Thursday, December 31, 2015

2015 ---> 2016

 
2015 --> 2016
 ***
အကူး အပြောင်း
အဟောင်း ကျန်ရစ်
အသစ်ရောက်လာ
ပျော်ပါစေကြောင်း
ဆုမွန်တောင်းကြ
အခါ သမယ ... ။

ကာလရထား
ခုတ်မောင်းသွားခိုက်
စိတ်မိုက် စိတ်ဆိုး
ဒေါသခိုးများ
လျော့ပါးဖယ်ခွါ
မင်္ဂလာနှစ်
စဉ်သာဖြစ်စေ
ခွန်းလှစ်ချွေသည်
အသစ်တွေရောက်
အညစ်တွေပျောက်
ကောင်းခြင်းများစွာနဲ့ ... နှစ်ထောင့်ဆယ်ခြောက်!!! 
***
မေဓာဝီ
၃၁၊ ၁၂၊ ၂၀၁၅
၁၂း၂၆ နာရီ
(FL စံတော်ချိန်)

Read More...

Friday, December 25, 2015

တခါက ခရစ်စမတ်ည ... သို့ ...

*
***
****
ခရစ်စမတ် ... တဲ့
မြင့်မြတ်တဲ့ အခါသမယ
ဆိုကြပါစို့ရဲ့။
... ...
... ... ...
... ...
အဲ့ဒီနေ့က ...
ချစ်ခြင်းတရားရဲ့ အစ
သောကတွေရဲ့ အဆုံး
အမုန်းတွေ ဖယ်ခွါ
အပြုံးတွေ သယ်လာခဲ့တယ် ... ။
.
အဲ့ဒီနေ့က ...
နွမ်းခဲ့သမျှ ပြေ
ကျွမ်းခဲ့သမျှ ကျေ
ဝေဒနာတွေ လျော့ပါး
နားလည်မှုများ ထားခဲ့ကြတယ်။
.
အဲ့ဒီနေ့က ...
ပန်းတွေက ပိုမွှေးမြ
စမ်းရေက ပိုအေးမြ
နှစ်ယောက်ဘဝရဲ့ အစပျိုး
မေတ္တာမိုးတွေ စွေခဲ့ကြတယ်။
.
အဲဒီနေ့က ...
ငြိမ်းချမ်းတဲ့ အခါသမယ
ခရစ်စမတ်ညပေါ့
ဘယ်တော့မှ မမေ့စရာ
နှစ်ယောက် တကမ္ဘာအဖြစ်
သစ္စာ တိုင်တည်ရစ်ခဲ့ကြတယ် ... ။
.
ချစ်သူရေ ...
နေရာတွေကွာခြားလို့
နှစ်ယောက်သား ဝေးနေပါစေ
ထာဝရ အချစ်ဓာတ်ဖြာလွှမ်းတဲ့
တခါက ခရစ်စမတ် ညချမ်းလေးကို
အမြဲ တမ်းတနေမှာပါလေ ... ။
***
မေဓာဝီ
၂၄၊ ၁၂၊ ၁၅
၂၁း၃၀ နာရီ 
(အားလုံးပဲ ပျော်ရွှင်ငြိမ်းချမ်းသော ခရစ်စမတ်နေ့ ဖြစ်ပါစေ။)

Read More...

Tuesday, November 17, 2015

အဖြူ နဲ့ အမည်း ...


Day 1: Rice soup


မနှစ်က နိုဝင်ဘာလမှာ ဖေ့စ်ဘွတ်ထဲ အဖြူ အမည်း ဓာတ်ပုံ စိန်ခေါ်ပွဲလေးတွေ လုပ်ခဲ့ကြဖူးတယ်။ အဖြူအမည်း ဓာတ်ပုံ ၅ -ပုံကို တရက် တပုံနှုန်းနဲ့ ၅ - ရက် ဆက်တိုက် တင်ရမယ် ... တဲ့။ ပြီးတော့ တရက်တင်တိုင်း နောက်ထပ် တယောက်ကို nominate လုပ် ပြီး ဒီစိန်ခေါ်ပွဲထဲ ဆွဲခေါ်ရမယ် ... ဆိုတဲ့ စည်းကမ်းကလေးနဲ့ပေါ့။ 

ဖေ့စ်ဘွတ်သုံးနေကြတဲ့ မိတ်ဆွေ အတော်များများဟာ ဓာတ်ပုံဝါသနာရှင်တွေ များပါတယ်။ သူတို့ရဲ့ ကင်မရာအကောင်းစားကြီးတွေနဲ့ ရိုက်ထားတဲ့ ပုံတွေဟာလဲ သိပ်ကြည့်လို့ ကောင်းတာပဲ။ အဖြူအမည်းဓာတ်ပုံ စိန်ခေါ်ပွဲလဲ ဆိုရော အိုင်ဒီယာကောင်း ကောင်း ခေါင်းစဉ်လှလှ လေးတွေနဲ့ အဖြူအမည်း ဓာတ်ပုံလှလှတွေ အများကြီး ထွက်လာလိုက်တာ ... ရင်သပ်ရှုမော ... ။ ကိုယ်ကိုယ်တိုင်ကတော့ ဓာတ်ပုံရိုက်တာ ဝါသနာပါပေမယ့် ဖုန်းကင်မရာလေးနဲ့ပဲ ဟိုတစ ဒီတစ ရိုက်နေမိသူဆိုတော့ ဒီစိန်ခေါ်ပွဲထဲ မပါလောက်ပါဘူးလေ ... လို့ တွေးရင်း မိတ်ဆွေတွေတင်တဲ့ ဓာတ်ပုံတွေကိုသာ အားပေးနေခဲ့တယ်။

ဒါပေမဲ့ ... ဒီစိန်ခေါ်ပွဲကလေးက ကျမဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ မမြသွေးနီက တဆင့်ပေါ့။ မိတ်ဆွေတွေတင်တုန်းက ကိုယ်လဲ အားကျစိတ်ဖြစ်မိပေမယ့် ကိုယ်ကိုယ်တိုင် ဒီပွဲထဲ ပါတဲ့အခါ ဘာပုံတင်ရမလဲ ရုတ်တရက် တွေးမရဘူး။ ဒီလိုနဲ့ ... ပုံဟောင်းတွေ ပြန်ရှာရင်း မရည်ရွယ်ဘဲ အဖြူအမည်း ဖြစ်သွားတဲ့ ပုံကလေးတပုံကို သွားတွေ့ပါတယ်။

နေမကောင်းတုန်းက သောက်ခဲ့တဲ့ ဆန်ပြုတ်ပန်းကန်လေးပါ။ တမင်ပြုပြင်စရာမလို Black and white mode ပြောင်းစရာမလိုတဲ့ ဒီပုံလေးနဲ့ day1 ကို စတင်လိုက်ပါတယ်။ ပုံရဲ့ နာမည်ကတော့ ............ အများကြီး မစဉ်းစားတော့ပါဘူး ............. “ဆန်ပြုတ်” .......... တဲ့ ။
***
Day 2: Moon in the dark sky


ဒုတိယရက်မှာ တင်ခဲ့တဲ့ ဒီပုံလေးကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက် ညက ရိုက်ခဲ့ပါတယ်။ မှတ်မှတ်ရရ အိမ်ဘေးနားက ဓာတ်အားခွဲရုံကလေး မီးလောင်တဲ့ည ... ။ မီးငြိမ်းသွားပေမယ့် မီးပျက်နေတော့ အိုက်လို့ အိမ်ထဲမဝင်ဖြစ်သေးဘဲ ကံ့ကော်ပင်အောက်က ခုံကလေးမှာ ထိုင်နေရင်း ကောင်းကင်ကြီးကို မော့ကြည့်ပြီး သာနေတဲ့ လမင်းကို ဖုန်းကလေးနဲ့ ဓာတ်ပုံ လှမ်းရိုက်လိုက်တယ်။ လရောင်ရယ် လေညင်းရယ်က စိုးရိမ်စိတ်နဲ့ ပူပန်မှုတွေကို လျော့ကျ စေခဲ့တယ်။ 

အပူနဲ့ အအေး
အဖြူနဲ့ အမည်း
ဆန့်ကျင်ဘက်တွေ တွဲစပ်တဲ့ အခါ … … …။
''လမင်းနဲ့ မဟူရာကောင်းကင်'' ဆိုတဲ့ ဓာတ်ပုံလေး ဖြစ်လာပါတယ်။

အနက်ပေါ်မှာ အဖြူစက်ကလေးပါပဲ။ ပုံလေးက မလှပါဘူး ဒါပေမဲ့ သဘာဝအတိုင်း အဖြူအမည်း ဖြစ်နေတဲ့ ပုံလေးမို့ တမင်ရွေးပြီး တင်ခဲ့လိုက်ပါတယ်။
***
Day 3: Meeting point

အဖြူအမည်း ဓာတ်ပုံစိန်ခေါ်ပွဲရဲ့ တတိယနေ့အဖြစ် "ဆုံမှတ်" ဆိုတဲ့ ပုံကလေးကို တင်ခဲ့တယ်။ ဒီပုံကလဲ ဟိုအရင် ၂ ပုံလိုပဲ ဘာမှ မပြုပြင်ဘဲ နဂိုအဖြူအမည်း ဖြစ်နေတဲ့ ပုံကလေးပါ။ အလုပ်လုပ်နေချိန်မှာ laptop ရဲ့ USB port မှာ ထိုးထားတဲ့ အဖြူအမည်း ကြိုးကလေးတွေကို ကြည့်ရင်း ဒီပုံကလေးကို အမှတ်မထင် ရိုက်ဖြစ်ခဲ့တယ်။ 

ကြိုးကလေး သုံးကြိုး ...
တခုက mouse အတွက်
တခုက keyboard အတွက်
တခုက ဖုန်း အတွက် ... 

အသွင်မတူ လုပ်ဆောင်ချက်မတူသူ အရာဝတ္ထု ၃ ခုဟာ ရည်ရွယ်ချက် အသီးသီးအတွက် တနေရာထဲမှာ လာဆုံဆည်းတဲ့အခါ ... ... ... ... ။
***
Day 4: Perfect breakfast


စိန်ခေါ်ပွဲရဲ့ စတုတ္ထမြောက်နေ့အဖြစ် အဖြူ အနက် ကော်ဖီတခွက်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီပုံကလည်း အရင်ပုံတွေလိုပဲ ပြုပြင်ချင်းကင်းတဲ့ အဖြူ အမည်းဓာတ်ပုံလေးပါ။ 
***
အဲဒီတုန်းက  ...
ကျမ မနက်တိုင်း အိပ်ရာကနိုးလို့ ရေချိုးခန်းမဝင်ခင်မှာ ကော်ဖီတအိုး နှပ်ပါတယ်။ ရေလည်း ချိုးပြီး ကော်ဖီအိုးလည်း ကျ ဆိုပါတော့။ ကော်ဖီရည် ခပ်ကျကျထဲ သကြားနည်းနည်း ထည့်ဖျော်ထားတဲ့ ခါးသက်သက် ကော်ဖီတခွက်ဟာ နေ့တိုင်းအတွက် ကျမရဲ့ မနက်စာပါပဲ။ 

ဒီကော်ဖီလေးတခွက်နဲ့ ဟာနေတဲ့ ဝမ်းကို ဖြည့်တင်းရင်း ကျမရဲ့ မနက်ခင်းလေးက ပြည့်စုံခဲ့တယ်။ များပြားလှတဲ့အလုပ်တွေနဲ့ တာဝန်တွေကို ဆောင်ရွက်နိုင်ခဲ့တယ်။ နေ့တနေ့ရဲ့ အစ ... မနက်စောစောတိုင်း သင်းပျံ့နေတဲ့ ကော်ဖီရနံ့လေးကို ရှူရှိုက်ရင်း ခါးသက်သက် ကော်ဖီတခွက်ကို သောက်သုံးရတာဟာ ကျမအတွက် ဘယ်တော့မှ ငြီးငွေ့မသွားမယ့် “ပြီးပြည့်စုံမယ့် မနက်စာ” ပါပဲ။
***
Day 5 : PEACE

အဖြူ အမည်းဓာတ်ပုံ စိန်ခေါ်ပွဲရဲ့ နောက်ဆုံးနေ့အဖြစ် တင်ခဲ့တာကတော့ “ငြိမ်းချမ်းရေး” လို့ အမည်ပေးထားတဲ့ ဒီပုံလေးပါပဲ။ 
***
တနေ့ အဖေနဲ့ viber မှာ စကားပြောကြတော့ အဖေက စစ်တုရင်ပြိုင်ပွဲကြည့်နေတာလို့ ပြောတာနဲ့ ဒီဓာတ်ပုံလေး ဖြစ်လာဖို့ အတွေးရခဲ့တယ်။ 

ကျမတို့ငယ်ငယ်တုန်းက အဖေဟာ စစ်တုရင်ကို စွဲစွဲလမ်းလမ်း ကစားခဲ့တယ်။ အိမ်မှာ စစ်တုရင်ခုံ အမျိုးမျိုး၊ အရုပ်အမျိုးမျိုးရှိတယ်။ အမေနဲ့တကွ သားသမီးတွေအားလုံး ကစားတတ်အောင် သင်ပေးခဲ့တယ်။ ကျမတို့က အကွက်ရွှေ့ရုံလောက်သာ ကစားတတ်ပေမယ့် မောင်လေးကတော့ ပြိုင်ပွဲမှာ ဆုတွေပါ ရခဲ့ဖူးပါတယ်။ 

“စစ်တုရင်ကစားနည်းဟာ ပညာရပ် ပေါင်းစုံပါတယ်” လို့ .. အဖေက ပြောဖူးတယ်။ စီးပွါးရေး၊ နိုင်ငံရေး၊ အတွေးအခေါ်၊ စိတ်ပညာ၊ သင်္ချာပညာ စတဲ့ ပညာရပ်တွေဟာ စစ်တုရင်ကစားနည်းထဲမှာ ပါနေသတဲ့။ ဒါကြောင့်လည်း အဖေက ဒီကစားနည်းကို နှစ်သက်တာလို့ ဆိုတယ်။ 

စစ်တုရင်နဲ့ ပတ်သက်ပြီး အဖေရေးခဲ့တဲ့ ကဗျာတွေထဲမှာ “လှံ နဲ့ ဒိုင်း” ဆိုတဲ့ ကဗျာတပုဒ်လည်း ပါတယ်။ စစ်တုရင်မှာ အဓိက က attack and defense ပဲ ... တဲ့။ လှံ ဆိုတာ attack ကို ကိုယ်စားပြုပြီး ဒိုင်းကတော့ defense ကို ကိုယ်စားပြုတာမို့ အဖေက သူ့ကဗျာကို လှံ နဲ့ ဒိုင်း လို့ အမည်ပေးခဲ့တာလို့ ပြောပြဖူးတယ်။

အဖေ့ကဗျာကို တပုဒ်လုံး မမှတ်မိတော့ပေမဲ့ နောက်ဆုံးစာကြောင်းကတော့ ....

