Monday, March 19, 2018

မုဒြာရဲ့ခေါ်သံ (သို့မဟုတ်) သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာ တို့ရဲ့ ခေါ်သံ

***
ရုပ်ရှင် -
ရုံတွေမှာ သွားမကြည့်တာ အနှစ် ၂၀ ကျော်ခဲ့ပြီ။ Myanmar movie revolution ရဲ့ အစလို့ ဆိုရမယ့် ဥပါယ်တံမျဉ်တုန်းက မကြည့်လိုက်ရလို့ မုဒြာရဲ့ခေါ်သံ မှာတော့ ကြည့်ဖြစ်အောင် ကြည့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ချစ်ခင်ရတဲ့ ညီမတယောက်ကို အတင်းဆွဲခေါ်ပြီး သွားကြည့်ကြတယ်။ သွားမကြည့်ခင် trailer ကြည့်တာက လွဲလို့ ဘယ် ရီဗျူးမှ မဖတ်သွားပါဘူး။ တချို့ရီဗျူးတွေက ဇာတ်လမ်းတွေပါ ထည့်ရေးတော့ ကြည့်ရတာ အရသာပျက်
လို့ပါ။ အခုရေးမှာလည်း ဇာတ်လမ်းတွေ အများကြီး ထည့်မရေးပါဘူး စိတ်ချ။  
 .
ကြိုတင်လက်မှတ် -
တနင်္ဂနွေကြည့်ဖို့အတွက် သောကြာနေ့ကတည်းက ကြိုတင် ဘွတ်ကင်လုပ်ခဲ့ရပါတယ်။ Junction Square ကို ဘွတ်ကင်လုပ်ရမယ့် တခုတည်းသော ဖုန်းနံပါတ်ကို ဆယ့်ငါးကြိမ်ထက် မနည်း ဆက်တိုက်ခေါ်မှ ရသွားတယ်။ ဒါတောင် ဘေးခုံတွေပဲ ကျန်တော့တယ် …. အလယ်ခုံဆိုရင် အပေါ်ဆုံးတန်း couple seat ပဲ ရှိတော့တယ် ပြောတာနဲ့ couple seat ကြီးမှာ ကြည့်ခဲ့ရတယ်။ 


“ရုပ်ရှင်မပြခင် ၄၅ မိနစ် ကြိုတင်လာပါ၊ တမိနစ် နောက်ကျတာနဲ့ ဘွတ်ကင် ကန်ဆယ် လုပ်ပါမယ်” ဆိုလို့ လန့်ဖျန့်ပြီး ၁၀ နာရီ ပြမယ့် ရုပ်ရှင်ကို ၈ နာရီ ၂၀ လောက်ကတည်းက အိမ်က ထွက်ရတယ်။ Junction Square ကို ရောက်တော့ ၈ နာရီ ၄၅ မိနစ် ။ ဆယ့်ငါးမိနစ်လောက် အပြင်မှာ ထိုင်စောင့်ပြီး ၉ နာရီ တံခါးဖွင့်ဖွင့်ချင်း အထဲဝင် လက်မှတ်ဖြတ်၊ တော်ပါသေးရဲ့ အချိန်မီလို့။
.
မကြည့်ခင် -
သိပ်ကောင်းမယ် မျှော်လင့်ထားပြီးမှ ကိုယ်ထင်သလို မဟုတ်ရင် စိတ်မကောင်း ဖြစ်ရမှာစိုးလို့ အရမ်းကြီး မျှော်လင့် မထားပါဘူး။ မင်းသား ဇဏ်ခီကလည်း ကိုယ်နှစ်သက်တဲ့ ရုပ်မျိုးမဟုတ်လို့ တခီခီ နဲ့ မဖြစ်ခဲ့ပါဘူး။ မြန်မာမှု မြန်မာဟန် မြန်မာ့ ယဉ်ကျေးမှုနဲ့ မြန်မာ့ရှုခင်းတွေ ပါတယ်၊ ရိုက်ကူးပုံ အဆင့်မြင့်တယ် ဆိုတာနဲ့တင် သွားကြည့်ရတာ တန်တယ်လို့ သဘောထားမယ် ဆိုတဲ့ စိတ်ကူးနဲ့သာ ရုပ်ရှင်ရုံဆီ ရောက်ခဲ့တယ်။
.

