Wednesday, July 04, 2007

အပျင်းပြေ ဖတ်ဖို့ ...

ခုတလော ကျမ ဟာသတွေပဲ ဖတ်ချင်နေတယ်။ သဘာဝကျကျ မကျကျ ဟာသ ဆိုပြီးရော ဖတ်နေမိတာ။ တနေ့ကလည်း အကြည်တော်ရဲ့ အရောင်းထိုင်းခယ်မ ဆိုလား ဘာဆိုလား ဖတ်ပြီး တယောက်ထဲ တခွိခွိရယ်နေလို့ အိမ်က ဂေါက်များ သွားလေရော့သလား တစေ့တစောင်း အကဲခတ်နေကြသေး။ အကြည်တော် ကလည်း လူတယောက်ရဲ့ ရုပ်ဆိုးချက်ကို ပြောင်မြောက်တဲ့စကားလုံးတွေသုံးပြီး ဖွဲ့လည်း ဖွဲ့တတ်ပါပေ့။ နဖူး ဆံစကနေ လည်ပင်းထိ တထွာသာသာလေးကို ရေးဖွဲ့ထားလိုက်ပုံများ စာနှစ်မျက်နှာ ကုန်တယ်။ အဲဒီလောက်ထိ စကားလုံး ကြွယ်ဝတာ။ ဘာပဲဖြစ်ဖြစ် ဟာသတွေ ဖတ်နေရတာ စိတ်လက်ပေါ့ပါး လန်းဆန်း တယ်။ ဟာသရသဆိုတာ ဟဒယနှလုံး ကိုရွှင်ပြုံးစေသော ဆေးတခွက်ပေပဲ။

ဒီဟာသ ဇာတ်လမ်းတိုလေးကလည်း ဟိုတလောက ဖတ်တဲ့ ဟဒယ မဂ္ဂဇင်းထဲက ပါပဲ။ “ဗမာလို ဘယ်လိုပြောရပါ့” တဲ့။ ကျမ ဖတ်ကြည့်ပြီး ရယ်ရတာနဲ့ ကျန်သူ များလည်း ကျမလိုပဲ ရယ်ကြရအောင် ဘလော့မှာ တင်လိုက်တာပါ။ ဒီဝတ္ထု ဖတ်ရင်းနဲ့ မြန်မာပြည်နဲ့ အနေဝေးကွာနေသူများ ဒီဝတ္ထုလေးထဲကလို ဗမာ စကားလုံး ဝေါဟာရတွေ မေ့များ မေ့ကုန်မလားရယ်လို့ ကျမတွေးနေမိတယ်။ အဲ… ကိုသက်ဦးကတော့ ဗမာလိုမွှတ်နေအောင် ပြောနိုင်သူ လို့ သူ့ကိုယ်သူ ဆိုတာပဲ။
အခု ဒီဝတ္ထုလေးကို ဖတ်ကြည့်ကြပါဦး … ။ ဂျက်ကွမ်းခြံကုန်း ရေးတာပါ။ ဧပြီလထုတ် ဟဒယမဂ္ဂဇင်းမှ ဖြစ်ပါတယ်။
***
ဗမာလိုဘယ်လိုပြောရပါ့
***
(တစ်)
သပွတ်အူ ဇာတိချက်မြှုပ် မောင်စိုးမြင့်ခေါ် ရွှေပွတ်စိုးမြင့်တစ်ယောက် သည်တစ်ခါ ရန်ကုန်မြို့တော်မှ ပြန်ဆင်းလာပြီးကတည်းက ဘဇာစကားကိုပဲ ပြောလိုက် ပြောလိုက် …
“အဲ … ဗမာလို ဘယ်လိုပြောရမလဲ ဆိုတော့ကာ … ဗမာလို ဘယ်လိုပြောရမလဲ ဆိုတော့ကာ …”
ဟု၍ အ-ထစ် အ-ထစ်ကြီးဖြစ်၍ နေတော့ကာ စကားကို ရှေ့ဆက်၍ မရနိုင်တော့ ဘဲ အနီးအနားရှိအမြင်မတော်သူ တဦးတယောက်က ဗမာလို ဘဇာသို့ခေါ်ဆိုပေ သည်ဟု စကားထောက်ပေးလိုက်ပါမှ သူ၏ ပြောလက်စ စကားတို့ လျှောခနဲ ဖြစ်သွားတတ်ကြောင်း သတင်းသည် သပွတ်အူရွာနီးချုပ်စပ်၌ ဝေ့၀ဲလွင့်ပျံ့၍ နေသည်မှာ အတော့်ကိုကြာခဲ့ပြီ ဖြစ်ပါ၏။

