စိုက် မကျင့်နိုင် သေးသည့်တိုင် ကိုယ်သိထား သလောက်လေးကို ပြန်လည် ဝေမျှ ကောင်းရဲ့ မဟုတ်လား။ ဒါ့အပြင် အလှူတကာ့ အလှူထဲမှာ တရားအလှူ (ဓမ္မ ဒါန) က အမြတ်ဆုံးလို့ ဆိုထားတဲ့အတွက် ကျမ ဖတ်ရှုမိတဲ့ တရားတော်ကို ကျမဘလော့ဖတ်သူ အပေါင်းအား ပြန်လည် ဝေမျှ ဒါန ပြုလိုက်ပါတယ်ရှင် … ။
***
သံယောဇဉ်ကို ရှုမှတ်ပုံ

ချစ်သားရဟန်းတို့ … တရားကို အစဉ်ရှု၍ နေရာ၏။ အဘယ်တရားကို ရှုရာ သနည်းဟူမူကား အတွင်း, အပ ၌ ဖြစ်သော အာယတန တရားတို့ကို အစဉ် ရှု၍ နေရာ၏။ အဘယ်သို့ ရှုရာသနည်း ဟူမူကား …
[၁-၂] စက္ခုဝိညာဉ်ကိုလည်း သိရာ၏၊ ရူပါရုံကိုလည်း သိရာ၏၊ ထိုစက္ခု ၀ိညာဉ်နှင့် ရူပါရုံတို့ ထိပါးကြသောအခါ သံယောဇဉ် ၁၀-ပါး တို့သည် ဖြစ်ကုန်၏။ ဖြစ်ဟန်ကား …

၁) အလိုရှိသော အာရုံ ကို မြင်ရသောအခါကာမဂုဏ်၌ ယစ်တတ်သော ကာမရာဂ သံယောဇဉ်။
၂) ရူပါရုံ၌ ယစ်တတ်သော ရူပရာဂ သံယောဇဥ။်
၃) နာမက္ခန္ဓာ လေးပါး၌ ယစ်တတ်သော အရူပရာဂ သံယောဇဉ်။
၎) ထိုရူပါရုံကို သူတပါးတို့နှင့် ရောယှက်သောအခါ အမျက်ထွက်တတ်သော ပဋိဃ သံယောဇဉ်။
၅) ဤရူပါရုံကို ငါသာလျှင် ရပေသည်ဟူ၍ ထောင်လွှားတတ်သော မာန သံယောဇဉ်။
၆) ဤရူပါရုံသည် ကောင်းမွန်တင့်တယ် လှပေ၏ ဟု မှားသော နှလုံးသွင်းခြင်း တည်းဟူသော ဒိဋ္ဌိ သံယောဇဉ်။
၇) ငါသည် ဤသို့သော သီလကြောင့် ဤသို့ သဘောရှိသော ရူပါရုံနှင့် တွေ့ရပေသည်ဟု သုံးသပ်ခြင်း တည်းဟူသော သီလဗ္ဗတပရာမာသ သံယောဇဉ်။
၈) ထိုရူပါရုံသည် ပျက်စီးခဲ့သောအခါ အလွန်ပျံ့လွင့်ခြင်း, စိုးရိမ်ခြင်း တည်းဟူသော ဥဒ္ဓစ္စ-ကုက္ကုစ္စ သံယောဇဉ်။
၉) ယောက်ျားလော, မိန်းမလော, ပုဂ္ဂိုလ် သတ္တ၀ါလော ဟု ယုံမှားခြင်း ၀ိစိကိစ္ဆာ သံယောဇဉ်။
၁၀) သစ္စာလေးပါး၌ မသိသော အ၀ိဇ္ဖာ သံယောဇဉ်။

