Friday, March 23, 2007

ဘကြီးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာ .. အပိုင်း (၃)

အခုဖော်ပြမယ့် စာကတော့ ဒီစာအုပ်ထဲက ခေါင်းစဉ်တွေအားလုံးအနက် ကျမ အကြိုက်ဆုံး ခေါင်းစဉ်တခုပါပဲ။ “လူကြီး ပညာပြန့်ပွါးရေး” တဲ့။ ကြိုက်လို့ အထပ်ထပ် ပြန်ဖတ်မိတယ်။ ဘကြီးဘဘေ ပြောတဲ့ အသင်းမျိုး ပြုလုပ်ချင်တဲ့ ရည်ရွယ်ချက်လည်း စိတ်ထဲဖြစ်မိတယ်။ ဒါကလည်း တဦး တယောက် ကောင်းနဲ့ လုပ်လို့မရပါဘူး။ ၀ါသနာတူ စိတ်တူ ကိုယ်တူ ရည်ရွယ်ချက်တူသူတွေ စုပေါင်းပြီး ကြိုးစားလုပ်ကိုင်မှ အဆင်ပြေနိုင်မယ် ထင်တာပါပဲ။
ဘကြီးဘဘေဟာ ဒီဆောင်းပါးတွေကို ၁၉၄၆ ခုနှစ် လောက်က ရေးခဲ့တာတွေပါ။ ဒါပေမဲ့ ခုချိန်ထိ ခေတ်မီ နေပါသေးတယ်။ မှန်ကန်နေပါသေးတယ်။ လက်ခံနိုင်ပါသေးတယ်။
ဟုတ်ကဲ့ … ကျမ အပိုဆာဒါးတွေ မပြောတော့ပါဘူး။ ဖတ်ကြည့်ကြပါအုံးရှင်။ မူရင်းသတ်ပုံအတိုင်း ရိုက်ပေးထားပါတယ်။
***
လူကြီး-ပညာပြန့်ပွါးရေး

တိုင်းပြည်တပြည် လူမျိုးတမျိုး၏ ကြီးပွါးထွန်းကားရေးသည် နောက်ဆုံး၌ ပညာပြန့်ပွါးသလောက်တွင် အခြေတည်၍ နေပေသည်။ အစိုးရ၏ အသုံးစာရင်းတွင် ပညာရေး၌ မည်မျှ သုံးသည် စသည်ကို ကြည့်ခြင်းအားဖြင့်၊ ထိုတိုင်းပြည်၌ ပညာကို မည်မျှ လိုလားသည် မလိုလားသည် ဆိုသောအချက်ကို သိနိုင်ပေသည်။ ကျွန်ုပ်တို့ မြန်မာပြည်တွင် ပညာရေးကို အစိုးရက မည်မျှ အရေးပေးသည်၊ မည်သည့် ပညာရပ်များကိုသာ လိုလားသည်မှာ အများအသိပင်ဖြစ်၏။

ပညာနှင့် သညာ
ပညာဟူသည် ငယ်စဉ်က ကျောင်းတွင် သင်ကြားခဲ့သည်ဖြင့် မပြီးပေ။ ကျောင်းတွင် သင်ကြားရခဲ့သည်မှာ အခြေခံရရန်သာ ရှိသည်။ အမှန်မှာ ပညာဟူသည် မွေးသည့်နေ့မှ သေသည့်နေ့အထိ ဆည်းပူး၍ မကုန်။ ကျောင်းတွင် သညာနှင့် ပညာ ရောရှက်၍ ရပေသည်။ ကျောင်းထွက်ပြီးနောက် ကိုယ်ထိလက်ရောက် ဆက်လက် ရှာဖွေလေလေ ပညာစစ် ပညာမှန် ရလေလေပင် ဖြစ်သည်။

အခြားနိုင်ငံများတွင်
မြန်မာပြည်တွင် ပညာတိုးပွါးရေးအတွက် စာသင်ကျောင်းများမှအပ အခြား နေရာများစွာ မရှိပေ။ တိုးတက်ကြီးပွါး၍ နေသော တိုင်းကြီးပြည်ကြီးများတွင် စာသင်ကျောင်း အမျိုးမျိုး၊ တက္ကသိုလ်အမျိုးမျိုး၊ ပညာရှာဖွေသော အသင်းအမျိုးမျိုး၊ စာကြည့် ပိဋကတ်တိုက် အမျိုးမျိုးစသဖြင့် ရှိလေသည်။ စာသင်ကျောင်းသား- သိပ္ပံကျောင်းသားများသာမဟုတ်၊ ကျောင်းတွင် ပညာ ထိထိရောက်ရောက် မသင်ခဲ့ရသူများ၊ ကျောင်းကထွက်ပြီးနောက် ဆက်လက် ပညာဆည်းပူးလိုသူများ အတွက် ပညာရှာဖွေရန် အခွင့်အရေးတို့မှာ လွန်စွာပေါများပေသည်။

