Sunday, February 26, 2017

ကြုံရဆုံရ ကမောက်ကမ မြန်မာစာ (၁)

===================
ဒီစာလေးတွေက ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက် (အတိအကျ ပြောရရင် 2006 Aug) က နေးတစ်မြန်မာ ဖိုရမ်မှာ တင်ခဲ့တဲ့ စ...ာလေးတွေပါ။ ကွန်ပျူတာဖိုင်အဟောင်းတွေ ဖွင့်စစ်ရင်း ပြန်တွေ့လို့ တင်လိုက်ပါတယ်။
***
ဣစ္ဆာသယ နဲ့ ဣတိပိသော
.
တရက် … သူငယ်ချင်းတယောက်နဲ့ လမ်းနာမည်တွေအကြောင်း ပြောရင်း ကျောက်မြောင်းထဲက ဣစ္ဆာသယလမ်း အကြောင်း ရောက်သွားတော့ ကျွန်မက “အိတ်ဆာသယလမ်း” လို့ အသံထွက်ပြီး ပြောပါတယ်။ ဒါကို သူက … 


“ဟင် … မဟုတ်ပါဘူး၊ ကုတ်ဆာသယလမ်းပါ…” တဲ့ ကျွန်မကို ငြင်းရော။ သူက … ဆက်ပြောသေးတယ်။
 

“ဘယ့်နှယ့်လုပ် အိတ် လို့ အသံထွက်ရမှာလဲ၊ ကကြီး နှစ်လုံးဆင့် ထားတာ နင် မမြင်ဘူးလား၊ အောက်က တချောင်းငင် သေးသေးလေးတောင် ပါလိုက်သေးတယ်၊ အဲဒါ မကုတ်လို့ ဘယ်ဟာ ကုတ်မလဲ …” တဲ့။
.
ဒါနဲ့ ကျွန်မလည်း …
 

“အဲဒါ အက္ခရာ ဣ ပါ။ ကကြီးနှစ်လုံးဆင့်မဟုတ်ဘူး၊ နင်မှားနေပြီ။ ဣတိပိသော မှာပါတဲ့ အက္ခရာ ဣ (အိ) လေဟယ်၊ အဲဒါကို ဟိုဘက်က စလုံးနဲ့ သတ်လိုက်တော့ အိတ် ဆိုပြီး အသံထွက်တာလေ …” လို့ ရှင်းပြမိတော့ မျက်လုံးကြီး ကလယ်ကလယ်နဲ့
 

“ဟင် … ဣတိပိသောက ဒါမျိုး ကကြီးနှစ်လုံးဆင့်နဲ့ ရေးတာလား၊ ငါက အ-လုံးကြီးတင် အိ နဲ့ ရေးတာ ထင်လို့” … တဲ့။

 သြော် … တော်ပါသေးရဲ့၊ သူ ဣတိပိသော ရေးတာ မမြင်ဖူးလို့။ မြင်သာ မြင်ဖူးရင် ဣတိပိသော လို့ မဖတ်ဘဲ ကုတိပိသောလို့များ ဖတ်နေမလားလို့ တွေးမိပြီး ဘာဆက်ပြောရမှန်း မသိတာနဲ့ ငြိမ်နေလိုက်ပါတော့တယ်။
****
မောင်ဂဠုန် နဲ့ ဝေဠုကျော်
.
ကျွန်မငယ်ငယ်ကတည်းက အိမ်မှာ ကျွန်မကို ထိမ်းဖို့ ခေါ်ထားတဲ့ အစ်မကြီး တယောက်ရှိတယ်၊ သူက မြန်မာစာကို ရေးတတ်ဖတ်တတ်ရုံပါပဲ။ တီဗီပေါ်ကာစ ခေတ်ဦးတုန်းက မြန်မာ့ရုပ်/သံ တေးဂီတ အစီအစဉ်မှာ အဆိုတော် မောင်ဂဠုန် သီချင်းလာတော့ ကျွန်မတို့က မောင်ဂဠုန် မောင်ဂဠုန် နဲ့ ပြောတော့ သူက မှတ်ထားပါတယ်။ သူမှတ်ပုံကလည်း ဠ (လကြီး) ကို မြင်ရင် ဂဠုန် လို့ ဖတ်ရတယ်ဆိုပြီးတော့ မှတ်ထားသလား မသိပါဘူး။ ခု ဒီဘက်ခေတ် ဝေဠုကျော် ပေါ်လာတော့ သူက ဝေဠုကျော် နာမည်ကို ဖတ်ပြီး ဒီမင်းသား နာမည်ကလည်း အဆန်းပဲ၊ ဝေဂဠုန်ကျော် တဲ့ … လို့ ပြောပါတယ်။ ကျွန်မတို့လည်း ဝေဂဠုန်ကျော်လို့ ပြောပြောပြီး ရယ်လိုက်ရတာ။ နောက်ပိုင်း ဝေဠုကျော်ကို မြင်ရင် ဝေဂဠုန်ကျော်လို့ နောက်ပြောင်ခေါ်နေမိတာ ခုချိန်ထိပဲ။
***
ဠကြီး နဲ့ ဌဝမ်းဘဲ
.
တချို့က ဠကြီး နဲ့ ဌဝမ်းဘဲကို မှားတတ်ကြတယ်။ အခု အဖြစ်အပျက်လေးကတော့ အဖေပြန်ပြောပြတာပါ။ အဖေနဲ့ အဖေ့ဆရာ (ပါဠိပါရဂူ) နဲ့ အငှားကားစီးရင်း စကားပြောလာကြတယ်။ အဖေက

“စူဠာမဏိကို တချို့က စူဠာမုနိ လို့ ပြောကြတယ်၊ ဘယ်ဟာအမှန်လဲ ဆရာ” လို့ သူ့ဆရာကို မေးပါတယ်။
ဆရာက ပြန်မဖြေခင် ယာဉ်မောင်းက ပြန်ဖြေပါသတဲ့။

