Saturday, March 10, 2007

အတိတ် နိမိတ်လေလား

မနေ့က သတင်းတခုကို ဖုန်းဆက်လာမယ်ဆိုလို့ ဖုန်းနားမှာ ထိုင်စောင့်နေခဲ့တယ်။
သတင်းကောင်း ဖြစ်မလား … သတင်းဆိုးဖြစ်မလား။
ရင်တထိတ်ထိတ်နဲ့ပေါ့။
ဖုန်းက တော်တော်နဲ့ မလာသေးတော့ စိတ်ထဲမှာ ဂနာမငြိမ် ဖြစ်လာတယ်၊ နေလို့မရတော့ဘူး။
ဒါနဲ့ ကော်ဖီသောက်ရင်တော့ စိတ်သက်သာရာ ရကောင်းရဲ့ ဆိုပြီး ကော်ဖီတခွက် သွားဖျော်လိုက်တယ်။
အဲဒီတော့မှ ပိုဆိုးတော့တာပဲ။

ဖြစ်ပုံက ဒီလိုပါ။
ကျမ ကော်ဖီသောက်နေကျ မတ်ခွက်ကလေးက အဖုံးအပိတ်ပါတဲ့ တရုတ်ပြည်လုပ် ကြွေမတ်ခွက်ကလေးပေါ့။ ကျမက ဘလက်ကော်ဖီပဲ သောက်လေ့ရှိတာမို့ ကော်ဖီဖျော်ပြီးရင် အဖုံးလေးအုပ်ပြီး ခဏနှပ်ထားပါတယ်။ ကော်ဖီခွက်ကို ယူပြီး ပြန်လှည့်လိုက်တဲ့အချိန်မှာ ခွက်ကိုင်ထားတဲ့ လက်တတောင်ဆစ်က တံခါးနဲ့တိုက်မိပြီး ကော်ဖီခွက် အဖုံးလေး အောက်ကျ ကွဲသွားပါလေရော။ ကော်ဖီခွက် အဖုံးလေးကျကွဲသွားပုံကို ကျမမျက်စိထဲမှာ အနှေးပြကွက်နဲ့ ကြည့်လိုက်ရသလို တဆင့်ချင်း မြင်လိုက်ရတယ်။

အကောင်းအဆိုး သတင်းစကား တခုကို စောင့်မျှော် ရင်ခုန်နေမိတဲ့ ကျမ … ဒီအဖုံးလေး ကျကွဲသွားတာကြောင့် စိတ်ထဲ ထင့်ကနဲ ဖြစ်သွားတယ်။ ခါတိုင်းလိုဆို ဒါမျိုးအယူသည်းသူတွေကို အပြစ်တင်တတ်တဲ့ ကျမ၊ စာနာမှု မရှိခဲ့တဲ့ ကျမလေ …။ ခုတော့ ကျကွဲသွားလို့ အစိတ်စိတ်အမွှာမွှာ ဖြစ်နေတဲ့ အဖုံးအပိုင်းအစလေးတွေကို လိုက်ကောက်ရင်း ရင်ထဲမှာ စိုးရိမ်စိတ်တွေနဲ့။

သေချာပါပြီ … သတင်းဆိုးပဲ ကြားရမှာပဲ … စိတ်ထဲ အဲဒီလို တွေးမိတယ်။ နှုတ်က ဘုရားစာ ရွတ်မိတယ်။ လက်ကလည်း ယောင်ယမ်းပြီး လက်အုပ်ချီမိတယ်။ နမော် နမဲ့နဲ့ ခွက်ကိုသယ်မိလို့ တိုက်မိပြီး ပြုတ်ကျတာနဲ့ပဲ သတင်းဆိုးကြားရတော့မလား။ ဘာဆိုင်လို့တုန်း။ ဒီလို အယူတွေ ခေါင်းထဲထည့်စရာလား။ လတ်တလောတော့ အဲလိုတွေ မဆင်ခြင်မိပါဘူး။ စိတ်ထဲ ပူနေမိတာပါပဲ။
ဘာကြောင့် အဲဒီလို အတွေးတွေ ၀င်ရတာလဲ … ။

ကျမတို့ ရုပ်ရှင်ကြည့်တဲ့အခါမှာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။
တယောက်ယောက်ဟာ တနေရာမှာ တစုံတခု ဖြစ်နေတယ်။ ဥပမာ အက်ဆီးဒင့် ဖြစ်တယ်ပေါ့။ အဲဒီအချိန် သူ့အိမ်မှာ သူ့မိဘ ဖြစ်စေ ဇနီး ခင်ပွန်းဖြစ်စေ လက်ကနေ ဖန်ခွက်တခုခု ကျကွဲသွားတာကို ပြမယ်။ နိမိတ်ပုံ ပေါ့။ အဲဒီလိုမျိုးတွေ မြင်နေ တွေ့နေရဖန်များလို့ ခေါင်းထဲ ဒီအတွေးတွေဝင်နေသလား မသိပါဘူး။ အခု ကော်ဖီမတ် အဖုံးလေးကွဲတာကို စိတ်ထဲ တထင့်ထင့် ဖြစ်နေမိတော့တာ။

