Tuesday, July 24, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၇)

သို့
ကိုပြူးကျယ် …
ဒီကနေ့ ဗုဒ္ဓဟူးနေ့မဟုတ်ပေမဲ့ ပေးစာကို ရေးလိုက်ရခြင်းကတော့ … အကြောင်းရှိ ပါတယ်။ မနေ့က (ဇူလိုင် ၂၃ ဟာ) သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တာ (၄၃) နှစ် ရှိပြီ ဖြစ်တဲ့နေ့ဆိုတာ ကျမ တကယ်ကို မသိခဲ့ပါဘူး။ ဆရာမ မေငြိမ်းရဲ့ ဘလော့မှာ တွေ့တော့မှ ကျမ သိလိုက်ရပါတယ်။ သိလိုက်ရတဲ့ အချိန်မှာ ရေးဖို့ အချိန်မရှိ သလို သခင်ကိုယ်တော်မှိုင်းရဲ့ စာအုပ်တွေပြန်ရှာဖို့လည်း အချိန်မရတော့ပါဘူး။ ဒါကြောင့် ဒီကနေ့မှ တင်ဖို့ ဆုံးဖြတ်လိုက်ပြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးတပုဒ် လောက် ပြန်ရှာဦးမှလို့စိတ်ကူးကာ အနီးအပါးစာအုပ်စင်က စာအုပ်တွေ ဟိုရှာဒီရှာ ရှာမိပါတယ်။

ဒီလိုရှာရင်းနဲ့ ကျမအမြဲတင်နေကျ ကိုပြူးကျယ်ပေးစာအတွက် ကိုးကားလေ့ရှိတဲ့ ကဗျာ့စွယ်စုံကျမ်းကြီးထဲမှာ သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးတပုဒ် ရှိတယ်ဆိုတာ ကို သတိရလိုက်မိတာပါ။ ဒါနဲ့ လေးချိုးအခန်းကို ပြန်လှန်တော့ ဘွိုင်းကောက် ဋီကာထဲက လေးချိုးတပုဒ်ကို သွားတွေ့တယ်။ အဲဒီလေးချိုးက ရှေ့ပိုင်းပေးစာတွေရဲ့ လေးချိုးအခန်းမှာ ဖော်ပြခဲ့ပြီးပါပြီ။ “ဒီနေရာမှာ” ဖတ်နိုင်ပါတယ်။ ဒီစာအုပ်အတွက် အမှာစာလည်း ရေးပေးခဲ့ တယ်ဆိုတာ အမှတ်ရပြီး ရှေ့ဆုံးစာမျက်နှာ ဖွင့်လိုက်တော့ ဒီကဗျာ့စွယ်စုံ ကျမ်း ကြီးကို ပြုစုသူ ဓမ္မာစရိယ ဦးထွန်းရွှေအတွက် သခင်ကိုယ်တော်မှိုင်းရဲ့ သ၀ဏ်လွှာ ဆိုတဲ့ စာတပုဒ် သွားတွေ့ပါတယ်။ ဒီသ၀ဏ်လွှာဟာ ကဗျာ့စွယ်စုံကျမ်းအတွက် ရေးသားခြင်းမျှသာဆိုသော်လည်း ဒီစာထဲမှာ သမိုင်းတွေပါနေပါတယ်။

ဒါကြောင့် ဒီတပတ် ကိုပြူးကျယ်သို့ ပေးစာ အစီအစဉ်မှာ ကဗျာရေးဖွဲ့နည်းကို ခဏ ရပ်ပြီး ဆရာကြီး (အဖိုး) သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့နေ့ကို ရည်စူးလို့ အဖိုးရဲ့သ၀ဏ်လွှာတပုဒ်နဲ့ အမှတ်တရ ဂါရ၀ပြုတင်ဆက်လိုက်ပါတယ်။
***
ဓမ္မာစရိ-ဦးထွန်းရွှေသို့
သခင်ကိုယ်တော်မှိုင်း၏ သ၀ဏ်လွှာ

