ဒီစာကို ရေးရခြင်းကတော့ မောင်သင်္ကြန်ရဲ့ “ဒီပို့စ်” ကြောင့်ပါပဲ။ အဲဒီစာကို အရင်တုန်းတည်းက ဖတ်ဖူးပေမဲ့ ဒါပတ်သက်ပြီး ကျမအယူအဆကို ပြန်မပြော ဖြစ်ခဲ့ဖူး။ အခုကတော့ မောင်သင်္ကြန် ကိုယ်တိုင်က ဒီလင့်ခ်လေး “ပျောက်ပါစေခြင်း အကျိုးငှာ” ပို့်စ်ရဲ့ ကွန်မန့်ထဲ လာချတော့ ကျမနဲ့ သက်ဆိုင်နေပြီလို့ ယူဆတဲ့အတွက် ကျမ ဒီစာကို ရေးလိုက်ရ ခြင်းပါပဲ။
ကျမ အယူအဆအရ ပြောရရင်တော့ “ဆု” ဆိုတာ တောင်းသင့်တယ်လို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် … ဆုတောင်းခြင်းဟာ ရည်ရွယ်ချက်၊ ပါရမီ ဟာ လုပ်ဆောင်ချက်ပါ။ ရည်ရွယ်ချက်ရှိမှ လုပ်ဆောင်ချက်ဆိုတာလည်း ရှိနိုင်မှာ ဖြစ်ပါတယ်။
ဆုတောင်းတယ် ဆိုတာဟာ မိမိဖြစ်လိုတဲ့အရာကို တောင်းခံခြင်း၊ တနည်းအားဖြင့် မိမိရည်ရွယ်ချက် (ဆန္ဒ) ကို နှုတ်က မြွက်ဟဖွင့်ဆိုခြင်း ဖြစ်ပါတယ်။ ဒီလို နှုတ်က ဆိုတဲ့နေရာမှာ အလကားနေ အလကား ဆိုတာ မဟုတ်ပါဘူး။ ကုသိုလ်ကောင်းမှု တစုံတရာပြုပြီးစဉ်မှာ၊ မြတ်စွာဘုရားရှေ့မှောက် (ဒါမှမဟုတ်) မိမိထက် သက်ကြီး ၀ါကြီး ဂုဏ်ကျေးဇူးကြီးမားသူ တဦးဦးရဲ့ ရှေ့မှောက်မှာ ဒီကုသိုလ်ကောင်းမှုအတွက် ဒီအကျိုးတွေရရပါလို၏ လို့ တိုင်တည် ဖွင့်ဟ မြွက်ဆို ခြင်းသာ ဖြစ်ပါတယ်။
အကျိုးအကြောင်း သဘောနဲ့စဉ်းစားမယ်ဆိုရင်လည်း ဒါဟာ သဘာဝကျပါတယ်။ ကိုယ်လုပ်တဲ့အလုပ်အတွက် ကိုယ့်ရည်ရွယ်ချက် ကိုယ့်ဆန္ဒကို ဖွင့်ဟတယ်ဆိုတာ လုပ်သင့် ဖြစ်သင့်တာပဲမဟုတ်လား။ တချို့ကပြောတယ် … နည်းနည်းလောက် လှူပြီး များများ ပြန်လိုချင်တယ် ပေါ့ … ဒါလောဘကြီးတာပဲ … တဲ့။ တကယ်တမ်း အလှူအနည်းအများက အဓိကမဟုတ်ပါဘူး။ ဒီအလှူအပေါ် ကိုယ်ထားအပ်တဲ့ စိတ်ကသာ အဓိကပါပဲ။
နောက်တခုက ကျမတို့ ဗုဒ္ဓဘာသာမှာ ကောင်းမှု ကုသိုလ်ပြုကြတိုင်း ဆုတောင်းတွေ ဘယ်လောက်ရှည်ရှည် နောက်ဆုံးမှာတော့ “မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏” ဆိုပြီး နိဗ္ဗာန်ချမ်းသာတည်းဟူသော လောကုတ္တရာဆုကို တောင်းကြတာချည်းပါဘဲ။ ဒီဆုတောင်းမှာ လောကီကို အဆုံးတိုင်စွန့်လိုတဲ့ စိတ်ထားပါနေတာကြောင့် လောဘမူစိတ်လို့ မဆိုနိုင်ပါဘူး။
ဒါဖြင့် မေးစရာ ရှိပါတယ်။
“ကုသိုလ်ကောင်းမှု ပြုပြီးတဲ့အခါမှာ ဘာဆုမှ မတောင်းဘူးဆိုရင် ဘာမှ ဖြစ်မလာ ဘူးလား …”
ဆုမတောင်းလည်း ရတာပါပဲ။ ဒါပေမဲ့ ဘယ်အရာမဆို ရည်ရွယ်ချက်ဆိုတာ ထားရင် ပိုကောင်းပါတယ်။ ဘာကြောင့်ဆို သေနတ်ပစ်တဲ့ နေရာမှာ မချိန်ဘဲ ရမ်းသမ်းပစ်ရင် ဦးတည်ရာ ပစ်မှတ်ကို မထိဘဲ ရောက်ချင်ရာရောက်နိုင်ပါတယ်။ ခဲလုံးလည်း ရမ်းသမ်းပေါက်ရင် ဟိုရောက် ဒီရောက် ဖြစ်မှာပဲ။ ဆုမတောင်းဘဲ တစုံတခု ပြုလုပ်ခြင်းဟာ အကျိုးပေးတော့လည်း ပေးချင်တဲ့ အကျိုးကို ပေးမှာပါပဲ။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာနဲ့ တထပ်တည်း ကျချင်မှကျမှာပါ။