ဘိလပ်၌
၁၉၂၀-ပြည့်နှစ် ဘိလိပ်သို့ မြန်မာနိုင်ငံရေး ကိစ္စနှင့် ရောက်ရှိစဉ်က ပညာပြန့်ပွါးရန် စီမံဖန်တီးနေသော အသင်းတသင်းနှင့် တွေ့ခဲ့ရပုံကို အနည်းငယ် ထုတ်ဖော်၍ ပြပါအံ့။ လန်ဒန်မြို့တွင် စာအုပ်ဆိုင်များသို့ လှည့်လည်ရာ တနေ့တွင် အာ-ပီ-အေ ဘုတ်စတော် R.P.A Book Stall သို့ရောက်၍ လိုချင်သော စာအုပ်များကို ရွေးနေရာ ဂျာမန်ပညာရှင်ကြီး အာနက်ဟေကယ်လ် ရေးသော ‘အီဘိုလူရှင်အော့မင်း’ Evolution of Manခေါ် စာအုပ်ကို တွေ့ရ၏။ ၎င်း စာအုပ်မှာ ဘီ-အေ အတန်းတွင် စာသင်စဉ်က ဘတ်ရန်ကောင်းသည်ဟု အကြိမ်ကြိမ် ညွှန်ကြားသဖြင့် ၀ယ်ရန် စုံစမ်းသောအခါ ငွေ ၆၀ိ-ကျော်ကျမှ ရနိုင်သဖြင့်၊ ကျောင်းသားဖြစ်၍ မ၀ယ်နိုင်ခဲ့ပေ။ သို့ရာတွင် ထိုနေ့က အထက်ပါ စာအုပ်ဆိုင်တွင် ၎င်း ဂျာမန်ဆရာကြီးရေးသော စာအုပ်ကို ၂တွဲ ခွဲပြီးနောက် တတွဲလျှင် ၆ပဲမျှနှင့် ရောင်းနေသည်ကို တွေ့ရာ၊ အလွန် အံ့အားသင့်သည့်ပြင် ၀မ်းသာ၍ ၀ယ်ယူ၏။

ပညာပြန့်ပွားရေးကို အားပေးပုံ
ဝယ်ယူပြီးနောက် စာအုပ်ဆိုင်တွင် ရောင်းနေသူအား ဤစာအုပ်ကို ဤကဲ့သို့ အဘိုချိုသာစွာနှင့် ရောင်းနိုင်အောင် မည်သို့ စီမံပါသနည်းဟု မေးသောအခါ ဤစာအုပ်မှာ အာ-ပီ-အေ အသင်းက အသင်းသားများအတွက် ပညာ တိုးပွါးရန် အဘိုးထိုက်တန်၍ လူတိုင်းဘတ်သင့်သော စာအုပ်များကို အဘိုးချိုချိုနှင့် ရိုက်နှိပ်ဝေငှသည်ဟု ပြန်ပြော၏။ ကျွန်တော်က ထိုအသင်းအကြောင်းကို သိလိုပါသည်ဟု ပြောရာ၊ အသင်း၏ အတွင်းရေးမှူး ထံသို့ ခေါ်သွား၏။ အတွင်းရေးမှူးနှင့် တွေ့၍ အကျိုးအကြောင်း မေးမြန်းရာ စိတ်ရှည်လက်ရှည်ဖြင့် ပြောပြ၏။ ကျွန်တော်လည်း အသင်းသားဖြစ်ခဲ့၏။

