Wednesday, May 27, 2015

မြစ်ကမ်းနံဘေးက ညနေခင်း ...


 မြစ်ကမ်းနံဘေးက ညနေခင်း
***
စိမ်းမြမြက်ပြင် မြေကမ္ဗလာ
မြက်ပန်းလေးများ ယိမ်းနွဲ့ကာ
စီးဆင်းနေဆဲ ရေဇလာ
မြစ်ကမ်းနံဘေးက တေးကဗျာ ... ။ ... ။ 
***

An evening beside the river
***
The grass looks like a greeny carpet;
little flowers swing and dance,
The river is reborn and flowing;
a wordless poem' what I reciting.
***
မေဓာဝီ
၂၇၊ မေ၊ ၂၀၁၅
၀၀း၀၅ နာရီ
(စင်္ကာပူ စံတော်ချိန်)

Read More...

Monday, May 25, 2015

ခရမ်းရောင် အလွမ်းည


ခရမ်းရောင် အလွမ်းည
***
အလွမ်းမှောင် ကျနေတဲ့
ခရမ်းရောင် ညပါလေ ... ၊
မီးပွင့်တွေ တလက်လက်
မျက်ရည်စက် ကြွေ ... ။ 

နေခဲ့တော့ ချစ်သူရေ
ကြားလေပြေ ဆော်အသွေး ... ၊
သြော် ... မဆွေးချင်လည်း
ဖော်ဝေးချိန် ထိုခဏကိုဖြင့်
မျှော်တွေးကာ ငိုနေရပါပေါ့
အို ... မေ့မှာ ဒဏ်ရာတွေနဲ့
ကံကြမ္မာ ဖန်လာခဲ့ပြီမို့
မြန်မကြာ မကွာဝေးရအောင် 
ကွယ် ... ပြန်ခဲ့မယ်လေး ... ။ ... ။
***
မေဓာဝီ
၂၅ ၊ ၀၅၊ ၁၅
၁၈း၅၅ နာရီ

Read More...

Saturday, May 23, 2015

ခွဲခွါခြင်း၏ အခြားမဲ့၌ ...



ခွဲခွါခြင်းကို နှစ်သိမ့်သော အပြုံး (ကိုနေဝင်း၊ ခင်ဝမ်း)
***
 
မကြာခင် ပြန်ဆုံရမယ် ဒီလိုကိုယ်မှတ်ထားမယ်
အတူတူ နေနိုင်တုန်းမှာ အသည်းလေး လွမ်းစမချည်နဲ့
မျက်ရည်မိုးမင်းမရွာနဲ့  ပြုံးနိုင်တုန်းမှာ အချစ်ရေ ပြုံးထားပါအုံး။

အဆင်မပြေစဉ် ခဏမှာ  ဒီပုံကြုံမှာပဲလေ
ဘယ်သူတွေလွတ်ကင်းမလဲ  အရိုးဆုံးဖြစ်ရပ်တွေပဲ
အချစ်ရေ စိတ်ချနေခဲ့ ဆောင်းငွေ့နှင်းတွေနဲ့ ကိုယ်အရောက်ရောက်လာမယ် … ။

မကြွေခင် ပင်ယံထက်မှာ အစီအရီ သဇင်ပွင့်ပန်းတွေ
ချွေသူချူယူမဆွတ်ခင်  အစွမ်းပြ ဆက်လို့ ပွင့်တုန်း
အချစ်ရေ ဆွေးမြေ့မနေနဲ့  ခွဲခွါခြင်းကို တုပြိုင် ပြုံးစမ်းပါအုံး … ။

မကြာခင် ပြန်ဆုံရမယ် ဒီလိုကိုယ်မှတ်ထားမယ်
အတူတူ နေနိုင်တုန်းမှာ အသည်းလေး လွမ်းစမချည်နဲ့
မျက်ရည်မိုးမင်းမရွာနဲ့  ပြုံးနိုင်တုန်းမှာ အချစ်ရေ ပြုံးထားပါအုံး။
 
ခွဲခွါခြင်းကို တုပြိုင် ပြုံးစမ်းပါအုံး ... 
ခွဲခွါခြင်းကို တုပြိုင် ပြုံးစမ်းပါအုံး ...
ခွဲခွါခြင်းကို တုပြိုင် ပြုံးစမ်းပါအုံး ... 
 ***

