Friday, July 16, 2010

အခြေအနေ

အခြေမကျတဲ့ ဘ၀မှာ
အနေရကျပ်တယ်။
အခြေမခိုင်တဲ့အခါ
အနေယိုင်လာတယ်။
အခြေပျက်တော့
အနေခက်ပြန်တယ်။

အနေပြောင်းရင် ...
အခြေကောင်းလာမလား။
အနေရိုးရင် ...
အခြေဆိုးသွားမလား။
အနေမှန်မှ ...
အခြေဟန်ကျမလား။
စဉ်းစားရင်း ခေါင်းရှုပ်
(တော်ပါပြီ … )
ငုတ်တုတ်ပဲ ထိုင်နေတော့မယ်။

***
မေဓာဝီ
၁၆၊ ဇူလိုင်၊ ၂၀၁၀
၂၂း၄၀ နာရီ

Read More...

Thursday, July 15, 2010

မြိန်ရာဟင်းကောင်း

ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း … တဲ့။
တခါတခါ ဘာမဟုတ်တဲ့ ဟင်းကလေးတွေက ထမင်းကို မြိန်စေတယ်။ ကျမကတော့ ကြက်သား ၀က်သားလို သားကြီး ငါးကြီးလဲ သိပ်မကြိုက်လှပါဘူး။ ငါးသေး ငါးမွှား၊ ငါးခြောက် ငါးခြမ်းတို့ ဘာတို့ ထွေလီကာလီ စားရတာ ပိုနှစ်သက်တယ်။ ဒါနဲ့ ဒီကနေ့မနက် ဦးရီးတော် အလုပ်သွားတုန်း ဗီရိုဖွင့်ပြီး ဘာချက်ရင် ကောင်းမလဲ လိုက်ရှာတော့ မြန်မာပြည်က ပို့ထားတဲ့ ငါးနီတူခြောက်တထုပ် တွေ့တယ်။ ဘယ်တုန်းက ပို့ထားလဲတော့ မသိ၊ အထုပ်မှာ တံဆိပ်လဲမပါ၊ ရက်လွန်နေ့စွဲလဲ မပါဘူး၊ ဒါပေမဲ့ မြန်မာအစားအစာ အိပ်စပါယာ မရှိလို့ သဘောထားပြီး ရဲရဲဝံ့ဝံ့ ချက်စားဖို့ ဆုံးဖြတ်လိုက်တယ်။
ငါးခြောက်တွေကို အထုပ်ဖောက် ဗန်းထဲထည့်ပြီး အမှုန်အမွှားလေး ဘာလေးဖယ်လိုက်တယ်။
အကုန်ချက်ရင် များနေမယ် ထင်လို့ လက်တဆုပ်လောက် ကြော်ဖို့ ဖယ်ပြီး ကျန်တာကို ရေစိမ်ထားပါတယ်။
လက်တဆုပ် ကြော်မယ့် ငါးခြောက်အတွက်တော့ ကြက်သွန်ဖြူလေး နည်းနည်း လှီးပြီး အရင်ကြော်၊ ပြီးမှ ငါးခြောက်ထည့် မွှေလိုက်တာပဲ။ ငါးခြောက်ကို မီးအေးအေးနဲ့ စိတ်ရှည်ရှည် ကြော်ရပါတယ်။ မီးပြင်းတိုက်ရင် ငါးခြောက်တူးပြီး ကျက်မှာ မဟုတ်ဘူး (ထင်တာပဲ)။

ကြော်ရင်း မြည်းရင်းနဲ့ မီးဖိုပေါ်ကလဲ ချရော ငါးခြောက်က တော်တော်လေး နည်းနေပြီ။ ငါးခြောက်တမျိုးထဲကို ကြော်လဲကြော် ချက်လဲချက်တော့ ဟင်း နှစ်ခွက်ဖြစ်သွားတာပေါ့။ ဟင်းခွက်များအောင် ပွါးတဲ့နည်း။ :)
ငါးခြောက်ဟင်း အတွက် ထည့်ရမယ့် အခြေခံလိုအပ်ချက် လေးတွေ။

ဟင်းကတော့ ကိုယ့်ထက် အားလုံးက ချက်တတ်ပြီးသားမို့ ချက်နည်း အဆင့်ဆင့် ရေးမနေတော့ပါဘူး။ ငါးခြောက်နဲ့ဆို ဘာဟင်းရည်နဲ့ လိုက်ဖက်မလဲ စဉ်းစားတော့ ပဲနီလေး ... လို့ ခေါင်းထဲက ပေါ်လာတယ်။ မြန်တယ် လွယ်တယ် သောက်လို့လဲ ကောင်းတယ်။ ပဲကိုရေဆေး၊ ချင်း ကြက်သွန်ဖြူ အပြားလေးတွေလှီးပြီး ဆီနည်းနည်း နနွင်းမှုန့်နည်းနည်းနဲ့ မီးပေါ်တင် ခဏမွှေ၊ နောက်မှ ရေထည့်ပြီး တမေ့တမော တည်ထားလိုက်တာပဲ။ ပဲနူးမှ ဆားထည့် မြည်းကြည့်၊ အိုကေရင် မီးပေါ်ကချ။ ဘယ်လောက် လွယ်သလဲ။ ကျက်သွားပြီ တခွက်။

ပဲဟင်း ငါးခြောက် နှစ်မျိုးထဲ သိပ်မနိပ်သေးဘူး။ ငရုတ်သီးဆားထောင်းလေးနဲ့ဆို ပိုကောင်းမယ်၊ မစားရတာလဲ ကြာပြီ။ ဒါနဲ့ ကြက်သွန်ဖြူ သုံးမွှာလောက်ရယ် ဆားကလေးနဲ့ လှော်ထားပြီး ဗူးထဲ ထည့် သိမ်းထားတဲ့ ငရုတ်သီးအကြမ်းမှုန့် ၂ ဇွန်း ၃ ဇွန်းလောက် ရောထည့် ငရုတ်ဆုံနဲ့ ထောင်းလိုက်တယ်။ ငရုတ်ဆုံ ကပ်နေတာလေး ယူပြီး မြည်းကြည့်တော့ မဆိုးဘူး၊ စပ်သားပဲ။ အစပ်က ထမင်းကို မြိန်စေတယ် မဟုတ်လား။

ခရမ်းသီးနှပ် မနေ့ကချက်ထားတာ ရေခဲသေတ္တာထဲ ရှိသေးတယ်။ အဲဒါလေးပါထုတ်ပြီး နောက်ဆုံးအနေနဲ့ စားပွဲပေါ် ခင်းကျင်း ပြင်ဆင်လိုက်ပါတယ်။ ကဲ ... ဒီကနေ့အတွက် ဟင်းလျာကတော့ ဤမျှပါပဲ။ ဟင်းအားလုံး ကျက်မှ သတိရတယ် ဦးရီးတော်က ဒီည ဒင်နာရှိလို့ ညစာမစားဘူးတဲ့။ မြိန်ရာဟင်းကောင်းလေးကို ဒီနေ့တော့ တယောက်ထဲ စားရတော့မှာပေါ့။
မှတ်ချက်။ ... ။ ရှယ်မဟုတ်လို့ ဟင်းခွက်တွေမှာ ဇွန်းမတပ်ထားတာပါ။ လက်နဲ့တော့ မနှိုက်ကြနဲ့ပေါ့။ ပြီးတော့ နည်းနည်းလေး ချက်ထားတာမို့ မြည်းရုံ မြည်းကြည့်ကြပါ၊ အ၀စားချင် မရွှေစင်ဆီသွား။

Read More...