ရည်ရွယ်ချက်နှင့်အလုပ်
အသင်း၏ရည်ရွယ်ချက်မှာ လူကြီးပညာပြန့်ပွါးရေးပင် ဖြစ်သည်။ အသင်းသား ၅ သန်းကျော်ရှိ၍ အသင်းသား တယောက်လျှင် တနှစ် ရွှေဒင်္ဂါးတပြား ထည့်ရ၏။ ဤကဲ့သို့ ကောက်ခံရသော ငွေဖြင့် အသင်းပိုင် စာပုံနှိပ်တိုက် ရှိ၏။ တနှစ်ကို စာအုပ်အမျိုးပေါင်း ၁၀-အုပ်၊ ၁၂-အုပ် ထက်မနည်း ရိုက်နှိပ်၏။ အသင်းသားများကို ရိုက်နှိပ်သော စာအုပ်တိုင်း တယောက်တအုပ် အခမဲ့ ဝေ၏။ အသင်း သတင်းစာ တစောင်လည်း ထုတ်ဝေ၍ အသင်းသားတိုင်း အခမဲ့ရ၏။ အသင်းက စာအုပ်များ ရိုက်ရာ၌ အသင်းသားဦးရေထက် ပိုမို ရိုက်ပြီးနောက် အသင်းသား မဟုတ်သူ များကို ဈေးပေါပေါနှင့် ရောင်း၍ အသင်းသားများကို အလကားပေးသည့်ပြင် ထပ်မံအလိုရှိလျှင် ငွေ ၁၀၀ိ-လျှင် ၂၅ိ-လျှော့နှုန်းနှင့် ရောင်း၏။

မြန်မာတို့အဘို့
ဤ အာ-ပီ-အေ အသင်းသည် အလွန်ပင် ကြီးပွါးလျက် ရှိပေသည်။ မြန်မာပြည်တွင် အဆိုပါ အသင်းမျိုးရှိရန် အလွန်ပင် လိုလားအပ်၏။ လိုလားအပ်သည့်အတိုင်း လွန်ခဲ့သော ၈-နှစ်လောက်က တိုက်တွန်း နှိုးဆော်ခဲ့ သော်လည်း အထမမြောက်သေးပေ။ ဤအသင်းမျိုး ဖြစ်မြောက်လျှင် မြန်မာစာဟောင်း ပေဟောင်းများကို ရိုက်ခြင်း၊ နိုင်ငံခြားမှ စာကောင်းပေကောင်း များကို ဘာသာပြန်၍ ရိုက်ခြင်း၊ လောကဓာတ်လည်း လက်မှု စက်မှု ပညာတို့နှင့် ပတ်သက်သော စာအုပ်များကို ဘာသာပြန်၍ ၎င်း၊ အသစ်ရေး၍ ၎င်း ရိုက်ခြင်း စသဖြင့် စီမံနိုင်၏။ စီးပွါးရေးသန့်သန့် ဖြစ်သော စာပုံနှိပ်တိုက်တို့တွင် အဆိုပါ စာအုပ်မျိုးကို ရိုက်နှိပ်၍ ကြာရှည်စွာ ငွေစိုက်မထားနိုင် သဖြင့် ရိုက်ကြမည် မဟုတ်ပေ။ အာ-ပီ-အေ အသင်းမျိုး ရှိမှသာလျှင် လျင်မြန်စွာ ဖြစ်မြောက်နိုင်ပေသည်။

လူကြီးများပါ မကျန်
ကျောင်းတွင်၎င်း၊ တက္ကသိုလ်တွင်၎င်း ရှိနေသေးသော သူငယ်များ ကြီးပွါးမှ မြန်မာပြည် ပညာရေး ထွန်းကား မည်ဆိုလျှင် ကာလ အတော်ကြာမှသာ မြန်မာပြည်တွင် လိုအပ်သော ပညာရပ်များ ထွန်းကား ပေလိမ့်မည်။ ကျောင်းမှထွက်ပြီး လူရွယ် လူကြီးတို့လည်း တချိန်တည်း ပညာများကို ဆည်းပူးနိုင်ကြပါလျှင် မြန်မာပြည်၏ အတက်သည် မြန်ပေလိမ့်မည်။ ယင်းသို့ဖြစ်၍ မြန်မာပြည်၏ ပညာ ထွန်းကားရေးကို လိုလားကြသူတိုင်းသည် အာ-ပီ-အေ အသင်းမျိုး ဖြစ်မြောက်ရန် စီမံသင့်ကြပေသတည်း။
***
ဘကြီးဘဘေရဲ့ ဆောင်းပါးကတော့ ဤမျှပါပဲ။
လောလောဆယ်တော့ … ဘကြီးပြောတဲ့ အာ-ပီ-အေ အသင်းမျိုး ပေါ်ပေါက်လာဖို့ …. ဘယ်လိုများ စတင် လုပ်ဆောင်ရပါ့မလဲ လို့ … ကျမတယောက်ထဲ စဉ်းစားနေမိပါတော့တယ်။

***
မေဓာဝီ
22.3.07
11:55 pm

3 comments:

Anonymous said...

kg par dal byar..

Thet Htoo@Myat Lone said...

