Monday, October 16, 2017

တောဘူတာကလေး ...

***

Bilbrook railway station, Staffordshire, England
တောဘူတာကလေး 
 ***
ဥသြမဆွဲ
အလံလည်း မချိုး
ခိုနားစရာ -
အမိုးအကာ တကိုယ်​စာသာသာနဲ့
ခပ်​ယဲ့ယဲ့ ​တောဘူတာက​လေး။
.
မျဉ်းပြိုင်​သံလမ်း​တွေ​နံဘေး
ပလက်​​ဖောင်း​လေး လဲ​လျောင်းရင်း
လိုက်​ပါ စီးနင်းမယ့်​ သူ​တွေကို ကြို
အလင်းတိုင်​ အိုက​လေးကို ထမ်းလို့။
.
သစ်​ပင်​​တွေ မြက်​ရိုင်း​တွေကြား
ရထားကြီး ခုတ်​​မောင်းလာပြီ
ဒီတခါ ဒီမှာ ရပ်​နိုးနိုး
မျှော်​ကိုးရ​ပေါင်းလည်း များခဲ့
ခပ်​ယဲ့ယဲ့ ဘူတာ​လေးက
ခပ်​မဲ့မဲ့ပြုံးရင်း
သက်​ပြင်း​တွေ ခဏခဏချ လို့ ... တဲ့။
***
မေဓာဝီ
15.10.17
22.07

Read More...

Monday, September 18, 2017

လှိုင်း​တွေ မှိုင်း​ဝေ တိုင်းပြည်​မှာ ...

