Monday, July 23, 2007

နာလန်ထ

ချွေးတွေရွှဲနစ်ပြီး အိပ်နေရာမှ နိုးလာသည်။
မျက်စိကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ အမှောင်ထုက မပြယ့်တပြယ်၊ အလင်းရောင်က မှုန်တိမှုန်ဝါး။ မိုးစက်သံ တဖြောက်ဖြောက်က အိပ်ရာထဲမှမထ ချင်အောင် ပြန်လည် ချော့သိပ်နေသလို။ ချွေးတွေထွက်နေတာမို့ ခြုံထားသည့် စောင်ကိုခွါလိုက်ပြီး ခဏထပ်မှေးလိုက်သေးသော်လည်း ပြန်အိပ်လို့မပျော်တော့။ ၀မ်းထဲမှာက ဟာတာတာ၊ ရင်ထဲမှာ တလှပ်လှပ်နှင့်။ အိပ်နေရာမှ ယိုင်တိ ယိုင်ထိုး ထကာ ဗီရိုပုလေးပေါ်က ရေဘူးကို ယူပြီးမော့ချလိုက်သည်။ တလှပ်လှပ်ရင်က ခဏတဖြုတ် ငြိမ်သလိုလို ရှိပေမဲ့ ၀မ်းကတော့ ဟာနေဆဲ။

ဗိုက်ဆာနေတာပဲ ဖြစ်မယ် … ။
ညက ပေါင်မုန့်လေး နှစ်ချပ်သာ စားပြီး ဆေးတွေ တပုံကြီးသောက် ထားရသည်မို့ ၀မ်းကဟာနေပုံရသည်။ ချွေးတွေလည်း ထွက်ပြီး အဖျားလည်း မရှိလောက်တော့ ပြီ။ မွေးပွလက်ကိုင်ပုဝါတထည်ဖြင့် ချွေးတွေသုတ်လိုက်ပြီး အခန်းထဲမှထွက်စဉ် ၀မ်းဗိုက်ထဲမှာ ဂွီခနဲ တချက်မြည်၏။ သေချာတယ် … တခုခုတော့ အမြန်စားမှ .. ။

မျက်နှာသစ်ဖို့ မစဉ်းစားသေးဘဲ ဘာစားရကောင်းမလဲ အရင်စဉ်းစားမိသည်။ တကယ်တော့ စဉ်းစားစရာပင်မလို၊ ဒီအချိန်မှာ ဘာစားရမလဲ ရွေးချယ်နေလို့မရ၊ ရှိတာပဲ စားရမယ်ဆိုတာ ကိုယ်တိုင် သဘောပေါက်စွာဖြင့် ရေခဲသေတ္တာဖွင့်လိုက် ၏။

ပလပ်စတစ် ဗူးကလေးတွေ အကြီးအသေး အဆင့်ဆင့်ထပ်လျက်၊ ပုလင်းတွေ ကလည်း ပုံစံ မျိုးစုံ၊ ဗူးတွေ ပုလင်းတွေ စုံစီနဖာက ရေခဲသေတ္တာ အပြည့်နီးပါးသာ ရှိသော်လည်း စားလို့ရတာက သိပ်မရှိလှ။ ထောင့်တနေရာမှာ ကပ်ကပ်သပ်သပ် ညပ်နေသော ဂွတ်မောနင်း ပေါင်မုန့်တထုပ်ကို တွေ့သဖြင့် ဆွဲထုတ်ယူလိုက်သည်။

ပေါင်မုန့်စားတာ အကောင်းဆုံးပဲ … ဟုလည်း စိတ်ထဲတွေးမိ၏။ ဘာနဲ့စားရပါ့။ ထောပတ်ဗူးက ခဲနေတုန်း။ သုတ်၍ကောင်းလောက်သည့် အနေအထား ထောပတ် ပျော်ချိန်ကို စောင့်ဖို့အတွက် ၀မ်းဗိုက်က အခြေအနေ မပေးတော့။ ဒါနဲ့ ပေါင်မုန့်နှင့် တွဲဖက်စားဖို့ တခြားတခုခု ရှာရပြန်သည်။

ပလတ်စတစ်ဗူးကလေးထဲမှာ မနေ့ညက ကျန်တဲ့ ၀က်သားပြားကြော်ကလေးတွေ။ အိုကေ… ဒါနဲ့စားမယ် … ။ သို့သော်လည်း ချက်ချင်းစားလို့မရ။ ၀က်သားပြားတွေ က ရေခဲသေတ္တာထဲထည့်ထားတာမို့ အေးပြီး ခဲနေသည်။ ပေါင်မုန့်ကလည်း ခပ်အေးအေးဆိုတော့ ဒီတိုင်းစားလို့မဖြစ်သေး။ နွှေးရပေဦးမည်။

