ဒီစာကို တကယ်တမ်း မရေးချင်ပါဘူး။
အခုနောက်ပိုင်း ဒါမျိုးရေးရမှာ နည်းနည်း လက်တွန့်နေမိလို့ပါ။
“ဒါဟာ ပညာရှင်ကြီးတွေ လုပ်ထားတာ … နင်က ဘာမို့ ဒီလိုရေးရတာလဲ …” ဆိုပြီး ပြောလာကြမှာကို ရွံ့နေမိတာလည်း ပါပါရဲ့။ ဒါပေမဲ့လည်း မရေးဘဲက မနေနိုင် … စိတ်ထဲမှာ တနုံ့နုံ့ ဖြစ်နေတာမို့ ချရေးလိုက်မိပါပြီ။
ပညာရှင်ဆိုတာကလည်း တခါတရံ ပမာဒ လေခ နိုင်တာပဲ မဟုတ်လား။ ဒါကြောင့်မို့ ပြောလိုကလည်း ပြောကြပါစေတော့ရယ်လို့ စိတ်ကိုလျှော့ကာ ရေးလိုက်ပါတယ်။ ပြောသမျှခံဖို့တော့ အဆင်သင့်ပါပဲ။
***
မကြာသေးခင်ကမှ စာမေးပွဲပြီးသွားတဲ့ တူမလေးတယောက် ဆီကနေ ကျောင်းသုံး ပြဋ္ဌာန်းထားတဲ့ မြန်မာကဗျာစာအုပ်ကို တနေ့က တောင်းဖတ်လိုက်မိပါတယ်။ ၈ တန်း မြန်မာကဗျာ စာအုပ်ကလေးပါ။
စာအုပ်ကလေးက ပါးပါးလျားလျားလေးပါပဲ။ ဒါနဲ့ လှန်လှောဖတ်ကြည့်မိတယ်။ ဘာကို သတိစထားမိလဲဆိုတော့ စက္ကူရဲ့ အရည်အသွေးပါ။ စက္ကူအမျိုးအစား အမျိုးမျိုး ရှိတဲ့အနက် ကျမတို့ခေတ်တုန်းကတော့ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တွေကို နော်ဝေစက္ကူနဲ့ ရိုက်နှိပ်တယ်လို့ ထင်ပါတယ်။ နော်ဝေနိုင်ငံက တင်သွင်းတာမို့ နော်ဝေစက္ကူလို့ အလွယ်ခေါ်တာပါ။ News Print လို့လည်း ခေါ်ပါတယ်။
အခု ဒီစာအုပ်ကိုကြည့်လိုက်တော့ ပြည်တွင်းဖြစ်စက္ကူနဲ့ ရိုက်ထားတာ သတိထားမိပါတယ်။ ပြည်တွင်းဖြစ်မှာလည်း စက္ကူအစားစားရှိတယ်။ စစ်တောင်း၊ မအူပင် က စလို့ ဘားဖြူ၊ ဘားပြာ .. စသဖြင့်ပါ။ တခြားနိုင်ငံတွေမှာ အခုမှ recycling paperတွေ ခေတ်စားနေပေမဲ့ ကျမတို့ မြန်မာပြည်ကတော့ဖြင့် ဟိုယခင် ကတည်းက အရာရာကို recycle လုပ်လေ့လုပ်ထ ရှိပါတယ်။ စက္ကူသည်လည်း ဒီလိုပဲပေါ့။
နော်ဝေ စက္ကူတွေကို ပြန်ကြိတ်တဲ့အခါ ဘားနော် (ဘားမား+နော်ဝေ) လို့ ခေါ်ပြီး ၀ူဖရီ (wood free) စက္ကူကို ပြန်ကြိတ်တာကိုတော့ ဘားဝူ လို့ အလွယ်ခေါ်ကြတယ်။ စက္ကူအတိုအစ ဘာမှန်းမသိတဲ့ဟာတွေ အကုန် ရောကြိတ်တာမျိုးကျတော့ အရည်အသွေး သိပ်မကောင်းပါဘူး။ ဘားပြာတို့ ဘားညို တို့ စသဖြင့် ဖြစ်လာပါတယ်။ အဲဒီလို စက္ကူမျိုးတွေမှာက တခါတလေ အမှိုက်စတွေ နှီးစတွေတောင် ပါလာတတ်တာ တွေ့ရပါတယ်။