ဘကြီးဘဘေရဲ့စေတနာ နဲ့ မမေဓါဝီ ရဲ့ ထပ်ဆင့် စေတနာကို လေးစားပါတယ်ခင်ဗျာ။ အဲဒီလိုအသင်းမျိုး အမှန်တကယ်လည်း ပေါ်ပေါက်သင့်ပါတယ်။ တစ်ယောက်အားဖြင့် မစွမ်းပေမယ့် တစ်သောင်းအားဖြင့် စွမ်းနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အဓိကပြဿနာက စတင် အကောင်အထည်ဖေါ်မယ့်သူ မရှိတာလို့ ထင်မိပါတယ်။ စမယ့်သူရှိရင်တောင် ဖျက်မယ့်သူတွေက တစ်ပုံကြီးနေမှာပါ။ ဒါပေမယ့် အရှည်သဖြင့် လူမျိုးတစ်မျိုးလုံးကောင်းစားမယ့်အရေးမို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုလို့ ယုံကြည်မိပါတယ်။ အခုဆိုရင် မြန်မာဘလော့စာအုပ် ထုတ်ဝေဖို့ လုပ်နေတဲ့ မြန်မာဘလော့ဂါတွေရဲ့ စိတ်ဓါတ်ဟာ တော်တော်လေး အရှိန်အဟုန်ကောင်းသလို၊ စေတနာလည်းကောင်းကြပါတယ်။ နောင်ကို အာ-ပီ-အေ အသင်းလိုမျိုး မြန်မာဘလော့ဂါများက တည်ထောင်သွားနိုင်မယ်ဆိုရင် တော်တော်လေး အကျိုးရှိမှာပါ။ အဲဒီအကြောင်းကို မြန်မာဘလော့ဂါများနဲ့ ဆွေးနွေးကြည့်ရင် သင့်မယ်လို့ ထင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အနိုင်ငံအရပ်ရပ်က မြန်မာနိုင်ငံထက် ၀င်ငွေများတဲ့ မြန်မာဘလော့ဂါတွေ၊ မြန်မာပြည်က တကယ် ရိုးရိုးသားသားနဲ့ အကောင်အထည်ဖေါ်ပေးမယ့် ဘလော့ဂါတွေပေါင်းလိုက်ရင် ဒီကိစ္စဟာ မဖြစ်နိုင်ဘူးလို့ ယူဆမိပါတယ်ခင်ဗျာ။

Anonymous said...

myth59-ပေးတဲ့ အကြံက ကောင်းပါတယ်။ ကျမလည်း ဒီစာအုပ် ဖတ်ပြီးကတည်းက အမျိုးမျိုး စဉ်းစားနေမိပါတယ်။ ကျမမှာ လုပ်ချင်တဲ့ ဆန္ဒသာရှိပြီး ဘယ်ကစ အကောင်အထည် ဖော်ရမလဲ မသိပါဘူး။
လောလောဆယ် စဉ်းစားထားတာက စာဖတ်အသင်း ပုံစံမျိုးလုပ်ပြီး အသင်းသားစုရင် ကောင်းမလားလို့ပါ၊ အသင်းဝင် ဦးရေ များလာရင် (၀င်ငွေများလာပြီမို့) စာအုပ်ထုတ်ဝေတာတို့ စာစောင်ထုတ်တာတို့ လုပ်လို့ရပါပြီ။ စာဖတ်အသင်း ပြုလုပ်လိုခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လူတွေ အသင်းဝင်ချင်လာအောင် စည်းရုံးတဲ့သဘောပါ။ ဒီအသင်းဝင်ရင် ဒီစာတွေ ဖတ်ခွင့်ရမယ် ဆိုတာမျိုးပေါ့။ ပြည်ပက အသင်းသားတွေ အတွက် အင်တာနက်ကနေ ဖတ်လို့ရအောင် အသင်းပိုင် ၀ဘ်ဆိုက်တခု လုပ်ထားချင်ပါတယ်။ ရယ်ဂျစ်စတာလုပ်ထားတဲ့ အသင်းသားတွေ ကိုယ့်ပါ့စ်ဝေါ့နဲ့ကိုယ် ၀င်ဖတ်နိုင်တာမျိုးပါ။
ကျမအနေနဲ့ စာအုပ်စာတမ်း ကူညီနိုင်တာကလွဲလို့ နည်းပညာ ဗဟုသုတက သိပ်မရှိလှပါဘူး။ ဒါကြောင့် ကျမစာဖတ်မိသူများ ဒီ့ထက် သင့်တော်တဲ့ အကြံဥာဏ်လေးများရှိရင်လဲ ပြောကြစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။