.
.
လှိုင်း​တွေ မှိုင်း​ဝေ တိုင်းပြည်​မှာ ...
~~~~~~~~~~~
မှိုင်းညို့​ဝေကာ
ရွာ​ယောင်​ဟန်​ပြင်
မိုးသခင်​လည်း
လေနှင်​ရာ​ဆီ
လွင့်​​ပါပြီလား
ရွာအားခက်​ခက်
တစက်​ကယ်​မျှ
မသွန်းချဘဲ
ဟန်​ပြတိမ်​လွှာ
အုံ့ဆိုင်းလာသည်
ဝေကာမှိုင်းလို့ ဝိုင်းညို့တယ်​။
.
လှိုင်းတို့​စေရာ
စုန်​ဆန်​လာသည့်
ခရမ်းပြာလွှမ်း
ဗေဒါပန်းလည်း
ဝဲမှာမမြုပ်
လှိုင်းပုတ်​သည့်​ဒဏ်
အန္တရာယ်​ကြား
သူ စွန့်​စား၍
အားမ​လျှော့တမ်း
ပန်းရဲ့လမ်းမှာ
လျှောက်​လှမ်းလာသည်
စေရာလှိုင်းတို့ စိုင်းလို့ရယ်​။
.
တိုင်းမြို့ ​ပြေ (ပြည်​)ရွာ
ဝ​ပြောသာ​အောင်
ကြံ​ဆောင်​လုံ့လ
ကြိုးပမ်းကြလည်း
ဆိုးသွမ်းသသူ
ထိုလူတစု
ဖျက်​ဆီးမှု​ကြောင့်
စိုး​နှောင့်​ဗျာ​ပွေ
အခက်​​ဝေကာ
မျက်​ရည်​ရစ်​လွှမ်း
မငြိမ်းချမ်းသည်
ပြည်​ ရွာ တိုင်း မြို့ ... လှိုင်းသို့နှယ်​။
***
မေဓာဝီ
18.09.17

Read More...

Tuesday, September 05, 2017

လပေါင်း သုံးဆယ်၊ ရက်ပေါင်း ကိုးရာ၊ မေတ္တာက အနန္တ ...


***
လစဉ် ၅ ရက်နေ့ကလေးသို့ ရောက်တိုင်း အမှတ်တရ ရက်ကလေးရောက်ပြန်ပြီဟု ပီတိဖြစ်ရသည်။ တရက်ပြီး တရက်၊ တလပြီးတလ၊ တနှစ်ပြီး တနှစ် တိုးလာတိုင်း တစတစ မြဲမြံခိုင်မာစွာ ချည်နှောင်နေမိသည့် သံယောဇဉ်တွေအတွက် ကျေနပ်ရပြန်သည်။ နားလည်မှု၊ ယုံကြည်မှုတို့ဖြင့်သာ တည်ဆောက်ခဲ့ကြသည့် ဘဝနှစ်ခုအတွက် တခြားဘာတွေကမှ အရေးမကြီးတော့။
.
ဒီကနေ့က တော်သလင်းလပြည့်နေ့ ... ။ ...
လပြည့်နေ့လေးတွေသည် သူတို့နှစ်ဦးအတွက် အရေးပါသည့် နေ့လေးတွေ ဖြစ်ခဲ့သည်။ နှစ်ယောက်အတူ ပေါင်းစည်းခွင့် မရခင်ကပင် လပြည့်နေ့လေးတွေ၏ လရောင်အောက်မှာ ကိုယ်စီ မေတ္တာတရားတွေကို ဖွင့်ဟခဲ့ကြသည်၊ လမင်းကြီးကို တိုင်တည်၍ သစ္စာတည်ခဲ့ကြသည်။ တယောက်တနေရာ အဝေးမှာပင် ကောင်းကင်ယံထက်က လမင်းကို မျှော်ကြည့်ရင်း အကြည့်ချင်း လမင်းဆီမှာ ဆုံစည်းခဲ့ကြသည်။
မင်္ဂလာဆွမ်းကျွေးသည့် နေ့ကလည်း တပေါင်းလပြည့်နေ့ ... ။
.
လပြည့်နေ့လေးတွေကို တန်ဖိုးထားကြသူမို့ ဒီကနေ့ ၅ ရက်နေ့က လပြည့်နေ့နှင့် တိုက်ဆိုင်သည်ကို ကြည်နူးမိသည်။ တော်သလင်း လပြည့်သည် ဂရုဓမ္မနေ့၊ နောက်လာမည့် အောက်တိုဘာ ၅ ရက်နေ့ကလည်း သီတင်းကျွတ်လပြည့်နေ့။ တိုက်ဆိုင်ခဲလှစွာ တိုက်ဆိုင်ခဲ့သည်ပင်။
.

သူတို့ အတူ ပေါင်းစည်းကြရသည့် အချိန်ကာလက ရှည်ကြာခြင်း မရှိသေးသော်လည်း ယုံကြည်မှု၊ နားလည်မှု၊ မေတ္တာတရား တို့ဖြင့် ခိုင်မာစွာ တည်ဆောက်ကြခဲ့သည်မို့ ဘယ်တော့မှ ဘာအကြောင်းကြောင့်နှင့်မှ ယိုင်လဲမသွားစေရ ဟု နှစ်ဦးသား သဘောတူစွာ ခံယူထားခဲ့ကြသည်။ တဦးလိုအပ်ချက် တဦးက ဖြည့်တင်းရင်း၊ တဦးအားနည်းချက် တဦးက ဖေးမရင်း၊ ခြေလှမ်းလေးတွေ တလှမ်းပြီးတလှမ်း လျှောက်လှမ်းနေကြရသည်။ လှမ်းခဲ့ပြီးသော ခြေလှမ်းလေးတွေကို လည်ပြန် လှည့်ကြည့်ပြီး ကြည်နူးကြရသလို လာလတ္တံ့သော ခြေလှမ်းပေါင်း များစွာ အတွက်လည်း ကြိုတင် စိတ်ကူးယဉ်မိကြသေးသည်။
.
လျှောက်ခဲ့ပြီးသော ခြေလှမ်းများစွာထဲမှာ တခါတရံ ကြုံတွေ့ရတတ်သည့် ခလုတ်ကသင်းလေးတွေကိုတော့ သူတို့ မေ့ထားလိုက်ကြရုံသာ ... ။
***
မေဓာဝီ
၂ နှစ် ၆ လ ပြည့် မင်္ဂလာ အမှတ်တရ ...
၅၊ စက်တင်ဘာ၊ ၂၀၁၇
၁၈း၂၀ နာရီ

Read More...

Thursday, August 31, 2017

ဆယ့်တစ်နှစ်တာ ဘလော့မှာ … (blog day အမှတ်တရ)

.
ဒီနေ့ဆိုရင် မေဓာဝီရဲ့ တွေးမိတွေးရာ ရေးမိရေးရာ ဘလော့လေး ၁၁ နှစ် ပြည့်ခဲ့ပါပြီ။ ဒီဘလော့လေးကို ၂၀၀၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ ဂါးဖီးကာတွန်းပုံလေးနဲ့ စဖွင့်ခဲ့တယ်။ ရေးခဲ့သမျှတွေ ပြန်ကြည့်တော့ ၂၀၀၆ ခုနှစ်မှာ ၁၁၃ ပုဒ်၊ ၂၀၀၇ ခုနှစ်မှာ ၂၆၈ ပုဒ်၊ အဲဒီနောက်ပိုင်း ရေးအားနည်းသွားလိုက်တာ တနှစ်လုံးမှာမှ ၆၀ ကျော် ၇၀ ကနေ ၂၀ ကျော် ၃၀ လောက် အထိ ထိုးကျသွားခဲ့ပါတယ်။ ရေးအား အနည်းဆုံးနှစ်ကတော့ ၂၀၁၃ ခုနှစ်၊ တနှစ်လုံးမှာမှ ၁၉ ပုဒ် ပဲ ရေးဖြစ်ခဲ့တယ်။ ဒီနှစ်မှာကတော့ ခုချိန်ထိ တင်ခဲ့တာ အပုဒ် ၃၀ ရှိပါပြီ။
.
စ ရေးခါစ ၂၀၀၆ ခုနှစ်မှာ ဆရာသုမောင်ရဲ့ ထုံး နှလုံးမူပြီး တနေ့ တပုဒ် ရေးဖြစ်အောင် ရေးခဲ့ပါတယ်။ ဘလော့ နာမည် တွေးမိတွေးရာ ရေးမိရေးရာ ဆိုတဲ့အတိုင်း တွေးမိသမျှတွေ ချရေးနေမိတော့တာပါပဲ။ အဲဒီတုန်းကတော့ ဘလော့ဟာ ကျွန်မအတွက် စာရေးတဲ့ လေ့ကျင့်ကွင်း တခုပါ။ ကဗျာ၊ အက်ဆေး၊ ပုံပြင်၊ ဝတ္ထု၊ ခရီးသွား မှတ်တမ်း၊ အင်တာဗျူး စသဖြင့် ကိုယ်တိုင်ရေးတွေ ပါဝင်သလို စာအုပ်စင်၊ မှတ်ဖွယ် မှတ်ရာ၊ ဘာသာရေး နဲ့ ရှေးမြန်မာစာပေ တွေလို ကောင်းနိုးရာရာတွေ ကောက်နုတ်ဖော်ပြ ထားတာတွေလည်း ပါဝင်ခဲ့ပါတယ်။
.
၂၀၀၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ၁၁ နှစ်တာ တင်ခဲ့တဲ့ပို့စ် အရေအတွက်က ၇၈၆ ပုဒ်ရှိပါပြီ။ ဒီစာကိုပါ တင်ရင် ၇၈၇ ပုဒ်ပေါ့။ ရေးမယ်လို့ ခေါင်းစဉ်တပ်ပြီး မရေးဖြစ်တာတွေ၊ တကြောင်း နှစ်ကြောင်းနဲ့ ရပ်ထားတာတွေကို သိမ်းထားတဲ့ draft တွေကတော့ ၄၂ ပုဒ်ရှိပါတယ်။ တင်ပြီးမှ မကောင်းတတ်လို့ draft ထဲ ထည့်လိုက်တာက တပုဒ်ပါ။
.
အရင်က ဘလော့ဘန်နာတွေ ခဏခဏ ပြောင်းခဲ့တယ်။ ဘလော့ဒီဇိုင်းကတော့ ကိုယ်နှစ်သက်တဲ့ အနက်ရောင် သုံးတာကနေ ဖတ်ရမလွယ်ဘူးလို့ လူပြောများတာကြောင့် အခုလက်ရှိ အပြာရောင်ကို (ကိုရန်အောင် - ဘလော့ဂါ ရန်အောင်) အကူအညီနဲ့ ပြောင်းခဲ့ပါတယ်။ ဘေးက sidebar မှာ ခေါင်းမာစွာနဲ့ လုံးဝမလုပ်ခဲ့ တာကတော့ စီပုံး / စီဘောက် လို့ ခေါ်ကြတဲ့ chat box မတပ်တာပါပဲ။ ပေါက်ကရတွေ လာဆဲကြမှာ စိုးလို့ပါ၊ ဒါကြောင့် ကွန်မန့်တွေကိုလည်း မော်ဒရိတ် လုပ်ထားခဲ့ရတယ်။
.
ဘလော့လေး ဆယ့်တစ်နှစ်ပြည့်ချိန်မှာ ပြန်ကြည့်တော့ တနှစ်ပြည့်တုန်းက “အခါလည် အတွေး”၊ နှစ်နှစ် ပြည့်မှာ မတင်ခဲ့၊ သုံးနှစ်ပြည့်မှာ “သုံးနှစ်သုံးမိုး”၊ လေးနှစ်ပြည့်မှာ “၄ နှစ်နှင့် ၅၂၈ + ၁”၊ ငါးနှစ်ပြည့်မှာ “၅-နှစ်ရှည်ကြာ ဘလော့ရွာ”၊ ခြောက်နှစ်ပြည့်မှာ “တွေးမိတွေးရာ ၆ နှစ်တာ”၊ ခုနစ် နှစ်ပြည့်မှာ “310813”၊ ရှစ်နှစ် ပြည့်မှာ “၈-နှစ် ပြည့်နဲ့ ဘလော့ဒေး အမှတ်တရ”၊ ကိုးနှစ်ပြည့်မှာ “ဘလော့ဒေးနဲ့ တွေးမိတွေးရာ ၉-နှစ်တာ”၊ ဆယ်နှစ်ပြည့်မှာ “ဘလော့ဒေးနှင့် ဆယ်စုနှစ်သို့သမင်လည်ပြန်” … စသဖြင့် ရေးခဲ့ပါတယ်။ ၂ နှစ်ပြည့်ကလွဲလို့ အမှတ်တရ ပို့စ်တွေ တင်ခဲ့တာ ခုဆို ဆယ့်တစ်နှစ်ပြည့်မှာ ဆယ်ပုဒ်ရှိပြီပေါ့။
.
နောက်ပိုင်း ဖေ့စ်ဘွတ်ကို ပိုသုံးဖြစ်တော့ ဖေ့စ်ဘွတ်ထဲ အလွယ်တကူ တင်လိုက်တဲ့စာတွေ ကဗျာတွေကို ပျောက်ပျက်မသွားအောင် ဘလော့ထဲ ဖြည်းဖြည်းချင်း ပြန်ထည့်ဖြစ်တယ်။ အကုန်တော့ မဟုတ်ဘူးပေါ့လေ။ ဘလော့နဲ့ လိုက်ဖက်ညီတာမျိုးပါပဲ။ ဖေ့စ်ဘွတ်ထဲကျတော့ ကိုယ်တင်ချင်တဲ့ ဓာတ်ပုံ၊ စာအတိုအစ၊ ကဗျာအပိုင်းအစ၊ အကုန်ရောကျော် တင်တာကိုး၊ ဘလော့မှာတော့ အဲဒီလို မတင်ချင်ဘူး။
.
ခါတိုင်းနှစ် ဘလော့ဒေးတွေမှာ တီတင့်တုံးဖလား သူကြီးကိုရန်အောင်တို့က အမှတ်တရတွေ ရေးဖို့ တိုက်တွန်းခဲ့ကြတယ်။ ဒီနှစ်တော့ တီတင့်ကလည်း လက်တဖက် နေမကောင်း၊ သူကြီးကလည်း ဘွဲ့ရပြီးတော့ ဘလော့မဂင်းတော့ဘူး ထင်ပါရဲ့။ ကိုရန်အောင်ကတော့ ကျောင်းအုပ်လုပ်နေတော့ မအားတော့ဘူး။ ဦးဆောင်မယ့်သူတွေ မရှိပေမဲ့ နောက်လိုက်ကောင်းလေး မေဓာဝီကတော့ ဘလော့ကို ချစ်မြတ်နိုးစွာ အမှတ်တရ ပို့စ်လေး ရေးပြီး တင်လိုက်ရပါကြောင်း ... ။ 
.
ဘလော့ဂါအပေါင်း နေကောင်း ကျန်းမာ ငြိမ်းချမ်း သာယာ ကြပါစေ ... ။
***
မေတ္တာဖြင့် 
မေဓာဝီ
31.08.17

Read More...

Saturday, August 26, 2017

စည်းချက်​မညီ​တဲ့ ည ...


(၁)
ညဉ့်​က မနက်​​သေးပါဘူး။
မိုးပေါ်မော့ကြည့်လိုက်တော့ နက်မှောင်တဲ့ ကောင်းကင်ကြီးက အုပ်မိုးထားတယ်။
ကြယ်ရောင် လရောင်ရယ်လို့ တစွန်းတစမှ မမြင်ရတဲ့ ည ... ။
***
 
(၂)

မိုးမရွာ​တော့​ပေမဲ့ မိုး​ငွေ့ပါတဲ့ ​လေ​က တဝေ့​ဝေ့ တိုက်​ခတ်​လို့​နေတယ်​။ ​ ရေဒီယို ကက်ဆက် ရုပ်မြင်သံကြား မရှိတဲ့ ​နေရာ၊ ကွန်​ပျူတာ​နဲ့ လက်​ကိုင်​ဖုန်း​တွေကို အနား​ပေးထားတဲ့ အခိုက်​ အပြင်က စကားပြောသံ၊ သီချင်းသံ၊ တံခါး ဖွင့်သံ ပိတ်သံတွေကြားမှာ ကြားနေကျ မဟုတ်တဲ့ အသံတသံကို သတိထားလိုက်မိတယ်။ အဲဒီ အသံက ဝေးရာက တဖြည်းဖြည်း နီးလာတယ်။ မသဲကွဲရာက တဖြည်းဖြည်း ပီသ လာတယ်။ အနိမ့်အမြင့် စည်းချက်နဲ့ အညီ မှန်မှန် ရိုက်ခတ်နေတဲ့ မြည်သံ၊ အဲဒီနောက် ခွေးဟောင်သံ ခပ်သဲ့သဲ့၊ ခွေးဟောင်သံကြားက ဆွဲဆွဲငင်ငင် ထွက်ပေါ်လာတဲ့ အသံစာစာ ... ။
.
လူတွေနဲ့ ဝေး ဝေး ဝေးတဲ့ နယ်မြေ ...
အတူတူ သွား သွား သွားကြမယ်လေ ...
နက်ရှိုင်းတဲ့ တောရဲ့ ရင်​ခွင်မှာ ပျော်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ ....
သဘာဝရဲ့ ရင်သွေးငယ်တွေ ...
.
ဝါးဆစ်ဗုံကို ကွန်ကရစ်လမ်းပေါ်မှာ ခေါက်တီးနေတဲ့ မြည်သံ တတုံတုံနဲ့အတူ ဆွဲဆွဲငင်​ငင်​ သီဆို​နေတဲ့ သီချင်းသံ။ ဝါးဆစ်​​ခေါက်​သံက သီချင်းသံထက် ပိုပြီး ကျယ်နေတယ်။ သီချင်းသံက မပီမသ ... စည်းဝါးမကျ။ အသံတွေ တဖြည်းဖြည်း နီးလာရင်း အနီးဆုံး နေရာကနေ ခပ်ကျယ်ကျယ် ကြားနေရတယ်။ တီးတဲ့သူကလည်း အစွမ်းကုန် ရိုက်ခတ် တီးသလို သီဆိုသူကလည်း ရင်ကို ဖွင့်ပြီး ဆိုလေသလားပဲ ... ။
.
ဒီကမ္ဘာမှာ စစ်​ စစ်​ စစ်​ မဖြစ်​ရာ​မြေ
တ​နေရာရှိ ရှိ ရှိရမယ်​​လေ
ထာဝရငြိမ်းချမ်းမှုရှာကာ ​ပျော်​ရွှင်​​နေ
သဘာဝရဲ့ ရင်​​သွေးငယ်​​တွေ
သဘာဝရဲ့ ရင်​​သွေးငယ်​​တွေ ~ ~
.
အဆိုနဲ့ အတီး စည်းချက်​မမှန်​ နရီမကိုက်​​ပေမဲ့ သီချင်းသံ စာစာ​လေး​က ရင်​ထဲထိ ထိုး​ဖောက်​​ ဝင်ရောက်သွားတယ်။ ဒီကမ္ဘာမှာ စစ်မဖြစ်ရာမြေ တဲ့လား ... ။ စစ်မဖြစ်ရာမြေ တကယ်ပဲ ရှိပါ့မလား ... ။ အသံရဲ့ ဆွဲဆောင်မှုကြောင့် ဝရံတာကနေ ငုံ့ကြည့်လိုက်တော့ တိုက်လှေခါး ရင်းမှာ ကလေးနှစ်ယောက်။ အသက်​က ရှိလှမှ တ​ယောက်​က ကိုးနှစ်​ ဆယ်​နှစ်​၊ တ​ယောက်​က ​ခြောက်​နှစ်​ ခုနစ်​နှစ်​ အရွယ်​​လေး​တွေ။ အကြီး​လေးက ဝါးဆစ်​ဗုံကို ​မြေမှာ​ခေါက်​လို့ အငယ်​​လေးက မပီကလာ အသံစာစာနဲ့ ခေါင်းလေး မော့ပြီး သီချင်းလေးကို ဟစ်​​ကြွေးလို့ ... ။
.
ပိုင်​ဆိုင်​တာ အားလုံးစွန့်​ကာ​လေ ...
မနာလိုစရာလည်းပဲ မရှိ​တော့​ပေ ....
ဘယ်​သူမဆို အားလုံးတန်းတူ​ပေ ...
ညီအစ်​ကိုလို ကြင်​နာမှုနဲ့နေ ...
လောက အသစ်​တခု တည်​​နေ ~ ~
.
သူတို့ ဆက်​ဆို​နေကြတယ်​။ ဌာန် ကရိုင်းမကျပေမဲ့ အသံ အနိမ့်အမြင့် အတက်အကျ ဆွဲဆွဲငင်ငင် စိတ်ပါ လက်ပါ သီဆိုနေကြဆဲ။ ဝါးဆစ်ဗုံခေါက်သံ တတုံတုံက ရင်ကို ရိုက်ခတ် လို့ ရင်ခုန်သံတွေ မြန်စေခဲ့တယ်။ အောက်ကို ငုံ့ကြည့်နေရင်း မကြည့်ရက်တော့လို့ ဝရံတာကနေ ခွါလိုက်တယ်။ အောက်ဆင်းသွားရ ကောင်းနိုး စိတ်ထဲမှာ ချီတုံချတုံနဲ့။ တံခါးအထပ်ထပ် ဖွင့်ရမှာနဲ့ လှေခါး အတက်အဆင်း လုပ်ရမှာတွေကြောင့် အောက်ဆင်းမယ့် ခြေလှမ်းတွေ လေးဖင့်နေဆဲ အသံလေးတွေက တဖြည်းဖြည်း ဝေးဝေးသွားကြပြီ။
.
အရာရာ လှ လှ လှပရာ​မြေ
အရာရာ သန့်​ သန့်​ သန့်​ရှင်းရာ​မြေ
ထာဝရငြိမ်းချမ်းမှုရှာကာ ​ပျော်​ရွှင်​​နေ
သဘာဝရဲ့ ရင်​​သွေးငယ်​​တွေ ....
သဘာဝရဲ့ ရင်​​သွေးငယ်​​တွေ ....
.
ဝါးဆစ်​ဗုံသံ တတုံတုံက တဖြည်းဖြည်း တိုးလျလို့သွားပြီ။ သီချင်းဆိုတဲ့ အသံစာစာလေးလည်း ​ဝေး​ဝေးလို့သွားပြီ။ အတွေးတွေကတော့ မရပ်နိုင်သေး ... ။
.
စစ်​မဖြစ်​တဲ့​နေရာ ...
ငြိမ်းချမ်းတဲ့​နေရာ ...
မနာလိုခြင်း​တွေ ကင်းတဲ့​နေရာ ...
အားလုံးတန်းတူ ဖြစ်​တဲ့​နေရာ ...
လှပ သန့်​ရှင်း အန္တရာယ်​ကင်းတဲ့ ​​လောကအသစ်​တခု ... တည်ဆောက်ဖို့ ဖြစ်နိုင်ပါ့မလား ... အတွေးတွေနဲ့ ... ။
.
***
(၃)

မိုးပေါ်ကို မော့ကြည့်လိုက်တော့ နက်မှောင်တဲ့ ကောင်းကင်ကြီးက အုပ်မိုးထားတယ်။
ကြယ်ရောင် လရောင်ရယ်လို့ တစွန်းတစမှ မမြင်ရတဲ့ ည ... ။
ဒါပေမဲ့ ...
ညဥ့်ကတော့ ... မနက်သေးပါဘူး ... ။
***
မေဓာဝီ
၂၆ ၊ ၀၈ ၊ ၁၇
၂၂း၁၀ နာရီ

Read More...

Tuesday, August 22, 2017

ဆုတောင်း ...


ဆုတောင်း
***
လောက၏ ဒဏ်
လောကဓံအား
ခံနိုင်ရစေ။ 

လောက၏ ၀ဋ်
လောက၀တ်မှ
လွတ်မြောက်ရစေ ... ။ 
***
မေဓာဝီ
၂၂.၀၈.၁၇
၂၀း၀၂

Read More...

Monday, August 21, 2017

သံဝေဂကထာနှင့်​ ​ကျေးဇူးတင်​လွှာ ~


***
အသက်​က​လေး တဖြည်းဖြည်း ရလာ​တော့ ​မွေး​နေ့ ​ရောက်​ချိန်​မှာ ကိုယ်​​ပျော်​ဖို့ထက်​ အသက်​တနှစ်​ကြီးပြန်​ပ​ကော ... မရဏမင်းနဲ့ ရင်​ဆိုင်​ဖို့ နီးလာပ​ကော ရယ်​လို့သာ ​တွေးမိ​တော့တယ်​။ တို​တောင်းလှတဲ့ ရှင်​သန်​ချိန်​​လေးမှာ အဓိပ္ပာယ်​ရှိ​သော ရှင်​သန်​ခြင်းသာ ဖြစ်​ချင်​လာမိတယ်​။ ​​မွေး​နေ့ မတိုင်​ခင်​ ရက်​​တွေမှာ ​နေမ​ကောင်း ခဏခဏဖြစ်​​တော့ ​ကျန်းမာခြင်းရဲ့ တန်​ဖိုးကို ပိုသိလာရတယ်​။
.
ကျန်​ခဲ့တဲ့ တလ​ကျော်​​လောက်​က ​ကိုယ့်​ထက်​ အသက်​ ဆယ်​နှစ်တိတိကြီးတဲ့ မွေး​နေ့တူ ဝမ်းကွဲ အစ်​ကို ဆုံးသွား​တော့ အသုဘရှုသွားရင်း ​နောင်​ ၁၀ နှစ်​ ကိုယ်​ အသက်​ရှင်​သန်​ ​နေရပါ့မလား ... စဉ်းစားခဲ့မိပါ​သေးတယ်​။ ​နောင်​ ၁၀ နှစ်​ကို အသာထား ဒီအချိန်​ ဒီခန္ဓာကို စွန့်​သွားခဲ့ရင်​​တောင်​ ဘယ်​သူ့အ​ပေါ်မှ ယုတ်​မာ ​ကောက်​ကျစ်​ခဲ့ခြင်း မရှိတာမို့ မရဏလမ်းကို ​ဖြောင့်​တန်းစွာ သွားရဲတယ်​လို့ ​တွေးမိပြီး မိမိကိုယ်​ကိုယ်​ ဝမ်း​မြောက်​ရပါတယ်​။
.

ညက အ​မေနဲ့ မက်​ဆန်​ဂျာမှာ စကား​ပြော​ပြီး ​ကိုယ့်​ကို မွေး​ပေးခဲ့တဲ့ ​ကျေးဇူးရှင်​ မိဘနှစ်​ပါးကို အ​ဝေးက ကန်​​တော့ခဲ့တယ်​။ မိဘ​တွေအတွက်​ ကိုယ်​ဟာ သမီးလိမ္မာ တ​ယောက်​ မဖြစ်​ခဲ့ရင်​​တောင်​ သမီးမိုက်​​တော့ မဟုတ်​ခဲ့တဲ့အတွက်​ ဒီ​လောက်​နဲ့ပဲ ​ကျေနပ်​ပါလို့ အ​မေနဲ့ အ​ဖေကို ​ပြောချင်​တာပါပဲ။ မှန်​ကန်​တဲ့ လမ်း​ကြောင်းကို ​လျှောက်​နိုင်​​အောင်​ ခုချိန်​ထိ သွန်​သင်​ဆုံးမ ​ပေး​နေဆဲ မိဘနှစ်​ပါးရဲ့ ​ကျေးဇူးကို အမြဲ အမှတ်​ရ​နေမှာပါ။
.

မြန်​မာစံ​တော်​ချိန်​ ည ၁၀ နာရီခွဲ​တော့ စင်္ကာပူမှာ ​နေ့ကူးသွားပြီမို့ ခင်​ပွန်းသည်​က ​မွေး​နေ့ဆု​တောင်း ပို့စ်​​လေး တင်​​ပေးပါတယ်​။ များ​သောအားဖြင့်​ ဇနီးသည်​အ​ပေါ် နားလည်​စွာ ခွင့်​လွှတ်​​ပေးတဲ့ (တခါတ​လေ ​ပြောရဆိုရခက်​ပြီး ကိုယ့်​ထက်​​ခေါင်းမာ​သော) ခင်​ပွန်းသည်​ကို ​ကျေးဇူးတင်​ပါတယ်​။
.

သူပို့စ်​တင်​ပြီး​နောက်​မှာ ​မွေး​နေ့ဆု​တောင်း ပို့စ်​​လေး​တွေ၊ ကွန်​မန့်​​လေး​တွေ မက်​​ဆေ့ခ်ျ​​လေး​တွေ ​ရောက်​လာပါတယ်​။ ညက အိပ်​ချင်​​နေတာနဲ့ အားလုံးကို ချက်​ချင်း မပြန်​ဖြစ်​ခဲ့ဘူး။ မနက်​ကျမှ တ​ယောက်​ချင်းဆီကို ရင်​ထဲက လှိုက်​လှဲစွာ ​ကျေးဇူးစကား တုန့်​ပြန်​​ပြောခဲ့ပါတယ်​။ အခုချိန်​ထိ မက်​​ဆေ့ခ်ျ​ပို့သူ ကွန်​မန့်​ထဲက ဆု​တောင်း​ပေးသူ အားလုံးကို အထူး​ ကျေးဇူးတင်​ပါ​ကြောင်း ထပ်​​ပြောပါရ​စေ။
.

မနက်​ ၇ နာရီ .... စာသင်၊ ၈ နာရီ ၄၅ ... ​ကျောင်း​ရှေ့ကို ကြွလာတဲ့ သံဃာ​တော်​​တွေကို မနက်​စာ နန်းကြီးသုပ်​ ​လောင်းလှူပြီး ​ကျောင်းက ​ကျောင်းသား​တွေ၊ ဆရာ ဆရာမ​တွေနဲ့ လုပ်​​​ဖော်​ကိုင်​ဘက်​ ဝန်​ထမ်း​တွေကိုလည်း နန်းကြီးသုပ်​ ဒါနပြုခဲ့တယ်​။ ​နေ့လည်​ပိုင်း က​လေး​တွေနဲ့ ည​နေ ​ကျောင်းမဆင်းခင်​ Happy birthday သီချင်းဆိုပြီး ​မွေး​နေ့ကိတ်​ ခွဲခဲ့ရ​သေးတယ်​။ ကိုယ့်​မှာ သားသမီးမရှိ​ပေမဲ့ သူတို့​လေး​တွေကို သားသမီးလို ချစ်​​နေရတာပဲ။ (တခါတ​လေ​တော့လည်း ​ပြောမရ ဆိုမရရင်​ စိတ်​တိုတာ​ပေါ့)
.
ည​ရောက်​​တော့ တ​နေ့တာရဲ့ ကုသိုလ်​​ကောင်းမှု​တွေ ပြန်​​တွေးရင်း Happy birthday ဆိုတဲ့ ရိုးရှင်းတဲ့ ဆု​တောင်း​လေးကို သရုပ်​ခွဲပြီးေ​ပးဆပ်​​သောပျော်​ရွှင်​ခြင်းနဲ့ ရယူ​သော​ပျော်​ရွှင်​ခြင်းများရဲ့ မတူညီ​တဲ့ အနှစ်​သာရကို ​တွေး​တော ဆင်​ခြင်​ ​​နေမိပါ​တော့တယ်​။
***
မေဓာဝီ
21.08.17
ဝါ​ခေါင်​လကွယ်​​နေ့
22.00

Read More...

Friday, August 18, 2017

ကာကွယ်ကြသည် ဆိုရာဝယ် …


***
ကျွန်မတို့ ဝန်းကျင်မှာ ခုတလော အများပြည်သူ ထိတ်လန့်နေတဲ့ H1N1 ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ရာ အမျိုးမျိုး လှုံ့ဆော်ကြတာကို တွေ့မြင်နေရပါတယ်။ လှုံ့ဆော်ကြတဲ့အတိုင်း ကာကွယ်ကြတာကို အထင်ရှားဆုံး မြင်နိုင်တာကတော့ လူတော်တော်များများရဲ့ မျက်နှာပေါ်က နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားတဲ့ mask တွေပါပဲ။
.

လမ်းပေါ်မှာ၊ ကားပေါ်မှာ၊ ဈေးဆိုင်မှာ၊ ကျောင်းတွေမှာ mask တွေ အပြိုင်အဆိုင် တပ်နေကြတဲ့အပြင် mask တပ်ထားတဲ့ ပုံတွေ ဖေ့စ်ဘုတ်လို ဆိုရှယ်ပေ့ခ်ျတွေမှာပါ ဖက်ရှင်တစ်ခုလို သူ့ထက်ငါ တင်နေကြတာ လည်း မြင်ရပါတယ်။ ဒါဟာ မကောင်းလို့တော့ မဟုတ်ပါဘူး။ mask တပ်ထားတဲ့အခါ ကိုယ် ချောင်းဆိုးရင် နှာချေရင်လည်း သူတပါးဆီ မရောက်တော့ဘူး၊ သူတပါး ချောင်းဆိုး နှာချေလည်း ကိုယ့်ဆီ မရောက်နိုင်ဘူး ဆိုတော့ H1N1 တွင် မကဘူး၊ တခြားကူးစက်နိုင်တဲ့ ရောဂါပိုးမွှားရန်ကပါ ကာကွယ်နိုင်တာပေါ့။ ဒါပေမဲ့ … … လူတိုင်း လူတိုင်းဟာ mask တွေကို စနစ်တကျ မတပ်ကြ … မစွန့်ပစ်ကြတဲ့အခါ …. ။
***
နှာခေါင်းနဲ့ ပါးစပ်မှာ အနီးကပ် တပ်ရတဲ့ mask တွေကို စနစ်တကျ မသုံးစွဲတတ်ကြတဲ့အခါ ပိုပြီး ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ကျောင်းမှာ ကလေးတချို့ဟာ mask တွေကို စတိုင်လုပ် တပ်ကြတယ်။ စကားပြောရ အသက်ရှူရ မုန့်စားရ ခက်လာတော့ ချွတ်ပြီး ဟိုနား ဒီနား တင်ထား၊ စကားပြောကြ၊ မုန့်စားကြလုပ်ကြတယ်။ ပြီးတော့ တခါ ပြန်ယူပြီး တပ်ကြပြန်တယ်။ အဲဒီလို မလုပ်ဖို့ ကျွန်မမှာ အထပ်ထပ် ပြောပေမဲ့ လုပ်တဲ့သူက ပြန်လုပ်ကြတာပါပဲ။ တချို့မိဘတွေကတော့ သူတို့ သားသမီးတွေကို သေချာမှာပါတယ်။ တခါဖြုတ်ပြီး ပြန်မတပ်ဖို့၊ အမှိုက်ပုံးထဲ သေချာ စွန့်ပစ်ဖို့ စသဖြင့်ပေါ့။
.
အမှိုက်ပုံးထဲ စွန့်ပစ်တာနဲ့ ပတ်သက်လို့ လတ်တလော မြင်တာ ပြောရရင် ရုပ်သံဌာနတစ်ခုက H1N1 နဲ့ ပတ်သက်ပြီး လမ်းသွားလမ်းလာတွေကို အင်တာဗျူးလုပ်တဲ့အစီအစဉ် live လွှင့်ပါတယ်။ မြို့လယ်ခေါင်က မဟာဗန္ဓုလပန်းခြံထဲမှာပါ။ အဲဒီမှာ ကလေးငယ်တယောက်က အမှိုက်ပုံးနားမှာ ကျနေတဲ့ mask ကို ယူတပ်နေတာ မြင်လိုက်ရပါတယ်။ အစီအစဉ် တင်ဆက်သူကလည်း အဲဒီကလေးငယ်ကို တားတော့ တားလိုက်တယ် ထင်ပါတယ်။ ဒါကို ကြည့်ပြီး ကျွန်မ တော်တော်လေး ထိတ်လန့် မိတယ်။ အမှိုက်တွေကို စနစ်တကျ မစွန့်ပစ်နိုင်ကြသေးတဲ့/ စွန့်ပစ်ရမှန်း မသိတဲ့/ စွန့်ပစ်တဲ့ စနစ် မရှိတဲ့ ကျွန်မတို့ နိုင်ငံမှာ ဒီလို ကလေးငယ်တွေ ဘယ်လောက်တောင် များနေမလဲ။
.
အမှိုက်ကို စနစ်တကျ မစွန့်ပစ်တဲ့အကြောင်း ကြုံလို့ထပ်ပြောရရင် ရန်ကုန်မြို့ ပုဂ္ဂလိက ဆေးရုံတခုရဲ့ အမှိုက်ကန်မှာ အမှိုက်အိတ်ကြီးနဲ့ တလုံး စွန့်ပစ်ထားတဲ့ အသုံးပြုပြီးသား ဆေးထိုးအပ်တွေကို လူတချို့က မွှေနှောက်ရှာဖွေ ရွေးယူနေတာ ကျွန်မအဖေ ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရဖူးပါတယ်။ ထိုနည်းတူစွာပဲ အမှိုက်နဲ့ အမှိုက်ပုံးတွေဟာ မမျှတတဲ့အတွက် ရပ်ကွက်တိုင်းမှာ ထားပေးတဲ့ အမှိုက်ပုံးတွေရဲ့ ဘေးမှာ တောင်ပုံရာပုံ ပုံထားရတဲ့ အမှိုက်တွေ … အဲဒီအမှိုက်တွေကို ထိုးဆွ ရှာနေကြရှာတဲ့ လူတွေ၊ ခွေးတွေကို … မမြင်ရက်စရာ မြင်နေရပါတယ်။ ဒီအမှိုက်ပုံတွေကနေ ရောဂါမျိုးစုံ ကူးစက်ပြန့်ပွါး နိုင်တာကြောင့် အမှိုက်တွေကို အရင်ဆုံး ထိမ်းချုပ်ဖို့လည်း လိုအပ်တယ် မဟုတ်လား။
***
နောက်တခုကတော့ Hand Sanitizer လို့ ခေါ်တဲ့ လက်သန့်စင်တဲ့ ဆေးရည်ဂျဲလ်ပါ။ 
.

H1N1 ကာကွယ်ဖို့ သတိပေးချက်တွေထဲမှာ လက်ကို သေချာဆေးရမယ်၊ လက်သန့်စင် ဆေးရည်ကို သုံးစွဲရမယ် … စသဖြင့် ပါဝင်ပါတယ်။ လက်သန့်စင်ဆေးရည်ဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယား တွေကို သေစေနိုင်တယ်၊ ဒါကြောင့် အထူးသဖြင့် ဆေးရုံတွေ ဆေးခန်းတွေမှာ လက်သန့်စင်ဆေးကို အသုံးပြုကြပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဒီဆေးရည်ကို အတိုင်းအဆနဲ့ အသုံးပြုကြပေမဲ့ မသိနားမလည်တဲ့ ကလေးငယ်တွေက အလွန်အကျွံ သုံးစွဲ ကြတဲ့အခါ … ။
.
ဒါကလည်း ကျွန်မတို့ ကျောင်းမှာ ကြုံရတာပါပဲ။ တရက် Grade 1 အတန်းထဲကို ဝင်သွားတဲ့အခါ စာသင်ခန်းတခန်းလုံး မွှေးသလိုလို နံသလိုလို အနံ့တွေ ရောပြွမ်းပြီး ထောင်းထောင်းထနေပါတယ်။ ဒါနဲ့ မေးမြန်းကြည့်တော့ ကလေးတွေက လက်သန့်ဆေးရည်တွေ အားရပါးရ လိမ်းထားကြပါသတဲ့။ သူတို့အားလုံးနီးပါးဆီမှာ ဆေးရည်ဗူးလေးတွေ ကိုယ်စီနဲ့။ အနံ့အမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ဗူးပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးပဲ။ ပါလာတဲ့သူတွေ ဗူးတွေစားပွဲပေါ် လာတင်ဖို့ ပြောပြီး ဒီလက်သန့်ဆေးရည်ကို အများကြီး မသုံးဖို့နဲ့ ဘယ်လို သုံးစွဲရမယ်ဆိုတာ ရှင်းပြပေးခဲ့ပါတယ်။ 


အသက် ၅ နှစ် ၆ နှစ် ကလေးတွေ အနေနဲ့ သူတို့ရဲ့ နူးညံ့ပါးလွှာတဲ့ အရေပြားလေးတွေဟာ ဓာတုပစ္စည်းတွေပါတဲ့ လက်သန့်ဆေးရည်တွေ အလွန်အကျွံသုံးစွဲဖို့ မသင့်တော်ပါဘူး။ ဒါကို လူကြီးမိဘတွေလည်း သတိထားသင့် ပါတယ်။ သူတို့လေးတွေက အနံ့လေး မွှေးပြီး လိမ်းလိုက်ရင် အေးအေးလေး ဖြစ်နေတော့ သဘောကျကြပြီး ခဏခဏ လိမ်းကြတယ်၊ သူတို့ချစ်တဲ့ ဆရာ ဆရာမတွေကိုလည်း လက်ဖြန့်ခိုင်းပြီး အပုံလိုက် ညှစ်ချလို့ လိမ်းစေတယ်။ တရက်ထဲနဲ့ တဗူးကုန်လုနီးပါး သုံးထားတဲ့ ကလေးတွေလည်း ရှိပါတယ်။
.
စာသင်ချိန်အပြီး Google မှာ side effect of hand sanitizer ကို ရှာကြည့်တော့ အလွန်အကျွံသုံးစွဲရင် ဖြစ်နိုင်တာတွေ တော်တော်များများကို တွေ့ရပါတယ်။ အရေပြားထိခိုက်ခြင်းက အစပြုလို့ နောက်ဆုံး ကင်ဆာ ရောဂါအထိ ဖြစ်နိုင်ချေရှိတာတွေကို ဖတ်ရတော့ ဘုရားတ မိတယ်။
.
လက်သန့်ဆေးရည်တွေမှာ ပါဝင်နိုင်တဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ Triclosan နဲ့ Parabens တို့ဟာ ဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားခြင်းကို ကာကွယ်ပေးပေမဲ့ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေက မနည်းပါဘူး။ ၂၀၁၄ ခုနှစ်မှာ အမေရိကန် ဓာတုအဖွဲ့အစည်းက တွေ့ရှိချက်အရ Triclosans ဟာ ရင်သားကင်ဆာဆဲလ် ရှင်သန်ကြီးထွားကို အားပေးအားမြှောက် ပြုပါသတဲ့။ ဒါ့အပြင် ကယ်လီဖိုးနီးယား တက္ကသိုလ်က လေ့လာတွေ့ရှိချက်အရတော့ ဦးနှောက်က ဆဲလ်တွေကိုလည်း သေစေနိုင်တယ်လို့ ဆိုပါတယ်။ Parabens ကလည်း အရေပြား ခြောက်ခြင်း, ယားယံခြင်းတွေ ဖြစ်စေနိုင်သလို ဦးနှောက်နဲ့ အာရုံကြောစနစ်၊ ဟော်မုန်းစနစ်တွေကို ထိခိုက်စေပြီး ကင်ဆာရောဂါအထိပါ ဖြစ်နိုင်တယ်ဆိုတာ ဖတ်လိုက်ရပါတယ်။
.
ဒီလက်သန့်ဆေးရည်တွေမှာ အများဆုံးပါတဲ့ အယ်လ်ကိုဟောကလည်း လျက်မိရင်၊ ရှူမိရင် အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ တချို့အမျိုးအစားက alcohol free ဆိုရင်တောင် သူ့မှာပါတဲ့ တခြား ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းရည်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဗူးလေးတွေကို လေ့လာကြည့်တော့ ဗူးနောက်ကျော ရိုက်နှိပ်ထားတဲ့ ပါဝင်ပစ္စည်းစာရင်းက သေးလွန်းလို့ မနည်းဖတ်ရပါတယ်။ အသက် ၆ နှစ်အောက် ကလေးတွေ သုံးစွဲမယ်ဆိုရင် လူကြီးရ့ လမ်းညွှန်မှုနဲ့ သုံးစွဲရမယ် လို့ သတိပေးချက်တွေ ပါပေမဲ့ ဝယ်ယူသူ အများစုဟာ ဒါတွေကို တကူးတက သိပ်မဖတ်ကြပါဘူး။ လက်သန့်ဆေးရည်ကို နေ့စဉ်သုံးစွဲကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေတောင် ကြာရှည်မှာ ကျန်းမာရေး ထိခိုက်တယ်လို့လဲ ဆိုထားတာကြောင့် ဒီလက်သန့်စင် ဆေးရည်ဟာ အနည်းအကျဉ်း အသုံးပြုရင် အကျိုးရှိပေမဲ့ အများအပြား အလွန်အကျွံသုံးစွဲရင်တော့ အင်မတန် အန္တရာယ်များတာကို တွေ့ရပါတယ် တဲ့။
.
မသိနားမလည်တဲ့ ကလေးတွေဟာ အတိုင်းအဆမရှိ သုံးစွဲတတ်ကြတာကြောင့် မိဘတွေ ဆရာတွေ အနေနဲ့ တင်းတင်းကျပ်ကျပ် သတိပေးသင့်ပါတယ်။ ကျွန်မကတော့ ဒီလက်သန့်စင် ဆေးရည်ဟာ ရေနဲ့ ဆပ်ပြာ အလွယ်တကူ မရှိမှသာ အနည်းအကျဉ်း သုံးရတာ ဖြစ်ပြီး ခဏခဏ မလိမ်းသင့်ဘူးဆိုတာ သူတို့လေးတွေနားလည် သဘောပေါက်အောင် အထပ်ထပ် အခါခါ ပြောပြခဲ့ရပါတယ်။ ဒါ့အပြင် mask တပ်တာနဲ့ လက်သန့်ဆေးရည် သုံးတာမှ H1N1 ကို ကာကွယ်တာ မဟုတ်ဘူး၊ အာဟာရဖြစ်တဲ့ အစားအစာတွေ, လတ်ဆတ်တဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေ, ဗိုက်တာမင် စီဓာတ်ပါတာတွေ စား၊ ရေများများသောက်၊ ကျန်းမာရေး လှုပ်ရှားမှု တခုခုလုပ်၊ လူထူထပ်တဲ့ နေရာတွေ ရှောင် စသဖြင့် ပြောရပါသေးတယ်။
.
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီး ထိရောက်သတဲ့။
ခုလိုမျိုး လွန်ကဲစွာ ကာကွယ်ခြင်းရဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာတဲ့အခါ … ကာကွယ်ရင်း ထိခိုက်တာမျိုး မဖြစ်ရအောင် ဉာဏ်နဲ့ ဆင်ခြင်ပြီး သင့်တင့်စွာ ကာကွယ်ကြပါလို့ သတိပေးလိုက်ရပါတယ်။
***
မေဓာဝီ
.
Ref: News Max Health – 6 reasons to avoid Hand Sanitizers (by Sylvia Booth Hubbard)

(မြန်မာတိုင်းမ် နေ့စဉ် သတင်းစာ - ၁၈.၀၈.၁၇)

Read More...

Thursday, August 17, 2017

သမိုင်းဆိုတာ ... ကဗျာတပုဒ် ...


********
သမိုင်းဆိုတာ ...
(၁)
.
စီးဆင်း​နေတဲ့ မြစ်​တစင်း ...
~~~~~~~~~~~
သြဂုတ်​လဆန်းတုန်းက Grade 8 နဲ့ Grade 9 ​ကျောင်းသား​တွေကို သမိုင်း စ သင်​ရတယ်​။ ကျွန်​မ သမိုင်း သင်​မယ်​ဆို​တော့ ​ကျောင်းသူတ​ယောက်​က သမိုင်းသင်​ရမှာ ပျင်းလိုက်​တာ စာသင်​ရင်း အိပ်​​ပျော်​သွားမှာပဲ လို့ ​ပြောတယ်​။ အင်း​လေ ကျွန်​မတို့ ငယ်​ငယ်​ကလည်း သမိုင်းဆိုတာ ပျင်းစရာ ဘာသာရပ်​လို့ သတ်​မှတ်​ခဲ့တာပဲကိုး။
.
ငယ်​ငယ်​က ကျွန်​မအပါအဝင်​ သူငယ်​ချင်း အ​တော်​များများက သမိုင်းဘာသာရပ်​ကို ငြီး​ငွေ့ကြတယ်​။ သမိုင်းကျက်​ရမှာလည်း ပျင်းတယ်​။ မှတ်​ရခက်​တဲ့ ခုနှစ်​သက္ကရာဇ်​​တွေ၊ နာမည်​​တွေကိုလည်း စိတ်​ပျက်​ခဲ့ကြတယ်​။ ဒါ​ပေမဲ့ သမိုင်းစာ​မေးပွဲ​တွေနဲ့ ​ဝေးကွာလာချိန်​မှာ သမိုင်းရဲ့ အ​ရေးပါမှု​တွေကို တစတစ နားလည်​လာပြီး သမိုင်းပညာရပ်​ကို တန်​ဖိုးထားရ​ကောင်းမှန်း သိလာခဲ့တယ်​။
.
သမိုင်းဆိုတာ ပြဋ္ဌာန်းစာအုပ်​ထဲမှာတွင်​ ရှိတာမဟုတ်​ဘူး၊ စာအုပ်​ထဲမှာပဲ ရပ်​​နေတာ မဟုတ်​ဘူး၊ သမိုင်းဟာ စီးဆင်းနေတဲ့ မြစ်​တစင်း ... ။
***
(၂)
.
အရိပ်ပမာ ...
~~~~~~~
သူတို့လေးတွေအတွက် ပြဋ္ဌာန်းစာအုပ်ကို ဗြိတိန်နိုင်ငံထုတ် History of the World ဆိုတဲ့ စာအုပ်ထဲက ကောက်နုတ်ထားပါတယ်။ ဒီစကြာဝဠာကြီးနဲ့ ကြယ်တွေ ဂြိုဟ်တွေ၊ ကိုယ်နေထိုင်ရာ ကမ္ဘာကြီး ဖြစ်ပေါ်လာပုံက အစပြုပြီး ဒီနေ့ခေတ် အထိ နှစ်အပိုင်းအခြားအလိုက် ပုံလေးတွေနဲ့ ဖော်ပြထားတာမို့ စိတ်ဝင်စားစရာ စာအုပ်တအုပ်ပါပဲ။ စာသင်နှစ် တနှစ်တာ အတွင်း ဒီစာအုပ် တအုပ်လုံးတော့ သင်ကြားချိန် ရမှာ မဟုတ်ပါဘူး။ သမိုင်းက အဓိက ဘာသာရပ် မဟုတ်တဲ့အတွက် တပတ်ကို ၂ ချိန်ပဲ ပါပြီး အတော်အသင့် လောက်သာ ကောက်နုတ် သင်ပေးရမှာပါ။
.
ပြဋ္ဌာန်းစာအုပ် စမသင်ခင် ...
ဝှိုက်​ဘုတ်​မှာ What is history? ဆိုတဲ့ ​မေးခွန်း​လေး စ​ရေးပြီး သူတို့ကို ​မေး​တော့ အ​ဖြေ​တွေ အမျိုးမျိုး ​ပေးကြပါတယ်​။ သူတို့အ​ဖြေ​လေး​တွေကို စုစည်း လိုက်​​တော့ History ဆိုတာ ဘာလဲ ဆိုတဲ့ ​အ​ဖြေထွက်​လာတာ​ပါပဲ။ ဒီလိုနဲ့ ​နောက်​ထပ်​ ​Why is history important? ဆိုပြီး ​မေးခွန်း​လေး ​ထပ်​​မေးလိုက်​ အ​ဖြေ​တွေ စုစည်းလိုက်​နဲ့ အမေး အ​ဖြေ လုပ်​ရင်း သင်​သွားလိုက်​တာ အချိန်​ ကုန်​မှန်းမသိ ကုန်​သွားပါ​ရော။
.
အဆင့်​ဆင့်​ ​ပြောင်းလဲလာတဲ့ ယဉ်​​ကျေးမှု၊ ယုံကြည်​ကိုးကွယ်​မှု၊ ဖန်​တီးမှု၊ နိုင်​ငံ​ရေး၊ လူ​နေမှုစနစ်​စတဲ့ အ​ကြောင်း​တွေကို ဥပမာ​လေး​တွေန့ ​ပြောပြ​တော့ ​စော​စောက "အိပ်​​ပျော်​သွားမှာပဲ" ဆိုတဲ့ ​ကျောင်းသူ​လေးလဲ မျက်​လုံး​လေး ​တောက်​ပပြီး စိတ်​ဝင်​တစား နား​ထောင်​၊ ​မေးတဲ့ မေးခွန်း​တွေကို တက်​တက်​ကြွကြွ ဖြေဆိုတာ ​တွေ့ရတယ်​။
.
ကျွန်​မတို့ ​ပြောကြ ဆိုကြ ​ဆွေး​နွေးကြတဲ့ထဲမှာ ကမ္ဘာ့သမိုင်း၊ မြန်​မာ့သမိုင်း အကုန်​​စုံလို့ပဲ။ ပတ္တမြားင​မောက်​ပါသလို 9/11 လည်း ပါတယ်​။ King Henry VIII အ​ကြောင်းပါသလို ဂဠုန်​ဦး​စောလည်း ပါတယ်​။ သီ​ပေါမင်း ပါ​တော်​မူတာ ပါသလို ချားလ်​စ်​နဲ့ ဒိုင်​ယာနာ တို့ရဲ့ ဇာတ်လမ်း လည်း ပါတယ်​။ သူတို့သိတာတွေလည်း သူတို့ပြော၊ ကျွန်မသိတာလည်း ကျွန်မက ပြောပေါ့ ... ။
.
ဒါတွေအားလုံးဟာ သမိုင်းပဲ မဟုတ်လား။ တိုင်းပြည် နိုင်ငံတခုမှာမှ သမိုင်းရှိတာ မဟုတ်ဘူး၊ လူတိုင်းမှာ သမိုင်းရှိတယ်၊ သမိုင်းဆိုတာ ကိုယ် ရှေ့ကိုသွားတိုင်း ကိုယ့်နောက်မှာ အရိပ်လို အမြဲပါနေတာ ... ။
***
(၃)
.
ကဗျာတပုဒ် ...
~~~~~~~~
သမိုင်းပညာရှင်တွေရဲ့ သမိုင်းဆိုင်ရာ အဆိုအမိန့်တွေ ပြောတဲ့အခါ ...
ဒေါက်တာသန်းထွန်းပြောတဲ့ “သမိုင်းကို လေ့လာတာ မအအောင်လို့” ... ဆိုတာလေး ဦးဆုံးပြောပြတော့ သူတို့ သိပ်သဘောကျကြတယ်။ ကျောင်းသား တယောက်က ...
.
“အိမ်ရောက်ရင် ပါပါးကို သွားမေးရမယ် ... သမိုင်းကို ဘာလို့ လေ့လာရတာလဲ ပါပါး သိလား လို့ .... ဟားဟား ... ပါးပါး သိမှာမဟုတ်ဘူး တီချာ ... ”