“တကယ်တော့ စူဌာမဏိ ကမှ မှန်တာ” တဲ့လေ။

ဒါနဲ့ပဲ အဖေနဲ့ အဖေ့ဆရာလည်း ဘာမှမပြောဘဲ နှုတ်ဆိတ် ပြီးသာ နေလိုက်ပါတော့တယ် တဲ့။ အဖေ့ဆရာ ပါဠိပါရဂူကြီးနေရာမှာ ယောမင်းကြီးဦးဘိုးလှိုင်သာဆို

“မောင်မင်း … ရော့ ရွှေဒင်္ဂါးတပြားယူ … ပါးစပ်ကလေးပိတ်ပြီး ကားမောင်းစမ်းကွယ်” လို့ ပြောမလား မသိဘူး လို့ ကျွန်မတွေးနေမိတယ်။
***
စူဠာမဏိ ဝင်တုန်းက
.
စူဠာမဏိ ပြောရင်းနဲ့ သတိရတာလေး ဆက်ပြောရဦးမယ်။ စူဠာမဏိနဲ့ ပတ်သက်လို့ပါပဲ။ မနှစ်က (2005 ခုနှစ်ကို ဆိုလိုတာပါ) ကျွန်မတို့ အိမ်ကို အညာက ဆွေမျိုးတွေ ဆေးကု ရောက်လာကြတယ်။ ခရီးရောက်မဆိုက် စကားစမြည်ပြောကြရင်း သူက စကားဆန်း တခု ပြောတယ်။

“ဟိုတလောက စူဠာမဏိဝင်တာလေ … ဗြောင်းကို ဆန်နေတာပဲနော်၊ ဂြိုလ်တုစလောင်းမှာ ကြည့်ရတယ်၊ လူတွေသေကြတာ မနည်းမနောပဲ၊ သနားဖို့ ကောင်းလိုက်တာ”

ကျွန်မလည်း ရုတ်တရက် သူပြောတာ နားမလည်လို့ ဘာမှ ပြန်မပြောမိဘူး၊ စိတ်ထဲကတော့ စဉ်းစားနေတာပေါ့၊ စူဠာမဏိဝင်တာ ဗြောင်းဆန်နေတာပဲ ဆိုတော့ အာဠာဝက ဝင်တာကို ပြောတာလား … နီးစပ်ရာလျှောက်တွေးရင်း ငြိမ်နေမိတော့ သူက ဆက်ပြောတယ်။

“မကြည့်လိုက်ရဘူးလား၊ တယ်လီဗေးရှင်းမှာလေ၊ စူဠာမဏိရေလှိုင်းကြီးဆိုတာ အိမ်ထက်တောင် မြင့်သေးတယ်၊ ကြောက်စရာ ကောင်းလိုက်တာ”

ဒီတော့မှ ကျွန်မလည်း သဘောပေါက်သလိုလို ဖြစ်သွားပြီး
“သြော် … ဆူနာမီ ကို ပြောတာလား” လို့ ပြန်မေးတော့

“ဟုတ်ပါ့ အေရယ် … အဲဒီ စူဠာမဏိ အတော်ကြောက်ဖို့ ကောင်းတာနော်” တဲ့။
မလျှော့ဘူး စူဠာမဏိမှ စူဠာမဏိပဲ။ ကိုင်း ဘယ်လို လုပ်ကြမလဲ … ။ သူ့ကျ ပြင်ပေးတာတောင် စူဠာမဏိတုန်း။ ဒါနဲ့ပဲ ကျွန်မလည်း တုဏှိဘာဝေ ဆိတ်ဆိတ်သာ နေလိုက်ရပါတော့တယ်။
***
မေဓာဝီ
၂၆၊ ၀၂၊ ၁၇
(နောက်ဆက်တွဲတွေ ရှိပါသေးတယ်၊ ခုတော့ ဒီလောက်ပဲ)

Read More...

Friday, February 24, 2017

သူတို့နှစ်ဦး ...