သူသေ - ကိုယ်နေ
ဤ အဖြေတည်း။ ... ။ 

လို့ အဆုံးသတ်ထားတယ်။

စစ်ပွဲတခုမှာ တိုက်ခိုက်ဖို့ (သူသေဖို့) နဲ့ ကာကွယ်ဖို့ (ကိုယ်ကျန်နေဖို့) ဆိုတာက အဓိက မဟုတ်လား။ 
***
ဘယ်အရာမှ မတည်မြဲတဲ့လောကကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် လူသားတွေ အသက်ဆုံးရှုံးနေကြရတဲ့ အထဲ  လူအချင်းချင်း သတ်ဖြတ်နေကြတဲ့ ... လူတွေဖန်တီးတဲ့ စစ်ပွဲတွေကြောင့် လူအသက်တွေ အများကြီး ဆုံးရှုံးနေကြရတယ်။ 

ကျမတို့တိုင်းပြည်အပါအဝင် ကမ္ဘာပေါ်မှာ စစ်ပွဲတွေအများကြီး ဖြစ်ခဲ့တယ် ... ဖြစ်နေတယ်။ စစ်ပွဲဆိုကတည်းက တဖက်နဲ့တဖက် အနိုင်ရဖို့ရည်ရွယ်ချက်နဲ့ တိုက်နေကြတာပေါ့။ ဘယ်သူမှန်တယ် မှားတယ်ဆိုတာထက် စစ်တခုဖြစ်ရင် အပြစ်မရှိတဲ့သူတွေ ဆုံးရှုံးရတာလည်း ရှိသလို နှစ်ဘက်လုံးက လူစွမ်းကောင်းတွေ ... သူရဲကောင်းတွေလည်း စတေးကြရတာပဲ။ 

ဒီလောက်ဆိုးရွားလှတဲ့ စစ်ပွဲတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ ... ။ ပြီးတော့ ... စစ်ပွဲတွေရဲ့ အနာဂတ်က ဘာလဲ ... ။ တခါတလေ ကျမတွေးမိတယ်။ 
***
“ငြိမ်းချမ်းရေး ရချင်ပြီ”

မနှစ်က အောက်တိုဘာလတုန်းက ကချင်ဒေသမှာ ကျဆုံးသွားတဲ့ မိတ်ဆွေတယောက် ... သူမကျဆုံးရင် ရက်ပိုင်းမှာ အဲဒီလို ပြောသွားခဲ့လို့ ကျမ တအံ့တသြ ဖြစ်ခဲ့ရတယ်။ ကျမစိတ်ထဲမှာ သူတို့တွေဟာ တိုက်ချင် ခိုက်ချင်စိတ် ပြင်းပြနေတယ်လို့သာ ထင်မိတာကိုး။ သူတို့ရင်ထဲမှာလည်း ငြိမ်းချမ်းချင်တဲ့စိတ်တွေ ရှိနေသတဲ့လား ... ။ 

ဘယ်လိုပဲဖြစ်ဖြစ်ပါ ... ။
အဆိုး နဲ့အကောင်း ... ၊
အမှား နဲ့ အမှန် ... ၊
အမည်း နဲ့ အဖြူ  ... နှစ်ဘက်စီ ရှိကြပေမဲ့လည်း 

ရည်ရွယ်ချက် ... 
ဦးတည်ချက် ... 
မျှော်လင့်ချက်တွေ ... မတူညီကြပေမဲ့လည်း အမုန်းတရားတွေ၊ အာဃာတတွေ လောဘ ဒေါသတွေ လျှော့ကြပြီး အတူတူ လက်တွဲကြမယ် ဆိုရင် ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီး ဖြစ်လာလိမ့်မယ်လို့ မရဲတရဲ မျှော်လင့်ရင်း အဖြူ အမည်း စစ်တုရင်အရုပ်ကလေးတွေ ယှဉ်တွဲထားတဲ့ ဒီပုံလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
***
ကမ္ဘာကြီး ငြိမ်းချမ်းပါစေ  ... 

မေဓာဝီ
၁၆၊ နိုဝင်ဘာ၊ ၂၀၁၅
၂၂း၁၉ နာရီ


Read More...

Saturday, November 07, 2015

... နိုင်ရမည် ...



“အမေ နိုင်ရမည်”
***
အမေ့အပြုံး
အလှဆုံးတည့်။
အမေ့အကြည့်
ရင်မှာငြိ၏။
အမေ့အရယ်
သောကပြယ်၏။
အမေ့စကား
ပြည့်ခွန်အားတည့်။
အမေ့မေတ္တာ စေတနာနှင့်
အမေ့သတ္တိ ကမ္ဘာသိ၏။
တည်သည့်စကား
ထားသည့်ကတိ
မြဲသည့်သစ္စာ
တိုင်တည်ပါသည်
အမေနိုင်ကိုနိုင်ရမည်။
***
မေဓာဝီ
၇၊ နိုဝင်ဘာ၊ ၂၀၁၅
၁၅း၂၅ နာရီ
(ခေတ္တ Orlando, Fl)


Read More...

Monday, August 31, 2015

ဘလော့ဒေးနဲ့ တွေးမိတွေးရာ ၉ နှစ်တာ ...



၂၀၀၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ me ဆိုတဲ့ ပို့စ်လေးနဲ့ စတင်ခဲ့တဲ့ တွေးမိတွေးရာ ရေးမိရေးရာ ဘလော့လေးဟာ အခုဆိုရင် ၉ နှစ် ပြည့်ခဲ့ပါပြီ။ ၉ နှစ်တာ သက်တမ်းတလျှောက် ရေးခဲ့တဲ့ ပို့စ်ပေါင်း ၇၁၃ ပုဒ်ထဲမှာ ကဗျာ၊ ပုံပြင်၊ အက်ဆေး၊ ခံစားမှုစာစု၊ ခရီးသွားမှတ်တမ်း၊ အတွေးအပိုင်းအစ၊ ကိုယ်ရေးကိုယ်တာတွေ အပြင် ရှေးမြန်မာ ကဗျာတွေ၊ အခါကြီး ရက်ကြီးနဲ့ သမိုင်းဝင်နေ့တွေ၊ ဘာသာရေးတွေ၊ မှတ်ဖွယ်မှတ်ရာတွေ၊ ကိုယ်နှစ်သက်တဲ့ စာတွေ စုံစီနဖာ တင်ခဲ့ပါတယ်။ ရေးခဲ့တဲ့ ပို့စ်တွေနဲ့ ပတ်သက်လို့ ဝေဖန် တိုက်ခိုက် ထိုးနှက်ကြတာတွေရော၊ မြှောက်ပင့် အားပေး ချီးကျူး ကြတာတွေရော ရှိခဲ့တယ် ဆိုပါတော့။
 .
.
အဲဒီတုန်းက ဘလော့ကျေးဇူးကြောင့် နေ့တိုင်း စာရေးဖြစ်ခဲ့တယ်။ စာတွေပိုဖတ်ဖြစ်ခဲ့တယ်။ ဘလော့ဂါအချင်းချင်း ရင်းနှီးခင်မင်ခွင့် ရခဲ့တယ်။ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ခွင့် ရှယ်ခွင့်ရခဲ့တယ်။ ကိုယ်မသိသေးတာတွေ ပိုသိလာခဲ့တယ်။ ကမ္ဘာအရပ်ရပ်က အသိပညာ ဗဟုသုတတွေ ရခဲ့တယ်။ ဘလော့ရေးခဲ့တဲ့ ရှေ့ပိုင်းနှစ်တွေမှာတော့ “ဘလော့ဟာ ဘဝ” လို့ ဆိုရလောက်အောင် ဘလော့ကြောင့် ဘဝအစိတ်အပိုင်းတချို့ ပြောင်းလဲခဲ့တယ်။ ဘလော့ကို ခင်တွယ်ခဲ့သလို မြတ်နိုးစွာလည်း ဖက်တွယ်ခဲ့တယ်။ ကိုယ့်ဘလော့ကိုယ် နာကျင်စွာ ပိတ်ခဲ့ရဖူးသလို ... ဘလော့ရေးတာဟာ ပြစ်မှုတခု ကျူးလွန်မိသလိုလည်း ခံစားခဲ့ရဖူးတယ်။ ဘလော့ကြောင့် အကောင်းရော အဆိုးပါ စံစား ခံစားခဲ့ရတာကိုး။
.
.
ဘလော့ စာမျက်နှာပေါ်မှာ သိကျွမ်း ခင်မင်ခဲ့ရတဲ့ မိတ်ဆွေတွေနဲ့ အပြင်မှာ တွေ့ဆုံ ရင်းနှီးခွင့်ရတာဟာလဲ ဘလော့ကျေးဇူးပါပဲ။ ဒီလို မိတ်ဆွေတွေရဲ့ ဖေးမ ကူညီမှုတွေရတဲ့အခါတိုင်း မိတ်ဆွေတွေနဲ့ အတူ ဘလော့ကိုပါ ကျေးဇူးတင်မိတယ်။ ဘလော့ကြောင့် မိတ်ကောင်းဆွေကောင်းတွေနဲ့ ကြုံ ဆုံရတာ မဟုတ်လား။
 .
.
ခုတော့လည်း ဘလော့ကို ဘဝ လို့ မဆိုချင်တော့ပေမဲ့ ဘလော့ကို ဘဝထဲကတော့ ထုတ်မပစ်နိုင်ပါဘူး။ ဘလော့မှာ တင်ခဲ့တဲ့ စာစုလေးတွေ မဂ္ဂဇင်းစာမျက်နှာပေါ် တခါတရံ ပါလာတဲ့အခါ … ကိုယ့်ဘလော့မှာ ကိုယ် ဖတ်ရသလောက် ရင်မခုန်တော့တာ အမှန်ပါပဲ။ ဘလော့ခေတ်ဦးကဆို ပို့စ်တပုဒ်တင်တာနဲ့ ကိုယ့်စာကို ဘယ်သူတွေလာဖတ်ပြီလဲ၊ ဘာတွေမှတ်ချက်ပေးသလဲ … ရင်ခုန်စွာ ပျော်ရွှင်စွာ စောင့်ကြည့်ခဲ့ရတဲ့ အရသာက အေးစက်စက် စာမျက်နှာပေါ်က ပုံနှိပ်စာလုံးတွေကို မြင်ရတဲ့ အရသာထက် ပိုသာခဲ့တယ်။
 .

 .
ဘလော့တွေမှာ သမိုင်းရှိခဲ့တယ်၊ ဘလော့တွေကို ဖန်တီးတဲ့ ဘလော့ဂါတွေမှာလဲ သမိုင်းကိုယ်စီနဲ့ပေါ့။ ပြီးခဲ့တဲ့ ဇွန်လပိုင်းတုန်းက နေဘုန်းလတ် မွေးနေ့မှာ ထုတ်ဝေတဲ့ မှ/သို့ နေဘုန်းလတ် စာအုပ်မှာဆိုရင် မြန်မာဘလော့တွေရဲ့ သမိုင်းကို ခပ်ပါးပါး တွေ့နိုင်ပါတယ်။ သမိုင်းတခုရှိခဲ့ဖူးတဲ့ ဘလော့တွေရဲ့ ကဏ္ဍဟာ ဆယ်စုနှစ် တခုမရှိတရှိ အချိန်မှာပဲ တဖြည်းဖြည်း မှိန်ပျလာခဲ့ပါပြီ။ ခုချိန်ထိ ဘလော့ကို သံယောဇဉ်တကြီး တစိုက်မတ်မတ် ရေးသားနေကြဆဲ ဘလော့ဂါတွေ ရှိသလို ဘလော့ကို လုံးဝကျောခိုင်းသူတွေ၊ တခါတရံမှ ဘလော့ဆီ ရောက်လာသူတွေလည်း ရှိနေပါတယ်။ ကိုယ်တိုင်လည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ဘလော့နဲ့ ပူးတုံ ခွါတုံ ဖြစ်နေဆဲပါပဲ။
 .
.
တကယ်တော့ ခေတ်ဦးပိုင်း မြန်မာပြည်ကဘလော့ဂါတွေဟာ ဘလော့ကို လွယ်လွယ်ကူကူ ရေးခဲ့ရတာတော့ မဟုတ်ပါဘူး။ နည်းပညာအခက်အခဲအပြင် ခပ်နှေးနှေးအင်တာနက်ရယ်၊ ပိတ်ဆို့ထားလို့ ကျော်ရ ခွရတာတွေရယ်ကြောင့် အလွန်စိတ်ရှည်စွာ ရေးခဲ့ကြရတာပါ။ အဲဒီလို ဘလော့ရေးသား နေကြသူတွေဟာ ဝါသနာအရ ရေးနေကြတာမို့ ဘလော့ရေးတဲ့အတွက် ဘာအကျိုးအမြတ်မှလဲ မရခဲ့ကြပါဘူး။ တခြားနိုင်ငံတွေမှာဆိုရင် ဘလော့ရေးလို့ မီလျံနဲ့ချီပြီး ပိုက်ဆံတွေရတာမျိုး ရှိတယ်လို့ သိရတယ်။ မြန်မာဘလော့ဂါတွေကတော့ ပိုက်ဆံရဖို့နေနေသာသာ ပိုက်ဆံအကုန်ခံ၊ အချိန်အကုန်ခံ၊ တခါတရံ အဆဲခံပြီး ဘလော့ရေးခဲ့ကြရတယ်။ 

ခုချိန်မှာတော့ ဒါတွေဟာ ပုံပြင်ဆန်သွားပြီလား မသိပါဘူး။ ဘလော့ဆိုရင် ခုခေတ် အင်တာနက်သုံးသူတွေ သိပ်မသိကြတော့ဘူး မဟုတ်လား။ အင်တာနက်ဆိုရင် ဖေ့စ်ဘွတ်လောက်သာ သိတဲ့သူတွေ ဆိုတာလည်း မြန်မာပြည်မှာ တကယ်ကို ရှိနေပါတယ်။ သူတို့ကိုသွားပြောရင် ဘာလဲ ဘလော့ ... ဘာလဲ ဘလော့ဂါလို့ ပြန်မေးကြမှာပဲ။ ဒီလိုနဲ့ နောက်ထပ် ဆယ်စုနှစ်တခု ကြာချိန်မှာ ဖေ့စ်ဘွတ်ရော ရှိပါအုံးမလား။ ဘလော့ရော ရှိနေအုံးမှာလား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါပေမဲ့ ... တချိန်က ဘလော့ဆိုတာ ရှိခဲ့ဖူးတယ်၊ ဘလော့ခေတ်ကို ဖြတ်သန်းခဲ့ဖူးတယ်၊ ကိုယ်တိုင်လည်း ဘလော့ဂါတယောက် ဖြစ်ခဲ့ဖူးတယ် ... ဆိုတာလေးနဲ့တွင် ကျေနပ်နေရအုံးမှာပါပဲ။

ဘလော့ရေးသူ ဖတ်သူ အားလုံး ကိုယ်စိတ် ချမ်းမြေ့ကြပါစေ ... ။
***
မေဓာဝီ
၃၁၊ သြဂုတ်၊ ၂၀၁၅
၁၃း၁၆ နာရီ
(စင်္ကာပူ စံတော်ချိန်)

Read More...