ပြောပြီး သူ့ဟာသူ သဘောတွေကျနေသေးတာ။
.
သမိုင်းကို လေ့လာခြင်းအားဖြင့် ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကနေ သင်ခန်းစာယူပြီး မကောင်းတာဆိုလည်း နောက်ထပ် မဖြစ်ရအောင်၊ ကောင်းတာတွေကို ပြန်လည် အသုံးချရအောင် ... စသဖြင့် ပြောပြရင်း စစ်ဘုရင်ကြီး နပိုလီယံရဲ့ စကား၊ အတွေးအခေါ်ပညာရှင်ကြီး George Santayana ရဲ့ စကားတွေ ရေးပေးဖြစ်တယ်။
.
History is the version of the past events that people have decided to agree upon. 
(Napoleon Bonaparte)
.
Those who do not remember the past are condemned to repeat it.
(George Santayana)
.
သူတို့ကို ရေးပေးခဲ့တဲ့ quote သုံးခုအနက် ကျွန်မကတော့ အင်္ဂလိပ်ကဗျာဆရာ ရှယ်လီ ပြောတာကို အနှစ်သက် ဆုံးပါပဲ။
.
ရှယ်လီက ခုလို ပြောခဲ့သတဲ့။
History is a cyclic poem written by time upon the memories of man.
(Shelley, English poet)
.
သမိုင်းဆိုတာ ...
အမှတ်တရများစွာ​ကို
အချိန်က ရေးဖွဲ့ထားတဲ့
ကဗျာရှည်တပုဒ် ... ။
... ... ...
***
ကျင်လည်ရာ ဘဝမှာ ကာရန်ညီတဲ့ ကဗျာလှလှလေး တပုဒ် ဖြစ်အောင် ရေးဖွဲ့ဖို့ ကြိုးစားရပါဦးမယ်။
***
မေဓာဝီ
17.08.17
10.17