Tuesday, July 13, 2010

အရေပြား … ပါးများ ပါးနေလား

ဇူလိုင် ၅ရက်နေ့က တင်ခဲ့တဲ့ “အမှိုက်များ လွင့်နေသည်” ပို့စ်မှာ ကျမကို ဖတ်စာ ကူညီရှာဖွေ ပြင်ဆင်ပေးတဲ့ ကိုဇော်ဇော်အောင်နဲ့ ဂျီတော့ခ်မှာ တွေ့လို့ ကျေးဇူးစကားပြောရင်း သူ့ဆီကနေ ဘလော့တွေ ၀င်ဖတ်မရတာမို့ အဲဒီဆောင်းပါး သူဖတ်ရအောင် မေးလ်နဲ့ ပို့လိုက်တယ်။ သူက ကျမ ဘလော့စရေးခါစလောက် ကတည်းက ကျမစာတွေကို အမြဲ ဖတ်ရှု ဝေဖန် ပေးခဲ့သူ တယောက်ပါ။ တခါတရံ ကျမ လိုအပ်တဲ့ အချက်အလက်တွေလဲ ကူညီရှာဖွေ ပေးလေ့ရှိတယ်။ ခု ကျမပို့စ်ကို သူ ဖတ်ပြီးတဲ့အခါ ကျမ အမှတ်တမဲ့ မှားသွားတာလေးတွေ ထောက်ပြ ဝေဖန်ပေးပါတယ်။

တကယ်တော့ ဝေဖန်ရေးဆိုတာ ဘယ်နေရာမှာ မဆို လိုအပ်တယ်လို့ ကျမကတော့ မြင်မိတယ်။ အထူးသဖြင့် ကျမတို့လို ၀ါသနာအရ စာရေးနေသူတွေအဖို့ ဝေဖန်ရေးရှိမှ တိုးတက်မယ် မဟုတ်လား။ ဒါပေမဲ့လဲ အပြုသဘော ဖြစ်ဖို့ကတော့ လိုတာပေါ့နော်။ ကျမ ဘလော့ရေးခါစက အမြင်မတူတာလေးတွေ လွဲနေတယ် ထင်တာလေးတွေ ဟိုလူ ဒီလူကို ထောက်ပြ ဝေဖန်မိပါတယ်၊ ကိုယ်သိသလောက် ဆိုပါတော့။ နောက်ပိုင်းတော့ အကြောင်းကြောင်းတွေကြောင့် အရင်လို သိပ်မပြောဖြစ်တော့ဘဲ ခပ်မဆိတ်ဘဲ နေမိတော့တယ်။ မနေနိုင်ရင် သိပ်ခင်တဲ့သူဆို မေးလ်ပို့ပြီး ပြောဖြစ်ပါတယ်။ ကျမ အမြင်တော့ ဘလော့ဂါအများစုဟာ အငြင်းပွါးရမယ့် ကိစ္စမျိုးကို အထူး ရှောင်ကြဉ်ကြတယ် ထင်ပါတယ်။ တချို့ကတော့ (ဥပမာ - ကိုပေါ) ကိုယ့်အမြင်ကိုယ် လွတ်လပ်စွာ ၀င်ရောက် ပြောဆို ဆွေးနွေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ အင်မတန်နည်းပါတယ်။

တယောက်နဲ့ တယောက်က အယူအဆချင်း အမြင်ချင်း ရာနှုန်းပြည့် ထပ်တူ မကျနိုင်ပါဘူး။ စာရေးသူ မတွေးမိတဲ့ ရှုထောင့်ကို စာဖတ်သူတွေက တွေးနိုင်ပါတယ်။ တွေးမိတဲ့ အမြင် အတွေးကိုလဲ လွတ်လပ်စွာ ပြောသင့် ဆွေးနွေးသင့်ပါတယ်။ မှားနေရင်လဲ ထောက်ပြ ညွှန်ပြနိုင်ပါတယ်။ ဒါကြောင့် ကျမကတော့ စာဖတ်သူတွေဆီက ပွင့်လင်းတဲ့ ဝေဖန်မှုကို လိုလိုလားလား လက်ခံ ကြိုဆိုပါတယ်၊ ဒီနေရာမှာ တခုရှိတာက အများနဲ့ မသင့်လျော်တဲ့ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားလုံးတွေ မဖြစ်ဖို့တော့ လိုတာပေါ့လေ။ အဲဒါကလွဲလို့ လူတိုင်းဖတ်ရင် အဆင်ပြေမယ့် အကောင်း/အဆိုး မှတ်ချက်များ အားလုံးကို ကြိုဆိုလက်ခံပါတယ်။ တဆက်တည်း စဉ်းစားမိတာက အများသူငါ ဖတ်လို့ရတဲ့ ဘလော့စာမျက်နှာတွေမှာ ရေးနေသူတွေဟာ အရေပြားထူထူတွေ ရှိဖို့လိုအပ်တယ် … လို့ပါ။ ကိုယ်တင်လိုက်တဲ့စာကို လူတန်းစား အမျိုးမျိုးက ဖတ်မှာပဲ။ ဒီနေရာမှာ လူတန်းစားဆိုတာ စာပေ ဗဟုသုတ အဆင့်အတန်းကိုပြောတာပါ။ စာဖတ်သူရဲ့ ၀မ်းစာ အဆင့်အတန်းအလိုက် ကိုယ့်စာကို နားလည်နိုင်စွမ်း လက်ခံနိုင်စွမ်းက မတူညီနိုင်ဘူး မဟုတ်လား။ ပြောချင်တာကတော့ ဘယ်လိုလူမျိုးက ဝေဖန်သည်ဖြစ်စေ ကိုယ်က အရေထူထူနဲ့ ခံနိုင်ရည်ရှိပြီး ချီးကျူးလဲ မမြောက်ဖို့၊ ကဲ့ရဲ့လဲ စိတ်ဓာတ်မကျဖို့ပေါ့။

