Friday, July 13, 2007

ဦးနှောက်ထွက်ကုန်များ၏ တန်ဖိုး

ငွေလွယ်လျှင် တဆယ်လောက်
ချီးမြှောက်ပါ့ မောင်မြိုင်လေး။
တဆယ်သာပိုင် …ပေးနိုင်ရဲ့ ငါးကျပ်
ကျနော့်မှာ ဆရာ့နည်း … မန်းနီးလွန်ပြတ်။

***
အထက်ပါ စာချိုးကလေးကို ရေးခဲ့သူကတော့ ဆရာကြီး ဦးရန်အောင်ပဲ ဖြစ်ပါတယ်။ ကျမငယ်စဉ်က ဆရာကြီးဦးရန်အောင်ရေးတဲ့ စာအုပ်တအုပ် (အမည် မမှတ်မိတော့) မှာ ဖတ်ခဲ့ဖူးပြီး သဘောကျလို့ ခုထိမှတ်မိနေတာပါ။ ဘာလို့မှတ်မိ နေလဲဆိုတော့ … တခါတလေ ကျမမှာ ပိုက်ဆံမရှိရင် အမေ၊ အဖေနဲ့ အမတွေကို အဲဒီလိုပြောပြီး တောင်းလေ့ရှိတာကြောင့်မို့ပါပဲ။

ဒီစာချိုးလေးကို ဆရာကြီးရေးခဲ့ပုံကို ကျမ မှတ်မိသလောက် ပြန်ပြောရမယ်ဆိုရင် တရက်မှာ ဆရာကြီးက မဂ္ဂဇင်းတိုက်တခုကို စာမူခထုတ်ဖို့ ရောက်သွားပါသတဲ့။ တာဝန်ရှိသူအယ်ဒီတာဟာ တိုက်မှာမရှိတော့ စာမူခ ထုတ်လို့မရဘူး ဖြစ်နေပါ တယ်။ ဒါနဲ့ပဲ တိုက်က အလုပ်သမားတဦးဖြစ်သူ မောင်မြိုင်လေးဆီက ငွေ တဆယ် ချေးလိုက်တယ်။ မောင်မြိုင်လေးက သူ့မှာလည်း တဆယ်သာရှိတာမို့ ငါးကျပ်သာ ချေးလိုက်နိုင်ပါတယ်။ အဲဒီအဖြစ်အပျက်ကလေးကို ဆရာကြီးက ချက်ချင်းပဲ ထိုင်ပြီး စာစပ်လိုက်သတဲ့။ ပြီးတော့ မောင်မြိုင်လေးကို ပေးဖတ်တယ်တဲ့။ မောင်မြိုင်လေးက ဒီစာချိုးကလေးကို တိုက်မှာရှိတဲ့ ကျန်သူတွေ ကို ပြတော့ ဆရာကြီးရဲ့ စာကို ချီးမြှောက်ပူဇော်တဲ့ အနေနဲ့ တယောက်နည်းနည်း ပိုက်ဆံကလေးတွေ လှူလိုက်ပါသတဲ့။

ဟိုးအရင်က ကျမ ဖတ်ခဲ့ဖူးတာလေးပါ။ ကဗျာကိုသာ သေချာမှတ်မိပြီး အကြောင်း အရာက ကျမ စိတ်ထဲ မှတ်မိသလောက် ပြန်လည်ဖော်ပြတာမို့ အနည်း အကျဉ်း လွဲမှားကောင်း လွဲမှား နိုင်ပါတယ်။