ထားပါတော့ … အခု ကျမဖတ်ရတဲ့ ကဗျာစာအုပ်ကလေးကတော့ ဘားမဲလား ဘားမွဲလား ဘာစက္ကူမှန်းကို မသိပါဘူး။ စက္ကူသား အလွန်ကို ညံ့ပါတယ်။ အဲဒီလို ညံ့တဲ့စက္ကူပေါ် ရိုက်နှိပ်ထားတဲ့ စာလုံးတွေကျတော့ရော…။ ဟုတ်ကဲ့ … မထင်မရှား ခပ်ဝါးဝါးတွေပါပဲ။ ကျောင်းသုံးစာအုပ်လို ရိုက်ချက် များများ ရိုက်ရတဲ့အခါမှာ ပလိပ်ပြားကို တခါတည်း ကူးရုံနဲ့ မလုံလောက်ပါဘူး။ ဒီစာအုပ်ရဲ့ စောင်ရေကိုကြည့်တော့ ၂ သိန်း ၁သောင်း လို့ ရေးထားတာ တွေ့ရတယ်။ ဒါက တရားဝင် အရေးပါ။ တကယ်တမ်း ဒီ့ထက် ပိုဖို့ပဲ ရှိပါတယ်။ အဲဒီလောက် ရိုက်ချက်ရှိတဲ့ စာအုပ်ကို ရိုက်ရင် ဥပမာ အနည်းဆုံး ရိုက်ချက် ၅သောင်း တခါ ဖြစ်စေ ပလိပ်အသစ် ထပ်ကူးမှ စာထွက် ကောင်းနိုင်ပါတယ်။ အခု စာလုံးတွေက ပျက်တဲ့နေရာပျက် မှုန်တဲ့နေရာမှုန်နဲ့ တော်တော်ကို ဖတ်ရဆိုးပါတယ်။
စက္ကူနဲ့ ပုံနှိပ်အရည်အသွေးကို ခဏဘေးချိတ်ပြီး ပထမစာမျက်နှာကို လှန်လိုက်ပါတယ်။ တွေ့လိုက်ရတာကတော့ အောက်ပါအတိုင်းပါပဲ။
ကျမ တော်တော်လေး အံ့သြသွားမိပါတယ်။ အားလုံးသိကြတဲ့အတိုင်း ၈ တန်းကို အဋ္ဌမတန်း လို့ ရေးတာပါ။ အခုတော့ မြန်မာကဗျာ စာအုပ်မှာကိုက “အဌမတန်း” လို့ စာလုံးပေါင်းထားပါတယ်။
အ-ဌ-မ တန်း နဲ့ အ-ဋ္ဌ-မ တန်း အသံထွက်ချင်း မတူသလို အဓိပ္ပါယ်လည်း မတူပါဘူး။
အဌမ ကို အ့ထမ့ လို့အသံထွက်ပါတယ်။
အဋ္ဌမ ကတော့ (အဋ်+ဌ+မ) အတ်ထမ့ လို့အသံထွက်ပါတယ်။
ဌ နဲ့ ဋ္ဌ ကို တော်တော်များများ မှားတတ်ကြတယ်။ (ဒီအကြောင်းကို ကျမ ပလန်းနက်ဖိုရမ်မှာ ရေးခဲ့ဖူးပါတယ်။ ခုတော့ ပျက်သွားလောက်ပြီ။)
ဋ္ဌ ဆိုတာက ဋ နဲ့ ဌ နှစ်ခုကို ဆင့်ထားတဲ့ ပါဌ်ဆင့် စကားလုံးပါပဲ။ ဒါကြောင့် မလိုအပ်ဘဲ ဋ္ဌ နဲ့ ရေးလို့ မရပါဘူး။
ပဌမ ဆိုရင် မှန်ပေမဲ့ ပဋ္ဌမ ဆိုရင် မှားပါပြီ။ သူဌေး လို့ ရေးလို့ရပေမဲ့ သူဋ္ဌေး ဆိုရင် မမှန်ပါဘူး။
ဒီလိုပါပဲ .. ဆဋ္ဌ၊ အဋ္ဌမ ဒါတွေကိုလည်း ဆဌ၊ အဌမ ရေးရင် လုံးဝကို မှားပါတယ်။
တခါတလေ ကျမတို့ သူငယ်ချင်းတွေ စ-ဖူး နောက်ဖူးပါတယ်။ ဥက္ကဋ္ဌ ကို ငှက်ကထ ဆိုပြီး တမင် နောက်ပြီးပြောသလို တချို့ကလည်း ငှက်ကဥ လို့ နောက်ပြောင် ပြောကြတယ်။ ဘာကြောင့် အဲလိုတွေ နောက်ကြသလဲ ဆိုတော့ စာဖတ်တဲ့အခါ စာရေးတဲ့အခါ မှားယွင်းဖတ်မိ ရေးမိကြလို့ပါပဲ။
တချို့က ဉ ကလေး (ညကလေး) နဲ့ ဥ (အု) ကို မှားတတ်သလို တချို့က ဌ၀မ်းဘဲ နဲ့ င-ဟထိုး (ငှ) မှားလေ့ရှိကြတယ်။ စာရေးသူတွေ သတိမူသင့်ပါတယ်။ အဲဒါတွေကိုတော့ ဒီပို့စ်မှာ အကျယ် မပြောလိုတော့ပါဘူး။ နောက်များမှ သတ်သတ်ရေးပါဦးမယ်။