ရုပ်ရှင်နာမည် -
မုဒြာရဲ့ခေါ်သံ … Mudra’s calling ဆိုတာ ဘာကို ဆိုလိုတာလဲ မသိခဲ့ဘူး၊ ခရစ်စတီးနားရဲ့ အင်တာဗျူးလည်း မကြည့်ရသေးဘူး။ မုဒြာရဲ့ အဓိပ္ပါယ်ကို နဂိုကတည်းက သိထားတာ … မြတ်စွာဘုရား ဆင်းတုတော်တွေမှာ လက်ရဲ့ အနေအထားလို့ အကြမ်းမျဉ်း သိထားခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကား နာမည်က မုဒြာရဲ့ခေါ်သံ ဆိုတော့ ဘာလဲပေါ့။ စိတ်ထဲမှာ ဇဝေဇဝါနဲ့ စကြည့်ခဲ့ရတယ်။
.
မင်းသား -
သရုပ်ဆောင်နေတာနဲ့ လုံးဝမတူဘဲ ပုံမှန် အပြင်မှာ ပြောဆို လုပ်ကိုင်နေသလို သက်သောင့် သက်သာရှိလှတယ်။ ဇဏ်
ခီ မဟုတ်​​တော့ဘူး၊ ​ဂျေဒန်​ ဖြစ်​သွားတယ်​။ စကားပြောစရာ မလိုရင် အပိုတွေမပြောဘဲ မျက်လုံးနဲ့ အဓိက သရုပ်ဆောင်တယ်။ အင်တာနက် စောင့်ရတာ စိတ်မရှည်ပုံကို လက်နဲ့ သရုပ်ဆောင်သွားတာ။ eye to eye contact ရှိတယ်​၊ ​ကျောကြီး​တွေ ခိုင်းပြီး မ​ပြောကြဘူး။ သူ့ အဝတ်အစားကလည်း အပျံစားတွေ မဟုတ်ဘူး သာမန်ပဲ၊ ပြောတာ ဆိုတာရော … သိကျွမ်းပြီးသား လူနှစ်ယောက် တယောက်နဲ့ တယောက် တွေ့ချိန်မှာ ဟိုင်းတွေ ဟဲလိုတွေ ဟောင်းအာယူတွေနဲ့ စပြီး နှုတ်မဆက်ဘဲ “ဟေး” လို့ စပြောတာကိုလည်း သဘောကျမိတယ်။ အပြင်မှာအတိုင်းပဲ။
.
မင်းသမီး -
သူလည်း ရုပ်အချောကြီး မဟုတ်ဘူး၊ ဒါပေမဲ့ သွယ်သွယ်လျလျနဲ့ ပြေပြစ်တယ်။ အက ညက်
ညောတယ်​။ လွန်ကဲတဲ့ ခြယ်သမှုတွေ မပါဘဲ သာမန်ထသွားထလာ ပြင်ပုံလောက်ပဲ။ ဝတ်စားဆင်ယင်မှုမှာလည်း ညအိပ်ဝတ်၊ အပြင်ဝတ် ကွဲကွဲပြားပြားရှိတယ်။ ညဝတ်အင်္ကျီ night dress တွေ ဘာတွေ ဝတ်တာကို ပြောတာ မဟုတ်ဘူး။ အိပ်ရာထဲမှာ သာမန် တပတ်နွမ်း ဘလောက်စ် အင်္ကျီလေးနဲ့သာ။ သူလည်း စကားအပိုတွေ အများကြီး မပြောဘဲ မျက်နှာအမူအရာနဲ့ သရုပ်ဆောင်သွားတယ်။ အင်္ဂလိပ်လို ပြောတဲ့ လေယူလေသိမ်းလဲ မြန်မာတယောက် အင်္ဂလိပ်လို ပြောသလိုပါပဲ။
.
