Thursday, December 28, 2006

နောက်ပူညစ်ရှုပ် အမြဲသေရလတ္တံ့ ဖြစ်ပါသော အကျွန်ုပ်သည် …

တောင်းပန်ခြင်း
***
စိတ်ညစ်တယ် … ။
လူတိုင်း ခဏခဏ ပြောဖူးကြတဲ့ စကားပါ။ ကျမဆိုလည်း မကြာခဏ ပြောနေကျပေါ့။
တစုံတခု အလိုမကျရင် … အလိုမပြည့်ရင်၊ ဒါမှမဟုတ် တစုံတယောက်ရဲ့ ပယောဂကြောင့် ကျမတို့ဟာ စိတ်ညစ်တတ်ပါတယ်။ စိတ်ညစ်ပြီဆိုရင်ဖြင့် ကျမတို့ရဲ့ စိတ်တွေဟာ ကြည်လင်သန့်ရှင်းမနေတော့ဘူး၊ ညစ်နွမ်းလို့ပေါ့။
စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ် ပြောတဲ့စကားတွေဟာ ဂျစ်တစ်တစ် ညစ်တစ်တစ်တွေ ဖြစ်နေတတ်သလို လုပ်မိတာတွေဟာလည်း အမှားမှား အယွင်းယွင်းတွေ ဖြစ်တတ်ပါတယ်။
စိတ်ညစ်တော့ အမှားပြောမိ၊ အမှားလုပ်မိ၊ အဲဒီလို အမှားတွေ ပြောမိ လုပ်မိတော့ ပိုစိတ်ညစ်ရ၊ ဒီလိုနဲ့ ကျမတို့စိတ်တွေလည်း ပြန်လည်ကြည်လင်လာဖို့ ဝေးစွ၊ ပိုပိုပြီး ညစ်ထေးလာပါရောလား။

မနေ့က တနေ့လုံး ကျမ စိတ်ညစ်နေပါတယ်။
များလွန်းနဲ့ အလုပ်နဲ့ …နှေးလွန်းတဲ့ အင်တာနက် ကွန်နက်ရှင်ကြောင့်ပါ။ တနေ့ကလည်း ဘလော့မှာ ပို့စ်အသစ် မတင်ဖြစ်ဘူး။ မနေ့ကလည်း ကွန်နက်ရှင်နှေးနေတာကြောင့် ဘလော့ဝက်ဘ်ဆိုက်ထဲ တော်တော်နဲ့ဝင်မရဘူး။ ၀င်လို့ရပြန်တော့လည်း ပို့စ်အသစ်တင်တဲ့နေရာရောက်အောင် မနည်းသွားရတယ်။ publish post လုပ်ပြီးတော့လဲ တက်သွားသလား မတက်သွားသလား ပေါ်မလာဘူး၊ ကြာလာတော့ စိတ်က မရှည်တော့ပါဘူး၊ စောင့်ရလို့ကြာတဲ့ အချိန်တွေကို စိတ်တိုလာတာနဲ့ ဟိုလုပ် ဒီလုပ်လျှောက်လုပ်လိုက်တာ ပို့စ် ၂ ခု တက်သွားပါလေရော၊ ပြန်ဖျက်ဖို့ ပြန်ဝင်ပြန်တော့ နှေးနေပြန်ရော … ။
ကဲ … စိတ်ညစ်ပြီပေါ့။

အလုပ်များရတဲ့ကြားထဲ ကွန်နက်ရှင်နှေးလို့ စိတ်ရှုပ်နေချိန်မှာ စကားပြောနေတဲ့သူတယောက်ကို အကောင်းမပြောမိတော့ဘူး၊ သူပြောတဲ့ စကားကို နားထောင်တဲ့ ကိုယ့်ရဲ့ ခံယူချက်ကလည်း မကောင်းတော့ဘူး။ ညစ်တစ်တစ်ဖြစ်လာတော့ ဂျစ်တစ်တစ်တွေ ပြောမိရော …။ သူအကောင်းပြောလည်း ကိုယ်က နားလည်မှုမရှိစွာ စိတ်ဆိုးနေမိတယ်၊ ဆန့်ကျင်ဘက် အတွေးတွေသာ တွေးမိပြီး ရန်စကားတွေသာ ပြောမိနေတော့တယ်။
နောက် …သွေးအေးသွားတဲ့အချိန်ကျမှ ကိုယ်ပြောမိတာတွေ မှားသွားပါလား လို့ ဆိုပြီး စိတ်မကောင်း ဖြစ်ရပြန်ရော … ။

ကြည့်ပါဦး … ။
ပထမ စိတ်ညစ်တယ် .. ။
ပြီးတော့ .. စိတ်ဆိုးတယ် .. ။
နောက် .. စိတ်မကောင်းဖြစ်တယ် .. ။
ဘယ်မှာများ ကောင်းကွက်ရှိပါသလဲ။

ညစ်ဆိုး မကောင်းတဲ့ ကိုယ့်ရဲ့ စိတ်ကို ကိုယ်ပြန်ကြည့်မိရာက အဖေ အမြဲရွတ်ဆို နေကျ ဘုရားရှိခိုးထဲက စာသားတခုကို သွားသတိရမိပါတယ်။
အရှင်ဇနကာဘိဝံသရဲ့ ဘုရားရှိခိုးပါ။ အစအဆုံးကိုတော့ မမှတ်မိပါဘူး။
“အဟံ၊ နောက်ပူ ညစ်ရှုပ် အမြဲသေရလတ္တံ့ ဖြစ်ပါသော အကျွန်ုပ်သည်။ ၀န္ဒေ၊ လင်းလို ရှင်းလို ကိစ္စပြီး အေးကြီး အေးလိုသောအား … ၀ပ်တွားရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား” … ဆိုတဲ့ အဆုံးပိုဒ်က စာသားလေးတော့ မှတ်မိနေပါတယ်။
မှန်လိုက်တာ … ။
ကိုယ့်ရဲ့ စိတ်ကို ဒီစကားနဲ့ ပြန်ချိန်ထိုး ဆင်ခြင်ကြည့်မိတော့ ….
နောက် ပူ ညစ် ရှုပ် ဆိုတဲ့ စာလုံးလေးလုံးဟာ …
ကြည်လင်ခြင်းမရှိတဲ့ စိတ် …
အေးချမ်းခြင်းမရှိတဲ့ စိတ် …
ဖြူစင်ခြင်းမရှိတဲ့ စိတ် …
ရှင်းသန့်ခြင်းမရှိတဲ့ စိတ် … ကို ရည်ညွှန်းတယ်လို့ ထင်ပါတယ်။
ဒီစာလုံးလေးလုံးဟာ တကယ့်ကို ကိုယ့်စိတ်နဲ့ တိုက်ဆိုင်နေပါတယ်။

ကျမတို့ရဲ့ စိတ်တွေဟာ အမြဲတမ်း နောက်ကျိ ပူလောင် ညစ်ထေး ရှုပ်ထွေး နေပါတယ်။
ဒီလိုအချိန် အခိုက်အတန့်မှာ ကိုယ့်ဟာနဲ့ကိုယ် အလိုမကျလို့ စိတ်ညစ် စိတ်ရှုပ်နေတာနဲ့ပဲ သူတပါးကို ဂျစ်ကန်ကန် ညစ်ထန်ထန်တွေပြောမိတာ မကောင်းဘူးလို့ တွေးမိပါတယ်။
ဒီလိုအချိန်မှာ တွေးမိမှား ပြောမိမှား ပြုမိမှားခဲ့တာတွေ ရှိကောင်း ရှိနိုင်ပါတယ်။
မဆင်မခြင်နဲ့ ပြောမိ ပြုမိမှားခဲ့တာတွေကို undo လုပ်လို့လည်းမရတဲ့ ကျမတို့ဘ၀မှာ … တောင်းပန်ရုံကလွဲပြီး ဘာရှိဦးမှာလဲ။ ကျမကတော့ ကိုယ်မှားတယ်ဆိုရင် တောင်းပန်ဖို့ ၀န်မလေးပါဘူး။
ကျမ စိတ်ထဲ နောက်ပူညစ်ရှုပ်နေတဲ့အတွက် … ခုလို မှားမိပါတယ် … လို့ ကြုံတဲ့အခါ ကျမ သူ့ကို တောင်းပန်ရပါအုံးမယ်။
***
မေဓာဝီ
29.12.06
4:25 am

အမှားပြင်ဆင်ချက်။ ။ ဒီမနက် အဖေ့ကိုမေးတော့ အဲဒီဘုရားရှိခိုးက အရှင်ဇနကာဘိဝံသရဲ့ ဘုရားရှိခိုး မဟုတ်ဘူးတဲ့။ ဒီပဲယင်းဆရာတော်ရဲ့ ဘုရားရှိခိုးလို့ပြောပါတယ်။ ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံ အပ်ပါတယ်ရှင့်။

Read More...

မျက်စိရှိလျက် .. မမြင်ကြသူများ

“၀င်းဦးကို ဘယ်လိုပေါင်းလဲ …၀ တချောင်းငင် … ပြီးတော့ဘာလဲဟင်”
အဲဒီမေးခွန်းကြားတော့ ရယ်လိုက်မိပြီး …
“၀ တချောင်းငင် တသတ် - ၀င်းဦး” လို့ ကျမရဲ့ စ တတ်တဲ့ စိတ်ကြောင့် ရုတ်တရက် အဲဒီလို ခပ်နောက်နောက် ပြောလိုက်မိတယ်။
နောက်မှ ..မေးတဲ့ ကောင်မလေးကို သနားသွားပြီး စာလုံးပေါင်း အမှန်ကို ပေါင်းပြလိုက်ပါတယ်။
သူက ကျမတို့ အိမ်မှာ တောက်တိုမယ်ရ လုပ်တဲ့ ကောင်မလေးပါ။ အသက်က ၂၀ကျော်လောက် ရှိပေမဲ့လို့ စာတလုံးမှ မတတ်ပါဘူး။
ကျမတို့အိမ်ရောက်မှ ကကြီး-ခခွေး၊ တစ်နှစ်သုံးလေး ကြုံတဲ့သူက သင်ပေးကြလို့ နဲနဲပါးပါး ရေးတတ် ဖတ်တတ် ရှိလာတယ်။ ဒါပေမဲ့လည်း သူက အားနေသူမဟုတ်တဲ့အတွက် သင်ရတာ ရှေ့သိပ်မတိုးပါဘူး။ သူ့အားသာချက်တခုကတော့ မှတ်မိလွယ်ပြီး တတ်ချင်စိတ်လည်း သိပ်ပြင်းပြတာပါပဲ။

သူဟာ ရန်ကုန်မြို့စွန်က ရပ်ကွက်တခုမှာ မွေးဖွား ကြီးပြင်းလာသူတဦးပါ။ ရန်ကုန်မြို့နေလူတယောက် အခုလို စာမတတ်ဖူးဆိုတာ ကြားရသိရတော့ စစချင်း ကျမအံ့သြမိတယ်။ ဒီကိစ္စမျိုးတွေရှိလား …. လို့ တရုတ်ကားထဲက ပေါင်ချိန်ကြီးပြောသလို တွေးမိပါရဲ့။ သူ့လို စာမသင်နိုင်တဲ့ သူတွေဆိုတာ ရန်ကုန်မြို့ဧရိယာထဲမှာတွင် တပုံတပင်ကြီးဆိုတာ နောက်တော့မှ ဖြည်းဖြည်းချင်း သိသိလာခဲ့ရပါတယ်။
အရင်ကတော့ တောမှာသာ စာမတတ်သူတွေရှိတယ်ထင်ခဲ့မိတယ်၊ ဦးသုခရိုက်တဲ့ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကား တီဗီမှာလာလို့ကြည့်ရတဲ့အခါ အဲဒီလို ကျေးလက်တောရွာတွေသွားပြီး အ-သုံးလုံး သင်ပေးချင် စိတ် တဖွားဖွားဖြစ်မိတယ်။ တကယ်တမ်း ကိုယ့်လက်တကမ်းမှာ ဒီလိုလူတွေ အများကြီးပါပဲ။ သူတို့ ဘာလို့ စာမသင်နိုင်ကြလဲ။ စာမတတ်ကြလဲ … ။
***
အဓိက ကတော့ စာသင်နိုင်လောက်အောင် လုံလောက်တဲ့ ငွေကြေးမရှိလို့ပါပဲ။
***
“ပညာရွှေအိုး လူမခိုး” ဆိုတဲ့ စကားပုံနောက်မှာ …
“ရွှေအိုးရှိမှ ပညာရ” ဆိုပြီး နောက်ပြောင် ထည့်ပြောကြတာဟာ တကယ်ပဲ မှန်နေပါတယ်။
ပညာကို ငွေနဲ့ ဆက်ပြီး ၀ယ်ယူနေရတဲ့ခုလိုခေတ်ကြီးမှာ စာမတတ်သူများပြားလာတာဟာ ဆန်းတော့လည်း မဆန်းပါဘူး။ လဖက်ရည်ဆိုင်က စားပွဲထိုးလေးတွေ၊ ကားဂိတ်တွေ မီးပွိုင့်တွေမှာ ဆေးလိပ်၊ ကွမ်းယာ၊ ဂျာနယ်၊ စပယ်ပန်း တခုခု ရောင်းနေတဲ့ ကလေးတွေ ခုနကောင်မလေးလို အိမ်တွေမှာတောက်တိုမယ်ရ ဗာဟီရလုပ်ပေးရတဲ့ သူလေးတွေ …. သူတို့လေးတွေအတွက် ကျောင်းနေခွင့် ပညာသင်ကြားခွင့်ဆိုတာ ဘယ်မှာလဲ။
ဝမ်းရေးနဲ့ ပညာရေးကို ချိန်ထိုးရတဲ့အခါမှာ လတ်တလော ပြဿနာဖြစ်တဲ့ ၀မ်းရေးကိုသာ အဓိက ဦးစားပေးကြရတယ်။ ဒီလိုနဲ့ပဲ ကျမတို့ တိုင်းပြည်ကြီးမှာ စာမတတ်သူတွေ များသည်ထက် များများ လာတော့တာပါပဲ။

နိုင်ငံတခုမှာ ပညာတတ်သူရှားပါးတာဟာ နိုင်ငံရဲ့ အရည်အသွေးကျဆင်းလာတာပဲ မဟုတ်လား။ အရည်အချင်းရှိသူတွေ နည်းပါးနေတဲ့ နိုင်ငံဟာ နိုင်ငံတော်သစ် ဘယ်လို တည်ဆောက်ကြပါမလဲ၊ ဒီလိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းကြမလဲ၊ အားနည်းချက်တွေကို ဘယ်လို ပြုပြင်ယူမလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ … ကျမ မတွေးတတ်တော့ပါဘူး။

ကလေးတွေရဲ့ ပညာရေး နိမ့်ကျလာမှု၊ စာမသင်နိုင်တဲ့ ကလေးတွေများပြားလာမှုကို ဒီတိုင်းကြည့်မနေနိုင်တဲ့ ဘုန်းတော်ကြီးတချို့က တစိတ်တပိုင်း တာဝန်ယူဖြေရှင်းပေးကြပါတယ်။ “ဘုန်းတော်ကြီးသင် ပညာရေး” ဆိုပြီး အစိုးရအတန်းကျောင်းမနေနိုင်တဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းတွေက အခမဲ့ ပညာသင်ကြားပေးပါတယ်။
ဒီလိုသင်ကြားတဲ့နေရာလည်း ဘုန်းတော်ကြီးတွေအတွက် အခက်အခဲတွေ အများကြီးရှိပါတယ်။ စာအုပ်စာတမ်း စာရေးကိရိယာ လှူဒါန်းမဲ့သူ ရှိစေဦးတော့ ကလေးတွေ စာသင်ခန်းထဲရောက်အောင် လုပ်ဖို့က သိပ်မလွယ်လှပါဘူး။
စာသင်မဲ့ အချိန်မှာ ဈေးရောင်းရင် ပိုက်ဆံဘယ်လောက်ရမယ် … ဆိုတာမျိုးလောက်သာ နားလည်ထားကြတဲ့ လူများစုကို စည်းရုံးသိမ်းသွင်းဖို့ ဆိုတာကလည်း ဘုန်းတော်ကြီးရဲ့ အပြောအဟောနဲ့ ဆွဲဆောင်နိုင်မှုပေါ်မှာ မူတည်နေပါတယ်။ ဒီလိုပြောရင်း ဟောရင်းနဲ့ပဲ လမ်းပေါ်က ကလေးတယောက်တလေပဲဖြစ်ဖြစ် စာသင်ခန်းထဲ ရောက်သွားရင် အကျိုးရှိတာပါပဲ။
***
မြန်မာတွေရဲ့ ပညာရေးအစဟာ ဘုန်းကြီးကျောင်းတွေကလို့ ဆိုရင်ရပါတယ်။ ကျမတို့မမီလိုက်သော ဟိုးအရင်ခေတ်က မိဘတွေဟာ အရွယ်ရောက်လာတဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းပို့ပြီး ပညာသင်စေကြတာပဲ မဟုတ်လား။ သင်ပုန်းကြီး၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ မင်္ဂလသုတ်၊ နမက္ကာရ၊ လောကနီတိ .. စသဖြင့် ဘုန်းကြီးကျောင်းရဲ့ သင်ရိုးအတိုင်း သင်ကြရတယ်။ ဘုန်းကြီးကျောင်းထွက် ကလေးတွေဟာ မြန်မာစာအပြင် မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာရေးအခြေခံပါ သူတို့ခေါင်းထဲ စိမ့်ဝင်သွားကြတယ်။

အခုခေတ်ရဲ့ စမ်းသပ်ဆဲ ခေတ်မီပညာရေးစနစ် လက်အောက်က ကလေးတွေကတော့ ဟိုမရောက် ဒီမရောက် အောက်ကလိအာ ဖြစ်နေကြပါတယ်။ ဘာသာရေးအခြေခံလည်း မသိ နားမလည်၊ အင်္ဂလိပ်စာဆိုတော့လည်း ဟုတ်တိပတ်တိ မတတ်၊ သင်ရတဲ့စာတွေကလည်း အားလုံးသိတဲ့အတိုင်းပါပဲ၊ ကျမတို့သည်လည်း ဒီစနစ်လက်အောက်ကနေ ကြီးပြင်းလာကြရတာမို့ ဘွဲ့သာရသွားရော ကိုယ်အထူးပြုယူခဲ့တဲ့ ဘာသာရပ်ကို ဘာတခုမှ အသုံးမချနိုင်ဘဲ မတတ်တတတ်သာ ကျေနပ်ခဲ့ရသူပါ။

ကျမတို့ခေတ်နဲ့ ခုလက်ရှိအခြေအနေ ကွာဟချက်ကတော့ …
တော်ရုံတန်ရုံ တတ်နိုင်တဲ့သူတွေက အစိုးရစာသင်ကျောင်းတွေနေကြ၊ ဒီထက်ပိုတတ်နိုင်တဲ့သူတွေက နိုင်ငံတကာအဆင့်မီ စာသင်ကျောင်းတွေဆီသွားကြ၊ ဒီထက်ဒီ တတ်နိုင်တဲ့သူတွေကတော့ နိုင်ငံရပ်ခြားပို့ပြီး ပညာသင်စေလွှတ်ကြ …
လုံးဝမတတ်နိုင်တဲ့ သူတွေကတော့ …. ခုနကောင်မလေးလိုမျိုးတွေပေါ့။
***
သိပ်မကြာသေးခင်ရက်ပိုင်းက တက္ကသိုလ် ဆရာဟောင်းတယောက်နဲ့ လဖက်ရည်ဆိုင်ထိုင်ရင်း ထွေရာလေးပါး ပြောရာက ပညာရေးအကြောင်းရောက်သွားပါတယ်။ ဆရာက ကျောင်းက အနားယူခဲ့တာ ဆယ်နှစ်လောက်ရှိပါပြီ။ ၁၉၉၆ နောက်ပိုင်းကတည်းကဆိုပါတော့။ သူ အနားမယူခင်ကာလက နိုင်ငံတော်အစိုးရက ပညာရေးဘက်မှာ အားပေးမှုတွေလုပ်နေတော့ သူက ကောင်းတဲ့အကြံဥာဏ်လေးတွေ အစည်းအဝေးတခုမှာ ထပြောမယ်လို့ဆိုပြီး လုပ်ဖော်ကိုင်ဖက် ဆရာတယောက်ကို ပြောပြသတဲ့။ အဲဒီဆရာက
‘ဟာ .. ဆရာရယ် .. မလုပ်ပါနဲ့ … သူ့ဟာသူ ချောက်ထဲသွားတဲ့ လမ်းကိုသွားနေတာ သွားပါစေ၊ သူ့ဟာသူဆိုရင် သုံးလေးနှစ်လောက် မြဲမဲ့ဟာ ဆရာလုပ်မှနောက် နှစ်သုံးလေးဆယ် မြဲနေရင် ဒုက္ခ’
ဆိုပြီး ပြာပြာသလဲ တားတယ်တဲ့။

ပညာရှင်တွေအခုလိုပြောတော့ ကျမဖြင့် ၀မ်းနည်းရမှာလား ၀မ်းသာရမှာလား ရုတ်တရက် ဝေခွဲမရဖြစ်ရပါတယ်။
အဲဒီစကားပြောခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ပဲ ထားပါတော့။ အခုဆို.. ဆယ်နှစ်တိုင်ခဲ့ပြီ။ မြဲနေတုန်းပါပဲ။
ဆရာတို့ ခုလို လစ်လျူရှုလိုက်ကြတဲ့အတွက် တကယ်တမ်း ဒုက္ခရောက်တာကတော့ …ကျောင်းသားတွေပါ။
***
စာမတတ်တဲ့သူကို အကန်းနဲ့တူတယ်လို့ပြောကြတယ်။
မျက်စိရှိပါလျက်နဲ့ မဖတ်တတ်တဲ့အတွက် မမြင်ဘူးပေါ့။ ဒါကြောင့် အကန်းလို့ တင်စားပြီးပြောခဲ့ကြပါတယ်။
ဒီစကားကြားတော့ … အဆင်းတခုကို မြင်ဖို့အတွက် အကြောင်းလေးပါး နဲ့ ပြည့်စုံဖို့လိုအပ်တယ်လို့ မှတ်သားခဲ့ဖူးတာလေး သွားသတိရတယ်။
၁။ ကောင်းမွန်တဲ့ မျက်စိ (စက္ခုပသာဒ)
၂။ အဆင်း
၃။ လုံလောက်တဲ့ အလင်းရောင်
၎။ အာရုံပြုမှု (နှလုံးသွင်းမှု)
ဒါတွေနဲ့ ပြည့်စုံမှ အဆင်းတခုကို မျက်စိက မြင်နိုင်ပါတယ်။
မျက်စိလည်းရှိ အလင်းရောင်လည်း ရှိပေမဲ့ အာရုံမပြုရင်လည်း မမြင်ပါဘူး။

ဒီလိုပါပဲ … စာသင်သားတယောက်အတွက်လည်း ပညာရပ်တခုကို တတ်မြောက်ဖို့ အကြောင်းလေးပါးပြည့်စုံမှ ဖြစ်မယ်လို့ ကျမတွေးမိတယ်။
၁။ စာသင်လိုစိတ်ရှိမှု
၂။ စာသင်နိုင်အောင် လိုအပ်တဲ့ ထောက်ပံ့မှု
၃။ မှန်ကန်တဲ့ပညာရပ်
၎။ မှန်ကန်စွာ သင်ကြားပေးနိုင်တဲ့ဆရာ
ဒါတွေနဲ့ ညီညွတ်ပြည့်စုံမှ ဒီစာသင်သားဟာ ပညာရပ်တခုကို တတ်မြောက်လိမ့်မယ် လို့ ကျမ ယူဆပါတယ်။
စာသင်လိုစိတ်လည်းရှိ၊ လိုအပ်တဲ့ထောက်ပံ့မှုလည်း ရှိပေမဲ့ ကိုယ်သင်ကြားတဲ့ ပညာရပ်ဟာ မှန်ကန်တဲ့ပညာရပ်မဟုတ်ဘဲ ၀ါဒတခုရဲ့ မှိုင်းသွင်းခြင်း ခံရတဲ့ ပညာမျိုးတွေဖြစ်ခဲ့ရင် … ဒါမှမဟုတ် လူအများ ထိခိုက်နစ်နာအောင် ဆောင်ရွက်မဲ့ ပညာမျိုးဖြစ်နေရင် …. ဒါ့ပြင် ကိုယ့်ရဲ့ဆရာဟာ အမှန်နဲ့အမှားကို ကွဲပြားအောင် သင်ကြားပေးနိုင်တဲ့သူ မဟုတ်ခဲ့ရင် ….
ဒီလို စာသင်သားတွေဟာလည်း စာသင်ပါလျက် တတ်ကျွမ်းသူလို့ မဆိုနိုင်ပါဘူး။
ဒီလိုလူတွေဟာ ဘွဲ့တွေ အမြီးတွေ တသီကြီးရှိနေပေမဲ့ အလကားပါပဲ။
မျက်စိရှိလျက်နဲ့ မမြင်တဲ့ သူနဲ့ ဘာကွာအုံးမှာလဲ …။
***

Read More...

Tuesday, December 26, 2006

ကဗျာ ... ကာရန်နှင့် .. ကျမ

ကျမရဲ့ “ဆောင်းညအတွေး” ပို့စ်က ကဗျာလေးဟာ ကာရန်မပါဘူးဆိုပြီး Prince က “ကာရန်မပါရင် ကဗျာမဟုတ်ဘူး ကဗျွတ်” လို့ ကွန်မန့်မှာ ရေးခဲ့ပါတယ်။ ကိုသံလွင်ကတော့ “ကာရန်မဲ့လို့ကဗျာမဟုတ်ဘူးလို့ ပြောလို့မရတာတော့ သေချာပါတယ်” လို့ ပြန်ရေးခဲ့တယ်။
ကဗျာလောကမှာ ကာရန်မဲ့ ကာရန်ရှိကိစ္စ အငြင်းပွါးခဲ့ကြတာ ကြာပါပြီ။
ကျမကတော့ “ကာရန်ပါတိုင်း ကဗျာမဟုတ်သလို .. ကာရန်မပါတိုင်း စကားပြေမဟုတ်ဘူး” … လို့ ယူဆလက်ခံထားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ အဖေယူလာတဲ့ စာအုပ်ထဲက ကာရန်မဲ့ကဗျာအကြောင်းရေးထားတဲ့ ဆောင်းပါးထဲမှာ ဆရာကြီးမင်းသုဝဏ်ရဲ့ ကာရန်မဲ့ကဗျာတပုဒ် ဖတ်လိုက်ရတာနဲ့ပဲ … ပြန်လည်ဝေမျှလိုက်ပါတယ်။ (ဟိုဆရာကြီးတွေ့ရင် ကဗျွတ်လို့ ဆိုလေအုံးမလားမသိ)
ဖတ်ကြည့်ကြပါအုံး။

***
ကာရန်မဲ့ကဗျာ (မြဇင် - ကဗျာ့နရီနှင့် နိမိတ်ပုံ စာအုပ်မှ )

မင်းသုဝဏ်သည် ကာရန်စည်းကမ်းကြီးသော ကဗျာဆရာဖြစ်သည်၊ ကာရန်အသုံးပြုရာ၌ အစဉ်အလာကို မပျက်ပြားစေလို၊ အစဉ်အလာက သတ်မှတ်သော စည်းကမ်းဘောင်အတွင်း၌ ကာရန်စပ်ဟပ်လိုသည်၊ ဆရာသည် ပညာရည် ကဗျာရည်ရှိသောကြောင့် ကာရန်ကို ထိရောက်စွာအသုံးချ၍ ကဗျာ့အရည်သွေးကို မြှင့်တင်နိုင်ခဲ့သည်။ ကာရန်နှင့်ပတ်သက်သော စည်းကမ်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် ကာရန်၏ တန်ဖိုးကို သိနားလည်သော ဆရာသည် ကာရန်မဲ့ကဗျာဘက်သို့ လှည့်စရာအကြောင်းမရှိပါ၊ သို့သော် ဆရာသည် “အင်းယားကန်သို့ အိုကုတို့” စာအုပ် စာမျက်နှာ ၁၈၉ တွင် ကာရန်မဲ့ ကဗျာတပုဒ်ကို ရေးစပ်ထည့်သွင်းထားသည်။