***
မနှစ်ကနွေရာသီ သင်္ကြန်အပြီးမှာ သူတို့နှစ်ဦး ကျွန်မထံ ရောက်လာကြသည်။ သူတို့နာမည်က ဇွဲ နဲ့ ရဲ ဆိုပါတော့။ ခုနစ်တန်း စာမေးပွဲကျသဖြင့် ကျသည့်ဘာသာ ပြန်ဖြေရန် သူတို့ကို ကျွန်မက အခမဲ့ စာသင်ပေးရသည်။ တကယ်တမ်း ထိုနှစ်က ကျွန်မသည် သူတို့ကို သင်ခဲ့သည့် ဆရာမဟုတ်။ သို့သော်လည်း စာမေးပွဲကျသည့်ဘာသာ ပြန်ဖြေရမည်ဆိုတော့ သူတို့ကို အနီးကပ် သင်ကြားရန် ကျွန်မ၏ တာဝန်ဖြစ်လာခဲ့သည်။
.
စစချင်း ရောက်လာသူက ဇွဲ။ သူက ပိုးဟပ်ဖြူလေးလို ဖြူဖျော့ဖျော့လေး။ သူ့မျက်လုံးတွေက ရီဝေဝေ။ ဆံပင် အညိုရောင်တွေက မျက်နှာပေါ် ကပိုကရို။ လက်ချောင်းလေးများက သေးသွယ်သွယ် ဖျော့တော့တော့။ လက်သည်းတွေကိုတော့ အနက်ရောင် ခြယ်လို့။ သူက အင်္ကျီ လက်ရှည် အနက်ရောင်ကို ဂျင်းဘောင်းဘီနှင့် တွဲ၍ အမြဲလိုလို ဝတ်ဆင်လေ့ရှိသည်။
.
ရဲ ကတော့ အသားညိုညို ဆံပင်တိုတို ဂင်တိုတို။ ကျွန်မထံသို့ စက်ဘီးဖြင့်လာလေ့ရှိပြီး ဘောင်းဘီတို ကိုယ်ကျပ်စွပ်ကျယ်တို့ကို ဝတ်ဆင်တတ်သူ။ မျက်နှာမှာ ဝက်ခြံသဲ့သဲ့၊ လက်သည်းတွေက တိုလွန်းပြီး အထဲကိုပင် ချိုင့်ဝင်နေသေးသည်။ သူက လက်သည်းကိုက်သည့် အကျင့်ရှိသူပင်။
.
“သားတို့ နွေရာသီ နေဒီလောက်ပူတာ အင်္ကျီအနက် မဝတ်ကြနဲ့၊ ချည်ထည် အဖြူ အင်္ကျီလေးတွေနဲ့ ချည်ပုဆိုးလေးတွေ ဝတ်ခဲ့ပါလား”
ကျွန်မဘယ်လို ဆွယ်တရားဟောဟော ဇွဲက ဝတ်နေကျ အနက်ရောင်သာ ဝတ်ဆင်မြဲ။ ရဲကလည်း ဘောင်းဘီတိုနှင့် ကိုယ်ကျပ်အင်္ကျီ ဝတ်မြဲဝတ်လျက်။
.
ဇွဲက စကားနည်းသလောက် ရဲက စကားအလွန်များသည်။ သူ့အကြောင်းတွေ ရိုက်မစစ်ရပါပဲ အကုန်ပြောပြ၏။ သူတို့နှစ်ယောက်က pre school ထဲက အတူတူ တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆိုးဖော် ဆိုးဘက်တွေ ဖြစ်ကြောင်း စသဖြင့် ဖောက်သည် ချတတ်သည်။ သူပြောသမျှ ဇွဲက နှုတ်ဆိတ်စွာ ပြုံး၍သာနေ၏။
.
ဇွဲ ပြုံးလျှင် ကြောက်စရာကောင်းသည်ဟု ကျွန်မစိတ်ထဲ ထင်မိသည်။ သူ ပြုံးလိုက်လျှင် မျက်လုံးက တောက်ပနက်ရှိုင်းလာပြီး သေးသေးချွန်ချွန် သွားတွေကို လှစ်ခနဲ ဖော်လိုက်ပုံက နောက်ကွယ်မှာ အဓိပ္ပါယ်တွေ ပြည့်နေသလို။
.
သူတို့နှစ်ယောက်လုံး၏ တူညီသည့်အချက်ကတော့ သင်္ချာဘာသာရပ်တွင် အလွန် အားနည်းခြင်းပင်။ လွယ်ကူ ရိုးရှင်းသည့် ပေါင်း နုတ် မြှောက် စား ပုစ္ဆာများပင် သူတို့အတွက် ခက်ခဲလှသည်။ မနုတ်နိုင် တဆယ်မချေးတတ်၊ ခုနစ်အလီ ရှစ်အလီပင် မရ၊ ညီမျှခြင်း တဖက်မှ တဖက်ပြောင်းလျှင် လက္ခဏာတွေ လိုက်မပြောင်းတတ်။ သူတို့ကို ခုနစ်တန်းစာ မသင်ခင် လေးတန်းသင်္ချာ အရင်သင်ပေးရသည်။
.
နွေရာသီနေပူရသည့်အထဲ မီးပျက်၍ လေအေးစက်မရသည့် အခါမျိုး သူတို့နှစ်ယောက်ကို အာပေါက်အောင် ရှင်းပြရပြီဆိုလျှင် အမောပင် ဆို့ချင်ချင်။ အိမ်စာပေးလည်း မလုပ်ခဲ့၊ ကျွန်မဆီ လာလျှင်လည်း နောက်ကျ၊ အိမ်ကိုတော့ စောစော ပြန်ချင်သား။ ဒါကလည်း လမ်းမှာ ဂိမ်းဆိုင် ဝင်ဖို့ပဲဖြစ်လေသည်။
.
တရက်တော့ သူတို့အတော်နောက်ကျသည်။ မလာတော့ဘူး ထင်နေရာ နောက်မှ ရောက်လာကြ၏။
"သားတို့ ဘာလို့ နောက်ကျကြတာလဲ" ဟု ကျွန်မမေးတော့ ဇွဲက မဖြေ၊ လျှို့ဝှက်စွာပြုံးသည်။ ရဲကတော့ ထုံးစံအတိုင်း …

"သြော် ဟိုဟာလေ … ညက ကလပ်မှာ ရန်ဖြစ်တယ်လေ"
"ဟင် ဘယ်သူတွေနဲ့လဲ ဘာဖြစ်သွားလဲ"
ကျွန်မက အမောတကောမေးတော့ ...

"အလကားပါ တီချယ်ရာ ဒီကောင်တွေ သွေးမရှိပါဘူး၊ ကြားထဲက ဝင်ဆွဲတဲ့သူတွေကြောင့်ပေါ့၊ မဟုတ်ရင် အသေပဲ"
"ဟဲ့ … ဘုရား ဘုရား"
ကျွန်မက ရင်ဘတ်ဖိ၍ ဘုရားတမိသည်။ မင်းတို့ရော ဘယ်နားထိသွားလဲဟု ကျွန်မမေးတော့ ဇွဲက အင်္ကျီလက်ကို ပင့်ပြသည်။ လက်ဖျံမှာ အညိုအမည်း။
.
“ဟင် ... ဒီဒဏ်ရာတွေက ဘာတွေလဲ”
သူ့လက်မှာ အမာရွတ်တွေကို တွေ့လို့ ကျွန်မမေးတော့ ဇွဲက အင်္ကျီလက်ကို ချက်ချင်း ပြန်ချပြီး ဖုံးလိုက်သည်။ ရဲက မျက်မှောင်တချက်ရှုံ့ပြီး

“ဒီကောင်က သူ့လက်ကိုယ်သူ ဓားနဲ့ လှီးထားတာလေ ... သူ မူးပြီဆို သိပ်ကြောက်ဖို့ ကောင်းတာ၊ အိမ်က ပန်းကန်တွေ အကုန်ခွဲ၊ ကိုယ့်ကိုယ် ကိုယ်လည်း လုပ်”

ကျွန်မ အံ့သြတုန်လှုပ်စွာ ဇွဲကို လှမ်းကြည့်မိတော့ ဇွဲက သူပြုံးနေကျ အပြုံးမျိုး ပြုံး၍ ကျွန်မကို ကြည့်သည်။ သူ့အပြုံးကို လန့်သော ကျွန်မက ဒီတခါတော့ သူ့အား စေ့စေ့ကြည့်ကာ ...