Read More...

Tuesday, August 08, 2017

အတူ ...




 ပြည်သူ့စကား
အလေးထားကာ
နှလုံးသားဖြင့် ခံစားသူ ... ။ 
***
MDW
၀၈.၀၈.၁၇

Read More...

Friday, August 04, 2017

နံနက်ခင်း ...


နံနက်​ခင်း
***
တစက်​ နှစ်​စက်​ မိုး​ရေစက်​ ...
ကောင်းကင်​ထက်​မှ ခုန်​ချလျက်​၊
...
တရွက်​ နှစ်​ရွက်​ နုသစ်​ရွက်​...
သစ်​ပင်​ထက်​မှာ စိမ်းမြလျက်​၊
...
တခက်​ နှစ်​ခက်​ မာလာခက်
နုပျိုလန်းဆန်း ပွင့်​လန်းလျက်​၊
...
တရက်​ နှစ်​ရက်​ ​ရေကာတွက်
ကုန်​ဆုံးသွားတဲ့ ဒီနံနက်​ ... ။
***

မေဓာဝီ
04.08.17

Read More...

Tuesday, August 01, 2017

ည လ ယ် ယံ ဂီ တ

ည လယ်​ ယံ ဂီတ ...
***
တ​ဖြောက်​​ဖြောက်​ ရွာတဲ့မိုး
စုတ်​ထိုး​နေတဲ့ အိမ်​​မြှောင်
ရမ်း​ယောင်​​အော်​တဲ့ ညဉ့်​ငှက်
သစ်​ရွက်​ချင်း ပွတ်​တိုက်​သံ
ညလယ်​ယံရဲ့ ဂီတ
တ​ရေးနိုးတဲ့ ညမှာ 
ကြားတယ်​။
***

မေဓာဝီ
01.08.17
03.08 am

Read More...