ဇာတ်ပို့ -
အားလုံး သူ့နေရာနဲ့ သူ အံဝင်ခွင်ကျမှု ရှိပါတယ်။ မင်းသမီး သူငယ်ချင်းလုပ်တဲ့ ဇာတ်ပို့မိန်းကလေးလည်း သူ့အခန်း တခါတလေ ပျောက်နေတတ်ပေမဲ့ သူပါတဲ့ အခန်းမှာ ကာရိုက်တာဝင်အောင် သရုပ်ဆောင် သွားတယ်။ လေယူလေသိမ်း၊ ပြင်ဆင်ခြယ်သမှု အဝတ်အစား အားလုံး သဘာဝကျကျပဲ။
တခြား ဇာတ်ပို့တွေလည်း အပြစ်ပြောရလောက်အောင် ဘာမှ သိပ်မရှိပါဘူး။ ဆေးဆရာကြီး အင်္ဂလိပ်လို ပြောတာလည်း သိပ်တော့ မထူးဆန်းပါဘူး၊ နယ်ဘက်တွေမှာလည်း အင်္ဂလိပ်ခေတ်က အင်္ဂလိပ် ကျောင်းထွက်တွေ၊ အင်္ဂလိပ်တွေဆီမှာ အမှုထမ်းခဲ့သူတွေ အများကြီး ရှိတာပဲ။ ရှမ်းကြီး ဦးစိုင်း ... စကားများများ မ​ပြောဘူး၊ ဒါ​ပေမဲ့ သိပ်​​ကောင်းတယ်​။
.
ဇာတ်လမ်း -
အပိုပြကွက်ရယ်လို့ တခုမှ မမြင်မိဘူး။ ချက်ကော့ဖ်ရဲ့ သေနတ်ဥပမာနဲ့ပဲ ထပ်ပြီး တင်စားရဦးမယ်။ ကြည့်ကြည့်ချင်း ဒါတွေဘာလို့ ပြနေတာလဲ မသိဘူး လို့ ထင်ခဲ့မိတာတွေက နောက်ပိုင်းမှာ အကုန် ပြန်ဖြည်သွားတာ။ ဘာတွေလည်းဆိုတာကိုတော့ ထည့်မရေးတော့ပါဘူး။ ရုံမှာ သွားကြည့်ပါနော်။
မထင်မှတ်တဲ့ အချိုးအကွေ့ အဖြစ်အပျက်တွေ ထည့်ထားပေမဲ့ အတင်းဇွတ်ဖန်တီးထားတာနဲ့ မတူဘူး။
အပြောများတဲ့ ဆေးကုတဲ့အခန်း၊ သစ္စာဆိုပြီးကုတယ်၊ စိတ်စွမ်းအားနဲ့ ကုတယ်၊ ဘုရားကု ကုတယ်ဆိုတာတွေ ကိုယ်တိုင်တွေ့ဖူး ကြုံဖူးတာမို့ ဒါဟာလည်း မဆန်းပါဘူး။
.
နှစ်သက်တဲ့ ဇာတ်ဝင်ခန်း -
အများကြီးရှိပေမဲ့ နည်းနည်းပဲ ပြောမှာပါ။
သုဝဏ္ဏသာမဇာတ်တော်ကို ရှင်းပြတဲ့ စကားသံနောက်ခံကို ရုပ်သေးရုပ်လေးတွေနဲ့ သရုပ်ဖော်သွားတဲ့​နေရာ။ ဇာတ်တော်တခုလုံးကို ဘာကြောင့်ပြောနေတာလဲ ဆိုတာ နောက်တော့ ရှင်းသွားတယ်။
.
ဟိုတယ်အခန်းပေါက်ဝမှာ စကားပြောကြတဲ့အခန်း၊ ဂျေဒန်က ခေါင်းစုတ်ဖွားလေးနဲ့၊ နှင်းကလည်း အိမ်နေရင်း ဘလောက်စ်အင်္ကျီလေး ချည်လုံချည်လေးနဲ့၊ လုံချည်လေး ဝတ်ထားတာ အရမ်း သပ်ရပ် မနေဘဲ နည်းနည်းလေးတောင် စွန်တောင်ဆွဲ နေသေးတယ်။
.
ဦးပိန်တံတားပေါ်က ညရှုခင်း … နှင်းရဲ့ ဆံခြည်မျှင်လေးတွေ … အမှောင်ထဲမှာ လက်နေတဲ့ မျက်ဝန်းတွေ၊ ညရဲ့ အေးချမ်းမှုနဲ့ လူသူကင်းရှင်းမှုကြောင့် ထိမ်းချုပ်မှု လွတ်ထွက်သွားတဲ့ ဂျေဒန်၊ မြန်မာ မိန်းကလေး တယောက် ပီသစွာ ဂျေဒန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့ နှင်း … ။
.