ပြောချင်တာကတော့ စာလုံးပေါင်းအမှားတွေ နေရာတကာမှာ တွေ့ရတတ်ပေမဲ့ ဒီလို ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်ရဲ့ အဖွင့် မျက်နှာစာ စာမျက်နှာမှာ တွေ့ရတာကတော့ အင်မတန် အကျည်းတန်တယ်လို့ ထင်မိပါတယ်။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ဆိုတာ ပညာရှင်တွေ စီစဉ်တာကလား ..။ ဒီတော့ ဒီလို အမှားမျိုး ပိုပြီး မဖြစ်သင့်ဘူးလို့ ကျမကတော့ ထင်မိတာပါပဲ။ ဒါကြောင့်လည်း ခုလို ရေးမိရခြင်းပါ။ မျက်နှာစာက အမှားအပြင် အတွင်းကဗျာ နဲ့ ခက်ဆစ်အဖွင့်ထဲမှာလည်း စာလုံးပေါင်း အမှားအယွင်း တလုံးတလေ တွေ့ရပါသေးတယ်။ ဒါတောင် သေချာ မဖတ်ရသေးပါဘူး။
စာတအုပ်ကိုဖတ်တဲ့အခါမှာ စာအုပ်ရဲ့ အရည်အသွေး မကောင်းပေမဲ့ ခွင့်လွှတ်ဖတ်ရှု နိုင်ပါသေးတယ်။ အတွင်းမှာပါ အမှားအယွင်း အကျအပေါက်တွေ မကင်းတဲ့ စာအုပ်မျိုးကျတော့ ဘယ်လိုလုပ်ရပါ့။ ပြီးတော့ တခြား စာအုပ်လည်း မဟုတ်၊ သင်ရိုးညွှန်းတန်း ပြဋ္ဌာန်း စာအုပ်။
“အဋ္ဌမ ကို အဌမ ရေးလည်း ဘာဖြစ်တုန်း ၈ တန်းဆိုတာ လူတိုင်းသိတာပဲ၊ အဌမ ရေးလို့ ၈တန်းကနေ ကိုးတန်း ဖြစ်မသွားပါဘူး … ဒီလို အသေးအဖွဲလေးများ ရေးကြီးခွင်ကျယ်လုပ်ရန်ကော” ဆိုပြီး ပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။ ကျမကတော့ အသေးအဖွဲလေးပဲ မြင်လို့ ကိုယ်သတိထားမိတာလေး ရေးသားမိတာပါ။
“မြန်မာနိုင်ငံ ပညာရေးကို အဆင့်အတန်း မြင့်မားလာစေရန် ပညာရေးအစီအစဉ်သစ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ထိုအစီအစဉ်သစ်အရ အခြေခံပညာရေးကဏ္ဍတွင် မြန်မာစာ အခြေခံ ခိုင်ခံ့တောင့်တင်း၍ ကျွမ်းကျင်စွာ တတ်မြောက်စေရန် မြန်မာစာသင်ရိုးကို ပြန်လည်ရေးဆွဲပါသည်။”
နောက်ဆုံးမှာတော့ ခုလို ရေးထားတဲ့ စာအုပ်အဖွင့်အမှာစာကို ဖတ်ပြီး ကျမ သာဓု ပဲ ခေါ်ရတော့မလို … ငိုချင်းပဲ ချရတော့မလို … ဘာလုပ်ရမှန်းမသိ … စိတ်မသက်မသာ ဖြစ်နေမိပါရဲ့ … ။
***
မေဓာဝီ
5.3.07
10:25 am
Subscribe to:
Post Comments (Atom)
8 comments:
Ngo chin ma cha par ne Ma May, yel chin thar cha like par naw.. i have not so much time so i come and read your new post very quickly and now have to run away from internet for my trip...