Tuesday, August 25, 2015

Save the Earth / Save Myanmar ...

ကျမတို့ မြန်မာပြည်မှာ လတ်တလော ခံစားနေရတဲ့ ရေလွှမ်းမိုးမှုနဲ့ သဘာဝဘေးအန္တရာယ် နောက်ဆက်တွဲ ပြဿနာတွေကို ဖတ်ရတိုင်း ဘာလုပ်ပေးနိုင်မလဲလို့ အမြဲတွေးမိတယ်။ မိုးလေဝသ ဦးထွန်းလွင်က ရေကြီးခြင်းဟာ သစ်တောပြုန်းတီးမှုကြောင့် ဖြစ်တာလို့ မီးမောင်းထိုးပြခဲ့ပြီး သစ်ပင်တွေ ပြန်စိုက်ကြဖို့ လှုံ့ဆော်သလို ကာတွန်းအော်ပီကျယ်က ကာတွန်းကွက်လေးတွေနဲ့ သဘာဝအရင်းအမြစ် မဖြုန်းတီးရေး စွမ်းအင်ချွေတာရေးကို လူတိုင်းနားလည်လွယ်အောင် ဖော်ပြတယ်။ တချို့ကလည်း ဖေ့စ်ဘွတ်ထဲမှာ ပုံနဲ့ စာတွဲပြီး ထိထိမိမိ ရေးတင်တဲ့ meme လေးတွေ ဖန်တီးပြီး ရှယ်ကြ ပြောကြတယ်။ ကျမမိတ်ဆွေ မမ တယောက်ကတော့ ပျိုးပင် ၃၀ စိုက်ပျိုးခဲ့ပါသတဲ့။ 


အဲဒါတွေ ဖတ်ရတော့ လွန်ခဲ့တဲ့ ၂ နှစ် (၂၀၁၃ ခုနှစ်) တုန်းက ကျမတို့ ကျောင်းရဲ့ နွေရာသီသင်တန်းမှာ Save the Earth ဆိုတဲ့ အစီအစဉ်လေးတခု လုပ်ခဲ့တာကို အမှတ်ရမိတယ်။ အဲဒီအစီအစဉ်ကတော့ ဧပြီလ ၂၂ ရက် မှာ ကျရောက်တဲ့ Earth Day အတွက် လုပ်ခဲ့ကြတာပါပဲ။ ၁၉၇၀ ခုနှစ်က စလို့ အမေရိကန်ပြည်ထောင်စုမှာ ဧပြီ ၂၂ ရက်နေ့ကို Earth Day အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာအရပ်ရပ်နဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့တွေကပါ ပါဝင်ပြုလုပ်လာကြတယ်လို့ သိရပါတယ်။
.
ကျမတို့ကျောင်းမှာလည်း ကျောင်းရဲ့ activity လှုပ်ရှားမှု အနေနဲ့ Earth Day အတွက် အဲဒီရက် မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ကြတယ်။ ကလေးတွေအတွက် Saving the Earth promise song လေးရဲ့ သီချင်းစာသားလေးတွေ ရှင်းပြ၊ သံပြိုင်သီဆိုကြတယ်။ ကမ္ဘာကြီး ပူနွေးမှုရဲ့ အဓိကပြဿနာတွေ၊ စွမ်းအင်သုံးစွဲမှုကို ဘယ်လို လျှော့ချမလဲ ဆိုတဲ့ နည်းလမ်းတွေ၊ လေထုညစ်ညမ်းခြင်း, ရေထုညစ်ညမ်းခြင်း စတဲ့ pollution အမျိုးမျိုးအကြောင်းတွေ၊ pollution ရဲ့ solution ဖြစ်တဲ့ Reduce – Reuse – Recycle ဆိုတဲ့ စာလုံးလေး ၃ လုံးနဲ့ ဘယ်လို ပြုလုပ် ဆောင်ရွက်ရမှာတွေ … အတန်းအလိုက် သူ့ level အလိုက် ကလေးတွေနဲ့ ဆွေးနွေး မေးမြန်း ရှင်းလင်း သင်ကြားပေးခဲ့တယ်။ နောက်ပြီး အတူတူ သစ်ပင်စိုက်ကြ၊ Vinyl မှာ လက်မှတ်ထိုးကြနဲ့ ပျော်စရာကောင်းတဲ့ နေ့တနေ့ ဖြစ်ခဲ့ပါတယ်။
.

အဲဒီနောက်ပိုင်းမှာတော့ ကလေးတွေလည်း စိတ်ဝင်စားတာနဲ့ Enviornmental Education ဆိုတဲ့ ဘာသာရပ်လေးကို course ထဲမှာ ထပ်ထည့်ပြီး ကျမပဲ သင်ပေးခဲ့တယ်။ ၂၀၀၇ ခုနှစ် ယူကေမှာ ကျမ ကျောင်းသွားတက်တော့ စစချင်း တက်ခဲ့တာက The Gaia Environmental Studies Programme တဲ့၊ ပင်လယ်ကမ်းစပ်အနီး ကျေးလက်တောရွာလေးက ကောလိပ်ကျောင်းတခုမှာ ကျောင်းအိပ်ကျောင်းစား တက်ခဲ့ရတာပေါ့။ အဲဒီကျောင်းမှာက course book ဆိုပြီး သတ်သတ်မှတ်မှတ် စာအုပ် မပေးဘဲ လက်တွေ့လုပ်ရင်း သင်မှန်းမသိ သင်ပေးတဲ့ ပုံစံပါ။ [Gaia ဆိုတာ ဂရိဘာသာစကား ဖြစ်ပြီး ကမ္ဘာမြေကြီးလို့ အဓိပ္ပါယ်ရပါတယ်။]
.

အဲဒီကျောင်းမှာ သင်ခဲ့ရတဲ့အတိုင်း အတိအကျ မဟုတ်ပေမဲ့ ကျမကျောင်းက ကလေးတွေကိုလည်း စာသင်သလို မသင်ဘဲ သူတို့ဆီမှာ နဂိုရှိနေတဲ့ အချက်အလက်တွေ အရင် ဆွဲထုတ်ပြီး board မှာ ချရေးတယ်၊ တချက်ချင်းကို ဆွေးနွေးတယ်၊ အများကို ပိုပြီး သိစေချင်ရင် ဆင့်ပွါးမေးခွန်းတွေနဲ့ ထပ်ပြီး မေးမြန်းတယ်၊ အများကိုလည်း မေးမြန်းစေတယ်၊ တယောက်ပြောတာ တယောက်က သဘောမတူရင် ဆန့်ကျင်ဘက် အမြင်ကနေ ပြန်ပြီး ဆွေးနွေးစေတယ်။ ပြီးမှ ဖြည့်စွက်စရာရှိတာ ဖြည့်စွက်၊ ဖြုတ်စရာရှိတာဖြုတ် လိုတိုးပိုလျှော့ လုပ်ပြီး ရှင်းပြပေးပါတယ်။ နောက်ဆုံးမှာတော့ သူတို့လေးတွေရဲ့ ခေါင်းထဲမှာ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနဲ့ ညစ်ညမ်းမှုလျှော့ချရေး အခြေခံသဘောတရားဟာ စွဲမြဲသွားပြီပေါ့။
.

ကလေးတွေကို ကျမ အမြဲပြောလေ့ရှိတာက ကိုယ်သိထားတဲ့ အသိတခုဟာ ကိုယ့်ဆီမှာတွင် ရပ်မနေဘဲ တခြားသူတွေကိုပါ ပြန်ပြီး သိအောင် လုပ်ပေးရမယ် … လို့ပါ။ မိဘပဲ ဖြစ်ဖြစ်၊ ညီအကို မောင်နှမ ဆွေမျိုး သားချင်း မိတ်ဆွေ သူငယ်ချင်း ဘယ်သူ့ကို မဆို ပြန်ပြောရမယ်၊ ဒါဟာ knowledge sharing လုပ်တာပဲ … အဲဒီကနေ နောက်တဆင့်တက်ပြီး ကမ္ဘာကြီးကို ကယ်တင်တဲ့အထဲမှာ သူတို့တွေပါ ပါဝင်လာအောင် စည်းရုံးဆွဲဆောင်ရမယ်၊ ဒါဟာ တယောက်ထဲ လုပ်လို့ရတာမဟုတ်ဘူး united with friend လို့ သီချင်းစာသားထဲမှာပါသလို အားလုံးဝိုင်းလုပ်မှ ရမှာ လို့ အမြဲ ပြောခဲ့ပါတယ်။ Environmental Education ဆိုတဲ့ ဘာသာရပ်ကို ထည့်သင်တော့ ကိုယ့်အိမ်သားတွေပါ ပါဝင်နိုင်အောင် လက်မှတ်ထိုးတဲ့ စာရွက်ကလေး ကိုပါ အားလုံးကို ဝေပေးခဲ့တယ်။ နောက် သူတို့မပျင်းရအောင် ပန်းချီပုံတွေ ဆွဲ၊ ကဗျာတွေ ရေး၊ အဖွဲ့အလိုက် ပရောဂျက်တွေလုပ်ခိုင်းခဲ့တယ်။ အဖွဲ့တဖွဲ့ဆို recycle ပစ္စည်းတွေနဲ့ ပြုလုပ်တဲ့ robot လေး တခုတောင် ဖန်တီးခဲ့သေးတယ်။
.
တရက်မှာတော့ အမှိုက်ကောက်တဲ့ ကမ်ပိန်းလေး လုပ်ကြမယ်ဆိုပြီး ကျောင်းက အမှိုက်တွေကို သူ့အမျိုးအစားနဲ့သူ ခွဲပြီး ကောက်ဖို့ ပြောလိုက်ပါတယ်။ ကျောင်းသားလေးတွေက သူ့ထက်ငါ အမှိုက်တွေပိုရအောင် အားကြိုးမာန်တက် ကောက်ကြတော့တာပဲ။ ကြည့်ရတာ ပျော်စရာကြီးပေါ့။ အဲဒီထဲမှာ ခပ်ရွတ်ရွတ် ကျောင်းသားတယောက်ပါတော့ သူက ကျောင်းစတိုခန်းထဲက အမှိုက်လို့ သူထင်တဲ့ ပစ္စည်းတွေပါ ထည့်လိုထည့်၊ ဆရာစားပွဲ အံဆွဲထဲက တိုလီမုတ်စတွေပါ သူ့အမှိုက်အိတ်ထဲ ကောက်ထည့်တော့တာ။ သူက အဲဒီလိုလုပ်တော့ တခြားကျောင်းသားတွေလည်း လိုက်လုပ်ကြတယ်။ ဗီရိုပေါ်က ဂျပ်ဘူးခွံတွေ၊ ဂျပ်ဘူးထဲက ဖော့တုံးတွေ စသဖြင့်ပေါ့။ တချို့ကလည်း ကိုယ့်အမှိုက် နည်းနေမှာစိုးလို့ မုန့်ဝယ်စားပြီး ထွက်တဲ့အမှိုက်တွေပါ ထည့်နဲ့ ဗြောင်းကိုဆန်နေတာပဲ။
.
အဲဒါကို သိရတော့ ကျမမှာ အမောကို ဆို့သွားတာပဲ။ ဘယ်လောက်ပြောပြထားထား သဘောတရားကို နားမလည်ကြပါလားဆိုပြီး အတော်လေး စိတ်မကောင်း ဖြစ်မိတယ်။ လက်လျှော့ချင်သလို ဖြစ်လာတယ်။
ကျောင်းနံရံတွေမှာ အသိပညာပေး ပိုစတာတွေ ကပ်တယ်၊ အမှိုက်တွေကို ခွဲပြီး ပစ်ဖို့ သတ်မှတ်ပေးတယ်၊ မီးတွေ ပန်ကာနဲ့ လေအေးပေးစက်တွေ မလိုအပ်ဘဲ မဖွင့်ဖို့၊ ကွန်ပျူတာ မသုံးတော့ရင် ခလုတ်ကြီး ဖွင့်ပြီး မထားခဲ့ဖို့၊ ရေဘုံဘိုင်ကို ဖွင့်ပြီးရင် လုံအောင် ပြန်ပိတ်ဖို့၊ တစ်သျှူးစက္ကူ အစား လက်သုတ်ပုဝါသုံးဖို့၊ ကျွတ်ကျွတ်အိတ်တွေ အစား recycle bag သုံးဖို့၊ စာရွက်တွေ မဖြုန်းတီးဖို့၊ ပုလင်းခွံ ဘူးခွံတွေကို ဖြစ်နိုင်ရင် မလွှင့်ပစ်ဘဲ reuse လုပ်ဖို့၊ ကျောင်းနဲ့အိမ် နီးရင် ကားနဲ့မလာဘဲ လမ်းလျှောက်လာဖို့၊ တပိုင်တနိုင် သစ်ပင်လေးတွေ စိုက်ကြဖို့ စသဖြင့် ပြောနေပေမဲ့ လိုက်နာနိုင်တဲ့သူက ခပ်ရှားရှားပါပဲ။
.

ဒါပေမဲ့ ဒါဟာ အစပဲရှိသေးတာပဲ … နောက်ပိုင်းကျရင် တဖြည်းဖြည်း အဆင်ပြေလာမှာပါ … လို့ ကိုယ့်ဘာသာ ဖြေတွေးခဲ့ရပါတယ်။ ကိုယ့်နိုင်ငံနဲ့ စိမ်းနေသေးတဲ့အတွက် ချက်ချင်းတော့ ဘယ်ရမလဲ။ ဥပမာ အမှိုက်ကို လမ်းပေါ် မပစ်နဲ့လို့ပြောရင် လမ်းပေါ်မပစ် ဘယ်နားပစ်ရမှာလဲ … စောဒကတက်ဖွယ်ပေါ့။ အမှိုက်ပုံးမှ အလုံအလောက် မရှိတာကိုး။ ဒါပေမဲ့ ကျမကိုယ်တိုင်လည်း ကိုယ့်အမှိုက်ကိုယ့်အိတ်ထဲကိုယ် ထည့်တဲ့အကျင့် ဖြစ်နေတော့ လမ်းပေါ်ကို ပစ်ချဖို့ စိတ်ကို မကူးမိဘူး။ ဆိုတော့ … ကျင့်ယူရင် ရနိုင်ပါတယ်။ တခေါက်မရ နောက်တခေါက်၊ နောက်တခေါက်မရ နောက်ထပ်တခေါက်နဲ့ တဖြည်းဖြည်း ကြိုးစားရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။
.
ဒါပေမဲ့ ဒါဟာ တယောက်တလေ လုပ်ရုံနဲ့ မရပါဘူး။ နိုင်ငံနဲ့ အဝှမ်း အားလုံးညီညီ လုပ်မှရမှာ။ အားလုံးပါဝင်ဖို့ ဆိုတာကလည်း ပညာပေးမှ ရမှာ။ ပညာပေးဖို့ဆိုတာတောင် အွန်လိုင်း/ဖေ့စ်ဘွတ်မှာ တင်ရင် ဖေ့စ်ဘွတ်သုံးတဲ့ သူလောက်ပဲ သိမှာ၊ ဒါကြောင့် ကျောင်းတွေ၊ ရုံးတွေ၊ အဖွဲ့အစည်းတွေ အားလုံးညီညီနဲ့ Save the Earth / Save Myanmar ကမ်ပိန်းလေးလုပ်ကြရင် ကောင်းမယ်လို့ ထင်တာပါပဲ။ ရေဘေး ကူညီကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေး သွားတဲ့အဖွဲ့တွေလည်း ကိုယ်ရောက်တဲ့ ဒေသက ဒေသခံတွေကို သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ ပညာပေးလေးတွေ တလက်စတည်း ဟောပြောပေးနိုင်ရင် တချက်ခုတ် နှစ်ချက် သုံးချက် ပြတ်မယ်လို့ တွေးမိလို့ ဒီစာကို ရေးလိုက်ရပါကြောင်း … ။ … ။
***
မေဓာဝီ
၂၅၊ ၀၈၊ ၁၅
၂၂း၄၅ နာရီ

Read More...