‘ဘာသာမျိုးခြား စာစကား သင်ကြားသင့်သည်မှတ်’ ဟူသော အဆိုကို ကျွန်ုပ် လက်ခံသမှု ပြုပါ၏။ သပွတ်အူကျေးလက်နေ လူငယ်လူရွယ်လေးများမှာ တော်ကြာနေ ရန်ကုန်တက်သွားလိုက်ကြ၊ တော်ကြာနေ ရန်ကုန်တက်သွားလိုက် နှင့် အင်းဂလိရှ် (English)၊ ချိုင်းနိစ် (Chinese)၊ ဖရဲန့်စ် (France)၊ ဂျပဲန်းနိစ် (Japanese) စသည်စသည် လန်းဂွိတ် (Language) အထွေထွေကို လေ့လာ သင်ယူကျက်မှတ်နေကြသည်ကိုလည်း အကျွန်ုပ်က လက်ခံပါ၏။ နောက်ဆုံး တနေ့ မိမိတို့ သပွတ်အူသို့ မိမိတို့ ပြန်လည်ရောက်လာကြကာ သမ္ဗာန်ခတ်မြဲခတ်၊ ထင်းခုတ်မြဲခုတ်၊ မျှစ်ချိုးမြဲမျှစ်ချိုး၊ ရိုးရာဓလေ့တို့ မမေ့ကြသည့်တိုင် ဘာသာမျိုး ခြား စာစကား သင်ထားအပ်ပေစွာ ဟုသာ ကျွန်ုပ်က လက်ခံသဘောပိုက်ပါ၏။ တတ်ထားလျှင် ကောင်းသမို့ဥစ္စာ။

အနို့ကြောင့် တနေ့သ၌ ရွှေပွတ်စိုးမြင့်က
“ဆရာကြီးဂျက် … မိမိရန်ကုန်သို့သွား၍ အင်္ဂလိပ်လန်းဂွိတ်ကလေး ဘာကလေး လေ့လာစေ့ငုချေဦးမဗျာ”
ဟုဆိုလာလေသောအခါ ကျွန်ုပ်ကိုယ်တိုင်ကပင် အားပေးသမှု ပြုခဲ့မိခြင်း ဖြစ်ပါ၏။ ယခုမူ ရွှေပွတ်စိုးမြင့် စတိုင်လ်ပြောင်းချေကပြီ။ အထက်တနေရာ၌ ကျွန်ုပ်ဖော်ပြ ခဲ့သလို ရန်ကုန်တွင် အင်္ဂလိပ်လန်းဂွိတ် ဆိုသဟာကြီးကို သွားလုပ်ပြီးသည်၏ နောက် သပွတ်အူသို့ ပြန်ရောက်လာပြီးချေကတည်းက စကားပြောတိုင်း ဗမာလို ဘယ်လိုပြောရပါ့ … ဗမာလို ဘယ်လိုပြောရပါ့ … နှင့် ထစ်၍ ထစ်၍ နေတတ် ကြောင်း သတင်းကြီး၍ နေတော့ရာ မတွေ့ရတာ ကြာတောင်ကြာခဲ့ပြီဖြစ်သော ကျွန်ုပ် ဂျက်ကွမ်းခြံကုန်းသည် တနေ့သ၌ အနှီရွှေပွတ်စိုးမြင့်တို့ စတည်းချလေ့ရှိ သော ဘကြီးကြွက်သိုးတို့၏ ထန်းတောထဲသို့ ရုတ်ချည်းဆိုသလို ၀င်ရောက်သွားခဲ့ မိပါ၏။ ရွှေပွတ်စိုးမြင့်အား အကဲခတ် စေ့ငုလေ့လာနိုင်ရန် အလို့ငှာတည်း။
***
(နှစ်)
သပွတ်အူရွာထိပ်ရှိ ဘကြီးကြွက်သိုးတို့၏ ထန်းတောထဲမှ အနှီစကားဝိုင်းကလေး သည် တောင်ရောက်မြောက်ရောက်နှင့် အတော့်ကို စည်ကားလှပါကဘိ။ ဦးဆောင်သူမှာ ရွှေပွတ်စိုးမြင့်တည်း။

