Saturday, January 27, 2007

အံချော်နေသော စကားများ (Spoonerism)

ဒီဆောင်းပါးလေးရေးထားတာတော့ကြာပါပြီ။ တွေးမိတွေးရာ အတွေးများဆိုတဲ့ ခေါင်းစဉ်နဲ့ ၁-၂-၃-၄ အမှတ်စဉ်ထိုးပြီး ရေးခဲ့တာ ဒီဆောင်းပါးက နံပါတ် (၅)ပေါ့။
ဒီနေ့အဖို့ အသစ်ရေးဖို့ အာရုံမရတာကတကြောင်း၊ အလုပ်များတယ်လို့ လွှဲချပြီး အပျင်းကြီးနေတာက တကြောင်းတို့ကြောင့် ရေးပြီးသားစာတွေထဲက မွှေနှောက်ရှာဖွေရင်း ဒီဆောင်းပါးကို သွားတွေ့လို့ တင်လိုက်တာပါ။ နေးတစ်ဖိုရမ်မှာတော့ တင်ဖူးပါတယ်။ ကိုယ့်ဘလော့ကိုယ် မတင်ရသေးတော့လည်း အသစ်လို့ပဲ ဆိုကြပါစို့။ ပုံနှိပ်မယ့် ဆောင်းပါးဖြစ်တာကြောင့် စာလုံးပေါင်းကိုတော့ အမှန်နီးပါး ရေးထားပါတယ်။ ဥပမာ - ဘလော့မှာ ရေးနေကျပုံစံ ကျမ လို့ မရေးဘဲ ကျွန်မ လို့ ရေးတာမျိုးပေါ့။
ဖတ်ကြည့်ကြပါအုံး … ။

***
တူမလေးတယောက် စကားပြောတတ်ခါစ “ကော်ဖီ”ကို “ဖော်ကီ”၊ “ဂျပိုး”ကို “ပဂျိုး” လို့ပြောတော့ ကျွန်မတို့တွေ သဘောကျစွာ ရယ်မောခဲ့ကြဖူးတယ်။

စကားပြောတတ်ခါစ ကလေးလေးတွေဟာ ပြောချင်ဇောနဲ့ဖြစ်စေ၊ အမှတ်သညာမှားလို့ဖြစ်စေ၊ စကားမပီလို့ဖြစ်စေ စကားတွေကိုမှားယွင်းပြီးပြောတတ်ကြတယ်။ သူတို့ပြောတဲ့စကားလုံးလေးတွေက တလွဲတွေမှားနေစေဦးတော့ ကြားရသူအဖို့ ရယ်စရာ ကြည်နူးစရာသာဖြစ်ကြတယ်။ မှားရကောင်းလားလို့ ကလေးတွေကို အပြစ်မတင်ကြဘူး။ သူတို့လွဲနေရင် ပြန်တည့်ပေးဖို့ကတော့ လူကြီးတွေရဲ့ တာဝန်ပဲပေါ့။

ကျွန်မငယ်ငယ်ကဆို ဖိနပ်ကို “ပတတ်” လို့ ခေါ်တယ်တဲ့။ အဲဒါကို ကျွန်မထက် ၂နှစ်နီးပါး လောက် အသက်ကြီးတဲ့ ကျွန်မအစ်မက “ညီမလေးက တမတ်ကို ပတတ်တဲ့ .. ဟားဟားဟား” ဆိုပြီး ကျွန်မကို လှောင်ပြောင်ရယ်မောခဲ့တယ်ဆိုပြီး အဖေ ခဏခဏပြောပြလို့ မှတ်မိနေပါတယ်။ ကျွန်မ မောင်လေး ငယ်ငယ်ကတော့ “မနက်ဖြန်” နဲ့ “မနေ့က” ကို မှားမှားပြောလေ့ရှိတယ်။

