Sunday, March 25, 2007

တွေးမိတွေးရာ အတွေးများ … (၃)

အခုဖော်ပြမယ့် စာကတော့ တွေးမိတွေးရာ အတွေးများ ခေါင်းစဉ်နဲ့ ကျမရေးခဲ့တဲ့ စာ နံပါတ် (၃) ပါ။ နေးတစ်ဖိုရမ်မှာ ၂၀၀၆၊ သြဂုတ်လ ၆ ရက် နေ့က တင်ခဲ့ဖူးပါတယ်။ တွေးမိတွေးရာ အတွေးများ (၁) နဲ့ (၅) ကိုတော့ ကျမဘလော့မှာ တင်ခဲ့ပြီးပါပြီ။ ဒီနေ့အဖို့ မအားလပ်တာကြောင့် အသစ်မရေးနိုင်တဲ့အတွက် ရေးပြီးသားထဲ ပြန်မွှေနှောက်ရင်း မတင်ရသေးတဲ့ နံပါတ် ၃ ကိုတွေ့လို့ တင်လိုက်ပါတယ်။
***
၂၀၀၆၊ သြဂုတ်လထုတ် လိုက်ဖ်စတိုင် မဂ္ဂဇင်းထဲမှာ ကံချွန်ရေးတဲ့ဆောင်းပါးတပုဒ်ဖတ်လိုက်ရပါတယ်။
မေးခွန်းများနှင့် ကြိုဆိုခြင်း .. ဆိုတဲ့ခေါင်းစဉ်ပါ။
ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့နေထိုင်သူတိုင်း မေးခွန်းများနဲ့ မကင်းနိုင်ကြောင်း၊ မေးခွန်းတွေကို ရှောင်လွှဲလို့မရ ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ မေးခွန်းမေးတဲ့သူဟာ မသိလို့မေးခြင်းနဲ့ သူသိရက်နဲ့ ကိုယ်သိရဲ့လားလို့ (ပညာစမ်းလို၍)မေးခြင်းမျိုးရှိကြောင်း၊ မမေးသင့်တာမေးမိလို့ လူမှုဆက်ဆံရေးမှာ ပြဿနာများပေါ်နိုင်ကြောင်း၊ မေးခွန်းတွေမှာ စေတနာပါသင့်ကြောင်း၊ အဖြေရခက်တဲ့မေးခွန်းမျိုး မမေးသင့်ကြောင်း၊ မေးခွန်းကိုလက်နက်သဖွယ် မသုံးသင့်ကြောင်း၊ မေးခွန်းနဲ့ မထိုးနှက်သင့်ကြောင်း .. စသည် စသည် ရေးသားထားပါတယ်။
အဲဒီဆောင်းပါးလေးဖတ်ပြီး မေးခွန်းမေးခြင်းနဲ့ပတ်သက်လို့ မကြာသေးခင်က ကျမရေးထားတဲ့ ဆောင်းပါးတပုဒ်ကို သတိရတာနဲ့ ဖော်ပြလိုက်ပါတယ်။ ကျမရေးထားတဲ့ဆောင်းပါးကတော့ ကလေးတွေ (လူငယ်တွေ) ရဲ့ မေးခွန်းများနဲ့သာပတ်သက်ပါတယ်။ လူကြီးတွေရဲ့ ကတ်သီးကတ်သတ် ထိုးနှက်တဲ့ မေးခွန်းတွေကို မဆိုလိုပါဘူး။
ဖတ်ကြည့်ပြီး ဝေဖန် ဆွေးနွေးပေးကြပါဦး။

(ဒါကတော့ နေးတစ်မှာရေးခဲ့တဲ့ နိဒါန်းပါ)
***
လစ်လျူရှုထားသင့်ပါလား

တရက် .... ကလေးတွေကို ကွန်ပျူတာသင်တော့ spelling checking လုပ်တဲ့ သင်ခန်းစာကို သင်ရပါတယ်။
“တခါတလေ ကိုယ့်ရဲ့စာလုံးပေါင်းက မမှားဘဲနဲ့ ကွန်ပျူတာက သူ့ရဲ့ dictionary ထဲမှာမရှိလို့ ဒီစာလုံးကို မသိဘူးဆိုရင် မှားတယ်လို့ ပြတတ်တယ်၊ အဲဒီလိုအမှားပြနေပေမဲ့ ကိုယ်က မမှားဘူးဆိုရင် ပြင်စရာ မလိုဘူး၊ ignore လုပ်ရမယ် ..လစ်လျူရှုလိုက်ရမယ်” လို့ ကျွန်မက ကလေးတွေကို ရှင်းပြတယ်။
အဲဒီအခါမှာ ကလေးတယောက်က ထမေးတယ်။
“တီချယ် .. လစ်လျူရှုတယ်ဆိုတာ ဘာလဲ” တဲ့။