Sunday, July 30, 2017

အိုးတိုက်ဖွဲပြာနဲ့ သရီးအာ

***
တနင်္ဂ​နွေ​နေ့လယ်​ခင်း ပျင်းပျင်းနဲ့ အဝတ်​​တွေ မီးပူတိုက်​​နေတုန်း ...
"အိုး .... တိုက်​ ... ဖွဲပြာ ..." လို့ ​လေး​လေးပင်​ပင်​ ဆွဲငင်​ ​အော်​​ရောင်းသံကို ကြားလိုက်​ရတယ်​။ အဲဒီအသံမျိုး မကြားရတာ အ​တော်​ကြာပြီမို့ တိုက်​လက်​စ မီးပူ​လေး အသာ​ထောင်​ပြီး အိမ်​​ရှေ့ ဝရံတာဘက်​ သွားကြည့်​မိ​တော့ အိုးတိုက်​ဖွဲပြာ ​ရောင်းတဲ့ သူငယ်​မ​လေးဟာ လမ်းကျဉ်းက​လေးထဲက​နေ ​​ဘောက်​ဆတ်​ ​ဘောက်​ဆတ်​​လျှောက်​ရင်း ကျောခိုင်းထွက်​သွား​လေရဲ့။
.
ဖွဲပြာသည်​​လေး ထွက်​သွား​ပေမဲ့ အ​တွေး​တွေက ကျန်​ခဲ့တယ်​။ မီးပူ​တောင်​ ဆက်​မတိုက်​ဖြစ်​​သေးပဲ အိုးတိုက်​ဖွဲပြာ ဆိုတဲ့ စကားလုံ ​လေးလုံးကို နှုတ်​က ​ရေရွတ်​ရင်း အိုးတိုက်​ဖွဲပြာ အ​ကြောင်း စဉ်းစား​ခန်းဝင်​​နေမိ​ပါရော။ အိုးတိုက်​ဖွဲပြာ ဆိုတာ ခု​ခေတ်​ က​လေး​တချို့ မသိနိုင်​​တော့တဲ့ ​ဝေါဟာရများ ဖြစ်​သွားပြီလား။ ကိုယ်​​တွေ​တောင်​ အိုးတိုက်​ဖွဲပြာနဲ့ ကင်း​ဝေးခဲ့တာ ဆယ်​စုနှစ်​ တခုမက​တော့ဘူး​လေ ... ။
***
ငယ်​ငယ်​က အိုးတိုက်​ဖွဲပြာနဲ့ ရင်းနှီးခဲ့တာ​လေး ပြန်​​တွေးမိ​တော့ အိမ်က ပန်းကန်​​ဆေးတဲ့​နေရာ​လေးမှာ နှုတ်​ခမ်းသား​ ​ဆေးကွာ​နေတဲ့ ​ကြွေရည်​သုတ်​ ခွက်​အ​ဟောင်း​လေး တလုံးရယ်​ စဉ့်​အင်​တုံ အ​သေး​လေး တ​လုံးရယ်​ကို ​သတိရမိတယ်​။ ​ကြွေရည်​သုတ်​ ခွက်​က​လေးထဲမှာ​တော့ ဆပ်​ပြာခဲ အဝါ​လေးနဲ့ အုန်းဆံဖတ်​ ရှိပြီး စဉ့်​အင်​တုံခွက်​​လေးထဲမှာ​တော့ အိုးတိုက်​ဖွဲပြာ​တွေ ထည့်​ထားတယ်​။ အိုးတိုက်​ဖွဲပြာ ခွက်​ထဲမှာလဲ ဖွဲပြာ​တွေ ​ပေလူး​နေတဲ့ ဆပ်​ပြာတုံး​လေးနဲ့ အုန်းဆံဖတ်​ ရှိပါ​သေးတယ်​။
.
အိမ်​မှာ အုန်းပင်​​တွေက ​ပေါ​တော့ ပန်းကန်​​ဆေးဖို့ အုန်းဆံဖတ်​အတွက်​ ပူစရာ မလိုခဲ့ဘူး။ အုန်းသီး​ခြောက်​​တွေ အပင်​က ချတဲ့အခါ အခွံခွာပြီး အပြင်​အခွံကြမ်းက ကြမ်းတိုက်​ ကြမ်း​ဆေးဖို့၊ အတွင်းက အုန်းဆံဖတ်​နုက ပန်းကန်​​ဆေးဖို့ ရယ်​လို့ လူကြီး​တွေက ခွဲခြား သိမ်းဆည်း ခဲ့ကြတယ်​။ အုန်းဆံဖတ်​ မဝယ်​ရ​ပေမဲ့ အိုးတိုက်​ဖွဲပြာကို​တော့ ဝယ်​ရပါတယ်​။ လမ်းထဲမှာ လာ​ရောင်းတဲ့ အိုးတိုက်​ဖွဲပြာသည်​က မရှိဘူးဆိုရင်​ သုံး​လေးသည်​​ လောက်​​တော့ ရှိမယ်​။
.
အဲဒီ​ခေတ်​တုန်းက ထမင်းဟင်းချက်​ရင်​ လျှပ်​စစ်​မီးဖိုနဲ့ ချက်​ကြတာ နည်းပါတယ်​။ ​ရေနံဆီ မီးဖို၊ မီး​သွေး မီးဖို၊ ထင်းမီးဖို ​တွေနဲ့ ချက်​ကြ​တော့ အိုး​တွေမှာ မီးခိုးမှိုင်း​တွေနဲ့ မည်း​နေတတ်​တယ်​။ အိုး​တွေ ဘယ်​​လောက်​မည်းမည်း အိုးတိုက်​ဖွဲပြာနဲ့ တိုက်​လိုက်​ရင်​ ​ပြောင်​သွားတတ်​တာမို့ အိမ်​တိုင်းလိုလို အိုးတိုက်​ဖွဲပြာ သုံးကြ​တော့ ​ရောင်းတဲ့ သူ​တွေလည်း များ​နေတာ​ပေါ့။
.
အဲဒီတုန်းက ငယ်​​သေး​တော့ ထမင်းစားပြီး ကိုယ့်​ပန်းကန်​ ကိုယ်​မ​ဆေးရ​ပေမဲ့ အိမ်​က လက်​တိုလက်​​တောင်း အမကြီး​တွေ ​ဆေး​ကြောရင်​ မြင်​​နေတာမို့ ပန်းကန်​​​ ခွက်​​ယောက်​​တွေ ဆေးတဲ့အခါ ဆပ်​ပြာအသန့်​ အုန်းဆံအသန့်​နဲ့ ​ဆေးပြီး ဒယ်​အိုး​တွေ ဒန်​အိုး​တွေတိုက်​ရင်​​တော့ အိုးတိုက်​ဖွဲပြာနဲ့ တိုက်​​လေ့ရှိတာ သိခဲ့ရတယ်​။ အိုး​တွေတိုက်​လို့ အိုးတိုက်​ဖွဲပြာဆိုပြီး ​ခေါ်တာပဲလို့ ငယ်​ကတည်းက စိတ်​ထဲ စွဲ​နေခဲ့တယ်​။
.
အိုးတိုက်​ဖွဲပြာက မည်း​တယ်​ ကြမ်းတယ်​၊ သူနဲ့တိုက်​လိုက်​ရင်​ ဒန်​အိုး​တွေက ​ဘယ်​​လောက်​ ပြောင်​​တယ်​ပဲဆိုဆို အိုးတိုက်​ဖွဲပြာ မည်းမည်း ကြမ်းရှရှကြီး​တွေကို ကိုင်​ရ တိုက်​ရမှာ မနှစ်​မြို့စရာ လို့ ယူဆခဲ့ပါတယ်​။ ဘာ​ကြောင့်​လဲ ဆို​တော့ အိုးတိုက်​ဖွဲပြာ ​နေ့တိုင်းတိုက်​တဲ့ အမကြီး​တွေရဲ့ လက်​ဟာ အိုးတိုက်​ဖွဲပြာလိုပဲ ကြမ်းတမ်းနေလို့ပါ။
.
အသက်​​လေး နည်းနည်းကြီးလာ​တော့ အိုးတိုက်​ဖွဲပြာဆိုတာ စပါးခွံ​တွေဆိုတာ သိလာတယ်​။ ဖွဲပြာသည်​​လေး​တွေဟာ ဆန်​စက်​က ထွက်​တဲ့ မီးသင့်​​နေတဲ့ စပါးခွံ​တွေကို သွားကြုံးပြီး အိမ်​​တွေမှာ အိုးခွက်​တိုက်​ဖို့ ပြန်​ရောင်းကြတာ​ပေါ့။ အိုးတိုက်​ဖွဲပြာ ... လို့ ​သံစဉ်​ အမျိုးမျိုးနဲ့ တလမ်းဝင်​ တလမ်းထွက်​ အော်​​ရောင်း​နေတဲ့ သူတို့​ရဲ့ ခေါင်း​ပေါ်က ဗန်းထဲမှာ ပုဆိုးကွင်းပတ်​နဲ့ အပြည့်​ အိုးတိုက်​ဖွဲပြာ​တွေ ရှိတယ်​။ ဝယ်​သူရှိရင်​ ဗန်းက​လေး ​အောက်​ချ ပုဆိုးကွင်းထဲက ဖွဲပြာ​တွေ နို့ဆီခွက်​နဲ့ ချင်​၊ တဗူး ဘယ်​​လောက်​ သတ်​မှတ်​ပြီး ​ရောင်းကြတာပါပဲ။ 
.
အိုးတိုက်​ဖွဲပြာသည်​ ဆိုတာ ​ခေါင်းရွက်​ ဗျတ်ထိုး ​ဈေးသည်​​တွေထဲမှာ အရင်းအနည်းဆုံးမို့ အဆင်းရဲဆုံးလို့ ဆိုရင်​လည်း မမှား​လောက်​ပါဘူး။ အ​ရောင်​အ​သွေး မပီပြင်​​တော့တဲ့ အဝတ်​​လေး​တွေကို ဝတ်၊ ဖိနပ်​မြီးတို​လေး စီးပြီး ရွာရိုးကိုး​ပေါက်​ အိုးတိုက်​ဖွဲပြာ ​အော်​​ရောင်းကြရတဲ့ သူတို့ဘဝဟာ အိုးတိုက်​ဖွဲပြာလိုပဲ အင်​မတန်​ ကြမ်းတမ်း နိမ့်​ကျလိုက်​တာ လို့ ​တွေးခဲ့မိတယ်​။
***
ဒီလိုနဲ့ ​ခေတ်​​တွေ​ပြောင်းလာ​တော့ ပန်းကန်​​ဆေးတဲ့နားက ခွက်​က​လေး​တွေဟာလည်း ​ကြွေရည်​သုတ်​ခွက်​ စဉ့်​အင်​တုံခွက်​ မဟုတ်​​တော့ပြီ။ အိုးတိုက်​ဖွဲပြာနဲ့ အုန်းဆံဖတ်​အစား steel wool နဲ့ sponge တို့ ဖြစ်​သွားပြီ။ စတီးအိုးနဲ့ လျှပ်​စစ်​နဲ့ ချက်​တာမို့ ​ပြောင်​​အောင်​ အရမ်းတိုက်​စရာလည်း မလို​တော့။ အိုးတိုက်​ဖွဲပြာ မည်းမည်း ကြမ်းကြမ်းကြီး​တွေနဲ့ ​ဝေး​တော့ စတိုင်​​တော့ အကျသား။
.
ဒါ​ပေမဲ့ တခါတရံ ထမင်းထဲမှာ စတီးမျှင်​​လေး​တွေ ပါလာတဲ့အခါ၊ ပန်းကန်​​ဆေးတဲ့ အစိမ်းဖတ်​က အမျှင်​​လေး ​ကော်​ဖီခွက်​ လက်​ကိုင်​မှာ ကပ်​​နေတဲ့အခါ ဘုရားတ ရင်း ​သေချာ​ဆေးဖို့ ​ကောင်​မ​လေး​တွေကို မှာရပြန်​ပါတယ်​။ အရင်​က သုံးတဲ့ အုန်းဆံလို သဘာဝမဟုတ်​တာမို့ အန္တရာယ်​ များလွန်းတဲ့အရာ​တွေ ဝမ်းထဲ မ​ရောက်​​စေချင်​ပါဘူး။ ​ခေတ်​ရဲ့ အလိုကျ သုံးရတဲ့ ပစ္စည်း​တွေက စဉ်းစားကြည့်​ရင်​ အန္တရာယ်​​တော့ အများသား။ မသုံးလိုလည်း မဖြစ်​ဘူးပဲ ဆိုပါ​တော့။
.
အိုးတိုက်​ဖွဲပြာသည်​ အသံကြားလို့ ပြန်​​တွေးရင်း အရင်​ကလို အုန်းဆံဖတ်​နဲ့ အိုးတိုက်​ဖွဲပြာ ပြန်​သုံးရ ​ကောင်းမလား စိတ်​ကူးယဉ်​​နေမိ​ပါသေးတယ်​။ စိတ်​ကူးသာ ယဉ်​မိတာ တိုက်​မလားလို့ အလကားလာ​ပေးရင်​​တောင်​ ယူမိမှာ မဟုတ်​ပါဘူး။ ခုပဲကြည့်​​လေ၊ အိုးတိုက်​ဖွဲပြာ ​ရောင်းသူရှိ​နေ​သေး​ပေမဲ့ ဝယ်​သူက မရှိ​တော့။
.
ခုချိန်လို ကမ္ဘာနဲ့အဝှမ်း reduce, reuse, recycle လို့ ​အော်​​နေကြတဲ့ ​ခေတ်​ကြီးမှာ 3Rs ရဲ့ ​မော်​ဒယ်​လ်​ အိုးတိုက်​ဖွဲပြာသည်​​လေး​တွေဟာ အိုးတိုက်​ဖွဲပြာ မည်းမည်း ကြမ်းကြမ်းကြီး​တွေကို ရွက်​ရင်း ဘဝကြမ်းကြမ်းရဲ့ လမ်းကြမ်းကြမ်း​တွေမှာ ​လျှောက်​​နေကြရဆဲ ... ။
***
မေဓာဝီ
30.07.17
15.50
.

Read More...

Monday, July 17, 2017

အဘိုး ...

(၁)
***
အဘိုး၏ အစိန္တေယျဘုရားရှိခိုးသံနှင့် နိုးထခဲ့ရသည့် ဝေလီဝေလင်း နံနက်ခင်းများကို အမှတ်ရမိသည်။ အဘိုး ဟု ပထမဆုံး မှတ်မိခဲ့သည်က ထိုအသံပင်။ ထိုစဉ်က အသက် သုံးလေးနှစ်လောက်သာ ရှိဦးမည် ထင်သည်။ ကျောင်းမနေရသေးသည့်အရွယ်။ အဘိုးက ဝေဘူဆရာတော်၏ တပည့်ရင်းမို့ ဝေဘူဆရာတော် ရန်ကုန်သို့ကြွလာလျှင် မနက်အစောကြီး အရုဏ်ဆွမ်းကပ်ရန် ရွှေတိဂုံဘုရား တောင်ဘက်မုခ်က အင်းလေးဓမ္မာရုံသို့ မိုးမလင်းမီ တအိမ်လုံး သွားကြရသည်။ ထိုနံနက်ခင်းတွေမှာ ကားပေါ် အိပ်ငိုက်ရင်း လိုက်ပါသွားခဲ့ရသည်ကို ခုထိမမေ့သေး။
.


အဘိုးကို မြေးတွေအားလုံးက ဘဘကြီးဟု ခေါ်ရသည်။ ကျောင်းမနေရသေးပေမဲ့ အစ်မနှစ်ယောက် သင်ပေးသည့် ရှဥ့်ညိုလေးတို့ ယုန်ကလေးက နားရွက်ထောင်တို့ စသည့် ကဗျာလေးတွေကို ဟန်အမူအရာလေးဖြင့် ရွတ်ပြလျှင် အဘိုးက ရှုံ့အိတ်လေးထဲမှ ငွေအကြွေ အလေးစေ့လေးတွေ ဆုချလေ့ရှိသည်။ ဆယ်ပြား တမတ် ငါးမူး စသဖြင့်နေမှာပေါ့။ သူတို့ညီအစ်မတတွေ တူတူပုန်းတမ်းဆော့ကြလျှင် ပက်လက်ကုလားထိုင် အကြီးကြီးဖြင့် စာထိုင်ဖတ်နေသော အဘိုးက ပုဆိုးဖြင့် ကွယ်ကာ ထိုင်ခုံအောက်မှာ သူ့ကို ဝှက်ထားပေးတတ်သည်။ အဘိုး၏ ဘန်ကောက်လုံချည်သည် ထိုအခါက သူ့တကိုယ်စာကို လုံခြုံအောင် ဝှက်ထားပေးနိုင်ခဲ့၏။
.

ဒီလိုနှင့် သူကျောင်းနေရသည့်အရွယ် ရောက်လာပြီး ကျောင်းနှင့်အိမ် သွားလာရင်း အဘိုးကို သူမေ့နေခဲ့သည်။ ထိုရက်ပိုင်းတွေ အဘိုးအိမ်မှာရှိမရှိ သတိမထားမိခဲ့။ သူသတိထားမိသည့် အချိန်မှာတော့ အဘိုး ပြန်ရောက်လာပြီ။ သို့သော် အဘိုးက လူအဖြစ်ဖြင့် မဟုတ်တော့။ အဘိုးကို ဘဘကြီးဟု မခေါ်ရတော့။ ဦးဇင်းကြီးဟု ပြောင်းခေါ်ရသည်။ အဘိုးက ခေါ်လျှင် ဘုရား ဟုထူးရသည်။ အဘိုးက ပြောလျှင် တင်ပါ့ဘုရားဟု ပြောရသည်။ သူငယ်တန်း တက်သည့်နှစ်တွင် အဘိုးရဟန်းဝတ်ခဲ့ခြင်း ဖြစ်သည်။
.