ဝက်သားဗူးကို မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး နွှေးနေစဉ်မှာ ရေခဲသေတ္တာထဲ ထပ်ရှာ ကြည့်နေမိသည်။
စတော်ဘယ်ရီယို ပုလင်းတွေ့ပြီ။
ဒါပေမဲ့ … မကြိုက်။
နောက် … Mayonnaise ပုလင်း။
အင်း .. ဒါဆို မဆိုးဘူး ကြိုက်တယ်။
နောက်တပုလင်း … Mustard …
ဒါလဲ လိုလိုမယ် ထုတ်ထားဦးမှ။
ရေခဲသေတ္တာ တံခါးဘက်မှာ ရေညှိ (Nori) ထုတ်ကလေးတွေ ၃ ထုပ်ကျန်သေး တာပဲ။ ရေညှိ - ပေါင်မုန့် - Mayonnaise - Mustard အဲဒီလို တွဲဘက်ပြီး တခါမှ မစားဖူးပေမဲ့ ဒီအချိန်မှာတော့ စားသင့် မစားသင့်၊ ရန်ဘက် မိတ်ဘက်စသဖြင့် ရွေးမနေချင်တော့။ စားကောင်းတာမှန်သမျှ စားမယ်ဟုသာ ဆုံးဖြတ်ထားတာ ကြောင့် အလွန်ကြိုက်သည့် ရေညှိတထုပ်လည်း ထုတ်လိုက်သည်။ ၀မ်းထဲမှာက တကျုတ်ကျုတ် မြည်လှပြီ။

ဝက်သားနွှေးနေစဉ်မှာ ပေါင်မုန့်ကို Mayonnaise နှင့် Mustard သုတ်လိမ်းပြီး ရေညှိတချပ်ကပ်ကာ အရင်စားလိုက်တော့မှ ၀မ်းမီး အတော်အသင့် ငြိမ်းသွား၏။ တင်ခနဲမြည်ကာ ၀က်သားနွှေးပြီးကြောင်း မီးဖိုက အချက်ပေးသဖြင့် ဗူးအမြန်ဖွင့်၊ အသားပြားလေးတွေကို နောက်ထပ် ပေါင်မုန့်တချပ်ပေါ်တင်၊ ပြီးသည့်အချိန်မှာ မြေပဲနှင့် ပဲပုတ်ကို မညက်တညက်ထောင်းကာ ငရုတ်သီးနှင့် ရောကြော်ပြီး ထည့်ထားသော ပုလင်းလေး ထပ်တွေ့လို့ အဲဒါလေးပါ ၀က်သားပေါ် နည်းနည်းဖြူး လိုက်သည်။ အစပ်ကလေးပါတော့ အအီပြေတာပေါ့။

ဒီလိုနှင့် … အသားအပါအ၀င် အဆာပလာအစုံ လျှောက်ညှပ်ထားသော ပေါင်မုန့်ကို ညက ကျန်သည့် မပူတော့သော ရေနွေးကြမ်းဖြင့် ကျိတ်မှိတ်မြိုချလိုက် သောအခါမှ လောင်မြိုက်နေသည့် နာလန်ထ ၀မ်းဗိုက်ဟာခြင်းသည်လည်း ချုပ်ငြိမ်းခြင်းသို့ ရောက်ရလေတော့၏။
***
မေဓာဝီ
၂၃၊ ဇူလိုင်၊ ၂၀၀၇
နေ့ ၁၁ နာရီ ၄၅ မိနစ်

(ကျမ နေကောင်းသွားပါပြီရှင်။ အခု နာလန်ထ အစားသောင်းကျန်းနေပါတယ်။ မေးမြန်း ဆုတောင်းပေးသူ အားလုံးကို ကျေးဇူး အထူးတင်ကြောင်းပါ …)

9 comments:

:) said...