Friday, August 21, 2015

.... မွေးနေ့ ....

မနေ့က မွေးနေ့အကြိုညမှာ ... ခါတိုင်းညတွေလို အဖေ့ဆီက ပဋ္ဌာန်းစာဝါလိုက်အပြီး စကားစမြည်ပြောတော့ ကိုယ်မမွေးခင်က အကြောင်းတွေ မေးဖြစ်သည်။ တကယ်တော့ အဖေ ခဏခဏ ပြောခဲ့ဖူးတဲ့ စကားတွေပါပဲ၊ ဒါကိုပင် ထပ်တလဲလဲ ကြားချင်နေမိပြန်၏။
“အမေ့ဗိုက်ထဲမှာ သမီးလေးက ကွမ်းသီးလုံးလေး အရွယ်ကတည်းက အဖေက စမ်းကြည့်ပြီး ချစ်ခဲ့ရတာ ...” အဲဒီလို ပြောတိုင်း ပီတိတွေဖြစ်မိမြဲ။ အဖေ့ဆီက ကိုယ်ကြားချင်တာ ကြားရပြီးတော့ အမေ့ဘက် လှည့်ပြန်သည်။
.
”အမေ ... သမီးကို မွေးရတာ အလွယ်ဆုံး မဟုတ်လား ...”
ကြံဖန်၍ ဂုဏ်ယူချင်သဖြင့် ဖိတ်ခေါ်မေးခွန်းတွေ မေးမိသည်။ အမေက ဟုတ်တယ် ဆိုတော့ သဘောတွေ ကျမိပြန်ရော။ နောက်တော့ ဖုန်းမချခင် ဗီဒီယိုကောလ်ဖြင့် အဖေနဲ့ အမေကို ခင်ပွန်းသည်နှင့် အတူ ကန်တော့ကြသည်။ မွေးနေ့မှာ ကိုယ့်ကို မွေးထုတ်ပေးတဲ့ ကျေးဇူးရှင် မိဘနှစ်ပါးရဲ့ ကျေးဇူးတရားတွေကို ဆင်ခြင် အောက်မေ့ရင်း ကံသုံးပါးနှင့် ပြစ်မှားမိလျှင် ခွင့်လွှတ်ဖို့ရန် တောင်းပန် ကန်တော့ ခြင်း ဖြစ်သည်။ အဖေတို့ ဆုပေးစကား တွေကို ပြုံးပျော်စွာ နားထောင်ရင်း ... ပေးတဲ့ဆုနဲ့ ပြည့်ပါစေဟု ပြန်လည်ပြောရင်း ... မွေးနေ့အကြို ညချမ်းလေးက အပျော်တွေ လွှမ်းခြုံခဲ့၏။
ကျေးဇူးပါ အဖေနဲ့ အမေ ... ။
.
အဖေ့အိုင်ပက်ထဲက ကျမတို့နှစ်ယောက်
ည ၁၂ နာရီ အကျော် ... မွေးနေ့ဘက်ကို မိနစ်ပိုင်းမျှ စွန်းချိန်မှာတော့ ခင်ပွန်းသည်က ဖေ့စ်ဘွတ်မှာ မွေးနေ့အမှတ်တရ စာတပုဒ် တင်ပေးခဲ့သဖြင့် ကြည်နူးစွာ ကျေးဇူးတင်ခဲ့ရသည်။ မွေးနေ့ ဆုတောင်းပေးကြသည့် မိတ်ဆွေတို့၏ ကွန်မန့်တွေကို reply လုပ်ရင်း အိပ်ပျော်ချိန်သည် သန်းခေါင်ကျော် တချက်တီးလုပြီ။
.
မနက်ဆွမ်းတော် ခေါက်ဆွဲကြော်
မနက်စောစော ဖားအောက် ဘုန်းကြီးကျောင်းသို့ ဆွမ်းသွားပို့မည် စီစဉ်ထားသဖြင့် စောစောထရမှာမို့ စိတ်စောနေ၍ အိပ်ရာက တရေးခဏခဏ နိုးပြီး ကောင်းစွာ အိပ်မပျော်ခဲ့။ မနက် နှိုးစက်မြည်ချိန် ၆ နာရီ အိပ်ရာထပြီး ခေါက်ဆွဲကြော်၊ ဘုရားကပ်၊ အတူနေ အိမ်သားတွေအတွက် ပန်းကန်လေးတွေ ဖြင့် ခွဲတမ်းချ ထည့်ပေး၊ ကိုယ်တိုင်လဲ မနက်စာစား ... အားလုံးပြီးတော့ ၁၀ နာရီ စွန်းစွန်း။
.
သံဃာဆွမ်းပွဲ အချိုပွဲနှင့်
ခေါက်ဆွဲကြော်၊ ပုစွန်ကြော်၊ သစ်သီးများ ယူဆောင်၍ ဘုန်းကြီးကျောင်းကို ချီတက်ကြသည်။ ပြီးခဲ့သည့် တခေါက်က ဖားအောက်ကျောင်းကို တကြိမ် ရောက်ဖူး ပေမဲ့ မမှတ်မိတော့လို့ မယ်သံ ကို အကူအညီ လှမ်းတောင်းရာ ညီမလေးကို လိုက်ပို့ပေးခိုင်းမည်ဟု ပြောသဖြင့် ကျေးဇူးတင်ရသည်။
.
ဖားအောက်သံဃာတော် နှစ်ပါး ဆွမ်းကပ်

မယ်သံ့ ညီမလေး လိုက်ပို့ပေး၍ ၁၀ နာရီခွဲ ကျော်ကျော်မှာ ရောက်သွားပြီး ဆွမ်းပွဲပြင်ကြ၊ ဆွမ်းကပ်ကြ ... ပြီးတော့ ကိုယ်တွေလည်း စားကြပေါ့။ လိုက်ပို့သည့်အပြင် အမှတ်တရ ဓာတ်ပုံရိုက်ပေးသော မယ်သံ့ အိမ်က ညီမလေးကိုလည်း ကျေးဇူးတင်မိသည်။
.
မခွဲအတူ ... အမြဲအတူ ...
စားသောက်ပြီး အကိုက မွေးနေ့အမှတ်တရ သွေးလှူပေးမည် ဖြစ်သဖြင့် သွေးလှူဘဏ်ကို သွားကြသည်။ သွေးလှူဘဏ်ရဲ့ reception မှာ မြန်မာအမျိုးသမီးလေးက တာဝန်ကျေကျေ၊ သွေးစစ်တဲ့ နေရာက မြန်မာအမျိုးသား ဝန်ထမ်းလေးက ဖော်ဖော်ရွေရွေ၊ သွေးဖောက်တဲ့နေရာက မြန်မာ အန်တီကြီးက သွက်သွက်လက်လက် ... ။ အကို့ဆီက သွေးထုတ်နေစဉ် စကားစမြည် ရယ်ရယ်မောမော ပြောနေကြသေးသည်။
.
သွေးလှူဘဏ်
အလွန်တိုးတက် ခေတ်မီ သန့်ရှင်းပြီး သဘောကောင်း ဖော်ရွေလှသော မြန်မာပြည်ကြီးကို ရောက်သွားသလို ပါလား။ သြော် ... မြန်မာပြည်မှ မဟုတ်တာ ... ဒါ စင်္ကာပူ ပဲ ... အိပ်မက်လိုလို ဘာလိုလိုနဲ့ သွေးလှူဘဏ်ထဲက ပြန်ခဲ့ကြသည်။ ကျေးဇူးပါ မြန်မာဝန်ထမ်းများနှင့် စင်္ကာပူ နိုင်ငံ၏ စနစ်များ ... ။
.
ကျမ မွေးနေ့အမှတ်တရ သွေးလှူပေးနေသော ...
အပြန်လမ်းမှာ အကို့ဖုန်းထဲကနေ မွေးနေ့ဆုတောင်း ကွန်မန့်တွေကို ဖတ်ပြီး ကြည်နူးရသည်။ ဖေ့စ်ဘွတ်၏ ပါစင်နယ်ဒေတာမှာ မွေးနေ့ကို ထည့်မထားသော်လည်း အကို့ ပို့စ်ကြောင့် အသိအမှတ်ပြု like တွေနှင့် ... မြောက်မြားလှစွာသော မွေးနေ့ ဆုတောင်းတွေကို ဖတ်ခွင့်ရခဲ့သည်။ ဖုန်းထဲ ဗိုင်ဗာထဲ မက်ဆန်ဂျာထဲ ကွန်မန့်ထဲမှ ဆုတောင်းပေးကြသူ ဆွေမျိုး သားချင်းတွေ၊ သူငယ်ချင်းတွေ၊ မောင်နှမလို ညီအမလို ချစ်ခင်ရသူတွေ၊ မြင်ဖူးသူ မမြင်ဖူးသူ ကြီးသူ ငယ်သူ ... အားလုံး အားလုံးကို ကျေးဇူးတင်မိပါသည် ... ။
.
အိမ်ပြန်ရောက်တော့မှ မွေးနေ့ဆုတောင်းများကို ကျေးဇူးတင်ကြောင်း reply ပြန်ရင်း ... မွေးနေ့ရက် တရက်လုံး ကျေးဇူးတရားများနှင့် ရှင်သန်ခဲ့ရသည်ကို ကိုယ့်ဘာသာ ကျေနပ်မိသည်။ မိဘ နှစ်ပါး၊ ခင်ပွန်းသည်၊ ဆွေမျိုးသားချင်း မောင်နှမများ၊ မိတ်ဆွေ သူငယ်ချင်းများ ... လုပ်ဖော်ကိုင်ဖက်များ ... တနေ့တာ ကြုံခဲ့ ဆုံခဲ့ ကူညီခဲ့သော သူများ အားလုံး၏ ကျေးဇူးကျွေးတွေ ကိုယ့်အပေါ် တင်နေသလို ခံစားရသည်။
.
ကိုယ့်ဘက်က ပြန်လည် ပေးဆပ်နိုင်သည်ကတော့ မေတ္တာ တရားပါပဲ။ ဒီည အဖို့တော့ အားလုံးကို မေတ္တာပို့ပြီး အိပ်ရာဝင်မည်မို့ အေးချမ်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်မည်ဟု ယုံကြည်မိပါတော့သည်။
***
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ ကောင်းကျိုးလိုအင် ဆန္ဒများ ပြည့်ဝကြပါစေ ... ။
***
မေတ္တာဖြင့် ...
 မေဓာဝီ
၂၁၊ သြဂုတ်၊ ၂၀၁၅
၂၀း၅၀ နာရီ

Read More...

Monday, August 10, 2015

နှစ် ငါးဆယ် ...