အဘိုးက ဝေဘူဆရာတော်ထံတွင် ဒုလ္လဘ ရဟန်းခံရင်း တသက်တာလုံး ရဟန်းအဖြစ်ဖြင့် နေထိုင်ခဲ့လေ၏။ ရဟန်းဖြစ်သွားသောကြောင့် အိမ်သားတွေနှင့် တမိုးထဲ အတူမနေရသည့် အဘိုးက ဒရဝမ်တဲ ဟု သူတို့ခေါ်သော (ယခင် ခြံစောင့်မိသားစု နေခဲ့သည့်) ခြံထောင့်က သစ်သားအိမ်ကလေးမှာ သီတင်းသုံး နေထိုင်ခဲ့သည်။ သူတို့တွေက အချိန်မှန် အဘိုးဝေယျာဝေစ္စ သွားလုပ်ပေးရသည်။ အမေက ဆွမ်းချက် ဆွမ်းကပ် သူတို့တွေက တံမြက်လှည်း ဖုန်သုတ် ထွေးခံဆေး စသဖြင့်ပေါ့။
.
အဘိုးက ခေတ်မီသည်။ ပညာရေးကို အလေးထားသည်။
ပဉ္စမတန်းမှ အင်္ဂလိပ်စာ စသင်ရသော ခေတ်တွင် မွေးဖွါးကြီးပြင်းလာသော သူတို့ကို သူငယ်တန်းကတည်းက အေ ဘီ စီ ဒီ သင်ပေးခဲ့သည်။ နှစ်တန်း သုံးတန်းလောက်မှာ အင်္ဂလိပ်ခေတ်က ကျောင်းတွေမှာသင်ရသော Reader စာအုပ်လေးတွေနှင့် စတင် မိတ်ဆက်ပေးခဲ့သည်။ လေး ငါးတန်းမှာ အက်ဆေးနှင့် letter writing သင်ပေးခဲ့ပြီး ခြောက်တန်း ခုနစ်တန်း အရွယ်မှာတော့ အင်္ဂလိပ် လက်နှိပ်စက် အခြေခံ သင်ပေးခဲ့လေ၏။

ထိုစဉ်ကတော့ အဘိုးစာသင်တော့မည်ဆိုလျှင် တီကို ဆားနှင့် တို့သလို တွန့်လိမ်ပြီး စိတ်အိုက်ကြရသည်။ ဘယ်အချိန် လစ်ရမလဲ အမြဲ အကြံထုတ်နေကြရသည်။ အဘိုး ခရီးသွားနေလျှင် သို့မဟုတ် ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေချိန်တွငိ သူတို့ စိတ်လက် ပေါ့ပါးနေတတ်သည်။ အဘိုးရှိသည့်အချိန် အဘိုးခေါ်လျှင် အဆင်သင့် standby နေနေရသည်ကို ငြီးငွေ့ ခဲ့ဖူးသည်။ တကယ်တမ်း အဘိုးမရှိတော့မှ အဘိုးကျေးဇူးတွေကို ပို၍နားလည်လာခဲ့ပေသည်။ ယခင်လို အဘိုးကို ပြန်၍ ပြုစုခွင့်ရချင်သည့်တိုင် အဘိုးကား မရှိတော့။
***
လွန်ခဲ့သော ၂၅ နှစ် - ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်ညက ဘဝတပါးသို့ ပြောင်းသွားသော အဘိုး ဦးအေးမောင် (ဦးဥတ္တမ) ကို ရည်စူး၍ ဒီကနေ့ နံနက် အရုဏ်တက်ချိန်တွင် သံဃာတော်များအား တန်းဆွမ်း လှူဒါန်းခြင်း၊ ခြောက်ထပ်ကြီး ရတနာကျောင်းတိုက်တွင် ဘဒ္ဒန္တဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။
အဘိုး ရောက်ရာဘဝက သာဓုခေါ်နိုင်ပါစေ … ။
***
MND
17.07.16
(မနှစ်က ရေးပြီး ဖေ့စ်ဘွတ်ထဲ တင်ခဲ့တဲ့ စာပါ)

Read More...

Monday, June 19, 2017

အမိမြန်​မာပြည်​ သို့

***
ခြေလှမ်းတိုင်းမှာ
အားမာန်ပါ၏။
 အကြည့်တိုင်းမှာ
မေတ္တာ လွှမ်းဖုံး
အပြုံးတိုင်းမှာ
ကရုဏာဆင်
ပြည့်မိခင်သည်
သက်ရှည် ကျန်းမာပါစေသောဝ် ... ။ 
***



မေဓာဝီ
၁၉ ဇွန်​ ၂၀၁၇
၅း၄၅ နာရီ

Read More...

Friday, June 16, 2017

အလွမ်း မိုးရေစက်များ

... ... ... 

တစက် နှစ်စက်
မိုးရေစက်လည်း
စည်းချက် မှန်မှန်
ညတေးသံ။

တရွက် နှစ်ရွက်
စိမ်းသစ်ရွက်လည်း
မိုးသည်းလေထန်
ချမ်းအေးဟန်။

တရက် နှစ်ရက်
ရေကာတွက်လည်း
မျှော်ဆဲသူ့ထံ
လွမ်းဆွေးပြန်။ 
***
မေဓာဝီ
16.06.16

Read More...

Friday, June 02, 2017

မိုးတိမ်များနဲ့ ညနေခင်း



တိမ်ဖြူဖြူ တအုပ်
ခပ်သုတ်သုတ် မျောလွင့်
စိမ်းရင့်ရင့် ရွက်လွှာ
ပိတ်သိမ်းချိန် တန်တဲ့အခါ
တံတျာတေ တေးသွားနဲ့
ငှက်များလည်း အိပ်တန်းပြင်လေတော့တယ် ... ။ ... ။ 
***

မေဓာဝီ
၂ ဇွန် ၂၀၁၄

Read More...

Wednesday, May 31, 2017

နှင်းစီးဖိနပ်လေး တရန်


Faces Magazine 2017 May



နှင်းစီးဖိနပ်ကလေး တရန်
***

 
“Spare change, please!”

Tesco Supermarket မှ အထွက် ထိုအသံကို ကြားလိုက်ရသဖြင့် မာရီယာ ဖျတ်ခနဲလှမ်းကြည့်လိုက်မိသည်။ အကြိမ်ကြိမ်အခါခါ မျှော်လင့်ထားသည့် အတိုင်းပင် သူ မဟုတ်ခဲ့။ ပိုက်ဆံအကြွေအိတ်ထဲမှ စတာလင်တပေါင်တန် အကြွေစေ့လေးတစေ့ကို ထိုသူ၏လက်ထဲထည့်ရင်း သက်ပြင်းဖွဖွ ချမိသည်။ ကျေးဇူးတင်စကားသံက မာရီယာ့ အနောက်တွင် တိုးညင်းစွာ ကျန်ခဲ့၏။ “Spare change, please!” တဲ့ … ။ ထိုအသံကြားတိုင်း မာရီယာ့စိတ်တွေ မလုံမလဲနှင့် တစုံတယောက် ဖြစ်လိမ့်နိုးနိုး အမြဲရှာဖွေမိသည်မှာ ကြာခဲ့လေပြီ။

မာရီယာက ဈေးဝယ်ထားသည့် တွန်းလှည်းလေးကို ကားရပ်နားရာဆီသို့ ခပ်သုတ်သုတ်တွန်းနေရင်း ကိုယ့်ခြေထောက်အစုံကို ယောင်ယမ်း၍ ငုံ့ကြည့်လိုက်မိသည်။ ဂျင်းဘောင်းဘီအပြာနှင့် တွဲဖက်ဝတ်ဆင်ထားသော လမ်းလျှောက်ဖိနပ် မီးခိုးရောင်ကလေး … ။

လမ်းများစွာလျှောက်လှမ်းဖို့ ဖိနပ်ကလေးတရန်က လူတိုင်းအတွက် မဖြစ်မနေလိုအပ်သည်။ ခြေလှမ်းတိုင်း လုံခြုံဖို့ရာ အတွက် ခိုင်မာသည့် ဖိနပ်ကလေးလည်း ဖြစ်ရမည် … မဟုတ်လား။

ဆောင်းလေအေးတချက် အဝေ့မှာ မာရီယာ့ဆံနွယ်တွေ ဝဲလွင့်သွားသည်။

“သြော် …. တဆောင်းသစ်ပြန်ပြီပဲ …” 

မာရီယာ့အတွေးများက လွန်ခဲ့သောနှစ်များစွာက ဆောင်းတညဆီသို့ … ။
***
အေးမြသော ဒီဇင်ဘာလ၏ ညတည။

မာရီယာ့အလုပ်၏ ခရစ်စမတ်ပါတီပွဲကို မြို့ကလေးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ကျင်းပခဲ့ကြသည်။ မာရီယာက ဒီမြို့ကလေးသို့ ပြောင်းရွှေ့လာခဲ့သည်မှာ ၆ လ ခန့်သာ ရှိသေးသည်။ ထိုမြို့ကလေးက ဗြိတိန်နိုင်ငံ ယော့ခ်ရှားနယ် အနောက်ပိုင်းရှိ မြို့ငယ်လေး။ မြို့ကလေးက သေးငယ်သော်လည်း တောင်ကုန်း တောင်တန်း လေးတွေ လမ်းကလေးတွေက အနိမ့်အမြင့်တွေနှင့်မို့ နေချင့်စဖွယ်။ အလုပ်ရှိရာ ထိုမြို့ကလေးသို့ ရောက်၍ သိပ်မကြာခင်မှာပင် မြို့ကလေးကို ချစ်ခင် ကျွမ်းဝင်သွားခဲ့သည်။ ဒေသထွက် ကျောက်အုတ်တွေနှင့် ဆောက်ထား သည့် အဆောက်အဦ ညိုညိုလေးတွေက မိဘများရှိရာ မာရီယာ့ ဇာတိချက်ကြွေ Midlands မြေနှင့် ကွာခြားသည့် အချက်တချက်ပင်။

ဒီမြို့ကလေးရောက်မှ ပထမဆုံးကြုံရသည့် ခရစ်စမတ်ပါတီအတွက် မာရီယာ အနည်းငယ် စိတ်လှုပ်ရှားမိ သေးသည်။ ခရစ်စမတ်ပါတီဆိုလျှင် ဝတ်လေ့ရှိသော အနီရောင် အစိမ်းရောင် စသည့် အရောင်တွေကို ငြီးငွေ့နေပြီမို့ မာရီယာက စိန်ပွင့်လို တလက်လက်တောက်ပနေသည့် ကျောက်ကလေးတွေ စီထားသည့် ခရမ်းရောင် dress ပေါ်မှာ သားမွေးကုတ် အဖြူရောင်လေး ထပ်ဝတ်ဆင်ခဲ့သည်။ ဖိနပ်ကတော့ လွန်ခဲ့သည့် ၂ နှစ်လောက်က ဝယ်ခဲ့သော ခရမ်းဖျော့ရောင် ကြိုးသိုင်း ခွါချွန် ဖိနပ်အမြင့်ကလေး။

အလုပ်ထဲမှာ စာရွက်တွေ ဖိုင်တွေ ကွန်ပျူတာထဲက ကိန်းဂဏန်းတွေနှင့်သာ ခေါင်းမဖော်တမ်း အလုပ်ရှုပ်ခဲ့ရသော မာရီယာတို့လို ငွေစာရင်းဌာန ဝန်ထမ်းများအတွက် ဒီလိုပါတီပွဲလေးတွေက စိတ်ဖိစီးမှုတွေ ပြေလျော့စေသည့်အပြင် အချင်းချင်းလည်း ရင်းနှီးမှု နားလည်မှု ပိုရစေ၏။

“ဂွတ်အီးဗနင်း မာရီယာ … မင်း ဒီနေ့ သိပ်လှတာပဲ”

“ကျေးဇူးပါကွယ် … ဂွတ်အီးဗနင်းပါ၊ မင်းလည်း ခန့်ညားနေတာပဲ အိုင်ဗင်၊ မင်းတို့နဲ့ လိုက်ဖက်အောင် ကိုယ်က ခုလို ပြင်ဆင်ခဲ့ရတာလေ”

“ဟား ဟား ဟား”

အချင်းချင်း နှုတ်ဆက်သံ ရယ်မောသံ၊ ဖန်ခွက်ချင်း ထိခတ်သံ၊ ဇွန်းသံ ခက်ရင်းသံ၊ သီချင်းသံတို့ဖြင့် ပါတီပွဲလေးက သက်ဝင်လှုပ်ရှားနေသည်။ လက်ဆောင်ပစ္စည်းတွေ လဲလှယ်ချိန်မှာတော့ ပြုံးပျော် ရယ်မောသံ ကျေးဇူးစကားသံ တို့ဖြင့် ဝေဝေဆာဆာ။ ထိုအခိုက် မာရီယာ့ လုပ်ဖော်ကိုင်ဖက် ခရစ်စတင်းက ပြတင်းပေါက်ကို လှမ်းကြည့်ရင်း …

“ဟေး … အပြင်မှာ နှင်းတွေကျနေပြီကွ”

“ဝိုး …. နှင်းတွေ နှင်းတွေ …”

သီရိလင်္ကာသူလေး ရှီဟာနာ က နှင်းတွေမြင်တော့ ခုန်ပေါက်ဝမ်းသာပြီး စားသောက်ဆိုင် အပြင်ဘက်သို့ ပြေးထွက်ကာ နှင်းပွင့်ဖတ်တွေနှင့် ဆော့ကစား၍ နေသည်။ သူ့ဘဝမှာ ပထမဆုံးကြုံရသည့် နှင်းတွေ ဖြစ်မည်။ ကြာလာလျှင် သူလည်းပဲ နှင်းတွေကို ရိုးအီ စိတ်ပျက်သွားမှာပါ။

“မနက်က မိုးလေဝသ သတင်းမှာ ပြောထားသားပဲ၊ ဒီည နှင်းကျရင် ကျမယ်၊ မကျရင် မကျဘူးတဲ့ ဟားဟား” စတိဗ်က ရယ်ဟဟ ဆိုသည်။ ဘယ်တော့မှ အစိုးမရသော ဗြိတိန်နိုင်ငံ၏ ရာသီဥတုကြောင့် မိုးလေဝသ သတင်းကြေငြာ သူတွေလည်း ရယ်ပွဲဖွဲ့ ခံကြရသည်။ တခါတရံ တနေ့ထဲနှင့် မိုးလည်းရွာ၊ နေလည်းသာ၊ နှင်းလည်း ကျတတ်သည် မဟုတ်လား။ ဒီထက်ပိုပြီး နောက်ထပ် ဘာများ ဖြစ်ချင်ပါသေးလဲ … ။

***
လက်ကျန်ဝိုင်အနီတခွက်ကို နောက်ဆုံးအနေနှင့် မော့သောက်လိုက်စဉ် ခေါင်းထဲမှာ ရီဝေဝေ … ။ ပျော်သည် … ပေါ့ပါး လွတ်လပ်သည် … ။ နက်ဖြန်က ရုံးပိတ်ရက်လေ … ဒီည မာရီယာ စိတ်ကြိုက် သောက်မှာပေါ့။

ရှီဟာနာက ဆိုင်ထဲသို့ ပြန်ပြေးဝင်လာရင်း …

“မာရီယာရေ … နှင်းတွေ တော်တော်ကျနေပြီကွ၊ စတိဗ်ရဲ့ စက်ဘီးတော့ နှင်းပုံထဲ နစ်နေပြီ ဒီမှာကြည့်စမ်း၊ တို့ ဓာတ်ပုံရိုက်ယူလာတာ၊ တို့လည်း ခဏနေ ပြန်မှနဲ့ တူတယ်၊ မင်းရော ဘယ်ချိန်ပြန်မလဲ”

“ကိုယ်လည်း မကြာခင်ပြန်တော့မှာ ရှီဟာနာ … ကားက ရုံးက ကားပါကင်မှာ ရပ်ထားတယ်။ ဒီအတိုင်းဆို ကားနဲ့ ပြန်လို့ မဖြစ်တော့ဘူး၊ ကိုယ် လမ်းလျှောက်ပဲ ပြန်တော့မယ်”

အပူချိန် ရုတ်တရက် လျော့ကျသည့်အခါ ကတ္တရာလမ်းပေါ်မှာ black ice ဟုခေါ်သော မမြင်ရသည့် ရေခဲလွှာ ပါးလေးတွေ ဖုံးတတ်သည်မို့ ကားမောင်းရတာ အန္တရာယ်များသည်။ ရုံးနှင့် ကပ်လျက်ရှိသော စားသောက်ဆိုင်ကို ရွေးချယ်ခဲ့သည်မှာ ကံကောင်းသည်ဆိုရမည်။ ရုံးမှ မာရီယာ့အိမ်သို့ လမ်းလျှောက်ပြန်လျှင် နာရီဝက်ခန့်သာ ကြာ၏။

“တခါတလေတော့လည်း နှင်းတွေထဲ လမ်းလျှောက်ပြန်ရတာပေါ့လေ …”

