Wednesday, November 01, 2006

တွေးမိတွေးရာ အတွေးများ (၁)

နိုဝင်ဘာလ ၁ ရက်နေ့ ..
ဒီနေ့ ..
ကျမ မောနေပါတယ်။
လူရော စိတ်ရော ပင်ပန်းနေပါတယ်။
အသစ်တင်ဖို့ အကြောင်းအရာတခု ရေးထားပြီးပေမဲ့ မတင်ချင်သေးဘူး။
ဒါနဲ့ပဲ ကျမရေးပြီးသားဆောင်းပါးအဟောင်းတွေပြန်ရှာကြည့်တော့
တွေးမိတွေးရာအတွေးများ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတဲ့ ဆောင်းပါးလေးတွေပြန်တွေ့ပါတယ်။
နေးတစ်မှာတော့ တင်ပြီးပြီထင်ပါရဲ့။ ကိုယ့်ရဲ့ ဘလော့ခ်မှာ မတင်ရသေးတာနဲ့ ဒီနေ့တော့ အတွေးနံပါတ် (၁) ကို တင်လိုက်ပါတယ်။

***
သင့်မိသားစုကို ဂရုစိုက်ပါ
***
ဒီကနေ့ အပြင်သွားရင်း အိမ်နဲ့မနီးမဝေး လမ်းဆုံမီးပွိုင့်မှာထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးကို သတိပြုလိုက်မိတယ်။
ဆိုင်းဘုတ်ကအကြီးကြီးပေမဲ့ ရေးထားတဲ့စာတမ်းလေးက တစ်ခုထဲ ရှင်းရှင်းလေးရယ်။
‘သင့်မိသားစုကို ဂရုစိုက်ပါ’ .. တဲ့။
ဒီစာသားလေးဟာ ရှင်းရှင်းလေး .. ရိုးရိုးလေးပါ။ ဒါပေမဲ့ အဲဒီစာတမ်းလေးကိုဖတ်မိရာက ခေါင်းထဲမှာ စဉ်းစားမိတဲ့ အတွေးတွေ အများကြီးရောက်လာပါတယ်။
***
‘မိသားစုကို ဂရုစိုက်ဖို့ တကယ်ပဲ အရေးကြီးပါသလား’
***
မိသားစု တစ်စုမှာ တယောက်နဲ့တယောက် respect ရှိဖို့၊ တယောက်နဲ့တယောက် အလေးထားဖို့ တယောက်နဲ့တယောက် နားလည်မှုရှိဖို့ လိုပါတယ်။ ဒါဟာ ဂရုစိုက်တယ်လို့ပြောရင်လည်း မမှားပါဘူး။ အသေးအဖွဲလေးကအစ .. ကိုယ့်မိဘဘာကြိုက်လဲ .. ကိုယ့် သားသမီးဘာလိုအပ်နေလဲ .. ကိုယ့်မောင်နှမ သားချင်းတွေ ဘာဖြစ်နေလဲဆိုတာ .. ဂရုစိုက်သင့်ပါတယ်။ ဖာသိဖာသာမနေဘဲ တယောက်ကို တယောက် ဂရုစိုက်မယ်ဆိုရင် .. စိတ်ချမ်းမြေ့ ပျော်ရွှင်စရာ မိသားစုဘ၀ကို ပိုင်ဆိုင်ရမှာပါပဲ။
မိဘကလည်း သားသမီးကို ကိုယ့်သားသမီးပဲ ကိုယ်လုပ်ချင်တာလုပ်မယ် .. ကိုယ်စီမံရာ ခံရမယ် ဆိုပြီး မလုပ်သင့်သလို သားသမီးဘက်ကလဲ ငါ့မိဘက ငါ့အပေါ်ဘာကောင်းခဲ့လို့လဲ၊ ငါလဲ သူတို့အပေါ် ပြန်သိတတ်စရာမလိုဘူး ဆိုတဲ့ အတွေးမျိုး မတွေးသင့်ဘူး။