ဒါကြောင့် ရည်ရွယ်ချက်၊ ဦးတည်ချက်ဆိုတာ ထားကောင်းပါတယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို မေ့မသွားအောင်, ပျောက်မသွားအောင် ကုသိုလ်ကောင်းမှု တစုံတရာပြုတိုင်း ဆုတောင်းဖို့ လိုအပ်ရင်လည်း ဆုတောင်းပေး ရပါတယ်။ ဒါဟာ ဘာနဲ့ တူလဲဆိုရင် စုဘူးကြီး အကြီးကြီးထဲမှာ ပိုက်ဆံ ပြားစေ့လေးတွေ တစေ့ချင်း တစေ့ချင်း ထည့်ပြီး စုနေသလိုပါပဲ။ ဒီစုဘူးကြီးပြည့်တဲ့နေ့ဟာ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ့်နေ့ပေါ့။
ဒါဆိုရင် နောက်ထပ်မေးခွန်း ထပ်မေးလာနိုင်ပါတယ်။
“ဆုတောင်းတိုင်းပြည့်သလား”
ဆုတောင်းတိုင်း ပြည့် မပြည့်ကတော့ မိမိရဲ့ ကြိုးစားအားထုတ်မှုပေါ် မူတည် ပါတယ်။ ဆုတောင်းထားတိုင်းလည်း ချက်ချင်းပြည့်ချင်မှ ပြည့်မှာပါ။ ခုန ပြောသလို စုဘူးကြီး ပြည့်လာမယ့်အချိန်ကို စောင့်သင့်ရင် စောင့်ရမှာပေါ့။ စောင့် တယ်ဆိုတဲ့ နေရာမှာလည်း ထိုင်စောင့်နေရမှာမဟုတ်ပါ။ ကောင်းမှုတွေ ဆက်ပြုရင်း အားထုတ်ရင်း ကျင့်ကြံရင်း စောင့်ရမှာ ဖြစ်ပါတယ်။
ကျမတို့ နိဗ္ဗာန်ရဖို့ ဆုတောင်းတယ်။ နိဗ္ဗာန်မရခင်စပ်ကြားမှာ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဖြစ်လိုတယ်။ ဆင်းရဲတွေ ငရဲတွေကင်းလိုတယ်။ သာသနာတွင်းအခါမို့သာ ကျမတို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဆုတောင်းခွင့်ရှိတာ ပါ။ သာသနာပ အခါ လူလာဖြစ်ရင် နိဗ္ဗာန်ဆိုတာ ဘာလဲ မဂ် ဖိုလ် ဆိုတာ ဘာလဲ သိမှာမဟုတ်ဘူး။ ဒါကြောင့် အမြင့်ဆုံးဆုတောင်းနိုင်ရင် လူချမ်းသာ နတ်ချမ်းသာ လောက်ပဲ တောင်းနိုင်မှာပဲ။ ဒီတော့ ဖြစ်လာရင်လည်း သူ့ရည်ရွယ်ချက် အတိုင်း လူချမ်းသာ နတ်ချမ်းသာပဲ ဖြစ်လာမှာပဲ။
“ဆုတောင်းလာရင် ပြည့်စေသတည်းလို့ ဘယ်သူက ဖြည့်ဆည်းပေးတာလဲ”
အဲဒီလိုမေးလာရင်တော့ … မိမိပြုလုပ်တဲ့ အလုပ်တွေက မိမိဆုတောင်း အမြန် ပြည့်ဖို့ မပြည့်ဖို့ကို တာဝန်ယူပါလိမ့်မယ် လို့သာပြောရမှာပါပဲ။
မြတ်စွာဘုရားကိုယ်တော်တိုင် ဘုရားဖြစ်ဖို့အတွက် ဘုရားဆုကိုပန်ခဲ့ရပါတယ်။ ဘုရားဆုပန်ခဲ့တဲ့အတိုင်း ဘုရားဖြစ်ကြောင်း အကျင့်ကောင်းတွေကို ပြုလုပ်ခဲ့ အားထုတ်ခဲ့ ပါရမီတော်တွေ ဘ၀ပေါင်းများစွာ ဖြည့်ကျင့်ခဲ့ရတယ်။ ဘုရားဖြစ်လိုတဲ့ ပုဂ္ဂိုလ်က ဘုရားဆုပန်တယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဖြစ်လိုတဲ့ပုဂ္ဂိုလ်က ပစ္စေကဗုဒ္ဓါဆု၊ ရဟန္တာဆုကို ပန်ကြပါတယ်။ ဒီလိုဆုပန်တဲ့အတိုင်း ရအောင် အားထုတ်မှ ဖြည့်ကျင့်မှလည်း လိုချင်တဲ့ ဆု၊ မိမိ ရည်ရွယ်ချက် ပြည့်ဝမှာ ဖြစ်ပါတယ်။