သူက ၃ တန်းဖြေထားပြီး ၄ တန်းတက်မယ့် ကလေးမလေးပါ။ သူက အဲဒီလိုပဲ စကားလုံးခက်ခက်တွေ သိပ်မသိတတ်ပါဘူး။ တခါလဲ ကျွန်မက “ကမောက်ကမ” ဆိုတဲ့ စကားလုံးကို ပြောမိလို့ “ကမောက်ကမ ဆိုတာ ဘာလဲ တီချယ်” လို့မေးတာ ခံခဲ့ရပါသေးတယ်။
သူ အဲဒီလိုမေးတိုင်း ကျွန်မငယ်ငယ်ကဖတ်ခဲ့ရတဲ့ သိပ္ပံမောင်ဝရဲ့ “နှိုက်နှိုက်ချွတ်ချွတ်” ဆိုတဲ့ ဆောင်းပါးထဲက မောင်လူမွှေးကို သွားသွားသတိရမိတယ်။

“စာကလေးတွေက ဘာလို့ ဖိနပ်မစီးလဲ မေမေ”
မောင်လူမွှေးလို နှိုက်နှိုက်ချွတ်ချွတ်မေးတဲ့ ကလေးတွေ ကျွန်မတို့ဝန်းကျင်မှာ အများကြီးရှိပါ တယ်။ သူတို့ ဒီလိုမေးတာကို လူကြီးတွေက မငြင်းပယ်သင့်ပါဘူး။ ၀မ်းပမ်းတသာ ကြိုဆိုသင့်ပါတယ်။ သူတို့နားလည်အောင် အတတ်နိုင်ဆုံး ပြန်ရှင်းပြသင့်ပါတယ်။
“အလုပ်မအားတဲ့ကြားထဲ ဘာတွေလာမေးနေတာလဲ .. ရှုပ်ကိုရှုပ်တယ် .. သွားစမ်းပါ” ဆိုပြီး သူတို့ကို အော်ငေါက်ကြမှာလား။ သိချင်နေတဲ့ သူတို့ရဲ့ အတွေးတွေ, အမေးတွေကို ကျွန်မတို့ လစ်လျူရှု ထားသင့်ပါလား။
***
ဒါနဲ့ပဲ ကျွန်မ ခုလို ဆက်ပြီး တွေးကြည့်မိပါတယ်။
သူတို့ဘာလို့ ခုလိုမေးကြတာလဲ။
မသိလို့ပေါ့။
မသိတိုင်းရော မေးကြရဲ့လား။
မမေးကြပါဘူး။
ဘာဖြစ်လို့ မမေးကြတာလဲ။
. . . . . . .
. . . . . . .
. . . . . . .
***
တချို့ကလေးတွေက (တချို့လူကြီးတွေလဲ တူတူပါပဲ) မသိတာကို မမေးတတ်ကြပါဘူး။ မေးရကောင်းမှန်း မသိတာလည်း ဖြစ်နိုင်ပါတယ်။
ကျွန်မ ငယ်ငယ်ကတော့ ကြောက်လို့မမေးရဲတာပါ။ အတန်းထဲမှာ ဆရာမ စာသင်နေတယ်၊ သူသင်တဲ့စာထဲမှာ မရှင်းတာတွေပါတယ်၊ ဒါပေမဲ့ ကြောက်လို့ မမေးရဲခဲ့ဘူး။ မေးလိုက်ရင် ဆရာမများ ဆူမလားပေါ့၊ ပြီးတော့ ရှက်တာလဲ ပါတယ်၊ မေးလိုက်ခါမှ မှားသွားမှာစိုးတယ်၊ သူများတွေ ၀ိုင်းဟားမှာ ၀ိုင်းကြည့်မှာ ရှက်တယ်။