သားသမီးတွေရဲ့ စိတ်ထဲမှာ ဒီလိုအတွေးမျိုးဝင်မလာစေဖို့ ဆိုတာကလည်း မိဘပေါ်မှာ အများကြီး မူတည်ပါတယ်။ မိဘကသားသမီးကို ငယ်ရွယ်စဉ်ကတည်းက ဂရုတစိုက်ဆုံးမခဲ့ရင် ..ကောင်းကောင်း မွန်မွန်ဆက်ဆံပေးခဲ့ရင် .. လိုအပ်တာကိုအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တယ် ဆိုရင် ကိုယ်မစွမ်းတော့တဲ့ အရွယ် .. သားသမီးတွေလူလားမြောက်တဲ့အရွယ်မှာ သူတို့ဘက်က ကိုယ့်ကိုပြန်ဖြည့်ဆည်းပေးကြမှာပါပဲ။
မိဘတွေကြောင့် ကလေးတွေရဲ့ စိတ်ထဲမှာ ဒဏ်ရာ မဖြစ်စေချင်ဘူး။
ကိုယ့် သားသမီးက ကိုယ့်ထက်တော်နေရင် မိဘဆိုတာ အားပေးရမယ် ၀မ်းမြောက်ရမယ်။
တချို့မိဘတွေ ရှိပါတယ်။
‘ဒီကောင် အတော်စွာတဲ့ကောင်၊ ငယ်ငယ်လေးနဲ့ တော်တော်ထက်တာပဲ၊ ဦးချိုးထားမှ’ ဆိုပြီး ကိုယ့်သားသမီးရဲ့ တက်လမ်းကို ကိုယ်ပြန်သတ်တဲ့ မိဘမျိုးတွေလဲ တွေ့ခဲ့ရဖူးပါတယ်။
***
သူငယ်ချင်းတယောက်က သူ့ရဲ့ခံစားချက်လေးကို ခုလို ပြောပြဖူးတယ်။
သူငယ်ငယ်က မိဘမကြိုက်တဲ့ တခုခုလုပ်လိုက်မိလို့ အဖေက သူ့ကိုရိုက်ပါသတဲ့။ ရိုက်တာက ရိုးရိုးမရိုက်ပါဘူး။ သူ့ကို ရှေ့က ပြေးခိုင်းပြီး အဖေက နောက်က စက်ဘီးနဲ့ လိုက်ရိုက်တယ်လို့ ဆိုပါ တယ်။
အသက် ၁၀ နှစ် ၁၂ နှစ်လောက်ပဲရှိသေးတဲ့ သူ့ရဲ့စိတ်ထဲမှာ ဘာဖြစ်သွားလဲ ဆိုတော့ ... ‘ငါ့အဖေဟာ ငါ့ကို တမင်နှိပ်စက်တယ် .. အကြောင်းရှာပြီးရိုက်တယ် .. သက်သက် အရှက်ခွဲတယ်’ ဆိုပြီး နာ သွားပါတယ်။ သူဟာ နာရုံတင်နာတာမဟုတ်ပါဘူး။ ဒီအဖြစ်အပျက်ကို သူ့ဦးနှောက်ထဲ နှလုံးသား ထဲမှာ တေးပြီးမှတ်ထားလိုက်ပါတယ်။
‘ငါ အသက်ကြီးလာတဲ့အခါ သူအဖိုးကြီးဖြစ်တဲ့အခါ .. သူအိမ်သာထဲရောက်နေတုန်း အပြင်ကနေ သော့ခတ်ထားမယ် .. သူလုပ်ခဲ့တာတွေကို ပြန်ပြောပြပြီး သူမှားတယ်ဆိုတာ ၀န်ခံမှ တံခါးပြန်ဖွင့်ပေးမယ်’ ဆိုပြီး ကလဲ့စားချေဖို့တောင် ကြံစည်ခဲ့တယ်လို့ သူကပြောပြခဲ့တယ်။
စဉ်းစားကြည့်ရင် တော်တော်ကြောက်ဖို့ကောင်းပါတယ်။ သူ့စိတ်ထဲတော်တော်နာသွားလို့ အဖေကိုတောင် ကလဲ့စားချေဖို့ စိတ်ကူးခဲ့တာပေါ့။
***
မိဘဆိုတာ သားသမီးကို ဆုံးမခွင့်ရှိပါတယ်၊ ဒါပေမဲ့ စိတ်ဓာတ်ပျက်ပြားအောင် နှိပ်စက်သလို မဖြစ်စေဖို့တော့ အရမ်းအရေးကြီးပါတယ်။
ကိုယ့်သားသမီး အပြစ်လုပ်မိရင် အော်ဟစ် ကြိမ်းမောင်း ဆူပူ ရိုက်နှက် အပြစ်ဒဏ်ပေးတတ်တဲ့ မိဘတွေစဉ်းစားဖို့က .. သူတို့လေးတွေတော်လို့များ ချီးကျူးစကား ပြောမိပါရဲ့လား။ သူတို့ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဘာများ လုပ်ဆောင်ပေးခဲ့ပါသလဲ။