“လူတယောက်ရဲ့ အနုပညာခံစားမှုဟာ သူ့ရဲ့ ချိုင်းလ်ဟု (childhood) ကို ဗမာလို ဘယ်လိုပြောမလဲ … ချိုင်းလ်ဟု (Childhood) …”

ဤနေရာ၌ ရွှေပွတ်စိုးမြင့်သည် ချိုင်းဟု (Childhood) ကို ဗမာလို ဘယ့်နှယ့်ပြောရ ပါအံ့ဟု ထစ်၊ အ၊ တုံ့၊ ဆိုင်း၍ မျက်လုံးကလေး ကလယ်ကလယ် ဖြစ်၍ နေတော့ ရာ အနီးရှိ လောကဓံထိုက်ထိုက်က ‘ကလေးဘ၀’ ဟု ၀င်ထောက်ပေးလိုက်ပါမှ အလုံးကြီး ကျသွားဟန်ဖြင့် …

“အဲ .. ဟုတ်တယ် .. ဗမာလို ကလေးဘ၀ပေါ့ … အနုပညာခံစားမှုဟာ ကလေး ဘ၀နဲ့လည်း ဆိုင်တယ်ဗျ” ဟု စကားကိုဆက်ချေ၏။
“သဟာနဲ့ ရွှေပွတ်စိုးမြင့် … လူတယောက်ရဲ့ အနုပညာခံစားမှုဟာ … ပတ်ဝန်းကျင် နဲ့ရော မဆိုငဘူးလားဗျာ”
“အဟော် … ဆိုပါသော်ကောဗျာ … ကလေးဘ၀ရော … ပတ်ဝန်းကျင်ရော … နောက် … အိပ်စ်ပရီးရီးယင့် (Experience)ပေါ့၊ ဗမာလို ဘယ်လိုပြောမလဲ …”

ရွှေပွတ်စိုးမြင့် ထစ်၊ အ၊ တုံ့၊ ဆိုင်းပြန်ချေကပြီ။ လောကဓံထိုက်ထိုက်ကပင် ထောက်ပေးရပြန်ပါ၏။
“အတွေ့အကြုံ”
“အဲ … ဟုတ်တယ် … အတွေ့အကြုံ … အတွေ့အကြုံကလည်း အနုပညာခံစားမှု မှာ အရေးကြီးတာပါပဲ”

အိပ်စ်ပရီးရီးယင့်ကို ဗမာလိုဘယ်လိုပြောရမှန်းမသိသူ ရွှေပွတ်စိုးမြင့်သည် လောကဓံထိုက်ထိုက်က အတွေ့အကြုံဟု ထောက်ပေးလိုက်တော့မှ ချောကာ မောကာ သွားဘိချေ၏။

“သည်ကနေ့လူငယ်တွေဟာ အတိတ်ကိုမေ့လွန်းတယ်ထင်မိတယ် ရွှေပွတ်စိုးမြင့် ရယ်”
“မှန်တယ်၊ ဒါဟာ … အမှားပဲ … သူတို့ကိုတွေးဖို့ ရေးဖို့ မဆိုလိုပါဘူး … အနို့သော် ကလစ်စစ် (Classic) ဟုတ်တယ် (Classic) အဲ … ဗမာလိုဘယ်လိုပြောမလဲ”
“ရွှေပွတ်စိုးမြင့်တယောက် ထစ်၊ အ၊ တုံ့၊ ဆိုင်း၍ သွားပြန်ချေ၏။ ဤ၌မူ ထွန်းထွန်း (အလွမ်းကမ္ဘာ)က ထောက်ပေးလှာချေသည်။