ကျမလား … အင်း … ကျမ အရေထူသလား ပါးသလားဆိုတာ သူနဲ့ ကျမ အပြန်အလှန် ပြောဖြစ်တာလေးတွေကို ဖတ်ကြည့်ရင် သိမယ်ထင်တာပဲ။ ကျမဆောင်းပါး ဖတ်အပြီးမှာ သူက ကျမမှားနေတာကို တန်းမြင်တယ်၊ [ကျမက ဆောင်းပါးထဲမှာ “နွေအကုန် ဆောင်းအကူး”လို့ ရေးထားမိတာ။] ဒီလိုနဲ့ သူနဲ့ကျမ ခုလို ပြောဖြစ်ကြတယ်။ ဖတ်ကြည့်ပါအုံး။
***
he: အီးးးးး နွေကုန် ရင် မိုးနော်၊ ဆောင်းရောက်သေးဘူး ဟီး
me: ဟားဟား ဟုတ်ပ ရာသီဥတုတောင် မေ့ကုန်ပီ
မိုးအကုန် ဆောင်းအကူး ဖြစ်မယ်
he: ဒါပေမဲ့ တောင်လေတိုက်တာ မိုးရာသီ၊ ဆောင်းရာသီမှာ မြောက်လေနော်
me: ကျမမှတ်မိသလောက် အမှိုက်မီးရှို့တာ ဆောင်းဝင်စပဲ
he: ဟုတ်တယ် ဒါပေမဲ့ တောင်လေ က မိုးဝင်စ မှာတိုက်တာ
me: ပထမတုန်းက လေပွေတိုက်သည် နဲ့ လုပ်ထားတာ အကြာကြီးပဲ
ကိုဇော်ဇော်အောင်ပြောမှ ပြင်လိုက်တာ
he: ဟားး ကျနော်က တော့ ပြောပြီနော် ဟဲ
me: ပြောပါရှင် ပြောမှ သိမှာလေ ကျေးဇူးစကား ထပ်ရေးရမလိုဖြစ်နေပြီ
he: ဟာ နေအုံး သေချာ ဖတ်လိုက်အုံးမယ်
me: ဟုတ်
he: စာရေးတာ power ကျသွားသလိုဘဲ
me: အင်း ဟုတ်လား
ကိုယ့်ဟာကိုယ်တော့ သတိမထားမိဘူး ဘေးလူပြောမှသိမှာ
he: ဟုတ်တယ်
(10 minutes later)
he: မီးဘေးစိုးရိမ်ရတယ်လေ
me: :)
he: ဒီကဗျာက အဲဒါ ရေးထားတာလို့ တော့ ထင်မိတယ်
me: အင်း ဟုတ်မယ်
he: ဆောင်းတွင်းအတွက် ရေးထားတာမဟုတ်ဘူးနော်
me: ကျမဆိုလိုချင်တာ ရာသီက အဓိက မဟုတ်ဖူးလေ
he: ကျနော် နားလည်မိတာကို ပြောတာနော်
ဟုတ်ပါတယ်
me: အင်း ဟုတ်ပါတယ်
he: ဒါပေမဲ့ မီးရှို့တာပါတော့
me: ကျမက ကိုယ်လိုချင်တာ ဆွဲရေးလိုက်တာ
he: မဆီလျော်သလိုဖြစ်နေသလားလို့
me: မီးရှို့တာက တကယ်လုပ်ခဲ့တာကို ရေးတာ
he: ဝေဖန် တာကတော့ ရတယ်နော်။ ကိုယ်တိုင်သာမရေးတတ်တာ....
ဟုတ်တယ် ကိုယ်တိုင်လုပ်တာဘဲ လေ
me: ဝေဖန်ပါရှင် ရပါတယ် ဝေဖန်မှ ကိုယ့်အပြစ်အနာဆာ သိမှာလေ
he: အချိန်ကာလ က မဆီလျော်ဘူးလေ
me: အင်း ပေါ့နော်
he: ကဗျာရဲ့ စေတနာက - နွေ အကုန် မိုး အကူး
me: အင်း
he: နွေရာသီမှာတုန်းက တချိန်လုံးထားခဲ့တဲ့ သတိ
တောင်လေလာပြီ မိုးရွာတော့မယ်ဆိုပြီး မပေါ့ဘို့ပြောတာ
me: သြော် … ကျမအဲလောက်ထိ မတွေးမိဘူး ဖတ်စာကို
he: ဟာ... ဆရာမ ကလဲ
me: :)
he: အမှိုက် က သစ်ရွက်လို့ ပြောတာ မဟုတ်ဘူးလေ
me: အမှိုက်မှာ အများစုကတော့ သစ်ရွက်ပဲလေ
စက္ကူစုတ်တို့ ပလပ်စတစ် ကျွတ်ကျွတ်အိတ်တို့ကို ဆိုလိုတာတော့ မဖြစ်နိုင်ဘူး မို့လား
လေတိုက်ရင် သစ်ရွက်ကြွေမယ် သစ်ရွက်မှိုက်လွင့်မယ်လေ
ဟုတ်တယ်မို့လား
he: အမှိုက်က စ ပြဿဒ် မီးလောင်ဆိုတာရှိတယ် လေ
me: အင်းလေ
ကျမအခုဆောင်းပါးမှာ ဆိုလိုတာကတော့ အမှိုက်က သစ်ရွက်ပဲလေ
he: အင်း မှန်တော့မှန်တယ် ဒါပေမဲ့
အမှိုက်ဆို တာ သစ်ရွက် တမျိုးထဲမဟုတ်ဘူးလေ
me: ပီးတော့ ငယ်ငယ်က အမှိုက်ကောက်ခဲ့တယ် မီးရှို့ဖူးတယ် အဲဒီဖတ်စာကို သတိရရင်း ငယ်ငယ်ကဟာကို ပြန်တွေးမိတယ် အဲဒါကနေ ဆက်ပြီးတွေးမိတာ
အင်း လေ
ကျမဆိုလိုတာကတော့ သစ်ရွက်ပဲ
he: ပြန်ရေးလေ ဒီလိုလဲ တွေးလို့ရတယ် ဆိုတာ ဟဲ
me: :)
he: ဝေဖန်တာနော် အပြစ်ဆိုတာမဟုတ်ဘူး
me: အင်းပါ ဝေဖန်ပါရှင် ဘယ်လိုမှ မနေပါဘူး
he: ကော့မန့်တွေက ဘာတွေ ရေးထားသေးလဲ
me: ခဏလေး ပြန်ကြည့်အုံးမယ်