သူတို့လိုချင်တာဟာ ပိုက်ဆံမဟုတ်၊ ပစ္စည်းမဟုတ်၊ သူတို့ကို မိဘတွေ ဂရုစိုက်စေချင်တယ်။ သူတို့ လုပ်ရပ်ကို မိဘတွေ အသိအမှတ်ပြုစေချင်တယ်။
ပြီးတော့ ..
နွေးထွေးတဲ့ အကြင်နာနဲ့ မေတ္တာတရား ..
မောင်နှမ သားချင်းတွေအားလုံးအပေါ်မှာ သာတူညီမျှဆက်ဆံမှု၊
***
မောင်နှမတွေအချင်းချင်းလည်း တယောက်နဲ့တယောက် ဂရုစိုက်ဖို့ လိုတာပါပဲ၊ ကိုယ့် မောင်လေး ကိုယ့်ညီလေး ကိုယ့်ညီမလေး ဘာဖြစ်နေလဲ .. ဘာလိုအပ်နေလဲ ဘယ်လိုခံစားနေရလဲဆိုတာ အကိုလုပ်သူ အမလုပ်သူတွေက ဂရုစိုက်ပေးသင့်ပါတယ်။
အကိုကြီးအဖအရာ .. အမကြီး အမိအရာ ဆိုတဲ့အတိုင်း မိဘနှစ်ပါး မရှိတော့ရင်ဖြစ်စေ .. မိဘတွေ အိုမင်းမစွမ်းတော့တဲ့အခါဖြစ်စေ .. အကိုကြီး အမကြီးတွေက အဖအရာ အမိအရာမှာနေပြီး မျှမျှတတ တရားသဖြင့် စီမံအုပ်ချုပ်ဖို့ .. ကိုယ့်အောက်က ညီငယ် မောင်ငယ် ညီမငယ်များကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ငါအကြီးပဲ .. ငါပြောသလိုလုပ်ရမယ် ဆိုတဲ့ တယူသန်အစွဲနဲ့ အုပ်ချုပ်မယ်ဆိုရင် မောင်နှမတွေရဲ့ ဆက်ဆံရေးဟာ ပြေလည်ဖို့ မရှိပါဘူး။
ဒီလိုပါပဲ .. အငယ်တွေကလည်း အကြီးကို ရိုသေလေးစားဖို့လိုပါတယ်။ အကြီးတွေက ရိုသေ လေးစားခံထိုက်တဲ့သူဖြစ်ဖို့တော့ လိုအပ်တာပေါ့။ ငါပြောသလိုလုပ် .. ငါလုပ်သလို မလုပ်နဲ့ ဆိုတာမျိုး ဆိုရင်တော့ ဘယ်အငယ်ကမှ အကြီးတွေကို ရိုသေလေးစားမှာ မဟုတ်ပါဘူး။ ကိုယ့်ကို လေးစားခံချင်ရင် ကိုယ်ကလဲ လေးစားထိုက်တဲ့သူဖြစ်အောင် နာယကဂုဏ် ၆-ပါးနဲ့ အညီ ကျင့်ကြံ နေထိုင်ရပါမယ်။
***
လူငယ်ဆိုတာ ..
အမှားတွေးမိတတ်တယ် .. အမှားလုပ်မိတတ်ပါတယ်။ သူတို့မှာ အတွေ့အကြုံနည်းတယ်။ စွန့်စားချင်တယ်။ ဆန့်ကျင်တဲ့အတွေးမျိုးတွေလည်း အမြဲတွေးလေ့ရှိတယ်။ ဒါတွေက အမှားလုပ်မိဖို့ရဲ့ အခြေခံအချက်တွေပါပဲ။ သူတို့ အမှားမလုပ်မိအောင် လူကြီးတွေက လမ်းပြပေးပါ။ ကူညီပေးပါ။ တားမြစ်ပေးပါ။ ဆွေးနွေးပေးပါ။
ဒါတွေကို အချိန်မီမလုပ်နိုင်ခဲ့လို့ မှားသွားခဲ့ရင် .. ချက်ချင်း အပြစ်မတင်ပါနဲ့၊ ပထမဆုံး နားလည်ပေးလိုက်ပါ။ ပြီးမှ .. ဒီလိုလုပ်ခြင်းရဲ့ အကျိုးဆက်က .. ဒါမျိုးဖြစ်တယ် .. ဆိုတာကို သိအောင် ပြောပြပေးလိုက်ပါ။ ကြီးမားတဲ့ အမှားတစုံတခု ကျူးလွန်မိရင် .. ထိုက်သင့်တဲ့ အပြစ်ပေးလိုက်ပါ။ ‘ဘာကြောင့်အပြစ်ပေးတယ်ဆိုတာ နားလည်အောင် ရှင်းပြဖို့က လူကြီးတွေရဲ့ တာဝန်ပါပဲ။ သူတို့ခံရတဲ့ အပြစ်ဟာ .. သူတို့လုပ်ခဲ့တဲ့ မှားယွင်းတဲ့ လုပ်ရပ်အတွက် ဆိုတာ သူတို့သဘောပေါက်ရင် ရပါပြီ။