“မာရီယာ … ပြန်တော့မှာလား … မင်းသောက်ထားတာဆိုတော့ ကားမောင်းလို့ မဖြစ်ဘူးထင်တယ်၊ ကိုယ်နဲ့ လိုက်ခဲ့မလား၊ ကိုယ့်အမျိုးသား လာကြိုမယ်တဲ့”

“မလိုက်တော့ဘူး ခရစ်စတင်း ကျေးဇူးပဲ၊ ကိုယ်လမ်းလျှောက်ပြန်မလို့”

“အိုး … နှင်းတွေ ဒါလောက်ကျနေတာ … မင်းအဆင်ပြေပါ့မလား၊ ခဏစောင့်လိုက်လေ ဘော့ဘ်ဆီ ဖုန်းဆက်လိုက် ဦးမယ်”

ခရစ်စတင်းက သူ့အမျိုးသား ဘော့ဘ်ထံသို့ ဖုန်းလှမ်းခေါ်ဖို့ ပြင်သည်။ ခရစ်စတင်းနှင့် မာရီယာ့ အိမ်ချင်းက တောင်နှင့် မြောက်မို့ သူ့ကို ဝန်မပိုစေချင်။ နောက်ပြီး မာရီယာ့အိမ်ဘက်က အတက်အဆင်း တောင်ကုန်းတွေ ဆင်ခြေလျှောတွေ ပိုများတာမို့ ဒီလိုအချိန်မှာ ကားမောင်းရ ပိုခက်နိုင်သည်။

“နေပါစေ အချစ်လေးရယ် … ကိုယ်အဆင်ပြေပါတယ်၊ ဒီလမ်း ဒီလမ်းတွေက အမြဲလျှောက်နေကျပါ၊ နှင်းတွေထဲလည်း မလျှောက်ရတာ ကြာပြီလေ … ဒီနှစ်ရဲ့ ပထမဆုံးနှင်းတွေထဲ အမှတ်တရအနေနဲ့ လျှောက်လိုက်ဦးမယ်ကွာ”

“မယ်ရီခရစ္စမတ် မာရီယာ ကောင်းသောညပါ”

အားလုံးကို ပြန်လည်နှုတ်ဆက်ပြီး စားသောက်ဆိုင်လေးကို ကျောခိုင်းထွက်လာခဲ့သည်။ လူသွားစင်္ကြံလမ်းပေါ်မှာ တင်နေသည့် နှင်းမွမွတွေကို ခြေဖြင့် တဇွိဇွိနင်းလျှောက်ရင်း မာရီယာ စိတ်ပေါ့ပါး လွတ်လပ်ပျော်ရွှင်နေ၏။ လက်ဆောင်ပစ္စည်းတွေကို ရုံးခန်းမှာ ပြန်ထားပြီး ခဏအကြာ မာရီယာသည် နှင်းများအောက်၌ လမ်းလျှောက် နေပေပြီ။ ဖြူဖွေးသော နှင်းပွင့်ဖတ်များက ထူထပ်စွာ တဖွဲဖွဲကျနေဆဲ။

***
ဆောင်းရာသီ၏ နှင်းကျသည့်ညမို့ အသွားအလာ ပြတ်လှသည်။ လမ်းလျှောက်နေသူ တဦးတလေမျှပင် လမ်းပေါ်မှာ မရှိ။ ကားတစီးစ နှစ်စီးစတော့ ဖြတ်သွားသည်ကို တွေ့ရ၏။ ဒီအချိန် ဒီရာသီမှာ ဘတ်စ်ကားတွေလည်း ထွက်တော့မည် မထင်။ ဘတ်စ်ကား မှတ်တိုင်ကလေး အလွန်မှာ ရထားလမ်း ခုံးတံတားအောက်မှ ဖြတ်ရမည်။ အဲဒီနားက နေ့ခင်းဘက်တောင် မှောင်ရိပ်နည်းနည်း ကျသည့်နေရာ။ ပြီးတော့ ထိုခုံးတံတားအောက်မှာ ပိုက်ဆံတောင်းရမ်းနေသူ အိမ်ခြေယာမဲ့တွေ ရှိတတ်သေးသည်။

ထိုသို့ တောင်းရမ်းစားသောက်နေသူတွေကို မာရီယာ နည်းနည်းမှ ဂရုတစိုက် မကြည့်ရှုမိသည့်အပြင် အထင်တသေးပင် ရှုံ့ချတတ်သေး၏။ ထိုသူတွေမှာ တချို့က အရက် သို့မဟုတ် မူးယစ်ဆေး စွဲနေသူများ ဖြစ်ပြီး တချို့ကတော့ စိတ်ကစဥ့်ကလျား ဖြစ်နေသူများ၊ တချို့က အိမ်ခြေယာမဲ့ဖြစ်ပြီး တချို့ကတော့ အိမ်ယာရှိလျှက် တောင်းစားနေသူများ … ။

သူတို့ကို မာရီယာက “ကိုယ်တိုင် အလုပ်မလုပ်ဘဲ သူများငွေကို အညွန့်ခူးစားနေသူတွေ” … ဟုလည်း ခပ်ကြမ်းကြမ်း မှတ်ချက်ချလေ့ရှိသည်။

ဗြိတိန်နိုင်ငံ၌ ထိုသို့ တောင်းရမ်းစားသောက်နေသူတွေ၏ တနေ့ဝင်ငွေမှာ စတာလင်ပေါင် ၃၀၀ မှ ၅၀၀ ခန့်ရှိသည် ဆိုသည့် သတင်းကိုဖတ်ရပြီးသည့်နောက် သူတို့ကိုမြင်တိုင်း အလုပ်လုပ်ပြီး အခွန်ဆောင်နေသူတွေကို အားနာမိသည်။ ထိုသူတွေကို နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနှင့် တွေ့ရတတ်၏။ စူပါမားကက်တွေ အထွက်မှာ၊ လူစည်ကားရာ မြို့လယ်ခေါင် City Centre မှာ၊ ရထားဘူတာရုံနှင့် ဘတ်စ်စတေရှင်တွေမှာ …  ဖြတ်သွားသမျှတွေထံ “Spare change, please!”  (ငွေအကြွေအပိုပါရင် ပေးပါ) ဟု တောင်းခံ၍ တမျိုး၊ လမ်းသွားနေတုန်း ဘေးမှကပ်ကာ “20p please” (အကြွေပြားနှစ်ဆယ်လောက်) စသဖြင့် တလီ၊ ခွေးတကောင်ဘေးမှာ ချ၍ ခေါင်းငိုက်စိုက်ထိုင်ကာ ခွက်တလုံးနှင့် ခွေးအတွက် အလှူငွေထည့်ပါဟု စာရေး၍ တသွယ် … အမျိုးမျိုး အဖုံဖုံ အလှူခံတတ်ကြသူတွေ။

ထိုသူတွေကို ပိုက်ဆံထည့်ဖို့ ဝေးစွ စေ့စေ့ပင်မကြည့်ဘဲ အထင်သေး ရှုံ့ချလေ့ရှိသည့် မာရီယာက မကြင်နာတတ်၍ မဟုတ်။ လစဉ် charity မှာ ထည့်ဝင် လှူဒါန်းတတ်သလို ကင်ဆာဝေဒနာသည်များ၊ နှလုံးရောဂါ ဝေဒနာသည် များအတွက် ရံပုံငွေရှာသည့် မာရသွန် ပြေးပွဲမျိုး၊ ဈေးရောင်းပွဲမျိုးတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလေ့ရှိသူ တစ်ဦး။ မာရီယာ့စိတ်သဘောက သိမ်မွေ့နူးညံ့သော်လည်း တပါးသူအပေါ် ခေါင်းပုံဖြတ် မတရားလုပ်သည်ဟု ခံစားရလျှင် ထိုသူတွေကို မနှစ်မြို့ချင်။

***
တကိုယ်တည်း အတွေးဖြင့် လမ်းလျှောက်ရင်း အေးသည်ထက် အေးလာပြီ။ စီးလာသည့် ခွါချွန်အမြင့် ကြိုးသိုင်း ဖိနပ်ကလည်း နှင်းထဲတွင် လျှောက်ရတာ အဆင်မပြေလှ။ ရှေ့ဆက်လျှောက်ရန် ဆယ့်ငါးမိနစ်သာသာလောက် လိုသေးသည်။ အားတင်းထား မာရီယာ ဟု ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ရထားခုံးတံတားအောက်သို့  ရောက်လာ၏။

ထင်သည့်အတိုင်းပင် ရထားခုံးတံတားအောက်မှာ  ခေါင်းခပ်ငိုက်ငိုက်ဖြင့် ထိုင်နေသည့် လူတယောက်က မာရီယာ့ကို မြင်သော် လက်တဖက် ဆန့်တန်းကာ …

“Spare change, please!” ဟု လှမ်းပြောသည်။

ငွေအကြွေအပိုပါရင် ပေးပါ … ဟု တောင်းရမ်းနေသူ အိမ်ခြေယာမဲ့တစ်ဦး။ မာရီယာ စိတ်ပျက်စွာကျွတ်ခနဲ စုတ်သပ်ရင်း ထိုသူ့ရှေ့မှ မဖြတ်ချင်သဖြင့် ရှောင်ရင်း ပလက်ဖောင်းပေါ်မှ ဆင်းလိုက်သည်။

“အိုး ……. သေပါပြီ ….”

ဘယ်လိုမှ ထင်မှတ်မထားဘဲ ဟန်ချက်ပျက်ပြီး ယိုင်ခနဲဖြစ်သွားသည်။ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းစဉ် စက္ကန့်ပိုင်းအတွင်း မာရီယာ့ခြေတဘက်က နိမ့်ဆင်းကျွံကျသွားတော့၏။

သွားပြီ … သေလိုက်ပါတော့ မာရီယာ …

စီးလာသည့်ဖိနပ်၏ ခွါချွန်ဒေါက်တဖက်က လူသွားပလက်ဖောင်း ဘေးရှိ ရေမြောင်းအဖုံး သံတန်းများကြားသို့ လှလှပပလေး ညပ်ဝင်သွားခဲ့လေပြီ။ မာရီယာက စိတ်ပျက်စွာ အသံတိတ် ဆဲရေးရင်း ဖိနပ်ကို ချော့၍ ပြန်ထုတ်သော်လည်း မရ … ။

စက္ကန့်သုံးဆယ်လောက်ပင် ကြာလိုက်မည်ထင်သည်။ ချွဲသလိပ်ကပ်နေသော လည်ချောင်းရှင်းသံကြီးနှင့်အတူ ဆေးလိပ်နံ့ ချဉ်စုတ်စုတ်နံ့ စိုထိုင်းထိုင်း အောက်သိုးသိုးအနံ့ ပေါင်းစုံရောပြွမ်းလျက် ထိုသူက မာရီယာ့အနားသို့ ရောက်လာသည်။

“ဟင် … ရှင် …”

“ခဏလေး ငြိမ်ငြိမ်နေပါ မိန်းကလေး”

ထိုသူက မာရီယာ့ခြေရင်းမှာ ငုတ်တုတ်ထိုင်ချလိုက်ပြီး သူ၏ သားရေလက်အိတ် ညစ်ထပ်ထပ်ကြီးကို ချွတ်လိုက် သည်။ မာရီယာ့ခြေထောက်က ဖိနပ်သိုင်းကြိုး buckle ကို ဖြုတ်ပေးလိုက်သည့် ခဏမှာ မာရီယာ့ ခြေထောက်လေး လွတ်လပ်သွားသော်လည်း ဖိနပ်တဖက်ကတော့ မြောင်းဖုံးသံတန်းများ ကြားတွင် ညပ်နေဆဲ။

“မင်း ဟိုနေရာမှာ ခဏသွားထိုင်နေ”

သူက သူနဂိုထိုင်ခဲ့သည့် ပလတ်စတစ် အခင်းစကို ညွှန်ပြရင်း ပြောသည်။ အို … မာရီယာ မထိုင်ချင်ပါဘူး။ ဒါပေမဲ့ ဖိနပ်မပါသော ခြေတဖက်ဖြင့် ထော့နဲ့နဲ့သွားကာ သူ့အခင်းစနားသို့ သွားရပ်ရင်း သူလုပ်သမျှ လှမ်းကြည့်နေလိုက်၏။ သူက ညပ်နေသော ဖိနပ်ကို တန်းများကြားမှ အားဖြင့် နှဲ့ထုတ်နေသည်။

“ဟုတ်ပြီ … ဖုန်းဆက်ပြီး တက်ခ်စီခေါ်ရမယ်”

ရုတ်တရက် အကြံရသဖြင့် လက်ကိုင်အိတ်ထဲမှ ဖုန်းကိုထုတ်ကြည့်လိုက်တော့ ဖုန်းက ဘက်ထရီကုန်နေပြီ။ ပါတီမှာ ဖုန်းဖြင့်ဓာတ်ပုံတွေရိုက်ရင်း အားကုန်သွားတာပဲ ဖြစ်မည်။ ခက်တာပဲ။ မာရီယာ့စိတ်တွေ ရှုပ်ထွေးလာ၏။ သောက်ထားသော ဝိုင်အရက်ရှိန်တောင် ပြယ်လုလု။

အရောင်မပီပြင်သော ကုတ်အင်္ကျီ ညစ်နွမ်းနွမ်းကို ဝတ်ဆင်ကာ သိုးမွေးဦးထုပ်ထူကြီးကို ဆောင်းထားသော ထိုလူက မာရီယာ့အနား ပြန်ရောက်လာပြီး …

“မစ္စ …”

“ကျွန်မနာမည် မာရီယာ မက္ကန်ဇီပါ … မာရီယာလို့ ခေါ်နိုင်ပါတယ်”

“အင်း … မာရီယာ … ငါ စိတ်မကောင်းပါဘူး၊ မင်းဖိနပ်က သုံးမရတော့ဘူး၊ ခွါပြုတ်သွားပြီ”

“ဒုက္ခပါပဲ … ကျွန်မ အိမ်ရောက်ဖို့ နောက်ထပ် ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရဦးမယ်၊ ဒီပုံစံကြီးနဲ့  ဘယ်လိုလျှောက်ရပါ့မလဲ၊ ဖုန်းကလည်း ဘက်ထရီဖလက် ဖြစ်နေပြီ”

သူက အင်္ကျီအိတ်ထဲမှ တစုံတခုကို ထုတ်လိုက်သည်။ ဆေးလိပ်ဆေးဗူးကလေး၊ စက္ကူပါးတရွက်ကို ထုတ်ကာ ဆေးဗူးထဲမှ ဆေးမှုန့်လေးတွေထည့် လိပ်ပြီး မီးခြစ်၍ ညှိသည်။

“ငါ့ကို ဆေးလိပ်သောက်ခွင့်ပြုပါ မာရီယာ”

“ဟင်း … ရပါတယ် ရှင့်သဘောပါ၊ ကျွန်မတော့ ဒီည သေချင်တော့တာပဲ”

တောင်းစားသူတွေကို စက်ဆုပ်သည့် မာရီယာက ထိုသူမျိုးနှင့် စကားလက်ဆုံကျနေရသည့် အဖြစ်။ စိတ်ညစ်သည်မှာ ပြောဖွယ်ရာပင် မရှိတော့။

“မာရီယာ … မင်း စိတ်ညစ်နေတာလား၊ လောကကြီးမှာ ဒါက အသေးအဖွဲပါကွာ”

“အင်း … ရှင့်အတွက်တော့ ဟုတ်ပါလိမ့်မယ်”

“မင်းကို ကြည့်ရတာ စိတ်မသက်သာလိုက်တာ မာရီယာ … ဘာလဲ ငါ့လို အိမ်ခြေယာမဲ့ သူတောင်းစား တယောက်နဲ့ စကားပြောရတာ မင်း မနှစ်မြို့ဘူး ထင်တယ်”

“ရှင် ထင်တဲ့အတိုင်းပါပဲ”