(ကွန်မန့်တွေ ကော်ပီကူး ပြလိုက်ပါတယ်။)

he: ဩ တော်သေးတာပေါ့နော် စိတ်အကြောင်းတွေဘဲ ရေးလို့
me: :) အင်း ဟုတ်တယ်
he: ရာသီဥတုက အရေးမကြီးလို့ မပြောတာနေမှာပါ
ပြီးတော့ အင်္ဂလန်မှာက နွေပြီးရင် ဆောင်းဘဲလေ
spring, summer, autumn, winter ဟုတ်တယ် ဟုတ်
me: ခုပြောင်းလိုက်ပီ ကျမရေးတာက မြန်မာရာသီကို ရေးတာလေ
he: မပြောင်းနဲ့တော့လေ ဒီအတိုင်းဘဲ ထားလိုက်ပေါ့
me: ပြောင်းပီးသွားပြီ
he: အာာ ဘယ် လိုပြောင်းလိုက်လဲ ပြောပြအုံးလေ
me: မိုးအကုန် ဆောင်းအကူးပေါ့
he: အဲဒါဆို
me: အိမ်မှာမီးရှို့တုန်းက မိုးအကုန် ဆောင်းအကူးပဲကို
he: တောင်လေဆိုတာ မှားသွားလိမ့်မယ်
me: ကျမက တောင်လေက အဓိက မဟုတ်ဘူးလေ
he: နွေကုန်ခါနီး မိုးအကူးလို့ဘဲ ရေးလိုက်ပါလား မီးရှို့တာက ဘယ်အချိန်ဘဲ ဖြစ်ဖြစ်လေ
me: ဟင့်အင်း
တောင်လေတိုက်လာပြီဆိုတာက ဖတ်စာအနေနဲ့ အစမို့ ထည့်ထားတာ
ကျမ အဓိက ဆိုလိုချင်တာက …
စိတ်နဲ့ တူတဲ့ အမှိုက်များလွင့်နေတာကို လိုက်ပြီးသိမ်းဆည်းရမှာ
မောဟနဲ့တူတဲ့ ငိုက်မျည်းခြင်း မဖြစ်အောင် သတိနဲ့ထိမ်းသိမ်းရမယ်
အဲဒါ လိုရင်းပဲ
တောင်လေဆိုတာတွေ မီးရှို့တာတွေက အရံ အဖြည့်ခံတွေပဲ ကိစ္စ မရှိဘူး
he: ဟုတ်ပါပြီ သဘောပါဘဲ
me: :)
he: :)
me: ငြင်းတာဟုတ်ဖူးနော်
he:
me: ကျမဆိုလိုရင်းကို ပြောပြတာပါ
he: နားလည်ပါတယ် ကျနော် က ဝေဖန်ပြတာလေ
me: အင်း ကျမလက်ခံပါတယ်
he: မေ့စာတွေကို ပြင်ပေးတာမဟုတ်ဘူးလေ ဟဲ
me: ဟုတ်ကဲ့ပါ
he: မနေ့ က ကမ္ဘာ ဖလားက အချိန်ပိုနဲ့ဆိုတော့
အတော်ကို ညဉ့်နက်မှာဘဲ နော်
me: ဒီမှာတော့ နက်ဖူးလေ
၉ ခွဲ လား ၁၀ မတ်တင်းလားပဲ
he:
ဒီမှာက တော့မနက်ထိအောင်ဖြစ်သွားတယ်လေ
me: :) အင်းပေါ့
he: အဲဒါနဲ့ဘဲ အိပ်လိုက်တာ ၉ နာရီမှဘဲ နိုးတယ် ဟဲ
me: အဖေလဲ အိပ်နေတာတဲ့ ခုနက စကားတောင် ထမပြောနိုင်ဘူး
he: ဟုတ်လား ကျနော်တော့ အောက်တော့မယ်
me: ဟုတ် တာ့တာ ဂွတ်နိုက်
he: တာ့တာ
***
သူကတော့ ကျမနဲ့ မငြင်းချင်တော့လို့ ထင်ပါရဲ့ စကားစဖြတ်ပြီး လော့အောက်လုပ်သွားတယ်။ ကျမလဲ ခုမှ ကိုယ်ပြောတာ ကိုယ်ပြန်ဖတ်ပြီး ကိုယ့်အရေပြားကိုယ် ခပ်ပါးပါးပဲ ရှိသေးတယ်လို့ ထင်မိပါရဲ့။ ကိုယ့်ကိုယ်ကိုယ် အတင်းကာပြီး ဇွတ်ငြင်းနေတာကိုး။ ပြီးတော့ ငြင်းတာမဟုတ်ဘူးလို့ ကမန်းကတန်း အတည်ပြုချက် ယူလိုက်ရသေးတယ်။ ချက်လစ်တွေ ပြန်ဖတ်ပြီး ကျမ တယောက်ထဲ ရယ်နေမိတယ် (လူကြီးရှက်တော့)။ ဝေဖန်ထောက်ပြပေးတဲ့ သူ့ကိုလဲ ကျေးဇူးအထူး တင်မိပါတယ်။ ဒါနဲ့ပဲ သူ့ခွင့်ပြုချက်တောင်းပြီး အရေပြားထူစေဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့အနေနဲ့ ဘလော့မှာ တင်လိုက်ပါတယ်။
***
မေဓာဝီ
၁၃၊ ဇူလိုင်၊ ၂၀၁၀
၁၆း၃၀ နာရီ

Read More...

Monday, July 12, 2010

စကားတွေ ... စကားတွေ ...

ဟိုတလောဆီက မြန်မာဘလော့တွေမှာ ကကြီး ခကွေး စာအံသံတွေ ဆူညံနေတာ သတိထားမိတယ်။ အဲဒီအချိန်တုန်းက ကျမမှာတော့ အေဘီစီဒီတို့ ၀မ်းတူးသရီးဖိုးတို့ ပေါင်းနုတ် မြှောက်စားတို့နဲ့ အလုပ်များနေချိန်ပေါ့။ ကကြီးခကွေးတွေကို ဗားရှင်း အမျိုးမျိုးနဲ့ ဖတ်ရတာ ပျော်ဖို့လဲ ကောင်း၊ ဝေါဟာရတွေလဲ တိုး၊ ဗဟုသုတတွေလဲ အတော်လေး ရပါတယ်။ အဲဒါတွေ ဖတ်နေရင်း ဖတ်ခဲ့ဖူးတဲ့ စကားဖို စကားမ တို့ စကားစုံတွဲတို့ကို သွားသတိရမိတယ်။

စကားဖို စကားမ အတွဲတွေကို နေးတစ်မြန်မာ ဖိုရမ်မှာ ၂၀၀၆ ခုနှစ်လောက်က တင်ခဲ့ဖူးပေမဲ့ ကြာတော့ သေချာ မမှတ်မိတော့ဘူး၊ မေ့သလောက် ဖြစ်နေပြီ။ အခု ဦးရီးတော်အိမ်ရောက်ခိုက် အဖေပို့ပေးထားတဲ့ ဆယ်စောင်တွဲ စာအုပ်ထဲမှာ စကားဖို စကားမကို ပြန်တွေ့ပြီး ပြန်ဖတ်ဖြစ်တာနဲ့ ကိုယ့်ဘလော့မှာ ကိုယ် သိမ်းထားဖို့ တင်လိုက်ပါတယ်။ မဖတ်ဖူးသေးသူတွေလဲ ဖတ်ရအောင်ပါ။ စာလုံးပေါင်းတော့ အရင်ခေတ်နဲ့ ခုခေတ် အနည်းငယ် ကွာခြားပါတယ်။ စာအုပ်ထဲကအတိုင်းပဲ ရိုက်ထားပါတယ်။
***
စကားဖို စကားမ
(က)
ကက ခုန်ခုန်၊ ကယု ကယင်၊ ကသုတ် ကသက် (ကသုတ် ကရက်)၊ ကတိုက် ကရိုက်၊ ကလေ က၀၊ ကလေး ကလား၊ ကလီ ကမာ၊ ကလန် ကဆန်၊ ကသိ ကအောက်၊ ကရော် ကမယ် (ကရော် ကမည်)၊ ကဒေါ ကမျော (ကသော ကမျော)၊ ကနွဲ့ ကရ (ကနွဲ့ ကလျ)၊ ကလေ ကချေ။
* မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းနဲ့ မတူတဲ့စကားလုံးတွေကို ကွင်းစ ကွင်းပိတ်နဲ့ ဖော်ပြထားပါတယ်။ *