နည်းနည်းကြီးလာတော့ အဲလိုမဟုတ်တော့ဘူး၊ မေးခွန်းတွေ မေးချင်လာတယ်၊ ဆရာမ ပြောတာ တွေကို စောဒက တက်ချင်လာတယ်။ ဒါဆို ဒီလိုရော မရဘူးလား။ ဒါကမှားတယ်ဆိုတာ .. ဘာကြောင့်မှားသလဲ .. မမှန်နိုင်ဘူးလား စသဖြင့် ဆန့်ကျင်ဘက် တွေးမိတယ်၊ ဆန့်ကျင်ဘက် မေးခွန်း တွေ ထုတ်မိတယ်။
အဲဒီရဲ့ ရလဒ်ကတော့ .... ကျွန်မဟာ ဆရာမတွေ မနှစ်သက်တဲ့ ကတ်သီးကတ်သတ် ကျောင်းသူ တယောက် ဖြစ်ခဲ့ရတာပါပဲ။ ဒါနဲ့ပဲ.. ကျောင်းမှာ ဆရာမတွေကို မေးခွန်းတွေ မေးချင်ပေမဲ့ ကျွန်မ မမေးဖြစ်တော့ဘူး။ ကိုယ့်ဟာကိုယ် စိတ်ထဲမှာဘဲ ထားတော့တယ်။ မမေးရတာတွေများတော့ မသိတော့ ဘူး၊ နားမလည်တော့ဘူး။

နားမလည်တာတွေများလာတော့ စာကို စိတ်မ၀င်စားတော့ဘူး၊ စိတ်မ၀င်စားတော့ စာမကျက်ချင် တော့ဘူး၊ စာမကျက်တော့ စာမရဘူး၊ စာမရတော့ စာမေးပွဲဖြေရတဲ့အခါ မဖြေနိုင်တော့ပါဘူး။ နောက်ဆုံး တော့ ကျွန်မ ကိုးတန်းမှာ စာမေးပွဲ ၂ ကြိမ်ကျပြီး ကျောင်းထွက်လိုက်ရပါတယ်။
ကိုးတန်းကို ၂ နှစ်နေပေမဲ့ စာတွေကို ကျွန်မ ဘာမှ နားမလည်ခဲ့ဘူး။ အပြင်ရောက်တော့ အမေက ကျွန်မကို ၀ိုင်းကျူရှင်ထားပေးပါတယ်။ အဲဒီမှာ ကျွန်မကို အလွန်နားလည်တဲ့ ဆရာတွေနဲ့ ကြုံတွေ့ရ ပါတယ်။

ကျွန်မရဲ့ ကတ်သီးကတ်သတ် မေးခွန်းတွေကို လိမ်မာပါးနပ်စွာ ကျွန်မကျေနပ်တဲ့အထိ ဖြေပေးတဲ့ ဆရာတွေနဲ့ ကြုံရတဲ့အခါ .. ကျွန်မကြောက်ခဲ့တဲ့ စာတွေဟာလည်း တကယ်တမ်း ကြောက်စရာမကောင်း တော့ဘူး။ စာတွေကို နားလည် သဘောပေါက် သွားခဲ့ပြီး အဲဒီနှစ်မှာ ကျွန်မ ၉ တန်းအောင်သွားပါတယ်။ ၁၀ တန်းမှာလဲ ဒီဆရာတွေနဲ့ပဲ ဆက်ပြီးသင်ခဲ့တဲ့အတွက် ကျွန်မ ၁၀ တန်းကို နှစ်ချင်းပေါက် အောင်ခဲ့တယ်။

တက္ကသိုလ်ရောက်တဲ့အခါ ကျွန်မပိုပြီး သဘောကျ ကျေနပ်မိခဲ့တာက .. အထက်တန်း ကျောင်းတုန်းက ကြုံခဲ့ရတဲ့ ဆရာတပည့်ဆိုတဲ့ အလွန်ကြီးမားသော စည်းကြီးက လုံးဝ ကျိုးပေါက် သွားခဲ့လို့ပါပဲ။ ဆရာတွေဟာ ကျောင်းသားတွေကို အထက်အောက် ဆက်ဆံမှုမျိုး မဆက်ဆံတော့ဘဲ ဘေးတိုက် ဆက်ဆံမှုမျိုးနဲ့ နားလည်မှုရှိစွာ ဆက်ဆံပေးတယ်။ လွတ်လပ်စွာ တွေးခေါ်ခွင့် .. လွတ်လပ်စွာ စောဒက တက်ခွင့်တွေ ပေးခဲ့ပါတယ်။
အထက်တန်း ကျောင်းတုန်းက စာညံ့ခဲ့တဲ့ကျွန်မဟာ တက္ကသိုလ်တက်တဲ့ နှစ်တိုင်းမှာ ဂုဏ်ထူး တွေနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။
***
ဒီတော့ ကြောက်လို့ မမေးတာ၊ ရှက်လို့မမေးတာ၊ မေးရကောင်းမှန်းမသိလို့ မမေးတာ၊ ကိုယ် သိလား မသိလား .. ဘာမှန်းကိုမသိလို့ မတွေးတတ်လို့ မမေးတာ .. ဆိုပြီး အကြောင်းအရာတစ်ခုကို နားမလည်သည့်တိုင်အောင် မမေးဘဲ နေတဲ့သူတွေ အများကြီးပါ။ အဲဒီလူတွေဟာ ကိုယ့်ဦးနှောက်ကို ကိုယ် သော့ခတ်ထားတဲ့သူတွေပါပဲ။