ရွာလိုရွာလော့ မိုးနတ်သား
---------------------------
ဓနိယ နွားကျောင်းသားဆို၏။
ငါသည်
ထမင်းချက်ပြီးပြီ။
ဤမဟီမြေကမ်းပါး၌
အပေါင်းအသင်းတို့နှင့်
ငါနေ၏။
တင်းကုပ်ကိုမိုးပြီးပြီ။
မီးကိုညှိပြီးပြီ။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါ့တွင်
အမျက်မရှိ။
ငြောင့်တံသင်းလည်းကင်း၏။
ဤမဟီမြစ်ကမ်းပါး၌
တညတာမျှ ငါနေသည်။
ငါ့တင်းကုပ်သည်
အမိုးဟင်းလင်းဖြစ်၏။
ငါ့မီးသည်
ငြိမ်းသက်ပြီးဖြစ်၏။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယနွားကျောင်းသားဆို၏။
ဤအရပ်၌
မှက်၊ ခြင်၊ ယင်ရဲတို့မရှိ။
ရေကြည်ရာ မြက်နုရာ၌
ငါ့နွားများ ကျက်စားကြသည်။
မိုးကြီးရွာလည်း
သူတို့ခံနိုင်ရည်ရှိကြပါ၏။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါသည်
ဖောင်ကိုကောင်းစွာဖွဲ့၍
ဝဲသြဃကိုဖြတ်ကူးကာ
တဖက်ကမ်းသို့ရောက်ခဲ့ပြီ။
ငါ၏အဖို့ ဖောင်ကုတို့သည်
မလိုတော့
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယနွားကျောင်းသားဆို၏။
ငါ့မယားသည်
ငါ့အလိုသို့လိုက်၏။
တည်ကြည်၏။
ငယ်ပေါင်းကြင်ဆွေဖြစ်၏။
သူ၏အကြောင်း
မကောင်းသတင်း ငါမကြားရ။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါ့စိတ်သည်
ငါ့အလိုသို့လိုက်၏။
ကိလေသာမှ လွတ်မြောက်ခဲ့၍
ကြာရှည်စွာ ပွားများအပ်သည်
ကောင်းမွန်စွာ ဆုံးမအပ်သည်
ဖြစ်သောကြောင့်
ငါ့အား
မကောင်းမှုမရှိတော့ပြီ။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယနွားကျောင်းသားဆို၏။
ငါသည်
ကိုယ်ပိုင်အလုပ်ဖြင့်
အသက်မွေး၏။
ငါ့သားသမီးတို့သည်
ငါနှင့်အတူနေကြ၏။
ကျန်းမာသန်စွမ်းကြ၏။
သူတို့အကြောင်း
မကောင်းသတင်း ငါမကြားရ။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါသည်
သူခစားမဟုတ်။
ရအပ်သောအစွမ်းဖြင့်
ခပ်သိမ်းသောလောကတွင်
ငါလှည့်လည်၏။
ငါ့အဖို့
အခကြေးငွေမလိုတော့။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယနွားကျောင်းသားဆို၏။
ငါ့မှာ
နွားသိုးပေါက်များရှိ၏။
နို့စို့နွားငယ်များရှိ၏။
ဇီးနှင့်နွားမများလည်းမရှိ။
ရှေ့ဆောင်လမ်းပြ
နွားလားဥဿဘလည်းမရှိ။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယနွားကျောင်းသားဆို၏။
ချည်တိုင်ငုတ်တို့ကို
ခိုင်မြဲစွာစိုက်ပြီးပြီ။
ဖြူဆံမြက်ကြိုးသစ်တို့ကို
ကောင်းစွာကျစ်ပြီးပြီ။
ကြိုးသစ်တို့ကို နွားငယ်တို့သည်လည်း
မဖြတ်နိုင်ကုန်။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
နှောင်ကြိုးကိုဖြတ်၍
လွတ်မြောက်သောနွားကဲ့သို့
နွယ်ကြိုးကိုဖြတ်၍
လွတ်မြောက်သောဆင်ကဲ့သို့
ပဋိသန္ဓေနေခြင်းမှ
ငါလွတ်မြောက်ပြီ။
ရွာလိုရွာလော့ မိုးနတ်သား။

ထိုခဏ၌
ကုန်းကိုလည်းကောင်း ကျင်းကိုလည်းကောင်း
ပြည့်လျှမ်းစေလျက်
မိုးကြီးသည်းစွာ ရွာ၏။
မိုးသံကိုကြားသောအခါ
ဓနိယသည် ဤစကားကိုဆို၏။
ဘုရားသခင်ဖူးမြင်ရ၍
ငါတို့အဖို့ ကျေးဇူးများစွ။
မျက်စိသခင် ကျေးဇူးရှင်။
အသျှင်ဘုရားကို ကိုးကွယ်ရာဟူ၍
ကျွန်ုပ်တို့ ဆည်းကပ်ပါ၏။

မုနိသနင်း ရဟန်းမင်း
အသျှင်ဘုရားသည် ကျွန်ုပ်တို့၏
ဆရာဖြစ်တော်မူပါလော့။
ကျွန်ုပ်တို့လင်မယားသည်
အသျှင်ဘုရားထံတော်ပါး၌
မြတ်သောအကျင့်ကို ကျင့်လိုကြပါ၏။
တဖက်ကမ်းသို့ ကူးမြောက်ကာ
ဆင်းရဲ၏အဆုံးကို
ပြုလိုကြပါကုန်၏ဘုရား။ ။
***
ဆောင်းပါးတပုဒ်လုံး ရိုက်ဖို့ အချိန်မပေးနိုင်တဲ့အတွက် သည်းခံကြပါ။
ဆောင်းပါးရဲ့ အဆုံးမှာ … ဆရာမြဇင်က ခုလိုရေးထားပါတယ်။
***
အတွေး၊ စကား၊ နရီအပြင် တခြား ကဗျာပစ္စည်းတွေ ရှိသေးသည်။ သို့သော် အတွေး၊ စကား၊ နရီ ဤသုံးခုမှာ အဓိကဖြစ်သောကြောင့် ဤသုံးခုပိုင်လျှင် ကာရန်မဲ့ကဗျာကောင်း ဖြစ်ပေါ်လာနိုင်သည်။
***
ကျမ … ကဗျာမစပ်တတ်သေးပါ။
ကျမ … ကဗျာဆရာမဟုတ်ပါ။
ကာရန်ရှိ - ကာရန်မဲ့ ကိုလည်း သေချာစွာ နားလည်တတ်ကျွမ်းခြင်း မရှိသေးပါ။
ခံစားမှုကို အခြေခံပြီး ရေးဖွဲ့ခြင်းမျှသာ ဖြစ်ပါတယ်။
ထို့ကြောင့် ကဗျာမပီ စာမမည် ဖြစ်နေသော ကျမ ရေးသားမှုတွေကို သည်းခံပြီး ဆက်လက်အားပေးဖတ်ရှု ကြပါအုံးလို့ … တောင်းပန်လိုက်ပါတယ် ရှင်။

***

Read More...

Monday, December 25, 2006

ခရစ်စမတ်ဆုတောင်း …


မြန်မာဘလော့လေးတွေဆီ အလည်သွားရင်း ခရစ်စမတ်အတွက် ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။
အားလုံးဆီတော့ မရောက်ခဲ့ဘူး .. တချို့ဘလော့တွေထဲ ၀င်လို့မရ၊ တချို့က အိမ်ပြောင်းသွား၊ တချို့ဘလော့တွေကျတော့လဲ အိပ်ပျော်နေကြတယ်။
ဝင်လို့ရသလောက် လျှောက်သွားပြီး သီချင်းတွေနားထောင် … စာလေးတွေဖတ် .. အရုပ်လေးတွေကြည့် .. မုန့်လေးတွေစား .. ပျော်စရာကောင်းလိုက်ပုံများ ….
အလုပ်မလုပ်ဘဲ အမြဲ အဲဒီလို လျှောက်သွား နေရရင် သိပ်ကောင်းမယ် …
အလုပ်ဆိုတဲ့ နှောင်ကြိုးကြီး တန်းလန်း တန်းလန်းနဲ့ဆိုတော့… လျှောက်သွားရတာလဲ နောက်ဆံက တငင်ငင်နဲ့မို့ သိပ်တော့ မပျော်ရပါဘူး။
ဒါပေမဲ့လည်း ဘလော့တော်တော်များများတော့ ရောက်ဖြစ်သွားတယ် ….
ရောက်ပြီး ဆုမတောင်းခဲ့ရတဲ့ ဘလော့တွေလဲ ရှိပါတယ် …
စီဘောက်စ် ရှိတဲ့ဘလော့တွေက ရေးဖို့လွယ်ပြီး စီဘောက်စ်မပါတဲ့ ဘလော့တွေကျတော့ ကွန်မန့်ထဲ တခါဝင်ဖို့ သိပ်မလွယ်လှလို့ပါ။
အားလုံးကို ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ် …
မြန်မာဘလော့ဂါများ အားလုံး …ပျော်ရွှင်ဖွယ် ခရစ်စမတ်နေ့လေးဖြစ်ပါစေ … စည်းလုံးညီညွတ်စွာနဲ့ ချစ်ကြည် ရင်းနှီးနိုင်ကြပါစေ …
မြန်မာပြည်မှာရှိနေသော/မြန်မာပြည်နှင့် ခွဲခွါနေရသော မြန်မာပြည်သူပြည်သား အားလုံး …ပျော်ရွှင် ချမ်းမြေ့ကြ ပါစေ …
ကမ္ဘာသူကမ္ဘာသား အားလုံး ငြိမ်းချမ်းကြပါစေ …
***
မေတ္တာဖြင့်
မေဓာဝီ
၂၅.၁၂.၀၆
ညနေ ၄ နာရီတိတိ

Read More...

Sunday, December 24, 2006

ဆောင်းည အတွေး

တနေ၀င်လို့ တမိုးချုပ်ခဲ့ပြီ …
တနေ့ကုန်သွားပြန်ပေါ့ …
ဆောင်းတွင်းဆို နေမင်းလည်း ပျင်းရှာတယ်ထင်ပါရဲ့ … နောက်ကျမှထွက်ပြီး စောစောစီးစီး အိပ်တန်းတက် လို့ နေ့တာတွေလည်း တိုနေပါရောလား။
လဆန်းရက်မို့ ညကောင်းကင်ထက်မှာ … လမင်းလေးက ခပ်ကွေးကွေးရယ် … ။
နေ့ နဲ့ ည တလှည့်စီပြောင်း
နေ နဲ့ လ တလှည့်စီလာ …
ဒီလိုနဲ့ပဲ …
တရက်ပြီးတော့ နောက်တရက်
တလပြီးတော့ နောက်တလ
တနှစ်ပြီး တော့ နောက်တနှစ်
အသစ် အသစ်တွေဖြစ်နေခဲ့တာ …
မကြာခင် ရက်ပိုင်းမှာ … သက္ကရာဇ် အသစ်တခုကိုတောင် ကူးပြောင်းတော့မှာပဲ … ။
သဘာဝတရားကြီးရဲ့ သတ်မှတ်ချက်ထဲမှာ …
နေ့ရဲ့ ညရယ် ..
အလင်းရယ် အမှောင်ရယ် ..
အပူရယ် .. အအေးရယ် … ဆိုတာရှိသလို …
လောကရဲ့ သတ်မှတ်ချက်ထဲမှာ …
အကောင်းရယ် .. အဆိုးရယ် ဆိုတာလည်း … ဒွန်တွဲလို့ရှိနေတာပါပဲ … ။
အမြဲတမ်းလည်း မကောင်းနိုင်သလို …
ထာဝရလည်း မဆိုးနိုင်ပါဘူး … ။
လပြည့်ညရှိသလို … လမိုက်ညလည်း ရှိနေတတ်တယ် … ။
နေသာတဲ့နေ့ရှိသလို ..နေမထွက်တဲ့နေ့တွေလည်း ရှိနေတတ်ပါတယ် … ။
အကောင်းတွေကို လက်ခံနိုင်သလို … အဆိုးတွေကြုံလာရင်လည်း ရင်ဆိုင်နိုင်တဲ့ သတ္တိ …
နည်းနည်းဖြစ်ဖြစ်တော့ ရှိချင်မိပါရဲ့။
ဒါကြောင့်လည်း
မင်္ဂလသုတ် ထဲက …
“ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံယဿ နကမ္ပတိ”
ဆိုတဲ့ အတိုင်း
ကောင်းဆိုး နှစ်တန် လောကဓံနဲ့ ကြုံကြိုက်လာတဲ့အခါ မတုန်မလှုပ်ဘဲ ခံနိုင်ရည်ရှိတဲ့ စိတ်နဲ့ ခန္ဓာ ကိုသာ … ရလိုကြောင်း ဆုလည်း တောင်းမိပါတယ်။
***
ဘယ်လိုပဲ ဆုတောင်းပေမဲ့ …
ဘ၀မှာ … လိုချင်တာတွေ မျှော်လင့်တာတွေကလည်း ဖြစ်မလာတာက များပါတယ်။
တခါတလေတော့လည်း …
ကလေးတယောက်လို … လိုချင်တာမရတဲ့အခါ … ငိုချင်လာမိပြန်ရော … ။
ဒါဟာ ပျော့ညံ့လို့ပဲလား …
မရင့်ကျက်လို့ပဲလား ….
မသိတော့ပါဘူး ..။
သိလဲ မသိချင်တော့ပါဘူး … ။
ဒါနဲ့ပဲ … ဒီဆောင်းတညမှာ … ကဗျာအတိုအစလေး ရေးမိပြန်ပါတယ်။
***
မလာမှန်းသိလျက် မျှော်မိ
မရှိမှန်းသိလျက် တမ်းတ
မရမှန်းသိလျက် လိုချင်
မကြင်မှန်းသိလျက် လွမ်း
ဝမ်းနည်းရသူမှာ…
အခါခါ ဆုတောင်း
အကောင်းအဆိုး လောကဓံ
ခံနိုင်ပါစေကြောင်း … ။ ။

***
24.12.06

Read More...

Saturday, December 23, 2006

ဒီတဆောင်းနဲ့ နှစ်ချောင်းထိုး


ဂူဂယ်စာမျက်နှာကို ဖွင့်လိုက်တော့ လိုဂိုနေရာမှာ သားပိုက်ကောင်လေးတွေ သိုးမွှေးချည်လုံးလေးနဲ့ နှစ်ချောင်းထိုးထိုးနေကြတဲ့ ပုံလေးကိုတွေ့ရလို့ ပစ်ထားတဲ့ သိုးမွေးချည်ခင်တွေ သွားသတိရမိတယ်။ ဟိုးတလောက မွေးနေ့လက်ဆောင်ပေးဖို့ ဦးထုပ်တလုံး ကြိုးစားပမ်းစား ထိုးပြီးကတည်းက နှစ်ချောင်းထိုးအပ်ရော ချည်လုံးတွေပါ မကိုင်ဖြစ်တော့ဘူး။ ခုလိုချမ်းချမ်းအေးအေးရာသီမှာ အလုပ်မရှိရင်တော့ သိုးမွှေးထိုင်ထိုးနေချင်သား။

တကယ်တော့ အဲဒီလို အလုပ်မျိုးတွေ နဂိုက ၀ါသနာမပါခဲ့ရိုးအမှန်ပါဘဲ။ ဇာထိုး ပန်းထိုး၊ တချောင်းထိုး နှစ်ချောင်းထိုး စိတ်ကို မ၀င်စားခဲ့ဘူး။ ငယ်ငယ်ထဲက အဖိုးနဲ့နေလာတာဆိုတော့ ကျောင်းပိတ်ရက်ဆို သစ်ပင်စိုက်၊ မြက်ရိတ်၊ သံတိုင်တွေကော်ပတ်စား၊ သံပန်းတွေဆေးသုတ်၊ အဲဒါမျိုးအလုပ်တွေနဲ့သာ ယဉ်ပါး ကျင်လည်နေခဲ့ရတယ်။ ကိုယ့်အင်္ကျီ ပြဲလို့တောင် ကိုယ်မချုပ်တတ်ခဲ့ဘူး။ ကျောင်းကအိမ်တွင်းမှု အချိန်ဆို ဘယ်ထွက်ပြေးရမှန်းမသိအောင် စိတ်ညစ်ခဲ့ဖူးပါရဲ့။

အဲဒီလို မိန်းမပီပီသသမို့ ဆယ်တန်းအောင်တော့ အမေက အိမ်တွင်းမှုသင်တန်းကျောင်း ပို့ပါတယ်။ ဓမ္မစေတီ လမ်းပေါ်က ကျောင်းပေါ့။ သင်ယူရတဲ့ဘာသာက အထွေထွေအပ်ချုပ်တဲ့။ အစားအသောက်ဆို ဟုတ်တုတ်တုတ်။ ဒါနဲ့ပဲ အဲဒီကျောင်းတက်နေစဉ် ၃ လ တိတိ အပ်တွေ ချည်တွေနဲ့ နပန်းလုံးခဲ့ရတယ်။ ခေါင်းအုံးစွပ် ပန်းထိုးပြီး တင်ရမယ့်နေ့က မပြီးလို့ အိမ်မှာ ဂျီတိုက်နေတာနဲ့ အမလတ်က ကူထိုးပေးပါတယ်။ အရပ်ကူပါ လူဝိုင်းပါနဲ့ သင်တန်းလည်း ပြီးဆုံးတော့ သွားခဲ့တာပါပဲ။ သိပ်တော့လည်း တတ်လှတယ် မဟုတ်ပါဘူး။

ဒါပေမဲ့လည်း တတ်သည့်ပညာ မနေသာဆိုသလို သင်ထားတဲ့ပညာလေးကို အသုံးချချင်တာနဲ့ အမေနဲ့အဖေအတွက် ဦးဆုံး တခုခုလုပ်ပေးဖို့ စဉ်းစားတော့ … နှစ်ချောင်းထိုး နဲ့ တခုခုထိုးပေးမယ်လို့ စိတ်ကူးရပါတယ်။ သိုးမွှေးထိုးရာမှာ တချောင်းထိုးနဲ့ နှစ်ချောင်းထိုးဆိုရင် ကျမက နှစ်ချောင်းထိုး ထိုးရတာ ပိုကြိုက်တယ်။
ဘာကြောင့်လဲ ဆိုတော့ ငယ်ငယ်က အဖေ၀ယ်ပေးတဲ့ ကာတွန်းပုံလေးတွေပါတဲ့ အင်္ဂလိပ်စာအုပ်ထဲမှာ ကြောင်အဖွားကြီးက မျက်မှန်သေးသေးလေးတပ်ပြီး ခုံကြီးပေါ်မှာထိုင်လို့ နှစ်ချောင်းထိုး ထိုးနေတဲ့ပုံလေး ကို သဘောကျခဲ့ဖူးတယ်။ တချောင်းထိုးနဲ့ ထိုးထားတဲ့ အင်္ကျီထက်စာရင် နှစ်ချောင်းထိုး အင်္ကျီတွေကိုလည်း ပိုသဘောကျလို့ပါ။

ဒါနဲ့ပဲ စစချင်း အလွယ်ဆုံးဖြစ်တဲ့ မာဖလာထိုးခဲ့တယ်။
အမေနဲ့ အဖေကို ခရစ်စမတ်နေ့ အမီ လက်ဆောင်ပေးဖို့ ၂ ခု ပြီးအောင် ထိုးမယ် ဆိုပြီးရည်ရွယ်ထားပေမဲ့ ၁ ခုပဲ ပြီးပါတယ်။ မတတ်နိုင်ဘူး .. အဲဒီတခုကိုပဲ ပက်ကင်လှလှလေးထုတ်ပြီး အမေနဲ့ အဖေကို မဲနှိုက်ခိုင်းတယ်။ လူကြီးတွေလဲ အငြိမ်မနေရဘူး။ မဲနှိုက်တော့ အမေကပေါက်ပါတယ်။ အဖေကတော့ ‘အဖေက အဲဒီလို မဲပေါက်တတ်တဲ့ ကံ မရှိဘူး’ လို့ သူ့ကိုယ်သူပြောပါတယ်။ အမေက သူမဲပေါက်ပေမယ့် မယူဘဲ အဖေ့ကိုပဲ ပေးလိုက်တယ်။ ချစ်ပုံများ … လေ။ အဲဒီ မီးခိုးရောင် မာဖလာလေး အဖေခုထိ ပတ်နေတုန်းပါပဲ။

နောက်တော့ အမေ့အတွက် ခေါင်းစွပ် ဦးထုပ်တလုံးထိုးပေးလိုက်ပါတယ်။ မာဖလာတွေ ဦးထုပ်တွေ ထိုးရင်းနဲ့ တဖြည်းဖြည်း စိတ်ပါလာပြီး အင်္ကျီ ထိုးနည်းတွေကို ကြီးတော်ကြီးဆီမှာ ဆက်လက်သင်ယူပါတယ်။ သင်နေရင်းနဲ့ သင်ထိုးလေးတွေ ထိုးခဲ့တာကတော့ အဖေ့အတွက် ခေါင်းစွပ် ဆွယ်တာလက်ပြတ်တထည် နဲ့ အမေ့အတွက် လက်ရှည်တထည် ပါ။ အဲဒါတွေပြီးဖို့ကတော့ အချိန် သိပ်မပေးရပါဘူး။ ဆောင်း ၃ ဆောင်းလောက်ပါပဲ။ တဆောင်းသစ်ပြီဆိုရင် ထိုးလက်စ ချည်ခင်တွေသိုးမွှေးတွေပြန်ကိုင်၊ နွေပေါက်ရင် ချထားလိုက်နဲ့ ဆိုတော့လည်း ဒီလောက်တော့ကြာမှာပေါ့။

အဖေ၊ အမေ နဲ့ တခြားသူတွေအတွက် ထိုးပေးဖြစ်ပေမဲ့ ကိုယ့်အတွက်ကိုယ်တော့ ဘာတခုမှ မထိုးဖြစ်ပါဘူး။ ဆွယ်တာ အနေနဲ့ နောက်ဆုံးထိုးဖြစ်တာက အဖွား (အဖေ့အမေ) အတွက်ပါ။ ယုန်မွှေးချည်နဲ့ အဖွားအတွက် ဆွယ်တာထိုးနေတာ ထုံးစံအတိုင်း ကြာနေတော့ အဖွားက ငါသေတောင် ၀တ်ရပါ့မလား လို့ နိမိတ်ဖတ်သလို ပြောလိုက်တာ။ တကယ်ပဲ သူသာသေသွားရော ဆွယ်တာက မပြီးလိုက်ဘူး။ သေပြီးတော့မှ ကြီးတော်ကြီးက အဆုံးသတ်ထိုးပေးပါတယ်။

တခါတလေကျတော့လည်း ၀ါသနာမပါပေမဲ့ လုပ်မိနေတဲ့ အလုပ်တွေက အများသားပဲ။ ဒီနှစ်ချောင်းထိုးဆို စ သင်ခါစက အပ်မကိုင်တတ် ချည်မကိုင်တတ်နဲ့ ထိုးရင်းနဲ့ လက်တွေကိုက်လို့ ငိုတောင် ငိုခဲ့ရတာ။ အမေ တိုက်တွန်းလို့ ဒီသင်တန်းလေး တက်ခဲ့ရတယ်၊ အပ်ဘယ်လို ကိုင်ရတယ် ဘယ်လိုထိုးရတယ်ဆိုတာလေးတွေ နားလည်ခဲ့တယ်။ ၀ါသနာမပါပေမဲ့ ပညာရပ်တခုဆိုတာ တတ်ထားရင် အကျိုးတော့ရှိသားပါပဲ။ ကိုယ်လိုအပ်တဲ့အခါ အသုံးချနိုင်တာပေါ့။ တယောက်ယောက်ကို လက်ဆောင်ပေးချင်တဲ့အခါ ကိုယ့်လက်နဲ့ ပင်ပင်ပန်းပန်းလုပ်ထားတဲ့ ပစ္စည်းလေးပေးရတော့ ပိုပြီးတန်ဖိုးရှိတယ်လို့ စိတ်ထဲ ထင်မိတယ်။

ဒီတဆောင်းမှာတော့ ကျမရဲ့ လက်ဟာလည်း ချည်ခင်လေးတွေ အပ်လေးတွေနဲ့ ဝေးပြီး ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ တချောက်ချောက်ပြေးလွှားလိုက် မီးဖိုထဲမှာ ဓားတွေကိုင်လိုက် ကြက်သွန် အာလူးတို့ သားငါးတို့ ကိုင်လိုက်နဲ့ … ၀ါသနာပါတာတလှည့် မပါတာ တလှည့် လုပ်နေရပါပေါ့လား။
***

Read More...

Friday, December 22, 2006

မေတ္တာအခါတော်နေ့ အကြို ဆုတောင်း

မြန်မာဘလော့လောကမှာ စိတ်ပျက်ရတာ နှစ်ခါရှိပါပြီ။
ပထမတခါ ညီလင်းဆက်ဘလော့မှာ၊ ဒုတိယကတော့ .. ကိုသံလွင်ရဲ့ ဘလော့က စီဘောက်မှာ ဖြစ်တဲ့ကိစ္စပေါ့။
ပြဿနာရဲ့ အဓိက တရားခံကတော့ အယူအဆ အမြင်မတူကြခြင်းပါပဲ။
ကိုယ့်အမြင်ကိုယ်ရေး … လက်ခံရင် ထောက်ခံ၊ လက်မခံရင် ဘာကြောင့် လက်မခံဘူးဆိုတာ ပြေပြေလည်လည် ပြောချင်လဲ ပြော .. မပြောလိုလဲ အသာလေး နေရုံပါပဲ။
ထေ့တာ ရိတာ ရန်တွေ့တာ အငြင်းပွားတာတွေ လုပ်စရာ မလိုဘူးလို့ ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ … လူတိုင်းဟာ ကိုယ့်အမြင်နဲ့ကိုယ် .. ကိုယ့်အထင်နဲ့ကိုယ်တော့ အမှန်ချည်း ထင်ကြတာပါပဲ။ ကိုယ်နဲ့ အမြင်မတူတာနဲ့ ငယ်ကျိုးငယ်နာဖော်ပြီး ဆဲရေးတာတွေ ရန်ထောင်တာတွေ အုပ်စုဖွဲ့ပြီး စော်ကားကြတာတွေဟာ စိတ်ဓာတ် အင်မတန် နိမ့်ကျတဲ့ သူတွေရဲ့ အလုပ်ပါ။
ဒါတွေကို ဘာလို့ လုပ်နေကြမှာလဲ။

ကမ္ဘာ အရပ်ရပ်က မြန်မာတွေ အင်တာနက်ပေါ်မှာ တွေ့ကြုံ ဆုံဆည်းခွင့်ရတဲ့ အခိုက်အတန့်လေးမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆိုရင် ဘယ်လောက် ပျော်ဖို့ကောင်းမလဲ။ ဘယ်လောက် စိတ်ချမ်းသာဖို့ ကောင်းမလဲ။
ခုလိုတွေ ဖြစ်နေကြတာ တော်တော် ၀မ်းနည်းဖို့ကောင်းပါတယ်။
ဒါဟာ မြန်မာတွေလား … လို့တောင် စိတ်ထဲ တွေးမိတယ်။
မြန်မာဘလော့တွေကို ရေးနေ ဖတ်နေတဲ့သူတွေဟာ လူနည်းစုကလေးရယ်ပါ။ ဒီလူနည်းစုကလေးကတောင် ခုလို မညီမညွတ်ဖြစ်နေကြရင် …. ဘယ်လိုများ ရှေ့ကို စခန်းသွားကြမှာပါလိမ့်။

အင်တာနက်သုံးနေတဲ့ သူတွေဟာ ပညာတတ်တွေပဲ နေမှာပါပဲ။ အနည်းဆုံးတော့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ အခြေခံတတ်လို့သာ အင်တာနက်သုံးနေကြတာပေါ့။
ဒီလိုပညာတတ်တွေဟာ ယဉ်ကျေးမှု မရှိတဲ့ ကိစ္စမျိုးတွေကို မလုပ်သင့်ပါဘူး။ ကိုယ့်ပညာနဲ့ ကိုယ့်သိက္ခာကို အားနာရပါမယ်။
တကယ်လို့သာ မြန်မာစာဖတ်တတ်တဲ့ နိုင်ငံခြားသားတယောက်ယောက် မျက်စိလည်လမ်းမှားလို့ မြန်မာဘလော့တွေဆီရောက်ခဲ့ပြီး … ဆဲရေး တိုင်းထွာနေတဲ့ စကားလုံးတွေကို မြင်ခဲ့ရင် မြန်မာတွေဟာ ဒီလိုပါလားလို့ သူ့စိတ်ထဲ မှတ်သွားတော့မယ်။ ရှက်စရာ ဘယ်လောက်ကောင်းလိုက်မလဲ။

တယောက်ကမှားနေရင် တယောက်က ပြောပြလိုက်ပေါ့။ လက်ခံတာ မခံတာ သူ့ကိစ္စပဲ။ တယောက်နဲ့တယောက် အမှားကိုစောင့်ကြည့်ပြီး တယောက်အမှား တယောက် ထောက်ပြီး နင်ပဲငဆ ပြောကြတာတွေ အရှက်ခွဲကြတာတွေကလဲ မကောင်းပါဘူး။
လူဆိုတာ အနည်းဆုံး တကြိမ်တခါတော့ အမှားတစုံတရာ ကျူးလွန်မိကြမှာပါပဲ။ ပုထုဇဉ်တွေပဲမဟုတ်လား။
ဒါကို ခွင့်လွှတ်စိတ်နဲ့ မကြည့်နိုင်ဘဲ သူတပါး အပြစ်ကို လက်ညှိုးထိုး ကဲ့ရဲ့ ပြစ်တင် စကားတွေဆိုနေကြတာလဲ မဟုတ်သေးပါဘူး။ အမှားလုပ်ခဲ့မိတဲ့ သူကို ပြုပြင်ခွင့်ပေးလိုက်ပါ။ သူ့အမှားသူ သိရင် သူတို့ဟာသူတို့ ပြုပြင်ကြပါစေ … ။ မပြုပြင်ရင်လဲ လစ်လျူရှုထားလိုက်ရုံပါပဲ။ မာနတွေ ဒေါသတွေ အာဃာတတွေနဲ့ … ကြားထဲက ပူလောင်မနေကြစေချင်ပါဘူး။

မကြာမီဆိုရင် ခရစ်စမတ်နေ့ ရောက်ပါတော့မယ် … ။
ကျမတို့ ဗုဒ္ဓဘာသာတွေအတွက်တော့ ၀ါခေါင်လပြည့်နေ့ကို (မြတ်စွာဘုရား မေတ္တသုတ်တော်ကို ဟောကြားတဲ့နေ့မို့) မေတ္တာအခါတော်နေ့လို့ သတ်မှတ်ထားပါတယ်။
ခရစ်စမတ်နေ့ကိုတော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ မေတ္တာအခါတော်နေ့လို့ ကိုယ့်ဘာသာကိုယ် ကျမက သတ်မှတ်လိုက်တယ်။ လူသားတွေကို မေတ္တာထားတဲ့ ခရစ်တော်မွေးဖွားရာ နေ့မဟုတ်လား။

မေတ္တာတရားဆိုတာ … ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာမှ မဟုတ်ပါဘူး … ဘယ်ဘာသာဝင်မဆို ထားသင့်တဲ့ တရားပါ။ ဒါကြောင့် အခု မကြာခင်ရက်ပိုင်းမှာ ရောက်ရှိတော့မဲ့ ခရစ်ယာန်တို့ရဲ့ မေတ္တာအခါတော်နေ့က စပြီး ကျမတို့ မြန်မာပြည်သူပြည်သား အချင်းချင်းအနေနဲ့ရော … ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ လူသားအချင်းချင်း အနေနဲ့ရော … တယောက်နဲ့ တယောက် မေတ္တာစိတ် ကလေးတွေ ထားနိုင်ကြစေဖို့ … ဆုတောင်းလိုက်ပါတယ်။
***
အားလုံးအတွက် …
ငယ်ငယ်တုန်းက ယဉ်ကျေးမှုသင်တန်းမှာ ဆိုခဲ့ကြတဲ့ လင်္ကာလေးတွေကို လက်ဆောင်ပါးလိုက်ပါရစေ … ။
သိပြီးသားတွေလည်း ဖြစ်ချင်ဖြစ်မှာပါ။ သိပြီး မကျင့်ရင်တော့ အလကားပဲမို့ နှုတ်ဖျားမှတဆင့် … နှလုံးသားထဲသို့ ရောက်နိုင်ကြပါစေ … လို့။
===================================
* လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ ..။
*ကောက်ကျစ်လိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ …။
* ကျူးကျော်လိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ …။
* ၀န်တိုလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ …။
*ငြုစူလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ …။
* တယောက်တယောက် အမျက်ဖျောက်၊ ချီးမြှောက်နိုင်ပါစေ … ။
===================================
* တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်
ပြိုင်မဲ့ အစား၊ မေတ္တာထား … စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
* ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်
နိုင်မဲ့အစား၊ ကရုဏာပွား … စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
* ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မ၀င် ဣဿာယိုင်တတ်တယ်။
ယိုင်မဲ့အစား၊ မုဒိတာပွား … စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
* ရုပ်ကိုလည်းပြင် … စိတ်လည်းပြင်
ပြင်ဆင်တိုင်းလှ ..ပြုတိုင်းရ
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ ။
===================================
ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးကို မျှော်လင့်လျက် …

မေဓာဝီ
21.12.06
11:39 pm

Read More...