အဲဒီအကြောင်းအရာလေး ဖတ်မိစဉ်ကတည်းက ငွေကြေးမပြေလည်ချို့တဲ့ရှာတဲ့ စာရေးဆရာတွေဘ၀ကို ကျမစိတ်မကောင်းဖြစ်ခဲ့မိတယ်။ စာရေးဆရာတိုင်းတော့ မဟုတ်ကြပါဘူး။ ချမ်းသာတဲ့ ပြေလည်တဲ့ စာရေးသူတွေ တပုံကြီးရှိပါတယ်။ ဆရာကြီးဦးရန်အောင်တို့ခေတ်က ငွေကြေးတန်ဖိုး မြင့်မားနေချိန်မှာတောင် ခုလို ချို့တဲ့မှုနဲ့ ကြုံရတယ်ဆိုတော့ ခုခေတ်မှာဆို ပိုပြီး ဆိုးနိုင်ပါတယ်။ စာမူခတွေ ဘယ်လောက်တိုးပေးပေး စားဝတ်နေရေး လုံလောက်စေတဲ့ ငွေကြေး ရနိုင်ရဲ့လား ကျမတွေးမိပါတယ်။

ဟိုတနေ့က ညီလင်းဆက်ဘလော့မှာ ဖတ်လိုက်ရပါတယ်။ အိုင်ဒီယာမဂ္ဂဇင်းက သူ့ကို စာမူခ ၅၀၀၀ ကျပ် ပေးပါသတဲ့။ စာရေးသူတယောက်ဟာ တလကို ဘယ်နှပုဒ်ရေးနိုင်မလဲ။ ၁၀ ပုဒ်ရေးနိုင်ရင် တလကို ငါးသောင်း၊ ၂၀ ပုဒ် ရေးနိုင်ရင် တသိန်း၊ ဒီခေတ်မှာ တသိန်းနဲ့ မိသားစု တလ ရပ်တည်ဖို့ မလွယ်ကူလှပါဘူး။ တကယ်လို့ နာမည်ကြီး စာရေးသူကို စာမူခပိုပေးတယ်ဆိုရင်လည်း တပုဒ် တသောင်းထက်တော့ မပိုလောက်ဘူးထင်တာပါပဲ။ ဒါကြောင့် စာရေးခြင်း သက်သက်နဲ့သာ အသက်မွေးဝမ်းကျောင်းပြုတဲ့ စာရေးဆရာ တယောက်ရဲ့ ဘ၀ ရပ်တည်မှုဟာ အဆင်ပြေနိုင်ပါ့မလား … ကျမ စဉ်းစားနေမိတယ်။

တလောက ကျမနဲ့ခင်မင်ရင်းနှီးတဲ့ အားကစားဂျာနယ်တခုက အယ်ဒီတာပေါက်စ တယောက်နဲ့ ဆုံဖြစ်တော့ သူကပြောပြတယ်။ သူ့ဆရာ (အားကစားဂျာနယ် လောကမှာ နာမည်ကြီးသူ) တဦးဟာ တလ၀င်ငွေ သိန်း ၃၀ နဲ့ ၄၀ ကြားမှာ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလိုစာရေးသူတွေလည်း ရှိပါတယ်။ ခုခေတ် Best seller စာရင်းဝင် စာရေးဆရာတွေလည်း စာရေးခြင်းနဲ့ အဆင်ပြေပြေ အသက်မွေးနိုင်ပါရဲ့။ ဒါပေမဲ့ … အဆင်မပြေတဲ့ စာရေး ဆရာတွေလည်း တပုံကြီး ရှိနေဆဲပါပဲ။

ဆရာကြီးဦးရန်အောင်တို့ခေတ်မှာလည်း အဆင်ပြေတဲ့ စာရေးဆရာတွေရှိတာပါပဲ။ ဥပမာ - ဆရာမဟာဆွေဆိုရင် ရုပ်ရှင်ဆင်ဆာလူကြီးအနေနဲ့လည်း လုပ်ရပါသတဲ့။ တခါထိုင်ကြည့်ပေးရင် ငွေ ၃၀ ကျပ် ရတယ်လို့ဆိုပါတယ်။
“ဒါပေမဲ့ ကျုပ်တို့အဖို့တော့ ရှုံးပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်ရှင်ကြည့်ချိန် လောက် စာထိုင်ရေးမယ်ဆိုရင် တဖောင်တော့ အနည်းဆုံးပြီးတာပေါ့၊ တဖောင် ဆိုရင် ၅၀၊ အခုတော့ ၃၀”
လို့ ဆရာကြီးမဟာဆွေက ပြောခဲ့ဖူးပါသတဲ့။