“ဂန္ထ၀င်”
“ဟုတ်ပြီ၊ ဂန္ထ၀င် … ဂန္ထ၀င်ထဲမှာမှ အမျိုးသားအမွေအနှစ်ကို တွေ့နိုင်တာ၊ လေ့တော့ လေ့လာသင့်တာပေါ့ … တခါတခါ ဂန္ထ၀င်တွေကို ဖြတ်သန်းရင်းနဲ့ အင်စပိုက်ရေးရှင်း (Inspiration) ဗမာလို ဘယ်လိုပြောမလဲ”
“စိတ်ကူးစိတ်သန်း…”
“အဲ … ဟုတ်တယ် … စိတ်ကူးစိတ်သန်းရချင် ရလာတတ်တာ”
“ဒါပေမဲ့လည်း ရွှေပွတ်စိုးမြင့်ရယ် အခုခေတ်က အနုပညာအပေါ် အာရုံမရှိကြသလို ပါပဲ”
“အေးလေ … အင်းဖော်မေးရှင်းအေ့ရှ် (Information Age) ဗမာလို ဘယ်လို ပြောမလဲ”
“သတင်းခေတ်”
“အဲ … ဟုတ်တယ် … သတင်းခေတ် ဆိုတော့ လူတွေဟာ နောလစ်ဂ်ျ (Knowledge) ဗမာလို ဘယ်လိုပြောမလဲ”
“အသိပညာ”
“ဟုတ်ပြီ … အသိပညာမှာတင် ရပ်တန့်သွားကြတယ်၊ အီမိုးရှင်း (Emotion) ဗမာလို ဘယ်လိုပြောမလဲ ….”
“စိတ်ခံစားမှု”
“အဲ … ဟုတ်ပါရဲ့ … စိတ်ခံစားမှုဘက်ကို အားလျော့သွားကြတယ် … ဒါအမှားပေါ့”

ထွန်းထွန်း(အလွမ်းကမ္ဘာ)သည်ကား ရွှေပွတ်စိုးမြင့် ဗမာလိုဘယ်လိုပြောရမှန်း မသိသည့် Classic, Inspiration, Information Age, Knowledge, Emotion စသော ဝေါဟာရပဒေသာကို ဂန္ထ၀င်။ စိတ်ကူးစိတ်သန်း၊ သတင်းခေတ်၊ အသိပညာ၊ စိတ်ခံစားမှု … စသည်စသည်ဖြင့် ဗမာလိုပြောထည့်ပြီးလိုက်သည်၏ နောက် နွမ်းလျသွားဟန်ဖြင့် ပင်ကျရည်တခွက်ကို မော့ချထည့်လိုက်ပြီးသည်၏ သကာလ ဖားကြော်တဖတ်ကို ကောက်ယူကာ ၀ါးလျက်နေတော့ချေ၏။

“ရသစာပေ အားနည်းသွားတယ် ရွှေပွတ်စိုးမြင့်ရဲ့”
“ဒါပေါ့ … ခုဆို .. နွန်းဖစ်ရှင် (Non-fiction) ဗမာလိုဘယ်လိုပြောမလဲ”
“၀တ္ထုမဟုတ်တဲ့ စာပေ”
“ဟုတ်တယ် … ၀တ္ထုမဟုတ်တဲ့စာမျိုးကို လူတွေက ပိုဖတ်လာကြတယ်”
ထွန်းထွန်း(အလွမ်းကမ္ဘာ)က ရွှေပွတ်စိုးမြင့် ဗမာလိုဘယ်လို ပြောရမှန်းမသိသည့် Non-Fiction ကို ၀တ္ထုမဟုတ်တဲ့စာပေဟု ထောက်ပေးခဲ့ရပြန်ပါချေ၏။

အနှီသို့စကားကောင်းနေကြစဉ်အခိုက်ဝယ် မိန်းမရွယ်တဦး ခပ်သုတ်သုတ်ရောက် လာပြီးသည်၏သကာလ ရွှေပွတ်စိုးမြင့်ကို ခပ်တိုးတိုးစကားကပ်ပြောကာ ခပ်သုတ်သုတ်ပင်လျှင် ပြန်လည်၍ ထွက်ခွါသွားချေ၏။