Thursday, December 21, 2006

ဟိုရောက် ဒီရောက် အတွေးများ

ညကတည်းက အအေးဓာတ်က သိသိသာသာပိုနေတယ်။
အိပ်နေရင်း အိပ်ပျော်ခါစပဲရှိသေးတယ် … လည်ပင်းကို မြွေလာကိုက်တယ်လို့ အိပ်မက်မက်ပြီး ယောင်အော် လန့်နိုးရသေးတယ်။ ဆောင်းတွင်းအိပ်မက်ဆိုတာ ကယောက်ကယက်နဲ့ မက်ချင်တာမက်တတ်တာပဲလေ … ဘုရားစာရွတ်ပြီး ပြန်အိပ်မှ အိပ်ပျော်သွားခဲ့တယ်။
မနက်မိုးလင်းတော့ အိပ်ရာထဖို့ ခပ်ပျင်းပျင်းရယ် ..။
ချမ်းချမ်းစီးစီးနဲ့ အိပ်ရာထဲ နှပ်ရတဲ့ အရသာက တော်တော်တော့ မက်မောစရာအကောင်းသား။
ဒါပေမဲ့လည်း အမေ မလာမချင်း အိမ်ရှင်မတာဝန်ယူထားရတာမို့ အိပ်နေလို့လဲ မဖြစ်သေးပါဘူးဆိုပြီး ကြုံးရုန်းထ … မျက်နှာသစ် အ၀တ်လဲပြီး အိမ်မှုကိစ္စ ဗာဟီရတွေ လုပ်ရပါရောလား။
အမေကတော့ နှစ်ပေါင်း ၄၀ကျော် လုပ်ခဲ့တာ ဘယ်လိုနေမယ်မသိ … ဒါတွေလုပ်ရတာ … ကိုယ့်မှာတော့ လပိုင်းလောက်နဲ့ ငြီးငွေ့လှပြီ။ အမေ မြန်မြန်ပြန်လာပါတော့ လို့ မျှော်လှပြီ။
အမေကလည်း မကြာမီလာမည်ဆိုပြီး ခုထိ ပြန်မလာသေးဘူး … ။ ဖုန်းလဲ မဆက်တာကြာပေါ့။
အင်း .. အမေ့ကို ဘာကြောင့်မျှော်နေတာလဲလို့ ကိုယ့်ကိုယ်ကို သေချာပြန်စဉ်းစားကြည့်တော့ … ကိုယ့်အတ္တကြောင့်ပါပဲလား။

ဒါကြောင့် အမေက အမြဲပြောတာ … နင်တို့ငါ့ကို ချစ်တာမဟုတ်ဖူး .. ငါ့လုပ်အားကို ချစ်တာတဲ့ … ။
ဖုန်းပြောတုန်းကတော့ … အမေပြန်လာရင် သမီးက ဟင်းတွေချက်ကျွေးမှာလို့ ပြောလို့ အမေက ရယ်လိုက်တာ။ စောင့်ကြည့်ရသေးတာပေါ့ ဆိုပြီးတော့လား မသိ။
စောစောစီးစီး ချမ်းချမ်းစီးစီး နဲ့ အမေ့ကို လွမ်းလိုက်တာ။ ပြတင်းပေါက်ဖွင့်တော့ လေက ဒလဟောတိုက်လို့ ခေါင်းထဲကပါ ကျဉ်တင်တင်ဖြစ်သွားတယ်။ ဒါတောင် ရန်ကုန်ဆောင်းနော် …။ အမေနေတဲ့ နေရာမှာဆို ဘယ်လောက်များအေးလိုက်မလဲ။ အမေက အအေးနဲ့တည့်တာမဟုတ်ဘူး … ။ ဒါတောင် ခုထိ ပြန်မလာသေးဘူး … ။ ပျော်နေတယ် ထင်ပါရဲ့။

အရင်ကတော့ ဒီလိုရာသီဆို မနက်စောစော ကျန်းမာရေးလမ်းလျှောက်လိုက် …ပြန်လာရင် အမေအဆင်သင့်ပြင်ထားတဲ့ မနက်စာလေး စားလိုက် … ဇိမ်ဘဲ … ။ ခုတော့ … အိမ်မှုကိစ္စတွေထဲ နစ်မွန်းပြီး လမ်းလဲ မလျှောက်နိုင်၊ မနက်စာဆိုတာလဲ အမေရှိတုန်းကလို တနေ့တမျိုး မစားနိုင်တော့ပါဘူး။ တခါတလေ အိမ်မှာရှိတဲ့ မုန့်တို့ ကော်ဖီတို့လောက်နဲ့ ပြီးလိုက်ရတာလဲ ရှိရဲ့။
ပြောနေရင်း … အမေ့လက်ရာ ဆီထမင်းလေး နဲ့ ငါးခြောက်ဖုတ်လေး စားချင်လိုက်တာ။
ကိုယ်တောင် ဒီလောက်သတိရနေတာ … အဖေဆို ပိုဆိုးမယ် .. ။ ဟိုတနေ့က အဖေက ဆံပင်တွေရှည်နေပြီ အမေမရှိတော့ ညှပ်ပေးမဲ့သူ မရှိဘူးဆိုပြီး ဆိုင်ပဲသွားညှပ်လိုက်ရတယ်။
အနှစ် ၄၀ကျော်လုံးလုံး အဖေ့ဆံပင်ကို အမေပဲ ညှပ်ပေးနေကျ … ခုတော့ အဖေလဲ ဆိုင်ပြေးရပြီပေါ့။
အမေ မြန်မြန်ပြန်လာမှပဲ။

မနက်ခင်းနေက တော်တော်နဲ့ မထွက်ဘူး။ သူလည်း အေးရှာလို့ အိပ်နေတယ် ထင်ရဲ့။
ခုလို အခါမျိုးတော့လည်း နေမင်းကို မျှော်မိပါတယ်။ နေမင်းကလည်း မျှော်ရင် နောက်ကျတယ်။ ချမ်းတဲ့အချိန်ကျ သူက ရောက်မလာဘူး။
နေပူစာလှုံရင်း လဖက်ခြောက်ခါးခါး ခပ်ထားတဲ့ ရေနွေးကြမ်းကျကျလေးသောက်လိုက်ရရင် အရသာ အတော်ရှိမယ်။ အလုပ်လုပ်နေရလို့ နေပူစာလဲ လှုံချိန်မရှိပါဘူး။ မီးဖိုထဲမှာ တယောက်ထဲ လုံးချာလည်နေတာ။
အနားမှာ ကြောင်ကလည်း တညောင်ညောင်နဲ့ ခြေထောက်ကို လာပြီး ပွတ်သီးပွတ်သပ်လုပ်နေတယ်။
ကိုယ်က ဘာမှမစားရသေးဘူး .. သူ့အရင်ကျွေးရအုံးမယ်။ အမြင်ကတ်ပါဘိ။
အင်းလေ… တိရစ္ဆာန်လေးတွေ ဆိုတာ ကိုယ်ကျွေးမှ စားရတာပဲ … ။ ကိုယ်မကျွေးရင် တော်ကြာခိုးစားနေအုံးမယ်။ ဗိုက်ဝနေတယ်ဆိုရင် တိရစ္ဆာန်လဲ သူ့ဟာသူ အေးအေးနေတာပါပဲ။ မ၀ရင်သာ နားပူနားဆာလုပ်တာ။

ရေကိုင်ရတာ အေးလိုက်တာ… အခုမှ ဆောင်းက ဆောင်းတွင်းနဲ့တူတော့တယ်။ သိမ်းထားတဲ့ ဂျာကင်လေးပြန်ထုတ်ဝတ်အုံးမှ … ။
***

Read More...

Wednesday, December 20, 2006

လှံ နဲ့ ဒိုင်း (သို့မဟုတ်) အဖေ မေ့သွားသော ကဗျာတပုဒ်

အဖေက စစ်တုရင်ကို တော်တော်လေး ရူးသွပ်စွာ စွဲလမ်းခဲ့ဖူးပါတယ်။ စစ်တုရင်ကစားနည်းကို သိတဲ့ အချိန်ကစပြီး ဒီကစားနည်းဟာ မျှတတယ်၊ မှန်ကန်တယ်၊ လေးနက်တယ် ဆိုပြီး တစိုက်မတ်မတ် လေ့လာ လိုက်စားခဲ့တယ်။
စစ်တုရင်ကို ဘယ်လောက်တောင် စွဲလမ်းသလဲ ဆိုရင် နေမကောင်းဖြစ်လို့ အိပ်ရာထဲ လဲနေတဲ့အချိန်မှာ ကိုယ့်ရောဂါကို ရထားနဲ့ကာလိုက် မြင်းနဲ့တိုက်လိုက် ဘုန်းကြီးနဲ့ ထောက်လိုက် … လုပ်နေမိတဲ့အထိပဲ .. တဲ့။
‘နောက်ဆုံးတော့ ဘုရင်မကြီးကပဲ လာကယ်သွားရတာ မဟုတ်လား အဖေ’ ဆိုတော့ အဖေက ပြုံးပြုံးကြီး လုပ်နေပါတယ်။

အဖေ စစ်တုရင်ကို ဘာလို့ကြိုက်တာလဲ လို့ ကျမမေးတဲ့အခါ …
‘chess မှာက ပညာရပ်ပေါင်းစုံအောင်ပါတယ်၊ ဆိုက်ကို၊ သင်္ချာ၊ စီးပွားရေး၊ စစ် ပရိယာယ် နည်းဗျူဟာတွေ … စသဖြင့်ပေါ့ … အများကြီးပါတယ် …ပြီးတော့ သူက ကျက်ကွက် မရှိဘူး။ အလွတ်ကျက်လို့မရဘူး …’
‘သူက မျှတတယ်ဆိုပေမဲ့ … တဖက်နဲ့ တဖက်မှာဆိုရင်တော့ မျှတရင် မျှတမှာပေါ့ … ဒါပေမဲ့ တဖက်ထဲ အနေနဲ့ ကြည့်ရင် … ဘုရင်ကြီးမသေဖို့ ကျန်တဲ့ အကောင်လေးတွေက ၀ိုင်းကာကွယ်နေရတာ …. နော် …ပြီးတော့ အားနည်းတဲ့ ပွန်းကလေးတွေကို အရင်ထိုးကျွေးရတာ … ဆိုတော့ အဲဒါကို မျှတတယ်ခေါ်မလား …’
ကျမက အတွန့်တက်တော့ အဖေက ပြုံးပြီး
‘တဖက်နဲ့ တဖက် စစ်တိုက်နေရတာလေ … စစ်ပွဲမှာ အဓိကလူကို အကာအကွယ်ပေးရမှာ ထုံးစံပဲမဟုတ်လား … ဘုရင်ကြီး မရှိရင် ရှုံးပြီဆိုတော့ ဘုရင်ကြီးကိုပဲ အားလုံးက ကာကွယ်ရမှာပေါ့ … အဲဒီတော့လည်း အားနည်းတဲ့ ကောင်တွေ စတေးသင့်ရင် စတေးရမှာပဲ မို့လား’
‘အင်း … ဟုတ်တော့ဟုတ်ပါတယ် … ဒါပေမဲ့ အဓိက သာဆိုတယ် … ဘုရင်ကြီးက တော်တော်ညံ့တာပဲ … သူ့မှာ လှုပ်ရှားကွက် သိပ်မရှိဘူးနော် … အားလုံးက သူ့ပဲ ၀ိုင်းကာကွယ်နေရတာ … သူက ပြန်ခုခံနိုင်တယ်ဆိုတာမှ မရှိဘဲ … သမီးကတော့ မြင်းကိုကြိုက်တယ် … တခါတလေ ကိုယ့်မြင်းကွက်ကို တဖက်လူက အမှတ်တမဲ့ ဖြစ်ရင် ကိုယ်စားမှာပဲ …’
***
တခါတော့ … အဖေ့ စစ်တုရင် ဆရာလည်းဖြစ် မိတ်ဆွေလည်း ဖြစ်တဲ့ ဦးလေးကြီးက ‘လှံ နဲ့ ဒိုင်း’ အမည်နဲ့ စစ်တုရင်စာပေ လုပ်မယ်ဆိုပြီး အဖေ့ကို ကဗျာလေးရေးခိုင်းပါတယ် … တဲ့။
စစ်တုရင်မှာ အဓိက က attack & defence ပဲ မဟုတ်လား။ လှံ ဆိုတာဟာ တိုက်ခိုက်ခြင်းကို ကိုယ်စားပြုပြီး၊ ဒိုင်း ကတော့ ကာကွယ် ခြင်းကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် သူတို့ရဲ့ စာပေလေးကို လှံ နဲ့ ဒိုင်း လို့ အမည်ပေးခဲ့တာပါ။
ဒါနဲ့ပဲ အဖေက လှံ နဲ့ ဒိုင်း အမည်နဲ့ ကဗျာလေးတပုဒ်ရေးပေးလိုက်တယ်။ အဲဒီကဗျာလေးကိုလည်း အဖေ တော်တော်နှစ်သက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နှစ်တွေကြာသွားပြီး ကဗျာမူရင်းလည်း ပျောက်ပျက်သွားတော့ ဒီကဗျာလေးကို အဖေ အစအဆုံး မမှတ်မိတော့ဘူးတဲ့။
ကျမက မှတ်မိသလောက် ရွတ်ပြပါဆိုတာနဲ့ အဖေက စဉ်းစားပြီး ရွတ်ပြတယ် …

ခေတ်အဆက်ဆက်၊ စစ်လက်နက်ကို
ပြက်ပြက်ထင်ထင်၊ ဆန်းစစ်လျှင် ….
ကျောက်ခေတ်စစ်မက်၊ ကျောက်လက်နက်တည့်။
. . . . . . . . . .
. . . . . . . . . .
အဲဒါပဲ အဖေက မှတ်မိတော့တယ် … ဒါပေမဲ့ နောက်ပါဒတွေရဲ့ အဓိပ္ပါယ်ကို ပြောပြပါတယ်။
“ကျောက်ခေတ်မှာ ကျောက်လက်နက် ..နောက် .. သံခေတ်ကျတော့ .. ဓား၊ လှံ စတဲ့ သံလက်နက် .. ဒီကနေမှ တဖြည်းဖြည်း သေနတ်၊ အမြောက် .. နောက်ဆုံး နျူကလီးယားလက်နက်ထိ အဆင့်ဆင့် လက်နက်တွေ ပြောင်းလဲ တိုးတက်သွားတာကို ရေးတယ် … ။ ဘယ်လိုပဲ လက်နက်တွေတိုးတက် တိုးတက် … တကယ်တမ်း ဆန်းစစ်ကြည့်ရင် စစ်ပွဲတခုရဲ့ အဖြေဟာ … ဘာလဲ … သူသေဖို့ နဲ့ ကိုယ်နေဖို့ … ဒါပဲ မဟုတ်လား …
ဒါကြောင့် နောက်ဆုံးစာပိုဒ်မှာ …
. . . . . . . . . .
သူသေ ကိုယ်နေ
ဤအဖြေတည်း ။ ။ ဆိုပြီး အဆုံးသတ်ထားတယ် … လှံ ဆိုတာ သူ သေဖို့ (တိုက်ခိုက်ဖို့)ပေါ့။ ဒိုင်းကတော့ ကိုယ်နေဖို့ (ကာကွယ်ဖို့) ဆိုပြီး အဲဒီကဗျာကို အဖေရေးခဲ့တာ။ အစအဆုံးတော့ မမှတ်မိတော့ဘူး”
***
အဖေဟာ စစ်တုရင်ကို ကျောခိုင်းခဲ့တာ ကြာပါပြီ။ ဘာကြောင့်လည်း ဆိုတော့ ဗုဒ္ဓရဲ့ အဘိဓမ္မာ တရားတော်နဲ့ တွေ့သွားပြီးတဲ့နောက် … တကယ့် လေးနက် မှန်ကန်ခြင်းဟာ ဘာလဲလို့ သိသွားလို့ပါပဲ။
စစ်တုရင် နဲ့ အဘိဓမ္မာ ကို ချိန်ထိုးစဉ်းစားမယ်ဆိုရင် အပူ နဲ့ အအေး လိုပဲ လုံးဝ ကွဲပြားနေတာကို အဖေ မြင်သွားခဲ့တယ်။
‘စစ်တုရင်ဟာ လောဘ၊ ဒေါသ၊ မောဟ ခြံရံပြီး ကစားရတယ်။ အဘိဓမ္မာကတော့ ဒါတွေကို သိအောင် မြင်အောင် ကြည့်တတ်ဖို့ နည်းလမ်းပေးတဲ့ ပညာရပ်ပဲ။ ဒါကြောင့် အနှစ်သာရခြင်း ကွာခြားတယ်’ လို့ အဖေက ပြောပါတယ်။
ဒီလိုနဲ့ အဖေဟာ သူ့မိတ်ဆွေတွေ တားတဲ့ကြားက စစ်တုရင်လောကကိုကျောခိုင်း စွန့်ခွါပြီး အဘိဓမ္မာကို သာ တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့ပါတယ်။
ခုတော့ … တိုက်ခိုက်ခြင်း နဲ့ ကာကွယ်ခြင်းကို အဖေက တမျိုး အသုံးချနိုင်သွားပါပြီ။
၆၄ ကွက်သော ဘုတ်ပြားလေးပေါ်မှာ အဖြူနဲ့ အမည်း ယှဉ်ပြိုင်တိုက်ခိုက် နေတာမဟုတ်တော့ဘဲ ကိလေသာ ရန်သူတွေကို တိုက်ခိုက်ပြီး အကုသိုလ်တရားတွေမဖြစ်ပွားအောင် ကာကွယ် နေပါတော့သတဲ့။
***

Read More...

Tuesday, December 19, 2006

ပျောက်ကြား- ၉

ဒီစာကိုရေးဖြစ်တာကလည်း ကိုသံလွင်ဘလော့က ‘ကျနော်နဲ့ တိုင်းရင်းသားများ’ ဆိုတဲ့ စာကို ဖတ်ရလို့ပါပဲ။ အဲဒီပို့စ်အတွက် ကျမ ကွန်မန့် ရေးမယ်လို့ ခဏခဏ စိတ်ထဲက ကြံစည်မိပါတယ်။ သူကလည်း ကျမရေးမဲ့ ကွန်မန့်ကို မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကွန်မန့်နေရာမှာ ရေးလိုက်ရင် တော်တော်လေး ရှည်လျားနေမှာစိုးလို့ … ကိုယ့်ဘလော့မှာ ကိုယ်ပဲ ရေးလိုက်ပါတယ်။
ရေးရခြင်းရဲ့ ရည်ရွယ်ချက်က (၂) ခု ရှိပါတယ်။ ကိုသံလွင် ပို့စ်ရဲ့ ကွန်မန့်အဖြစ်နဲ့တခု …နောက်တခုကတော့ ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက်ပါ ရည်ရွယ်ပါတယ်။
***
ပျောက်ကြား-၉ ဆိုတဲ့ ၀တ္ထုစာအုပ်လေးကို အဖေက ကျမဖတ်ဖို့ယူလာပါတယ်။ စာရေးသူက (ဗိုလ်အောင်ဒင် ဇာတ်ကားရိုက်ခဲ့တဲ့) ဒါရိုက်တာကြီးရွှေဒုံးဘီအောင်ပါ။ နိဒါန်းရေးပြီးချိန်ဟာ ၁၈.၉.၁၉၄၅ လို့ ရေးထားတာကိုတွေ့ရတဲ့အတွက် ဒီစာအုပ်ကို ၁၉၄၅ ခုနှစ် (လွတ်လပ်ရေးမရခင်) မှာ ထုတ်ဝေခဲ့တယ်လို့ ယူဆရပါတယ်။
ဇာတ်လမ်းကတော့ ခပ်ရိုးရိုးပါပဲ။ ဗမာ့တပ်မတော်သားလေးတယောက်နဲ့ ဂျပန်တော်လှန်ရေးအတွက် ပျောက်ကြားအဖွဲ့ထဲ ပါဝင်ဆောင်ရွက်နေတဲ့ ကရင်မိန်းကလေး တယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ ပျောက်ကြား-၉ ဆိုတာကတော့ သူတို့ ပျောက်ကြားအဖွဲ့ဝင် လူ ၃၀ ထဲက ဒီမိန်းကလေးရဲ့ နံပါတ် က ၉ ဖြစ်ပါတယ်။
***
ဒီစာအုပ်ရဲ့ နိဒါန်း နဲ့ ဇာတ်သိမ်းခန်းထဲက စာသားအချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
(မှတ်ချက်။ ။ စာလုံးပေါင်းသတ်ပုံတွေကို မူရင်းစာအုပ်ထဲကအတိုင်း ရိုက်ထားပါတယ်)

***
အချီး
ကလကတ္တား ကိုသိန်းဖေ (တက်ဘုန်းကြီး) ထံမှ ပေးစာကို ကောက်နှုတ်ဘော်ပြချက်။

Add: M. Thein Pe,
Post Box 10207,
CALCUTTA.
19.7.45
ကိုဘီအောင်။

တအိမ်သားလုံး ကျန်းမာ ချမ်းသာကြကြောင်းကြားသိရ၍ များစွာဝမ်းသာပါ၏၊ ခင်ဗျားတို့လဲ ဘယ်လိုလုပ်ကိုင် စားသောက်နေကြတယ်ဆိုတာကို သိချင်ပါဘိတော့တယ်။
x x x x x x
x x x x x x
ကျွန်တော်လဲ မကြာခင် ရွှေပြည်ကြီးနဲ့ နီးပါတော့မယ်။ ရွှေပြည်ကြီးရောက်တယ်ဆိုရင်ပဲ ခင်ဗျားတို့နဲ့ တပျော်တပါးကြီး တွေ့ဆုံကြဘို့ဘဲ။
ကဲ ခင်ဗျားလဲ လက်စွမ်းရှိသလောက် မြန်မာပြည်ပြန်လည်ထူထောင်ရေးကိုလုပ်ပါ၊ အ၀တ်အစားရေး ရောဂါဘယ ထူပြောရေးများကို တိုက်ဖျက်ပါ၊ ခုအခါ မြန်မာပြည်တိုင်းရင်းသားများ အားလုံး စီးလုံးညီညွတ်စေရေး အများပြည်သူတို့ နေသားတကျဖြစ်အောင် လုပ်ပေးရေးတို့ဟာ နိုင်ငံရေးမှာ အကြီးဆုံးဖြစ်ပါတယ်။
x x x x x x
x x x x x x
ခင်ဗျားအိမ်သားများကိုလဲ ဆလံပေးလိုက်ပါသည်။ ကိုချန်ထွန်း (ဗြိတိသျှဘားမားရုပ်ရှင်) စသော မိတ်ဟောင်း ဆွေဟောင်း အားလုံးတို့ကိုလဲ မေတ္တာပို့ကြောင်းပြောပါ။
ပုံ-သိန်းဖေ။

ဤသို့ ရေးသားလိုက်ရာ သူ၏စာအရ မြန်မာပြည်ပြန်လည်ထူထောင်ရေးတွင် တိုင်းရင်းသားခြင်း ညီညွတ်ရေးနှင့် အများပြည်သူတို့ နေသားတကျဖြစ်စေရေးတို့ကို အကြီးဆုံးသော နိုင်ငံရေးများတွင် အပါအ၀င်အဖြစ် ယူဆထားရကား၊ မြန်မာတက်လူ နိုင်ငံရေးသမားများ၏ စိတ်ဓာတ်သည် မပြတ်အစဉ် ဤအရေးများပေါ်တွင် အလေးပြုနေကြကြောင်း ထင်ရှားပါသည်။
x x x x x x
x x x x x x
တိုင်းရင်းသားခြင်း ညီညွတ်စေရေးဖြစ်သော ကရင်၊ ဗမာ သွေးစီးရမည့် ကိစ္စကို အကြောင်းပြုသည့် ဤ ပြောက်ကျား-၉ သွေးညှိ ၀တ္ထုကြီးကို ရေးပြုလိုက်ရပါသည်။
တိုင်းသားညီအစ်ကိုရင်းတို့ သွေးကွဲခြင်းဖြစ်ကြသဖြင့် ပျက်စီးရဘူးသော ဝေသာလီပြည် လိစ္ဆ၀ီမင်း ညီအစ်ကိုများ၏ အတ္ထုပ္ပတ္တိကို လည်းကောင်း၊ ဇာတ်တူသားခြင်းစား၍ ဟင်္သာကိုးသောင်း ပျက်စီးဘူးသည့် ပုံများကိုလည်းကောင်း၊ လက်ငင်း အိန္ဒိယပြည်၏ ဟိန္ဒူ၊ မူဆလမန် ညီအစ်ကိုချင်း အမေ့အမွေကိုလုနေသဖြင့် ဇာတ်မြောနေသည်တို့ကိုလည်းကောင်း၊ သတိပြု ကြည့်ရှုထောက်ထားကာ ပျောက်ကြား-၉ ကို ဘတ်ရှုစေလိုပါကြောင်း။
ဘီအောင်။
၁၈-၉-၄၅
***
ဇာတ်သိမ်းခန်းမှာ သူတို့နှစ်ဦး မင်္ဂလာဆောင်ပုံကို ခုလို ရေးထားပါတယ်။
***
မဏ္ဍပ်ထဲတွင် ကရင်အမျိုးသားများကတသိုက်၊ ဗမာအမျိုးသားများကတသိုက်၊ အမိဗမာ၏သားရင်း ညီအစ်ကို မောင်နှမတစုတို့ အိုးစည်-ဗုံမောင်းမှ စ၍ ခေတ်သစ်တူရိယာများပါမကျန် တီးမှုတ် သီဆို ပျော်ရွှင်နေကြသံများကို လည်း ကြားရပေမည်။

မဏ္ဍပ်တွင် ပြင်ဆင်ကာ မွမ်းမံချယ်လယ်ထားသော ပစ္စည်းများကိုကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်း - စောကြာဒိုးမှစ၍ ကရင်-ဗမာ သူရဲကောင်းများ၏ ဓာတ်ပုံများကို တွေ့ရပေမည်။ ထိုဓာတ်ပုံများ၏ အထက်မှ အမိဗမာသည် ကနေသော ဒေါင်းအနီးတွင် ပြုံးရွှင်ကြည်လင်စွာ ရပ်နေသော ပုံကြီးကို ရှုမြင်နိုင်ပေမည်။

ထိုထက်ထူးသော အခမ်းအနားများမှာကား အင်္ဂလိပ်မြန်မာ ဘာသာများဖြင့် ရေးသားဆွဲချိတ်ထားသော ပိုစတာ စာတမ်းကြီးများဖြစ်ရာ ၄င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပေ၏။

OUR WEDDING HAS LAID STRESS UPON KAREN-BAMA UNITY, AS ONE OF THE MOST IMPORTANT ESSENTIALS.
SO IT IS NO LIP UNITY, IT IS A UNITY BASED ON A RECOGNITION OF TWO HEARTS.