ဤ ဆယ်ပါးသော သံယောဇဉ်တို့သည် ဖြစ်လေကုန်၏။ ထိုသို့ ဖြစ်သော သံယောဇဉ်တို့ကိုလည်း သိရာ၏။ ထိုသို့မဖြစ်သေးသော သံယောဇဉ်တို့၏ ဖြစ်ကြောင်းကိုလည်း သိရာ၏။ ထိုသို့ သံယောဇဉ်တရား ဖြစ်သော အခါ ၀ိပဿနာ ဘာဝနာဖြင့် ပယ်ရာ၏။ ထိုသို့ ပယ်ကြောင်းကိုလည်း သိရာ၏။ ထိုသို့ ၀ိပဿနာ ဘာဝနာဖြင့် ပယ်အပ်ကုန်သော သံယောဇဉ်တို့သည် နောင်သောအခါ မဂ်ဥာဏ်, ဖိုလ်ဥာဏ်ဖြင့် မဖြစ်လေကုန်ပြီ၊ ထိုသို့ မဖြစ် ကြောင်းကိုလည်း သိရာ၏။

ထိုနည်းတူစွာ …
[၃-၄] သောတ၀ိညာဉ် နဲ့ သဒ္ဒါရုံ
[၅-၆] ဃာန၀ိညာဉ်နဲ့ ဂန္ဓာရုံ
[၇-၈] ဇိဝှာဝိညာဉ်နဲ့ ရသာရုံ
[၉-၁၀] ကာယ၀ိညာဉ်နဲ့ ဖောဋ္ဌဗ္ဗာရုံ
[၁၁-၁၂] မနောဝိညာဉ်နဲ့ ဓမ္မာရုံ … တို့ကိုလည်း နည်းတူ သိနိုင်ပါတယ်။

ဤသို့ သံယောဇဉ်တရားတို့သည် ရှိ၏ ဟု နှလုံးသွင်းနေသော ယောဂီ ပုဂ္ဂိုလ် တို့အား အလွန်ထင်ရှားသည် ဖြစ်ကုန်၏။ အကြင်မျှလောက် သံယောဇဉ် တို့၌ အောက်မေ့ရသော အကျိုးကား - ပညာ၏ ပြန့်ပွါးခြင်းငှာ လည်းကောင်း၊ အောက်မေ့ ဆင်ခြင်ခြင်း သတိသမ္ပဇည နှင့် ပြည့်စုံခြင်းငှာ လည်းကောင်း ဖြစ်၏။ တဏှာ, မာန, ဒိဋ္ဌိတို့ကို မမှီမူ၍ နေရာ၏။

ဤသို့လျှင် အတွင်း အပ သန္တာန်၌ ဖြစ်သော အာယတနဟူသော လောက၌ တစုံတခုသော ရုပ်, နာမ်, သင်္ခါရ တို့သည် ငါ၏ ဥစ္စာ ဟူ၍ လည်းကောင်း၊ ငါ ဟူ၍ လည်းကောင်း၊ ငါ၏ ကိုယ် ဟူ၍ လည်းောင်း မဆိုရချေ။ ဤသို့လျှင် ၀ဋ်သုံးပါးမှ ထွက်မြောက်ခြင်းကို အလိုရှိသော ရဟန်း ရှင် လူ ယောက်ျား မိန်းမ စသော ယောဂီ ပုဂ္ဂိုလ်တို့သည် အာယတန သံယောဇဉ် ဟူသော တရားတို့ကို အစဉ်ရှုလျက် ကောင်းစွာ နေရာ၏ - ဟူလိုသော်။
***
သံယောဇဉ်နဲ့ ပတ်သက်လို့ကတော့ ဒီမျှပါပဲ။ ဖတ်ကြည့်ပြီးတော့ သံယောဇဉ် ဆိုတာဟာ ကောင်းတာမဟုတ် .. ပယ်ရမယ့် တရားလို့ သဘောပေါက်ပြီး နောက် … အရာရာကို သံယောဇဉ် ဖြတ်ဖို့ ကြိုးစားရင် ကောင်းလေမလား တွေးမိ နေပါတော့တယ်။
***
မေဓာဝီ
၁၅၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၁ နာရီ ၅၉ မိနစ်

[၀န်ခံချက် - ဆရာတော်ဦးသီရိ၏ သတိပဋ္ဌာန်ဝတ္ထု မှ … ]

9 comments:

Unknown said...

မမရေ...
သံယောဇဉ်ဆိုတာကိုအခုလိုပြည့်ပြည့်စုံစုံ ဖော်ပြပေးထားတဲ့အတွက်ကျေးဇူးပါ...

အရာရာကို သံယောဇဉ်တော့မဖြတ်ပါနဲ့ ... အချိန်တန်တော့လည်း ...

Unknown said...

မမ...