“အင်း ကိစ္စပေါ်ပြီ … ကိုယ့်ရဲ့ စတက်ဖ်ဖားသား (Step-father) ဗမာလိုဘယ်လို ပြောမလဲ”
“မင့်အမေရဲ့ နောက်ယောက်ျား … မင့်ပထွေးပေါ့”
“အဲ … ဟုတ်ကဲ့ … ကျွန်တော့်မိခင်ရဲ့ နောက်အိမ်ထောင် … အကျွန့် စတက်ဖ် ဖားသားကြီး ကျန်းမာရေးအခြေအနေ ဆိုးလာလို့ … ခွင့်ပြုကြလင့်ပါဦး အဆွေတို့”

အနှီတကြိမ်၌မူ Step-Father ကို ‘မင့်အမေရဲ့ နောက်ယောက်ျား မင့်ပထွေး’ ဟု ဗမာလိုပြောလိုက်သူမှာ ကျွန်ုပ်ဂျက်ကွမ်းခြံကုန်းသာ ဖြစ်ပါ၏။ ရွှေပွတ်စိုးမြင့် သည်ကား ဘကြီးကြွက်သိုး၏ ထန်းတောထဲမှာ ခပ်သုတ်သုတ်ကလေး ကျောခိုင်း ထွက်ခါသွားခဲ့ပြီ ဖြစ်သတည်း။ … ။
=============
- ဂျက် ကွမ်းခြံကုန်း -
***
ပြီးပါပြီရှင် … ။
ပြီးအောင် မနည်းကြိုးစားပြီး ရိုက်ပေးလိုက်ပါတယ်။ ကျမကိုယ်တိုင် မရေးနိုင်သေး တဲ့ အချိန်မှာ ရယ်စရာဟာသလေးတွေဖတ်ပြီး အပျင်းပြေနိုင်ကြပါစေ … လို့ … ။
***
မေဓာဝီ
ဇူလိုင် ၄၊ ၂၀၀၇
နေ့ ၁၁ နာရီ

10 comments:

Ko Tian said...

Dear Ma May,

Really funny. In here, I too frequently use the words ‘How to say… How to say’ especially in such a case I cannot find the appropriate words to continue my speech. After I have read your post, I think I should refrain from using the words like ‘How to say in Burmese…’ when I am back.

Actually, I could see the message you like to deliver to the readers.

Thank you for sharing.

pandora said...

ဟီးဟီး ရယ်လိုက်ရတာ. အခုလိုစာရိုက်ပေးတဲ့ မမေရဲ့ effort အဲ ဗမာလို ဘယ်လိုပြောမလဲ အားထုတ်မှုပေါ့နော်.. အဲဒါကို appreciate ဖြစ်ပါတယ်လို့.. ဗမာလိုဘယ်လိုပြောမလဲ. . ကျေးဇူးတင်ပါတယ်ပေါ့နော်..
ဟူး.. ဗမာစကားတွေနဲ့ ဘိုလိုတွေ mix ဖြစ်တော့လည်း မောလိုက်တာ။ အဲ ဗမာလို ဘယ်လိုပြောမလဲ .. ရောနေတယ်ပေါ့နော်.. ပေါ့နော်

Min Min said...

ဟုတ်တယ် မမေ တစ်ခါတစ်လေလည်း မြန်မာစာလုံးတွေ မေ့မေ့နေတတ်တယ်။ ကျွန်တော်တော့ မေ့ရင် မပြောတော့ဘူး။ ငြိမ်နေတာကောင်းမယ်ထင်တယ်။ အဟဲ .. ခုတစ်လော ဟာသစာလေးတွေပဲ ဖတ်ချင်နေတယ်။ ကျွန်တော့ဘလော့တောင် ၁၉၈၅ နောက်ပိုင်းအကြောင်းလေးတွေ ရေးမလို့ပဲ .. စိတ်ညစ်စရာ ကောင်းမှားဆိုးလို့ ..ရယ်စရာတွေပဲ တင်တာကောင်းမယ်ထင်တယ်။ ကျေးဇူးပါ

s0wha1 said...

မမေရေ...အဆုံးသတ်လေးကို တခွိခွိနဲ့ ကြိတ်ရယ်ရာကနေ ခွက်ထိုးခွက်လန်ကို ရယ်မိတယ်...ခုလို မျှဝေပေးတာ ကျေးဇူးဥပကာယ တင်ရှိပါကြောင်း...:P

Thet Oo said...