၁။ ကျွန်တော်-ကျွန်မတို့၏ မင်္ဂလာသဘင်သည် မလုပ်မနေအပ်သည့် အရေးအကြီးဆုံးသော ကိစ္စတခုအနေဖြင့် ကရင်ဗမာ ချစ်ကြည်ရေး သွေးစည်းရေးတို့ အပေါ်မှာ အလေးဂရုပြုထားပါကြောင်း။
၂။ ထို့ကြောင့်-ဤသွေးစည်းရေးသည် လူကြားကောင်း နှုတ်ကလေးဖြင့် ပြုအပ်သော သွေးစည်းရေးမဟုတ်ပါ၊ ကရင် ဗမာ ၂ မျိုးလုံး၏ အဇ္ဈတ္တ နှလုံးသည်းပွတ်မှ ဖြစ်ပေါ်လာသည့် မေတ္တာပေါ်မှာ အခြေပြုအပ်သော သွေးစည်းရေးဖြစ်ပါကြောင်း။

WHETHER A KAREN OR A BAMA DOES EVIL, IT IS EVIL, IT IS EVIL DONE BY A BURMAN TO A BURMAN, AND EACH ONE OF US MUST PERSONALLY SHARE THE BLAME.
LET US TRY TO REMOVE THIS EVIL.
AT LAST NATIONAL CONSCIOUSNESS IS NOTHING.

ကရင်ဖြစ်စေ၊ ဗမာဖြစ်စေ၊ ဆိုးရွားညစ်ကြု မကောင်းမှုလုပ်လျှင်၊ ထိုအလုပ်သည် မကောင်းခြင်း ဆိုးခြင်းပင် ဖြစ်တော့၏။ ထို မကောင်းခြင်း ဆိုးခြင်းတို့သည် ကရင်က ဗမာကိုလုပ်သည် မဟုတ်၊ ဗမာကလည်း ကရင်ကို လုပ်သည်မဟုတ်၊ ဗမာ တယောက်က ဗမာတယောက်ကို ပြုလုပ် ကြူးလွန်ခြင်းပင်ဖြစ်လေသည်။ ဗမာ့သွေးနှင့် ဗမာ့သားခြင်း ဘောက်ပြား ကြူးလွန်ကြသည့် မကောင်းမှုများသာ ဖြစ်လေသည်။
ထို့ကြောင့် သူဆိုး ငါကောင်း၊ အကြောင်းပြခါ ဆင်ခြေလဲနေရန် မလိုဘဲ၊ ညီအစ်ကို ၂ယောက်လုံးပင် ထိုပြစ်တင်ချက်များကို အသီးသီး အသက ဝေငှကာ ကိုယ်တိုင် ခံယူကြရမည်။
ထို ဆိုးရွားမှုများကို ကျွန်ုပ်တို့ ကရင်ဗမာ ၂ ဘက်လုံးက ပယ်ရှားကြစို့။
အဆုံး၌ ကရင်ဘဲ ဗမာဘဲ မျိုးခွဲနေသော အစွဲသည် အလကား အလုပ်တွေပါ၊ အချည်းနှီးသာတည်း။
(ရွှေဒုံးဘီအောင်)
***
အချိန်သိပ်မပေးနိုင်လို့ ဒီဝတ္ထုကို ဒီလောက်ပဲ ဖော်ပြလိုက်ပါတယ်။
***
ကိုသံလွင်ပြောသလို ….
“တကယ်လို့များ ကျနော့်ကို မွေးဖွားတဲ့ ဖေဖေနဲ့ မေမေဟာ ဗမာတွေ မဟုတ်တဲ့ တခြားသော တိုင်းရင်းသား တခုခုဖြစ်ခဲ့ရင်လဲ ကျနော်ဟာ အဲဒီ တိုင်းရင်းသား ဖြစ်ခဲ့မှာ အသေအချာပါ။ ကျနော့်မိဘတွေက ဟိုးအာဖရိက တိုင်းပြည်က လူမည်းတွေ ဖြစ်ခဲ့ရင်ရော??။ ကျနော့်မှာ ရွေးချယ်ခွင့် မရှိပါ။ အာဖရိက တိုင်းရင်းသား လူမည်းလေး ဖြစ်နေအုံးမှာ အသေအချာပါပဲ။ ဒီတော့ ကျနော်တို့တတွေ လုပ်နိုင်တာ တခုပဲ ရှိပါတော့တယ်။ မတူတာကို တူအောင် ကြိုးစား ညှိကြပြီး လူ့ဘောင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်ဖို့ပါပဲ။”

ကျမတို့ဟာ မတူတာကို တူအောင် ကြိုးစားညှိယူကြရပါမယ်။
ဘယ်လို ညှိယူမလဲ … ။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုတဲ့ တိုင်းရင်းသားတွေအားလုံးဟာ မြန်မာ့မြေပေါ်မှာ အတူတကွ နေထိုင်ကြတဲ့ သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ်က ဘာလူမျိုး သူက ဘာလူမျိုး ဆိုတဲ့ စိတ်မထားဘဲ အားလုံးဟာ တမြေထဲနေ တရေထဲ သောက်ကြတဲ့ တနိုင်ငံထဲသားတွေပဲ ဆိုတဲ့ စိတ်ထားနိုင်မယ်ဆိုရင် … ။
ဒီ့ထက်ပိုပြီး တွေးကြည့်တဲ့အခါ …
တိုင်းပြည် နိုင်ငံအသီးသီးမှာ မွေးဖွားကြီးပြင်းခဲ့ကြလို့ လူမျိုးမတူ တိုင်းပြည်ကွဲပြား နေကြပေမဲ့ … အားလုံးဟာ ဒီကမ္ဘာမြေကိုသာ အမှီပြုပြီး နေထိုင်နေကြရတဲ့ “လူသား”တွေပဲ … ဆိုတဲ့ အသိစိတ်ကလေး ထားနိုင်မယ်ဆိုရင် …. ခွဲခြားမှုတွေ … ကွဲပြားမှုတွေဆိုတာ ရှိနိုင်တော့မယ် မထင်ပါဘူး။
***
19.12.06
(ကရင်နှစ်သစ်ကူးနေ့)

Read More...

Monday, December 18, 2006

ဘယ်သူ့လက်ထဲမှာလဲ ….

‘ဂျဘားတွဲဝယ်ပါ’
‘ဟမ်’
မနေ့က ညနေခင်း လဖက်ရည်ဆိုင်မှာ သူငယ်ချင်းနဲ့အတူထိုင်နေတုန်း ကလေးလေးတယောက် အနားရောက်လာပြီး မပီကလာ ပီကလာနဲ့ ပြောလာပါတယ်။
ရုတ်တရက် သူပြောတာ နားမလည်လိုက်ဘူး။ သူက နှပ်တချက်ရှူးခနဲ ရှုံ့သွင်းလိုက်ရင်း ထပ်ပြောတယ်။
‘ဂျဘားတွဲဝယ်ပါ’
အဲဒီတော့မှ သူ့ခေါင်းပေါ်ရွက်လာတဲ့ တောင်းကလေးထဲ သတိထားကြည့်မိတော့ စပါးတွဲလေးတွေကို တွေ့ရတယ်။ စပါးတွဲလိုက်ရောင်းနေတဲ့ ကလေးလေး တယောက်ပါ။
ကလေးလေးက အတော်ငယ်ပါသေးတယ်။ တကယ့်ကို သေးသေးပိစိလေး။ သူ့ မျက်နှာက ကြောင်ချေးရုပ်ပေါက်နေပြီး နှပ်ချေးကတရှုံ့ရှုံ့ … ကြယ်သီးတလုံးမှ မပါတဲ့ အင်္ကျီရင်ဘတ်က ဟပြဲ ။ ဘောင်းဘီက တဖက်တို တဖက်ရှည်၊ ဖိနပ်မပါ ခြေဗလာသက်သက်။
ဒါနဲ့ ကျမက ကြုံတုန်း သူ့ကို အင်တာဗျူးလိုက်ပါတယ်။
‘သားက ဘယ်ကနေပြီး လာရောင်းတာလဲ’
‘တမ်းနားဂျေး’
သူပြောတာ နားမလည်လို့ သုံးလေးခါ ထပ်မေးရပါတယ်။ နောက်မှ ကြည့်မြင်တိုင်ကမ်းနားဈေးက ဆိုတာ သဘောပေါက်တယ်။
‘အဖေ အမေ မပါဘူးလား … သား တယောက်ထဲလား’
‘ဟင့်အင်း …. မပါဘူး … တယောက်ထဲ’
ပြောသာပြောတာ သူက တချက်တချက် ဟိုဘက်နား လှမ်းကြည့်နေလို့ တယောက်ယောက်တော့ ပါမယ်လို့ ကျမထင်ပါတယ်။
‘ဘာနဲ့လာလဲ …’
‘ကားနဲ့’
တယောက်ထဲ ကားဘယ်လိုစီးလဲ … ဘယ်နားမှာကားစီးရလဲ … စသဖြင့် ကျမမေးသမျှတွေ သူဖြေပေးပါတယ်။ သူဖြေသမျှတော့ ကျမအကုန်နားမလည်ပါဘူး။
‘စပါးတတွဲ ဘယ်လောက်လဲ သား…’
‘နား…ဂျယ်’
သူပြောတာ ငါးကျပ်နဲ့ ငါးဆယ် မသဲကွဲပါဘူး။ ဒါနဲ့ ကျမက ငါးကျပ်လား လို့ ထပ်မေးတော့ ဟင့်အင်း နားဂျယ် လို့ ပြောတယ်။ ကျမ ၅၀ တန်တရွက်ထုတ်ပြီး သူ့ကိုပေးရင်း
‘သားက အသက်ဘယ်လောက်ရှိပြီလဲ’
‘တုံးနှစ်’
လက်ကလေး ၃ချောင်းထောင်ပြီးပြောတော့ ကျမရင်ထဲ နင့်ခနဲဖြစ်သွားမိပါတယ်။
အသက် သုံးနှစ်သာရှိသေးတဲ့ ကလေးလေးတယောက်ဟာ ခုလို ဈေးရောင်းနေရတာ …ဖြစ်မှ ဖြစ်ရလေ … လို့ ကျမ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ အသက်သုံးနှစ်အရွယ် ဆိုတာ မိခင်ရင်ခွင်ထဲမှာ ပျော်လို့ကောင်း ဆော့လို့ ကောင်းတဲ့ အပူအပင်ကင်းမဲ့တဲ့ အရွယ်လေးပါ။
ကျမ သူ့ကိုကြည့်ပြီး ငိုင်တွေနေတုန်းမှာပဲ ကလေးလေးက တခြားဝိုင်းတွေဘက် ဆက်ထွက်သွားပြီး သူ့စပါးတွဲလေးတွေ လိုက်ရောင်းနေပါတယ်။
သူသွားရောင်းတဲ့ ၀ိုင်းတွေမှာ သူ့ပုံစံကိုကြည့်ပြီး နှာခေါင်းရှုံ့ကြ မောင်းထုတ်ကြနဲ့ပါ။ လဖက်ရည်ဆိုင်မှာ လာသောက်နေတဲ့ ဘယ်လိုလူကများ သူ့ရဲ့ စပါးတွဲတွေ ၀ယ်သွားကြမှာလဲ။ ကျမလဲ သူ့ကို ၅၀ပေးလိုက်ပေမဲ့ စပါးတွဲတော့ မယူလိုက်ပါဘူး။

ဒီလိုနဲ့ ဟိုဝိုင်း ဒီဝိုင်း မျက်နှာငယ်လေးနဲ့ ‘ဂျဘားတွဲဝယ်ပါ’ လို့ လိုက်ရောင်းနေတဲ့ သူ့ကို လဖက်ရည်ဆိုင်အပြင်က စာကလေးသည် မိန်းမကြီး လှမ်းခေါ်လိုက်လို့ ကျမ နည်းနည်းဝမ်းသာသွားမိတယ်။ စာကလေးနဲ့ စပါးတွဲက အံကိုက်ပဲဆိုတော့ .. ဒီမိန်းမကြီး စပါးတွဲဝယ်ရင် ကလေးလေးလဲ ဈေးရောင်းရပြီပေါ့။
သူတို့နေရာက ကျမတို့စားပွဲနဲ့ ခပ်လှမ်းလှမ်းမှာမို့ ကျမလဲ အကဲခတ်ကြည့်နေမိပါတယ်။ စာကလေးသည် မိန်းမကြီးနဲ့ ကလေးလေး အပြန်အလှန် ဈေးစကားပြောကြပြီး မိန်းမကြီးက တောင်းထဲက စပါးတွဲတွေ တခုပြီးတခု ရေတွက်ရင်း ယူပါတယ်။
၁၅ တွဲကို ၅၀၀ နဲ့ ဆစ်တာလား တွဲ ၂၀ ကို ၅၀၀ နဲ့ ဆစ်တာလား ကျမ သေချာမကြားရပါဘူး။ သေချာတာကတော့ ဒီမိန်းမကြီး ဈေးဆစ်နေတာပါ။
‘ဘယ်လိုမိန်းမကြီးလဲမသိဘူး၊ စေတနာရှိရင် ပိုက်ဆံအလကားပေးလိုက်ပါလား၊ စေတနာရှိသယောင်ယောင်နဲ့ ၀ယ်မလိုလိုလုပ်ပြီးတော့ ကလေးကို မတရားဈေးဆစ်နေတယ်… အသက်ကဖြင့် ….’
ကျမသူငယ်ချင်းက ဒေါကန်ပြီး ပျစ်ပျစ်နှစ်နှစ် ပြောနေပါတယ်။ ကျမတို့ကြည့်နေတုန်းပဲ မိန်းမကြီးက ကလေးရဲ့ တောင်းလေးထဲ စပါးတွဲတွေ ပြန်ပြီးထည့်ပေးလိုက်တယ်။ မယူတော့ဘူးဆိုတဲ့သဘောပေါ့။ ဘေးကကြည့်တဲ့ ကျမတို့ကသာ ဒေါမနဿတွေပွားနေမိတာ … ကလေးလေးကတော့ အေးအေး ဆေးဆေးပါပဲ။ သူ့တောင်းကလေးရွက်ပြီး ဟိုဝိုင်း ဒီဝိုင်း လျှောက်သွားနေပြန်ရော။
ကျမတို့ အကဲခတ်နေတာကို သတိထားမိတဲ့ စာကလေးသည် မိန်းမကြီးက ကျမတို့ဆီထလာပြီး …
‘အဲဒီလိုပဲ ကလေးတွေကို ဈေးရောင်းခိုင်းနေတာလေ … သူတယောက်ထဲ မဟုတ်ဖူး .. သူ့အမပါသေးတယ်’
‘သြော် … ဟုတ်လား …’
‘ကလေးသာဆိုတယ် … လူလည်လေး …ဈေးဆစ်တာကို သူ့အဖေရိုက်လိမ့်မယ်တဲ့ … လုံးဝမလျှော့ဘူး’

ဒီမိန်းမကြီးကို အမြင်နဲနဲကတ်နေတာမို့ သူ့ကို အလိုက်အထိုက် တခွန်းလောက်ပဲပြန်ပြောပြီး ကလေးလေးကို ပဲ လိုက်ကြည့်နေလိုက်ပါတယ်။ ကလေးလေးက သူ့ကို ဘယ်ဝိုင်းကမှ လက်မခံတော့ တောင်းကလေးကို ယိုင်ထိုးထိုး ရွက်ရင်း ကျမတို့နား ယောင်ပေပေနဲ့ ပြန်ရောက်လာပြန်တယ်။
ဒီတခါတော့ ကျမသူငယ်ချင်းက လှမ်းခေါ်ပြီး မေးပါတယ်။
‘မင်း ဒီစပါးတွဲတွေကုန်မှ အိမ်ပြန်ရမှာလား’
‘ဟုတ်’
‘မင်းအိမ်မှာ အဖေ အမေမရှိဘူးလား
‘ချိဒယ်’
‘သူတို့က ဘာလုပ်လဲ’
‘အမေက မုန့်ကြာဂျိ သာဂူရောင်းတယ်’
‘အဖေကရော’
‘အဖေက နေမကောင်းဘူး’
‘မင်း ဘယ်သူနဲ့လာလဲ … အမ ပါတယ်ဆို’
ဆိုတော့ သူဝန်ခံပါတယ်။ အမဆိုတာကလည်း အသက် ၆ နှစ်ပဲရှိသေးတာပါ။ မောင်နှမ နှစ်ယောက် တူတူ စပါးတွဲရောင်းပြီး ၀မ်းစာရှာနေကြရတာပေါ့။ သူ့နာမည်ကိုမေးတော့ “မင်းသိန်းထိုက်” တဲ့။
ကျမသူငယ်ချင်းက စားပွဲထိုးကိုခေါ်ပြီး ဘဲသားမုန့်တပွဲမှာလိုက်တယ်။ ပြီးတော့ သူစားဖို့ ကျွတ်ကျွတ်အိတ်လေးနဲ့ ထည့်ပေးလိုက်တယ်။
‘မင်းထမင်းမစားရသေးဘူးမို့လား ..ရော့ အဲဒါစား … မင်းအမကိုလဲ ကျွေး …ပြီးရင် အိမ်ပြန်တော့’
ကျမလဲ သူ့ကို နောက်ထပ် ပိုက်ဆံထပ်ပေးလိုက်ပါတယ်။ ကလေးလေးက ပေစောင်းပေစောင်းနဲ့ ကျမတို့ဝိုင်းက ထွက်သွားတယ်။ ခဏနေတော့ သူ့အမ လိုက်လာပြီး နှစ်ယောက်သား တ၀ိုင်း ပြီး တ၀ိုင်း ဈေးလိုက်ရောင်းနေကြပါတယ်။

ဒီလဖက်ရည်ဆိုင်က ကျမ တခါရေးဖူးသလိုပဲ အလှူခံရော သူတောင်းစားရော တော်တော်များပါတယ်။ သူတို့က လဖက်ရည်ဆိုင်မှာ အလုပ်ဆင်းသလို နေ့စဉ် လာကြတယ်။ မနက်ဆို ရောက်လာပါပြီ၊ ယောဂီညိုရောင်တွေ ဆင်မြန်းကာ တောင်းရမ်းကြပြီး နေ့ခင်းဆို အရိပ်ကောင်းတဲ့တနေရာ ဒါမှမဟုတ်လဲ ဆိုင်က ခုံတခုခုမှာထိုင်ပြီး ပိုက်ဆံတွေရေတွက်၊ ညနေဆို အိမ်ပြန်။ သူတို့အတွက်တော့ ဟန်ကျနေတာပါပဲ။
သူတို့လို သန်စွမ်းကျန်းမာတဲ့ လူကြီးတွေ တောင်းရမ်းစားသောက်နေတာထက်စာရင် ဒီကလေးလေးတွေ ခုလို ဈေးရောင်းတာက တော်ပါသေးတယ်လို့ စိတ်ထဲ ဖြေတွေး တွေးမိတယ်။
ဘယ်လိုပဲ ဖြေတွေးလည်း အသက် သုံးနှစ်အရွယ် ကလေးငယ်ရဲ့ ကြမ်းတမ်းတဲ့ ဘ၀ကိုဖြင့် ကျမတော်တော် စိတ်မကောင်းဖြစ်မိပါတယ်။
ဒီကလေးတွေရဲ့ အနာဂတ်က ဘာလဲ …. ။
***
ကျမတို့တိုင်းပြည်ရဲ့ အနာဂတ်ဟာ … ကလေးတွေရဲ့ လက်ထဲမှာလို့ ဆိုကြတယ်။
ဘယ်လို ကလေးတွေရဲ့ လက်ထဲမှာလဲ …
တောထဲတောင်ထဲ အိုးမဲ့ အိမ်မဲ့ ပြေးလွှားနေကြရတဲ့ ကလေးတွေလား …
မြို့ပြမှာနေပြီး ခုလို ဈေးရောင်းသူရောင်း .. တောင်းစားသူစား ..ဖြစ်နေကြတဲ့ ကလေးတွေလား …
ဒါမှ မဟုတ် …
မှန်အလုံပိတ်ထားတဲ့ အကောင်းစားကားကြီးပေါ်က မြေမနင်းသားလေးတွေလား …
သူတို့လေးတွေရဲ့ ကံကြမ္မာ …
တိုင်းပြည်ရဲ့ ကံကြမ္မာကို … ကြိုတင်သိချင်စမ်းပါဘိတော့တယ်။
***
17.12.06
10:58 pm

Read More...

Saturday, December 16, 2006

တကယ်ချစ်တယ်ဆိုရင် …

တနေ့တနေ့ ကျမ အလုပ်တွေများနေတဲ့ကြားက အချိန်ရရင် ရသလို ကိုယ့်ဘလော့အတွက် ကိုယ် စာရေးတဲ့အခါရေး … တခြားဘလော့တွေသွားဖတ်တဲ့အခါ ဖတ် … တခါတလေတော့လည်း ဖတ်ဖြစ်တဲ့ ဘလော့တွေမှာ ကိုယ့်ထင်မြင်ချက် commentလေးတွေ ချထားခဲ့တတ်ပါတယ်။
ကျမ အမြဲဝင်ဖတ်လေ့ရှိတဲ့ ဘလော့တွေထဲမှာ ကိုသံလွင်ရဲ့ ဘလော့သည်လည်း တခုအပါအ၀င်ပါ။ သူ့ဘလော့ဖတ်ပြီးရင်လည်း အဲဒီလိုပဲ ကွန်မန့်လေးတွေ ရေးခဲ့မိပါတယ်။
ဒီနေ့တော့ ကိုသံလွင်ဘလော့မှာ ဘာပို့စ်များ အသစ်တက်သလဲလို့ ၀င်ကြည့်လိုက်တဲ့အခါ … သူ့ရဲ့ စီဘောက်စ် မှာ “ပြည်ချစ်စစ်သား” ဆိုသူက ခုလို ရေးထားတာကို တွေ့လိုက်ရပါတယ်။

ပြည်ချစ်စစ်သား :ရေးတဲ့လူကိုရော.. ပုံမှန် ကွန်မန့်ရေးနေတဲ့ လူတွေကိုပါ အံ့သြမိပါရဲ့.. အစိုးရကို ဆန့်ကျင်တိုင်း အကောင်းထင်နေကြသကိုး။ အဆင့်အတန်းမဲ့ကြပါပေတယ်”

အဲဒီစာကိုတွေ့ပြီး ကျမ တော်တော်စိတ်မကောင်းဖြစ်မိတဲ့အပြင် ခေါင်းထဲကိုလည်း အတွေးတွေ တသီတတန်းကြီး ရောက်လာလို့ ဒီစာကိုရေးလိုက်မိတာပါ။
***
သူရေးတဲ့စကားလုံးတွေကို ကျမ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်မိတဲ့အခါ …

“အစိုးရကို ဆန့်ကျင်တိုင်း အကောင်းထင်နေကြတယ်” … တဲ့။
ကျမတို့ ဘလော့မှာ စာတွေရေးတယ်ဆိုတာ ကိုယ့်အတွေ့အကြုံ၊ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘ၀ခရီး အပြင် … ကိုယ့်အယူအဆ၊ ကိုယ့်ထင်မြင်ချက် .. စတာတွေကို ရိုးသားစွာ တင်ပြခြင်း သက်သက်ပါပဲ။ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်းပြောတာဟာ “အစိုးရကို ဆန့်ကျင်တယ်” လို့ ခေါ်ပါသလား။
ကျမတို့ ဘာကိုအကောင်းထင်ကြတာလဲ …။ အစိုးရကို ဆန့်ကျင်တာကို ကျမတို့ အကောင်းထင်တာ မဟုတ်ပါဘူး။ အမှန်အတိုင်းမြင်တာကို အကောင်းထင်တာပါ။ မြင်တဲ့အတိုင်းပြောနေတာကို ထောက်ခံနေကြတာပါ။ ဘယ်အစိုးရပဲ ရှိရှိ ကျမတို့ မြင်တဲ့အတိုင်း .. ကျမတို့ ခံစားရတဲ့အတိုင်း ပြောနေကြမှာပါပဲ။ ဒါဟာ အံ့သြစရာ ကောင်းနေပါသလား။

“အဆင့်အတန်းမဲ့တယ်” … တဲ့။
သူဟာ အဆင့်အတန်းကို ဘာစံနဲ့တိုင်းတာ သတ်မှတ်သလဲ ကျမစဉ်းစားလို့မရပါဘူး။ ကျမ သိတဲ့ အဆင့်အတန်းကတော့ ရုပ်ဝတ္ထုမဟုတ်ပါဘူး၊ အတ္တ မဟုတ်ပါဘူး။ အဲဒီလို ပြောလာသူရဲ့ အဆင့်အတန်းကိုလဲ ကျမဖြင့် သိချင်လှပါဘိ။

နောက် “ပြည်ချစ်စစ်သား” ဆိုတဲ့ သူ့နာမည်ပါ။
တိုင်းပြည်ကိုချစ်သော စစ်သား … လို့ ကျမ အဓိပ္ပါယ်ဖွင့်လိုက်ပါတယ်။
သူဟာ တိုင်းပြည်ကို တော်တော်ချစ်လို့ ဒီအမည်ပေးထားတာလို့ ကျမယူဆပါတယ်။ စစ်သားဆိုတော့ တပ်မတော်သား တယောက်ပေါ့။ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော်က တပ်မတော်သားတယောက် ဖြစ်မှာပါပဲ။ ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မဟုတ်ပါဘူး။ တိုင်းပြည်ကို ဘေးရန် အန္တရာယ် အပေါင်းက ကာကွယ် စောင့်ရှောက်ဖို့ မဟုတ်လား။
သူ တိုင်းပြည်ကို ချစ်တယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ သူ့လူကြီးတွေဟာလဲ တိုင်းပြည်ကို တော်တော်ချစ်ကြမှာပါပဲ။ ဘာကြောင့်ဆိုတော့ ကျမတို့ တိုင်းပြည်မှာကလဲ သူတို့ ချစ်လောက်တဲ့ သယံဇာတတွေဟာ မြေပေါ် မြေအောက် ပေါကြွယ်ဝ နေပေသကိုး။ ဒါကြောင့် သူတို့ တိုင်းပြည်ကို ချစ်တယ်ဆိုတာ မပြောလဲပဲ သိပါတယ်… ယုံလည်း ယုံကြည်ပါတယ်။

ချစ်တယ်ဆိုရင် ရယူပိုင်ဆိုင်လိုကြပါတယ်။ ဒါဟာ ဓမ္မတာပါပဲ။ ကျမတို့ ငယ်ငယ်ထဲက ကိုယ်ချစ်တဲ့ အရုပ်လေးဆို လိုချင်တယ်။ သိမ်းထားချင်တယ်။ သူများကို မပေးချင်ဘူး။ သူများလက်ထဲ ရောက်သွားမှာ မလိုလားဘူး။ ထိုနည်းလည်းကောင်းပါပဲ … ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြရင်လဲ ရယူပိုင်ဆိုင်လိုကြတာပဲ မဟုတ်လား။ ဒီတော့ တိုင်းပြည်ကိုချစ်တဲ့သူတွေဟာ တိုင်းပြည်ကို ရယူပိုင်ဆိုင်လိုမှာပေါ့။ ဒါဟာ မဆန်းပါဘူး။

“အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူး” ဆိုတဲ့ စကားကို ဘယ်ပညာရှိသုခမိန်က ထွင်သွားခဲ့လဲ မသိပါဘူး။
ကျမဖြင့် ဒီစကားကို နည်းနည်းမှ သဘောမကျပါဘူး။ ဒါဟာ ဖောက်ပြန်တဲ့သူတွေရဲ့ ဆင်ခြေကန်စကားလို့ ပဲ မြင်ပါတယ်။ တကယ်ချစ်တာပါဆိုပြီး သူများမိန်းမ ကြာခိုတဲ့သူကို တရားတယ်လို့ဆိုမလား။ စစ်တိုက်တာပဲ … ဆိုပြီး အပြစ်မဲ့သူတွေကို ပစ်ခတ် သတ်ဖြတ်တာကရော .. တရားပါသလား။

တကယ်တော့ တိုင်းပြည်ကို ချစ်တာထက် ပြည်သူလူထုကို သနားရမှာပါ။
ဒီလောက် သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းပြည်မှာနေထိုင်နေကြတဲ့ ၅၅ သန်းကျော်သော ပြည်သူလူထု ဘာဖြစ်နေလဲ ….။ လူထုရဲ့ လိုလားတောင့်တချက်က ဘာလဲ။
ပြည်ချစ်စစ်သားကြီး ခေါင်းအေးအေးထား စဉ်းစားမိရဲ့လား မသိ။

ဒီစာကိုရေးနေရင်းနဲ့ မဟောသဓာရဲ့ “သားတရားစီရင်ခန်း”ကို သွားသတိရမိပါတယ်။ ကလေးရဲ့ အသွေးအသားကို စားလိုတဲ့ ဘီလူးမဟာ ကလေးငိုနေတဲ့ကြားက နာရင်နာပါစေ သူပိုင်ဆိုင်ရရင်ပြီးရော ဆိုပြီး အတင်းလုတော့ ကလေးကို သနားတဲ့ မိခင်ရင်းက ရင်နာစွာနဲ့ အလျှော့ပေးလိုက်ရပါတယ်။

ကျမတို့တိုင်းပြည်ဟာ နာ နေပါပြီ။ လူထုဟာလည်း ငိုနေကြပါပြီ။ ဘီလူးလက်က လွတ်အောင် ဘယ်လို ကြံဆောင်ကြမလဲ …။ မိခင်ရင်းဟာ သူ့သားငယ်ကို သနားသလို လူထုကို သနားသဖြင့် မေတ္တာထားပြီး ကယ်တင်မဲ့သူကိုသာ ကျမတို့(ပြည်သူလူထုဟာ) အလိုရှိပါတယ်။

တိုင်းပြည်ကို တကယ်ချစ်ရင် …ပြည်ချစ်စစ်သားလို့ အမည်တပ်စရာ မလိုပါဘူး။ ချစ်တယ်ဆိုတာ လူသိအောင် ပါးစပ်ကအော်နေ လက်ကရေးနေလို့က အလကားပါပဲ။
တိုင်းပြည်ကို ရယူပိုင်ဆိုင်လိုစိတ် (တဏှာ လောဘစိတ်) နဲ့တော့ မချစ်ပါနဲ့ …. တိုင်းပြည်အပေါ်ကို မေတ္တာထားပါ … လူထုကို သနားပါ … လို့ပဲ ကျမကတော့ ပြောချင်မိပါတယ်။
***
မေဓာဝီ
16.12.06
6:14 pm

Read More...