၂၀၁၅၊ သြဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့)
***
မနက်မိုးလင်းချိန်မှာ အိမ်နားက community centre က ပျံ့လွင့်လာတဲ့ အသံဗလံတွေနဲ့ နိုးထခဲ့ရတယ်။ သြဂုတ်လ ၉ ရက်နေ့ … စင်္ကာပူနိုင်ငံရဲ့ နှစ် ၅၀ ပြည့် အမျိုးသားနေ့ တဲ့။ သီချင်းသံတွေ မိန့်ခွန်းစကားသံတွေ ပျော်နေသံတွေ အော်နေသံတွေ ညံစီလို့ပေါ့။ အရင်ရက်တွေ ကတည်းက အပြင်သွားရင် နေရာအနှံ့မှာ အလံတွေ တလူလူလွှင့် SG50 စာလုံးလေးတွေ ဟိုမှာ သည်မှာ တွေ့နေခဲ့ရတယ်။ SG50 အထိမ်းအမှတ် ပစ္စည်းရောင်းတာတွေ၊ SG50 အတွက် အထူး လျှော့ဈေးတွေလည်း တွေ့ရတယ်။ အမျိုးသားနေ့ဖြစ်တဲ့ သြဂုတ်လ ၉ ရက်နေ့ တနေ့လုံးအတွက် မည်သူမဆို ရထား ကား အခမဲ့စီးနိုင်သတဲ့။ အမျိုးသားနေ့က ပိတ်ရက် တနင်္ဂနွေနေ့နဲ့ တိုက်နေလို့ သောကြာနဲ့ တနင်္လာကိုပါ ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတော့ ပိတ်ရက် ၄ ရက် ဆက်တိုက်ရတဲ့ ဝန်ထမ်းတွေလည်း ပျော်ကြတာပေါ့။
.
၉ ရက်နေ့ရဲ့  မနက် ၉ နာရီ တိတိမှာ ဥသြဆွဲသံကြားရတယ်။ ညနေဘက်မှာတော့ အမျိုးသားနေ့ အခမ်းအနားကို ကျင်းပကြပါတယ်။ အခမ်းအနားကို အပြင်မှာ သွားမကြည့်တော့ဘဲ အွန်လိုင်းကနေ ကွန်ပျူတာလေးဖွင့်ပြီးပဲ ကြည့်ဖြစ်တယ်။ လူတိုင်းရဲ့ လက်ထဲမှာ အဖြူနဲ့အနီ စင်္ကာပူအလံလေးတွေ တယမ်းယမ်း၊ မျက်နှာမှာ အပြုံးပန်းတွေ တဝေဝေ။ သီချင်းတွေ သံပြိုင်သီဆို … အစီအစဉ် ကြေငြာသူကလည်း တက်ကြွ ပျော်ရွှင်လို့။ စင်္ကာပူနိုင်ငံရဲ့ သမိုင်းဖြစ်စဉ်တွေကို ကဏ္ဍအလိုက် ပြန်ပြ၊ သရုပ်ဖော်ကြ။ နိုင်ငံရဲ့ အဓိက key players အဖွဲ့အစည်းတွေ တဖွဲ့ပြီးတဖွဲ့ ချီတက်လာကြ၊ သမ္မတကြီးကို အလေးပြုကြ။ ကောင်းကင်မှာ လေယာဉ်တွေ ပျံဝဲ ခြိမ့်ခြိမ့်သည်း ...  မြေကြီးတွေတောင် တုန်ဟည်းလို့။
.
သူတို့ခေါင်းဆောင်ကြီး လီကွမ်ယုရဲ့ လုပ်ဆောင်ချက်တွေ ... အားလုံးဝိုင်းဝန်းကြိုးစားကြပုံတွေ ... ပြန်ပြတယ်။ လူတန်းစား အမျိုးမျိုးနဲ့ အင်တာဗျူးလုပ်တာတွေ ပြတယ်။ အခြေခံ ရုံးစာရေးအလုပ်က စခဲ့ပြီး အသက်အရွယ် ကြီးလို့ အလုပ်မလုပ်နိုင်ချိန်မှာ အပူအပင်ကင်းစွာ နေနိုင်သူ တဦး၊ အဆင့်အတန်းရှိတဲ့ အိမ်ယာတွေမှာ နေနိုင်လို့ ဝမ်းသာနေတဲ့ အိမ်ရှင်မ။ ဘာမှမရှိတဲ့ တိုင်းပြည်ဘဝကနေ ကမ္ဘာက အသိအမှတ်ပြုခံရတဲ့ တိုင်းပြည်တခု ဖြစ်လာခဲ့ရတယ်။ လွယ်လွယ်နဲ့တော့ ဒီအခြေအနေ မရောက်နိုင်ပါဘူး၊ ဖြတ်သန်းခဲ့ရတာတွေ ကြိုးစားခဲ့ရတာတွေ ပေးဆပ်ခဲ့ရတာတွေ တပုံတပင်ပေါ့။ ခေါင်းဆောင်က တိုင်းပြည်နဲ့ လူထုအတွက် လုပ်ပေးသလို သူ့ခေါင်းဆောင်ကိုလည်း သူ့ပြည်သူလူထု အများစုက ချစ်ခင်လေးစားကြတယ်။
our home, our heart, our Singapore  ... တဲ့။
.
ကြည့်ရင်းကြည့်ရင်း ကိုယ့်တိုင်းပြည်နဲ့ ယှဉ်တွေးပြီး အားကျတဲ့စိတ်လား မနာလိုတဲ့စိတ်လား ဝမ်းနည်းတဲ့ စိတ်လား … ရောထွေးနေတဲ့ ခံစားချက်ပေါင်းများစွာနဲ့ ကိုယ့်ပြည်ရဲ့အနာဂတ်ကို မျှော်တွေးမိတယ်။ နောင် အနှစ် ငါးဆယ် … ဘယ်လိုဖြစ်လာမလဲ။ ခုတောင် တောတွေကပြုန်း တောင်ကတုံးနဲ့ ရာသီဥတုဒဏ် သဘာဝဘေးဒဏ်ကို မချိမဆန့် ခံနေကြရတာ။ လွန်ခဲ့တဲ့ အနှစ်ငါးဆယ် စင်္ကာပူနိုင်ငံ စတင်လွတ်လပ်ချိန်၊ ထူထောင်နေချိန်မှာ ကိုယ့်နိုင်ငံက စင်ပေါ်က။ သယံဇာတတွေ တပုံတပင်၊ ပြီးတော့မှ တစတစ ယုတ်လျော့သွားလိုက်တာ။ လက်တဆုပ်စာ လူတန်းစားတွေသာ ဘီလျံနာတွေ ဖြစ်ကုန်ကြတယ်၊ ပြည်သူလူထုမှာတော့ ဖွတ်ကျော ပြာစု။ အခုလက်ရှိ စင်္ကာပူကို အစစအရာရာ မီဖို့ အများကြီး အများကြီး ကြိုးစားရအုံးမှာ။ တယောက်ထဲ ကြိုးစားလို့လည်းမရ၊ အစိုးရအဖွဲ့တခုတည်း ကြိုးစားလို့လည်းမရ၊ အားလုံး တက်ညီလက်ညီ ကြိုးစားရမှာ၊ ပြင်ဆင်ရအုံးမှာ။
.
အခမ်းအနား အားလုံး ပြီးဆုံးသွားချိန်မှာတော့ အတွေးတွေအများကြီးနဲ့ ငြိမ်သက်ရင်း နောင်တချိန်ချိန်မှာ မြန်မာပြည်နဲ့ ပြည်သူလူထုကို ချစ်သော ...  ပြည်သူလူထု ကလည်း လေးစားသော ...  ခေါင်းဆောင်/အစိုးရ ပေါ်ပေါက်လာပြီး ခု SG50 ထက် ပိုခမ်းနား ကြီးကျယ်တဲ့ အခမ်းအနားကြီးတခုကို အသက်ရှင်စဉ်မှာ မြင်ခွင့်ရနိုင်ပါ့မလားလို့ ဝေဝေဝါးဝါး တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၉၊ သြဂုတ်၊ ၂၀၁၅
22:32

(စင်္ကာပူနိုင်ငံရဲ့ နှစ် ငါးဆယ်ပြည့် အမျိုးသားနေ့ အမှတ်တရ)

Read More...

Tuesday, August 04, 2015

ကာလသုံးပါးနဲ့ တို့ရဲ့ပြည်


 ကာလသုံးပါးနဲ့ တို့ရဲ့ပြည်
==============
ဟို ရှေးရှေးသော
တရံရောက
မြစ်ပေါ ချောင်းပေါ
သစ်ဝါးတောနှင့်
တောင်ကျောရိုးမ
ခိုင်ခန့်လှကာ
သဘာဝဘေး
ကာကွယ်ပေးခဲ့
ငါတို့ရဲ့ ပြည်။
.
ယခုအခါ
သယံဇာတ
ဇီဝမြေနှစ်
ကုန်လုဖြစ်ပြီး
မြစ်ကော ချောင်းကော
ဆည်တွေပေါလည်း
သစ်တောများပြုန်း
ဂေဟသုဉ်းကာ
ဝင်လာမုန်တိုင်း
ဘေးများဝိုင်း၍
ရေလှိုင်းအပုတ်
စုံးစုံးမြုပ်ပြီ
ငါတို့ ပြည်။
.
တို့ပြည်နောင်ရေး
အရှည်တွေး၍
ကပ်ဘေးမသမ်း
အေးချမ်းစေအောင်
ဆောင်ရ ရှောင်ရ
ကိစ္စ အရေး
ပညာပေး-ယူ
အတူတကွ
လက်တွဲကြလျှင်
ရေတွင်နစ်လည်း
ဇွဲနဲ့ ပြန်ထ
ရုန်းကာ မ'မည်
ကာလသစ် ဆီ
တို့တိုင်းပြည်။
***
မေဓာဝီ
4.08.15
13:00

ဒီကဗျာလေးကို ရောင်းလိုပါတယ်။ မည်သူ မဆို ဝယ်လိုပါလျှင် ထိုငွေကို ရေဘေးသို့ လှူပေးပါ။
ကျေးဇူးတင်ပါတယ်။

Sold - US$100, already donated. 

Read More...

Saturday, August 01, 2015

ကောင်းကင်ပြာ သာတဲ့ နေ့ ...

ဒီနေ့ဝါဆိုလပြည့်ကျော် တရက်။ ခါတိုင်းနေ့တွေကလို မိုးမရွာ။ ကောင်းကင်ယံမှာ မိုးသား လုံးဝကင်းစင်မနေပေပမယ့် နေပွင့်ပြီး သာတောင့်သာယာ။ အရင်ရက်တွေက နေ့ရော ညဥ့်ပါ အဆက်မပြတ် သည်းထန်ခဲ့သော မိုးကြောင့် စိတ်ပင်ပန်းခဲ့ရခြင်းတွေ ဒီကနေ့တော့ လွန်မြောက်ပြီ ထင်ပါသည်။
.
ညက ရေဘေးသတင်းတွေ ဖတ်ရင်း ကြည့်ရင်း စိတ်ပူပန်မှုတွေကြောင့် တညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့။ မနက်ကျတော့လည်း ဆွမ်းလောင်းစရာရှိ၍ စောစောထ ကြော်လှော် ရသည်။ ဝါဆိုလပြည့်ကျော် တရက်က အဖေ့မွေးနေ့။ အဖေ အသက် ၇၀ ပြည့်ပြီ။
.
အဖေ့အနားမှာ မနေနိုင်ပေမယ့် အဖေ့ဆုံးမစကားတွေနဲ့ နေ့စဉ်ရှင်သန်နေခဲ့ရသည်။ ကောင်းကင်ကြီးတခုလို အမြဲ အုပ်မိုးကာ စောင့်ရှောက်တတ်သော အဖေ … ။ အဖေနှင့် ညတိုင်း စကားပြောသည့်အခါ ဖုန်းချခါနီးလျှင် အဖေက "အပ္ပမာဒေန သမ္ပာဒေထ"ဟု ပြောလေ့ရှိ၏။ မေ့လျော့စွာ နေတတ်သည့် သမီးကို သတိပေးစကား။ ထိုသိုဆိုလျှင် အာမဘန္တေဟု ပြန်ပြောကာ ရယ်ရယ်မောမော ဖုန်းချနေကျ။ အာမဘန္တေသာ ခံနေပေမယ့် အမြဲတမ်းလည်း သတိလက်လွတ် ဖြစ်နေတုန်းပင်။
.
အိမ်ထောင်ကျပြီးနောက်ပိုင်း ကြုံတွေ့ရသည့် စိတ်ပင်ပန်းမှုတွေကို သိနေသည့်အဖေက ဖုန်းချခါနီးလျှင် "သမီးလေး ပျော်ပါစေ" ဟု နှုတ်ဆက်ပုံ ပြောင်းသွားတော့သည်။ ထိုသို့ဆိုလျှင် "အဖေလည်း ကျန်းမာပါစေ" ဟု ပြန်ပြောရင်း အဖေနှင့် အတူ မနေနိုင်သည့်ဘဝကို တွေးပြီး တိတ်တဆိတ် မျက်ရည်ဝဲခဲ့ရသည်။ အဖေကား စကားပြောသည့် လေသံကို နားထောင်၍ပင် စိတ်ရွှင်မရွှင် အကဲခတ် သိလေသည်။
.
မောင်နှမ လေးယောက်ထဲတွင် အဖေ့အချစ်ဆုံးသမီး, အဖေနှင့် အနီးစပ်ဆုံးသမီး ဖြစ်ရသည်ကို ကိုယ့်ဘာသာ ဂုဏ်ယူနေမိသေးသည်။ သွေးအမျိုးအစားက အစ အဖေနှင့် တူသော အိုသွေး။ မြန်မာစာပေ ချစ်မြတ်နိုးတာကလည်း အဖေ့အမွေ။ အဖေ့ အလုပ်တွေ, အဖေ့ ဘာသာရေး သင်တန်းတွေမှာ အဖေနှင့် အတူတွဲ၍ လုပ်ကိုင် ကူညီနိုင်သူ တဦးအနေနှင့်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်ရသည်။
.
အဖေနှင့်အတူရှိစဉ်က လက်ဘက်ရည်ဆိုင် ထိုင်ကြလျှင် စာပေ အကြောင်း၊ ဘာသာရေး, နိုင်ငံရေး အကြောင်း၊ လူတွေအကြောင်း၊ စကားတွေ ပြောမကုန်။ အဖေနှင့် နှစ်ယောက်ထဲသာ သိကြသည့် ရယ်စရာ ဟာသတွေကို ပြောရင်း ရယ်မော ပျော်ရွှင်ခဲ့ကြသည့် ကာလလေးတွေကို ပြန်လွမ်းမိလေသည်။
.
ပြီးခဲ့တဲ့ သုံးလေးရက်လောက်က အဖေနေမကောင်း၍ စိတ်ပူခဲ့ရသေးသည်။ ရိပ်သာဝင်တုန်းက တရားမှတ်စုထဲက မရှင်းတာလေး အဖေ့ကို မေးတော့ အဖေက နားလည်သည်ထိ အသေးစိတ်ရှင်းပြပြီး "အဖေ နေကောင်းသွားပြီ" ဟု ဆိုလေသည်။ သမီးလေးကြောင့် နေကောင်းသွားတာ ဟူ၍လည်း ပြောသေးသည်။ ဘာသာရေးနှင့် ပတ်သက်လျှင် အဖေက ဤသို့ပင်။ သိထားသမျှကို ဖြန့်ဝေချင်သည်။ မေးစေချင်သည်၊ မေးခွန်းများကို ကြိုဆိုသည်။ သူကိုယ်တိုင်လည်း မေးစရာရှိလျှင် ဖြေနိုင်မည့် ဆရာကို ချဉ်းကပ်ပြီး မေးလေ့ရှိသူ။
.
"အခုတော့ အဖေက ဆရာငတ် တပည့်လည်း ငတ်နေတယ်" အဖေက ထိုသို့ ပြောရှာသည်။ လက်ရှိ အဖေ နေထိုင်ရာ အမေရိကန်နိုင်ငံမှာ ဆရာရော တပည့်ပါ ရှားသကိုး။ အရင်ကတော့ အဖေက ရွှေတိဂုံဘုရားအနီးက ရှင်သာမဏေ ဓမ္မာရုံမှာ အဘိဓမ္မာသင်တန်းပေးတာမို့ တပည့်တွေက အများသား။ ခုလို ဆရာငတ် တပည့်ငတ်တဲ့ အရပ်မှာ အဖေ မပျော်မွေ့တာ အမှန်ပင်။

"သမီး အွန်လိုင်းကနေ အဖေ့ဆီမှာ ပဋ္ဌာန်း သင်မယ်" ဟုဆိုတော့ အဖေက ဝမ်းသာရှာသည်။ လွယ်ကူစွာ နားလည်နိုင်မည့် နည်းတွေကို ခုကတည်းက အဖေ ကြိုတင် ပြင်ဆင်နေပြီ။
.
အဖေက ဒေါသကို စက်ဆုပ်သူ။ သည်းခံစိတ်ထားပြီး မေတ္တာတရား ပြည့်ဝသူ။
သည်းခံတာ (ခန္တီ) က ယူတာ၊ မေတ္တာက ပေးတာ ဟု အဖေ ပြောဖူးသည်။

" မေတ္တာပို့တယ်ဆိုတာ သတ္တဝါ အားလုံးအပေါ် ကိုယ့်ရဲ့ မေတ္တာကိုဖြန့်ကျက် ဝေငှတာ၊ ပေးတဲ့ သဘောပေါ့။ ခန္တီကတော့ ကိုယ့်ကို မစင် အညစ်အကြေးနဲ့ ပစ်သမျှ ပေါက်သမျှ အပြုံးမပျက် လက်ခံယူတဲ့သဘော။ မေတ္တာထက် ခန္တီက ပို ခက်ခဲတယ်။ ခန္တီတရားကို လက်ကိုင်ထားရင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်"
.
အဖေ့စကားတွေ အမြဲနာကြားရပေမယ့် လက်တွေ့မကျင့်နိုင်ခဲ့။ မနေ့ညက စိတ်ပူပန်မှုနဲ့ အိပ်မရဖြစ်ပြီး ညသန်းခေါင်လောက် အဖေ့ဆီ ဖုန်းဆက် စကားပြောဖြစ်သေးသည်။ အဖေနှင့်စကားပြောပြီးတော့ စိတ်တွေလည်း အတန်အသင့် အေးချမ်းသွားပါ၏။ ဖုန်းမချခင် အဖေက … "ဒေါသတွေ မာနတွေ ကင်းဝေးပြီး မေတ္တာထားနိုင်ပါစေ သမီးလေး စိတ်အေးချမ်း ပျော်ရွှင်ပါစေ" ဟုဆုပေးတော့ ဒီကနေ့ ကျရောက်မည့် အဖေ့မွေးနေ့အတွက် ပြန်လည် ဆုတောင်းပေးခဲ့သည်။
.
အဖေ အသက်ရှည် ကျန်းမာပြီး ဘာသာ သာသနာ အကျိုးကို ဒီ့ထက်မက သယ်ပိုးနိုင်ပါစေ … ။
.
အဖေ့ အချစ်ဆုံး
သမီးငယ်
***
1.08.15
11:01

Read More...