ရေခွက်ကို ကိုင်ထားတဲ့ ဂျေဒန့်လက်တွေ၊ စိတ်​ပူ​နေတဲ့ မျက်​လုံး​တွေ၊ လုပ်​ကို လုပ်​ရ​တော့မယ်​လို့ ဆုံးဖြတ်ထားတဲ့ မျက်​နှာ၊ အမှန်တရား (သစ္စာစကား) ကို ပြောနေတဲ့ သူ့နှုတ်ခမ်းအစုံ … ။
.
ရုပ်ရှင်ကြည့်ရင် ငိုလေ့မရှိဘူး၊ အသည်းမာပါတယ်။ ဒီဇာတ်ကား ကြည့်ရင်း တနေရာ အရောက် မျက်ရည် ချူတဲ့ ပြကွက် မဟုတ်ဘဲ ရင်ထဲ ဆို့သွားတယ်။ မျက်ရည်ကျလုလု၊ ဘေးနားက သူငယ်ချင်းက တရှုံ့ရှုံ့ ငိုနေပြီ။ (အဲဒီနေရာကိုတော့ ရုပ်ရှင်ကြည့်ရင် တွေ့မှာမို့ ဘယ်နေရာဆိုတာ မရေးတော့ပါဘူး)
.
အားလုံးခြုံပြောရရင် အရုပ် အသံ အလင်း အမှောင် အခန်းအကူးအပြောင်း အားလုံး သဘောကျတယ်။ တချို့အခန်းတွေမှာ ကင်မရာက မငြိမ်ဘူးလို့ ထင်ရပေမဲ့ လှုပ်ရှားနေတဲ့ စိတ်ကို ပြချင်လို့ တမင်များ လှုပ်ထားတာလို့ ထင်ပါတယ်။
.
မုဒြာ  ဆိုတာ …
ဇာတ်ကားကြည့်ပြီးတဲ့အထိ မုဒြာရဲ့ခေါ်သံလို့ ဘာကြောင့် အမည်ပေးသလဲ မသိသေးဘူး။ မုဒြာရဲ့ အဓိပ္ပါယ်တွေ ရှာကြည့်တယ်။ ဝီကီမှာတော့ A mudra (Sanskrit “seal, mark, gesture) is a symbolic or ritual gesture in Hinduism and Buddhism လို့ ရေးထားတယ်။ မြန်မာလို တနေရာမှာတော့ မုဒြာဆိုတာ သက္ကဋဘာသာစကား ဖြစ်ပြီး အလွန်နက်နဲသိမ်မွေ့၍ အတွင်းငုပ်သော အနက်အဓိပ္ပါယ် သဘောတရားများလို့ ရေးထားပါတယ်။
.
ဇာတ်ကားကြည့်ပြီးမှ ကြည့်လိုက်ရတဲ့ အင်တာဗျူး တခုမှာ ဒါရိုက်တာ ခရစ်စတီနား
ပြောထားတာကတော့ မုဒြာဆိုတာ မြတ်စွာဘုရားရဲ့ လက်ဟန်အနေအထား၊ ပြောမယ်ဆိုရင် မြန်မာပြည်ကို ကိုယ်စားပြုတယ်၊ မြန်မာပြည်က ဂျေဒန့်ကို ပြန်​ခေါ်တဲ့ အသံ လို့ ပြောသွားပါတယ်။
.
ကျွန်မကတော့ မုဒြာရဲ့ ခေါ်သံ ဆိုတာ …
"ခိုင်ကျည်မြဲမြံတဲ့ သစ္စာတရား နဲ့ သိမ်မွေ့နူးညံ့တဲ့ ချစ်ခြင်းမေတ္တာတို့ရဲ့ ခေါ်သံ" လို့သာ သတ်မှတ်ချင်ပါတော့တယ်။
***
မေဓာဝီ
19.03.18
21.30

Read More...

Wednesday, March 14, 2018

ဒီနွေမှာ သူတို့လေးတွေနဲ့ ...