မဂ္ဂဇင်းမှာ ကျမ စာစရေးဖြစ်ခဲ့တဲ့ ၁၉၈၉ ခုနှစ်တုန်းက စာမူခ ၁၅၀ ကျပ်ရပါတယ်။ အဲဒီအချိန် စား/ဖျော်ကထုတ်တဲ့ ရွှေဝတ်မှုန်မဂ္ဂဇင်းကတော့ ၃၀၀ ကျပ်ပေးတယ်။ ၃၀၀ ကျပ်ဆို ကျမမှာ များလှပြီဆိုပြီး ၀မ်းသာလိုက်ရတာ။ တချို့မဂ္ဂဇင်း ကတော့ ၂၀၀ ကျပ် ပေးပါတယ်။ ဒီလိုနဲ့ စာမူခတွေ တက်လာလိုက်တာ ကျမနောက်ဆုံး ရေးတဲ့ ၂၀၀၄ ခုနှစ်မှာတော့ စာမူခ ၁၅၀၀ - ၂၀၀၀ ကျပ် ဖြစ်နေပါပြီ။ ဒါပေမဲ့ စာမူခ သွားထုတ်တဲ့ မြို့ထဲ အသွားအပြန် ကားခနဲ့တွင် စာမူခက ကုန်သွား ပါရောလား။ နောက်ပိုင်းတော့ ကျမလည်း ဘယ်ဆီမှ မပို့တော့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ဖတ်ပဲ လုပ်နေခဲ့တော့တာပါပဲ။

တခုစဉ်းစားမရတာက ၀တ္ထုဆိုရင် စာမူခပိုရပြီး ကဗျာဆိုရင် နည်းနည်းပဲရပါတယ်။ ခုတော့ ဘယ်လိုလဲ မသိပါဘူး။ ကျမသိသလောက် ၀တ္ထုတိုတပုဒ်ကို ၁၅၀ ပေး တုန်းက ကဗျာတပုဒ် ၅၀ နဲ့ ၇၅ ကျပ် လောက်သာ ရပါတယ်။ ကဗျာတပုဒ်ဟာ ၀တ္ထုထက်တိုပေမဲ့ ကဗျာရေးရတာ ပိုခက်ပြီး သူ့အတွက် အချိန်ပေးရတာဟာ ၀တ္ထု ထက် ပိုပြီး ကြာကောင်းကြာနိုင်ပါတယ်။ ဒါကို စာမူခကျတော့ ဘာလို့နည်းပေး ရတာလဲဆိုတာ ကျမ မတွေးတတ်ခဲ့ပါဘူး။ ကဗျာဆရာတွေဘက်က ကျမ မခံမရပ်နိုင်ဖြစ်မိပေမဲ့ ဒါဟာ ကျမတို့ရဲ့ စာနယ်ဇင်းလောကမှာတော့ ထုံးစံ တခုလို ဖြစ်နေတာပါပဲ။

ကဗျာဉာဏ် ပါရမီ ရင့်သန်လှတဲ့ ဆရာကြီးဦးရန်အောင်လိုမျိုးပုဂ္ဂိုလ်ကြီးကတော့ ချက်ချင်း လက်တန်း ကဗျာစပ်နိုင်တာပေါ့။ အပေါ်မှာဖော်ပြခဲ့တဲ့ ကဗျာမျိုး … ဟိုတလောက ကျမရေးခဲ့ဖူးတဲ့ “လိုက်ကြမလား” ပို့စ်ထဲက ဆရာကြီးဒဂုန်တာရာရဲ့ တဟီတီကို ကာရန်နဲ့ ပြန်ရေးတဲ့ “ကဗျာမျိုး” … ဆရာကြီးဟာ ချက်ချင်း လက်တန်းရေးခဲ့တာချည်းပါပဲ။ နောက်တပုဒ် ဆရာကြီး လက်တန်းရေးခဲ့တာကို ထပ်ပြီး ဖော်ပြချင်ပါသေးတယ်။ ဒီကဗျာ ရေးဖြစ်ပုံက …. ဒီလိုပါ။