ဒီသီချင်းလေးကို နားထောင်ဖြစ်တုန်းက ၁၉၉၁ ခုနှစ်လောက်ကလို့ ထင်ပါတယ်။ ခင်ဝမ်းရဲ့ “အမှောင်ကို ထွန်းညှိမယ့်မီးအိမ်” သီချင်းအယ်လ်ဘမ်ထဲကပေါ့။ ဒီသီချင်းကို နှစ်သက်လို့ အထပ်ထပ် နားထောင်ခဲ့တယ်။ စကားလုံး တလုံးချင်းစီကို ခံစားပြီး နားထောင်ခဲ့တယ်။ ကိုယ်ချစ်တဲ့သူနဲ့ ခွဲခွါချိန်ဆိုတာကို ဘယ်သူမှ မကြုံချင်ပေမဲ့ မလွဲမသွေ ကြုံကြိုက်လာရတဲ့အခါ ခွဲခွါခြင်းကို ခံနိုင်ရည်ရှိဖို့ ... ပြုံးပြုံးလေး ခွဲခွါနိုင်ဖို့ အင်အားတွေ ပေးတဲ့ သီချင်းလေးလို့ ရိုးရိုးလေး တွေးလို့ရသလို ... 

လည်ပတ်နေတဲ့ သံသရာစက်ဝိုင်းကြီးထဲမှာ တွေ့ ဆုံ ကြုံ ကွဲ ဆိုတဲ့ မမြဲခြင်းတရားကို ခပ်ပါးပါးလေး ပြထားတယ်လို့ ခံစားခဲ့မိတယ်။ ဆုံဆည်းခြင်းဟာ မမြဲသလို ... ခွဲခွါခြင်းဆိုတာကလည်း အမြဲမဟုတ်နိုင်ဘူး  ... ခွဲခွါပြီးတဲ့အခါ တချိန်ချိန်မှာ ပြန်လည်ဆုံတွေ့နိုင်တာပဲ။ ဒါကြောင့် အခိုက်အတန့် ကြုံဆုံရခိုက် ... ခွဲခွါရမှာကို ကြိုတင် ပူပန်ပြီး ဝမ်းနည်းပူဆွေးနေမယ့်အစား ... အတူရှိနေစဉ် အချိန်လေးတွေကို  အကျိုးမမဲ့စေဘဲ ပြုံးပျော်နိုင်ရမယ်ပေါ့ ... ။ တနည်းအားဖြင့် ပြုံးလျက်နဲ့ ခွဲခွါနိုင်အောင် ကြိုတင်ပြင်ဆင်ထားရမယ် ဆိုတဲ့သဘောလို့ ကိုယ့်ဘာသာ တွေးခဲ့မိတယ်။  

ခွဲခွါရမယ့်သူကို သဇင်ပန်းလေးတွေနဲ့ ဥပမာထားပြီး အားပေးတာကလဲ သိပ်လှပါတယ်။ ပင်မြင့်ထက်မှာ လန်းဆန်းနေတဲ့ သဇင်ပန်းလေးတွေဟာ သူ့ဘာသာပဲ ကြွေကြွေ ချွေသူ ချူသူရှိလို့ပဲ ကြွေကြွေ ... မကြွေခင်အချိန်ထိ အစွမ်းကုန် ပွင့်လန်းခဲ့တယ်။ သူတော့ ကြွေကျတော့မှာပဲ ... သူ့ကိုတော့ ဆွတ်ချူတော့မှာပဲ ... ခူးချွေခံရတော့မှာပဲ ဆိုပြီး ဝမ်းနည်း မနေဘဲ နောက်ဆုံးချိန်ထိ သူ့တာဝန်သူ  ဆောင်ရွက်သွားခဲ့တယ် မဟုတ်လား ... ။ 

ဒီသီချင်းလေးကို နှစ်ခြိုက်စွာ နားထောင်ပြီးခဲ့တဲ့နောက် သီချင်းကို မှီးပြီး ကဗျာတပုဒ် ရေးဖြစ်ခဲ့တယ်၊ ခွဲခွါခြင်း၏ အခြားမဲ့၌ ... တဲ့။ ရေးဖြစ်ခဲ့ချိန်က ၁၉၉၁ ခုနှစ် မေလ ... ။ သိပ်တော့မကြာသေးပါဘူး လွန်ခဲ့တဲ့ ၂၄ နှစ်က ... ။
***
ခွဲခွါခြင်း၏ အခြားမဲ့၌