Kya naw taw, yel chin cha like par dal...
I am serious.. I think, you'd better write this letter to the concern person(To school text book committee or somewhere). It's very ugly for official text book of selected Myanmar Poems.
I think there' another typo there. its should be Grade-8..
ဋ္ဌ ကို ဇော်ဂျီမှာ ဘယ်လိုရိုက်ရသလဲ ခင်ဗျာ
မောင်ကြီး - ကျမ ရယ်ချင်းချလို့ မရဘူးရှင့်၊ ရယ်ရင်တောင် မချိသွားဖြဲသာ ရယ်မိမလားပဲ။
ဟုတ်ကဲ့ မသီတာ - ကျမ တာဝန်ရှိသူတွေကို ပြောဖို့ အစီအစဉ်ရှိပါတယ်။ စာရိုက်သူမှားပေမဲ့ ကြည့်ရတာ အရုပ်ဆိုးပါတယ်။
Anonymous – grade 8 ကတော့ မမှားဘူးရှင့်။ အခုနောက်ပိုင်း ပြောင်းလဲခေါ်ဝေါ်တဲ့ စနစ်က သူငယ်တန်းကို Grade 1 လို့ ခေါ်ပါတယ်။ ဒီတော့ ၈ တန်းဟာ Grade 8 မဟုတ်ဘဲ Grade 9ဖြစ်သွားတာပါ။
ကိုချမ်းစိုးဝင်းရှင့်
ဋ္ဌ ကို ဇော်ဂျီမှာ ရိုက်ရင် shift + \ (back slash) ရိုက်ရပါတယ်။ (၀င်းဖောင့်နဲ့ တူတူပါပဲ။)
ကျေးဇူးတင်ပါတယ်။
ကျေးဇူးပါပဲ မမေဓါဝီ။
hello...ma may...may i know how's different between those words???
rgds
sis sky pyar
ညီမလေး sky pyar
ဌ နဲ့ ဋ္ဌ ကွာခြားချက်က
ဌ (ဌ၀မ်းဘဲ) က ရိုးရိုးအက္ခရာ ဖြစ်ပြီး
ဋ္ဌ (လည်ရစ်ပါသောဌ) ဆိုတာဟာ ဋ နဲ့ ဌ နှစ်လုံးဆင့်ထားတဲ့ ပါဌ်ဆင့် စာလုံး ဖြစ်ပါတယ်။
ပြဋ္ဌာန်း၊ ဆဋ္ဌ၊ အဋ္ဌမ စတဲ့ စာလုံးတွေမှာ သုံးရပါတယ်။ အသံထွက်ရင်လည်း
ပြဋ္ဌာန်း =ပြဋ်ဌာန်း =ပြတ်ထန်း၊
ဆ႒ = ဆဋ္ဌ = ဆတ္ထ၊
အ႒ = အဋ္ဌ = အတ္ထ၊
စသဖြင့် အသံထွက်ရပါတယ်။
ဌာန ဆိုတဲ့ စာလုံးကို ဋ္ဌာန လို့ ရေးရင် မှားပါတယ်။
လည်ရစ် ဟာ အလှတပ်တာမဟုတ်ပါဘူး။ ဒါကြောင့် ပါဌ်ဆင့်စာလုံးမဟုတ်ရင် ထည့်လို့ကို မရပါဘူး ရှင်။
Post a Comment