မာရီယာလည်း စိတ်ညစ်ညစ်နှင့် တည့်တိုးသာ ပြောမိလိုက်သည်။

“ဟက် ဟက် ဟက်”

သူက ခြောက်ကပ် အက်ကွဲသော ရယ်သံဖြင့် မရယ်ချင့်ရယ်ချင် ရယ်ရင်း အခင်းစ အစွန်းတွင် ဝင်ထိုင် လိုက်သည်။  ထို့နောက် ကျောပိုးအိတ်ကြီးကို ဖွင့်၍ တစုံတခုကို ဆွဲထုတ်လိုက်သည်။

“တဆိတ် ထိုင်စမ်းပါ မာရီယာ”
“အို … ရှင့်ကိုတော့ အားနာပါတယ်၊ ကျွန်မ မထိုင်ချင်ပါဘူး”
“ကောင်းပြီလေ … ကဲ … ဒီမှာကြည့်”

ကျောပိုးအိတ်ထဲမှ ဆွဲထုတ်လိုက်သည်က ပက်ကင်စက္ကူလှလှလေးဖြင့် ထုတ်ပိုးထားသော ပစ္စည်းတခု။

“မင်း ဒါကို ဖွင့်ကြည့်လိုက်ပါ မာရီယာ”

မာရီယာ့ထံ လှမ်းပေးရင်း သူက ပြောသည်။ မာရီယာလည်း ယောင်အမ်းအမ်းဖြင့် လှမ်းယူမိလိုက်သည်။ “ဘာများပါလိမ့်”
သိချင်စိတ်ကြောင့် မာရီယာက ပက်ကင်စက္ကူလေးကို မပြဲအောင် သတိထားကာ ဖွင့်လိုက်သည်။ အတွင်းမှာက ဗူးကလေး။
သေချာပါသည်။ ဒါဟာ ဖိနပ်ဗူးကလေးပဲပေါ့။ အဖုံးလေး လှပ်လိုက်တော့ နှင်းထဲတွင် စီးရသည့် မိန်းမစီး လည်ရှည်ဖိနပ် ပန်းရောင်ကလေး တရန်။

“အို … ဒီဖိနပ်က …”
“ … … … ”
***
နှင်းများက သည်းထန်စွာ ကျဆင်းနေသည်။ ထိုလူက ချောင်းတဟွတ်ဟွတ်ဆိုးရင်း …

“မင်းတို့အမြင်မှာ ငါဟာ အိမ်ခြေယာမဲ့ သူတောင်းစားတယောက်ပေါ့ ဟုတ်တယ်မဟုတ်လား မာရီယာ၊ တကယ်တော့ ငါ့မှာ အိမ်နဲ့ ယာနဲ့ မိသားစုနဲ့ပါကွယ် … တခါတုန်းကပေါ့ …

“ငါက ဥရောပနိုင်ငံငယ်ကလေး တခုဆီကပါ၊ အဲဒီက ကျေးလက်ရွာကလေးမှာ ငါပိုင်ဆိုင်တဲ့ အိမ်လေးတလုံး ရှိတယ်၊ ငါစိုက်ပျိုးထားတဲ့ ယာခင်းလေးရှိတယ်၊ ငါချစ်တဲ့ ဇနီးနဲ့ သမီးချောလေး တယောက်လည်း ရှိတယ် …

“ငါတို့သိပ်ပျော်ရွှင်ခဲ့ရတဲ့ ရက်တွေပေါ့ မာရီယာ … ။ ဒါပေမဲ့ … ငါ့ယာခင်းလေး မအောင်မြင်တဲ့နှစ်မှာ … စီးပွါးရေးတွေ ကျပြီး အိမ်ထောင်ရေးလည်း သိပ်အဆင်မပြေတော့ဘူး၊ လင်မယား ကတောက်ကဆဖြစ်တဲ့ ရက်တွေ ဆက်လာတယ်။ ပိုဆိုးတာက ငါတို့နေတဲ့ရွာ ကျဉ်းကျဉ်းလေးမှာ ငါ့မိန်းမက ဖောက်ပြန်တော့ ဟိုးလေးတကျော်ပေါ့၊ သူနဲ့ကွဲပြီးနောက် ငါလည်း အရက်တွေ အလွန်အကျွံသောက်ပြီး ယာခင်းကိုလည်း ပစ်ထားခဲ့မိတယ်။ အရွယ်ရောက်စ ပြုနေတဲ့ သမီးလေးက ဒီအခြေအနေတွေကို ရင်ဆိုင်ရတာ ရှက်တယ်ဆိုပြီး အင်္ဂလန်ကို ကျောင်းတက်ဖို့ သူ့ဘာသာသူ တိတ်တိတ်ကလေး ကြိုးစားခဲ့တယ်။ အချိန်တိုင်း မူးနေတဲ့ငါက ဒါတွေကို မသိခဲ့ဘူး မာရီယာ …

“ငါသိလိုက်တဲ့အချိန်ကျတော့ သမီးလေး အိမ်ကထွက်သွားခဲ့ပြီ။ ငါ့အတွက် စာတစောင်ပဲ ချန်ထားခဲ့တယ်။ သူ ပြန်မလာတော့ဘူး … တဲ့။

“အဲဒီတော့မှ သမီးလေး အခန်းကို မွှေနှောက်ရှာရင်း သူ့ခံစားချက်တွေကို ငါသိရတော့တယ်၊ ငါတို့လင်မယား ကတောက်ကဆ ဖြစ်ကြတဲ့အခါ သူစိတ်ဒဏ်ရာတွေ ရခဲ့တယ်။ သူ့အမေ အိမ်ကထွက်သွားပြီး သူနဲ့ငါ နှစ်ယောက်ထဲ ကျန်ခဲ့ချိန် ငါသူ့ကို ဂရုမစိုက်တဲ့အခါ သူ အထီးကျန်ဖြစ်ခဲ့တယ်။ နောက်ဆုံး ငါသူ့ကို Snow boots (နှင်းစီးဖိနပ်) လေးတရံ ခရစ်စမတ်လက်ဆောင် ပေးမယ်ဆိုတဲ့ နှုတ်ကတိမတည်ခဲ့မိတာကို သူ အတော်လေး ကြေကွဲခဲ့ရသတဲ့ မာရီယာရယ် … ။

“စိတ်မကောင်းလွန်းလို့ ငါ ငိုမိတယ်၊ ငါဟာ ဖခင်မပီသတဲ့သူပါ၊ သမီးလေးကို စိတ်ဒဏ်ရာတွေ ပေးမိတယ်၊ သမီးလေးကို ပေးထားတဲ့ ကတိလေးတခုတောင် ငါမတည်နိုင်ခဲ့ဘူး၊ ဘယ်လောက်ရှက်ဖို့ကောင်းလဲ”

သူ့မျက်ဝန်းမှာ မျက်ရည်တွေ ခိုတွဲနေပြီ။ သူ့ကိုကြည့်ရင်း မာရီယာ အသက်ရှူမဝသလို ရင်ထဲ တင်းကျပ်မောပန်း၍ နေသည်။ သူက ဆေးလိပ်နောက်တလိပ် ထပ်လိပ်ကာ မီးညှိ၍ ဖွာရင်း …

“နောက်တော့ …. သမီးလေးနဲ့ လိုက်ဖက်မယ့် အလှဆုံး နှင်းစီးဖိနပ်လေး တရံဝယ်ပြီး အင်္ဂလန်ကို ငါရောက်လာ ခဲ့တယ်၊ သူ ကျောင်းတက်မယ်ဆိုတဲ့ မြို့အပါအဝင် နေရာ တော်တော်များများမှာ လှည့်ပတ်ရှာခဲ့တယ်၊ တရက် ငါ သိပ်မောပြီး ပန်းခြံအဝင်ပေါက်မှာ ခြေပစ်လက်ပစ် ထိုင်နေတုန်း အမျိုးသမီးတယောက်က ပိုက်ဆံလာပေးသွားလေရဲ့၊ ဒီလိုနဲ့ တယောက်ပြီးတယောက် အကြွေစေ့လေးတွေ လာပေးကြတယ်၊ ငါလည်း ရတဲ့ပိုက်ဆံလေးတွေနဲ့ လမ်းစရိတ်လုပ်လိုက်၊ စားလိုက် သောက်လိုက်နဲ့ သူတောင်းစားတယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာ … နောက်ဆုံး Spare change, please လို့ နှုတ်ကဖွင့်ဟ တောင်းမိတဲ့အထိပဲ … မာရီယာ”

“သူ ရှင့်ကို လုံးဝမဆက်သွယ်ဘူးလား”

“ငါ့ကို သူစိတ်နာသွားတာလေ”

“ရှင် ဒီအတိုင်း ဘယ်ချိန်ထိ ဆက်ရှာနေဦးမှာလဲ …”

“အခု မင်းနဲ့ မတွေ့ခင်အထိ ငါ ရှာနေခဲ့တာပေါ့၊ မင်းလက်ထဲက ဖိနပ်ကလေးဟာ ငါ့သမီးလေးကို ခရစ်စမတ် လက်ဆောင်ပေးဖို့ ဝယ်ထားတဲ့ ဖိနပ်ကလေးလေ၊ သိပ်လှတယ် မဟုတ်လား မာရီယာ၊ ဒီဖိနပ်လေးကို မင်းယူသွားပါ၊ မင်းစီးသွားပါ … ငါ မင်းအတွက် ခရစ်စမတ်လက်ဆောင် ပေးပါတယ်”

“မဟုတ်တာရှင် ကျွန်မ ဝယ်မှာပါ ပိုက်ဆံပေးပါမယ်”

“မင်း ဘယ်လောက် ပေးမှာမို့လဲ မာရီယာ၊ သမီးလေးကို ဒီဖိနပ်လေးပေးနိုင်ဖို့ ငါ မြို့ရွာအနှံ့ လမ်းတကာအနှံ့ သူတောင်းစားတယောက်လို လိုက်ရှာဖွေခဲ့တယ်၊ ဒီဖိနပ်လေးထဲမှာ သမီးလေးအပေါ်ထားတဲ့ မေတ္တာတွေ စေတနာတွေအပြင် ငါပေးဆပ်ခဲ့တဲ့ အချိန်နဲ့ ငါ့သိက္ခာ၊ ပြီးတော့ ဆုံးရှုံးသွားတဲ့ ငါ့နှလုံးသား … အားလုံးပေါင်းစပ် ပါဝင်နေခဲ့တာလေ … ဒါတွေကို မင်းက ငွေကြေးဘယ်လောက်နဲ့ တန်ဖိုးဖြတ်ဦးမလို့လဲဟင်”

မာရီယာနှုတ်ဆွံ့ခဲ့ရပြီ။
သူက ဆက်၍ …

“ငါ့သမီးလေးကို ပေးမယ့်ဖိနပ်လေး မင်းကို လက်ဆောင်ပေးလိုက်တာဟာ ငါဆောင်ရွက်နေတဲ့ အလုပ်တစ်ခုကို အဆုံးသတ်လိုက်တာပါပဲ၊ သမီးလေးက အခုလောက်ဆို လူကြီးတယောက် ဖြစ်နေပါပြီ၊ သူ့အတွက် ဒီဖိနပ်လေး လိုအပ်တော့မှာ မဟုတ်သလို ငါ့ကိုလည်း လိုအပ်တော့မှာ မဟုတ်တော့ပါဘူး၊ ဒါကြောင့် ငါ သူ့ကို ဆက်မရှာတော့ဘူး မာရီယာ၊ ငါ့တိုင်းပြည်ကို ငါပြန်တော့မယ်၊ ငါ့ရွာကို ငါပြန်မယ်၊ ငါ့ယာခင်းလေးမှာ သစ်ပင်လေးတွေ စိုက်ပျိုးရင်း ငါ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ကုန်ဆုံးတော့မယ် … ။

“ဖိနပ်လေး စီးကြည့်ပါဦး မာရီယာ … မင်းခြေထောက်ကို ခုနက ငါမြင်ရသလောက်တော့ သမီးလေးနဲ့ သိပ်မကွာပါဘူး၊ ဆိုက် နံပါတ် ၅ ဆို မင်းနဲ့ တော်တယ် မဟုတ်လား”

“ကွက်တိပါပဲရှင် … ကျေးဇူးတင်လိုက်တာ ရှင်ရယ် … ဒါနဲ့ ရှင့်နာမည် ကျွန်မ မသိရသေးဘူးနော်”

“လမ်းပေါ်က ကလေကချေ ဥရောပသား သူတောင်းစား လို့သာ မှတ်ထားလိုက်ပါ မာရီယာရယ်”

မာရီယာ၏ ကျန်ဖိနပ်တဖက်ကို သူကညင်သာစွာ ဖြုတ်ပေးပြီး နှင်းစီးဖိနပ်လေး စွပ်ပေးသည်။ အေးစက်ထုံကျင်နေသော မာရီယာ့ခြေထောက်များအား ဖိနပ်လေးက နွေးထွေးလုံခြုံမှုကို ဖြစ်စေ၏။ မာရီယာက တချိန်လုံး ရပ်နေရာမှ ထိုင်ချလိုက်သည်။ ထို့နောက် လက်အိတ်များကို ချွတ်လိုက်ကာ သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး …

“ကျွန်မ ရှင့်ကို ဘယ်တော့မှ မမေ့ပါဘူး၊ ကျေးဇူးပြုပြီး နက်ဖြန်ဒီနေရာမှာ ကျွန်မကို စောင့်နေပေးပါ၊ ကျွန်မ ရှင့်ကို ကျေးဇူးတုန့်ပြန်ပါရစေ … ကျွန်မ အနူးအညွတ်တောင်းဆိုတာပါရှင်”

ဟု မာရီယာက ပြောတော့ … သူ့ကြမ်းရှရှ လက်အစုံကို မာရီယာ့လက်ထဲမှ ပြန်ရုန်းထွက်ရင်း  မရိတ်မသင်ထားသည့် မုတ်ဆိတ်မွေး နီကျင်ကျင်တွေကို တချက်ပွတ်လိုက်ကာ သူက ပြုံးသည်။

“နောက်ကျနေပြီ မာရီယာ … မင်း သွားပါတော့ကွယ်၊ ကောင်းသောညပါ မိန်းကလေးရေ …”

မာရီယာ မတ်တပ်ထရပ်လိုက်ရသည်။ သူ့ကို စေ့စေ့ကြည့်ကာ …

“ကောင်းသောညပါရှင် … ဘုရားသခင်စောင့်ရှောက်ပါစေ”

နှုတ်ဆက်ရင်း ကျောခိုင်းခဲ့ရတော့သည်။ မာရီယာ့ဖိနပ်ကလေးကတော့ သူနှင့်အတူ နှင်းတောထဲ၌ ကျန်ရစ်ခဲ့လေပြီ။
***
ဒီ့နောက်မှာ သူ့ကို မာရီယာ ပြန်မတွေ့ခဲ့ရတော့။ သူပြောတဲ့အတိုင်း သူ့တိုင်းပြည်ကို ပြန်သွားခဲ့ပြီလား။ သူ့ယာခင်းလေးထဲမှာ အပင်တွေ စိုက်ပျိုးနေပြီလား။ သူနဲ့တွေ့ပြီးနောက်ပိုင်း တောင်းရမ်းစားသောက်သူတွေကို မာရီယာ လျစ်လျူမရှုမိတော့။ စာနာစွာ တကျပ် တပြား စွန့်ကြဲလှူဒါန်းခဲ့ဖြစ်သည်။

မာရီယာသည် Spare change, please! ဆိုသည့် အသံကြားတိုင်း သူ ဖြစ်လိမ့်နိုးနိုး စေ့စေ့ကြည့်ရှုရင်း နှင်းသည်းထန်သော တခါက ဆောင်းညတညကို သတိရမိနေပါတော့သည်။

***
မေဓာဝီ

24.11.2016

(၂၀၁၇ ခုနှစ် မေလထုတ်  Faces မဂ္ဂဇင်းတွင် ဖော်ပြပါရှိ)

Read More...