ရှုမ၀မဂ္ဂဇင်းတိုက်မှာ စာမူခသွားထုတ်တော့ ပိုင်ရှင် ဦးကျော်က မရှိပါဘူး။ ရုပ်ရှင်သွားကြည့်နေပုံရပါတယ်။ အယ်ဒီတာ ဦးကြီးမောင် (ငွေဥဒေါင်း) သာရှိပါ တယ်။ ဆရာကြီးက စာမူခ ငွေမလိုချင်ဘူး။ မဂ္ဂဇင်းစာအုပ်သာ လိုချင်တာကြောင့် မဂ္ဂဇင်းပေးဖို့ပြောတော့ ငွေဥဒေါင်းက ဘယ်နှစ်အုပ်ပေးရမှန်း မဆုံးဖြတ်တတ် တာနဲ့ နောက်တခေါက် ထပ်လာဖို့ ပြောတဲ့အခါ … ဆရာကြီးက ကဗျာတပုဒ် လက်တန်းရေးကာ ပေးခဲ့သတဲ့။

ဆရာကြီးက ဘာလို့ ငွေမလိုချင်ဘဲ စာအုပ်ပဲ လိုချင်ရသလဲဆိုတာလည်း အကြောင်းရှိပါတယ်။ ငွေကိုယူရင် ပေးရသူကလည်း တာဝန်ကြီးလို့ အားနာဖို့ ကောင်းတာကတကြောင်း အလျဉ်းမသင့်ရင် ရတောင် မရတတ်တာက တကြောင်း ကြောင့်ရယ်ပါ။ စာအုပ်ဆိုတော့ ပေးရသူမှာလည်း ချောင်ချိ၊ သူလည်း လောလောလတ်လတ်ရ၊ ပြန်ရောင်းပေးသူအတွက်လည်း ကော်မရှင်ရနိုင်တယ် လို့ ပြောပါသတဲ့။ ဆရာကြီးဟာ စာမူခအစား စာအုပ်ယူပြီး ပြန်ရောင်းတဲ့စနစ်ကို သဘောကျပုံရပါတယ်။

ဒါနဲ့ပဲ ခုလို ကဗျာတပုဒ် ဦးကျော်အတွက် ရေးစပ်ပေးခဲ့တယ်။

“ကျော်ဆရာ၊ သော်ရတနာ ထုပ္ပတ်ဖိုးကိုလ၊ မညှိုးအောင် လိုချင်လှပါလို့၊ ရောက်ရပါဘိ။
ဦးထုပ်ဆွဲပါလို့၊ ရိပ်ပွဲကိုသွားဟန်ထင်ရဲ့လို့၊ ငငွေစင် ဒေါင်းလဥရယ်က၊ ညွှန်းပြုလို့ သည်မောင်ပြန်၊ နောက်တဖန် လာခဲ့ဦးမည်ပ၊ ဓနဆို စက္ကူကက်ကို၊ မပျက်အောင် ထုတ်မထားပါနဲ့၊ ဘုတ်များသာ ရလိုကြောင်း၊ တောင်းပန်ပါ၏။”