ဒါနဲ့ ဘုရားစာထိုင်ရွတ်နေလိုက်တယ်။ ဒါလဲမရပါဘူး။ ဥပါဒါန်များ အတော်ကြောက်ဖို့ကောင်းတယ်။ ဒါကြောင့် လူကြီးသူမတွေဟာ ဥပါဒါန်ကြောင့် ဥပဒ်ရောက်တယ်လို့ ပြောခဲ့ကြတာ။ အခု သတင်းက ဆိုးသလား ကောင်းသလား မသိသေးဘူး၊ လူက စိတ်ထဲပူလောင်နေရပြီ။ ဒီနိမိတ်ပုံ ကြောင့်ပေါ့။
ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နိမိတ်ထွန်းသတဲ့။ ကျမတို့ နေထိုင်ရာ ကမ္ဘာကြီးဟာ လက်ျာတောင်ကျွန်း ဖြစ်တာမို့ ကျွန်းသူ ကျွန်းသားတွေဟာ ဒီအတိတ် နိမိတ်တွေကို မယုံကြည်ဘူးဆိုပြီး ပစ်ပယ်လို့ မရဘူးဆိုပဲ။

အတိတ်နိမိတ် ဆိုတာကလည်း ခုမှ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ဟိုးအရင့် အရင် ကတည်းက အတိတ်ကောက် နိမိတ်ကောက်တွေ ရှိခဲ့ပေတာပဲ။
အတိတ် နိမိတ် နဲ့ပတ်သက်ပြီး အလွန်နာမည်ကြီးတဲ့ အယူတော်မင်္ဂလာ ဦးနိုး စာအုပ်ထဲမှာတော့ ခုလို ရေးထားတာတွေ့ရပါတယ်။

“အတိတ်” ဟူသည်၊ သုံးပါးကာလ၊ အတီတကို၊ ညီမျှဆင်ခြင်၊ ပမာတင်၍၊ အဓိပ္ပါယ်ကောက်ယူရခြင်း ..
“နိမိတ်” ဟူသည်၊ အနာဂတ်မှာ၊ ဖြစ်ပျက်ရာကို၊ ပြလာတုံရှောင်း၊ အကြောင်းတစိ၊ တွေ့မြင်ဘိသည်ကို၊ နှိုင်းညှိဆင်ခြင်၍ သိရခြင်း … လို့ ဆိုထားပါတယ်။

“တဘောင်” ဆိုတာ တံဘာသ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာပြီး ရှေ့၌ ဖြစ်လတ္တံ့သော အကြောင်းကို ဆောင်၍ ပေါ်လာသော သီဆို ကခုန်မှုဆိုင်ရာ သီချင်းကို ခေါ်ပါသတဲ့။
“စနည်း” ဆိုတာကတော့ မြန်မာ နဲ့ ပါဠိ ရောနေတဲ့ စံ နဲ့ နယ ကလာတဲ့ စကားလို့သိရပါတယ်။ လူ၊ ငှက် စသည်တို့ရဲ့ အသံကို ကောက်ယူမှတ်သား ဟောပြောရခြင်း …ဖြစ်ပြီး
“ဘဝေါ” ကတော့ဘုရားကျောင်းကန် စေတီ ဇရပ် ပြာသာဒ် တို့မှာ ဖြစ်ပျက်ပုံတွေ နေ၊ လ၊ ကြယ်တံခွန်တို့ရဲ့ ဖြစ်ပျက်ပုံတွေကို အဓိပ္ပါယ်ကောက်ပြီး ဟောပြောခြင်း … စသဖြင့် ဖွင့်ဆိုထားပါတယ်။


နေမျိုးလေခပျံချီဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရတဲ့ အယူတော်မင်္ဂလာဦးနိုးကတော့ မင်း မိဖုရားတွေ ပြည်သူတွေအတွက် အကျိုးရှိစေဖို့ အတိတ် နိမိတ်တွေ ကောက်ပြီး လုပ်ဆောင်သွားခဲ့ပါသတဲ့။

ဦးနိုး မရှိတော့တဲ့နောက် ဒီလို အတိတ် နိမိတ်တွေနဲ့ ပတ်သက်လာရင် ဘယ်သူ့ကို အားကိုးရမလဲ မေးတဲ့အခါ … သဘင်သည်စကား၊ မြေမှုန့်နဲ့ ကစားတဲ့အရွယ် ကလေးငယ် စကားနဲ့ သူရူးစကားတို့ကို မှတ်သားပြီး အတိတ် နိမိတ်ကောက်နိုင်ကြောင်း ဦးနိုးက မှာခဲ့တယ်လို့လည်း ဖတ်ရပါတယ်။