(ခ)
ခခ ယယ၊ ခနိုး ခနဲ့၊ ခခ ယမ်းယမ်း၊ ခုန်ခုန် မင်မင်၊ ချေချေ ငံငံ၊ ချွဲချွဲ ပြစ်ပြစ်၊ ချစ်ချစ် ခင်ခင်၊ ခိုင်ခိုင် ခံ့ခံ့၊ ချိုချို ချဉ်ချဉ်၊ ခိုးလိုး ခုလု၊ ခူးခူး ခပ်ခပ်၊ ခြိုးခြိုး ခြံခြံ။

(ဂ)
ဂွတီး ဂွတ၊ ဂယောက် ဂယက် (ကယောက် ကယက်)၊ ဂုဏ်တု ဂုဏ်ပြိုင်၊ ဂမန်း ဂတန်း (ကမန်း ကတန်း)၊ ဂမူး ရှူးတိုး (ကမူး ရှူးတိုး)၊ ဂလယ် စကား၊ ဂလံ ဂလား (ကလန် ကလား)၊ ဂဃ နဏ၊

(ဃ)
---

(င)
ငါးပိ ငါးပက်၊ ငေါက်ငေါက် ငန်းငန်း၊ ငေါ်တော် ငေါက်တောက်၊ ငိုးတိုး ငုတ်တုတ်၊ ငေးတိ ငေးတေး၊ ငိုင်တိ ငိုင်တိုင်။

(စ)
စကော စက၊ စကားကြီး စကားကျယ်၊ စကားဖို စကားမ၊ စကား စမြည်၊ စနောင့် စနင်း၊ စရံ စက၊ စလုံး စခု၊ စာစီ စာကုံး၊ စိစိ စပ်စပ်၊ စိစိ ပေါက်ပေါက်၊ စုတ်စုတ် နုပ်နုပ်၊ စုတ်စုတ် ပဲ့ပဲ့၊ စူစူ စောင့်စောင့်၊ စောစော စီးစီး၊ စည်စည် ကားကား၊ စွန့်စွန့် စားစား၊ စပ်မိ စပ်ရာ၊ စိတ်နေ စိတ်ထား၊ စိတ်ကူး စိတ်သန်း၊ စိုစို စွတ်စွတ်။

(ဆ)
ဆာဆာ လောင်လောင်၊ ဆီဆီ လျော်လျော်၊ ဆူဆူ ဆောင့်ဆောင့်၊ ဆူဆူ ညံညံ၊ ဆဲဆဲ ဆိုဆို၊ ဆန်ကွဲ ဆန်ညှာ၊ ဆင်ခြေ ဆင်လက်။

(ဇ)
ဇဝေ ဇ၀ါ၊ ဇနောင့် ဇနင်း (စနောင့် စနင်း) ၊ ဇိုးဇိုး ဇတ်ဇတ်။

(စ်)
ဈေးသူ ဈေးသား၊ ဈေးသွား ဈေးလာ၊ ဈေးဝယ် ဈေးဆစ်၊ ဈေးရောင်း ဈေးဝယ်။

(ည)
ညိုးညိုး ညံညံ၊ ညည်းညည်း ညူညူ၊ ညီညီ ညာညာ၊ ညာတာ ပါတေး၊ ညက်ညက်ညောညော၊ ညစ်ညစ် ညမ်းညမ်း၊ ညှပ်ပူး ညှပ်ပိတ်၊ ညီညီညွတ်ညွတ်၊ ညစ်ညစ် ပတ်ပတ်။

(တ)
တခါတရံ၊ တခါတလေ၊ တခမ်းတနား၊ တစေ့တစောင်း၊ တဆိတ်တအိတ်၊ တပင်တပန်း၊ တပွဲတလမ်း၊ တပြေတရွာ (တပြည်တရွာ)၊ တပိုတပါး၊ တလုပ်တဆုပ်၊ တသားတသွေး၊ တအံ့တသြ၊ တီတီတာတာ၊ တော်တော်တန်တန်၊ တင့်တင့်တယ်တယ်၊ တွတ်တီးတွတ်တာ၊ တောက်တီးတောက်တဲ့၊ တိုက်ကြီးတာကြီး၊ တောင့်တောင့်တင်းတင်း၊ တို့ကဆိတ် တို့ကနန်း၊ တိုးတိုးတိတ်တိတ်။

(ထ)
ထိထိရောက်ရောက်၊ ထိထိမိမိ၊ ထူထူထဲထဲ၊ ထူးထူးထွေထွေ၊ ထွေထွေထူးထူး။

(ဒ)
ဒေါက်ဒေါက်ဒက်ဒက်၊ ဒေါင်ဒေါင်ဒင်ဒင်၊ ဒိုးဒိုးဒေါင်ဒေါင်။

(န)
နမော်နမဲ့၊ နမိနမြော၊ နတီးနတ၊ နမော်မိနမာမဲ့၊ နားစွန်နားဖျား၊ နားနား နေနေ၊ နားပူနားဆာ၊ နိုးနိုးနားနား၊ နူးနူးနပ်နပ်၊ နွဲ့နွဲ့နောင်းနောင်း၊ နမေ နမော၊ နည်းနာနယ၊ နစ်နစ်နာနာ၊ နောက်ဖေးနောက်ဖီ၊ နိုင်နိုင်နင်းနင်း၊ နောင်လာနောက်သား၊ နုံတိနုံနဲ့။

(ပ)
ပလူးပလဲ၊ ပလုပ်ပလောင်း၊ ပါချီပါချဲ့၊ ပိပိပြားပြား၊ ပီးပီးပျောက်ပျောက် (ပြီးပြီးပျောက်ပျောက်)၊ ပူစပ်ပူလောင်၊ ပူဇော်ပသ၊ ပေါ့တီးပေါ့တော့၊ ပေါ့ပေါ့ပါးပါး၊ ပေတိပေကပ်၊ ပိန်ပိန်ပါးပါး၊ ပိုင်စိုးပိုင်နင်း၊ ပုံတိုပတ်စ၊ ပြာတိပြာတာ၊ ပြာရီးပြာရာ၊ ပြူးတူးပြဲတဲ၊ ပြူးတူးပြောင်တောင်၊ ပြေပြေပြစ်ပြစ်၊ ပြောမိပြောရာ၊ ပြော့ပြော့ပြောင်းပြောင်း၊ ပျော်ပျော်ပါးပါး။