ခွဲရတော့မယ် တကယ်ပဲလား
နှုတ်ဖျားအလွမ်း မျက်ရည်စမ်းနဲ့
အနမ်းမိုးတွေ ဝေနေဆဲ ... ။

မခွဲမခွါ မကွဲကွာခင်
သည့်အရင်က တွေ့ကြဆုံကြ
ကြည်နူးကြနဲ့ ဝေးရဖို့အရေး
အတွေးထဲ မရှိ။

ဆုံဆည်းမှု၏ အဆုံးနိဂုံး
အို - မုန်းစဖွယ်၊ ခွဲရမယ် ... တဲ့
တကယ်ဆိုက၊ ခွဲခွါကြပြီး
ပြန်၍ နီးမှာ၊ မသိပါလား
ခွဲခွါနှုတ်ဆက်၊ မျက်ရည်စက်က
တွေ့ဆုံရဖို့၊ နီးရဖို့ကို
အစနိဒါန်း ပျိးခဲ့ပြီ။

သည်တော့လေ ခင် ... 
မခွဲချင်လည်း၊  ခွဲရမှာပေါ့
ခင်တိတ်တော့နော်၊ အဖော်မပါ
တယောက်သာတည်း၊ ဒီခရီးကို
သွားပြီးတခါ၊ ပြန်လာမှာပဲ
ခွဲခွါမှုကို၊ တုပြိုင်ဖုံးလွှမ်း
ပြုံးစမ်းပါ ... ခင် ... ။ ... ။
***
မေဓာဝီ
၁၆၊ မေ၊ ၁၉၉၁
***
ခွဲခွါခြင်းများကို အပြုံးဖြင့်သာ ရင်ဆိုင်နိုင်ကြပါစေ / ရင်ဆိုင်နိုင်ရပါလို၏။

၂၃၊ မေ၊ ၂၀၁၅
၁၉း၀၃ နာရီ

Read More...

Thursday, May 14, 2015

မြစ်ကမ်းနံဘေးက မြက်ခင်းလေး ...



အိမ်နဲ့ မနီးမဝေးမှာ Kallang river လို့ခေါ်တဲ့ မြစ်ကလေး တစင်းရှိတယ်။ စင်္ကာပူမှာ အရှည်ဆုံးမြစ်ဆိုတဲ့ ဒီမြစ်က ၁၀ ကီလိုမီတာ ရှည်သတဲ့ ... ။ မိုင်ပေါင်း ၁၃၀၀ ကျော် (ကီလိုမီတာ အားဖြင့် ၂၀၀၀ကျော်) ရှည်လျားတဲ့ ကိုယ့်နိုင်ငံက ဧရာဝတီမြစ်ကြီးနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီမြစ်ကလေးက ချောင်းသာသာ။

ခင်ပွန်းသည် အလုပ်အားတဲ့ ညနေခင်းတွေဆို အဲဒီမြစ်ကမ်းနံဘေးမှာ နှစ်ယောက်အတူ လမ်းလျှောက်လေ့ရှိကြတယ်။ မြစ်ပြင်ကိုဖြတ် တိုက်ခတ်လာတဲ့လေကို တဝကြီးရှူရှိုက်ပြီး ကမ်းခြေက မြက်ခင်းလေးပေါ်မှာ ပါလာတဲ့ မုန့်တွေထိုင်စားရင်း နှစ်ယောက်သား စာအကြောင်း ပေအကြောင်း ရောက်တတ်ရာရာတွေ ပြောဆိုဆွေးနွေးကြတဲ့ ညနေခင်းလေးတွေဟာ တကယ်ကို သာယာလှပါတယ်။