လေးခွတလက် နဲ့ ရက်ပေါင်းများစွာ

‘အဖေ .. အဲဒီကောင်မလေးကို မသိမသာလေးကြည့်လိုက် …ပြီးရင် သမီးပြောပြမယ်…’
ကျမက ရုတ်တရက်ပြောလိုက်လို့ အဖေက ဘုမသိ ဘမသိ လှမ်းကြည့်တယ်။ အဖေကြည့်တာက သိသိသာသာကြီး။
‘အဲ .. အဖေကလဲ မသိမသာကြည့်ပါဆိုတာ’
‘အေး …အေး …’
အဖေက ကမန်းကတန်းမျက်နှာပြန်လွှဲလိုက်ပြန်ရော။ အဖေလုပ်တာနဲ့ သိတော့မှာပဲလို့ စိတ်ထဲကတွေးရင်း အဖေ့ကို အဲဒီကောင်မလေးနဲ့ ခပ်ဝေးဝေးကို ခေါ်သွားလိုက်ရတယ်။
‘ဘာဖြစ်လို့လဲ အဲဒီကောင်မလေးက’
‘အဲဒီကောင်မလေးကလေ … ငယ်ငယ်တုန်းက သမီးလေးခွကို ခိုးတဲ့ ကောင်မလေးပဲ … သိလား … အဖေ’
‘ဟင် … သမီးလေးခွ ဟုတ်လား …’
အဖေက တအံ့တသြနဲ့မေးတယ်။
အဲဒီတော့မှ ကျမလဲ အဖေ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရတော့တယ်။
***
မှတ်မှတ်ရရ ကျမ ၆ တန်း နှစ်တုန်းကပါ။
ပြောရရင်တော့ … သူခိုးလက်က သူဝှက်လုတယ် ဆိုရမလားဘဲ .. ။
တကယ်တော့ လေးခွက ကျမလေးခွလည်း မဟုတ်ပါဘူး။ အဖေက မောင်လေးဖို့ ၀ယ်ပေးထားတဲ့ ကျွဲချို လေးခွလေးပါ။ အိမ်မှာ လေးခွ နှစ်လက်ရှိတော့ ကျမက တလက်ကို မသိမသာနဲ့ ကျောင်းကို ယူသွားတယ်။ ကျောင်းမှာလက်စွမ်းပြမယ်ပေါ့ … သူငယ်ချင်းတွေကိုလဲ လေးခွယူခဲ့မယ်လို့ ပြောခဲ့ပြီးသား။ အိမ်မှာလဲ နဲနဲပါးပါး လေ့ကျင့်လာပါတယ်။

ကျောင်းရောက်တော့ လွယ်အိတ်လေးကို ထိုင်ခုံနောက်မီမှာ ချိတ်ပြီး စာသင်တာလိုက်နားထောင် … ကျွဲချိုလေးခွလေးကိုတော့ လွယ်အိတ်ရဲ့ ထောင့်လေးမှာထိုးထားခဲ့တာပါ။ ကျမတို့ကျောင်းက မနက်ပိုင်း စာသင်ချိန် ၄ ချိန် ရှိပြီး ညနေပိုင်း ၃ ချိန်ရှိပါတယ်။ ကြားထဲမှာတော့ မုန့်စားဆင်းချိန်ပေါ့။ မနက်ပိုင်း စာသင်ချိန် ၂ ချိန်လောက်ထိ လေးခွက လွယ်အိတ်ထဲမှာ ရှိနေသေးပါတယ်။
မုန့်စားဆင်းချိန်လဲရောက်ရော … ကျမတို့သူငယ်ချင်းတွေ ထမင်းစုစားအပြီးမှာ အဲ .. ခုနက ကောင်မလေးရဲ့ လက်ထဲ ကျမလေးခွ ရောက်နေတာကို တွေ့ရတယ်။
ကျမတုံးပုံများ …တွေးရင် ကိုယ့်ကိုယ်ကို ဒေါသထွက်တာ ခုချိန်ထိပဲ။ သူ့လက်ထဲကလေးခွကိုကြည့်ပြီး
သူလဲ ကိုယ့်လို လေးခွတလက်ပါလာတယ် လို့ပဲ ထင်နေတာ။ ကိုယ့်လွယ်အိတ်ကိုယ်လဲ ပြန်မကြည့်ဘူး။ သူ အဲလို ယူမယ်လို့လဲ မထင်မိတာပါပါတယ်။

နောက်မှ ကျမနဲ့ သူငယ်ချင်းတစု လေးခွပစ်ကွင်းသွားဖို့ လွယ်အိတ်ကိုယူလိုက်တဲ့အခါမှာ လေးခွ မရှိတော့ပါဘူး။ လွယ်အိတ်ထဲက စာအုပ်တွေအကုန်ထုတ် မှောက်လှန်ပြီးရှာနေသေးတယ်။ ဘယ်တွေ့ပါ့မလဲ။ လေးခွက ခြေထောက်ပေါက်ပြီး ဟိုတယောက်လက်ထဲ ရောက်သွားပြီလေ။
ကျမမှာ မျက်နှာအပျက်ပျက်နဲ့ … ငါ့လေးခွ မရှိတော့ဘူး … လို့ ပြောတော့ … နင်ကလဲ လေးခွရောပါလာလို့လား .. တဲ့ …။
ကျမတော်တော် စိတ်ညစ်သွားပါတယ်။ ကျမ လေးခွပါလာတာကို သိတဲ့သူ ဘယ်သူမှမရှိပါဘူး။ ကျွဲချိုလေးခွတလက် ပျောက်ဆုံးသွားမှုကို ဆရာမဆီ သွားတိုင်ရင်လဲ ‘လေးခွဘာဖြစ်လို့ ယူလာရတာလဲ၊ လေးခွနဲ့ နင်နဲ့ဘာဆိုင်လဲ’ ဆိုပြီး ကိုယ်သာ အရင် ဆော်ပလော်တီးခံရမှာ အသေအချာပါပဲ။ ယူသွားတဲ့ ကောင်မလေးကိုလဲ ငါ့လေးခွ လို့ ပြန်သွားတောင်းရင်လဲ … သူ့ဟာပါလို ဇွတ်ငြင်းချင်ငြင်းအုံးမယ်။ ကျမမှာ က သက်သေမှ မရှိဘဲ။
ဒီလိုနဲ့ပဲ ကျမမှာ လေးခွ လက်စွမ်းပြခွင့်မရတဲ့အပြင် လေးခွတလက်သာ ဆုံးရှုံးသွားခဲ့ပါတယ်။ ပိုဆိုးတာက … သူငယ်ချင်းတွေက ကျမ လေးခွယူလာတယ်ဆိုတာကို မယုံကြည်ကြတာပါပဲ။
စိတ်ထဲမှာ တနုံ့နုံ့ ကသိကအောက်ဖြစ်ရင်းနဲ့ ကျမလေးခွလေးကို ယူသွားတဲ့ အဲဒီ ကောင်မလေးရဲ့ မျက်နှာကို ကျမ ခုထိ မှတ်မိနေခဲ့ပါတယ်။
***
အခုတော့ သူက လူကြီးလူကောင်း အမျိုးသမီးတယောက်ပုံစံနဲ့ ကျမတို့ဆီကိုရောက်လာတာပါ။
မသိတဲ့ တခြားသူတွေကတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံကြပေမဲ့ ကျမကတော့ ရယ်ပြရတာတောင် အောင့်သက်သက်ကြီးနဲ့ ဖြစ်နေပါတယ်။ ကျမ က အဲဒီလိုပါပဲ၊ တခုခုဆို မျက်နှာက ဟန်ဆောင်လို့ သိပ်မရပါဘူး။ အမတို့ အမေတို့က အမြဲသတိပေးရတယ်။ လူအမြင်ကတ်အောင် လုပ်တတ်လွန်းလို့။

သူက နာမည်တွေဘာတွေတောင် ပြောင်းထားပါသေးတယ်။ ငယ်ငယ်က သိခဲ့တဲ့ နာမည်မဟုတ်တော့ဘူး။ ကျမကတော့ သူ့ကိုတွေ့တိုင်း
‘ဟွန်း … ငါ့လေးခွ ခိုးတဲ့သူ’ ဆိုပြီး မကျေမနပ်ဖြစ်နေမိသေးတာ။ ဒါကြောင့်လဲ အဖေနဲ့ တွေ့တော့ အဖေ့ကို ပြောမိခဲ့တာပေါ့။ အဖေ့ကို အကြောင်းစုံရှင်းပြပြီးတော့ အဖေက ရယ်ပြီး
‘သူ့ကို မေးကြည့်လိုက်ပါလား … ကျွဲချိုလေးခွလေး မှတ်မိသေးလား.. လို့’
ကျမ အဲဒီလိုဖြစ်နေတာကို စိတ်ပြေပါစေတော့ရယ်လို့ ခပ်နောက်နောက်ပြောပါတယ်။ အဲဒီတော့မှ ကျမလဲ စဉ်းစားလိုက်မိတယ်။

ကျမကသာ ဒါကို မသိစိတ်ထဲ တေးမှတ်သလို ထည့်ထားမိပြီး ခုထိ တနုံ့နုံ့ ပူလောင်နေခဲ့တာ … သူကတော့ မှတ်တောင်မှတ်မိတော့မှာ မဟုတ်ဘူး။
ခိုးခဲ့တာကတော့ သူ .. ပါပဲ။ ဒါပေမဲ့ သူက တကြိမ်သာ ခိုးခဲ့တဲ့ သူပါ။ ခိုးတဲ့အပြစ်အတွက် ဖြစ်မဲ့ သူ့ရဲ့ အကုသိုလ်ဟာလဲ အဲဒီတုန်းက တကြိမ်တည်းသာပါပဲ။ ကျမကတော့ အကြိမ်ကြိမ် အခိုးခံရသလို ဒါကို မမေ့မလျော့နိုင်ဘဲ သူ့ကိုမြင်တိုင်း အထပ်ထပ် ဒေါမနဿတွေ ပွားများပြီး ပူလောင် နေခဲ့မိပါတယ်။

တကယ်တော့လဲ ကလေးဘ၀တုန်းက မသိလို့ လိုချင်လို့ အဲဒီလို မှားခဲ့တာရှိကောင်း ရှိနိုင်တာပဲ မဟုတ်လား။ ဒါကို ကျမက ဘာလို့မမေ့ပျောက်နိုင်ရတာလဲ။ ဘာလို့ အကုသိုလ် အထပ်ထပ်ပွားနေရတာလဲ။ ဘာမဟုတ်တဲ့ ကျွဲချိုလေးခွလေး တခုအတွက် ရက်ပေါင်းများစွာ စိတ်တွေပူလောင်နေမိတယ်။ အတေးအမှတ် အာဃာတ ဆိုတာ ထားကောင်းတဲ့အရာ မဟုတ်ပါဘူး။ ကျမဟာ စာတွေ့အသိ သညာသိ တွေရှိနေပေမဲ့ တကယ့်လက်တွေ့မှာ မကျင့်သုံးမိလောက်အောင် ညံ့ဖျင်းလွန်းလှပြီး … ပညာသိမရှိဘူး လို့ ကိုယ့်ကိုယ်ကို ဝေဖန်မိပါတယ်။
အဲဒီလို စိတ်ထားမျိုး ထားခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုလည်း ရှက်ရွံ့ မိပါရဲ့။
***

Read More...

Friday, December 15, 2006

အိမ်ရှေ့က လမ်းမကြီး


ဒီနေ့တော်တော်ကို အလုပ်များလို့ ဘာမှကို တွေးချိန်လဲမရ၊ ရေးချိန်လဲမရပါဘူး။
တကယ်တော့ ဒီနေ့ဟာ ကျမရဲ့ ၁၀၀ ခု မြောက်ပို့စ်တင်ရမဲ့ နေ့မို့ ကောင်းကောင်းကန်းကန်းလေး ရေးချင်မိပါတယ်။ ဒါပေမဲ့ များလိုက်တဲ့အလုပ်က ခုမှ လက်စသတ်နိုင်ပြီး ခေါင်းထဲမှာရှိတဲ့ စာတွေကိုလဲ ရုတ်တရက်ချရေးဖို့ မတတ်နိုင်ဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ ပြတင်းပေါက်ဖွင့်ပြီး ဟိုကြည့် ဒီကြည့် ကြည့်တော့ အိမ်ရှေ့လမ်းမကြီးထက်က မျဉ်းကျားလေးကို သွားတွေ့ပါတယ်။ ဒီလိုနဲ့ ရေးစရာရသွားခဲ့တယ်ဆိုပါတော့။

***
မနေ့က ကွန်ပျူတာရှေ့ထိုင်ရတာ ညောင်းတာနဲ့ ပြတင်းကနေ လမ်းမထက်ကြည့်လိုက်တော့ အိမ်ရှေ့ကလမ်းမမှာ မျဉ်းကျားအသစ်ဆွဲဖို့ ပြင်ဆင်နေကြတာကို တွေ့ရတယ်။ နဂိုကဆွဲထားတဲ့ မျဉ်းကျားအဟောင်းကတော့ မှိန်ပျပျပဲ ကျန်တော့တယ်လေ။
မျဉ်းကျားသာဆွဲနေတာပါ … လမ်းကတော့ တညီတညာခင်းထားခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ် မိုးတွင်းလောက်ကတည်းက လမ်းရဲ့ တခြမ်းကို ၃ ပုံပုံပြီး တပုံခြင်း ခင်းနေကြတာ ဒီနှစ်ဆောင်းကုန်လို့ နောက်တနှစ်ကူးတော့မယ်။ လမ်းက ၃ ပုံ ၂ ပုံပဲ ခင်းရသေးပါတယ်။
(အပေါ်ကပုံမှာ မြင်တဲ့အတိုင်းပါပဲ၊ မျဉ်းကျားမဆွဲခင်က ကျမတို့ရဲ့ ဧည့်သည်တော်ကြီး ကိုမိုက်ကယ်ရိုက်သွားခဲ့တဲ့ပုံပါ။)
စစချင်း ၃ ပုံ ၁ပုံ ကို ဘယ်လိုခင်းလဲဆိုတော့ အလယ်ပလက်ဖောင်းတုံးနားကပ်နေတဲ့ ဟိုဘက်ခြမ်း ၃ ပုံ ၁ပုံ ဒီဘက်ခြမ်း ၃ ပုံ ၁ပုံ ကိုပဲ coated လုပ်ပြီး ခင်းထားတယ်။
ဆိုတော့ ခင်းထားတဲ့လမ်းက တော်တော်လေးမြင့်တက်နေပါတယ်။ ကားတွေအနေနဲ့ သိပ်မသိသာပေမဲ့ ဆိုင်ကယ်တို့၊ စက်ဘီးနဲ့ ဆိုက်ကားတို့ ညဘက်သွားတဲ့အခါ တော်တော်လေး ဒုက္ခရောက်ကြတယ်။
ဆိုင်ကယ်တစီးဆို မှောက်တော့မလိုတောင် ဖြစ်သွားသေးတယ်လို့ ပြောကြတယ်။

ကျမနဲ့ ကြုံရတာကတော့ နေ့ခင်းကြောင်တောင် လမ်းဖြတ်ကူးတဲ့ အဖွားကြီးတယောက်ပါ။
တနေ့ အဖေနဲ့ကျမ ခြံထဲမှာလမ်းလျှောက်ရင်း စကားပြောနေတုန်း အဲဒီမျဉ်းကျားနားကပဲ အဖွားကြီးတယောက် လမ်းကူးနေတာကို တွေ့နေရပါတယ်။ ကူးသွားရင်း လမ်းခင်းထားလို့ မြင့်တက်နေတာကို မမြင်ဘဲ ခလုတ်တိုက်ပြီး မှောက်ရက်လဲပါလေရော။ ကျမနဲ့ အဖေ ကမန်းကတန်းပြေးသွားတဲ့အချိန်မှာ ဆိုက်ကားတစီးက သူ့အနားရောက်နေပြီး အမြန်ဘရိတ်အုပ်ရပ်လိုက်ပါတယ်။ လဲကျနေတဲ့အဖွားကြီးကို ကျမတို့နဲ့အတူ ဆိုက်ကားဆရာကပါ ၀င်ထူပေးတယ်။ လမ်းတဖက်က ပလက်ဖောင်းပေါ်ထိရောက်အောင် အဖွားကြီးကို အဖေနဲ့ ကျမ တွဲခေါ်လမ်းကူးပေးလိုက်ရတယ်။ တော်ကြာ ဟိုဘက်တခြမ်းက အနိမ့်အမြင့် မညီညာတဲ့နေရာမှာ ထပ်ချော်လဲ နေမှာစိုးလို့ပါ။ နေ့ခင်းဘက် ကားအသွားရှင်းနေလို့သာ တော်တော့တယ်။ မဟုတ်ရင် အရှိန်နဲ့ မောင်းလာတဲ့ကားဆို အဖွားကြီး မလွယ်ပါဘူး။
တကယ်လို့သာ အဖွားကြီး အဲဒီလိုနဲ့ (မပြောကောင်းမဆိုကောင်းပေါ့လေ) ကားတိုက်မိရင် … ဘယ်သူ့မှာ တာဝန်ရှိလဲလို့ ကျမတွေးနေမိတယ်။ လောလောဆယ်တော့ ကားသမားပဲ ပြဿနာအရင်တက်မှာပါ။

အဲဒီလိုနဲ့ ရက်ပေါင်းများစွာ တော်တော်လေးကြာတဲ့အချိန်မှာတော့ နောက်ထပ်သုံးပုံတပုံကို ထပ်ပြီးလာခင်းသွားပြန်ပါတယ်။
ကျန် တပုံကိုတော့ ချန်ထားကြတာ ခုချိန်ထိပါပဲ။ ဘာလို့များ ခုလိုအချိန်ဆွဲပြီး လုပ်နေကြတာပါလိမ့် …နော်။
***
အခုပြတင်းပေါက်ကလှမ်းကြည့်တော့ မနေ့ကမှ ဆွဲထားတဲ့ မျဉ်းကျားအသစ်စက်စက်လေးဟာ အ၀ါရောင် မှိန်ဖျော့ဖျော့နဲ့ မဆွဲထားလေသည့်အတိုင်းပါပဲ။ ဆေးဝါ၀ါတွေဘယ်ရောက်ကုန်ပါလိမ့်။ ဖြတ်သွားဖြတ်လာ ကားဘီးတွေဆီပဲ ပါကုန်သလား…။ ဒါမှမဟုတ် … မျဉ်းကျားလာဆွဲကြသူတစုရဲ့ အိတ်ထဲပဲရောက်ကုန်သလား … ။
စဉ်းစားရခက်ပါဘိ။
***
15.12.06
4:43 pm

Read More...

Thursday, December 14, 2006

အဖေ့ ကဗျာ (၃)

အခုကဗျာလေးကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က အဖေရေးခဲ့တဲ့ ဇာတ်ကြီးဆယ်ဘွဲ့ကဗျာလေးပါ။
ဇာတ်နာမည်နဲ့ ဇာတ်ရဲ့အကြောင်းအရာကို တိုတိုနဲ့လိုရင်း တချက်ချင်း ဖော်ပြရေးဖွဲ့ထားပါတယ်။
ဒီကဗျာကို သီချင်းအဖြစ် အဖေ့မိတ်ဆွေတဦးက ဂီတသံစဉ်သွင်းပေးပြီး ကျမရဲ့ ချစ်လှစွာသောအမကြီးကို သီဆိုစေကာ တချိန်က ရေဒီယိုမှ အသံလွှင့်ခဲ့ဖူးပါတယ်။ ဖတ်ကြည့်ကြပါအုံး။

***
ဇာတ်ကြီးဆယ်ဘွဲ့ ထူးတဲ့ပါရမီ

(တေ-ဇ-သု-နေ-မ၊ ဘူ-စန်-နာ-၀ိ-ဝေ)
တေမိမင်းက တည်ကြည်လှ၊
ခြောက်လှန့်ချော့မရ။
ဇနကရဲ့ ဇွဲလုံ့လ
ပင်လယ်ကူးနိုင်စွ။
သုဝဏ္ဏသာမ သားလိမ္မာ
မိဘလုပ်ကျွေးရှာ။
နတ်ရွာငရဲလမ်း သူလျှောက်လှမ်း
နေမိမင်းအစွမ်း။
တဖက်ကမ်းခတ် ဉာဏ်ပညာ
က၀ိမဟော်သဓာ။
မြဲစွာသီလစောင့်နိုင်အား
ဘူရိဒတ်နဂါး။
စကားသစ္စာအောင်ကြောင်းဖြာ
မင်းစန္ဒကုမ္မာ။
မိစ္ဆာကွယ်ပ ဟောဖော်ပြ
ရသေ့နာရဒ။
ဝိဓူရရဲ့ တရားတော်
ဇမ္ဗူအနှံ့ကျော်။
အလှူတော် တုဘက်ကင်း
ဝေဿန္တရာမင်း။ ။
***
(ဝေဿန္တရာမင်းကို ၀စ်သန်တရာမင်း - ဟုဖတ်ပါရန်)

Read More...

Wednesday, December 13, 2006

မျက်ရည်ကျတဲ့နေ့ ...

မနေ့ညက စာမရေးဖြစ်ဘူး။
ခါတိုင်းညတွေဆို မအိပ်ခင် အနည်းဆုံး စာတပုဒ် ရေးဖြစ်ပေမဲ့ ညကတော့ သီချင်းတပုဒ်ကိုပဲ ထပ်တလဲလဲ ရူးသွပ်စွာ ခံစား နားထောင်နေမိလို့ စာမရေးဖြစ်ခဲ့ပါဘူး။
စာမရေးဖြစ်ပေမဲ့ ညအိပ်ရာဝင်တော့လဲ ခါတိုင်းလို သန်းခေါင်တလွဲ နောက်ကျစမြဲပါပဲ။
ဒီမနက်ကျတော့ ၆ နာရီမထိုးခင် မီးပြတ်သွားလို့ အိပ်ရာကနိုးခဲ့ရတယ်။ အိပ်ရေးသိပ်မ၀သေးပေမဲ့ ပြန်မအိပ်တော့ဘဲ အိပ်ရာထ၊ မနက်ခင်းဝေယျာဝစ္စ လုပ်စရာရှိတာလုပ်ပြီး ဈေးသွားရပါတယ်။

ဈေးကပြန်ရောက်တဲ့ထိ မီးကပြန်မလာသေးဘူး။ ၀ယ်လာတဲ့ ချက်ပြုတ်စရာ တိုလီမုတ်စကလဲ များတာမို့ ဂက်စ်မီးဖိုနဲ့ မချက်ချင်တာနဲ့ မီးသွေးမီးဖိုလေး မီးမွှေးလိုက်တယ်။
မီးသွေးနဲ့ချက်နေကျမဟုတ်တော့ မီးမွှေးရခက်ပါတယ်။ ထင်းရူးဆီတွေကလဲ ခပ်ထိုင်းထိုင်းဖြစ်နေလေတော့ မီးခိုးတွေ တအူအူ ထွက်ပြီး မျက်စိထဲ မီးခိုးတွေဝင်ကုန်ပါရော။ မီးခိုးတွေဝင်တဲ့မျက်စိလဲ စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး မျက်ရည်တွေ ကျလာတယ်။ မျက်ရည်တွေကြားကပဲ မီးသွေးမီးဖို မီးတောက်တဲ့အထိ ကြိုးစားပြီး မီးမွှေးခဲ့ရတယ်။

မီးမွှေးပြီး ရေနွေးအိုးတည်ထားရင်း ဟင်းချက်ဖို့ ကြက်သွန်လှီးပြန်တော့ ကြက်သွန်တွေက အသစ်မို့လားမသိဘူး မွှန်ပြီး မျက်စိတွေစပ် မျက်ရည်တွေကျလာပြန်ပါရော။ ဟင်းတခွက်ချက်ဖို့ …. ဒီနေ့ မျက်ရည် နှစ်ကြိမ် ကျခဲ့ရတယ်လို့ ဆိုရမယ်။
မျက်ရည်ဆိုတာ ဒီလိုလဲ ကျတတ်တာပဲ လို့ တွေးမိရင်းနဲ့ … မျက်ရည်ကျတိုင်း ငိုတာ မဟုတ်ဖူးလို့လဲ တဆက်ထဲ စဉ်းစားမိတယ်။

မီးခိုးကြောင့် ဖြစ်ဖြစ် ကြက်သွန်ခိုးကြောင့်ဖြစ်ဖြစ် ကျလာတဲ့မျက်ရည်တွေကို မျက်နှာသစ်လိုက်ပြီး ရေနဲ့ဆေးပစ်လိုက်ရင် သက်သာသွားနိုင်ပေမဲ့ ….
ရင်ထဲမှာ နင့်နင့်သီးသီး ခံစားရလို့ ကျလာတဲ့မျက်ရည်တွေကိုတော့ ဘယ်လိုလုပ်မှ သက်သာနိုင်မှာတဲ့လဲ … ။
***
13.12.06
1:33 pm

Read More...

Tuesday, December 12, 2006

ကောက်ညှင်းပေါင်း အတွေး

ခုတလော အဖေနဲ့ကျမ ကော်ဖီချိန်လေးတွေမှာ လဖက်ရည်ဆိုင်မထိုင်ဖြစ်တာ ကြာပါပြီ။ အဖေလဲ သူ့အလုပ်နဲ့သူ ရှုပ်နေ … ကျမလဲ ကိုယ့်ကိစ္စနဲ့ကိုယ် မအားတဲ့အတွက် နှစ်ယောက်ဆုံပြီး မသွားဖြစ်ကြဘူး။ ကျမကတော့ အိမ်မှာပဲ အလုပ်လုပ်ရင်း ကော်ဖီဖျော် သောက်သလို အဖေကလဲ ကြုံတဲ့နေရာမှာပဲ သောက်ဖြစ်တယ်လို့ ဆိုပါတယ်။
တနေ့ကတော့ ကော်ဖီချိန်လေးမှာ အဖေက ကျမအတွက် ကောက်ညှင်းပေါင်းတထုပ် လူကြုံနဲ့ ပို့ပေးလိုက်ပါတယ်။ ကောက်ညှင်းပြန်ပေါင်း ပူပူလေးပါ။ ခြစ်ထားတဲ့ အုန်းသီးဖတ်လေးတွေဖြူးထားပြီး နှမ်းထောင်းနံ့ကလေးကလဲ သင်းနေတာပါပဲ။

ကောက်ညှင်းပေါင်းနဲ့ ကော်ဖီသောက်နေရင်း ကျမတို့အိမ်မနီးမဝေးကဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကောက်ညှင်းပေါင်းနဲ့ ဘယာကြော် အလှူပြုတာကို သတိရမိတယ်။ ကျောင်းထိုင်ဆရာတော်က အလှူဖိတ်စာမှာ ကောက်ညှင်းပေါင်းကို ကောင်းခြင်းပေါင်းလို့ ကွင်းစကွင်းပိတ်နဲ့ ရေးပါတယ်။ ကောင်းခြင်းတွေပေါင်းစုစေမဲ့ အတိတ်နိမိတ်နဲ့ပေါ့။ ဘယာကြော်ဆိုတာလဲ ဘေးဘယာတွေ ကျော်လွှားနိုင်စေဖို့ ရည်ရွယ်ပါသတဲ့။

အတိတ်နိမိတ် အယူအစွဲအလမ်းကြီးတဲ့နေရာမှာ ကျမတို့လူမျိုးတွေကို ဘယ်သူမှ မမီနိုင်ဘူးလို့ ခပ်ကြွားကြွား တွေးမိပါသေးတယ်။ အယူတော်မင်္ဂလာဦးနိုး ဆိုရင် ဒီ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ တွေနဲ့ပဲ ဘုရင် (ဘိုးတော်ဘုရား) ရဲ့ သူကောင်းပြု မြှောက်စားခြင်း ခံခဲ့ရတာ မဟုတ်လား။ ရှေးအစဉ်အဆက် ဒီလို အတိတ် နိမိတ်တွေ ကောက်လာတော့လဲ ခုချိန်ထိ ဒါတွေကို လက်ခံကျင့်သုံးကြတာ အဆန်းတော့မဟုတ်ပါဘူး။

ကျမသူငယ်ချင်းတယောက် အမေရိကန်ဗီဇာဝင်ခါနီး ဗေဒင်သွားမေးပါတယ်။ ဟိုက သူ့ကို ဘယ်လို ယတြာလုပ်ခိုင်းလဲဆိုတော့ အမေရိကန် ကောင်စစ်ဝန် အင်တင်တင်မဖြစ်အောင်လို့ အင်ဖက် ကို စီးဆင်းနေတဲ့ ရေထဲမျှောပါတဲ့။ ရယ်တော့ ရယ်ရသား။ သူငယ်ချင်း အကူအညီတောင်းတာနဲ့ သူနဲ့ကျမ အင်ဖက် ရှာပုံတော် ထွက်ရပါတယ်။
‘နင်ကလဲ … ခုခေတ်မှာ ဖက်တို့ဘာတို့ သိပ်မှ မသုံးကြတော့တာ၊ ကျွတ်ကျွတ်အိတ်တွေနဲ့ပဲ ထည့်ကြတဲ့ဟာကို … အဲဒီတော့ နင် အင်ဖက်အစား ကျွတ်ကျွတ်အိတ်လေး ရေထဲမျှောပါလား ဟ … ၀ယ်ရတာလဲ လွယ်တယ်’
ကျမက သူ့ကိုခပ်နောက်နောက် ပြောမိတယ်။ ဒါပေမဲ့ ဗိုလ်တထောင် ဆိပ်ကမ်းနားက သစ်သီးသည်တွေ ဆီမှာ အင်ဖက်ရခဲ့ပါတယ်။ ပိုက်ဆံပေး ၀ယ်မယ်ဆိုတာကို ဈေးသည်က အလကားပေးလိုက်တာပါ။ သူလဲ လွှင့်ပစ်ရမဲ့အတူတူဆိုပြီး ပေးလိုက်တာ ထင်ပါရဲ့။ ဒါနဲ့ပဲ ကျမသူငယ်ချင်းဟာ အင်ဖက်ကြီး ရေထဲမျှောပြီး အမေရိကန်ဗီဇာ ၀င်ပေမဲ့ ကောင်စစ်ဝန်က အင်’ လိုက်တာပါပဲ။ ကြည့်ရတာ အလကားရတဲ့ အင်ဖက်မျှောမိလို့ လား မသိပါဘူး။

မအင်’အောင် အင်ဖက်မျှောတာကိုတွေးမိရင်းနဲ့ သီချင်းတပုဒ် သတိရမိပါတယ်။
‘ကြာတာတွေကို မကြာစေဖို့ .. ကြာတွေလှူပြီး ဆုတောင်းမယ်’ ဆိုတဲ့ ခိုင်ထူးရဲ့ သီချင်းလေးပါ။
ကျမသူငယ်ချင်းက မအင် အောင် အင်ဖက် မျှောပြီး ခိုင်ထူးကတော့ မကြာစေဖို့ ကြာလှူပါတယ်။
တချို့ကတော့ ကြာစေချင်လို့ ကြာပန်းကြီးတွေလုပ်တာကို တွေ့ရတယ်။
ဟိုအရင်ကတော့ ‘ပြောင်းဖူး …ပြုတ်ဖူး’ ယတြာဆိုတာ ကြားခဲ့ဖူးတယ်။ အခုတော့ ကြာပန်း ယတြာပေါ့။
အဲဒီ ကြာပန်းကလဲ ဇာတ်လမ်းနဲ့ပါပဲ။ ဟုတ်မဟုတ်တော့မသိပါဘူး။ ကြားမိတာလေး ပြောပါတယ်။
အသစ်တည်ဆောက်ထားတဲ့ မြို့တော်ရဲ့ အထင်ကရ လမ်းခွဆုံမှာ ကြာပွင့်ပုံကြီး ပြုလုပ်ဖို့ စေခိုင်းပါသတဲ့။
ကြာပွင့်ပုံ ထုလုပ်တဲ့ ဆရာဟာ လက်ရာအလွန်မြောက်ပြီး အလွန်လှတဲ့ ကြာပွင့်ကို ပြုလုပ်ပေးလိုက်တယ်၊ ဒါပေမဲ့ ချက်ချင်းပဲ ပြန်ဖျက်ခိုင်းလို့ ဖျက်လိုက်ရတယ်တဲ့။
ဘာကြောင့်လဲ ….. ။
လက်ရာအလွန်မြောက်တဲ့ ကြာပွင့်ပုံမှာ ကြာဖူးတွေပါ ပါ နေလို့တဲ့လေ …။ ကြာ ဆိုတာကလဲ အပွင့်ရော အဖူးပါ ပါမှ လှတာမဟုတ်လား။ အဲ … ကြာဖူး ဆိုတော့ မကြာတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေတဲ့အတွက် … ဆိုလား ….ပြန်ဖျက်ပြီး အသစ်ပြန်လုပ်ရပါသတဲ့ … ။
အဲ ….. အဲသလို ကြားခဲ့ဖူးပါတယ်။
အခုတော့ အဲဒီဒေသမှာ အဖူးမပါ အပွင့်သက်သက် ကြာပန်းပွင့်ကြီး ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့်နဲ့ လမ်းခွဆုံအလယ် ထည်ဝါနေလေရဲ့။

သြော် …. ကျမတို့လူမျိုး အတိတ် နိမိတ် အစွဲ အလမ်း ကြီးပုံများ … နော်။
ကျမလဲ ဟိုတွေးဒီတွေး တွေးရင်းနဲ့ စားလိုက်တာ ကောက်ညှင်းပေါင်းတထုပ် ကုန်သွားပါရောလား။ ကောက်ညှင်းပေါင်းစားရင်းတွေးမိတဲ့အတွက် ကောက်ညှင်းပေါင်းအတွေးလို့ အမည်တပ်လိုက်ပါတယ်။
ကောက်ညှင်းပေါင်းအတွေးဆိုတော့လဲ … ခပ်စေးစေးပေါ့။
***
11.12.06
11:42pm

Read More...