(ဖ)
ဖရိုဖရဲ၊ ဖူးဖူးမျှော်မျှော် (ဖူးဖူးမြော်မြော်)၊ ဖေးဖေးမမ၊ ဖုံးဖုံးဖိဖိ၊ ဖောက်လွဲ ဖောက်ပြန်။

(ဗ)
ဗလီဗဇာ၊ ဗလိဗဇာတ်၊ ဗေဗေဗုံဗုံ။

(ဘ)
ဘုစုခရု၊ ဘိုးဘေးဘီဘင်၊ ဘရမ်းဘတာ (ပရမ်းပတာ)၊ ဘရောက်ဘယက်၊ ဘာသာဘာဝ။

(မ)
မကွေမကွာ၊ မခိုင်မခံ့၊ မညီမညွတ်၊ မတွေးမတော၊ မတောင့်မတင်း၊ မတောင့်မတ၊ မတော်မတရား၊ မနေမနား၊ မနွမ်းမနယ်၊ မပင်မပန်း၊ မပြုမပြင်၊ မရှိမရှား၊ မရေမရာ၊ မသိမသာ၊ မလှုပ်မရှက်၊ မော့တီးမော့တော့၊ မူးမူးမောက်မောက်၊ မက်မက်မောမော၊ မှေးမှေးမှိန်မှိန်၊ မိုမိုမောက်မောက်၊ မောင်းမမိဿံ၊ မှောက်မှောက်မှားမှား၊ မှုံတိမှုံမွှား၊ မြို့စွန်မြို့နား၊ မြို့သူမြို့သား။

(ယ)
ယုယုယယ၊ ယီးတီးယောင်တောင်၊ ယုတ္တိယုတ္တာ၊ ယိုင်တီးယိုင်တိုင်။

(ရ)
ရသေ့ရဟန်း၊ ရီးတီးရားတား၊ ရက်ရက်ရောရော၊ ရောင်တီးရောင်တ၊ ရပ်ဆွေရပ်မျိုး၊ ရပ်မိရပ်ဖ၊ ရိုးတိုးရွတ၊ ရိုးတိုးရိတ်တိတ်၊ ရှူးရှူးရှဲရှဲ၊ ရှောရှောရှူရှူ၊ ရွာစွန်ရွာဖျား၊ ရှက်ကိုးရှက်ကန်း၊ ရွှတ်တီးရွှတ်တ၊ ရှပ်တီးရှပ်ပြာ။

(လ)
လူကြီးလူကောင်း၊ လူပေါ်လူဇော်၊ လူစုလူဝေး၊ လူလူးလှိမ့်လှိမ့်၊ လေးဘက်လေးတန်၊ လက်သီးလက်မောင်း၊ လက်ရေးလက်သား၊ လှိုက်လှိုက်လှဲလှဲ၊ လှန်လိုက်လှောလိုက်၊ လောက်လောက်လားလား၊ လိမ့်လိမ့်လဲလဲ။

(၀)
ဝါ၀ါဝင်းဝင်း၊ ၀ိုးဝိုးဝါ၀ါ၊ ဝေလီဝေလင်း၊ ဝေ့တီးဝေ့လယ်၊ ၀င့်ဝင့်ဝါ၀ါ၊ ၀ိုးတိုးဝါးတား။

(သ)
သိသိသာသာ၊ သူကြီးသူမ၊ သူခိုးသူဝှက်၊ သူပုန်သူကန်၊ သေးသေးသိန်သိန်၊ သေးသေးသွယ်သွယ်၊ သံဖိုသံမ၊ သွေးရိုးသားရိုး၊ သွေးတူသားတူ၊ သွေးချင်းသားချင်း၊ သိပ်သိပ်သဲသဲ၊ သိပ်သိပ်သည်းသည်း၊ သုတ်သီးသုတ်ပြာ၊ သိုသိုသိပ်သိပ်။

(ဟ)
ဟာလာဟင်းလင်း၊ ဟေးလား ဟားလား၊ ဟေးဟေးဟားဟား။

(အ)
အကွက်အကွင်း၊ အကျင့်အကြံ၊ အခိုက်အခါ၊ အချိန်းအချက်၊ အချိုအချဉ်၊ အချိုးအချပ်၊ အစားအစာ၊ အတီး အတ၊ အတိုင်းအထွာ၊ အပူအပင်၊ အပြုအပြင်၊ အလယ်အလတ်၊ အဟုတ်အဟတ်၊ အူသေးအူမွှား၊ အေးတိအေးတေး၊ အိုးတိုး အောင့်တောင့်၊ အိမ်ကြို အိမ်ကြား။
***
စကားစုံတွဲ များ

စကားမွှေ စကားနှောက်၊ စကားလှောက် စကားထာ၊ စကားသွား စကားလာ၊ စကားညှာ စကားနှိပ်၊ စကားမိတ် စကားလှယ်၊ စကားဖယ် စကားသွေး၊ စကားလေး စကားပေါ့၊ စကားလျော့ စကားတင်း၊ စကားသွင်း စကားမြူး၊ စကားချူ စကားခေါ်၊ စကားချော် စကားယှက်၊ စကားဝှက် စကားဖန်၊ စကားတန် စကားနှိပ်၊ စကားရိပ် စကားဖမ်း၊ စကားဆန်း စကားမွေး၊ စကားထွေး စကားလှိုင်း၊ စကားဝိုင်း စကားသာ၊ စကားနာ စကားငေး၊ စကားမေး စကားလျှောက်၊ စကားနောက် စကားသင်၊ စကားတင် စကားတည်၊ စကားရှည် စကားတို၊ စကားဖို စကားမ၊ စကားလှ စကားပင်၊ စကားနှင် စကားဆုံး၊ စကားရှုံး စကားနိုင်၊ စကားပိုင် စကားဖြေ၊ စကားနေ စကားပွ၊ စကားကြွ၊ စကားတတ်၊ စကားနှပ် စကားသိပ်၊ စကားချိပ် စကားသွမ်း၊ စကားချမ်း စကားမှတ်၊ စကားထပ် စကားလော၊ စကားပြော စကားသွေ၊ စကားသေ စကားရှင်၊ စကားရွှင် စကားအုပ်၊ စကားချုပ် စကားမြောက်၊ စကားချောက် စကားဟိန်း၊ စကားချိန်း စကားနေ။

(ပုတ္တောဝါဒ ဆုံးမစာမှ)
***
ကျမတို့ နေ့စဉ် စကားတွေသာပြောနေကြတယ်၊ စကားမှာ စုံတွဲရှိမှန်းလဲ မသိဘူး၊ အဖိုအမ ရှိမှန်းလဲ သတိမထားမိပါဘူး။ မသိတော့ ဘာဖြစ်သလဲဆိုတော့ မသိတော့လဲ ဘာမှ မဖြစ်ပါဘူး၊ သတိမထားမိတော့လဲ ဘာမှ မပြောင်းလဲပါဘူး။ ဒီလိုပဲ စကားဆိုတာ ပြောလို့ရနေတာပါပဲ မဟုတ်လား။ ဒါပေမဲ့ စကားစကား ပြောပါများ စကားထဲက ဇာတိပြတဲ့။ အင်း ... ဇာတိပြပြီး ဇရာ မရဏ ဆက်ပြရင် ဒုက္ခနော် … ။ :)
***
မေဓာဝီ
၁၂၊ ဇူလိုင်၊ ၂၀၁၀
၁၆း၀၀ နာရီ

ကိုးကား။ ... ။ ဗုဒ္ဓဘာသာ အခြေခံလက်စွဲ ဆယ်စောင်တွဲ (ဦးမောင်မောင် - ဟံသာဝတီ)

Read More...