 မြစ်ကမ်းခြေမှာ မြက်ခင်းစိမ်းစိမ်းလေးနဲ့၊ စီတန်းနေတဲ့ အုန်းပင်တန်းလေးနဲ့၊ အပမ်းဖြေနားနေဖို့ ခုံတန်းလေးတွေနဲ့ ... စသဖြင့် ရှိကြသလို သန့်ရှင်းသပ်ရပ်တဲ့ သန့်စင်ခန်းလေးတွေနဲ့ အချိုရည်ဝယ်လို့ရတဲ့ vending machine တို့လည်း ရှိပါတယ်။ အားကစား လေ့ကျင့်သူတွေ၊ လေညင်းခံ လမ်းလျှောက်သူတွေ၊ အပမ်းဖြေ လာရောက်သူတွေနဲ့ မြစ်ကမ်းခြေရဲ့ ညနေခင်းလေးက စည်စည်ကားကားပေါ့။ မြစ်ထဲမှာတော့ ဒိုက် အမှိုက် ရှင်းတဲ့ စက်လှေငယ်လေးတွေ၊ ပြိုင်ပွဲအတွက်  လေ့ကျင့်နေတဲ့ လှေလှော်အဖွဲ့တွေနဲ့ မြစ်ငယ်ကလေးက သက်ဝင်လှုပ်ရှားလို့။

တချိန်က ဗြိတိသျှကိုလိုနီခေတ် မတိုင်ခင်ကဆို ဒီမြစ်ကလေးကို အမှီပြုနေထိုင်သူတွေ အများသားလို့ သိရတယ်။ မြစ်ကမ်းနံဘေးမှာ တဲကလေးတွေနဲ့ နေထိုင်ကြသူတွေရော လှေတွေကို အိမ်လုပ်ပြီး တံငါအလုပ်နဲ့ အသက်မွေးသူတွေရောပေါ့။ ဒီနေရာတဝိုက်ကလဲ ရွှံ့နွံတောကြီးဆိုပဲ။  နောက်ပိုင်း ဗြိတိသျှတွေ ဒီကျွန်းကလေးကို ရောက်လာတော့ ကျွန်းအုပ်ချုပ်သူက သူတို့ကို တခြားကို ရွှေ့လိုက်တယ်။ ဒီ့နောက်မှာတော့ ကုန်သွယ်မှုအတွက် ဒီမြစ်ကလေးကို အသုံးချလာကြပြန်ပါတယ်။


အခုတော့ ... ကွေ့ကောက်စွာ စီးဆင်းနေတဲ့ ဒီမြစ်ငယ်ကလေး နံဘေးမှာ စက်ရုံအလုပ်ရုံ မရှိသလောက်ပါပဲတဲ့။ ဒီမြစ်ကလေးအနီးတဝိုက် စိမ်းစိုသာယာဖို့ ပရောဂျက်တွေချပြီး လုပ်ကြတယ်၊ မြစ်ရေအနက်ကိုလည်း တသမတ်တည်း ရှိနေဖို့ ထိမ်းသိမ်းထားကြပြီး မြစ်ထဲမှာ လှေပြိုင်ပွဲတွေလည်း ကျင်းပလေ့ရှိကြတယ်လို့ သိရပါတယ်။

ပင်လယ် မြစ်ချောင်း အင်းအိုင်တွေကို နှစ်သက်သူပီပီ ဒီမြစ်ကလေးရဲ့ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်လေးကို ပြန်တွေးရင်း ကိုယ့်နိုင်ငံက မြစ်ပြင်ကျယ်ကြီးတွေရဲ့ ပုံရိပ်ဟာ စိတ်ထဲ အစီအရီ ပေါ်လာတော့တယ်။ အရှိန်ပြင်းစွာစီးဆင်းနေတဲ့ ညစ်ထေးထေး မြစ်ရေတွေ ... ဒီမြစ်ရေကိုပဲ ချိုးကြ သောက်ကြ လျှော်ဖွပ်ကြတဲ့ မြစ်ကမ်းနံဘေးမှာ နေထိုင်သူတွေ ... မြစ်ရေတိုက်စားလို့ ပြိုကျခဲ့ရတဲ့ ကမ်းပါးတွေ ... မြစ်ရေတိုးလို့ နစ်မြုပ်ခဲ့ရတဲ့ အိမ်ကလေးတွေ ... မြစ်ရေစီးကြောင်းထဲက ဘဝတွေ ဘဝတွေ ... ။ ဒါတွေကို  မြင်ယောင်ရင်း ကိုယ့်နိုင်ငံက မြစ်ကြီးတွေရဲ့ ကမ်းခြေတွေမှာ စိမ်းစိုတဲ့ မြက်ခင်းကလေးတွေ ဘယ်တော့များမှ လက်တွေ့ မြင်ရပါ့မလဲလို့ ... လို့ ဝေဝေဝါးဝါး စဉ်းစားနေမိပါရဲ့ ... ။
***
မေဓာဝီ
၁၄၊ မေ၊ ၂၀၁၅
၁၈း၀၃ နာရီ (စင်္ကာပူ စံတော်ချိန်)

(ဖေ့စ်ဘုတ်မှာ တင်ထားတာလေး ပျောက်သွားမှာစိုးလို့ ဒီမှာလဲ ပြန်တင်လိုက်ပါတယ်)

Read More...