Monday, December 11, 2006

အမှောင်ကွယ်ပျောက် အလင်းရောက်လျှင် …

တမြန်မနေ့လောက်က မဂ္ဂဇင်းနဲ့ ဂျာနယ် တစောင်မှာ operation ပိုင်း တာဝန်ယူလုပ်ပေးနေတဲ့ လူငယ်လေး တယောက် ကျမတို့ဆီကို လမ်းကြုံလို့ ၀င်လာပါတယ်။ သူနဲ့ စကားစမြည်ပြောရင်း သူတို့ဂျာနယ် အခြေအနေ မေးကြည့်မိတယ်။ အဲဒီဂျာနယ်က အလှအပ ဖက်ရှင် ကဏ္ဍတွေကို ဦးစားပေးတဲ့ ပေါ့ပ် ဂျာနယ်တစောင်ပါ။ စထုတ်ကတည်းက ခုချိန်ထိ ရှုံးတာ သိန်း ၄၀၀လောက်ရှိနေပြီ လို့ သူက ညည်းတွားရင်းပြောတယ်။ အဲဒါလည်း ထုတ်လုပ်သူက အားမလျှော့သေးဘူး ဆက်ထုတ်နေတုန်းပါပဲ .. တဲ့။

အခုအချိန်မှာ ပေါ့ပ် ဂျာနယ်တွေ သိပ်မပေါက်တော့ဘူး။ သတင်းဂျာနယ်တွေရဲ့ ခေတ်ဖြစ်နေပြီ၊ ဂျာနယ်ဈေးကွက် ထဲမှာ အားကစားဂျာနယ် နဲ့ သတင်း ဂျာနယ်တွေသာ နေရာယူ ထားကြတာ ... စသဖြင့် သူနဲ့ကျမ ပြောမိကြ ပါတယ်။
သူပြန်သွားတော့ ကျမတယောက်ထဲ တွေးနေမိတယ်။
သတင်းဂျာနယ်တွေကို လူတွေ ဘာဖြစ်လို့ ဖတ်ကြတာလဲ။
***
ကျမတို့တွေဟာ သတင်း သိပ်ငတ်မွတ် ပါတယ်။ ကမ္ဘာ့နေရာ အနံှ့အပြားက သတင်းတွေ၊ မြန်မာပြည် အရပ်ရပ်က သတင်းတွေ သိပ်သိချင်ကြတယ်။ မှန်ကန်တဲ့ သတင်း၊ တိကျတဲ့ သတင်း၊ အကျိုးရှိတဲ့ သတင်းတွေ သိပ် တောင့်တမိ ကြပါတယ်။

ကျမတို့ တိုင်းပြည်မှာ ထုတ်ဝေနေတဲ့ သတင်းစာ ဆိုတာကလဲ လူထု နှစ်သက် လိုလား တောင့်တတဲ့ သတင်းတွေ မက်မောလောက်အောင် မပါလေတော့ အပတ်စဉ်ထုတ် ဂျာနယ်က သတင်းတွေကိုပဲ တခုတ်တရ အာသာပြေ ဖတ်ကြရတော့ တာပေါ့။ ဒါကြောင့်လဲ သတင်းဂျာနယ်တွေဟာ ပေါ့ပ် ဂျာနယ်တွေထက် လူတွေရဲ့ စိတ်ဝင်စားမှု ပိုရတာ ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဒီဂျာနယ်က သတင်းတွေဆိုတာလဲ စိစစ်ပြီးမှ ဖော်ပြခွင့်ရကြတဲ့ သတင်းတွေပါပဲ။ လွတ်ရာ လွတ်ကြောင်း လေးတွေသာ ရေးသားရဲ ဖော်ပြရဲကြပါတယ်။ ဟိုတလောက အာရှရဲ့ ဟီးရိုးတွေ သတင်းကို ဖော်ပြတဲ့ ဂျာနယ်တစောင်မှာ မြန်မာနိုင်ငံက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်လုံးရဲ့ နာမည်မထည့်ရဲဘဲ ဗိုလ်ချုပ်အောင်ဆန်း နာမည်သာ ဖော်ပြခဲ့တယ်။ ဒါဟာ ရေးသူ (သို့) အယ်ဒီတာက စိစစ်ရေး ကပ်ကြေးစာလွတ်အောင် ဖော်ပြတာလဲ ဖြစ်ကောင်း ဖြစ်နိုင်သလို စိစစ်ရေးက ဖြတ်လိုက်တာလဲ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့တိုင်းပြည်ရဲ့ မီဒီယာလောကမှာ ခုချိန်ထိ သတင်း လွတ်လပ်ခွင့် မရှိသေးဘူး ဆိုတာတော့ ဒီသတင်းကိုကြည့်ရင် သိသာ နေတာပါပဲ။
***
သတင်းနဲ့ ပတ်သက်ပြီး ရေးနေရင်းနဲ့ ‘ကြေညာ’ ဆိုတဲ့ စာလုံးလေးကိုပါ ထည့်ပြောချင်လို့ ကြားဖြတ် ပြောပါရစေအုံး။ သတင်းကြေညာတယ် ဆိုရင် ကြေညာလို့ သုံးကြတယ်။ ဘာကြောင့်လဲ။ ကြေညာဆိုတာ အကြေ+အညာ နှစ်ခုပေါင်းထားတဲ့ စကားလုံးပါ။ အားလုံးသိတဲ့အတိုင်း အကြေ ဆိုတာ အောက်အရပ်၊ အညာ ဆိုတာ အထက်အရပ် ဆိုတော့ ... ထက်အောက် ၀န်းကျင် ပျံ့နှံ့အောင် ပြုလုပ်တာဟာ ကြေညာတာပေါ့။ ဒါကြောင့် သတင်းဆိုတာ ကြေညာရမယ်။ ပျံ့နှံ့အောင် ပြုလုပ်ရမယ်။ အမှောင်ချ ထားလို့ မရဘူး။ ဖုံးဖိထားလို့ မရဘူး။

တချို့က ကြော်ငြာနဲ့ ကြေညာ မှားပြီးသုံးလေ့ရှိကြတယ်။ ကြော်ငြာက...ကြော်ကြားအောင် ငြာသံပေးတာ ဆိုတဲ့ သဘောပါ။ အရင်ခေတ်က စာနယ်ဇင်းတို့ ရေဒီယို ရုပ်သံတို့ မရှိတဲ့အတွက် (ဥပမာ-အငြိမ့်ပွဲ ဇာတ်ပွဲ ပြသမယ်ဆိုရင်) ဗျို့ဟစ်ပြီး မောင်းခတ် ကြော်ငြာကြရပါတယ်။

ကြော်ငြာနဲ့ ကြေညာကိစ္စကို ဒီတွင်ရပ်ပြီး သတင်းအကြောင်း ပြန်ဆက်ပါအုံးမယ်။
သတင်းကို အင်္ဂလိပ်လို NEWS လို့ပြောတာ တိုတိုတုတ်တုတ်နဲ့ ထိမိလှတယ်။ ဘာကြောင့် ဆိုတော့ NEWS ဆိုတာဟာ North, East, South, West ရဲ့ acronym မဟုတ်လား။ ဒီတော့ NEWS ဟာ အရှေ့ အနောက် တောင် မြောက် အရပ် လေးမျက်နှာက အဖြစ်အပျက်တွေကို ဖော်ပြခြင်း။ မြန်မာ မှာတော့ အကြေ အညာ ထက်အောက်ဝန်းကျင်က အဖြစ်အပျက် တွေကို ဖော်ပြခြင်းသည် သတင်း။

ကျမနဲ့ ရင်းနှီးတဲ့ ဂျာနယ်လစ် တယောက်က ပြောဖူးပါတယ်။ သတင်းဆိုတာ စတုဒိသာ တဲ့။ အဲဒီစကား ကျမ တော်တော် သဘောကျတယ်။ စတု ဆိုတာ ၄၊ ဒိသာ ဆိုတာ အရပ် … ဆိုတော့ကာ စတုဒိသာ ဆိုတာ အရပ် လေးမျက်နှာပေါ့။၊ အင်္ဂလိပ်လို news,မြန်မာလို သတင်း, ပါဠိလိုတော့ စတုဒိသာ ပေါ့။ ဟုတ်တော့လဲ ဟုတ်နေတာပဲ။

စတုဒိသာ (စတုဒီသာ)ကျွေးတယ်ဆိုရင် လာသမျှလူ အလကားကျွေးတယ် လို့သာ ယေဘုယျ သိထားကြ ပါတယ်။ အရပ် လေးမျက်နှာက လာသမျှလူ အဖြူအမည်း မခွဲခြားဘဲ လှူဒါန်းတာဟာ စတုဒိသာ အလှူပေါ့။ နောက်ပိုင်းတော့ စတုဒိသာကို အရပ်လေးမျက်နှာလို့ မမှတ်ကြတော့ဘဲ အလှူလုပ်တာကိုပဲ စတုဒိသာ ခေါ်သလိုလို တွင်သွားပါတယ်။ တကယ်တမ်း သူပြောသလိုဆိုရင် သတင်းဆိုတာ စတုဒိသာ ပါပဲ။

အဲဒီလို အရပ် လေးမျက်နှာက သတင်းတွေကို ကျမတို့တွေ မှန်မှန် ကန်ကန် သိလိုကြတယ်။ အခု ကျမတို့မှာ အင်တာနက် ဆိုတာကြီး အသုံးပြုခွင့်ရတဲ့အတွက် သတင်းတွေ အရင်ထက် ပိုသိလာတယ်။ ကျမတို့ လက်ရှိ သတင်းစာ ထဲက သတင်းတွေနဲ့ မတူတဲ့ သတင်းတွေကို ဖတ်ရ မြင်ရတဲ့ အခါမှာ … သတင်း မှန်ကန်ခြင်းရဲ့ အရသာ၊ သတင်း လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို တစတစ သိလာ ခံစားတတ် လာခဲ့ပါတယ်။ ကိုယ်သိလာ သလို သူတပါး ကိုလည်း သိစေချင် လာခဲ့တယ်။ ဒါကြောင့် သတင်းကို စတုဒိသာ အလှူလုပ်သလို လုပ်ကြရရင် မကောင်းဘူးလားလို့ စဉ်းစားမိတယ်။

တချို့ကတော့ ဒီလို သတင်းမှန်တွေ ဖော်ပြတာကိုပဲ အမနာပ ပြောလား ပြောကြပါရဲ့။ သူတို့ နားမလည်လို့ ပြောကြတာ …ပြောပါစေ။ နောက်တော့ အမှန်ကိုသိသွားကြမှာပါ။ အမှန် တရားဟာ လတ်တလော မှာတော့ ခါးသီးသယောင်ယောင်ပေါ့။

ပြောရမယ် ဆိုရင်တော့ … ကျမတို့ဟာ မှောင်ချထားထဲ အခန်းလေး တခုထဲ နေနေကြရတဲ့ လူတွေလိုပါပဲ။ ဒီအခန်းလေး ထဲက လူတွေ ပြောသမျှပဲကြား,ရေးသမျှပဲဖတ် နေခဲ့ရတယ်။ အမှန်နဲ့ အမှား ဆိုတာလဲ မှောင်နေတော့ ရုတ်တရက် ဘယ်ခွဲခြားနိုင်အုံးမလဲ။ အမှောင်ထဲမှာ ယဉ်နေတဲ့ မျက်စိဟာ အမှောင်ထဲမှာလဲ ၀ိုးတ၀ါးတော့ မြင်သယောင်ယောင် ဖြစ်နေတာပါပဲ။ နေသားကျနေပြီဆိုတော့လေ…။

အခန်းပြင်မှာ အလင်းရောင်အောက်က လူတွေ ရှိနေပါတယ်။ ကျမတို့ အခန်းလေးရဲ့ တံခါးပေါက်ကို ပွင့်သွားအောင် အပြင်ကလူ တချို့က ကြိုးစားပမ်းစား ဆွဲဖွင့်ပေးနေကြပါရဲ့။ အခန်းထဲက ကျမတို့လို လူတချို့ကလဲ ဖယောင်းတိုင် မီးလေးတွေနဲ့ တံခါးပေါက်ရှိရာကို စမ်းတ၀ါးဝါး သွားလို့ပေါ့။ တံခါးပေါက်နား ရောက်နှင့် နေသူ တချို့ကလဲ ပွင့်လိုပွင့်ငြား အားစိုက် တွန်းဖွင့်နေကြဆဲပါ။ တွန်းဖွင့်ရင်း တချို့လဲ ခြေကုန် လက်ပမ်း ကျလိုကျ …။ တချို့ ဘ၀တွေ ဆုံးပါးသွား … ။
တချို့ကတော့ ကိုယ်နဲ့ မဆိုင်သလို မျက်စိ စုံမှိတ်ပြီး ချောင်မှာထိုင်၊ တချို့ကလဲ ဒီတံခါးကြီး ခိုင်သထက် ခိုင်အောင် ကြိုးစား …. ….. ။

ဒီလိုနဲ့ ရုတ်တရက် တံခါးပွင့်သွားလို့ အလင်းနဲ့ တွေ့လိုက်ရမယ် ဆိုရင် … မျက်စိ ကျိန်းပြီး လောလောဆယ်တော့ ဘာမှ မမြင် သလိုလိုတောင် ဖြစ်ချင်ဖြစ်အုံးမှာပါ။ အကူးအပြောင်း ဆိုတာ ခဏတော့ အသားမကျ မှုလေးတွေ ရှိစမြဲ မဟုတ်လား။ နောက်တော့လဲ အမှန်တရားရဲ့ အရသာ အလင်းရောင်ရဲ့ အကျိုး ကျေးဇူးကို တဖြည်းဖြည်း သိသွား လက်ခံသွားကြ မှာပါလို့ ကျမ ကတော့ ယုံကြည်မိ ပါတယ်။
***
ကျမတို့ အခန်းလေးရဲ့ ပိတ်ထားတဲ့ တံခါးကြီး ပွင့်မဲ့နေ့ … ကျမတို့ အားလုံး လုံလောက်တဲ့ အလင်းရောင် ရရှိမဲ့ နေ့ကို မျှော်လင့် စောင့်စားရင်း ….။
***
မေဓာဝီ
10.12.06
11:45 pm

Read More...

Sunday, December 10, 2006

အလျှောက်ကောင်းပေလို့

အတက်-အကျ၊ အလျှော့-အတင်း
***
မနေ့က ကျမ ကွန်ပျူတာရှေ့မှာထိုင်ပြီး ထုံးစံအတိုင်း အလုပ်လုပ်ရင်း ဂျီတော့ခ်နေစဉ်မှာပဲ ဧည့်သည်လာလို့ ကျမကို လာခေါ်ပါတယ်။ တကယ်တော့ ဧည့်သည်က အဖေ့ဆီလာတာပါ။ အဖေ မရှိတဲ့အတွက် အဖေ့ကိုယ်စား ကျမက သွားတွေ့ရမှာ။ ဧည့်သည်က ဘုန်းကြီးတပါးလို့ ပြောတာနဲ့ ခေါင်းထဲမှာ ဘယ်ကဘုန်းကြီးဖြစ်နိုင်မလဲ အပြေးအလွှားစဉ်းစားမိတယ်။

တလတခါလိုလို အလှူလာခံနေကြ ဦးဇင်းကြီးလား၊ တနှစ်တခါလောက် ရောက်ရောက်လာတတ်တဲ့ ဗုဒ္ဓသာသနာပြုတက္ကသိုလ်က ဦးဇင်းလေးလား၊ ဒါမှမဟုတ် ဟိုတနေ့ကလာသွားတဲ့ အဖေ့တပည့် ဦးဇင်းလတ်လား၊ တွေးရင်း အောက်ထပ်ကိုဆင်းသွားတော့ ကျမထင်တာ တခုမှ မဟုတ်ပါဘူး။
ကျမတို့ဆီ တခါမှ မလာဖူးပေမဲ့ ကျမတို့ အိမ်နားက ဆရာဝန်တယောက်ရဲ့ အဖေ အသက် ၇၀ကျော် ၈၀ နားနီး တောထွက် ဘုန်းကြီးကြီးပါ။

ကျမ အောက်ထပ်ဆင်းသွားချိန်မှာ ဘုန်းကြီးက ကွန်ပျူတာရိုက်တဲ့ကလေးမလေးနဲ့ စကားတွေပြောနေပါတယ်။ ပါဠိရိုက်တတ်လား။ စာစီရင် တမျက်နှာဘယ်လိုယူလဲ၊ ဘာတွေရိုက်နေလဲ … စသဖြင့် မေးနေတော့ ဘုန်းကြီးနဲ့ စကားသိပ်မပြောတတ်တဲ့ ကလေးမလေးလဲ ဟုတ်ကဲ့တွေရော တင်ပါ့တွေရော ရောက်တတ်ရာရာတွေ ပြန်ဖြေနေလေရဲ့။

ဒါနဲ့ ကျမရောက်သွားတော့ ဘုန်းကြီးက …
‘နင့်အဖေမရှိဘူးလား’
‘မရှိပါဘူး ဘုရား … အပြင်သွားနေပါတယ်’
‘နင် ငါ့သိတယ်မှုတ်လား’
‘တင်ပါ့ … သိပါတယ်ဘုရား’
‘အေး … နင့်အဖေ မရှိရင် နင့်ကိုပဲမေးတော့မယ်၊ စာအုပ်တအုပ်ထုတ်မယ်ဆိုရင် ဘယ်ကစ လုပ်ရတုန်း’
‘ကွန်ပျူတာ စာစီရပါမယ် ဘုရား’
‘စာစီပြီးရင် တန်းရိုက်ရုံပဲလား’
‘မဟုတ်ပါဘူး ဘုရား … ဖလင်ရိုက်ရပါအုံးမယ် … ဖလင်ရိုက်ပြီးမှ …’
‘အေးအေး .. အဲဒါ အသာထား … ကွန်ပျူတာစာစီရင် တဖောင်ကို ဘယ်လောက်ကျမလဲ’
‘စာအုပ်က ဘယ်ဆိုက်လဲဘုရား … ၁၆ ချိုးလား၊ ၈ ချိုးလား’
ဆိုတော့ ဘုန်းကြီးက နားမလည်ပါဘူး။ ဒါနဲ့ပဲ စက်ခန်းထဲက နမူနာ စာရွက်တရွက်ယူပြီး
‘ဒါဆိုရင် ၈ ချိုးဘုရား .. တဖောင်ကို ၈ မျက်နှာ၊ ၁၆ ချိုးဆိုတာက ၀တ္ထုစာအုပ်ဆိုက်ပါဘုရား … ကွန်ပျူတာစီမယ်ဆိုရင် ……’
စသဖြင့် ကျမ ရှင်းပြလိုက်တော့ …
‘အေးအေး ဟုတ်ပြီ … ဒါကို ဖလင်ရိုက်ရင် တဖောင်ကို ဘယ်လောက်ကျ မတုန်း’
ဆက်မေးပြန်ပါတယ်၊ ကျမလဲ ဖလင်ရိုက်တာနဲ့ ဖလက်တွဲတာ က သူ့နှုန်းနဲ့သူရှိကြောင်း ဒီမှာ မလုပ်ကြောင်းပြောတော့ သူက စက္ကူဖိုးကို မေးပြန်ပါတယ်။

ကျမလဲ နမူနာယူထားတဲ့ စက္ကူကိုပြပြီး …
‘စက္ကူကလဲ ကိုယ်ရိုက်မဲ့ အမျိုးအစားပေါ်မူတည်ပြီး ဈေးအစားစားရှိပါတယ်ဘုရား၊ ဒါက နော်ဝေပါ၊ ချိုင်းနားတို့ ဘားမားတို့လဲ ရှိပါတယ်၊ ဘားမားမှာဆိုရင် ဘားဖြူ .. ဘားပြာ …’
‘တော် ..တော် … ဘာမားမသုံးဘူး၊ ဖြူဖြူချောချော နိုင်ငံခြားစက္ကူဆို ဘယ်လောက်တုန်း’
ဒါနဲ့ တပည့်တော်လဲ .. အဲ .. ကျမလဲ စက္ကူက ဂရမ်ပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိကြောင်း၊ ခန့်မှန်းချေ ဘယ်လောက် ဂရမ် ဘယ်ဆိုက်ဆိုရင် ဘယ်လောက်ဖြစ်ကြောင်း၊ ဒါပေမဲ့ ဈေးနှုန်းက တသမတ်ထဲမဟုတ်ဘဲ အတက်အကျရှိကြောင်း …ပြောတဲ့အခါမှာ … ဘုန်းကြီးက
‘တယ် .. ဒီကောင်မလေး .. ဘာတွေလျှောက်ပြောနေတာလဲ … စကားကိုလွယ်လွယ်နဲ့ပြောတယ်’
ရုတ်တရက်ကြီး ထကောပါလေရော။ ကျမလဲ ဘာမှန်းမသိဘဲ လန့်သွားပြီး …
‘တပည့်တော်ပြောတာက …’
‘ဈေးနှုန်းဆိုတာ ဘယ်တုန်းက အကျရှိလို့တုန်း၊ အတက်ပဲရှိတာမှုတ်လား … ဘာလဲ အတက်အကျရှိတယ်တဲ့ … မဟုတ်က ဟုတ်ကတွေ လျှောက်ပြောနေတယ် … ဘာလဲ … နင်အမှန်မပြောရဲဘူးလား … ဖမ်းခံရမှာကြောက်လို့လား’

ဒီတော့မှ ကျမလဲ ရယ်ချင်စိတ်နဲ့ စပ်ဖြဲဖြဲဖြစ်သွားပြီး …
‘မှန်လှပါဘုရား … တပည့်တော်ပြောတာမှားသွားပါတယ် … ဈေးနှုန်းက အတက်ပဲ ရှိပါတယ် ဘုရား’ လို့ ပြန်ပြင်လျှောက်လိုက်တော့မှ ဘုန်းကြီးကျေနပ်သွားပြီး ပုံနှိပ်ခကို ဆက်မေးပါတယ်။
ပုံနှိပ်ခကိုပြောတော့ ဈေးက မလျှော့ဘူးလား တဲ့ … ဘုန်းကြီးက ဈေးဆစ်နေပါတယ်။ ဒါနဲ့ပဲ ကျမက
‘ဈေးကတော့ အလျှော့အတင်း ရှိပါတယ်ဘုရား … အဖေနဲ့သာ ညှိပါဘုရား …’
ဆိုတော့ သူက လာပြန်ပြီလား ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။ ဒါနဲ့ပဲ ကျမလဲ ခပ်မြန်မြန်ပဲ
‘မှားသွားလို့ပါဘုရား …ဈေးက အလျှော့ပဲ ရှိပါတယ်၊ မတင်းပါဘူးဘုရား … အရှင်ဘုရားအပ်ရင် အဖေက လျှော့ပေးမှာပါပဲ’ လို့ ကမန်းကတန်း ပြင်လျှောက်လိုက်တော့မှ ဘုန်းကြီးကြီးလဲ ကျေနပ်စွာနဲ့ ထွက်သွားပါတော့တယ်။
ဝှူး … မလွယ်ပါ့လား …နော် …။
***

Read More...