အချုပ်ပြောရရင်တော့ ဘယ်အလုပ်မဆို ရည်ရွယ်ချက်ထားဖို့ နဲ့ ရည်ရွယ်ချက် အတိုင်း ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ပါပဲ။ ဒါကြောင့် ဆုတောင်းတယ် ဆိုတာ လေကုန်ရုံသက်သက် အချည်းနှီးတော့ မဟုတ်ပါဘူး။ မိမိ ရင်ထဲက ဆန္ဒကို အဓိပတိ တပ်ပြီး ဦးတည်ချက်တခု ရည်ရွယ်ချက်တခု အနေနဲ့ ဖွင့်ဟ ပြောဆိုခြင်းမို့ “ဆု” ဆိုတာ တောင်းသင့်တယ်လို့ ကျမကတော့ ယူဆကြောင်းပါရှင်။
***
မေဓာဝီ
၂၅၊ ဇူလိုင်၊ ၂၀၀၇
ည ၉ နာရီ

5 comments:
May
For praying is nothing wrong.
I agree with you because i did twice a day that (su). I wish One day i will get it what i asked for that (Su).
Just comment: the prayer is very important for human being. prayer isn't all bout asking something. it is also praising GOD, communicating with GOD. As for me.. I pray... and also ask for what I need. Because there is a promise to us....
"Luke 11:9 (NIV)
So I say to you: Ask and it will be given to you; seek and you will find; knock and the door will be opened to you."
ကံစေတနာတို့ကြောင့်လို့ဆိုထားပါတယ်
ဗုဒ္ဓဘာသာဆုတောင်းခြင်းသည်မိမိပြုသောကောင်းမှုကိုမည်သည့်အကျိုးရည်၍ပြုသည်ဟုမိမိကိုယ်ကိုကိုယ်ရောမြင်နိုင်ကြားနိုင်သောသူအပေါင်းကိုရောရည်၍ပြုသောအဓိဌာန်ဖြစ်ပါတယ်
ဒီနေရာမှာစိတ်ထဲမှာရှိတာကိုဖေါ်ထုတ်လိုက်တာဟာမိမိအတွက်ပိုလေးနက်သလို ၀ဇီကံမြောက်တာဟာ မနောကံထက်ပိုထိရောက်တာကြောင့်ဆုတောင်းတာကိုမှားတယ်လို့ မထင်မိပါကြောင်း
တပြိုင်တည်းမှာဘဲ ဆုဘဲတောင်းပြီး ငုတ်တုတ်ထိုင်နေဘို့ မဟုတ်ဘဲ လုပ်သင့်တာအမြဲလုပ်နေပါကြောင်း
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုပါရင်….
ဆုံးဇမ္ဗူ့တခွင်…
နှုန်းတုမမြင်…
သုံးလူ့အရှင်…
ဗုဒ္ဓထံပါး… ဒုက္ခခံစားသမျှ .. ပန်ကြားအရှင့်ကိုဖွင့်ဆိုပါမည်..
ဘယ်သောအခါမှ ကိုယ်ကချစ်ရတဲ့လူ မဖြစ်လိုပါပြီ…
သူချစ်ကိုသာ မျှော်ကာစောင့်စားတော့မည်…………
လူတွေဟာ ပြည့်စုံနေတယ်လို့ ခံစားထင်မိတဲ့အခါ ဆုတောင်းခြင်းအလုပ်ကို
မေ့လျော့နေကြတယ်… ဒုက္ခပင်လယ်ဝေတဲ့အခါမှ အားကိုးရာရှာတဲ့အနေနဲ့
ဆုတောင်းခြင်းတွေ လုပ်လာတတ်ကြတယ်… ကျနော် နှစ်ပေါင်းများစွာ
ဆုတောင်းဖို့မေ့လျော့နေခဲ့တယ်… ဒါမေမဲ့ ခုချိန်ထိ ဘာမှမပြည့်စုံဘူး….
မမေရေ အရမ်းလွမ်းလို့လာလည်တယ်.. နေကောင်းပြီလားဟင်.. မကြာခင် အချိန်ပြည့်ပြန်လာမှာပါ.. အခုတော့ ဟဲ ဟဲ..
ပန်ဒိုရာတော့ အချိန်အကြာကြီး ဘလောက်နိုင်ပါစေလို့ ဆုတောင်းတာပဲ..
Post a Comment