ကလေးတွေ ငယ်ငယ်တုန်းကတော့ မှားပြောတာဟာ ချစ်စရာကောင်းပေမယ့် လူကြီးတယောက် ဒီလိုမှားပြောတယ် ဆိုရင်တော့ “ဒါလောက်တောင် မသိရကောင်းလား .. နားမလည်ရကောင်းလား” ရယ်လို့ အပြစ်တင်ကြပါလိမ့်မယ်။ နှုတ်က ဖွင့်မပြောသည့်တိုင် နှာခေါင်းရှုံ့ကြမှာတော့ သေချာပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ နေ့စဉ်သုံးစကားကိုတောင် မှန်အောင် မပြောနိုင်တဲ့သူတွေ အများကြီးပါ။ တချို့လူကြီးတွေ “မာလကာသီး” ကို “မာကလာသီး”၊ “ကစားတယ်” ကို “စကားတယ်” လို့ပြောကြတာတွေလည်း ကြားကြားနေရတယ်။ အဲဒီလိုကြားရရင်ဖြင့် ကျွန်မ သိပ်စိတ်ပျက်မိပါရဲ့။

သူတို့ ဘာလို့ ဒီလိုမှားနေကြတာလဲ။ ငယ်ငယ်ထဲက မသိခဲ့လို့လား။ သိရက်နဲ့ပဲ နှုတ်ကျိုးနေလို့ လား။ ဒါမှမဟုတ် သူတို့ဒေသစကားပဲလား။ ကျွန်မဥာဏ် ၉လက်မ မပြည့် တပြည့်နဲ့ တွေးမိတွေးရာ တွေးနေမိပါရော။

မြန်မာစကားဆိုတာကလည်း ဝေါဟာရက ခပ်များများမဟုတ်လား။ နဂိုထဲက ဝေါဟာရကြွယ်ရတဲ့ အထဲ မွေးစားစကားလုံး ဆိုတာတွေကလည်း ရှိသေးရဲ့။ ပါဠိ၊ သက္ကဋ၊ အင်္ဂလိပ်၊ အိန္ဒိယ၊ တရုတ် စတဲ့ ဘာသာစကားတွေကနေ မွေးစားယူတာရော မမွေးစားဘဲ ယူတာရော ယူရင်းယူရင်း စာလုံးတွေ တော်တော်ဖောင်းပွကုန်ပြီး ဘယ်ကနေဘယ်လို ဆင်းသက်လာမှန်းမသိတော့တဲ့ (မိဘရင်းပျောက်ကုန်တဲ့)ဝေါဟာရတွေ ဘယ်လောက်တောင်ရှိသေးလဲ။ အင်း ..တွေးရင်းတွေးရင်း မတွေးတတ်တော့ပါဘူး။
***
တနေ့တော့ အဖေ့စာအုပ်ဗီရိုမွှေရင်းနဲ့ စိတ်ဝင်စားစရာစာအုပ်တစ်အုပ် ရလာပါတယ်။ အဲဒီစာအုပ်ကတော့ သီရိပျံချီဦးသာမြတ် ရေးတဲ့ “ပေါရာဏစကားအဘိဓာန်” ဆိုတဲ့ စာအုပ်လေးပါ။ ပေါရာဏဆိုတာ ရှေးစကားဆိုတော့ ရှေးစကားတွေကို အနက်ပြန်ဖွင့်ထားတဲ့ စာအုပ်လေးပဲ .. ကိုယ်သိချင် တဲ့ ဝေါဟာရတွေ ကြည့်ဖို့ အသုံးတည့်မယ်ဆိုပြီး အဖေ့ဆီက တောင်းလာခဲ့ပါတယ်။