Saturday, December 09, 2006

လောလောဆယ် ဖတ်နေတဲ့ စာအုပ်တွေထဲက …

ကျမခုတလော ဘယ်လိုဖြစ်နေမှန်းမသိပါဘူး။
စာအုပ်ဖတ်လဲ တအုပ်မပြီးခင် နောက်တအုပ် ဖတ်ချင်နေတယ်။ ဖတ်လဲ ဖတ်မိတယ်။
အလုပ်ဆိုလဲ ဒီတိုင်းပဲ၊ တခုမပြီးခင် နောက်တခုကို အစပျိုးထားမိပြန်ရော။
တပြိုင်ထဲနဲ့လဲ အလုပ် သုံးလေးခု လုပ်ချင်လုပ်နေတာ။
ဥပမာ - ဘလော့အတွက်စာရေးရင်း သူငယ်ချင်းနဲ့ ဂျီတော့ခ် နေစဉ်မှာပဲ သီချင်းလဲနားထောင် သူများရေးတဲ့ စာတွေလဲ လိုက်ဖတ်ချင်ဖတ်နေမိတာမျိုးပေါ့။ (အလုပ်ကြီးအကိုင်ကြီးတွေ ဆိုပါတော့)
ဂနာမငြိမ်ဘူး ဆိုတဲ့ သဘောများလားတော့ မသိပါဘူး။ ရာသီဥတုလဲ သိပ်တော့မပူသေးပါဘူး။ ခုမှ ဒီဇင်ဘာ ရှိသေးတာ။
ထားပါတော့ ကျမရဲ့ ဂနာမငြိမ်မှုအကြောင်းတွေ။
ပြောချင်တာက .. ကျမ လောလောဆယ် ဖတ်နေတဲ့ စာအုပ်တွေနဲ့ပတ်သက်လို့ပါ။
***
တနေ့ အဖေ့အခန်းမှာ စာအုပ်တွေမွှေဖြစ်တော့ ဘာသာရေးနဲ့ဆိုင်တဲ့ စာအုပ် ၂ အုပ် ဆွဲလာခဲ့ပါတယ်။
တအုပ်က ဆရာကြီးရွှေဥဒေါင်းရဲ့ “ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ်” စာအုပ်၊ နောက်တအုပ်ကတော့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းရဲ့ “လက်ငင်းလက်တွေ့ ဗုဒ္ဓ၀ါဒ” စာအုပ်ပါ။
အဲဒီစာအုပ်တွေကို ဖတ်ဖို့ယူသွားမယ်ဆိုတော့ အဖေက တခု သတိပေးပါတယ်။
‘ဖတ်တော့ဖတ်ပါ … အယူမမှားပါစေနဲ့ …’ တဲ့။ အဖေဆိုလိုတာကို ကျမနားလည်တဲ့အတွက် အဖေ့ကို ကတိပေးပြီး စာအုပ်တွေကို ယူလာခဲ့တယ်။

ဒိဋ္ဌေဒိဋ္ဌမတ္တံ စာအုပ်က အဖိုး(အမေ့အဖေ) ရဲ့ စာအုပ်ပါ။ စာအုပ်ရဲ့ ပထမစာမျက်နှာမှာ အဖိုးက သူ့နာမည် လက်မှတ်ထိုးပြီး နေ့စွဲတပ်ထားတယ်၊ 11/8/60 တဲ့ ။ လွန်ခဲ့တဲ့ ၄၆ နှစ်ကျော်လောက်က စာအုပ်ပေါ့။
ဖတ်ကြည့်တော့ ဟိုဒီ ခုန်ကူးတတ်တဲ့ စိတ်အကြောင်း ရေးထားတဲ့ခေါင်းစဉ်အောက်မှာ ခုလိုတွေ့ရတယ်။

“စိတ်ကလေး၏ ကူးကျော်ပြေးလွှားပုံ အခြင်းအရာမှာ ငယ်စဉ်က ရဘူးသည့် လင်္ကာကလေးတပုဒ်နှင့် တူလှသည်။
ဘုရားကျွန်တော်
တောင်ကျွန်းပေါ်က
ဆင်တော်တစီး
အမြီးငွေလိပ်
လိပ်သည့် သင်ဖြူး
ဖြူးသည့် လေညင်း
ညင်းသည့် အမဲ
မဲသည့် မီးသွေး
သွေးသည့် နံ့သာ
သာသည့် လမင်း
… စသည်ဖြင့် အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့် လင်္ကာတပုဒ်ပေတည်း။ စိတ်သည်လည်း အထက်တွင် ဖော်ပြခဲ့သည့် ဥပမာကဲ့သို့ အခြားအရေးကြီးသော အာရုံတခုနှင့် မတိုက်မိမချင်း ရှည်လျားစွာ ကူးကျော်ပြေးလွှားတတ်သည်ကို တွေ့ရသည်။”

စိတ်ဆိုတာ ဒီလိုပါပဲ.. ဟိုရောက် ဒီရောက် ဖောက်ပြန်နေတာ ဆိုတော့ .. ကျမစိတ်တွေ ခုလို တောင်ရောက် မြောက်ရောက် ဖြစ်နေတာ အပြစ်မဆိုသာပါဘူးလေ… လို့ ကိုယ့်ဟာကိုယ် ဆင်ခြေပေးမိတော့တာပေါ့။
ဒါပေမဲ့ “ပစ္စုပ္ပန်တည့်တည့်” ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အဖိုးက သူ့ရဲ့မှတ်ချက်ကလေးတခုကို လက်ရေးခပ်သော့သော့နဲ့ ရေးထားတာလေး ဖတ်လိုက်ရတယ်။
“Don’t think of Future; Don’t think of Past; Live in the Present.” တဲ့။
အဖိုးက စာဖတ်ရင် under lineတွေ တားလိုတား၊ စတားတွေပြလိုပြ၊ စာအုပ်ရဲ့ လွတ်နေတဲ့နေရာလေးတွေမှာ သူ့မှတ်ချက်လေးတွေ တေးမှတ်လို တေးမှတ် … လုပ်လေ့ရှိပါတယ်။ (နောက်မှ အဖိုးအကြောင်း သတ်သတ်ရေးပါအုံးမယ်)

ဒီစာသားလေးကို ဖတ်လိုက်ရတော့ ….
အတိတ်ကို ပြန်ကြည့်ပြီး လွမ်းမောလိုက် … မလာသေးတဲ့ အနာဂတ်ကိုမျှော်ကြည့်ပြီး အားငယ်လိုက်နဲ့ တောင်စဉ်ရေမရ ဖြစ်နေပြီး ပစ္စုပ္ပန်မှာ ဘာမှ ရေရေရာရာ မလုပ်တဲ့ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်မိသလိုလို … ။
***
ဒီလိုနဲ့ … ဒိဋ္ဌေဒိဋ္ဌမတ္တံ ဖတ်နေရင်းက ခဏချပြီး ကြေးမုံဦးသောင်း ရဲ့ စာအုပ်ကို ကိုင်မိပြန်ရော။
အဲဒီ စာအုပ်ရဲ့ နောက်ကျောဖုံးမှာ ရေးထားတဲ့ စာသားလေးတွေ ဖော်ပြပါရစေ။
ဤစာအုပ်ကို -
- အင်းစိန်ထောင်ကြီးထဲ၌ ၂ နှစ်ခွဲ အချိန်ယူ၍ ရေးခဲ့သည်။
- စာအုပ်စာတမ်းပေါင်း ၈၀၀ ခန့်ကို မှီငြမ်းပြု၍ ရေးခဲ့သည်။
- ငရဲမပါ၊ နတ်ပြည်မပါ၊ လက်တွေ့ဘ၀ကိုသာ ရေးခဲ့သည်။
- ပါဠိမပါ၊ သတင်းစာသုံးမြန်မာစာနှင့် ရေးခဲ့သည်။

အဲဒီစာသားတွေကြောင့် စိတ်ဝင်စားမိတာနဲ့ စာအုပ်ကို ခဏကောက်မြည်းမိပါတယ်။
ဘုရားဖြစ်စဉ်တွေ ဘုရားရဲ့ တရားတော်တွေကို တတ်နိုင်သမျှ မြန်မာလို ရှင်းရှင်းလင်းလင်းရေးထားတာ တွေ့ရတယ်။
တနေရာမှာတော့ မြတ်စွာဘုရား သာသနာပြုပုံကို ခုလိုဖော်ပြထားပါတယ်။

“သို့ သာသနာပြုရာ၌ ရံဖန်ရံခါ အတိုက်အခံပြုမှုများကို တွေ့ရလေ့ရှိသည်။ သို့သော် မှန်ကန်ခြင်း သစ္စာတရားကို လက်ကိုင်ထားသော ဗုဒ္ဓသည်သာ အနိုင်ရသည်၊ သူ၏ အောင်နိုင်ခြင်းမှာ အတိုက်အခံပြုသူကို ရှုံးနိမ့်စေသော အောင်နိုင်ခြင်းမဟုတ်။ အတိုက်အခံပြုသူကို အမှန်ပြကာ သိမ်းသွင်းခြင်းဖြင့် အကျိုးတရားကို ရရှိစေသော အောင်နိုင်ခြင်း ဖြစ်သည်။”
***
ဘာရယ် မဟုတ်ပါဘူး။
ဖတ်မိတဲ့ စာအုပ် ၂ အုပ်ထဲက နှစ်သက်မိတာလေးတွေ ကောက်နုတ်ဖော်ပြခြင်းမျှသာပါ။
***
8.12.06
11:11 pm

Read More...

Friday, December 08, 2006

အကြောင်းတရား ၄-ပါး နှင့် ကျမ

ကျမရဲ့ ဘလော့ကို မှန်မှန်ဖတ်ရှုအားပေးနေသူ တဦးက တနေ့တော့ ကျမကို ခုလို ပြောလာပါတယ်။
‘တရက်တလေလဲ မရေးဘဲ နားပါအုံး …နေ့တိုင်းရေးနေတော့ ဖတ်တဲ့သူတွေ အီ ကုန်လိမ့်မယ်’ တဲ့။
အားပေးခံရပုံများနော်။ သူကတော့ဆက်ပြောရှာပါတယ်။ ကျနော်ကတော့ မအီပါဘူး … ဆိုပဲ။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ … ဒါဟာလဲ စဉ်းစားစရာတခုအဖြစ် ခေါင်းထဲရောက်လာတော့တာပါပဲ။
အဲ … စဉ်းစားဖြစ်ပြန်ပြီဆိုတော့ … ထုံးစံအတိုင်း ရေးမိပြန်တယ်ပေါ့။ (ဘလော့ခေါင်းစဉ်ကိုက တွေးမိတွေးရာ ရေးမိရေးရာဆိုတော့လဲ …တွေးမိတိုင်းကို ရေးမိနေတော့တာပဲ၊ အပြောခံရတာတောင် နဲသေး)

ကျမကလဲ ကျမပါပဲ …နေ့တဓူဝ (အဲ .. နိစ္စဓူဝ .. ဆိုပါတော့) တောင်တွေးမြောက်တွေး မတွေးရ မနေနိုင်၊ တွေးမိတာလေးတွေကိုလဲ အငြိမ်မနေနိုင်တဲ့လက်က မရေးရမနေနိုင်၊ ရေးမိပြီးပြန်တော့လဲ သူတပါးကို ဖတ်စေချင်ပြန်တာကြောင့် ဘလော့လေးပေါ်တင်မိ၊ တင်မိတော့ မတော်တဆဖြစ်ဖြစ် တမင်တကာဖြစ်ဖြစ် လာလည်ကြတဲ့သူတွေက ဖတ်မိပြီး မေဓာဝီတယောက်ကတော့ အားအားယားယား ရေးလဲရေးနိုင်လွန်းတယ်လို့ ကောက်ချက်ချကြလေမလား…။

ဒါတောင် ကျမက နဲနဲ လျှော့ထားရတာဆိုရင် မျက်လုံးတွေပြူးကုန်ကြပြီး နောက်တခါ လာမဖတ်ဘဲများ နေကြမလားမသိဘူး။ နောက်တာပါ။ (ဒါပေမဲ့ တကယ်ပြောတာ)
အမှန် တကယ်ပြောရရင်တော့ တခါတလေ တရက်ထဲ ၂ ပုဒ်တပြိုင်ထဲ တင်ချင်တာ မကောင်းတတ်လို့ ရက်ရွှေ့လိုက်ရတာတွေရှိပါတယ်။
ဥပမာ - နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျမ မိဘနှစ်ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ နဲ့ လူထုဒေါ်အမာရဲ့ မွေးနေ့ အဲဒီ နှစ်ခု တိုက်ဆိုင်နေတဲ့အခါ ကျမကလဲ ကြိုကြိုတင်တင်ရေးထားလို့ နှစ်ပုဒ်လုံးက အဆင်သင့်။
သို့ပေသိ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာလို ပို့စ်မျိုးကို ဦးစားမပေးချင်တာကြောင့် တရက်စောပြီး ၂၈ - ရက်နေ့မှာ တင်လိုက်ပါတယ်။ အမေ လူထုဒေါ်အမာမွေးနေ့ကိုသာ တိတိကျကျ ၂၉ ရက်နေ့မှာ တင်လိုက်တယ်။
အဲဒီလိုမျိုးတွေ တရက်ထဲ ရေးပြီးတိုင်းသာ တင်ရရင် ကျမကို ခုထက်တောင် ထောမနာပြုကြမယ် ထင်ပါရဲ့။

မည်သို့ပင်ဖြစ်စေ …ပေါ့ … ကျမကတော့ ဆင်ခြေအပေးကောင်းတဲ့ ဦးပေါ်ဦးအကြောင်းတွေဖတ်ပြီး (မနှိုင်းကောင်း နှိုင်းကောင်း) ဦးပေါ်ဦးလို ဆင်ခြေပေးချင်တဲ့စိတ်နဲ့ ဒီပို့စ်ကို ရေးလိုက်ရကြောင်းပါ။
***
လူတယောက်ရယ်လို့ဖြစ်လာရင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားလေးပါးက ထောက်ပံ့ပေးထားတယ်လို့ ဟိုတစ ဒီတစ ဗဟုသုတအနေနဲ့ ကြားဖူးတာလား ဖတ်ဖူးတာလား သင်ဖူးတာလား တခုခုပေါ့နော်။ ထားပါတော့ … ။
ထိုနည်းတူစွာပါပဲ …. ကျမဘလော့လေးဟာလဲ အကြောင်းတရားလေးပါး ညီညွတ်မျှတမှ ရှင်သန်ခွင့်ရမှာပါလို့ ရှေးဦးစွာပြောချင်ပါရဲ့။
ဘယ်အကြောင်းတရား လေးပါးလဲဆိုတော့ရင် …
၁။ ကျမသည်လဲ ဟိုဟိုဒီဒီ အတွေးတွေတွေးမိအုံးမှ
၂။ တွေးမိတဲ့အတွေးတွေကိုလဲ လက်က ရေးဖြစ်အုံးမှ
၃။ ရေးဖြစ်တဲ့စာတွေ တင်ဖို့ရာအတွက် အင်တာနက်အသုံးပြုခွင့် (ဒါမှမဟုတ်) အင်တာနက် ကွန်နက်ရှင်က ရှိ အုံးမှ
၎။ ကျမတို့ဘလော့တင်တဲ့စာမျက်နှာလေးလဲ ဘန်းမခံရမှ
ဒီအချက် ၄ ခုနဲ့ညီညွတ်မှသာ ကျမဘလော့လေး ရှင်သန်နေမှာဖြစ်ပါတယ်။ ဒီ၎ ချက်ထဲက တချက်ချက် ချို့ယွင်းနေပြီဆိုရင်တော့ ကျမဘလော့လေး မရှင်သန်နိုင်တော့ပါဘူး။

ဒါကြောင့်လဲ ဒီအချက် ၄-ချက်နဲ့ ညီညွတ်တဲ့ ခုလိုအခါသမယမှာ မိုးရွာတုန်း ရေခံ၊ လသာတုန်းဗိုင်းငင်၊ အချိန်ရှိခိုက် လုံ့လစိုက်ဆိုသလို မှတ်မိသမျှ စကားပုံတွေနဲ့အညီ ကျမ ကြိုးကြိုးစားစား ရေးသားတင်ပြ နေခြင်းဖြစ်ပါကြောင်း … ။

ဖတ်ရှုသူအပေါင်းကို လေးစား အားနာစွာဖြင့်

မေဓာဝီ
07.12.06
11:45 pm

Read More...

Thursday, December 07, 2006

အငိုလွယ်လျက် ... အရှိုက်ခက် ...

ဟိုတနေ့က ရေးခဲ့တဲ့ ‘နေ နဲ့ လ သို့’ ဆိုတဲ့ပို့စ်က ကဗျာလေးကိုဖတ်ပြီး ညီမငယ်ဖြူဖြူက ကွန်မန့်ထဲမှာ ခုလိုမေးထားပါတယ်။

“မမေ...ကဗျာလေးကို နှစ်သက်လှတယ်။ တနေ့ကမှ အမရဲ့ ဒီဘလော့ခ်လေးကို ဖတ်မိတာ။ အရမ်းဝမ်းသာပါတယ်။ တစ်ခုလောက် မေးချင်တယ်။ အငိုလွယ်ပေမဲ့ အရှိုက်ခက်တယ်ဆိုတဲ့ စကားက ဘာကိုဆိုလိုလဲမသိလို့ပါ။ ပြောနေကြတာ ခဏခဏကြားဖူးတယ်။ နားမလည်လို့ပါ။”

အမှန်အတိုင်း ရိုးသားစွာဝန်ခံရရင်တော့ အငိုလွယ်ပေမဲ့ အရှိုက်ခက်တယ် ဆိုတဲ့စကားကို ကြားနေကျမို့သာ ဒီကဗျာထဲ ယူသုံးမိတာပါ၊ ဒီစကားရဲ့ အနက်အဓိပ္ပါယ်ကိုလေးလေးနက်နက် မစဉ်းစားမိခဲ့ဘူး။
ခု ..ဖြူဖြူကမေးတော့မှ ကျမ ဒီစကားရဲ့ အဓိပ္ပါယ်ကို သေချာစဉ်းစားကြည့်မိတယ်။
စဉ်းစားကြည့်ပြီး ပေါ်လာတဲ့အဖြေကတော့ …
***
ကျမတို့အနေနဲ့ အကြောင်းတစုံတခုကြောင့် ၀မ်းနည်းတဲ့အခါ မျက်ရည်ကျကြတယ် … အဲဒါကို ငိုတယ်လို့ပဲ ဆိုကြပါစို့။
ဒါပေမဲ့ ရှိုက်ကြီးတငင် ငိုကြွေးကြရတာတော့ မဟုတ်သေးပါဘူး။ ဘယ်လိုအခါမျိုးမှာ ရှိုက်ကြီးတငင်နဲ့ ငိုကြွေး တတ်ကြသလဲ။
တော်ရုံတန်ရုံခံစားချက်နဲ့ ဒီလိုမငိုရှိုက်ကြပေမဲ့ ရင်ထဲမှာ နင့်နင့်သီးသီး ထိထိခိုက်ခိုက် ခံစားရလွန်းတဲ့အခါ ရှိုက်ကြီးတငင်နဲ့ ငိုကြရတယ်။
ဒါကြောင့် သာမန်အားဖြင့် မျက်ရည်ကျဖို့ ငိုဖို့က လွယ်ကူလှပါတယ်၊ ရှိုက်ကြီးတငင်ငိုဖို့ရာကတော့ တော်ရုံတန်ရုံနဲ့ မဖြစ်နိုင်ဘူး .. ဒါကြောင့် အငိုလွယ်ပေမဲ့ အရှိုက်ခက်တယ် လို့များ ဆိုလေသလား …
ကျမ စဉ်းစားမိတာပါ။
***
ဒီနေ့ အဖေနဲ့အတူ မြို့ထဲသွားတော့ လမ်းမှာ အဲဒီအကြောင်းပဲကျမ တွေးတောနေမိတယ်။ ၃၉ လမ်းရောက်တော့ လမ်းဘေးလဖက်ရည်ဆိုင်လေးမှာ အဖေ့မိတ်ဆွေကို စောင့်ရင်း ထိုင်ကြတဲ့အခါ ကျမက အဖေ့ကို မေးကြည့်ပါတယ်။
အငိုလွယ်ပြီး အရှိုက်ခက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ … လို့။

ဒီတော့ အဖေက ကျမအမေးကို မဖြေသေးဘဲနဲ့ … ရုပ်ရှင်ဇာတ်ကားတကား အကြောင်း ပြောပြပါတယ်။
(ဦး) သာဓု ရိုက်ပြီး (ဒေါ်)မြတ်မွန် သရုပ်ဆောင်တဲ့ ‘အငိုလွယ်သည်’ ဆိုတဲ့ ဇာတ်ကားပါ။
အဖေကတော့ သူ့ရဲ့ ထုံးစံအတိုင်း ဇာတ်ကားကို မျက်စိထဲပေါ်လွင်အောင် ရှည်ရှည်ဝေးဝေးပြောပြပေမဲ့လို့ ကျမကတော့ ခပ်တိုတိုပဲ ပြန်ပြောပါရစေ … ။

ဒီဇာတ်ကားမှာ မြတ်မွန်က အလွန် ဇီဇာကြောင်- မာနကြီးပြီး ရွံရှာတတ်တဲ့ သူဌေးသမီး၊ သူက ကောင်လေး တယောက်နဲ့ လူငယ်ဘာဝ ချစ်ကြိုက်ကြတယ်။ ကောင်လေးကတော့ ပိုက်ဆံသိပ်ရှိပုံမပေါ်ဘူးပေါ့ သာမန် လူလတ်တန်းစားထဲကပါပဲ။ ကောင်လေးနဲ့ ပျော်ပျော်ပါးပါး သွားကြလာကြတဲ့အခါမှာ ကောင်လေးက တချက်တချက် ငေးငိုင် သွားလေ့ရှိတယ်တဲ့။ ဘာဖြစ်လို့လဲ မေးတဲ့အခါ ဘာမှမဟုတ်ပါဘူးဆိုပြီးပဲ ဖြေတတ်တယ်။
ဒီလိုနဲ့ သူတို့နှစ်ဦး ချစ်ကြိုက်ကြတာကို မိဘတွေက သဘောမတူတဲ့အတွက် မြတ်မွန်က ကောင်လေးနောက်ကို လိုက်ပြေးခဲ့ပါတယ်။
ကောင်လေးအိမ်ရောက်တော့ …
ကောင်လေးရဲ့ အမေဟာ အင်မတန်ရွံစရာကောင်းတဲ့ ကိုယ်ရေပြားရောဂါသည် (အနူ) ကြီးဖြစ်နေပါသတဲ့။
(အဲဒီဇာတ်ကားထဲမှာ တကယ့်အနူကြီးကို ထည့်ရိုက်ထားတာလို့ အဖေကပြောပြတယ်)
ကောင်လေးက .. အမေ .. ဆိုပြီး ခြေထောက်ကို ပြေးဖက်တယ်။ အမေကလဲ သားကို သူ့ရဲ တိုနေတဲ့ လက်ကလေးတွေနဲ့ ပြန်ဖက်ပြီး ဆံပင်တွေကို ပွတ်သပ်ပေးနေတယ်။

အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါမှာ မြတ်မွန်က စိတ်ထဲ အရမ်းကို မွန်းကျပ်ဆို့နင့်သွားပြီး သူ့အင်္ကျီတွေလဲ ဆွဲဆုတ်ဖြဲ .. လက်ထဲပါလာတဲ့ ပိုက်ဆံအိတ်တွေလဲ လွှင့်ပစ် နဲ့ မျက်ရည်မကျပေမဲ့လို့ အရမ်းထိခိုက်ခံစားရတဲ့ သရုပ်ပေါ်အောင် လုပ်ပြသွားရင်း မြင်ကွင်းတွေအားလုံးပျောက်သွားတယ်။ ပြီးတော့မှ အသံတသံ ထွက်လာပါတယ် တဲ့။ (အဖေကတော့ ဦးသာဓုရဲ့ အသံလို့ထင်တယ် ဆိုပြီးပြောတယ်) အသံက ဘာပြောလဲဆိုတော့ …
“အငို လွယ်သည် … သို့သော် … အရှိုက်ခက်၏” တဲ့။

‘အဲဒီလိုပြောပြီး ဇာတ်ကားကို အဆုံးသတ်ထားတယ်၊ ဘာအဓိပ္ပါယ်လဲဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့…’ လို့ အဖေကပြောတော့ ကျမက
‘ဟင် .. အဖေကလဲ .. သမီးစဉ်းစားတာနဲ့ အဖေထင်မြင်ချက်နဲ့ တူမတူ သိချင်လို့မေးတာကို …’ ဆိုပြီး အဖေ မဖြေဖြေအောင် မေးတော့မှ …
‘တကယ်တော့ သမီးစဉ်းစားကြည့်လေ၊ ငိုတယ်ဆိုတာ လွယ်ပါတယ် … ….’ စသဖြင့် အပေါ်မှာ ကျမစဉ်းစားခဲ့သလိုပါပဲ ပြောပြတော့ ကျမအတွေးနဲ့ ထပ်တူကျတဲ့အတွက် ကျမ ကျေနပ်နေစဉ်မှာပဲ အဖေက ဆက်ပြောပါတယ်။

‘လူတယောက်နဲ့ တယောက် ချစ်ကြိုက်ဖို့ဆိုတာ လွယ်လွယ်လေး .. လေ၊ ဒါပေမဲ့ လက်ထပ်ဖို့ဆိုတာကတော့ တယောက်နဲ့တယောက် တူညီတဲ့ အမြင်၊ အတွေး၊ အသိုင်းအ၀ိုင်း ဆိုတာ ရှိမှဖြစ်မယ် မဟုတ်လား၊ အဲလိုမှ မဟုတ်ရင် တဘ၀လုံး တူတူပေါင်းသင်းသွားရမှာ၊ ဘယ်အဆင်ပြေနိုင်မလဲ၊ ချစ်တယ်ဆိုတာ လွယ်ပေမဲ့ လက်ထပ်ဖို့က မလွယ်ဘူးလေ … အဲဒါ .…’
‘ဒါဆို … ဒီဇာတ်ကားမှာ သူပေးချင်တဲ့ မက်ဆေ့ခ်ျက အဲဒါပေါ့နော် … ဟုတ်တယ် အဖေ … ချစ်တယ်ဆိုတာတော့ လွယ်တယ် … လက်ထပ်ဖို့က မလွယ်ဘူး … အဲဒါ အငိုလွယ်ပြီး အရှိုက်ခက်သလိုပေါ့ … နော် …’

အဖေက ကျမ ပြောတာကို သဘောတကျ ပြုံးပြီးကြည့်ရင်း ကျမအတွက် ရေနွေးကြမ်းတခွက် ငှဲ့ပေးပါတယ်။
(တကယ်တမ်း ရှင်းပြတော့ အဖေက၊ ရေနွေးကြမ်းသောက်တော့ ကျမက၊ အဲလိုပါပဲ အဖေက ကျမအပေါ် သိပ်သိတတ်ပြီး ချစ်ဖို့အလွန်ကောင်းပါတယ်)
ကျမလဲ ကျမ သိချင်တဲ့ အဖြေကို ရှင်းရှင်းလင်းလင်း နားလည်သွားတာမို့ ကျေနပ်စွာနဲ့ အဖေငှဲ့ပေးတဲ့ ရေနွေးကြမ်း တငုံ ငုံလိုက်ပါတော့တယ်။
***
ကဲ .. မဖြူဖြူရော …ကျေနပ်ပါရဲ့လား ရှင် …။
***
06.12.06
10:16 pm

Read More...

Wednesday, December 06, 2006

ဘုန်းကြီးပြောသော ပုံပြင် (၂)

ဒီပုံပြင်ကို နားထောင်ခဲ့ရတဲ့နေ့ကတော့ မှတ်မှတ်ရရ ပြီးခဲ့တဲ့ သင်္ကြန်ရဲ့ နှစ်ဆန်းတရက်နေ့ပါပဲ။
အဲဒီနေ့က အိမ်မှာ ဘုန်းကြီးဆွမ်းကျွေးတော့ ဘုန်းကြီးပြောပြလို့ နားထောင်ခဲ့ရတဲ့ ပုံပြင်ကလေးပါ။
ဒီပုံပြင်ကတော့ ဖိနပ်စားတဲ့ခွေးမလေး ပုံပြင်လိုမျိုး ကျမရေးဖို့ ရည်ရွယ်ပြီး ခဏခဏ ပြန်ပြောပြတာမဟုတ်ပါဘူး။
တခါပဲပြောခဲ့ပေမဲ့ ကျမက သဘောကျလို့ မှတ်မိနေခဲ့တာနဲ့ ပြန်ရေးလိုက်ပါတယ်။
ဖတ်ကြည့်ကြပါအုံး …။
***
တခါတုန်းက ကုန်သည်လှည်းသားငါးရာတို့ဟာ ကုန်ရောင်းကုန်ဝယ်ထွက်ဖို့ တမြို့ကနေ တမြို့ကို လှည်းတွေနဲ့ ခရီးထွက်ခဲ့ပါသတဲ့။ လှည်းပေါ်မှာလဲ ရောင်းစရာ ၀န်စည်စလယ်တွေအပြင် လမ်းခရီးမှာ ချက်ပြုတ်စားသောက်ဖို့ ဆီ ဆန် ဆား နဲ့ ကြက်သွန်ငရုတ်တို့ အိုးခွက် ပန်းကန်တွေပါ ပါလာတာပေါ့။
လမ်းခရီး စမ်းချောင်းလေး တခုနားရောက်တော့ ခြေခင်းလက်ခင်းသာတယ် .. နားကြမယ် ဆိုပြီး လှည်းတွေဖြုတ် နွားတွေလှန်ပြီး လူတွေကလဲ ချက်ပြုတ်စားသောက်ကြ… အနားယူကြတယ်။
ကုန်သည် လှည်းသားတွေထဲမှာ သောက်တတ်စားတတ်တဲ့သူ တချို့လဲ ပါဝင်လေတော့ သူတို့က ပါလာတဲ့ အရက်လေးတွေ ထုတ်ပြီး သောက်ကြတယ်တဲ့။
ဒီလိုနဲ့ လှည်းသားငါးရာတို့ဟာ တညတာအိပ်စက် အနားယူပြီး မနက်မိုးလင်းတော့ ရည်ရွယ်တဲ့ခရီးဆီ ဆက်နှင်သွားကြပါတယ်။
ကျန်ခဲ့တာကတော့ .. သူတို့ညက စားသောက်ပြီး စွန့်ပစ်သွားကြတဲ့ အညစ်အကြေးတွေပဲပေါ့။

အဲဒီမှာ စောစောက သောက်တတ်တဲ့ပုဂ္ဂိုလ် စွန့်သွားတဲ့ မစင်ပုံမှာ ချေးဒီပိုး (ချေးပိုးထိုးကောင်လို့ထင်ပါတယ်၊ ဘုန်းကြီးပြောတဲ့အတိုင်း ရေးထားတာပါ) တကောင်က ပျော်မြူးစွာ သုံးဆောင်မှီဝဲရင်း သူပါ ယစ်ထွေထွေနဲ့ဖြစ်ပြီး အိပ်ပျော်သွားသတဲ့။ မနက်လင်းတော့ ညကအရှိန်သိပ်မပြေသေးဘဲ နိုးလာတဲ့ ချေးဒီပိုးဟာ မစင်ပုံပေါ် မတ်တပ်ရပ်ပြီး လောကကြီးကို ရှုကြည့်တယ်။
‘အင်း … သာယာလှတဲ့ လောကကြီးပါလား’ လို့ ရေရွတ်ပြီး မတ်တပ်ရပ်လိုက်တယ်ဆိုရင်ပဲ သူ့ခြေထောက်က မစင်ပုံပေါ် ကျွံဝင်သွားတော့တယ်။
ဒါကို သူက ဘယ်လိုတွေးမိလဲ ဆိုတော့ …
‘ဟင် … ငါ့မှာထူးခြားတဲ့ ခွန်အားတွေ ရောက်လာပါလား၊ ငါ့ခွန်အားဟာ ကြီးမားလွန်းလို့ ကမ္ဘာမြေကြီးတောင် ကျွံဝင်သွားရတယ် … ညက ငါမှီဝဲခဲ့တဲ့ အာဟာရတွေဟာ သူမတူအောင် အစွမ်းထက်တာပဲ … ငါဟဲ့ ယောကျာ်း အင်အား ပြလိုက်မဟဲ့ … ဒီလောက်သာ ငါအင်အားကြီးရင် တောသုံးတောင်ရဲ့ ဘုရင်ဧကန်ဖြစ်ပြီ … တယ်ဟုတ်တဲ့ ငါပါတကား …’ ရယ်လို့ တွေးမိပြီး ကြွေးကြော်ဟစ်ကြွေးနေပါသတဲ့။

ဒီအချိန်မှာ ဆင်ကြီးတကောင်က ရေသောက်ဆင်းဖို့ အဲဒီနေရာနားရောက်လာပါတယ်။ ဆင်ကြီးကိုတွေ့တဲ့ ချေးဒီပိုးကလေးဟာ ၀မ်းသာအားရနဲ့ ခုလို လှမ်းပြီးပြောလိုက်တယ်။
‘ဗျို့ … ဆင်ကြီး … ခင်ဗျားဟာ အကောင်ကြီးတယ်ဆိုပြီး သိပ်အင်အားရှိလှတယ် မထင်နဲ့ဗျ၊ ကျုပ်က ကမ္ဘာမှာ အင်အားအကြီးဆုံး … ကျုပ်က တောသုံးတောင်ရဲ့ ဘုရင်ပဲ … ဘာမှတ်နေလဲ …နောက်ကို ရိုရိုသေသေဆက်ဆံပါ ..’