Tuesday, July 28, 2015

သူ ... သို့မဟုတ် ... ကျမ၏ ခရီးဖော် ...



သူဟာ ကျမရဲ့ အိပ်မက်ထဲက နတ်သားလေးတပါး မဟုတ်ခဲ့ပါ။
ဒါပေမဲ့ သူဟာ လက်တွေ့လောကထဲက ကျမရဲ့ လက်တွဲဖော် တယောက် ဖြစ်ပါသည်။
သူ၏ လက်များက မနူးညံ့လွန်းပါ။
ဒါပေမဲ့ … ကျမကို ထာဝရ လက်တွဲထားဖို့ လုံလောက်စွာ နွေးထွေးခိုင်မာလျက်ရှိပါသည်။

သူ့ပခုံးက ကျမ အားငယ်လျှင် မှီတွယ်ဖို့ …
သူ့လက်မောင်းက ကျမ လိုအပ်လျှင် ခိုတွဲဖို့ …
သူ့ရင်ခွင်က ကျမပင်ပန်းလျှင် နားခိုဖို့ …
သူ့စကား, သူ့အပြုံး, သူ့နှလုံးသားတွေက ကျမကို နှစ်သိမ့်, ကြင်နာ, နားလည်ပေးဖို့ …
ဒီလောက်ဆိုလျှင် လုံလောက်ပါပြီ။
ကျမ လောဘမကြီးချင်ပါ။

သူက ကျမထက်ပို၍ စိတ်သဘောထား ကောင်းသူ … ၊ စိတ်ထားနူးညံ့ သိမ်မွေ့သူ … ၊ နားလည်မှု ပေးစွမ်းနိုင်သူ … ၊ ရိုးဖြောင့်၍ အကောင်းမြင်တတ်သူတဦး ဖြစ်ပြီး ကျမ၏ အမြင်မှားယွင်းမှုများကို ပြန်၍ တည့်မတ်ပေးလေ့ရှိသောသူလည်း ဖြစ်သည်။ ပင်ပန်းစွာ အလုပ်လုပ်ကိုင်၍ ငွေရှာနေရသော သူက အလှူအတန်း၌ ကျမထက်ပိုပြီး ရက်ရောနေပြန်သည်။ တခါတရံ ကျမက လှူသင့် မလှူသင့် ချင့်ချိန်နေဆဲ … သူက လှူလိုက်ပြီးဖြစ်နေ၏။ အလှူဒါနနှင့် ပတ်သက်လျှင် ကျမ အဖေနဲ့ အမေရဲ့ နည်းလမ်းကို သဘောကျသဖြင့် ကျမတို့လည်း ထိုအတိုင်း လိုက်နာမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ အဖေနှင့် အမေက အလှူအတန်း ကိစ္စမှာ တယောက်နှင့်တယောက် မတားကြ မဟန့်ကြ၊ တဦးအလှူကို တဦးက ဝမ်းမြောက်ကြသည်။ ဒါကို သဘောကျခဲ့တာတောင် ကျမက တခါမှာ သူ့ကို ညည်းတားလေး တားသယောင် ပြုမိသေးသည်။ သူကား တခြားနေရာမှာ ချွေတာပြီး ဒါနပြုရန် မည်သည့်အခါမှ မတွန့်ဆုတ်တတ်သူ။

ကံကောင်းစွာပင် ကျမ မကြိုက်သော အဓိက အချက်အလက်များ သူ့မှာမရှိ။ ကျမက ရှေးရိုးစွဲဟုပဲဆိုဆို ငယ်စဉ်ကတည်းက ယောက်ျားလေးတွေ နားပေါက် ဖောက်တာကို မကြိုက်၊ ခန္ဓာကိုယ်၏ မည်သည့်နေရာမှာမဆို တက်တူးထိုးတာကို မကြိုက်၊ လက်သည်းတချောင်းတည်း အရှည်ထားတာကို မကြိုက်၊ ဆံပင်အရောင် နီကြောင်ကြောင်တွေ ဆိုးတာကို မကြိုက်။ ကျမ ကိုယ်တိုင်လည်း အဲဒါတွေ မလုပ်။ ထိုသို့ပြုသူများကို အပြစ်မဆိုလိုသော်လည်း ကျမ၏ အိမ်ထောင်ဘက်သည် ထိုသို့ မပြုလုပ်လျှင် ကောင်းမှာပဲဟု တွေးခဲ့ဖူးသည်။ သူက ထိုအချက်အားလုံးကို မလုပ်သဖြင့် ကျမ သူ့ကို တိတ်တခိုး ကျေးဇူးတင်မိပါသည်။

နောက်တချက်က သူနှင့်ကျမ စာပေရေးရာပဲ ဖြစ်ဖြစ်၊ ဘာသာရေးနှင့် နိုင်ငံရေးရာပဲ ဖြစ်ဖြစ် များသောအားဖြင့် အမြင်ချင်း တူနေသည်မှာလည်း ကံကောင်းသည်ဟု ဆိုရမည်။ ထိုကိစ္စများနှင့် ပတ်သက်၍ ကျမတို့နှစ်ယောက် ငြင်းခုန်နေစရာမလို၊ ကျမနှင့်သူ အကြိုက်ချင်း တူသလို မကြိုက်တာချင်းလည်း တူကြလေသည်။ ဖေ့စ်ဘွတ်ပေါ်က စတေးတပ်တွေ သတင်းတွေကို အတူတူ ရယ်ကြ၊ အတူတူ သဘောကျကြ၊ အတူတူ ဝေဖန်ကြရင်း သူနဲ့ကျမ ပြောစရာတွေ မကုန်နိုင်။ တကယ်တော့ အကြိုက်ချင်း တူသည်ဖြစ်စေ မတူသည်ဖြစ်စေ တယောက်နှင့်တယောက် နားလည်မှု ရှိကြဖို့က အဓိကသာလျှင် ဖြစ်သည်ဟု ထင်ပါသည်။ တူလျှင်တော့ ပိုကောင်းတာပေါ့။

အဖေက ကျမကို သိပ်ချစ်သဖြင့် သူ့ကို အဖေ့အကြောင်း မကြာခဏ ပြောပြကာ ကျမအပေါ် အဖေ ချစ်သလို တသက်လုံး ချစ်နိုင်ပါ့မလား … ဟု လက်မထပ်ခင်က မေးတော့ …
“မေ ဘယ်လောက်ဆိုးဆိုး သည်းခံပါမယ်” … လို့ သနားစဖွယ် သူက ပြောခဲ့သေးသည်။ ကျမကလည်း သူ့ကို အရမ်းမဆိုးသလို သူကလည်း အဖေ ကျမအပေါ် ထားသည့် မေတ္တာလို တင်းပြည့်ကျပ်ပြည့် မထားနိုင်သေးပေမယ့် ကျမကို အနွံအတာခံပြီး ချစ်သည်မှာတော့ သေချာပါသည်။

လေသံမာမာ ပြောလျှင် ကျမက မကြိုက်၊ မင်းနဲ့ငါ ပြောလျှင် ကျမ လက်မခံနိုင်၊ ဝုန်းဒိုင်းတွေဆို ဝေလာဝေး၊ ဒါတွေ သူကလည်း ဘယ်တော့မှ မလုပ်။ အဖေက ကျမကို ခေါင်းလျှော်ပြီးတိုင်း ဆံပင်တွေ ရေသုတ်ပေးနေကျ ဆိုတော့ သူ့ခမျာ ဒရိုင်ယာကြီးဝယ်လာပြီး ခြောက်အောင် လုပ်ပေးရှာပါသည်။ အဖေ့တုန်းက မျက်နှာသုတ်ပုဝါဖြင့်သာ ခြောက်သည်ထိ စိတ်ရှည်ရှည် သုတ်ပေးတာဟူ၍တော့ ကျမ သူ့ကို မပြောရက်ခဲ့ပါ။ နောက်ဆုံးတော့ သူကလည်း ဝန်ခံပါသည်၊ အဖေ့ကို သူ မမီသေး … အများကြီး ကြိုးစားရအုံးမည် … တဲ့။ ကျမလည်း နားလည်ပါသည်၊ အဖေ့မေတ္တာကို မီဖို့တော့ ဘယ်လွယ်မှာလဲ ... ။

အဖေ့ကို မမီပေမဲ့ သူဟာ ကျမကို ခင်ပွန်းသည်လိုသာမက အဖေလို အကိုလိုပါ ချစ်မြတ်နိုးပါသည်။ တခါတခါ သူက အဖေတယောက်က သမီးလေးကို ဂရုစိုက်သလို ဂရုစိုက်ကာ စိတ်ပူပင်တတ်သည်။ တခါတလေတော့လည်း အကိုကြီးတယောက်က ညီမလေးကို ဆုံးမသလို ဆုံးမသြဝါဒတွေ ချွေပြန်သည်။ များသောအားဖြင့်တော့ ချစ်သူတယောက်၏ နွေးထွေး ကြင်နာမှုမျိုးဖြင့် ဖေးမ ပေးစမြဲ … ။

လပိုင်းမျှသာ ရှိသေးသော အိမ်ထောင်သက်တမ်းတလျှောက် အတူနေရချိန်က အလွန်နည်းလွန်းလှသော်လည်း နေ့စဉ် အချိန်အားရှိတိုင်း ကျမတို့ စကားပြောကြသည်။ ထိုသို့ပြောဆိုကြရင်း ကျမရဲ့ ခေါင်းမာမှုတွေ ဂျီကျမှုတွေကို တခါတလေ သူစိတ်ညစ်နိုင်ပြီး ရှည်လျားရစ်ပတ်သော သူ၏ သြဝါဒများကိုလည်း တခါတရံ ကျမက ငြီးငွေ့မိသည်ကို ဝန်ခံပါ၏။ မည်သို့ပင် ဖြစ်စေ … သူနှင့် ကျမတို့နှစ်ယောက်အတွက် အသေးအဖွဲ ပြဿနာလေးတွေက စာဖွဲ့စရာ ဇာချဲ့စရာ မဟုတ်။ ညှိရင်း နှိုင်းရင်း တိုင်ပင်ရင်းဖြင့်၊ ပျော်ရင်း ရွင်ရင်း လွမ်းမောရင်းဖြင့်ပင် နေ့ရက်လေးတွေကို ကျော်ဖြတ်ခဲ့ကြသည်။

ဒီနေ့ သည် သူ၏ မွေးနေ့ ဖြစ်သည်။ သူ့ကို မွေးဖွားပေးခဲ့သော သူ၏မိခင်နှင့် သူ့ကို စောင့်ရှောက် ပျိုးထောင်ပေးခဲ့သော သူ၏ ဖခင်ကို ကျမ ကျေးဇူးတင်ပါသည်။ ကျမအတွက် ခင်ပွန်းကောင်းဖြစ်သော သူသည် သူ့မိဘနှစ်ပါးအတွက် သားကောင်းတယောက် ဖြစ်သလို၊ သူ့အမအတွက် မောင်ကောင်း၊ သူ့ညီအတွက်လည်း အကိုကောင်း တယောက် ဖြစ်ခဲ့ပါသည်။ သူဟာ အားလုံးအတွက် အဖြည့်ခံ တယောက်ဖြစ်ဖို့များ ဆုပန်ခဲ့လေသလားဟု တခါတခါတွေးရင်း သူ့ကို သနားမိသည်။

ကျမကို သည်းခံ ခွင့်လွှတ်မှုများစွာဖြင့် နားလည် ကြင်နာပေးသော သူ့ကို သက်ရှည် ကျန်းမာစွာဖြင့် ဘဝခရီးလမ်းတလျှောက် ကျမနှင့်အတူ လက်တွဲပြီး ဘာသာ, သာသနာ, စာပေ အကျိုး၊ လောက ကောင်းကျိုး သယ်ပိုးထမ်းဆောင် နိုင်ပါစေဟု ဆုတောင်းရင်း ကျမတို့နှစ်ယောက် ဆုံဆည်းရအောင် ဖန်တီးပေးခဲ့သော ကံကြမ္မာကိုလည်း ကျေးဇူးတင်နေမိပါတော့သည်။
***
ချစ်တဲ့ အကို … မင်္ဂလာရှိသော မွေးနေ့ ဖြစ်ပါစေ …

ချစ်တဲ့
မေ
၂၉၊ ၀၇၊ ၁၅
၀၀း၂၁ နာရီ

Read More...