***
ပြီးခဲ့တဲ့ မတ်လဆန်းကစပြီး ကျမတို့ရဲ့ ကျောင်းလေးမှာ နွေရာသီ သင်တန်းတွေ ဖွင့်ခဲ့ပါတယ်။ ကျမ စင်​ကာပူက ပြန်​လာပြီး ​နေမ​ကောင်းသေးလို့ ချက်​ချင်း စာမသင်​နိုင်​ဘဲ နားလိုက်​ရတာ တနင်္လာ​နေ့ကမှ စာသင်​ခန်းထဲ ပြန်​ဝင်​ဖြစ်​ပါတယ်​။
.

ကျောင်းသား အ​ဟောင်းရော အသစ်​​ရော ပါတာမို့ ​စစချင်း အချိန်​မှာ သူတို့နဲ့ မိတ်​ဆက်​စကား​တွေ ပြီးနောက် အခုလို ​ပြောရတယ်​။
.
"သားတို့ သမီးတို့
တွေ ပြီးခဲ့တဲ့ စာသင်​နှစ်​တနှစ်​လုံး ဝန်​ထုတ်​ဝန်​ပိုးကြီး ​ခေါင်း​ပေါ် ​ကျော​ပေါ် ထမ်းလာခဲ့ရတာ အခု ​နွေ​ကျောင်းပိတ်​မှာ ဝန်​မပိ​စေဘဲ ​ပေါ့​ပေါ့ပါးပါး ​ဆော့ကစားရင်း Activities ​လေး​တွေ လုပ်​ရင်း စာသင်​ကြမယ်​" ဆို​တော့ သူတို့လေးတွေ ​ပျော်​သွားကြတာ​ပေါ့။
.
"ပြီး
တော့ အင်္ဂလိပ်​စာ 4 skills သင်​မယ်​ ဆို​ပေမဲ့ ​နောက်​ထပ်​ skill တခုကိုပါ ထည့်​ပြီးသင်​​ပေးပါမယ်​၊ အဲဒါက​တော့ thinking skill ပါ။ critical and creative thinking ကို ကျွမ်းဝင်​ ရင်းနှီးလာ​အောင်​ လုပ်​ကြရ​အောင်​၊ ကြက်​တူ​ရွေး စာအံသင်​တဲ့ စံနစ်​ကို ​တော်​လှန်​ကြမယ်၊ ဘယ်​လိုလဲ"
.

အဲဒီလို
ပြောပြီး ဆရာ​အော်​ပီကျယ်​​ပြောတဲ့ My father name is U Mya. ဇာတ်​လမ်းကို ပြောပြတော့ သူတို့တွေ သဘောတကျ ရယ်မောကြတယ်။ စာသင်​တိုင်း အက်ဆေးကို အလွတ်မကျက်ဖို့ ကျမ အမြဲပြောခဲ့တာမို့ မနှစ်​က တက်​ခဲ့ဖူးတဲ့ ကျောင်းသား​ဟောင်း တ​ယောက်​က ထပြောတယ်။
.
"တီချာ
ပြော​လို့ အက်​​ဆေးကို အလွတ်​မကျက်​ဘဲ ​ဖြေလိုက်​တာ သား B ပဲရတယ်​"
.
“Congratulations သား၊ သားအဲဒီလို သတ္တိရှိတာ တီချာ ဂုဏ်ယူတယ်၊ A မရတော့ ဘာဖြစ်လဲ၊ B ရတာ ဝမ်းနည်းစရာ မဟုတ်ဘူး၊ သား စာမေးပွဲ ကျတာမှ မဟုတ်တာ”
.
“သူများတွေ A ရတော့ A လိုချင်တာပေါ့”
.
“အိုကေ၊ ဒါဆို ရွေးချယ်စရာ နှစ်ခုရှိတယ်၊ ကိုယ့်ဘာသာ ဆုံးဖြတ်လေ၊ အခုလတ်တလော A ရတာကို ရွေးပြီး တသက်လုံး ကိုယ့်ရဲ့ အတွေးအခေါ်တွေကို ဘောင်ခတ်ထားမလား၊ ဒါမှမဟုတ် အမှတ် ဘယ်လောက် ရရ လွတ်လပ်စွာ တွေးခေါ် ရေးသားမလား၊ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ...