“မြန်မာစာပေသည် ဧက၀ဏ်ဏ (ပါဌ်ဆင့်ပါ၊ ဏကြီးနှစ်လုံးဆင့်ရှာမရလို့။) ဘာသာစကား လုံးချင်းအနက်ရ စကားဖြစ်သည့်အလျောက် လွယ်ကူသော ဘာသာရပ်မဟုတ်ချေ၊ အနက်အဓိပ္ပါယ် ပရိယာယ်လည်း ကြွယ်ဝလှ၏၊ ရေးထုံးလည်း မှန်ကန်တိကျမှသာ အနက်ပေါ်နိုင်၏၊ ရေးထုံးလွဲလျှင် အနက်လည်းချော်၏၊ မြန်မာစာပေ တတ်ကျွမ်းရန် ပါဠိ ဘာသာတတ်ကျွမ်းရန်လည်း လိုပါ၏၊ သို့သော်လည်း ပါဠိဘာသာ တတ်ရုံမျှဖြင့် မြန်မာဘာသာတတ်သည်ဟု မဆိုသာချေ၊ အဘယ်ကြောင့် ဆိုသော် မြန်မာစာပေသည် တိုင်းရင်းသား စကားများနှင့် နိုင်ငံခြားဘာသာ စကားရပ်များ ရောပြွမ်းနေသောကြောင့် ဖြစ်ချေသည်၊ ဘာသန္တရဗဟုသုတ ပြည့်စုံလျှင် သာ၍ပင် အကျိုးများပါသည်။”

ကျမ်းပြုဆရာက အထက်ပါအတိုင်း နိဒါန်းမှာရေးထားပါတယ်။ ဘာသာစကား ရှင်းလင်းချက် လေးတွေပါ တော်တော်များများ ပါဝင်တဲ့အတွက် တော်တော်အဖိုးတန်တဲ့ စာတအုပ်ပါပဲ။

ဖတ်နေရင်း တနေရာအရောက်မှာ ... အစမှာပြောခဲ့တဲ့ ကလေးမလေးသုံးသလို မှားသုံးရင်းနဲ့ အမှားကြာတဲ့အခါ အမှန်လိုလိုဖြစ်သွားတဲ့ စကားလုံးတွေအကြောင်း ရှင်းပြထားတာကို စိတ်ဝင်စားစွာတွေ့ရ ပါတယ်။

“ရွက်တူကျေးကို ကြက်တူရွေးခေါ်ဘိသကဲ့သို့ ဖအေကို အဖေဟု ခေါ်သော အံချော်စကား”
ဆိုတဲ့ စာပိုဒ်လေးကိုတွေ့လိုက်တဲ့အခါမှ .. ကျွန်မတို့ နေ့စဉ်အံချော်စကားတွေ သုံးနေကြပါလား လို့ သိလိုက်ရပါတယ်။

ကျေး - ဆိုတာ ကျေးငှက်၊ ရွက်တူကျေးဆိုတော့ အရွက် (သစ်ရွက်) နဲ့တူတဲ့ကျေးငှက်ပေါ့။ ရွက်တူကျေး မှ အံချော်ပြီး ကြက်တူရွေး ဖြစ်လာတယ်ဆိုတာကို သဘာဝယုတ္တိနဲ့ စဉ်းစားကြည့်ရင်လည်း ဖြစ်နိုင်ချေရှိပါတယ်။

အဲဒီလိုသုံးတဲ့ စကားတွေကို အံချော်စကား (Spoonerism) လို့ခေါ်တယ်ဆိုရတာကိုလည်း မှတ်သားလိုက်ရပါတယ်။

အံချော်စကားဇယားကို ခုလိုပြထားပါတယ်။
ဖအေ .. မအေ ၏အစား အဖေ .. အမေ
အယျိရာ ။ အရိယာ
ပေယျာလ ။ ပေလာယျ
မာလကာ ။ မာကလာ
ရွက်တူကျေး ။ ကြက်တူရွေး (ကျက်တူရွေး)
တံမျဉ်း ။ မျဉ်းတံ
အချေတင် ။ အတင်အချေ
အကုတ်တပတ် ။ အပတ်တကုတ်
ဝဇရိန် ။ ၀ရဇိန် (ပါဠိလို “၀ဇိရ” သင်္သကရိုက်လို “၀ဇြ” မှ သက်ဆင်းသဖြင့် ၀ဇိရိန်, ၀ဇရိန်ဟု ဆိုသင့်ဆိုထိုက်ပါလျက်နှင့် အံချော်သဖြင့် “၀ရဇိန်” ဟုဖြစ်ရပြန်ပါသေးသည်။ ပါဠိလို ၀ဇိရသည် မိုးကြိုးဟု အနက်ရပါသည်။)
.. စသည် .. စသည် တွေ့ရပြီး အင်္ဂလိပ်လိုလည်း ခုလိုရှင်းပြထားပါတယ်။