Sunday, July 12, 2015

စင်္ကာပူ၌ ဈေးဝယ်ခြင်း


ပြီးခဲ့တဲ့ … ဧပြီ - မေ နှစ်လတိတိ စင်္ကာပူကျွန်းကလေးမှာ ခိုနားခဲ့စဉ်ကပေါ့။ ကျမတို့ အိမ်နားမှာ North Bridge Market ဆိုတဲ့ wet market လေးတခုရှိပါတယ်။ ရန်ကုန်မှာ ကျမသွားနေကျ ကျောက်မြောင်းဈေးသာသာပါပဲ။ ဒါပေမဲ့ ဈေးအနားမှာ စားသောက်တန်းရှိတယ်။ ဈေးဝယ်မယ့် မနက်ဆို ကျမတို့ နှစ်ယောက် စားသောက်တန်းမှာ အီကြာကွေးနဲ့ လက်ဘက်ရည်နဲ့ ဖြစ်ဖြစ်၊ မတ်ပဲကြော်နဲ့ လက်ဘက်ရည်ဖြစ်ဖြစ် စားပြီးမှ ဈေးဝယ်တယ်။ တခါတလေတော့လည်း နောက်ကျရင် မရနိုင်တော့တဲ့ အသား ငါး ပုဇွန်လိုမျိုးကို အရင်ဝယ်ပြီးမှ မနက်စာ အေးအေးဆေးဆေး စားသောက်ပြီး ဈေးဆက်ဝယ်ကြတယ်။ 


မနက်စာကို အီကြာကွေးတချောင်း ပြား ၇၀၊ လက်ဘက်ရည်တခွက် တကျပ်လောက် ပေးရတာမို့ မြန်မာပြည် ဈေးနဲ့ဆိုရင် ဈေးကြီးတယ် ဆိုနိုင်ပေမဲ့ သူ့နိုင်ငံရဲ့ ဝင်ငွေအနေအထားနဲ့ ဆိုရင်တော့ ဈေးကြီးတယ် မဆိုသာပါဘူး။ ဝင်ငွေမရှိတဲ့ ကိုယ့်မှာသာ စားရတာ မြိုမကျတာ။ ထားပါတော့ … ။ အဲဒီဈေးကလေးကို တပတ်တခါ သို့မဟုတ်  နှစ်ခါလောက် ရောက်ဖြစ်ပါတယ်။ ဝက်သား၊ ကြက်သား၊ ငါး၊ ပုဇွန် လတ်လတ်ဆတ်ဆတ် ရတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ဘုရားပန်း၊ ကုန်ခြောက် စသဖြင့် လိုအပ်တာ အကုန်နီးပါး ရနိုင်တဲ့ ဈေးလေးပါ။ ဈေးသည်တွေကတော့ စလုံးတရုတ်လူမျိုးတွေ များပါတယ်။ 

ငါး ပုစွန် ရောင်းတဲ့ တရုတ်ကြီးဆိုရင် marketing အတော်ကောင်းတယ်။ တရက် အကိုနဲ့ ကျမတို့ ဈေးသွားဝယ်တဲ့ နေ့က သင်္ကြန်မတိုင်မီ တရက်အလိုမို့ သူက နက်ဖြန် နင်တို့လာရင် ငါ ရေလောင်းမယ်လို့ ပြောတယ်။ ကျမတို့ပုံစံ ကြည့်ပြီး မြန်မာမှန်း တန်းသိတာပဲ။ ချစ်တယ် ချစ်တယ် I love you ဆိုပြီး အမြဲနောက်တယ်။ သူက မြန်မာစကားလည်း အတော်အသင့် သိနေပါတယ်။ သူ့ဆိုင်မှာ ပုစွန်တွေ လတ်လို့ အမြဲဝယ်ဖြစ်တယ်။ ဈေးဝယ်သူ ဘယ်သူနဲ့မဆို ရယ်ရယ်မောမောနဲ့ ပြောဆို ရောင်းလေ့ရှိတဲ့အပြင် ဈေးဆစ်လို့လည်း ရတော့ သူ့ဆိုင်မှာ တန်းစီဝယ်ရတယ်။ ကြက်ဥဆိုင်က အန်ကယ်ကြီးကတော့ မြန်မာလို ကြက်ဥလို့ ကောင်းကောင်း ပြောတတ်တယ်။ ဆေးဘဲဥ နဲ့ ဆားဘဲဥကို သိပ်မကွဲလို့ ကျမက ပြန်သင်ပေးခဲ့ရသေးတယ်။ 

အရှေ့ဘက်တန်းမှာ ဟင်းသီးဟင်းရွက် ရောင်းတဲ့ တရုတ်အဘွားကြီးကတော့ တရုတ်လိုပဲ ပြောတတ်ရှာတယ်။ one two three တောင် အင်္ဂလိပ်လို မပြောတတ်တော့ သူ့ဆီမှာ ဝယ်ရင် သူက လက်ချောင်းလေးတွေ ထောင်ပြပြီး ကျသင့်ငွေကို ပြောရတယ်။ အလယ်တန်းက အရွယ်ခပ်လတ်လတ် တရုတ်မလေးကတော့ ဘောင်းဘီတိုလေးဝတ်ပြီး သွက်သွက်လက်လက် နဲ့ ရောင်းလေ့ရှိတယ်။ သူကတော့ အင်္ဂလိပ်လို ပြောဆိုဆက်ဆံ နိုင်ပါတယ်။ အဘွားကြီးဆိုင်က ဈေးချိုပေမဲ့ တရုတ်လို ကိုယ်ကမတတ်တော့ ဘောင်းဘီတို မလေးဆိုင်မှာ ဝယ်ဖြစ်တာ များတယ်။ သူက နှုတ်စရွှင်ရွှင် အပြုံးစလွင်လွင်နဲ့ဆိုတော့ သူ့ဆိုင်က လူစည်တယ်။

တရက်တော့ လိုအပ်တဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ပြီးမှ စပါးလင်နဲ့ နံနံပင် ကျန်သေးတာ သတိရပြီး အဲဒီဆိုင် ပြန်လှည့်ပါတယ်။ အကိုကတော့ ခပ်လှမ်းလှမ်း ရောက်နေပြီ။ ဖြစ်ချင်တော့ စပါးလင်ထားတဲ့နေရာက ဟိုးအပေါ်ဘက်မှာမို့ မမီဘူး။ ဒါနဲ့ ဘောင်းဘီတို တရုတ်မလေးကို ကျမက ... 

“Can I have lemon grass and coriander leaves, please?” လို့ ပြောတော့ သူက ကျမကို သေချာကြည့်ပြီး တလုံးထဲ ဖြေတယ်။

“NO!”

ဟင် …

ကျမစိတ်ထဲကလည်း တလုံးထဲ ပြန်ရွတ်မိတယ်။ စပါးလင်လည်း မြင်နေပါရက်နဲ့ သူက အဲဒီလို ဖြေတော့ ဟောဟိုမှာလေ လမ်မန်ဂရက်စ် ဆိုတာ လို့ စောဒက ထပ်မတက်ဖြစ်တော့ဘူး။ သူမသိလို့ပဲ နေမှာပါလို့တွေးပြီး ပြောရမှာ အားနာတာနဲ့ ဆက်ထွက်ခဲ့တယ်။ အကိုက “မေဘာလိုချင်လို့လဲ … မရခဲ့ဘူးလား” ဆိုတော့မှ “အကိုရေ စပါးလင်နဲ့ နံနံပင်ပါ။ သူ့ဆိုင်မှာတော့ ရှိတယ်၊ ဒါပေမဲ့ တခြားဆိုင်မှာပဲ ဝယ်ကြရအောင် တရုတ်မလေးကို အားနာလို့” … လို့ ပြောတော့ အကိုက ရယ်ပါတယ်။ နောက်တဆိုင်ရောက်တော့ အကိုက စပါးလင်နဲ့ နံနံပင်ကို လက်ညှိုးထိုးပြီး …

“This one and this one” လို့ ပြောပြီး လွယ်လွယ်ကူကူပဲ ဝယ်ခဲ့လိုက်တယ်။
အင်း သူဟာနဲ့သူတော့ ဟုတ်နေသားပဲ။ 
***
တကယ်တမ်း ကျမကလည်း အင်္ဂလိပ်လို သိပ်တတ်လှလို့ရယ်တော့ မဟုတ်ပါဘူး။ ဘိလပ်မှာ ၅ နှစ်တိတိ ဦးရီးတော်ရဲ့ ထရိန်နင်ဆင်းလာတဲ့ သူမို့ ဈေးဝယ်ရင် အဲဒီလိုတွေ အလိုလို ပြောဖြစ်နေခဲ့တာပါ။ ဘိလပ်ရောက်ခါစ ဈေးသွားကြတော့ ဈေးဝယ်တဲ့ ကျောပိုးအိတ်ကလေး ကျောမှာပိုးပြီး ဦးရီးတော်နောက်က လိုက်ရတာပေါ့။ ဦးရီးတော်က တဆိုင် နှစ်ဆိုင် ဝယ်ပြတယ်၊ အသုံးအနှုန်းတွေ ပြောပြတယ်။ ပေါင်စေ့၊ ပြားစေ့၊ ပဲနိစေ့ စတဲ့ ငွေအကြွေအစေ့တွေ ပေးပြီး မှတ်မိအောင် ကြည့်ခိုင်းတယ်။ နောက်ဆိုင်တွေကျတော့ ကျမတယောက်ထဲ ဝယ်ခိုင်းပြီး သူက ခပ်လှမ်းလှမ်းက ကြည့်နေတယ်။ ဈေးဝယ်တဲ့အခါ ယဉ်ကျေးတဲ့ စကားလုံး သုံးနှုန်းတတ်ဖို့၊ please ထည့်ပြောဖို့၊ thank you ပြောတာ မပျင်းဖို့ မသိမသာရော သိသိသာသာပါ သင်ပေးခဲ့ပါတယ်။

အင်္ဂလန်မှာ ဈေးဝယ်သူတိုင်း အဲဒီလိုတွေ ပြောနေကြတာတော့ မဟုတ်ပါဘူး။ တချို့လည်း this one, that one နဲ့ ဝယ်နေကြတာပါပဲ။ ကျမကတော့ ဦးရီးတော်ကို ကြောက်ကြောက်နဲ့ သူနဲ့ နေခဲ့စဉ်တလျှောက်လုံး အဲဒီလို ပြောဆို ဝယ်ခြမ်းလာခဲ့တော့ စင်္ကာပူလို အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်လဲရောက်ရော တတ်သည့်ပညာ မနေသာဆိုသလို အဲဒီလိုတွေ သုံးနှုန်းနေမိတာပါ။


တခါတော့ အိမ်နားက Golden Mile Complex ဆိုတဲ့ ထိုင်းဈေးထဲက city mart လို ဆိုင်မှာ ငါးသွားဝယ်ကြပြန်ပါတယ်။ Golden Mile ကတော့ ခုနက wet market ထက်စာရင် အဆင့်မြင့်တယ် ဆိုရမှာပေါ့။ ငါးအရောင်းကောင်တာက ကောင်လေးကို အရွယ်အသင့်အတင့် ငါးတကောင် ချိန်ခိုင်းပြီး အကြေးထိုးခိုင်း ခုတ်ခိုင်းဖို့ ကျမက ခုလို ပြောလိုက်မိပြန်တယ်။ နေးတစ်စပီကာ သံတော့ မဟုတ်ဖူးပေါ့။ မြန်မာပီပီ ငပိသံ ခပ်လေးလေးနဲ့ တလုံးချင်းပြောလိုက်တယ်။

“Could you please scales off and cut it for me?”

ငင် … သူက ကျမကို ခပ်စိန်းစိန်းကြီး ပြန်ကြည့်တယ်။ ဒီတခါတော့ အကိုက အနားမှာရှိနေတာမို့ … …

“မေ အသာနေ ကို ပြောမယ်” ဆိုပြီး ...

Ah .. this one … cut and clean … ok?

Ok Ok

ဆိုပြီးတော့မှ ငါးကို အကြေးထိုးပြီး ခုတ်ပေးပါတော့တယ်။ နောက်ပိုင်းတော့ ဈေးဝယ်တဲ့အခါတိုင်း ကျမလည်း လူတတ်ကြီးလုပ်ပြီး ဘာဘာညာညာ ပြောဆို မဝယ်မခြမ်းတော့ဘဲ အကို့နောက်က ခပ်ကုပ်ကုပ်သာ လိုက်ခဲ့ရပါတော့တယ်။
***
မေဓာဝီ
၁၂၊ ဇူလိုင်၊ ၂၀၁၅
၁၇း၂၉ နာရီ

~ စင်္ကာပူ ဈေးဝယ်နေ့များ အမှတ်တရ ~

Read More...

Tuesday, July 07, 2015

ချောင်းကျိုး ရွာ ခရီး ...

ဒီခရီးစဉ်လေးကို သွားဖြစ်ခဲ့တာကတော့ ဖေ့စ်ဘွတ်မှာ မမြသွေးနီ တင်ထားတဲ့ ပို့စ်လေးကို ဖတ်မိလို့ပါပဲ။ ရင်ငြိမ်းမေတ္တာ ပရဟိတ အဖွဲ့က တိုက်ကြီးမြို့နယ်က ချောင်းကျိုးရွာက ဘုန်းကြီးကျောင်းကလေးကို သွားရောက်လှူဒါန်းမယ် ဆိုတဲ့ အကြောင်း ဖတ်ရလို့ လိုက်သွားချင်တာနဲ့ မမြသွေးကို ဆက်သွယ်ပြီး လိုက်ပါခွင့်တောင်းခဲ့ပါတယ်။

သွားမယ့်နေ့က … ၅ ဇူလိုင် ၂၀၁၅

ကျမတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့။ မင်္ဂလာ ၄ လ ပြည့်တဲ့နေ့။
***

အဲဒီနေ့က တနင်္ဂနွေနေ့မို့ အရုဏ်တန်းဆွမ်း လောင်းပြီးတာနဲ့ ရေမိုးချိုးအဝတ်လဲပြီး ကိုညိုရင့် မမြသွေးနီ တို့နဲ့ ချိန်းထားတဲ့ ၃၇ လမ်းကို အငှားကားလေးနဲ့သွားခဲ့တယ်။ ကိုညိုရင့်နဲ့ မမြသွေးတို့က ရင်ငြိမ်းမေတ္တာ ပရဟိတအဖွဲ့ဝင်တွေ ဖြစ်ပြီး ပရဟိတ လုပ်ငန်းတွေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေကြသူတွေပါ။
ကားငှားဖို့ အိမ်ကထွက်လိုက်ရင်ပဲ သည်းထန်နေတဲ့ မိုးက ကြိုဆိုပါတယ်။ မိုးသည်းသည်းမှာ ထီးလေးတချောင်းနဲ့ ရရာကားကို လက်တားစီးပြီး ဆုံရပ်ဆီ ၇ နာရီ သာသာမှာ ရောက်ခဲ့တယ်။ ဟိုရောက်တော့ မမြသွေးတို့က ရောက်နှင့်နေပါပြီ။ မုန့်ဟင်းခါးဆိုင်လေးမှာ မိုးခိုရင်း မမြသွေးဝယ်ကျွေးတဲ့ မုန့်ဟင်းခါးပူပူလေးနဲ့ ရေနွေးကြမ်းလေး သောက်လို့ မိုးသည်းနံနက်ခင်းက နွေးထွေးခဲ့ရတယ်။


လိုက်မယ့် လူအားလုံး စုံအောင်စောင့်၊ ပစ္စည်းတွေကားပေါ်တင်ပြီး ၇ နာရီခွဲ ကျော်ကျော်မှာ စထွက်ခဲ့ကြပါတယ်။ တလမ်းလုံးမိုးက ခပ်စွေစွေ ရွာနေခဲ့တယ်။ ပြည်လမ်း မာလာဆောင်ရှေ့မှာ သူသူ (ရွှေအိမ်စည်မေ) ကို ဝင်ခေါ်ပြီး ရှေ့ဆက်သွားကြတယ်။