မြန်မာစကားကို second language အဖြစ်ပြောနေတဲ့ မြန်မာပြည်သားတွေကို တွေ့မှ ကိုယ်မြန်မာလိုဘယ်လောက် မွှတ်နေအောင် ပြောနိုင်လဲ ဆိုတာသိပါလိမ့်မယ်။ ကျနော်လည်း ဟိုးအရင်က မသိခဲ့ဘူး။ ခုနောက်ပိုင်းမှ နေရာအနှံ့ လူအစုံနဲ့တွေ့မှ ကိုယ့်ကိုယ်ကိုယ် မွှတ်နေအောင် ပြောတတ်မှန်းသိတော့တယ်။

ခင်မင်းဇော် said...

မေရေ
အန်တီစုရဲ့ အရည်အချင်းတွေထဲမှာ အဲဒီလို မဖြစ်အောင် ပြောတတ်တာလဲ ပါတယ်ကွယ့်၊
အန်တီက စကားပြောတိုင်း မလိုအပ်ပဲ ဘယ်တော့မှ အင်္ဂလိပ်စကားကို ညှပ်မပြောဘူး။
ပြည်ပမှာ အနေဘယ်လောက်ကြာကြာ ဗမာစကားကို ကိုသက်ဦးလိုပဲ မွှတ်နေအောင်ပြောတတ်တယ်လေ၊
ဒီပို့စ်လေးက ကောင်းလိုက်တာ။

SuN said...

အသက် ၃-၄-၅ နှစ်က နိုင်ငံခြားရောက်လာတဲ့ ကလေးတွေ ဗမာလို သိပ်မတတ်တာ ထားပါ.. ခွင့်လွှတ်လို့ ရပါတယ်။ ၁၀-၁၅ နှစ်မှ ရောက်တဲ့ကလေးတွေ လည်း နဲ နဲ လက်ခံလို့ ရပါသေးတယ်။ တချို့  အသက် ၃၀ ကျော် ၄၀ မှ ရောက်လာပြီး “ ဗမာလို မရေးတတ်တော့ဘူး မပြောတတ်တော့ဘူး” ဆိုပြီး “ ပဲ” လုပ်ပြီး ပြောနေတဲ့ ဦးဦးဒေါ်ဒေါ် တွေ မျက်စိနဲ့ တတ်အပ်မြင်ဘူးပါတယ်။ အဲ့ဒါတွေ က ဟိုး ဗမာနဲ့  အနေဝေးတဲ့ Germany, Spain, Italy ဆို နဲ နဲ လက်ခံပါသေးတယ်။ ခုဟာက ဗမာတွေ မှိုလိုပေါက်နေတဲ့ မြေပုံပေါ်မှာ Dot( အစက်) သာသာရှိသော နိုင်ငံမှ ဦးဦးဒေါ်ဒေါ် များက ပြောတာပါ။

mgphyu said...

ko tian,
in here ဆိုတာရှိလားဗျ။ မသိလို့မေးကြည့်တာနော်၊ တစ်မျိုးမထင်ပါနဲ့။ ကျေးဇူးတင်ပါတယ်။

Min Min said...

Hi Maung Phyu

I am not so sure about that vocabulary regarding In here,!! But i am assure you that I often use that words to describe where I belong without mentioning the country name.

For Eg: Here in Yangon, We have several type of fruits. In here, Most people cant speak well in Burmese.

Just my view, any one can comment it.

မျက်လုံး said...

ဝေါဟာရကြွယ်ဝတဲ့ ကျွန်တော်တို့စကားကို ကောင်းကောင်းပြောတတ်တဲ့လူ နည်းသွားပြီထင်တယ်ခင်ဗျ။ နည်းနည်းလေး ရှေးကျတဲ့ စကားလုံးတွေကို ပြောမိရင် မသိသလို အူကြောင်ကြောင် ပြန်ကြည့်ခံရလိမ့်မယ်။ ခုနောက်ပိုင်း ကိုးရီးယား စကားတွေကလည်း မြန်မာစကားလုံးတွေကြားထဲ ၀င်လာတယ်လေ။

ကောင်းပါတယ်။
‘ဘာသာမျိုးခြား စာစကား သင်ကြားသင့်သည်မှတ်’ ပေါ့ခင်ဗျာ။