“သား ... ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်ရဘူးနော်၊ သား ဘာတွေ အခက်အခဲရှိလဲ၊ စိတ်ညစ်စရာ ဘာတွေရှိလဲ ... ပြောပြလေ”
ဇွဲက ပြုံး၍သာ ခေါင်းခါခဲ့ပါသည်။
***
နောက်မှ ရဲ ပြောပြလို့ သူတို့အကြောင်းတွေ တဖြည်းဖြည်း ပိုသိလာခဲ့ရသည်။ ညဘက်ဆို သူတို့က နိုက်ကလပ်သွားသည် ဘားသွားသည်၊ အရက်သောက်၊ ကားပြိုင်မောင်း၊ အုပ်စုဖွဲ့ ရန်ဖြစ်တတ်သည့် လူငယ်လေးတွေ။ ကျွန်မ အလွန် အံ့သြမိသည်။ သူတို့ အသက်လေးတွေက လွန်ရော ကျွံရော ဆယ့်သုံး ဆယ့်လေးနှစ်ပေါ့။
.
“ဇွဲက ... သားထက် ပိုသောက်နိုင်တယ် တီချယ်ရဲ့၊ သူငယ်ငယ်ကတည်းက သူ့တီတီလေးက ဘီယာတိုက်တာ။ တီတီလေးက တအားလန်းတာ။ သဘောလည်း အရမ်းကောင်း၊ အခုဆို ဇွဲက စပိုင်ဝိုင်ဆို အလုံး နှစ်ဆယ်လောက် သောက်လည်း ဘာမှ မဖြစ်ဘူး။ ဘီယာဆို ...”

သူဆက်ပြောသည့် စကားတွေ ကျွန်မနားထဲ မကြားဝံ့တော့ပါ။ ဘီယာဆို ဘယ်လို ဝီစကီဆို ဘယ်လို ... စသည် ... ဒီအသက်အရွယ် ကျောင်းသား ကလေးငယ်တွေ၏ နှုတ်ဖျားတွင် အရက်ဝေါဟာရတွေ လွယ်လင့်တကူ ထွက်နေသလို အရက်ကိုပင် အကျွမ်းတဝင် သောက်တတ်နေကြပြီ တဲ့လား။
.
“နိုက်ကလပ်တွေ ဘားတွေက အသက် ဆယ့်ရှစ်နှစ်အောက် ပေးဝင်လို့လား သားရဲ့” 

“ခုနောက်ပိုင်းတော့ နည်းနည်းကျပ်တယ် တီချယ်၊ ရဲတွေဘာတွေလည်း လာစစ်တယ်၊ ၁၂ နာရီမထိုးခင် ပိတ်ရမယ်တို့ ဘာတို့ လုပ်တယ်၊ ဒါပေမဲ့ သားတို့က သွားနေကျလေ အေးဆေးပါ”
.
“အရက်တွေ ဘီယာတွေကရော ပေးဝယ်တာပဲလား”

“ရတယ်လေ ... အရက်ပေးမဝယ်ရင် သူတို့ ပိုက်ဆံဘယ်ရမှာလဲ”

“ဝင်ကြေးက တယောက် ဘယ်လောက်ပေးရလဲ”
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မက ဗဟုသုတ လုံးဝမရှိသူမို့ ရဲ ကိုပဲ မေးကြည့်ရသည်။ 

“သားတို့က ပုလင်းဖောက်ပြီးဝင်တာ ... ဒီလို တီချယ်ရာ၊ ဘလက်ခ်လေဘယ် တို့ဘာတို့ပေါ့ အဲဒါ တပုလင်းဝယ်ရင် ဝယ်သူအပါအဝင် လူ ၄ ယောက်အလကား ဝင်လို့ရတယ်လေ အဲဒါကို ပုလင်းဖောက် ဝင်တယ်လို့ ခေါ်တယ်”
.
ကျွန်မ မျက်လုံးပြူးရပြီ။ ဒီကလေးတွေက ဘလက်ခ် လေဘယ်တောင် သောက်နေကြတယ်ပေါ့။ ဘယ်အရွယ်ကတည်းက သောက်တတ်နေကြပါလိမ့်။ ကျွန်မသိထားသော နိုင်ငံတကာ စံချိန်နှင့်ကိုက်၍ သူတို့ကို ဆုံးမ စကားပြောကြည့်ပါသေးသည်။ 

“နိုင်ငံတကာမှာ အသက် ဆယ့်ရှစ်နှစ်အောက်ကို ဆေးလိပ် အရက် မရောင်းရဘူး၊ ဥပဒေနဲ့ တားမြစ်ထားတယ်၊ အရက်ကို ရောင်း/ဝယ်ရင်ပဲ ဖြစ်ဖြစ်၊ သူများဝယ်ပေးလို့ ပတ်ဘလစ် နေရာတွေမှာ သောက်ရင်ဖြစ်ဖြစ် အဲဒါ illegal ပဲ။ အဲဒီလို ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ လို့ ဘာလို့ တားမြစ်ထားတယ် ထင်လဲ ... ၊ သားတို့ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်း တွေက နုနုလေးတွေ၊ အရက်တွေ ဆေးလိပ်တွေ သောက်ရင် လူကြီးတွေထက် ထိခိုက် ပျက်စီး လွယ်တယ်၊ ရောဂါဖြစ်လွယ်တယ်၊ ပြီးတော့ ဦးနှောက်ကို ထိခိုက်တယ်၊ သားတို့ စာသင်ကြားမှုနဲ့ ဖွံ့ဖြိုးမှုကိုလည်း အနှောက်အယှက် ဖြစ်စေတယ်”