Spoonerism, accidental transposition of initial letters etc; of two or more letters
e.g. (a) blushing crow for crushing blow
(b) tons of soil for sons of toil
(c) shoving leopard for loving shepherd
***
တကယ်တော့ ဘာသာစကားတစ်ခုဟာလေ့လာရင် ကုန်နိုင်စရာမရှိပါဘူး။ လေ့လာလေလေ လေ့လာစရာတွေ ထပ်ထပ်တွေ့ပြီး လေ့လာဖို့မဆုံးနိုင်အောင်ပါပဲ။ ပြီးတော့ ဘာသာစကားတခုနဲ့ တခုဟာ လည်း ဆက်စပ်နေတာမို့ ဘာသာစကားတမျိုးကိုလေ့လာရင် တခြားဘာသာစကားထဲက ဝေါဟာရတွေပါ တဆက်တည်း သိသွားနိုင်ပါတယ်။

ဒါတင်မကပါဘူး၊ ဘာသာစကား တစ်ခုရဲ့နောက်ကွယ်မှာ ယဉ်ကျေးမှု၊ ကိုးကွယ်မှုနဲ့ ရာဇ၀င် တွေပါ ပါဝင်နေတာမို့ ဘာသာစကားလေ့လာရင်းနဲ့ သူ့ယဉ်ကျေးမှုတွေ၊ သူ့ကိုးကွယ်မှုတွေ သူ့ရာဇ၀င် သမိုင်းကြောင်းတွေပါ တစိတ်တဒေသ သိနိုင်ပါသေးတယ်။ အလွန်စိတ်ဝင်စားစရာပါ။
***
ဒီလိုနဲ့ .. ကျွန်မလည်း အံချော်စကားလေးတွေကို နှစ်ခြိုက်စွာလေ့လာမိရာက ဝေါဟာရတောထဲက ယောင်လည်လည်နဲ့ ပြန်မထွက်နိုင်ဘဲ ပျော်မွေ့နေမိပါပကော။
***
မေဓာဝီ
၂၀.၆.၀၆
၀၀း၀၀ နာရီ

2 comments:

BarNyar said...

Thanks for this post.
I've gained alot just from ur blog.
really!!

ညီလင်းသစ် said...

ဒီပို့စ်လေးထဲက လွဲနေတာလေးတွေက မယုံနိုင်စရာပဲ နော်၊ ဖအေနဲ့ အဖေက နားလည်လို့ ရသေးပေမယ့် ရွက်တူကျေး လို စကားလုံးမျိုးကျတော့ မူရင်းကို မကြားဖူး တော့လောက်အောင် ဝေးသွားခဲ့ပြီပဲကိုး...၊

ဖတ်နေရင်းနဲ့ သူငယ်ချင်း ဧည့်လမ်းညွှန်တစ်ယောက်ရဲ့ spoonerism ကို သတိရမိသေးတယ်၊ အင်းလေး ငါးဖယ်ကျောင်း (ငါးဖက်ကျောင်း) မှာပေါ့၊ အဲဒီ ဘုန်းကြီး ကျောင်းက ကြောင်တွေက ကြိမ်ကွင်းတွေထဲ ခုန်တတ်အောင် သင်ပေးထားတော့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေ လာကြည့်ကြတယ်လေ၊ တခါမှာ သူတို့ ရောက်သွားတဲ့အချိန်မှာ ကြောင်တွေက ခုန်ဖို့ပြင်နေလို့ သူငယ်ချင်းက သူ့ဧည့်သည်တွေကို ခပ်မြန်မြန်လာဖို့ ပြောရင်း လွဲသွားခဲ့တာ..၊ C'mon..hurry up! The jumps are going to cat! တဲ့..။