ဒါကြောင့် မမေးတဲ့သူတွေ အများကြီးထဲမှာ .. မေးရကောင်းမှန်း သိတဲ့သူတွေ မေးခွန်းတွေထုတ် လာတဲ့ကလေးတွေကို စိတ်မတိုပါနဲ့၊ သူတို့မေးခွန်းတွေကို လစ်လျူမရှုပါနဲ့၊ ၀မ်းပမ်းတသာ ကြိုဆိုကြပါ။ မေးခွန်းတွေ များများမေးတဲ့သူဟာ ဦးနှောက်ကို ဖွင့်ထားတဲ့သူ (open minded) တယောက်လို့ ဆိုနိုင်ပါ တယ်။ ကျောင်းသားတွေ မေးခွန်းမေးပြီဆိုရင် ကျွန်မကတော့ သိပ်သဘောကျပါတယ်။ ဒီလို မေးခွန်းထုတ် တယ် ဆိုကတည်းက ဒီသင်ခန်းစာကို စိတ်ဝင်စားလို့ပဲမဟုတ်လား။

“ဘာမေးစရာရှိလဲ” လို့မေးတိုင်း တုဏှိဘာဝေ ဆိတ်ဆိတ်နေကြတယ်ဆိုရင် ကိုယ်သင်တာပဲ နားမလည်လို့ မေးစရာမရှိတာလားဆိုပြီး ဇဝေဇ၀ါဖြစ်ရသေးတယ်။ ဒါကြောင့်လည်း ကျွန်မစာသင်တိုင်း “မေးစရာရှိရင် မေးနော်၊ မင်းတို့ မမေးရင် ဆရာမက ပြန်မေးမှာ” လို့ အမြဲပြောရပါတယ်။

ငယ်ငယ်က ကျွန်မတို့ မောင်နှမတွေ အားတဲ့ရက်ဆိုရင် အဖေက ဘာသာရေးနဲ့ပတ်သက်တဲ့ သိသင့် သိထိုက်တာတွေ သင်ပေးလေ့ရှိပါတယ်၊ အဲလို သင်ပေးတဲ့အခါ အဘိဓမ္မာတို့ ပဋ္ဌာန်းတို့သင်ရင် ကျွန်မတို့ မောင်နှမတွေရဲ့ ကတ်သီးကတ်သတ် အတွေးတွေ အမေးတွေကို ပြန်ဖြေရှင်းပေးနေရလို့ သင်ခန်းစာက တော်တော်နဲ့ ရှေ့မရောက်တော့ဘူး၊ မောင်လေးဆိုရင် ကတ်သီးကတ်သတ် မေးခွန်းတွေ အထုတ်ဆုံးပါပဲ၊ (ခု အမေရိကန်နိုင်ငံကိုရောက်နေတဲ့ မောင်လေးဟာ သူသိချင်တဲ့ ကတ်သီးကတ်သတ် မေးခွန်းတွေ အဖေ့ကို လှမ်းလှမ်း မေးတတ်ပါသေးတယ်။) ဘယ်လိုပဲ မေးမေး အဖေဟာ မေးခွန်းတွေနဲ့ ပတ်သက်ပြီး တော်ပြီ မမေးနဲ့တော့လို့ တခါမှ မပြောခဲ့ပါဘူး၊ အလွန်နက်နဲတဲ့ တရားတွေကို သင်တဲ့အခါ မှာတောင် ကျွန်မတို့ နားလည် ကျေနပ်အောင် ရှင်းပြပေးခဲ့ပါတယ်။