“နိုင်ငံတကာမှာ ဘယ်လိုလုပ်လုပ် ဒီမှာကတော့ ရောင်းနေ ဝယ်နေကြတာပါပဲ တီချယ်ရာ”
***
သူ့စကားက တကယ်လည်း မှန်နေခဲ့ပါသည်။ တရက် ကျွန်မ စာသင်ချိန်မှာ ကျောင်းသားများ၏ လွယ်အိတ်တွေကို ရှောင်တခင်စစ်ဆေးတော့ ကျောင်းသား တယောက်ထံမှ စီးကရက်ဗူး၊ တယောက်ထံမှ မီးခြစ် မိလေသည်။ မိဘ အုပ်ထိမ်းသူထံ အကြောင်းကြားတော့ အဘွားလုပ်သူ လိုက်လာပြီး ပြောသည်။

“မြေးလေးကလေ ... ကျောင်းနားက စတိုးဆိုင်ကို မုန့်သွားဝယ်ရင်း စီးကရက်ဗူးတွေ မြင်တော့ ရောင်းမရောင်း သိချင်လို့ စမ်းဝယ်ကြည့်တာ ... သူတို့က ရောင်းလိုက်လို့ ဝယ်လာတာပါ ... လို့ ပြောတယ်”
.
ထိုကျောင်းသားက အမေရိကန်နိုင်ငံက ပြောင်းလာသည့် ကျောင်းသား ဖြစ်သည်။ 

“အမေရိကားမှာဆို မရောင်းဘူးလေ၊ ဒီမှာ ဝယ်လို့ရတော့ ကျွန်မမြေးလေးက အံ့သြပြီး ဝယ်လာမိသွားတာ ...”

သို့ဖြင့် သူတို့ပြောသည့် စတိုးဆိုင်ကို ကျွန်မလိုက်သွားပြီး မေးကြည့်သည်။

“ကျောင်းသားတွေ ဆေးလိပ်ဝယ်ရင် ရောင်းခွင့်ရှိလားဟင်”

“သမီးတို့ကိုတော့ ဘာမှ မမှာထားဘူး၊ ဈေးလာဝယ်ရင် ရောင်းလိုက်ရတာပဲ”

ကျွန်မ နှုတ်ဆိတ်စွာ ပြန်လာခဲ့ရပါသည်။
***
ဆေးလိပ်ရဲ့ ဆိုးကျိုးတွေ အရက်ရဲ့မကောင်းကျိုးတွေ ပြောပြပြီး သိမ်းသွင်း ဆွဲဆောင် ပညာပေးဖို့ အမျိုးမျိုး ကြိုးစားခဲ့သော်လည်း အချည်းနှီးပင်။ သူတို့က ကိုယ့်ကိုယ်ပင် ပြန်လည် ဆရာလုပ်နေကြသေးသည်။ မနက်ခင်း စာသင်ချိန်တွင် သူတို့ထံမှ ဆေးလိပ်နံ့တွေ ရသည်။ ကျောင်းသို့ အလာ လမ်းမှာ ဆေးလိပ်သောက်လာကြမှာပေါ့။
.
ဆေးလိပ် အရက်သောက် နိုက်ကလပ်သွား အုပ်စုဖွဲ့ ရန်ဖြစ်တတ်သော ထို လူပေါက်စလေးတွေက ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးမှတ်နေကြတုန်း။ အိမ်ကလည်း မထိမ်းကြ။ မဆုံးမကြ။ ပြောလျှင်တော့ ကျွန်မသားလေးက ဘာမှမသိတဲ့ ကလေးလေးပါ … တဲ့။ ကျွန်မကတော့ ဘာမှမသိဘူးဆိုသည့် ထိုကလေးများကို လန့်၍နေမိပြီ။
.
စာသင်ကြားမှုများ ပြီးဆုံးသွားတော့ သူတို့ စာမေးပွဲ ပြန်ဖြေရသည်။ တကယ်တော့ သူတို့နှစ်ယောက်လုံး မညံ့ကြ။ အခြေခံ မသိ၍သာ အားနည်းနေခြင်း ဖြစ်သည်။ တဦးချင်း လိုအပ်ချက်အတိုင်း သေချာပြပေး အထပ်ထပ် လေ့ကျင့်ပေး လိုက်တော့ သူတို့ အဆင်ပြေ သွားကြပါသည်။
.
စာမေးပွဲ ပြန်ဖြေပြီးသည့်နောက် ကျောင်းပြန်ဖွင့်တော့ ဇွဲက ပြန်ရောက်မလာခဲ့။ တခြားကျောင်း ပြောင်းသွားပြီဟု ကြားသည်။ ရဲ ကတော့ ကျောင်းပြန်လာတက်ပြီး ဆက်လက် ဆိုးနေသေးသည်။ ဒီနှစ် စာမေးပွဲ ဖြေတော့ သူက သင်္ချာ ဖြေနိုင်ပါသတဲ့။ ဖြေနိုင်တယ်သာ ဆိုတာ " ပြန်မဖြေချင်ဘူး တီချယ်ရယ် အောင်အောင် လုပ်ပေးပါနော်" … ဟု ပြောသေးသည်။ မေးခွန်းလည်း ကိုယ်မထုတ် အမှတ်လည်း မခြစ်လို့သာ တော်တော့သည်။ မဟုတ်ရင် သူအောင်တာပဲ ကိုယ်က လုပ်ပေးလို့ ဖြစ်နေပေဦးမည်။
.
ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့။ သူတို့ နှုတ်ဆက်ပွဲ လုပ်ကြသည်။ ဆိုကြ ကကြ စားသောက်ကြ။ နက်ဖြန်ကစ၍ ကျောင်းသုံးလ ပိတ်ပြီ။ သင်္ကြန်အပြီး အောင်စာရင်း အထွက်မှာ ဘယ်ကျောင်းသားကိုမှ သူတို့နှစ်ဦးကဲ့သို့ စာပြန်မသင်ရပါစေနှင့်ဟု ကျွန်မ ဆုတောင်းနေမိပါတော့သည်။
***
မေဓာဝီ
24.02.17

Read More...