“တီချာတို့ ငယ်ငယ်ကလည်း အလွတ်ကျက်ခဲ့ ကြပါတယ်၊ တက္ကသိုလ် ရောက်တော့လည်း ကျူတိုရီယာယ်တွေ၊ အဆိုင်းမန့်တွေ ဆိုရင် ကူးချကြတာပဲ၊ အဲဒီတော့ နိုင်ငံခြားမှာလည်း ကျောင်းသွားတက်ရော စာတပုဒ်ကို ကိုယ်တိုင် မရေးနိုင်တော့ဘူး၊ ဘယ်လို စရေးရမှန်း မသိလို့ အင်မတန် ဒုက္ခရောက်ခဲ့တယ်၊ တီချာက ကိုယ်ဖြစ်သလို သားတို့သမီးတို့ကို မဖြစ်စေချင်လို့ ပြောနေရတာပါ”
...
***

သူတိုရဲ့ ကိုယ်
 နှုတ်​ အမူအရာ ယဉ်​​ကျေးမှုနဲ့ ပတ်​သက်​ပြီး mutual respect ရှိဖို့ အရင်​​ပြောရပြီး ဆဲ​ရေး တိုင်းထွာတာကို နှုတ်​အားဖြင့်​ လုပ်​ရင်​ ...
"သားတို့က သူများမခံချင်​အောင်​ ဆဲလိုက်​တာပဲ၊ သူ့ကို နာ​အောင်​ ဆဲတယ်​ ဆိုတာ ကိုယ့်​ပါးစပ်​ထဲ အဲဒီအဆဲ စကားလုံးကြီး အရင်​ ထည့်​ရတာ​နော်​၊ စဉ်းစားကြည့်​ သူများ ​ညစ်​ပေသွား​အောင်​ အီအီး​တွေ ပါးစပ်​နဲ့ ငုံပြီး ​ထွေးလိုက်​တာနဲ့ မတူဘူးလား၊ သူ မ​ပေခင်​ ကိုယ်​က အရင်​ ငုံလိုက်​ရတာ​နော်​"
ဆိုပြီး​ပြော​တော့ အီး အား နဲ့ ရွံပြကြတယ်​။ ခု​ခေတ်​မှာ ထမင်းစား ​ရေ​သောက်​ အလယ်​တကူ ဆဲ​ရေး တိုင်းထွာ ​နေကြတယ်​၊ ဘာသာ​ရေး ရှု​ထောင့်​က ကြည့်​ရင်​လည်း ဘယ်​ဘာသာကမှ ဆဲတာကို အားမ​ပေးဘူး၊ ဗုဒ္ဓဘာသာမှာ ဆိုလည်း ဆဲတာဟာ ဝစီဒုစရိုက်​ပဲ၊ ဒုစရိုက်​သမား ဖြစ်​ချင်​ကြသလား"
.
"မဖြစ်
ချင်​ပါဘူး" ပြိုင်​တူ ​ပြောကြတာ​ပေါ့။ :)
ဒါနဲ့ ဆက်​ပြီး အနိုင်​မကျင့်​ဖို့၊ ခွဲခြား ဆက်​ဆံခြင်း မလုပ်​ဖို့ ​တွေ ​ပြောရတယ်​။ ​နောက်​ဆုံး​တော့ "ကိုယ်​ကြိုက်​တာ ကိုယ်​လုပ်​ကြပါ" ... လို့ ​ပြောပြီး နိဂုံးချုပ်​လိုက်​တယ်​။ ကိုယ်​ မကြိုက်​တဲ့ အပြုအမူ အ​ပြောအဆိုကို မလုပ်​ဘဲ ကိုယ်​ ကြိုက်​တဲ့ ... (ကိုယ့်​ကို ဆက်​ဆံ​စေချင်​တဲ့) အပြုအမူ အ​ပြောအဆိုကိုသာ လုပ်​ပါ လို့​ပေါ့။ ဒါဟာ ကိုယ်​ချင်းစာ တရားပဲ မဟုတ်​လား။
***
ဒီနှစ်နွေသင်တန်းမှာ အင်္ဂလိပ်စာအပြင် သင်္ချာပါ ထည့်သင်ခဲ့ပါတယ်။ အခုခေတ် ကလေးတွေ သင်္ချာညံ့တယ်လို့ ပြောကြတာကို ကျမ မခံနိုင်ဘူး။ ကျောင်းသားတယောက်ယောက် သင်္ချာကြောက်တယ် ဆိုရင် ကျမ စိတ်မကောင်းဖြစ်ရတယ်။ ကျမတို့ ငယ်ငယ်က သင်္ချာဆိုရင် ပျော်နေခဲ့တာ၊ သူတို့လည်း သင်္ချာကို ပျော်ပျော်ကြီး သင်စေချင်တယ်။
.