Friday, July 09, 2010

နိုးထချိန်

သူဟာ …
ဒီရေမှာ စီးမျောရင်း
ချောင်းငယ်ရဲ့ တေးသီချင်းနဲ့
ကြီးပြင်းလာခဲ့တယ်။

ကောင်းကင်ကို မော့ကြည့်ပြီး
မြေကြီးကို မေ့လျော့ကာ
ဒဏ်ရာတွေ အခါခါရခဲ့ဖူးတယ်။

ဒီလိုနဲ့ …
ရေစီးသံ တညံညံ
မြစ်ယံရဲ့ ရင်ခွင်ထဲ
မရဲတရဲ တိုးဝင်ခဲ့တယ်။

ကြယ်ရောင်တောက်ပ
ညနက်နက်တွေကို
အိပ်မက်လို စိတ်ကူး
ရင်ခုန်ရင်း ရူးခဲ့ဖူးတယ်။

နောက်ဆုံး …
လှိုင်းပုတ်သံ တ၀ုန်းဝုန်းအောက်
လက်မြှောက်ရင်း ကျဆုံး
အရှုံးလည်း ပေးခဲ့ရတယ်။

တွယ်တာစရာ
ဘယ်အရာမှမရှိတဲ့ ဘ၀အရိုင်းပါကွယ် …
ညတိုင်းမှာ အိပ်မက်ဆိုးတွေက
မရိုးနိုင်အောင် နှိပ်စက်ကြလို့
အိပ်ပျက်ညတွေနဲ့ ယဉ်ပါးခဲ့ရတယ်။

ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း
ဘာတခုမှ မလွမ်းလောက်တော့တဲ့အခါ …
ရင်မှာနာကျင်ခြင်း ကင်း …
ဟင်းလင်းပြင် သက်သက်
မအိပ်စက်ပါဘဲလျက်
မက်မက်နေတဲ့ အိပ်မက်တွေက
နိုးထလာခဲ့ပါတယ် … ။
***

၉၊ ဇူလိုင်၊ ၂၀၁၀
၂၂း၃၂ နာရီ

Read More...

Monday, July 05, 2010

အမှိုက်များ လွင့်နေသည် …

အိမ်ပြန်ရောက်၍ ကားပေါ်မှအဆင်း အိမ်အ၀င်လမ်းတလျှောက် သစ်ရွက်မှိုက်တွေ ဟိုတစ ဒီတစ လွင့်နေသည်ကို တွေ့ရ၏။ တနေ့လုံး လေတော်တော် တိုက်သွားပုံရသည်၊ ခုထိလည်း လေပွေက ခပ်ဝေ့ဝေ့ တိုက်နေဆဲ။ လေချွေချသဖြင့် ရွက်ခြောက်တွေအပြင် ရွက်စိမ်းတွေပါ ကြွေကျကာ အမှိုက်အဖြစ် စုပုံလျက်ရှိသည်။ ရွက်ကြွေရာသီ မဟုတ်ပေမဲ့ လေအရမ်းတိုက်ရင် အညှာမခိုင်တဲ့ သစ်ရွက်တွေ ကြွေကြတာ ဓမ္မတာပဲ … ။


ထိုသစ်ရွက်တွေကို နင်းဖြတ်၍ အိမ်တံခါးဖွင့်ဝင်ရင်း ငယ်ငယ်က ရွတ်ဆို ကျက်မှတ်ခဲ့ဖူးသည့် စာအပိုင်းအစက အတွေးထဲ ရောက်လာသည်။

တောင်လေတိုက်လာပြီ။*
အမှိုက်များ လွင့်နေသည်။
လိုက်၍သိမ်းဆည်းပါ။
ငိုက်မနေပါနှင့်။
***
ငယ်စဉ်က မိုးအကုန် ဆောင်းအကူး*ရာသီမျိုး ခြံထဲမှာ သစ်ရွက်တွေ ကြွေပြီဆိုလျှင် အဘိုးက သစ်ရွက်ခြောက် အမှိုက်တွေ လိုက်ကောက်ခိုင်းသည်။ လူကြီးတွေက အုန်းတံမြက်စည်း အရှည်တွေဖြင့် တဂျွမ်းဂျွမ်း တံမြက်လှည်း၊ ကလေးတွေက အမှိုက်ကောက်၊ တခါတလေ အုန်းတံမြက်စည်း တုတ်တံကလေးဖြင့် သစ်ရွက်ခြောက်တွေကို ထိုးသီပြီး ကောက်ခဲ့ကြသည်။ သစ်ရွက်တွေကလည်း အမျိုးမျိုး အစားစား။ သရက်ရွက်, ပိန္နဲရွက်, ပိတောက်ရွက်တို့လို နည်းနည်းကြီးတဲ့ အရွက်တွေရော၊ ကံ့ကော်ရွက်, ဆီးရွက်တို့လို ခပ်သေးသေး အရွက်တွေရော၊ မန်ကျည်းရွက်, တမာရွက်လို အလွန်သေးတဲ့ အရွက်ကလေးတွေရော စုံလှ၏။

လှည်းကျင်းပြီး စုပုံထားတဲ့ သစ်ရွက်မှိုက်တွေကို နေ၀င်ရီတရော အချိန်လောက်မှာ မီးပုံရှို့လေ့ရှိသည်။ တဖျစ်ဖျစ်မြည်ပြီး မီးစွဲလောင်သွားတဲ့ သစ်ရွက်ခြောက်တွေကို မီးအတက်ညီအောင် တုတ်ချောင်းလေးဖြင့် ဆွပေးရင်း မီးရှို့သည့် အနားမှာ ရေပုံးတပုံးဖြင့် စောင့်နေရသည်။ မီးရှိန်ပြင်းကာ မျက်နှာကို အပူလာဟပ်လျှင်တော့ တုတ်ချောင်းပစ်ချပြီး နောက်ဆုတ်ပြေးကြသည်။ အမှိုက်တွေထဲမှာ သစ်ရွက်စိမ်း တချို့တလေ ပါလာပြီး မီးခိုးအူထွက်လာလျှင် ကိုယ့်ဘက် မလာအောင် ယပ်ခပ်ထုတ်ရင်း …
“မီးခိုးရေ ကြက်သားစားချင် ဟိုဘက်သွား၊ မီးခိုးရေ အာလူးစားချင် ဒီဘက်လာ” ဟု အော်ကြသေးသည်။ တကယ်တမ်း မီးခိုးက ဘာမှ သိတာမဟုတ်၊ လေသင့်ရာ ဝေ့၍ သွားနေသည်သာ။