Friday, February 17, 2017

ခေတ်နောက်ကျသည် မေဓာဝီ

***
အရင်ကဆို သတင်းဦး သတင်းထူး မေဓာဝီတို့ ရူးခဲ့ရတယ်။ သတင်းဦးကို ကိုယ်အရင် သိချင်သလို ကိုယ်ကလည်း အရင် ဖြန့်ချင်သေးတယ်။ အကယ်ဒမီပေးပွဲနေ့ဆိ...ု တယ်လီဗေးရှင်းက တခါကြေငြာလိုက် အွန်လိုင်းပေါ်ပြေးပြောလိုက်။ ဒွေး ဆုံးတုန်းကလည်း ဦးဦးဖျားဖျား ဘလော့ပေါ် တင်လိုက်ရသေး။ အဝေးက မိတ်ဆွေတွေဆီ အချိန်နဲ့တပြေးညီ သတင်းတွေ ပို့ပေးနေခဲ့တာပေါ့။
.
ခုလို ဆိုရှယ်မီဒီယာတွေ အားကောင်းလာတဲ့ သတင်းခေတ်မှာ မေဓာဝီတယောက် သတင်းလည်း မဦးနိုင် သတင်းလည်း မထူးနိုင်တော့ဘူး။ မဦးနိုင် မထူးနိုင်တဲ့အပြင် အတော်လေးကို ခေတ်နောက်ကျ ကျန်နေခဲ့ပြီဆိုတာ သနားစဖွယ် (ကိုယ့်ကိုယ်ကိုယ်) သိလိုက်ရပါတယ်။
.
တယ်လီဗေးရှင်း မကြည့်ဖြစ်တာ အတော်ကြာသလို သတင်းစာ ဆိုလည်း လာပို့တဲ့ အလိပ်ကလေးတောင် မဖြည်ဖြစ်တာ ကြာပြီ။ မဂ္ဂဇင်းဆို ယောက်ျားဝတ္ထုပါတဲ့ စာအုပ်သာ ဖတ်ဖြစ်ပြီး ဘာဂျာနယ်မှလည်း ဝယ်မဖတ်ဖြစ်တော့ဘူး။ ခုတလောမှ မြန်မာတိုင်းမ်သတင်းစာလေး ဝယ်ဖတ်ဖြစ်တယ်။ ခုနောက်ပိုင်း အဆိုတော် အသစ်တွေလည်း တယောက်မှမသိ။ (နီနီခင်ဇော်တောင် ဟိုတလောက ကိစ္စဖြစ်မှသိတာ) မော်ဒယ်တွေ ရုပ်ရှင်မင်းသားသစ် မင်းသမီး သစ်တွေလည်း မသိတော့ဘူး။ တခါပြောပြထားလည်း နောက်တခါ ထပ်မေ့တာပဲ။
.
တလောက လသာ၂ က သူငယ်ချင်းတယောက်က လုလု ဘာဖြစ်တယ်ဆိုလား ပြောတော့ လုလုဆိုတာ ဘယ်သူတုန်းလို့ သူ့ပြန်မေးရတယ်။ သူကလည်း ပြောရှာပါတယ်။ နင်ကလည်း လုလုတောင် မသိဘူးလား သတ်ပုံတွေနဲ့ချည်း ရှုပ်နေတာကိုး တဲ့။ :)
.
ပြောလည်းပြောချင်စရာပဲလေ။ ခေတ်မှာ ဖြစ်နေတာတွေ ဘာကမှ မသိတော့ဘူးကိုး။ ခုလို ညဘက်ဆို ဖေ့စ်ဘုတ်မှာ တက်လာတဲ့ စတေးတပ်စ်တွေ ဘာတခုမှ မသိတာ အမှန်ပါ။ ဘီလီကို ဗုတ်တို့ ဘာတို့ ဘာမှန်းမသိလို့ like လည်း မနှိပ်ရဲ ဒီတိုင်းလေး ထိုင်ကြည့်နေရတယ်။ တယ်လီဗေးရှင်း ရှိတဲ့ အိမ်ဘက်မှာ နေတုန်းကလည်း ဘာမှ မကြည့်ဖြစ်။ အခုအိမ်မှာဆို ရေဒီယို လေးတောင် မရှိတော့ ပိုဆိုးတော့တာပဲ။ အန်ကယ်ကတော့ နိုးပါဆိုတာ လူပြောများလို့ နောက်မှဖုန်းလေးနဲ့ ပြန်ကြည့်ရတယ်။
.
ဖုန်းနဲ့ကလည်း ဝိုင်ဖိုင်ဖရီးနဲ့မှ ကြည့်ဖြစ်တာပါ။ ဘေလ်ကိုချွေတာတဲ့ အနေနဲ့ မိုဘိုင်းဒေတာနဲ့ဆို ဗီဒီယိုဖိုင် မကြည့်ဘုး။ အင်တာနက် အသုံးပြုခ နှစ်ရက် တထောင်နှုန်းပဲ သုံးမယ်လို့ ဘတ်ဂျက် ချထားပြီးသား။ အဲဒီ တရက်ငါးရာက မိဘတွေနဲ့ ပြောမယ် ယောက်ျားနဲ့ ပြောမယ် ဆိုရင် လုံလောက်ပြီလေ။ ဒါကြောင့် အိပ်မက်ဆုံရာ တို့ မြန်မာ idol တို့ လုံးဝမှကို မကြည့်ဖူးခဲ့ဘူး။
.
ဖေ့စ်ဘွတ်ပေါ်တက်လာတဲ့ သတင်းတွေဆိုလည်း တခါမှ အရင်ဆုံး မမြင်မိဘူး။ သတင်းမီဒီယာတွေ ဖော်လို လုပ်ထားပေမဲ့ like မနှိပ်ဖြစ်လို့လားမသိ ကိုယ့်ဝေါပေါ် ဘာမှ မမြင်ရဘူး။ သတင်းပလင်းဆို ယောက်ျား ပြောပြမှ သိရတာ များတယ်။ ဒီမနက်ဆို ဘုန်းကြီး ဆွမ်းကျွေးဖို့ ချက်ပြုတ်နေတော့ ဖေ့စ်ဘွတ်နဲ့ ခဏကင်းကွာ မိတယ်။ ပြန်လည်းဝင်ရော လစ်မစ်တက် အက်ဒီရှင် သောင်းငါးထောင် ကိစ္စ လူတကာပြောနေကြတာ ကိုယ်က ဘာမှန်းမသိလို့ လိုက်ရှာကြည့်ရသေးတယ်။
.
အသက်အရွယ်ကြောင့်လား အချိန်ပေးနိုင်မှုကြောင့်လား ကိုယ့်စိတ်ဝင်စားမှုကပဲ ပြောင်းလဲသွားလို့လား သတင်းဦး သတင်းထူးကို အရင်လို ရင်မခုန်မိတော့ဘူး။ ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘာဝတရား အလယ်မှာ သတင်းအသက်ကလည်း တမနက် ဖြစ်သွားပြီ။ ကဲ့ရဲ့ ခုနစ်ရက် ချီးမွမ်း ခုနစ်ရက်ဆိုတာလည်း များနေသေးတယ်။ ခဏနေရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြရော။
.
နဂိုက တယောက်နဲ့တယောက် စောင်းမြောင်း ပြောဆို မလိုတဲ့ သူတွေလည်း မကြာခင် သိပ်ချစ်တဲ့ မိတ်ဆွေတွေ ဖြစ်သွားကြသလို နဂိုက သိပ်ခင်မင် ရင်းနှီး လုံးထွေး နေသူတွေလည်း သိပ်မကြာခင် မခေါ်မပြော ဘလော့ကြ အန်ကြ ဖြစ်သွားကြတာ အံ့သြစရာ တွေ့ရတယ်။ ဖေ့စ်ဘုတ် မိတ်ဆွေစာရင်းမှာ လူများများစားစား သိပ်မရှိတဲ့ မေဓာဝီကတော့ ဘယ်သူ့ကိုမှ unfriend မလုပ် block မလုပ်ခဲ့ပါဘူး။ မမြင်ချင်ရင် unfollow သာ လုပ်ပါတယ်။ ကိုယ့်ကိုသာ လူတချို့က အမြင်ကတ်စာရင်းထဲ ထည့်ပြီး unfriend တွေ block တွေ လုပ်တာတော့ ခံနေရတာပါပဲ။ ကိစ္စမရှိပါဘူး။ လူနည်းသွားတော့ စာဖတ်ရ သက်သာတယ်လို့သာ သဘောထား လိုက်ပါတယ်။
.
တဒါတလေတော့လည်း အားလုံးကို သိနေတာထက် ဘာကိုမှမသိတာက ပိုကောင်းသေးလို့ တွေးမိတယ်။
ဒီလိုဆိုတော့လည်း မေဓာဝီတယောက် ကိုယ့်ကိုယ်ကိုယ် ခေတ်နောက်ကျသူကြီးအဖြစ် ကျေနပ်စွာခံယူရင်း ခြေရာခွက် ကလေးထဲမှာ မျက်လုံးလေး ကလယ်ကလယ်နဲ့ ကျင်လည်နေရပါဦးမယ်။
***
မေဓာဝီ
17.02.17
23.19