တကယ်တော့ ဒါတွေဟာလည်း မယုံရခက် ယုံရခက်တဲ့ ပညာရပ်တွေပါ။ ဒါပေမဲ့ နေရာတကာ အတိတ် နိမိတ် လိုက်ကောက် နေလို့ မဖြစ်သလို မယုံဘူးဆိုပြီးလည်း ပစ်ပယ်လို့ မရပါဘူး။ ကိုယ့်ဥာဏ်နဲ့ကိုယ်သာ နှိုင်းဆ ဆင်ခြင်ရမှာပါပဲ။
***
ဒီလိုနဲ့ ….
ကော်ဖီမတ်ခွက် အဖုံးကျကွဲရာက ဟိုတွေး ဒီတွေး အတွေးတွေ ခြေတံရှည်နေတုန်း တယ်လီဖုန်းက ရုတ်တရက် ထမြည်လာပါလေရော။
“….. ….. …..”
ဖုန်းပြောအပြီးမှာတော့ သက်ပြင်းဖွဖွ ချမိပါတယ်။
“ဟူးးးး ….တော်ပါသေးရဲ့ ….”
***
မေဓာဝီ
10.3.07
1:30 pm

4 comments:

Anonymous said...

woo... that pyin ta ma ma ne, post pee aung ma ne arr tin pee phat like ya dar byar.. tha din zoo myar phyit ma lar lo,

sar yay sa yar ma pee tha par pay dal..

pee thwar hma... wooo.. taw par thay ye.. lo..that pyin cha mi dal.. pee aung le myan gyi phat ya dal..

dar pay me, bar tha din kg lae so dar ko taw, sar phat thu twe thi khwint pay ma thwar buu naw..

zat kar kg tone mee pyat thwar tha lo pe..

zat kar the hmar so yin daw.. sate pu nay dar ka. lar nay kya, luu zo ta youk see ka ph lo. thin lo pyit hmar paw naw..

nauk son taw.. lu zo see ka ma hot pe....

good ending pyit thwar b lo, pyay phat like par dal..

good news is it?

Anyway thanks for post Ma May..

Ei said...

မမေရေ တော်သေးပါရဲ့ ဖတ်ရင်းနဲ့ စိတ်တောင်ပူတယ် ဘာမှန်းလည်းမသိပဲနဲ့ အိကတော့လေ အိသာဆို ဖုန်းမလာခင် မလွယ်ဘူး
အိစက်မှာ မြန်မာလို ရိုက်မရလို့ အမြဲတမ်းတော့ လာဖတ်တယ်ဗျ

Anonymous said...

မမေရေ အချိန် အားရင် ညလေးတို့ သွားနေတဲ့ http://myanmarbloggers.forum5.com/ ကိုလာလည်လှည့်ပါလား...
အဲ့ဒီထဲက poems corner မှာ မမေရဲ့ ကဗျာလေးတွေဝေမျှပေးရင်းနဲ့ မြန်မာကဗျာအကြောင်းကို လာရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်....

ကော်မန့်မှာပဲ ၀င်ပေးခဲ့တယ်နော်... မမေ ချက်ဘောက်စ်လေးလုပ်ထားပါလား...
ပြီးတော့ မမေရဲ့ အရင်လတွေက ပို့စ်တွေကို လအလိုက်ခွဲထားရာမှာ drop down လေးထည့်ပေးရင် ပိုအဆင်ပြေမယ်နော်.. ညလေးဖတ်ချင်တဲ့စာကို တစ်ခါတည်း ၀င်ဖတ်လို့ရတာပေါ့..

တစ်လက်စတည်း မမေရဲ့ မြန်မာကဗျာအကြောင်း ရှင်းပြထားတာလေးတွေနဲ့ အခြားပို့စ်တွေ ကြိုက်နှစ်သက်တဲ့ပို့စ်တွေကို ပြန်တင်ပေးချင်တယ် ခွင့်ပြုပါလား..

မမေရဲ့ မေးလ်လိပ်စာလဲ လိုချင်ပါတယ်....
ပြီးတော့ ခု ဘလော့ခ်ရေးတဲ့သူတွေ စုပြီးထုတ်ဝေကြမယ့် စာအုပ်ထဲမှာလဲ မမေရဲ့ ပို့စ်တွေကို ပါစေ့ချင်တယ်... မမေကို ပုံနှိပ်ဖို့လဲ ဘယ်လိုဆက်သွယ်ရမလဲဆိုတာလေး ပြောပြပေးပါလား...
ညလေးရဲ့ မေးလ်လိပ်စာလေး မှတ်ထားပေးပါနော်... အဆင်ပြေရင်လဲ စာပို့ပေးပါ....
nyanyalay@gmail.com

ကလိုစေးထူး said...

လူက စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံနေတဲ့ အခိုက်မှာ အဲဒီ မတော်တဆမှုတွေကလဲ အဲဒါတွေကို ထပ်ဆင့်အပူထပ်ပေးသလိုများ ဖြစ်နေစေသလားမသိ။ အရမ်းကြီး အစွဲအလမ်းကြီးတာတော့ သိပ်မကောင်းဘူး။ ဥပါဒ်ဒါန်ကြောင့် ဥပါဒ်ရောက်တယ်ဆိုလား ကြားဖူးတယ်။