ဒါမှ သူတို့စိတ်ထဲမှာ နောက်တကြိမ် တခုခုလုပ်မယ်ဆိုဦးတော့ ငါလုပ်တာ မှားသွားခဲ့ရင် ငါခံရမှာပဲ ဆိုတဲ့ အသိစိတ်ကလေး .. (ကိုယ်လုပ်ရဲရင် ခံရဲတယ်ဆိုတဲ့စိတ်) ၀င်သွားမှာပါ။
***
ငယ်ငယ်တုန်းက အမြင်မှာတော့ ကိုယ့်ရဲ့မိသားစုဆိုတာ ကိုယ့်အတွက် ကမ္ဘာလေးတစ်ခုလိုပါပဲ။ ကိုယ့်မိသားစု ကမ္ဘာလေးထဲမှာ တယောက်နဲ့တယောက် ဂရုတစိုက်နဲ့ ဖေးမကြင်နာမှုရှိကြမယ်ဆိုရင် တမိသားစုလုံး စိတ်ချမ်းသာပြီး ပျော်ရွှင်ဖွယ်ကမ္ဘာလေးတခု ပိုင်ဆိုင်ရပြီပေါ့။
အသက်အရွယ်ကြီးလာတာနဲ့အမျှ .. ကိုယ့်မိသားစုဟာ ကိုယ့်ကမ္ဘာလေးဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်ကနေ .. ကိုယ်နေထိုင်ရာ ကိုယ့်တိုင်းပြည် .. ကိုယ်နေထိုင်ရာ ကမ္ဘာကြီးဟာ .. ကိုယ့်မိသားစုပမာ ဆိုတဲ့ အမြင်ကို ပြောင်းလဲလို့လာပါတယ်။
ကိုယ့်တိုင်းသူပြည်သားအချင်းချင်း .. ကမ္ဘာသူကမ္ဘာသားအချင်းချင်း ကိုယ့်မိသားစုအရင်းပမာ ဂရုတစိုက် စောင့်ရှောက်ကြမယ် .. နားလည်မှုရှိစွာဆက်ဆံကြမယ် .. တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင် ကြမယ်ဆိုရင် ..
အာဃာတနဲ့ အမုန်းတရားတွေမရှိသော .. စစ်ပွဲများနဲ့ မျက်ရည်များကင်းဝေးသော ..
သာယာတဲ့ တိုင်းပြည်လေးတစ်ခု ..ငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခု ..ဖြစ်လာမှာ မလွဲဘူး မဟုတ်ပါလား။
***
ငြိမ်းချမ်းသော ကမ္ဘာသစ်တခု တည်ဆောက်နိုင်ရန် မျှော်လင့်လျှက် ...
(မေဓာဝီ)
၂၉.၅.၀၆
၀၁း၁၃ နာရီ

5 comments:

boedawgyi said...

nice one again!!

generation96 said...

မျှော်လင့်ချက်နဲ့ အသက်ရှင် လူတွေနှလုံးသားချင်း လက်ကမ်း . . .
banner လေးလည်း လှတယ်ကွယ်။

ကလိုစေးထူး said...

အဖိုးတန် စာစုတွေပါပဲ.. ကျနော်ကတော့ ငယ်ငယ်တုန်းက ကြိမ်ဖန်များစွာ မိဘ အရိုက်ခံရတယ်ဗျာ

အော်ပရာ... said...

ငြိမ်းချမ်းသော ကမ္ဘာသစ်တခု တည်ဆောက်နိုင်ရန်ပါစေလို့ ဆုတောင်းပေးပါတယ်....

မောင်ချစ်ခိုင် said...

good to read and think about it.