တကယ်တမ်း ဆရာတွေဆိုတာ ကျောင်းသားတွေကို လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာ မေးမြန်းခွင့်၊ လွတ်လပ်စွာ စောဒကတက်ခွင့် လမ်းဖွင့်ပေးသင့်ပါတယ်။ တွေးတတ်မှ မေးတတ်မှာပါ၊ ကတ်သီးကတ်သတ် တွေးတတ်လေ ကတ်သီးကတ်သတ် မေးတတ်လေပါပဲ၊ ဒီလို အတွေးလေးတွေ ရှိမှလည်း သူတို့အတွက် တိုးတက်မှုရှိမှာပါ၊ ကျွန်မတို့ရဲ့ နောက်မျိုးဆက်သစ်တွေဟာ ဒီဟာသင် ဒီဟာကျက်၊ ဒါမေးရင် ဒါဖြေ ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ သမားရိုးကျ သင်ရိုးညွှန်းတန်းကြီးက ရုန်းထွက် သင့်နေပါပြီ။
***
ကလေးတွေရဲ့အတွေးတွေ အမြဲဆန်းသစ်နေစေဖို့ သူတို့မေးလာမယ့် မေးခွန်းလေးတွေကို လက်ခံ ပေးကြပါ။ မေးချင်လာအောင်လှုံ့ဆော်ပေးကြပါ။ သူတို့အတွေးလေးတွေကို ဘောင်မခတ်ထားပါစေနဲ့ ... သူတို့ အမေးလေးတွေကိုလည်း လစ်လျူရှုမထားကြပါနဲ့ .. လို့ တိုက်တွန်းရင်း .. ။
***
လွတ်လပ်ဆန်းသစ်သော အတွေးများအားကြိုဆိုလျက်

မေဓာဝီ
၃၁.၅.၀၆
၀၀း၀၄ နာရီ
***

7 comments:

Thet Htoo@Myat Lone said...

မမေဓါဝီခင်ဗျား။ ကျွန်တော်လည်း အစဉ်အလာ သင်ယူမှုပုံစံထဲကနေလာတာမို့ မမေးတတ်ပါဘူး။ မမေးရဲပါဘူး။ အခုတော်တော်လေး အရွယ်ရောက်လာမှသာ စာအုပ်စာပေတွေရဲ့ ကျေးဇူးကြောင့် မေးရကောင်းမှန်းသိလာတာပါ။ ကိုတာရဲ့ ဖြန့်ထွက်တွေးခြင်းလို စာအုပ်မျိုးတွေက အနည်းဆုံး ကိုယ့်ကိုကိုယ်တော့ မေးခွန်းတွေ မေးမိစေပါတယ်။ စကားမစပ် မမေဓါဝီရဲ့ ဘလော့ကို နေ့တိုင်းဖတ်ဖြစ်ပါတယ်။ တတ်နိုင်သမျှ စိတ်ဓါတ်နဲ့ ဦးနှောက်ကို ဖွင့်ထားချင်လို့ အတွေးအခေါ်ပါတဲ့ ဘလော့လေးတွေကို လိုက်ဖတ်ဖြစ်ပါတယ်ခင်ဗျာ။ တခြား မမေဓါဝီ ဖတ်ပြီးကြိုက်တဲ့ ဘလော့တွေရှိရင်လည်း ညွှန်းစေချင်ပါတယ်ခင်ဗျာ။ စာလုံးပေါင်းမှားတာပါရင် ခွင့်လွှတ်ပါခင်ဗျာ။

Anonymous said...

ukvm; ESifhjrefrm bmuGm vJqkd&if ukvm;u avmbMuD;w,f? jrefrmu a'goMuD;w,fJ? xkdif;eJh jrefrm bmuGmvJvkdhar;&if xkdif;uaysmhajymif;w,f jrefrmu cufxefw,f ? jrefrmawG bmrSm;aevJ rar. ar;qkdvkdh ar;Munfhwmaemf?

Anonymous said...