Tuesday, May 05, 2015

ဒီကနေ့ ...

စာမရေးဖြစ်တာလဲ ကြာပေါ့ ... ။ 
ဘာလိုလိုနဲ့ စင်္ကာပူကို ရောက်တာ တလကျော်သွားပြီ။ ကျမတို့ရဲ့ မင်္ဂလာနေ့လေးလဲ ဒီကနေ့ဆို ၂ လ ပြည့်ခဲ့ပါပြီ။



မင်္ဂလာနေ့ကို သတ်မှတ်မယ်ဆိုတော့ မြန်မာလိုလား၊ အင်္ဂလိပ်လိုလား၊ ဆွမ်းကျွေးတဲ့နေ့လား၊ လက်မှတ်ထိုးတဲ့နေ့လား ... စသဖြင့် စဉ်းစားတော့ officially က လက်မှတ်ထိုးတဲ့နေ့ (မတ်လ ၅ ရက်နေ့) ပေါ့။ ကျမနှစ်သက်တာကတော့ မြန်မာလိုနေ့ တပို့တွဲလပြည့်နေ့ (မတ်လ ၄ ရက်နေ့) ပေါ့။ အဲဒီနေ့က ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးတဲ့နေ့ပါ။ လပြည့်နေ့တိုင်း အမှတ်တရ ရှိနေအောင် လပြည့်နေ့ကို ရွေးချယ်ခဲ့ကြတယ်။ လပြည့်နေ့က တရားရုံးတွေပိတ်ရက်ဖြစ်နေလို့ နောက်တရက် ၅ ရက်နေ့မှ လက်မှတ်သွားထိုးဖြစ်ကြတယ်။ ဆိုတော့ မတ်လ ၄ ရက် သို့မဟုတ် ၅ ရက် အဆင်ပြေတဲ့ တရက်ကိုသာ မင်္ဂလာရက်အဖြစ် သတ်မှတ်ကြပါစို့လို့ နှစ်ယောက်လုံး ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျမတို့ရဲ့ မင်္ဂလာပွဲလေးကို ပကာသနမပါ၊ ဧည့်ပရိသတ်မပါဘဲ နှစ်ဖက်မိဘသာပါပြီး ရိုးရှင်းစွာ ပြုလုပ်ခဲ့ကြပါတယ်။ မင်္ဂလာအမှတ်တရအနေနဲ့ သုခရိပ်မြုံက HIV ဝေဒနာ ခံစားနေရတဲ့ ကလေးတွေအတွက် ငွေလှူဒါန်းခဲ့ပြီး ကလေးတွေနဲ့အတူ ကဗျာလေးတပုဒ် ရွတ်ခဲ့ပါတယ်။ သူနဲ့ကျမ နှစ်ဦးလုံးရဲ့ ဆန္ဒအရ ဒီလိုပဲ အကျဉ်းချုံးခဲ့ကြတာပါ။ တကယ်တော့ အိမ်ထောင်ပြုရာမှာ နှစ်ဦးသား စိတ်တူ ကိုယ်တူနဲ့ နားလည်မှုရှိဖို့က အဓိကပဲ မဟုတ်လား။

မိတ်ဆွေအပေါင်းအသင်း ဘယ်သူ့ကိုမှ အသိမပေးဘဲ မင်္ဂလာပွဲကလေး လုပ်ခဲ့ပြီးမှ မတ်လ ၁၂ ရက်နေ့မှာ ခုလို ကြေငြာချက်ကလေး ဖေ့စ်ဘွတ်မှာ ရေးတင်လိုက်တယ်။

"ကြေငြာချက်"
 