မှော်ဘီလောက် ရောက်တော့ မိုးမရွာတော့ပါဘူး။ မိုးမရွာပေမဲ့ ပတ်ဝန်းကျင်က စိမ်းစိမ်းစိုစို။ လယ်ကွင်းတွေ စိုက်ခင်းတွေကို ဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့ လေကိုရှူရှိုက်ရင်း မွန်းကျပ်တဲ့ မြို့ပြကို ကျောခိုင်းပြီး အရိုင်းဆန်တဲ့ ကျေးလက်ဆီ ဦးတည်ခဲ့ကြတယ်။


ကျမတို့သွားမယ့်နေရာက တိုက်ကြီးမြို့နယ်၊ မိုင်တိုင်အမှတ် ၄၅ အလွန် ဘယ်ဘက်အခြမ်း လမ်းဆုံမှာရှိတဲ့ တာခွ သရက်ချောင်းလမ်းကိုဝင်ပြီး ချောင်းကျိုးကျေးရွာဆိုတဲ့ ဆိုင်းဘုတ်လေးရှိရာ မြေနီလမ်းလေးထဲက အာစိဏ္ဏသိရီ ပရဟိတ‬ဓမ္မရိပ်သာပါ။ ကျောင်းကလေးကို စတင်ခဲ့တာ ၄ လလောက်ပဲ ရှိပါသေးတယ်။ ထိုင်းနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာ နေထိုင်ပြီး နွမ်းပါးချို့တဲ့ ပညာမသင်နိုင်တဲ့ ကလေးငယ်တွေကို ခေါ်ယူစောင့်ရှောက် ပညာသင်ပေးရာ နေရာကလေး ဖြစပါတယ်။

ကျောင်းကို ရောက်တော့  မြတ်စွာဘုရားဆင်းတုတော်ကို ဦးချပြီး ဝါးကြမ်းခင်း ထရံကာ ကျောင်းကလေးကို လှည့်ပတ်ကြည့်ရှုပါတယ်။ ကျောင်းကလေးဟာ အခုမှ ထူထောင်ခါစမို့ အဖက်ဖက်က လိုအပ်နေပါတယ်။ ကျောင်းလေးဟာ ရေဝင်နေတဲ့ လယ်ကွင်းပေါ်မှာ တည်ဆောက်ထားပြီး ခင်းထားတဲ့ အခင်းဝါးကြမ်းကလေးဟာ ကျိုးတိုးကျဲတဲ၊ အကာကလဲ ဓနိလား သက်ကယ်လား အဲဒီလိုမျိုးကို ကာထားရပြီး အမိုးကတော့ သွပ်မိုးထားတာကို တွေ့ရပါတယ်။


ကိုရင်လေးတွေရဲ့ သံသေတ္တာလေးတွေက အစီအရီ၊ ဆရာတော် ပြောစကားအရ ဒီနေရာမှာပဲ အိပ်၊ ဒီနေရာမှာပဲ စား၊ ဒီနေရာမှာပဲ စာသင်ရတယ်လို့ သိခဲ့ရပါတယ်။ ဒီအခင်း ဒီအကာလေးတွေကို ကြည့်ပြီး ညဆိုရင် အေးနေကြမလား၊ မိုးရွာရင် မိုးပက်နေမလားလို့ တွေးပူမိပါသေးတယ်။


ကျောင်းလေး အတွက် ရင်ငြိမ်းမေတ္တာ ပရဟိတ အဖွဲ့သားတွေက လိုအပ်တဲ့ ဆန်, ဆီ, ငရုတ်, ကြက်သွန်, အာလူး, ငါးခြောက်, မုန့်, စာရေးကိရိယာ, အဝတ်အထည်, ရေပုံး, အမှိုက်ပုံး, ဆေးဝါးနဲ့ ဝတ္ထု ငွေကြေးတွေကို သွားရောက် လှူဒါန်းကြတာပါ။ ကျမလည်းပဲ တတ်နိုင်သလောက် ငွေအားနဲ့ လုပ်အား ဒါနလေးတွေ ပြုခဲ့ပါတယ်။

ကျောင်းကို လှည့်ပတ်ကြည့်တုန်းချိတ်ထားတဲ့ ကြေးစည်ကြီးကို သဘောကျလို့ ဓာတ်ပုံရိုက် ယူလာခဲ့ပါတယ်။ ကြေးစည်ကြီးမှာ  ပဋ္ဌာန်း ၂၄ ပစ္စည်း ရေးထိုးတာတာ တွေ့ရတယ်။


ကျမတို့ ရောက်နေစဉ်မှာပဲ နောက်ထပ် ပရဟိတ အဖွဲ့တခု ရောက်လာပြီး အလူမီနီယမ်ဘီရို, သင်ထောက်ကူ ပစ္စည်းအချို့, ဆန်အိတ်နဲ့ အခြား အစားအသောက်တွေ လာလှူဒါန်းကြပါတယ်။ အဲဒီလို မြင်ရတာ အလွန်ကြည်နူးစရာ ကောင်းပါတယ်။ ရေများရာ ရွာတဲ့မိုး မဟုတ်ဘဲ ရေရှားရာ ရွာတဲ့မိုးမို့ မိုးရေစက် တစက်ချင်းစီဟာ အသုံးဝင် အကျိုးရှိနေတယ် မဟုတ်လား။


ရောက်လာသူတွေကိုလဲ ဆရာတော်တို့ဘက်က ဧည့်ဝတ် ကျေပွန်လှပါတယ်။ အသင့် တည်ခင်းထားတဲ့ ရေနွေးကြမ်းနဲ့ လက်ဖက်ပွဲကတော့ အထူး စွဲမက်စရာပဲပေါ့။ ဆီတွေ အိနေအောင် စိမ်ထားတဲ့ လက်ဖက်နဲ့ အကြော်စုံ အုပ်ကလေးတွေ၊ ရေနွေးကြမ်းပူပူလေးတွေက သန့်သန့်ရှင်းရှင်း စားချင့်စဖွယ်မို့ ကျမနဲ့သူသူတို့ နှစ်ယောက်သား လက်ဖက်ပွဲနားမှာ နေရာယူထားကြတာပေါ့။


နေ့လည် ၁၁ နာရီ ခွဲခန့်မှာ သံဃာတော်တပါးက ဆွမ်းစား ခေါင်းလောင်းခေါက်ပါတယ်။ တဖက်က တဲဆောင်လေးတွေကနေ ကိုရင်လေးတွေ ကျောင်းသားလေးတွေ စီတန်းပြီး ဆွမ်းစားဖို့ လာကြပါတယ်။ ဖိနပ်ချွတ်နေရာမှာ ဖိနပ်လေးတွေ သေသေသပ်သပ် စီတန်းပြီး ချွတ်ထားတာကို မြင်ရတော့ မြို့ပြ နိုင်ငံတကာ သင်တန်းကျောင်းတွေက ကလေးတွေကို ခေါ်ပြချင်မိတယ်။


ထုံးစံအတိုင်း ဆွမ်းမစားခင် ပစ္စဝေက္ခဏာ ဆင်ခြင်ကြရပါတယ်။ “ဤသည့် စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မစားပါဘူး ...” စသဖြင့် အားလုံး သံပြိုင်ညီညာ ရွတ်ဆိုနေကြတာ ကြည်နူးစရာ။ ကျမလည်းပဲ တိတ်တိတ်ကလေး လိုက်ဆိုနေမိတယ်။


ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး အလှူရှင်တွေကို မေတ္တာပို့ကြရပါတယ်။ ဒါမှလည်း သူတို့စားတဲ့ ဆွမ်းတနပ်၊ ထမင်းတနပ်ဟာ အလဟဿ မဖြစ်မှာ မဟုတ်လား။ တကယ်ကောင်းတဲ့ စနစ်ပါ။ စားသောက်တော့လဲ ငြိမ်ငြိမ်သက်သက် အိနြေ္ဒရရ စားကြသောက်ကြပါတယ်။ အသက်အရွယ်အရ အလွန်ငယ်သေးတဲ့ ကလေးတွေပေမယ့် ဘဝပေးအခြေအနေအရ ကလေးမဆန်နိုင်တော့ဘဲ တည်ငြိမ်ရင့်ကျက် နေကြရပုံပါ။


သံဃာတော်တွေလည်း အရှေ့ဝိုင်းမှာ တပြိုင်တည်း ဆွမ်းဘုဉ်းပေးကြပါတယ်။ ကျမလည်း အဖွဲ့သားတွေနဲ့အတူ ဆရာတော်ရဲ့ဝိုင်းကို ပါဝင် ဆွမ်းကပ်ခွင့်ရခဲ့လို့ ပီတိဖြစ်မိပါတယ်။ အားလုံးနဲ့အတူ ကုသိုလ်ရေစက် ဆုံကြအုံးမှာပေါ့။

အားလုံးစားပြီးတဲ့အခါ ကျမတို့ စားကြပါတယ်။ ပါလာတဲ့ ဒန်ပေါက်တွေရယ်၊ ကျောင်းက ချက်ထားတဲ့ ကြာဆံကြော်ရယ်၊ ဂေါ်ဖီချဉ်၊ ငံပြာရည်နဲ့ ပုဇွန်ခြောက်ကြော်ရယ် ... ဝါးကြမ်းခင်းပေါ်မှာ အားရပါးရ ထိုင်စားကြရင်း စားလို့မြိန်တဲ့ နေ့လည်စာတနပ် ဖြစ်ခဲ့ရပါတယ်။


စားသောက်ပြီးတဲ့နောက် ရင်ငြိမ်းမေတ္တာအဖွဲ့ကို ကူညီအားဖြည့်ပေးတဲ့ Youth Doctor လူငယ် ဆရာဝန်အဖွဲ့က ကိုရင်တွေ ကျောင်းသားတွေ ဦးဇင်းတွေရဲ့ ကျန်းမာရေးကို စစ်ဆေးပြီး အားဆေး သံချဆေးအပါအဝင်လိုအပ်တဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့ကြတယ်။ သူတို့ကို ပေါင်ချိန် အရပ်တိုင်း နာမည် အသက် စာရင်းမှတ်တဲ့ နေရာမှာ ကျမလည်း ဝိုင်းပြီး ကူညီ ပေးခဲ့ပါသေးတယ်။ 


အများစုက ကရင်တိုင်းရင်းသားလေးတွေမို့ မြန်မာလို ရေလည်အောင် မပြောတတ်ကြပါဘူး။ ကိုရင့်ဘွဲ့နာမည်မေးလို့ ပြောလဲ နားမလည်၊ အသက်မေးလဲ နားမလည် ဖြစ်နေတာမို့ နောက်ဆုံး ကရင်လိုရော မြန်မာလိုပါ ရေလည်အောင် ပြောနိုင်တဲ့ စကားပြန်ကောင်လေး တယောက် အနားခေါ်ထားရတယ်။ တချို့ကလည်း ပေါင်ချိန်စက်ကို ပြောင်းပြန်တက်လိုတက်၊ တချို့ကလည်း တက်ရမှာ ကြောက်လိုကြောက်၊ တချို့ကတော့ နင်းတယ်ဆိုရုံလေး ဖြတ်နင်းသွားလိုသွား လုပ်နေကြတဲ့ သူတို့ကို ကြည့်ပြီး ကျမတို့မှာ သနားလည်း သနား၊ ရယ်လည်း ရယ်မိတယ်။

ဆရာတော်ကို ဝါဆိုသင်္ကန်းကပ်၊  ရေစက်ချ တရားနာပြီး ၃၁ ဘုံသားအားလုံးကို အမျှဝေခဲ့တယ်။ ကြုံတောင့် ကြုံခဲ ကုသိုလ်ပါဝင်ခွင့်ရခဲ့တာမို့ ကျမအတွက်တော့ ဒီကနေ့ဟာ ပျော်စရာ ကြည်နူးစရာ ကောင်းတဲ့ မမေ့နိုင်တဲ့ နေ့တနေ့ပါပဲ။



မပြန်ခင်မှာ ခဏတဖြုတ်နားပြီး အမှတ်တရ အုပ်စုဓာတ်ပုံရိုက်ကြတယ်။ အားလုံးရဲ့ စိတ်နှလုံးမှာ ကုသိုလ်တွေ ကိန်းအောင်းနေတာမို့ မျက်နှာမှာလဲ အပြုံးတွေ ကိုယ်စီနဲ့ ... ။ 



ပြန်တော့မှာမို့ တဖက်က ကျောင်းဆောင်လေးတွေကို ဓာတ်ပုံရိုက်ခဲ့တယ်။ ကြည့်ပါအုံးလေ ... ဒီကျောင်းဆောင်ကလေးတွေမှာ ... သံဃာနဲ့ ကိုရင် စုစုပေါင်း ၅၅ ပါး၊ ကျောင်းသား ၃၂ ယောက် မှီခိုနေထိုင် နေကြရတယ်။ မိုးရွာရွာ နေပူပူ ငြူစူလို့လည်း မရ ... ။ မိုးရွာတော့ ရွှံ့ထူ၊ နေပူရင် ဖုန်ထ ဒီလိုဘဝမှာ နေနေကြရသူတွေ ... ။


သောက်သုံးရေနဂိုက မရှိသေးဘူး။ အခုမှ ဒီရေတွင်းလေး ပြီးလို့ အဆင်ပြေသွားတယ်လို့ ဆိုပါတယ်။  အစစအရာရာ လိုအပ်ချက်တွေနဲ့ အခက်အခဲကြားက ရုန်းကန် တည်ဆောက်ထားတဲ့ ကျောင်းငယ်ကလေးရှေ့မှာတော့ သာသနာ့အလံ တလူလူလွင့်လို့ ... ။


ရေစပ်စပ် လယ်ကွက်ထဲက ကျောင်းငယ်လေးကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။ အပြန်လမ်းမှာတော့ ရာသီဥတုက သာသာယာယာ၊ အားလုံးကလည်း ကုသိုလ်ပီတိတွေနဲ့ ပျော်ပျော်ရွှင်ရွှင်၊ နောက်တခေါက် သွားမယ့်နေရာကို ခုကတည်းက တိုင်တိုင်ပင်ပင်။ သြော် ... ပရဟိတစိတ်ဓာတ်ဆိုတာ ငွေကြေးပြည့်စုံတိုင်းလည်း မရှိနိုင်ပါလားလို့ တွေးရင်းနဲ့ ဒီကနေ့ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်လေးကို အထပ်ထပ် ဆင်ခြင်ရင်း ကြည်နူးပီတိတွေနဲ့ ကျမ အိမ်ပြန်ခဲ့ပါတယ်။
***
မေဓာဝီ
၇ ၊ ဇူလိုင် ၊ ၂၀၁၅
၁၃း၄၅ နာရီ

Read More...