အို … နန္ဒမာလိနီခေါ် ကဗျာစွယ်စုံကျမ်းပြုဆရာ ဓမ္မာစရိ ဦးထွန်းရွှေ …
အတီတေကာလ ရှေးမဆွအခါ “မြန်မာအစ-တကောင်းက” ဟူသည်နှင့်အညီ ဤမည် ထိုမည်သော သကျသာကီဝင် ဘုရင်မင်းမျိုး သတိုးဓမ္မ သတ္တိဓရတို့ မဆွတည်ဟောင်း တကောင်းပြည်ကြီးမှ စကာ
(၁) သရေခေတ္တရာပြည်၌ မင်းပေါင်း ၂၅-ဆက်၊
(၂) အရိမဒ္ဒန မည်သော ပုဂံပြည်တွင် မင်းပေါင်း ၅၅-ဆက်၊
(၃) ၀ိဇယပူရ မည်သော ပင်းယပြည်တွင် မင်းပေါင်း ၆-ဆက်၊
(၄) ဇေယာပူရ မည်သော စကိုင်းပြည်၌ မင်းပေါင်း ၇-ဆက်၊
(၅) ရတနာပူရ မည်သော အင်းဝပြည် အတွင်းဝယ် မင်းပေါင်း ၃-ကျိပ်၊
(၆) ရတနာသိင်္ဃ ပြည်မျာ့တန်ဆောင် ရန်ကြီးအောင်ခဲ့သော ကုန်းဘောင်မင်း ၁၁-ဆက်တို့အတွင်း “အင်း-အာ-ရိုက်-အော်-ဘကြီးတော်” တည်းဟူသော သကရာဇ် ၁၁၈၁-ခုနှစ်အတွင်း မင်းအဖြစ်သို့ ရောက်တော်မူခဲ့သည့် ဘကြီးတော်မင်းတရား လက်ထက် အင်္ဂလိပ်နယ်ချဲ့သမားတို့ စော်ကားရန်စ၍ ပဌမအကြိမ် စစ်မက်ဖြစ်ပွား ခဲ့ရာ မြန်မာတို့က အရေးရှုံးနိမ့်သဖြင့် မဏိပူရပြည် အာသံပြည် ရခိုင်ပြည် တနင်္သာရီပြည်များကို ကုလားမျိုး ၆၀-အ၀င် အကြင်သို့သော အင်္ဂလိပ်တို့ လက်တွင်းသို့ အပ်နှင်းခဲ့ရလေသည်။

ဤမှတမျိုး “အ-ကျိုး-နဲ-ရန်၊ မင်းပုဂံ” ဟူသော ရာဇ၀င် နိယံအရ သကရာဇ် ၁၂၀၈-ခုနှစ်အတွင်း နန်းတက်တော်မူပြန်သော ပုဂံမင်းသည် အင်္ဂလိပ်မင်းတို့နှင့် စစ်ခင်းတိုက်ခိုက် ပြန်ရာမှာလည်း မြန်မာတို့ကပင် အရေးရှုံးနိမ့်လေသဖြင့် ကေတုမတီမည်သော တောင်ငူပြည် သရေခေတ္တရာပြည်၏ တစိတ်တဒေသ ဖြစ်သော တောကျောင်း သရက်မြို့အထိ အင်္ဂလိပ်တို့လက်တွင်းသို့ အပ်နှင်းလိုက်ရ ကြောင်း။

၎င်း နောက် တကြောင်း “အ-င်္ဂ-လိပ်-နှောင်း၊ သီဘောပြောင်း” ဟူသော ရာဇ၀င် နိယံအရ မြန်မာဝေါဟာ ကောဇာသကရာဇ် ၁၂၄၀-ပြည့်တွင် ဘုရင်အဖြစ်သို့ ရောက်တော်မူသော သီဘောမင်းလက်ထက် သကရာဇ် ၁၂၄၇-ခုနှစ်အတွင်း အင်္ဂလိပ်မင်းတို့နှင့် ယင်းသို့သော ဘုံဘိုင်ဘားမား သစ်ခိုးမှုနှင့် ပတ်သက်၍ စစ်မက်ဖြစ်ပွားပြန်ရာ ကျွန်ုပ်တို့ မြန်မာပြည် တပြည်လုံးသည် အသုံးမကျသော (မနုဿတ္တ ဒုလ္လဘ) အဖြစ်သို့ ဆိုက်ရောက်ကြရလေသည်။

ဤသို့သော ကျွန်ခေတ် ကျေးခေတ်၌ နှစ်ပေါင်း တရာကျော်မျှ နေခဲ့ကြရသော ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိ လူမျိုးတို့မှာ “ပုထိုးကောင်းလျက် ညောင်ပင်ဖျက်” ဟူသော အတိုင်း လူရိုင်း လူမသမာ မိစ္ဆာဒိဋ္ဌိတို့လက်အောက်သို့ ကျရောက်ရသော ကံဆိုး ဒမြ သူခိုးတို့ကြောင့် အမျိုးဘာသာ သာသနာမှစ၍ မြန်မာ့ယဉ်ကျေးမှု အနုပညာ တို့နှင့် သက်ဆိုင်ရာ ကဗျာလင်္ကာရေးသားမှုတို့မှာလည်း ဂရုမစိုက်အား တနေ့ တခြား ရွေ့လျား တိမ်ကော ခဲ့ရပေကြောင်း။