လွယ်အိတ်ညိုလေး နှစ်လုံး
အဖုံးလေးနဲ့ စာချုပ်နှစ်စောင်
ရွှေရောင်လက်စွပ်လေး နှစ်ကွင်းနဲ့
ရိုးရှင်းစွာ ဘဝကို စခဲ့ကြတယ်။

တို့နှစ်ယောက်ရဲ့ ကမ္ဘာ
ပကာသနတွေပယ်ကာ
မာနတွေဖယ်ခွါ
သဒ္ဓါ သီလ စာဂ ပညာ
တူညီစွာ ဖြည့်ကျင့်ပြီး
ခရီးလမ်းဆုံးထိ လျှောက်ကြမယ် ... 
နော် ... ကွယ် ... ။ ... ။ 
***
(မေဓာဝီ ၁၂.၀၃.၁၅)

မင်္ဂလာပွဲပြီးပြီးချင်း ပျားရည်လည်း မဆမ်းနိုင်သလို၊ သူ အလုပ်လုပ်ရာ စင်္ကာပူနိုင်ငံကိုလည်း ချက်ချင်းကြီး မလိုက်နိုင်သေးပါဘူး။ ခွင့်နဲ့လာတဲ့ သူက တဖက်မှာ စီစဉ်စရာရှိတာ စီစဉ်ဖို့ မတ်လ ၇ ရက်နေ့မှာ ပြန်သွားပြီး ကျမကတော့ ရန်ကုန်မှာ ကျန်ခဲ့တာပေါ့။ ဧပြီ တရက်နေ့ကျမှ ပိုးသားလေကြောင်းနဲ့ ကျမ စင်္ကာပူကို ရောက်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် April Fool လုပ်မိသလိုလို ဘာလိုလိုပေါ့။ ငှားထားတဲ့ အိမ်ခန်းလေးဆီ ရောက်တော့ ဘာမှမရှိတဲ့ အခန်းလေးက နွေးထွေးစွာ ကြိုဆိုပါတယ်။

ဒီလိုနဲ့ ကျမတို့နှစ်ယောက်ဘဝ စတင်ခဲ့ကြတယ်။ 
ရုပ်ဝတ္ထုအနေနဲ့ မပြည့်စုံမှုလေးတွေ  အနည်းအကျဉ်းရှိပေမယ့် ကျမနံဘေးမှာ သူရှိနေတဲ့အတွက် နေသာ ဖြေသာပါတယ်။ သူနဲ့ကျမ တယောက် အားနည်းချက် တယောက် နားလည်ပေးလို့ တယောက်နဲ့ တယောက် ညှိနှိုင်းရင်း ကျမတို့ လျှောက်လှမ်းခဲ့ကြတာ ခုဆိုရင် ရက်ပေါင်း ၆၀ ... ။ တကယ်တမ်း အတူနေရတာကတော့ ရက်ပေါင်း ၄၀ ရှိခဲ့ပါပြီ။ 

ကျမအပေါ် နားလည်ပေး စာနာပေး ကြင်နာမြတ်နိုးမှုတွေ ပေးကာ လက်တွဲခဲ့တဲ့ ... သူ့ကို ... ကျမက ကျေးဇူးတင်သလို ... သူကလဲ ကျမကို ကျေးဇူးတင်ပါသတဲ့။ မနေ့က ကျမအတွက် ဟောဒီကဗျာလေး သူရေးပေးခဲ့ပါတယ်။
***
"ကျွန်တော့် ကဗျာ"

သူက ကျွန်တော့်ကဗျာ ... 
နှလုံးသားမြစ်တခု ထုဆစ်မွေးဖွါးပေးခဲ့တယ်။
တိမ်ဖုံးတဲ့ ညခင်းမှာ 
လဝန်းကို သူရှာပေးခဲ့တယ်။

စုန်ချီတခါ ဆန်ချီတလှည့်
ဦးတည်ရာမဲ့နေတဲ့ ဒိုက်အမှိုက်ကလေးကို
နွေ လေအမြူးမှာ ... လေဦပေါ် တင်ခေါ်ခဲ့သူပါ။

သူ .... 
သူဟာ ကျွန်တော့်ရဲ့ ကဗျာ
ကဗျာစစ်စစ်ဟာ
သူပဲ ဖြစ်လေတော့တယ်။    ။ 
***
(လင်းသူရိယနွယ် - ၄.၀၅.၁၅)
***




Read More...