သင်္ချာချိန်မှာ အပြင်ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီး သင်ပေးရတယ်။ ကျမ သင်ရတဲ့ အပိုင်းက shape တို့ length တို့ ဆိုတော့ စာသင်ခန်းထဲမှာ ရှိတဲ့ shape တွေကို မေးရင်း ဖြေရင်း လိုက်ရှာကြရင်း အငြိမ်မနေရသလို length ဆိုလည်း ဖတ်စာအုပ်တွေ လေ့ကျင့်ခန်းစာအုပ်တွေ၊ ခဲတံ၊ ခဲဖျက်၊ ကွန်ပါဘူးတွေ ကို ပေတံ တချောင်းနဲ့ လိုက်တိုင်းခိုင်း၊ နောက် စားပွဲ ကုလားထိုင် ဝှိုက်ဘုတ် မာ့ကာပါမကျန် ပျော်ပြီး အကုန် တိုင်းကြတော့တာပဲ။
.
တိုင်းတဲ့ အတွေ့အကြုံ အတော်လေး ရတော့မှ ပစ္စည်းတခုကို မတိုင်းခင် ခန့်မှန်းခိုင်း၊ more than - less than တွေ ပြောခိုင်း ... အဲဒီလိုနဲ့ သူတို့လည်း မော ကိုယ်လည်း မောတဲ့အချိန်ကျတော့ ကျောင်းဆင်းခေါင်းလောင်း ထိုးရော .... ။
***
ကျမတို့ရဲ့ အဓိက ဦးတည်ချက်ကတော့ ကလေးတွေ နွေရာသီမှာ စိတ်ဖိစီးမှု မရှိစေဘဲ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားရင်း သိသင့် သိထိုက်တဲ့ သင်ခန်းစာတွေ သင်ယူနိုင်ဖို့ပါပဲ။ ပြီးခဲ့တဲ့ စာသင်
နှစ်​ တနှစ်လုံး ကျောင်းသင်ခန်းစာတွေနဲ့ စိတ်ရှုပ်ထွေးခဲ့ရတဲ့ ကလေးတွေအတွက် နွေတနွေမှာတော့ လွတ်လပ်ပေါ့ပါး သင့်တယ် မဟုတ်လား ... ။
.
ဆော့ရင်း ကစားရင်း စာသင်ကြရတာမို့ ကလေးတွေ ပိုပျော်ကြသလို အချင်းချင်း ရင်းနှီးမှုလဲ ပိုရှိကြတယ်၊ သင်လိုက်တဲ့ စာကိုလဲ ပိုပြီး စွဲမြဲမှတ်မိစေပါတယ်။
.
နေ့တဝက် ကလေးတွေကို စာသင်ပြီးတဲ့အခါ full time သင်တဲ့ ဆရာတွေ နေ့စဉ်
 discussion လုပ်ကြရတယ်။ ဘယ်အတန်းကို ဘယ်လိုသင်တယ်၊ ဘယ်လို သင်ရင် ပိုကောင်းမယ်၊ နောက်နေ့ ဘယ်လိုတွေ သင်ကြမယ် ဆိုတာ နေ့တိုင်း ပြောပြ ဆွေးနွေးကြ၊ အခက်အခဲတွေ ရှိရင် အတူတူ တိုင်ပင် ဖြေရှင်းကြပါတယ်။
.
ဒီတ
နွေမှာ​တော့ ရာသီဥတု ပူလောင်မှုကို အံတုပြီး ကံ့ကော်ရိပ်မှာ ချွေးသိပ်ရင်း ကျောင်းသားတွေရော ဆရာ ဆရာမတွေပါ ... တပျော်တပါး ... ဖြတ်​သန်းသွားကြရဦးမှာပါ။
***
မေဓာဝီ
၁၄ မတ်
 ၂၀၁၈
၂၁း၄၄

Read More...