သို့သော်လည်း နောက်သောအခါ အဆိုပါ အင်္ဂလိပ်မင်းတို့ လက်ထက်မှာပင် အကြင်သို့သော ယူနီဘာစီတီ ခေါ်ဆိုသည့် တက္ကသိုလ်ကျောင်းကြီး ဖွင့်လှစ်သော ကိစ္စတွင် မြန်မာ့ဗိမာန် ကဗျာ့ဗိမာန် စာပေ ကျမ်းဂန်တို့ကို သင်ကြားပို့ချရန် ပုဂံ ၀န်ထောက်မင်း ဦးတင် စီရင်သည့် “ကဗျာဗန္ဓသာရ” စာအုပ်နှင့် ကျွန်ုပ်တို့ စီရင် သည့် “ကဗျာသာရတ္ထသင်္ဂြိုဟ်” စာအုပ်တို့ကို ထိုအဆိုပါ တက္ကသိုလ်ကျောင်းကြီး တွင် သင်ရိုး သင်တမ်း ပြဋ္ဌာန်းချက် ပြုလိုက်သည့်အတွက် ရှေးကထက်ပင် လင်္ကာ ကဗျာမှု သုခုမဟု ဆိုအပ်သော အနုပညာဟိတ်သည် တဆိတ် တပေါက် တိုးတက်၍ အမျိုးအတွက် ဂုဏ်ယူစရာ ဖြစ်ချေတမုံ့။

ထိုမှတပါးလည်း “တရားကို နတ်စောင့်သည်” “မှန်ကင်းတလှဲ့ ထင်းတလှဲ့” “ရေစီးတခါ ရေသာတလှဲ့” တည်းဟူသော ပေါရာဏ စကားပုံနှင့်အညီ အနှီသို့သော တို့ဗမာပလ္လင်မှ တို့ဗမာသခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော် အပေါင်း သူတော်ကောင်းတို့၏ ဘုန်းတန်ခိုးတေဇော် အာနုဘော် လက်နက်တို့ဖြင့် ဖက်ဆစ်တည်းဟူသော အင်္ဂလိပ်တရန်နှင့် ဂျပန်တို့၏ အစွမ်းရန်ကို တွန်းလှန် ဖြိုဖျက်ပြီး တထီးတနန်း တခမ်းတနား ဖြစ်ပေါ်သည့် မဟာသမယ ခေတ်ကြီး အတွင်း ယင်းသို့သော “နန္ဒမာလိနီ” ခေါ် အဟော်ဝတ ပြောပဖွယ်ရာ “ကဗျာ စွယ်စုံကျမ်း” တစောင် ပြောင်မြောက်လှစွာ ပေါ်ထွက်လာရာ အဆိုပါစာအုပ်ကို ကျွန်ုပ်တို့ ဖတ်ရှုလျက် သတ္တုချလိုက်ရာ အဆိုပါ “ကဗျာဗန္ဓသာရကျမ်း” “ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်း” တို့မှာပင် မပါမရှိသေးသော ရှေးရိုးမြန်မာများ ရေးသားစီကုံးနည်းများစွာကို တွေ့ရှိရသဖြင့် ယခင့်အခါရှိဟောင်း အစိုးရ အထောက်အပံ့ခံကျောင်း အထောက်အပံ့မခံသော ကျောင်းတို့တွင်၎င်း “နန္ဒမာလိနီ” သညီ ပျံ့လျှမ်း ကဗျာစွယ်စုံကျမ်းကို သင်တမ်းတခု ပြုလုပ်ကာ မြန်မာ တိုင်းသူ “လူထု” အကျိုးကို သည်ပိုးရွက်ဆောင်၍ အောင်မြင်ထမြောက်ကြပါ စေသတည်း။

သခင်ကိုယ်တော်မှိုင်း
(၃၁-၁-၅၅)***
ကိုပြူးကျယ်နှင့်တကွ ကဗျာချစ်သူများ အဖိုးရဲ့သ၀ဏ်လွှာလေးနဲ့ ဒီတပတ်အတွက် ကျေနပ်ကြမယ်လို့ မျှော်လင့်ပါရဲ့ရှင် … ။

မေဓာဝီ
၂၄၊ ဇူလိုင်၊ ၂၀၀၇
၀၀း၁၀ နာရီ

1 comment:

ကလိုစေးထူး said...

မင်းဆက်တွေ စာရင်းက အရေးအကြောင်းဆို အထောက်အကူ ပြုမယ့် အချက်အလက်ရပါတယ်။ ပေါရာဏ ဆိုတဲ့ စကားလုံးကို မြင်တော့ မြန်မာချက်ထဲမှာ မမေနဲ့ အပီအပြင် ငြင်းခဲ့ကြတာကို မှတ်မိသေးတယ်ဗျ။