Read More...

Wednesday, February 01, 2017

Sexy နဲ့ တဏှာ

***

ဇန်နဝါရီလ ၃၁ ရက်နေ့ ထုတ် မြန်မာတိုင်းမ် သတင်းစာမှာ “နှုတ်ထွက်စကား ဝတ်စားဆင်ယင်” ဆိုတဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရပါတယ်။ ဆောင်းပါးမှာ စာရေးသူက ခုခေတ် မိန်းကလေးတွေ ကိုယ်အမူအရာ နှုတ်အမူအရာ နဲ့ ဝတ်စားဆင်ယင်မှုကို သတိထားသင့်ကြောင်း ရေးသားထားတာကြောင့် ရည်ရွယ်ချက်က အင်မတန် ကောင်းပါတယ်။ ဒါပေမဲ့ ဆောင်းပါးမှာပါတဲ့ sexy ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ဖွင့်ဆိုချက်ကိုတော့ဖြင့် ဘဝင်မကျမိဘူး။
.
ဆောင်းပါးရေးသူက “မြန်မာမိန်းကလေးများ sexy ဆိုသော စကားလုံးကို သုံးစွဲနေကြသည် ဆိုခြင်းမှာ ထိတ်လန့်ဖွယ် ကောင်းလေစွ” လို့ ရေးထားတာ တွေ့ရတယ်။ sexy ကို မြန်မာအဘိဓာန်မှာ တဏှာရာဂ ကိစ္စ၊ ညှို့ဓာတ်ကောင်းသော၊ ရမ္မက်ကြွစေသော၊ လိင်စိတ် ဖြစ်ပေါ်စေသော” လို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ် လို့လည်း ဆိုပါတယ်။
.
နောက်တနေရာမှာ ဆောင်းပါးရှင်က … ၁၉၉၂ ခုနှစ်က စင်္ကာပူမှာ စင်္ကာပူနိုင်ငံသူ တယောက်က သူ့မိတ်ဆွေ အမျိုးသမီးကို sexy ဖြစ်တယ်လို့ ပြောလိုက်တာကို ကြားလိုက်ရလို့ မဆီမဆိုင် မျက်နှာပူမိပါသေးသတဲ့။ ပြောခံရတဲ့ မိန်းကလေးက ကျေနပ်သွားပေမဲ့ ဆောင်းပါးရှင်ကတော့ ဒီစကားလုံးကို ကြားရတာ နားမသက်သာသလို ရေးထားတာတွေ ဖတ်လိုက်ရပါတယ်။
.
တကယ်တော့ sexy ဆိုတာ အထက်မှာ ဖော်ပြထားတဲ့ မြန်မာ အဘိဓာန်က ဖွင့်သလိုအပြင် နောက်ထပ် အဓိပ္ပါယ်တွေလည်း ရှိပါသေးတယ်။
Oxford အဘိဓာန်မှာတော့ ခုလို တွေ့ရပါတယ်။
1. sexually attractive
2. sexually exciting
3. sexually excited
4. exciting and interesting 