ကိုmyth59 …. ကျမဘလော့ကို အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးပါရှင် ..မြန်မာဘလော့တွေ အားလုံးနီးပါး တမျိုးစီ ကောင်းကြပါတယ်။ ကျမဘလော့မှာတော့ စာကလွဲရင် တခြားဘာမှ မတင်တတ် တဲ့အတွက် လာဖတ်တဲ့သူတွေကို အားနာမိပါတယ်။ အခြားဘလော့တွေမှာ နည်းပညာတွေ၊ သတင်းတွေ၊ ဓာတ်ပုံတွေ၊ သီချင်းတွေ လှလှပပ ဝေေ၀ဆာဆာ ဗဟုသုတ စုံစုံလင်လင် ဖတ်ရ ကြည့်ရ နားထောင်ရတာ အားကျပါတယ်။ အားလည်း ပေးပါတယ်။ ကျမစာတွေထဲမှာ အပြစ်အနာအဆာ မှားယွင်းမှု တစုံတရာ ပါလာခဲ့ရင်လည်း ထောက်ပြ ဝေဖန်နိုင်ပါတယ်။ တနေ့တပုဒ် တင်နိုင်အောင် အချိန်လုပြီး ရေးရတဲ့အတွက် အမှားပေါင်း များစွာရှိနေဦးမှာပါ။ သည်းခံပြီး ဖတ်ရှုအားပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Anonymous said...

မမေ.. ဒီနေရာမှာလည်း မမေလိုအယူအဆမျိုး ကျွန်မမှာ ရှိနေတယ် ။ ဒါကြောင့် အနားက ကလေး လူငယ်တွေကို WHY ဆိုတဲ့ မေးခွန်းမေးတတ်ရမယ်လို့ အမြဲပြောမိတယ် ။

ကျီးသာချိန်အတွေးမှ ကဗျာလေးတွေဖတ်ပြီး ငယ်ငယ်က အဲဒီ ကဗျာတချို့ အော်ဆိုခဲ့တာတွေ ပြန်သတိရလာတယ် ။ ကျေးဇူးပဲ မမေး)

ဒါနဲ့ စကားမစပ်.. ကျွန်မပို့စ်ဒ်တွေမှာ မြန်မာသတ်ပုံ အရမ်းမှားတတ်ပါတယ် ။ ရေးနေတုန်း ကိုယ့်စိတ်ထဲ မသေချာလိုက်တာတွေလည်း ရှိတယ် ။ မမေအပင်ပန်းမကြီးဘူးဆိုရင် ဖတ်ဖြစ်လို့ မြင်ရင် ထောက်ပြပေးပါလို့ ။

sonsinarphar said...

Ignore ဆိုတဲ့စကားလုံးကို ကျွန်တော်မှတ်မှတ်ရရ အလွတ်ရသွားတာ အဓိပ္ပါယ်ပေါ်သွားခဲ့ရတာ အဲ့ဒီ သင်ခန်းစာကို ကိုယ်တိုင်သင်ခဲ့ရတုန်းကပါပဲ။

Anonymous said...

ဟုတ်တယ်။ Spelling Check ဆိုတဲ့သင်ခန်းစာမှပဲ ကျွန်တော်လည်း Ignore ဆိုတဲ့စကားလုံး အနက်အဓိပ္ပာယ်ကို မှတ်မှတ်သားသားဖြစ်ခဲ့ဘူးပါတယ်။

ညီလင်းသစ် said...

စာရေးဆရာကိုယ်တိုင်က လာကြော်ငြာမှတော့ လိုက်လာရတော့တာ ပေါ့လေ၊ ကွန်မန့်က ကိုယ့်ဆီ မလာရင် ကိုယ်က ကွန်မန့်ဆီကိုသွား ဆိုလား ပါပဲ..၊း)

ကျနော်တွေးချင်တာ၊ ပြောချင်တာတွေကလည်း ဒါတွေ ပါပဲ၊ အဲဒါကြောင့် Great minds think alike လို့ ဆိုကြတာ ဖြစ်မယ် မမေဓာဝီရဲ့...အဟဲ၊ ဟိုတနေ့ အတန်းတတန်းမှာ ဆရာက မေးပါဆိုတာ ဘယ်သူမှ မမေးကြလို့ နဲနဲ စိတ်တိုလာတယ်နဲ့ တူပါရဲ့၊ ဆရာက "There is no stupid question, but only the stupids who don't have the question" ဆိုပြီး ပြောချလိုက်မှ ဟိုက၊ဒီက လက်ညှိုးတွေ ထောင်လာ ကြတယ်..၊ မမေဓာဝီ တွေးတာနဲ့ ရေးတာလေးက ရှင်းတယ်၊ ထိတယ်၊ သေသပ် ကျစ်လစ်ပါတယ်...။