နေကောင်းသွားပြီဆိုတော့ ကျန်းမာခြင်းသည် လာဘ်တပါး လို့ ပညာပေးလိုလို သံဝေဂလိုလိုတွေများ ရေးမလားလို့ ဖတ်ကြည့်မိပါတယ်။
လက်စသတ်တော့ ရေခဲသေတ္တာရယ်၊ ပေါင်မုန့်တလုံးရယ်၊ ဘ၀ကို ငါရောင့်ရဲတယ် ဆိုတဲ့သဘော ရေးထားတာကိုး။ ကြိုက်သဗျို့။ ရေးထားတာရော ဂွတ်မောနင်းပေါင်မုန့်ကိုရော။ နို့ပေမယ့် ကိုယ် စားရတာမဟုတ်တော့ ဗိုက်တော့ မ၀ပါဘူး။ အင်း - - ပေါင်မုန့်တလုံး ၀ယ်ထားရဦးမယ်။ ကွန်ပြူတာရှေ့ထိုင်တာများလို့ အညောင်းမိ၊ ဖျားပြီး ပြန်နေကောင်းတဲ့အခါစားဖို့။
ph

tint said...

အန်စားတာတွေကလဲမတည့်စာတွေကြီးဘဲ
ပေါင်မုန့် အအေးငရုတ်သီးဝက်သားကြော်Mustard
ဒီဗိုက်မှမနာဘယ်ဗိုက်မှမနာတော့ ဘူး

May Nyane said...

အဲ..မရွှေမေ ဟုတ်သားးး
စားပုံသောက်ပုံက နာလန်ထနဲ့ မတူ။
ဂျီးဒေါ်ရေ..
ခုနောက်ပိုင်း တွေ့တာတော့ မိုက်ခရိုဝေ့ဖ်တွေ ရေခဲသေတ္တာတွေထဲ ပလပ်စတစ်ပစ္စည်းနြ့ အစားအစာထည့်ရင် ကင်ဆာဖြစ်တယ်တဲ့..
ကြည့်လိုက်ဦး..သေချာ။(စိတ်ပူလို့)

Min Min said...

အဲဒီတော့ ဖန်သုံးပေါ့။ ဖန်ခွက် တွေနှင့်လည်း မိုင်ကရိုဝေ့ဖ်လို့ ရတာပဲလေ. ဟဲဟဲ နေကောင်းသွားတဲ့ အတွက် ၀မ်းသာပါတယ်။

Ko Phyoe said...

ကျေးဇူးတင်ပါတယ် မမေရေ .. နေကောင်းနေမှ ကျွန်တော်ဘာထပ်မေးရမှန်းတောင် မသိတော့ဘူး နောက်တစ်ခါ ဘယ်တော့မှ နေမကောင်းမဖြစ်ပါစေနဲ့ဆိုတဲ့ ဆုတောင်းလေး ပြည့်ရင်ကောင်းမယ်နော် ..

Ko Phyoe said...

မမေရေ .. ကဗျာလာဝိုင်းရေးပေးစေချင်ပါတယ်

mg gyi said...

Nar Lan Hta, a sar twe theik thaung kyan ma nay ne oo byo.. a sar ma taw, ta hlan, a thwar ma taw, ta lote, a eik ma taw, ta yay... kwe thwar oo mel... that pone le theik ma pyin ne, ma sar like ya pe pyit thwar oo mel..

Ma said...

May

asarr athauk sin chin onn naw.

Ma Khine

yangonthar said...

အစ်မမေ ... ဖတ်ရင်းနဲ့ ဗိုက်တောင်ဆာလာပြီဗျာ နာလံထ မှာစားချင်ရာစားရတာလောက် ကောင်းတာ မရှိဘူး ငယ်ငယ်တုန်းက အမေက ဟိုဟာနဲ့ မတဲ့ဘူး ဒီဟာနဲ့ မတည့်ဘူးဆိုပြီး တားတယ်လေ မစားဖို့ ။ ခုတော့ တစ်ယောက်တည်းဆိုတော့ အုပ်တာပေါ့ အစ်မရယ် ဘာပြောကောင်းမလဲ .... နည်းနည်း ခေါင်းထဲ မရှင်းလိုက်နဲ့  အတင်းကို ရေထချိုးပစ် လိုက်တာပဲ အဲဒီအခါ အမေ့စကားကို အမြဲကြားမိတယ် ဟယ် မချိုးရပါဘူး ခုမှ အဖျားကျခါစရှိသေးတယ် နောက် နှစ်ရက်နေ့ မှ ရေ နွေးလေးနဲ့ စပ်ချိုး..... ကဲ အဲလို အစ်မရေ ခုတော့ အဲလိုပြောမဲ့ အမေက ဟိုးအဝေးကြီးမှာ
ခင်တဲ့
ရန်ကုန်သား
ကျန်းမာပျော်ရွှင်ပါစေ အစ်မမေ :)