စသဖြင့် ဖွင့်ဆိုထားတာဖြစ်ပြီး နံပါတ် ၄ အတွက် ဥပမာတွေကိုတော့ ခုလို ရေးထားပါတယ်။
- a sexy new range of software
- Accountancy just isn't sexy. ... တဲ့။
ဥပမာ နှစ်ခုလုံးဟာ လူကို ရည်ညွှန်းထားတာ မဟုတ်ပါဘူး။ ဒါကြောင့် sexy ဆိုတိုင်း တဏှာ ရာဂ ရမ္မက်နဲ့ လိင်ကိစ္စတွေချည်းလို့ သတ်မှတ် လို့မရပါဘူး။ လူကို ညွှန်းသည့်တိုင်အောင်လည်း ဒီနေ့ခေတ်မှာ sexy ဆိုတဲ့ စကားလုံးကို သုံးစွဲတာဟာ စိတ်မလုံခြုံစရာ မဟုတ်သလို ရှက်ဖွယ်လိလိ လည်း မဟုတ်တော့ပါဘူး။
.
ခေတ်ဆန်ဆန် ဝတ်စား ပြင်ဆင်ထားတဲ့ မိန်းကလေး တယောက် ကိုလည်း sexy ဖြစ်တယ် ပြောလို့ရသလို ပါးကွက်ကြားနဲ့ မြန်မာအင်္ကျီ လုံချည် ဆင်ယင်ပြီး ဆံရစ်ဝိုင်း ထုံးဖွဲ့ထားတဲ့ မိန်းကလေး တယောက်ကိုလည်း sexy ဖြစ်တယ်လို့ သုံးစွဲလိုက သုံးစွဲ နိုင်ပါတယ်။ ဆိုလိုတာကတော့ မလုံမခြုံဝတ်မှ လိင်စိတ် နှိုးဆွမှ sexy လို့သုံးကြတာ မဟုတ်ပါဘူး။ ချောတယ် လှတယ် ဆွဲဆောင်မှုရှိတယ် စိတ်ဝင်စားဖို့ ကောင်းတယ် ... ဆိုတဲ့ အသုံးတွေကို sexy လို့ သုံးနေကြပါပြီ။ attractive person ကို ဘန်းစကားအနေနဲ့ sexy beast လို့ သုံးစွဲပါသေးတယ်။
.
ဒါကြောင့် စင်္ကာပူက အမျိုးသမီးဟာ သူ့ကို sexy ဖြစ်တယ် ပြောခံရတော့ ကျေနပ်တယ်ဆိုတာ ကျေနပ်သင့်တာပါပဲ။ ဒါ မျက်နှာပူစရာမှ မဟုတ်တာ။ သူတို့က ယဉ်ကျေးမှု မရှိလို့ ဘိုဆန်လို့ ဆိုပြီး ဆောင်းပါးရှင်က ပြောထားပါသေးတယ်။ မြန်မာမိန်းကလေးတွေ ပါးစပ်ဖျား ဒီစကားလုံး ရောက်လာတာလဲ အံ့သြမိပါသတဲ့။ တကယ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ဒီ့ထက်မက အဓိပ္ပါယ်ဆိုးတဲ့ f**king စကားလုံး တောင် very အနေနဲ့ သုံးစွဲနေကြပြီပဲ။ မြန်မာလိုေ--ာက်ရမ်း မိုက်တယ် ဆိုတာကို လူအများစု နှုတ်ဖျားက အလွယ်တကူ သုံးစွဲနေကြတာမျိုးပါပဲ။
.
ယဉ်ကျေးမှုအရ လုံးဝ မသုံးဘဲနေရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းအရ ဒီလို သုံးနေတာကိုလည်း နားလည်ထားသင့်ပါတယ်။
.
sexy အသုံးအကြောင်း ရေးရင်းနဲ့ ခုနက မြန်မာအဘိဓာန်ထဲက တဏှာ ရာဂ ကိစ္စ ဆိုတာလေး ဖတ်ရတော့ တဏှာအကြောင်း ထပ်ပြောချင် မိပါသေးတယ်။
.
တဏှာ ဆိုတာ ပါဠိစကားလုံး၊ တရားကိုယ်ကောက်တော့ လောဘ၊ မြန်မာလို ဆိုရင် လိုချင် တပ်မက်တာ ပေါ့။ အဆင်းလှလှလေးကို ကြည့်ချင်တာလည်း တဏှာ၊ သာယာသံလေး နားထောင် ချင်တာလည်း တဏှာ၊ အနံ့မွှေးမွှေးလေး ရှူချင်တာလည်း တဏှာ၊ အရသာ ကောင်းကောင်းလေး စားချင်တာလည်း တဏှာ၊ နူးညံ့တဲ့ အထိအတွေ့မျိုး ထိတွေ့ခံစားချင်တာလဲ တဏှာ ... ပါပဲ။ တိုတိုပြောရရင်တော့ အာရုံ ငါးပါးပေါ်မှာ တွယ်တာ တပ်မက်မှုကို တဏှာလို့ ခေါ်တာပါပဲ။ (ဒီနေရာမှာ ပြောတဲ့ တဏှာက ကာမတဏှာကို ပြောတာပါ။ ဘဝတဏှာ ဝိဘဝတဏှာတွေ ရှိပါသေးတယ်။)
.
ဒါကြောင့် တဏှာဆိုတိုင်းလည်း ယောက်ျားမိန်းမ ထိတွေ့ကြ သာယာကြတဲ့စိတ်ကို ပြောတာ မဟုတ်သလို sexy ဆိုတိုင်းလည်း လိင်စိတ်နိုးကြွစေတာကို ပြောတာ မဟုတ်ပါဘူး ဆိုတဲ့အကြောင်း ... မြင်သလောက် သိသလောက်လေး ပြောလိုက်ရပါတယ် ... ။
***
မေဓာဝီ
၁၊ ဖေဖော်ဝါရီ၊ ၂၀၁၇

Read More...