သံယောဇဉ်ဆိုတာကို အနက်ပြန်ပေးထားတဲ့အတွက် ကျေးဇူးပါ.... အားလုံးကိုဖြတ်ပစ်ဖို့ဆိုတာက ...တခါတလေအတွက်ပဲကောင်းပါတယ်မမရယ်...

လင်း said...

ဒီသံယောဇဉ်ကိုဖြတ်ချင်နေတာအတော်ကြာပြီ။ ခုထိတော့
မအောင်မြင်သေးဘူးမမေရေ။ မမေကြိုးစားခဲ့လို့ အောင်
မြင်ရင်နည်းလမ်းလေးပေးပါအုံး

လင်း said...

သံယောဇဉ်ကြောင့်ဖြစ်လာရတဲ့ အပူမီးကိုဘယ်လိုငြိမ်းရမလဲဟင်

Anonymous said...

မမေ
သံယောဇဉ်ဆိုတာဖြတ်နိုင်ရင်တော့အကောင်းဆုံးဘဲ၊
သံယောဇဉ်ဖြတ်တာနဲလောကကိုအဆိုးမြင်တာနဲတော့
ခွဲခြားထားဖို့လိုမယ်ထင်တယ်။အများအကျိုးကိုအချိန်ပြည့်
ဆောင်ရွက်တောမယ်ဆိုရင်တော့သံယောဇဉ်ဆိုတာဖြတ်
နိုင်ရင်အကောင်းဆုံးဘဲ။မမေတယောက်လောကကိုအလှ
ဆင်ဖိုအတွက်သံယောဇဉ်တွေဖြတ်တော့မယ်ဆိုတော့အား
ပေးပါတယ်။
မင်းသစ်

မေပျို said...

မမေရေ.. အမက သဲနဲ့တူတူ ဘတ်စ်ကားစီးမယ်လို့ ပြောတော့ သဲကလည်း အားကျမခံ ပြန်ပြောလိုက်ဦးမယ်။ သံယောဇဉ်လည်း တူတူဖြတ်ရအောင်နော်။ :P

မေဓာဝီ said...

သံယောဇဉ်တွေကို ဖြတ်ဖို့ကြိုးစားနေတာပါ ပြည့်စုံရယ် ... ။ တခါထဲနဲ့ အားလုံးကို ဖြတ်ဖို့ဆိုတာလည်း ပါရမီရင့်သန်မှ ဖြစ်မှာပါ။ အခု ပါရမီမရင့်သန်သေးချိန်မို့ ကြိုးစားနေရတုန်းပဲ ... ။

လင်းရေ ... သံယောဇဉ်ကို ရှုမှတ်နည်းက အပေါ်မှာ ပေးထားတယ်လေ။ အဲဒီလို ရှုမှတ်လို့ အောင်မြင်ရင် သံယောဇဉ် ဖြတ်နိုင်တာပဲပေါ့။ သံယောဇဉ် ဖြတ်နိုင်ရင် သံယောဇဉ်ကြောင့် အပူမီးတွေလည်း မဖြစ်တော့နိုင်ဘူးလေ။

ဟုတ်ပါတယ် ကိုမင်းသစ်။ သံယောဇဉ်ဖြတ်တာနဲ့ လောကကို အဆိုးမြင်တာ မဟုတ်ပါဘူး။ သံယောဇဉ်ဆိုတာ ဘာလဲ သိပြီး သံယောဇဉ်ကို ရှုမှတ်ဖို့က ကျမတို့ ဘုရားရှင် ချမှတ်ပေးခဲ့တဲ့ လမ်းစဉ်ပဲ မဟုတ်လား။ အားပေးတဲ့အတွက် ကျေးဇူးပါရှင်။

ညီမလေး သဲရေ ... ကြာသလားလို့ ... တူတူဖြတ်ရအောင် ... သံယောဇဉ်ကို ... ။ ဟဲဟဲ ... သံယောဇဉ် ဖြတ်ပါမယ်ဆိုမှ အဖော်လေးနဲ့မှ ဆိုတာမျိုး ဖြစ်နေပြီ။ :P

ထွန်း said...

:-)

မင်းပျို said...

လာလည်တယ်နော် ..ကျနော်.ဆီလည်းပြန်လာဦးနော်..www.minnlwinpyin.blogspot.com