ဒါကို ဖတ်ရပြီး ကျမမှာ စာရေးသူတွေရရှိတဲ့ ငွေကြေးပမာဏနဲ့ သူတို့ရဲ့ ဉာဏ်နဲ့ ဦးနှောက်ကို အသုံးပြုရတာ တန်ဖိုးညီမျှပါရဲ့လား စဉ်းစားမိပါတယ်။ နိုင်ငံတကာက စာရေးသူတွေရော … ဘယ်လိုမျိုးပါလိမ့် … ။ ကျမတို့နိုင်ငံမှာတော့ ရွှေ၊ ငွေ၊ ရတနာပစ္စည်းတွေ၊ အခြေခံစားကုန်ဈေးနှုန်းတွေ တန်ဖိုး ဘယ်လောက် မြင့်နေ ပေမဲ့လို့ ဦးနှောက်ထွက်ကုန်မှာကျတော့ တန်ဖိုးနိမ့်ကျလှချည်လားရယ်လို့ မချိတင်ကဲ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၁၃၊ ဇူလိုင်၊ ၂၀၀၇
၀၀ နာရီ ၁၅ မိနစ်

ကိုးကား။ … ။ ငွေဥဒေါင်း၏ စာဝင်္ကပါ

3 comments:

ကလိုစေးထူး said...

စာမူတပုဒ် ငါးထောင်ဆိုတဲ့ နှုန်းထားကတော့ နည်းလွန်းတယ်လို့ မြင်မိတယ်။ ဒီဘက်က အင်တာနက်ဂျာနယ်တချို့တောင် ဥပမာ ခေတ်ပြိုင်ဆိုရင် ဆောင်းပါးတပုဒ် ထိုင်းဘတ်ငွေ ငါးရာ၊ ကဗျာ အတွက် သုံးရာ ပေးတာမျိုး။ တဘက်က ကြည့်ပြန်တော့လဲ မြန်မာပြည်ရဲ့ စာအုပ် ထုတ်ဝေရတဲ့ ပုံစံကိုက ဒီလိုမျိုး စာမူခတွေ နည်းစေတဲ့ အချက်လားတော့ မသိ။ စာပေ အသိုင်းအ၀ိုင်းမှာ ကျင်လည်တဲ့လူတွေက ဒီထက် ပိုသိနိုင်မယ်ထင်တယ်။ ကဗျာကို တခြားစာတွေနဲ့ တန်းတူ စာမူခ မပေးတာကို ကျနော်လဲ သဘောမကျဘူး။ ကဗျာက စကားလုံးကို ကျစ်လစ်အောင် ရေးဖွဲ့ရလို့ ပိုတောင် အားစိုက်ရလိမ့်အုံးမယ်။

Anonymous said...

hee hee
I love this post.
I get 4000 kyats for one article.
hee . It's enough . Ma May.
:D

Anonymous said...

အစ်မရေ ...
စာမူခ တစ်ပုဒ် ၅၀၀၀၊ အပုဒ် ၂၀ ဆိုမှ တစ်သိန်း၊ မြန်မာ့ စာပေလောကမှာ လတိုင်းလတိုင်း တစ်လကို စာ အပုဒ်၂၀ ပါနေတဲ့ စာရေးဆရာ ဘယ်မှာများ ရှိလို့လဲအစ်မရယ်။ စာရေးဆရာတစ်ယောက် တစ်လကို အများဆုံး ပါနိုင်မှ မဂ္ဂဇင်း ၄ - ၅ အုပ်မှာ စာလေး ၄ - ၅ ပုဒ်ပေါ့။ ၀တ္ထုတို စာရေးဆရာ ဆိုတဲ့ အလုပ်တစ်ခုတည်းနဲ့တော့ ဖြစ်နိုင်မယ်မထင်ပါဘူးလေ။
ကို စေးထူးရေ ... ခေတ်ပြိုင်တို့ ဘာတို့က သူတို့ကို ထောက်ပံ့ထားတဲ့ funds တစ်ခုခု ရှိလို့ ဒါမျိုးပေးနိုင်တယ်နဲ့တူပါရဲ့။ ပြည်တွင်းမှာ ကြော်ငြာတစ်ခုတည်း အားကိုးနေရတဲ့ မဂ္ဂဇင်းတွေကတော့ ပေးနိုင်ဖို့ လမ်းမမြင်မိပါဘူး။