တောင်လေတိုက်လာပြီ။
အမှိုက်များ လွင့်နေသည်။

သစ်ရွက်တွေက လေတိုက်၍ ကြွေကြသည်၊ အမှိုက်တွေက လေတိုက်၍ လွင့်ကြသည်၊ သို့သော် စိတ်တွေကတော့ လေမတိုက်ပါဘဲနှင့် လွင့်လည်း လွင့်သည်၊ ကြွေလည်း ကြွေသည်။ တနေရာထဲမှာ ငြိမ်သက်စွာ ထိုင်နေလျက် မိုင်ထောင်ချီဝေးသော ဒေသသို့ ရောက်ချင် ရောက်သွားတတ်သည်။ လူတဦးနှင့် စကားပြောနေပါလျက် တခြားတဦးအကြောင်း တွေးချင် တွေးမိတတ်သည်။ အထပ်ပေါင်းများစွာ မြင့်မားသော အဆောက်အဦးထက်မှာ နေပါလျက် စိတ်ဓာတ်တွေက ဟိုးမြေကြီးအောက် ရောက်ချင် ရောက်နေတတ်သည်။ မြေကြီးပေါ်မှာ လျှောက်နေလျက်လည်း စိတ်တွေက ကောင်းကင်ထက်သို့ တက်လှမ်းချင် လှမ်းနေတတ်သေးသည်။

မတည်ငြိမ်သော စိတ်တွေဖြင့် လူက အသားကျလို့နေပြီ။ လွင့်ပျံ့တတ်သောစိတ်၊ လှုပ်ရှားလွယ်သောစိတ်၊ ပြောင်းလဲတတ်သော ထိုထိုစိတ်တွေကို ထိမ်းချုပ်ရန် မကြာခဏ ကြိုးစားကြည့်မိသော်လည်း သိပ်တော့ မလွယ်လှ။ လှုပ်ရှားခြင်းဖြင့်သာ နေသားကျနေပြီမို့ တည်ငြိမ်အောင် ထိမ်းချုပ်ဖို့ရာ ခက်လှသည်။ ရံဖန် ရံခါ ပြုလုပ်မိသော စိတ်လေ့ကျင့်ခန်းဖြင့် မိမိစိတ်ကို ဖြည်းဖြည်းချင်း ပြုပြင်ယူရသည်။ သို့တိုင်လျက် … ခက်ခဲ ပင်ပန်းလွန်း၍ လက်လျှော့မိသည်သာ။

လိုက်၍ သိမ်းဆည်းပါ။
လွင့်နေသော အမှိုက်များကို လိုက်၍ သိမ်းဆည်းရသလို မတည်မငြိမ် လှုပ်ရှားနေသော ပျံ့လွင့်နေသော မိမိစိတ်ကိုလည်း တည်ငြိမ်အောင် လိုက်၍ သိမ်းဆည်းရမည် မဟုတ်လား။ ငယ်ငယ်တုန်းက သစ်ရွက်ခြောက်တွေကို တရွက်ချင်း လိုက်ကောက်သလိုမျိုး မိမိသန္တာန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်အညစ်အကြေးတွေကို သတိဖြင့် စောင့်ကြည့် ကောက်သိမ်းရပေဦးမည်။ ထပ်ခါထပ်ခါ လေတိုက်၍ ထပ်ခါထပ်ခါ ပျံ့လွင့်လျှင် ထပ်ခါထပ်ခါ လိုက်၍ သိမ်းဆည်းရမည်။ ဒီလိုနှင့် တဖြည်းဖြည်း အမှိုက်သရိုက်တွေ ကင်းစင်သွားသလို စိတ်အညစ်အကြေးတွေလည်း တစတစ လျော့ပါးသွားမည်လားဟု တွေးမိသည်။
***
ရာသီက အုံ့ပျနေလျှင် စိတ်က ထိုင်းမှိုင်းတတ်သည်။
ရာသီက သာယာသော်လည်း စိတ်က တွေဝေမိန်းမော တတ်သေးသည်။
တခါတခါ အဘိုးအမိန့်ကြောင့်သာ အမှိုက်ကောက်ရသော်လည်း မကောက်ချင်၊ စိတ်မပါ၊ ပျင်းသည်။ များသောအားဖြင့် သစ်ရွက်ကြွေချိန်က နွေအကုန် ဆောင်းအကူးမို့ လေရူးကဝေ့ဝေ့၊ ရာသီက သွေ့သွေ့။ လူကလည်း ထိုင်းမှိုင်းကာ တက်ကြွမှု မရှိ၊ တသမ်းသမ်း တဝေေ၀ဖြင့် အိပ်ရာထဲမှာပဲ ပျင်းရိစွာ ခွေနေချင်သည်။ ဆောင်းတွင်းရာသီ နေ့ခင်းဘက်အိပ်လျှင် သွေးလေးပြီး တော်တော်နှင့် မထချင်။ အိပ်ပြီးရင်းသာ အိပ်ချင်နေ၏။ ဒါကြောင့်လည်း ငယ်ငယ်က ဖတ်စာထဲမှာ “ငိုက်မနေပါနှင့်” ဟုရေးထားတာ ဖြစ်မည်။

ဘ၀တလျှောက်လုံး နာရီပေါင်းများစွာ အိပ်စက်ခဲ့ပြီးပြီ။ တွေဝေမိန်းမောမှုများဖြင့် အချိန်တွေ ကုန်လွန်ခဲ့ပြီးပြီ။ နေ့ရက် ရာသီတွေကို ရယ်မော ပေါ့ပါးစွာလည်း ဖြတ်သန်းခဲ့ပြီးပြီ။ အမှိုက်တွေ လိုက်သိမ်းချိန်မှာတော့ ငိုက်မျဉ်းနေ၍ မဖြစ်ချေတော့။ ဘ၀အတွက် ရှင်သန်ရမည့် အချိန်က သိပ်မကျန်တော့ပြီမို့ တွေဝေစိတ်၊ ပျံ့လွင့်စိတ်၊ ထိုင်းမှိုင်းစိတ်တွေကို သတိဖြင့် ကြိုးစား အားတင်း၍ သိမ်းဆည်းရဦးမည်တည့်။
***
မေဓာဝီ
၅၊ ဇူလိုင်၊ ၂၀၁၀
၁၂း၁၁ နာရီ

မှတ်ချက်။ ... ။ * ကျမ မှားနေသော ဖတ်စာကို ကူညီရှာဖွေပေးပြီး လွဲနေသော ရာသီဥတုကို ဝေဖန် ထောက်ပြ ပြင်ဆင်ပေးသော ကိုဇော်ဇော်အောင်အား ကျေးဇူးအထူး တင်ပါကြောင်း။

ရေးခဲ့ဖူးသော ဖတ်စာ အပိုင်းအစများ

Read More...