Wednesday, April 08, 2009

ပန်းကြွေလမ်း ...

ဘာလိုလိုနဲ့ ဧပြီလတောင် တ၀က်ကျိုးလုပါပြီ။
ရက်သတ္တ တပတ် တပတ်ဆိုတာ ခဏလေးနဲ့ ကုန်ကုန်သွားတယ်။ မကြာလိုက်သလိုဘဲ။
ဒီလိုနဲ့ … တလ … တနှစ် … သက္ကရာဇ်တွေ အခါအခါ ပြောင်းလို့ နှစ်တွေလည်း ဟောင်းဟောင်း သွားလိုက်တာ …. ။

မကြာခင် ရက်ပိုင်းမှာ ကျမတို့ မြန်မာပြည်သားတွေ အားလုံး တမ်းတကြတဲ့ သင်္ကြန်ဆိုတာ ရောက်လာ ပါတော့မယ်။ နွေနဲ့ တန်ခူး၊ တန်ခူးနဲ့ သင်္ကြန်၊ သင်္ကြန်နဲ့ ပိတောက်၊ ပိတောက်နဲ့ နွေ … ဒွန်တွဲနေတဲ့ ဒီအခါ သမယမှာ ဘယ်နေရာ ဘယ်ဌာန ရောက်ရောက် ကိုယ့်ဒေသက ကိုယ့်ရိုးရာ ပွဲတော်ရာသီ ရောက်ရင် မှန်းဆ လွမ်းရ တမ်းတကြစမြဲ မဟုတ်လား … ။ ကျမလည်း လွမ်းပါတယ်။

ဒီမှာကတော့ အီစတာတဲ့။ အီစတာ ကျောင်းပိတ်ရက်မို့ ထုံးစံအတိုင်း ဦးရီးတော်ဆီကို သွားရပါမယ်။ နက်ဖြန်နေ့လည်ဆိုရင် ခရီးစထွက်မှာမို့ အင်တာနက်နဲ့ ရက်အနည်းငယ် အဆက်ပြတ်ပါအုံးမယ်။ မသွားခင်ကလေး ကဗျာတပုဒ်ရေးပြီး အားလုံးကို ခေတ္တ နှုတ်ဆက်ခဲ့ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

***ပန်းကြွေလမ်း
***
မလျှောက်စမ်းပါနဲ့
ပိတောက်ပန်းကြွေ မြေခ-လမ်းကိုမှ
လှမ်းလိုလှချင်သူရယ် … ။

ပန်းသခင် …
နန်းဝင် ဤပန်းဟာဖြင့်
အတာချိန် ဂိမှာန်လမှာမှ
ထိန်လျံပ ရှာရလေတယ်
သာစွပေ နွေရက်များ … ။

လေနတ်သား …
မရပ်မနား သူလာပြန်တော့
ညှာတံမှာ ဗျာဟန်ယိမ်းကာ
ပွင့်ချပ်ဝါ လေလာလွင့်ကို
နင်းရက်ဝံ့လား … ။ … ။
***
မေဓာဝီ
၈၊ ဧပြီ၊ ၂၀၀၉
၁၈း၂၁ နာရီ

အသစ်မရေးနိုင်တုန်း သင်္ကြန်နဲ့ ပတ်သက်လို့ ဘလော့မှာ တင်ခဲ့သမျှတွေကို အလွယ်တကူ ဖတ်ရအောင် စုစည်းဖော်ပြလိုက်ပါတယ်။

“၂၀၀၇ သင်္ကြန်”
ကျမနှင့် သင်္ကြန်သီချင်းများ (၁)
ကျမနှင့် သင်္ကြန်သီချင်းများ (၂)
ကျမနှင့် သင်္ကြန်သီချင်းများ (၃)
ကျောင်း သင်္ကြန်
သင်္ကြန်စာ
အဖေ့သင်္ကြန်ကဗျာ
ပြောင်းလဲခြင်း … သင်္ကြန် (၁)
ပြောင်းလဲခြင်း … သင်္ကြန် (၂)
ပြောင်းလဲခြင်း … သင်္ကြန် (၃)
ပြောင်းလဲခြင်း … သင်္ကြန် (နိဂုံး)

“၂၀၀၈ သင်္ကြန်”
တမ်းတဖွဲ့ ပိုဒ်စုံရတု
အလွမ်းသင်္ကြန် ပန်းသင်္ကြန်
ဒီအချိန်ဆို (၂)
နှစ်ကူးလက်ဆောင်

8 comments:

တန်ခူး said...

ပန်းကြွေလမ်းကို မလျှောက်ရက်ဘူးမေ…
တကယ်ကို မလျှောက်ရက်တာပါ…
ခရေပွင့်နွမ်းလေးတွေတောင် မနင်းရက်ဘူးလေ…
ကဗျာလေးက ကောင်းလိုက်တာမေရယ်…
ဖတ်ပြီးရင်ထဲမှာ ဟာတာတာ…
ပျော်ရွှင်ဖွယ်ကျောင်းပိတ်ရက်ဖြစ်ပါစေ…
အီစတာသင်္ကြန်ပေါ့…

Anonymous said...

ခြွေရက်သူ လေနတ်သား
ထားခဲ့တဲ့ ပန်းလွင်ပြင်
လှမ်းတင်ကာ ခြေမချရက်ပေမဲ့
ေုကွရရှာတဲ့ ပွင့်ချပ်ဝါကို
မပြစ်ရက် ပါ
ချစ်လျှက်သာ
မြတ်နိုးနေသူမို့
မြေသက်ခါ ခရပေမဲ့
ပွင့်ဖတ်လွှာ ပိတောက်သင်းကို
နင်းရက်တယ် မဆိုရင်ဖြင့်
ဆင်းသက်ခါ ခင့် အနား
လျှောက်ပါရစေသား..

pandora said...

ကဗျာပုံစံလေးနဲ့ ရေးထားတဲ့အကြောင်းလေးက လှနေတယ်.

မမေ ပြန်လာရင် မုန့်ဝယ်လာခဲ့နော်

ဖိုးသာထူး said...

လျှောက်ပါရစေကွယ်
ချစ်တဲ့မေ ရွှေနွယ်ရိုးအတွက်
ပန်းချိုးဖို့ ရောက်ခဲ့တယ်။

နန်းပင်မြင့် ထွတ်ဆီဝယ်
ဆွတ်ယူမယ် ရည်စူး၊

ပွင့်ဦး မာလာရွှေက
အညှာကြွေ မြေမှာခ လေတော့
ပန်းကြွေ ဒီ ရွှေရည်လမ်းထက်မှာ
မောင် မတ်တပ်ရူး။ ။

ဟနစံ said...

ကဗျာလေး လှလိုက်တာ။
ဟန ဂီလာန ဖြစ်နေတုန်း မျက်ခြေပြတ်သွားတယ် ကဗျာတွေ ၂ပုဒ်တောင်...အဟင့်

မေ့သမီး said...

ကောင်းလိုက်တဲ့ကဗျာ။ အမရေ နှစ်သစ်မှာပျော်ရွှင်ပါစေ။

Anonymous said...

ဒီကဗျားလေး သိပ်ကြိုက်တယ် မမ
မင်္ဂလာနှစ်သစ်ပါလို့လည်း ဆုတောင်းပေးပါတယ်။

ကြည်ဖြူပိုင် said...

very good poem. I like it. Actually I want to follow your blog but cannot find follower. Today I read alot. So I think my eye blind .Therefore I can't find.
:P