သူ အဲဒီလိုတွေပြောနေပေမဲ့ ဆင်ကြီးက ဂရုမစိုက်ပါဘူး၊ သွားမြဲသာ သွားနေတော့ … သူက မနေနိုင်ဘဲ ထပ်ပြီး ရန်စ တယ်။
‘ခုတော့ ခင်ဗျား ကျုပ်ကို ကြောက်နေပြီမဟုတ်လား၊ ကြောက်ရမယ်လေ … ချေးဒီပိုးဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဆိုတာ ခင်ဗျားတသက်နဲ့တကိုယ်တခါမှ မကြားဖူးဘူးမဟုတ်လား၊ ခုတော့ ခင်ဗျားလက်တွေ့သိရလို့ ကြောက်နေတယ်ပေါ့ … ဟားဟားဟား’
ဆိုပြီး စိန်ခေါ်သလို ရန်စသလို ချေးပုံလေးပေါ်ကနေ ခုန်ဆွ ခုန်ဆွနဲ့ ဟစ်အော်ကာ မခံချင်အောင် ပြောဆိုနေပါသတဲ့။

ဒါနဲ့ပဲ ဆင်ကြီးက … သူ့ကို ဘယ်သူကများ ခုလိုစကားတွေပြောနေပါလိမ့်လို့ ဟိုဟိုဒီဒီ လျှောက်ကြည့်တော့ မတွေ့ဘူး။ ဘယ်တွေ့လိမ့်မလဲ … ဒင်းက ဟိုးမြေကြီးမှာ ကပ်နေတဲ့ မစင်ပုံကလေးပေါ်ကနေ အော်နေတာကိုး။
နောက်တော့မှ အသံလာရာကို ဖွေရှာကြည့်လိုက်တော့ မစင်ပုံထက် ကပ်နေတဲ့ ချေးဒီပိုးကို တွေ့လိုက်ရတော့တယ်။
ဒီတော့ ဆင်ကြီးက ခုလို စဉ်းစားတယ်။

‘အင်း … ဒီကောင်တော့ မစားဖူးတာတွေစားပြီး ရူးနေပြီ … ငါ လုပ်လိုက်ရင် သေတော့မှာပဲ …။ ဒါပေမဲ့လဲ သူရှိနေတဲ့နေရာက ချေးပုံပေါ်မှာ ဆိုတော့ ခြေထောက်နဲ့တက်နင်းလဲ ငါ့ခြေထောက် ချေးပေမယ်၊ နှာမောင်းနဲ့ရိုက်လဲ ငါ့နှာမောင်းချေးပေမယ်၊ ကဲ … ဒီတော့ တနည်းပဲ ရှိတယ်’ ဆိုပြီး သူ့ကို ကျောခိုင်းကာ သူနဲ့ တည့်တည့်လောက်ကို မှန်းပြီး မစင်စွန့်လိုက်သတဲ့။
ချေးဒီပိုးလဲ ဆင်ရဲ့မစင်တွေအလုံးအရင်းနဲ့ ရုတ်တရက် ကျလာတာကို ရှောင်ချိန် တိမ်းချိန်မရလိုက်တော့ဘဲ … အဲဒီထဲမှာ နစ်မွန်းပြီး သေဆုံးသွားပါတော့တယ်။
***
အဲဒါကြောင့် မနေဖူးတဲ့နေရာမှာနေ … မစားဖူးတဲ့အရာတွေစား … မလုပ်ဖူးတာတွေလုပ်ပြီး ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ် မာန်တက်ကာ မယှဉ်ပြိုင်သင့်တဲ့သူကို သွားယှဉ်ပြိုင်ရင် ဒုက္ခတွေ့ရတတ်တယ် လို့ ပြောပြီး ဘုန်းကြီးက ပုံပြင်ကို နိဂုံးချုပ်လိုက်ပါတယ်။
***
ပုံပြင်လေးကတော့ ဒါပါပဲ
***
(မှတ်ချက်။ ။ နောက်ထပ်ပြောစရာ လောလောဆယ် မရှိသေးပါ)
06.12.06
(00:17)

Read More...

Tuesday, December 05, 2006

ကျမနှင့် ပါးကွက်ယဉ်ကျေးမှု


ကျမသိတတ်စအရွယ်ထဲက သနပ်ခါးလိမ်းခဲ့တယ်လို့မှတ်မိနေပါတယ်။
ဟိုးငယ်ငယ် မမှတ်မိခင်အရွယ်တုန်းကတော့ အမေက ဘယ်လိုလိမ်းပေးလဲ မသိပါဘူး၊ ကျမသိတတ်တဲ့အရွယ်မှာတော့ ကျမကိုထိန်းတဲ့ အမကြီးက သနပ်ခါးလိမ်းပေးတဲ့အခါ ပါးတဖက်တချက်မှာ ပါးကွက်ကြီးကြီးကွက် … နှာခေါင်းပေါ်မှာ နှာတံ လိုင်းတလိုင်း ဆွဲပြီး လိမ်းပေးတယ်။

ရေချိုးပြီးတဲ့အခါတိုင်း သနပ်ခါးကျောက်ပြင်နဘေးမှာ သူလိမ်းပေးတဲ့သနပ်ခါးကို မျက်နှာမော့ပြီး အလိမ်းခံရတယ်၊ ကွက်သလား ကြားသလား ညီသလားလဲ မသိဘူး၊ သနပ်ခါးလိမ်းပြီးတာနဲ့ အင်္ကျီဝတ်ပြီး ဆော့ဖို့ပြေးတော့တာပဲ၊ ပါးပေါ်မှာတင်ထားတဲ့ သနပ်ခါးရဲ့ အေးမြမြအရသာကို ကျမ ငယ်ငယ်ထဲက နှစ်သက်ခဲ့တာ ခုချိန်ထိပဲ ဆိုပါတော့…။

ဒီလိုနဲ့ ကျောင်းနေတဲ့အရွယ်ရောက်လာတော့လဲ သူလိမ်းပေးတဲ့ ပါးကွက်ကြားနဲ့ ကျောင်းသွားခဲ့ရတယ်။
ကျောင်းမှာဆရာမစာသင်တာကို လိုက်နားထောင်ရင်း မျက်ခုံးမွေးကြားမှာဝင်နေတဲ့ သနပ်ခါးခြောက်တွေကို လက်သည်းနဲ့ခွါချလို့ သနပ်ခါးဖတ်တွေ တဖွားဖွားကျတတ်တာကိုလည်း မှတ်မိနေပါသေးတယ်။ အဲဒီအမကြီးက သနပ်ခါးသာလိမ်းပေးတာ မျက်ခုံးမွေးထဲက သနပ်ခါးတွေကို မခြစ်ထုတ်ပေးပါဘူး၊ ကျမကလဲ အဲဒီသနပ်ခါးတွေ ခြစ်ရကောင်းမှန်းမှ မသိဘဲ။ ဒါကြောင့် ကျောင်းစာသင်ခန်းထဲကျမှ အဲဒီလို ခွါချရတာ နေ့စဉ်နဲ့အမျှပါပဲ။
ဒီလိုနဲ့ ကိုယ်တိုင်သနပ်ခါးလိမ်းတတ်တဲ့ အရွယ်ရောက်တော့လဲ ပါးကွက် ကွက်တာက အကျင့်ပါနေလို့ သနပ်ခါး လိမ်းတိုင်း ပါးကွက်ကြားနဲ့ပေါ့။

ကျမ ငါးတန်းနှစ်မှာ ကျမတက်နေတဲ့ ကျောင်းကို ကျောင်းအုပ်ဆရာမကြီး အသစ်ပြောင်းလာပါတယ်၊ အသစ်ရောက်လာတဲ့ ဆရာမကြီးဟာ တော်တော်စည်းကမ်းတင်းကျပ်တယ်၊ သူ့ရဲ့များပြားလှသော စည်းကမ်းချက်ထဲမှာ သနပ်ခါး ပါးကွက် ကွက်ခြင်းကို ပိတ်ပင်တာလဲ တခုပါဝင်ပါတယ်။
အဲဒီမှာ ကျမနဲ့ သွားငြိတော့တာပဲ၊ ကျမက နေ့တိုင်းပါးကွက်ကြားနဲ့ ကျောင်းသွားတာကိုး။

ဆရာမကြီးရဲ့ သဘောက ဒီလိုပါ။
ရန်ကုန်မြို့လည်ခေါင်က ကျောင်းကြီးတကျောင်းမှာ လာတက်တဲ့ ကျောင်းသူတွေဟာ လယ်ထဲ ကောက်စိုက် ဆင်းတာမဟုတ်ဖူး၊ နေပူစပ်ခါး အုတ်သဲကျောက် သယ်တာလဲမဟုတ်ဖူး၊ ဒါကြောင့် သနပ်ခါးလိမ်းချင်လိမ်း၊ ပါးကွက်မကွက်ရဘူး တဲ့။ ပါးကွက်ကွက်တာ တောသူမတွေမှ ကွက်တာဆိုပဲ။

အဲဒီစည်းကမ်းလဲ ထုတ်ပြီးရော ဂိတ်ပေါက်မှာ ဆရာမတွေ တဖက်တချက် စောင့်နေပြီး ၀င်လာတဲ့ ကျောင်းသူတွေထဲမှာ ပါးကွက်ကွက်တာတွေ့ရင် ရေစိုအ၀တ် စုတ်ဖတ်ဖတ်ကြီးနဲ့ ပါးပေါ်က သနပ်ခါး ပါးကွက်တွေကို ဖျက်ပစ်ပါတော့တယ်။

အဓိပ္ပါယ်မရှိတဲ့ စည်းကမ်းတွေကိုဆိုရင် မလိုက်နာချင်တဲ့ ကျမဟာ ဒီလိုအစောင့်တွေ တင်းကျပ်နေတဲ့ ကြားက ပါးကွက်ကို မသိမသာလေး ကွက်ဖြစ်အောင် ကွက်ခဲ့ပါတယ်။ အရှောင် အတိမ်းကောင်းတဲ့အတွက် ကျောင်းကထွက်သည်အထိ တခါမှတော့ အ၀တ်စိုနဲ့ ဖျက်တာမခံခဲ့ရပါဘူး။

တက္ကသိုလ်တက်တော့လဲ ကျမကတော့ ပါးကွက်နဲ့ပါပဲ။ သူများတွေမိတ်ကပ်လိမ်း နှုတ်ခမ်းနီလှလှလေးတွေ ဆိုးကြပေမဲ့ ကျမကတော့ တောဆန်တယ်ပဲပြောပြော ပါးကွက်နှစ်ဘက်နဲ့ ကျောင်းတက်ခဲ့တယ်။

ကျမတို့အိမ်မှာ မိန်းကလေးကများတော့ သနပ်ခါးတုံးတွေ တော်တော်ကုန်ပါတယ်။ ကုန်သွားတဲ့သနပ်ခါး တုံးတွေကို အမေက လွှင့်မပစ်ဘဲ ပြန်ကြိတ်ပြီးတော့ အခဲလေးတွေလုပ်ပြီး လက်တွေခြေထောက်တွေ လိမ်းစေပါတယ်။ အဲဒီအခဲလေးတွေကို ကျမတို့က စက်သွေးခဲ လို့ ခေါ်ပါတယ်။
***
အခုတော့ ကျမတို့အိမ်မှာ လူကလည်း နည်းသွားပါပြီ၊ သနပ်ခါးလိမ်းတာလဲ ကျမတယောက်လောက်ပဲ ရှိတော့တယ်။ ကျမ သနပ်ခါးကြိုက်တတ်လို့ သူငယ်ချင်းတွေက သနပ်ခါးတုံးတွေလက်ဆောင်ပေးလေ့ ရှိတယ်။ တယောက်ထဲလိမ်းတော့ တတုံးဆို အကြာကြီးလိမ်းရတာမို့ တော်တော်နဲ့ မကုန်နိုင်ဘူး။ အရင်လို စက်သွေးခဲလဲ မလုပ်ဖြစ်တော့ပါဘူး။

တကယ်တော့ ကျမတို့ မြန်မာပြည်ရဲ့ ရာသီဥတုနဲ့ သနပ်ခါးလိမ်းတာဟာ အကောင်းဆုံးပဲလို့ ကျမထင်ပါတယ်။
သနပ်ခါးလိမ်းတဲ့နိုင်ငံဟာ ကမ္ဘာပေါ်မှာ မြန်မာတနိုင်ငံထဲ ရှိပါတယ်၊ (ကြံဖန်ဂုဏ်ယူရတာပါ) သနပ်ခါးလိမ်းတာကို တောဆန်တယ်ပဲပြောပြော ကျမကတော့ မြန်မာ့ယဉ်ကျေးမှုတခုလို့ ယူဆပါတယ်။
သနပ်ခါးလိမ်းထားတဲ့ မိန်းကလေးတွေမြင်ရတာလည်း ရင်အေးစရာကောင်းပါတယ်။
မိတ်ကပ်လိမ်း နှုတ်ခမ်းနီဆိုးထားတဲ့ မိန်းကလေးတွေလဲ လှကြပါတယ်၊ သူတို့အလှထက်ကို ကျမကတော့ သနပ်ခါးပါးကွက်နဲ့ မြန်မာမိန်းကလေးတယောက်ရဲ့ အလှကို ပိုပြီး သဘောကျမိပါတယ်။

ဒါကြောင့် အခုပြန်စဉ်းစားတော့ သနပ်ခါးပါးကွက် မကွက်ရဆိုတဲ့ စည်းကမ်းထုတ်သူ ကျောင်းအုပ်ဆရာမကြီးကို ကျမအံ့သြမိတယ်။ ကျောင်းသူလေးတွေ သနပ်ခါး ပါးကွက်လေးတွေနဲ့ ကျောင်းတက်ကြတာ ဘယ်လောက်များ မြန်မာဆန်ပြီး ကြည့်လို့ကောင်းလိုက်မလဲ .. လို့၊ ဒါဟာ တောဆန်တာလား၊ လယ်ထဲ ကောက်စိုက်ဆင်းမှ ပါးကွက် ကွက်ရမှာလား … ဘာမှမဆိုင်ဘူးလို့ ကျမကတော့ထင်တာပဲ၊
ဆရာမကြီးဟာ မိတ်ကပ်လိမ်းတာကိုတော့ မကန့်ကွက်ဘဲ သနပ်ခါးပါးကွက်ကြားလိမ်းတာကို ကန့်ကွက်ခဲ့တယ်၊ သနပ်ခါးဟာ တောနဲ့သာအံဝင်ပြီး မြို့ပြယဉ်ကျေးမှုမဟုတ်သလိုပဲ သူယူဆခဲ့တယ်။
***
မယဉ်ကျေးဘူးပဲဆိုဆို တောဆန်တယ်ပဲပြောပြော .. ကျမကတော့ အခုချိန်ထိ သနပ်ခါးကို နှစ်သက်မြတ်နိုးစွာနဲ့ သနပ်ခါးကွက် - ပါးမှာ ကူနေဆဲ ပါဘဲ။
***

Read More...

Monday, December 04, 2006

နေ နဲ့ လ … သို့ …

‘နေနဲ့လ …ရွှေနဲ့မြ’ ဆိုတဲ့စကားဟာ တယောက်နဲ့တယောက် လိုက်ဖက်ညီမှုရှိတဲ့အခါများမှာ သုံးစွဲလေ့ရှိကြပါတယ်။
ကျမစဉ်းစားကြည့်မိပါတယ်။ နေ နဲ့ လ ဆိုတာ ကောင်းကင်ထက်မှာ ရှိတာချင်းတူပေမဲ့ နေထွက်ရင် လပျောက်၊ လရောက်တော့ နေကွယ် ရတာမို့ … သူတို့နှစ်ဦး လိုက်ဖက်ညီတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

မြတ်စွာဘုရား ဓမ္မစကြာ တရားဦးကိုဟောတဲ့အချိန်ဟာ နေအ၀င် လအထွက် အချိန်မှာလို့မှတ်သားခဲ့ဖူးပါတယ်၊ တရားဦးဟောပုံကို ပန်းချီနဲ့သရုပ်ဖော်တဲ့အခါမှာလည်း အရှေ့ကောင်းကင်မှာ လမင်းသာနေပြီး အနောက်တောင်စွယ်မှာ နေကွယ်လုလု ပုံစံမျိုးနဲ့ သရုပ်ဖော်ခဲ့ကြတဲ့ ပုံတွေလည်း ကြည့်ခဲ့ဖူးပါတယ်။

အဲဒီလို နေနဲ့လ ရဲ့ ဆုံနိုင်ခွင့်အချိန်လေးဆိုတာ လတလမှာလဲ တရက်လောက်ပဲ … တရက်တာမှာလဲ ခဏလေးပါပဲ။
ခဏလေး ရှားရှားပါးပါး ဆုံတွေ့ကြရတဲ့ နေ နဲ့ လ လို လူတွေဟာ ဒီကမ္ဘာပေါ်မှာ ရှိနေကြပါတယ်။
ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ ကိုယ်စီ ကိုယ်စီ ရပ်တည်နေကြရင်း ဆုံဆည်းခွင့်ကို မျှော်လင့်နေကြတဲ့ ‘နေ နဲ့ လ’ လေးတွေရဲ့ အခက်အခဲတွေ အကြောင်း …
***
ခက်ခဲခြင်းများ

နေ-လ ပမာ၊ ၀ဠာဘုံထက်၊ ဆုံနိုင်ပါလျက်၊ အတွေ့ခက် …
တွေ့လျက်သာပင်၊ မြင်နိုင်ပါလျက်၊ အကြင်ခက် …
အကြင်နာများ၊ နှုတ်ဖျားရွရွ၊ ဖွင့်ဟလိုလျက်၊ အဆိုခက် …
ဆိုမည့်စကား၊ နှလုံးသားထဲ၊ သိမ်းဆဲ(ဆည်း) ထားလျက်၊ အမေးခက် …
မေးမည့်ပုစ္ဆာ၊ သိနေပါလျက်၊ အဖြေခက် …
အဖြေကိုသိ၊ နှစ်ဦးညှိလဲ၊ ၀မ်းနည်းရလျက်၊ အငိုခက် …
ငိုကြွေးမျက်ရည်၊ ရင်နင့်လေအောင်၊ ပူလောင်ကျွမ်းလျက်၊ အရှိုက်ခက် …
ရှိုက်ငင်ပင့်သက်၊ ရစ်ပတ်နွယ်ငင်၊ သံယောဇဉ်ကို၊ ပြတ်လိုပါလျက်၊ အဖြတ်ခက် …
ဖြတ်မည့်အရေး၊ မတွေးရဲကာ၊ ဝေးခွဲခွါမှ၊ တမ်းတပါလျက်၊ အလွမ်းခက် …
လွမ်းရသော်ငြား၊ နှစ်ဦးသားမှာ၊ ကံကြမ္မာကို၊ မျှော်ကိုးပါလျက်၊ ယုံရခက် …
ယုံကြည်ချက်ထား၊ အင်အားကိုယ်စီ၊ ညီနေပါလျက်၊ ဆုံဖို့ခက် … ။ ။
***
3.12.06
(11:45 pm)

Read More...

Sunday, December 03, 2006

မှတ်မိနေသော ၁၂လရာသီပွဲတော် လင်္ကာ

ကျမ ကျောင်းတက်နေတုန်းက စာကျက်ရင် မှတ်မိလွယ်အောင် အတိုကောက်လေးတွေထုတ် ကဗျာလေးလိုလုပ်ပြီး ကျက်လေ့ရှိပါတယ်။ ပထ၀ီ သမိုင်းပဲဖြစ်ဖြစ် ဘိုင်အိုတို့ဘာတို့ပဲဖြစ်ဖြစ် ဒီတိုင်းကျက်မဲ့အစား ကဗျာစပ်ပြီးကျက်တော့ မှတ်မိလွယ်တယ်လို့ ထင်တာပဲ။
အဲဒီအကျင့်က အဖေ့ဆီကရတာလို့ဆိုရမယ်။ မနေ့က အဖေ့ကဗျာအကြောင်း တင်ရင်းနဲ့ ငယ်ငယ်တုန်းက ၁၂ လရာသီ ပွဲတော်အကြောင်းကို အလွယ်မှတ်မိအောင် အဖေ ကဗျာလေးရေးပေးခဲ့ဖူးတာ သွားသတိရမိတယ်။
ဘယ်နှစ်တန်းတုန်းကလဲတော့ မမှတ်မိတော့ဘူး။

တန်ခူးလ - သင်္ကြန်ပွဲ
ကဆုန်လ -ညောင်ရေသွန်းပွဲ
နယုန်လ - စာပြန်ပွဲ
ဝါဆိုလ - ၀ါဆိုပွဲ
ဝါခေါင်လ - စာရေးတံမဲပွဲ
တော်သလင်းလ -လှေပြိုင်ပွဲ
သီတင်းကျွတ်လ - မီးထွန်းပွဲ
တန်ဆောင်မုန်းလ - ကထိန်ပွဲ
နတ်တော်လ - စာဆိုတော်ပွဲ
ပြာသိုလ - လွတ်လပ်ရေးအောင်ပွဲ
တပို့တွဲလ - ထမနဲပွဲ
တပေါင်းလ - တပေါင်းပွဲ

စသဖြင့် အော်ကျက်ခဲ့ရဖူးတယ်။
ငယ်သေးတော့ ကျက်လိုက် မေ့လိုက်နဲ့ပေါ့။
အဲဒါကို အဖေက မှတ်မိအောင် ဆိုပြီး ခုလို လင်္ကာလေး စပ်ပေးခဲ့ပါတယ်။

တန်ခူး သင်းထုံ၊ ညောင် ကဆုန်
နယုန် စာပြန်ပွဲ။
ဝါဆို ထိုပွဲ၊ ၀ါခေါင် မဲ
လှေပွဲ တော်သလင်း။
သီတင်းကျွတ်လ မီးထွန်းကြ
မုန်းလ ကထိန်ပွဲ။
နတ်တော် - စာဆို၊
လပြာသို .. ရွှင်ချို လွတ်လပ်ပွဲ။
လ တပို့တွဲ ထမနဲ
ဆင်နွှဲ တပေါင်းပွဲ … ။


ဒီလင်္ကာလေးနဲ့ ကျက်လိုက်တော့ ခုထိအောင် မမေ့တော့ဘူး၊ မှတ်မိနေတော့တာပဲ။
အဲဒီလိုပါပဲ .. အဖေက ဇာတ်ကြီး ဆယ်ဘွဲ့တို့ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး နဲ့ သံဃာ့ဂုဏ်တော် ၉ ပါးတို့ကိုလဲ အဓိပ္ပါယ်တွေ အလွယ်မှတ်မိအောင် စာစပ်ပေးထားပါသေးတယ်။
အဲဒါတွေကိုတော့ နောက် … အားတော့မှပဲ …. ။
***

Read More...

Saturday, December 02, 2006

အဖေ့ကဗျာ (၂)

အဖေရေးခဲ့ဖူးတဲ့ ကဗျာလေးပါ။ ကြာပြီဆိုပါတော့။
ကဗျာအမျိုးအစားက ၀ဲရိုက်ဝဲသွင်း လို့ အဖေကပြောပြပါတယ်။
ဝဲရိုက်ဝဲသွင်းဆိုတာက ကဗျာရဲ့ အဆုံးပါဒမှာချတဲ့ စာလုံးရဲ့ကာရန်နဲ့ နောက်အစပါဒက စာလုံးရဲ့ကာရန်ကို ချိတ်ယူထားတဲ့ ပုံစံမျိုးကိုပြောတာပါ။
အဲဒီစပ်နည်းကို သဘောကျလို့ ကျမဘလော့မှာတင်ချင်တာနဲ့ ညက အဖေ့ကို ပြန်မေးကြည့်ပြီး လိုက်မှတ်ထားတာပါ။
ကဗျာရဲ့ နောက်ဆုံး စာလုံး “ဇွဲနှင့်ကျင့်” က အစ စာလုံး “မြင့်ခေါင်ထွတ်” နဲ့ ပြန်ဆက်ဆိုလို့ရပါတယ်၊
ဝဲရိုက်ဝဲသွင်း ကဗျာလေး .. ဖတ်ကြည့်ကြပါအုံး။

***
စိတ်တန်ခိုး တိုးစေကြောင်း

မြင့်ခေါင်ထွတ်၊ စိတ်တန်ခိုး
တိုးဖို့နော်၊ ဖော်ပြမည်
တည်စေကြောင်း၊ ကောင်းကောင်းမှတ်
တပ်မက်ရာ၊ ရှာမသွား
ကြွားမဆို၊ ကိုယ်ကိုစောင့်
ကြောင့်မ၀ှန်၊ လွန်မမှား
အားလပ်မဲ့၊ ချဲ့ကာကြိုး
ဆိုးလျှင်ပယ်၊ ရွယ်လျှင်လုပ်
ငုပ်လျှင်သဲ၊ မြဲမြဲသိ
မိမိဖမ်း၊ ငမ်းငမ်းဖျောက်
နောက်မပြန်၊ ဖန်ဖန်ရှေ့
စေ့စေ့ရော်၊ မြော်ကာထောက်
ရောက်ရမည်၊ သည်ပန်းတိုင်
ယိုင်မလဲ၊ ဇွဲနဲ့ကျင့်
မြင့်ခေါင်ထွတ် .. .. ..

Read More...

Friday, December 01, 2006

ကျမနှင့် နားပေါက်ယဉ်ကျေးမှု


“ယောကျာ်းမှာဖိနပ်၊ မိန်းမမှာ နားကပ်” တဲ့ .. ဘယ်သူက စထွင်လိုက်တဲ့ စကားလဲတော့မသိဘူး၊ ခုတလော စာအုပ်တွေထဲလဲ တွေ့တွေ့နေရ၊ အပြင်မှာလဲ ကြားကြားနေရတယ်။
ယောကျာ်းလေးတွေမှာ ဖိနပ်က အဓိက ဖြစ်သလို မိန်းမတွေမှာလဲ နားကပ်က အဓိက ဆိုတဲ့ သဘောလား တော့မသိ၊ အဲဒီစကားကြားတိုင်း ကျမ ကိုယ့်နားရွက်ကိုယ် ယောင်ယမ်းပြီး စမ်းမိပါရဲ့။
ကျမမှာ နားပေါက်မရှိဘူး၊ နားပေါက်မရှိတဲ့အတွက် နားကပ်လဲ မရှိပါဘူး။
***
ကျမ ၈ တန်းနှစ်မှာ အဖိုးက သူ့မြေးယောကျာ်းလေးတွေကို ရှင်ပြုပေးပြီး မြေးမိန်းကလေးတွေကို နားသ’မင်္ဂလာ လုပ်ပေးပါတယ်။ ထိုင်မသိမ်းတွေ စီးပုံတွေနဲ့ မျက်နှာချေတွေလိမ်းပြီး ဗီဒီယိုတွေဘာတွေရိုက်နဲ့ တော်တော် စိတ်အိုက်ဖို့ကောင်းတဲ့ အခမ်းအနားပါ။
ယောကျာ်းလေးတွေအားလုံးက ရှင်ပြုပြီး ကိုရင်ဝတ်ကြရတယ်၊ ကျမတို့မိန်းကလေးတွေကတော့ နားဖောက်ရမယ်ပေါ့။ ကျန်တဲ့မြေးမိန်းကလေးတွေအားလုံး နားဖောက်ကြပေမဲ့ ထုံးစံအတိုင်း ကျမက အားလုံးနဲ့ဆန့်ကျင်ပြီး မဖောက်နိုင်ဘူးလို့ ငြင်းဆိုခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ အသားအနာခံပြီး ကိုယ့်ကိုယ်ကို တန်ဆာမဆင်ချင်လို့ပါ။ နားကပ်လှလှပန်ရဖို့အရေး နားရွက်ဖျားကို အပ်နဲ့ထိုးဖောက်ခံရမယ်ဆိုတာ သဘာဝမကျဘူးလို့ ကျမထင်မိတယ်။
ရွှေအပ်နဲ့ နားဖောက်တာမို့ ဖောက်တဲ့သူတွေအကုန် ရွှေအပ်တစုံစီရကြတယ်၊ ကျမက လွဲလို့ပေါ့။ ကျမ ရွှေအပ်လဲ မမက်ပါဘူး၊ အသားမနာရင်ပြီးရော။ ဒီလိုနဲ့ ကတ်သီးကတ်သပ် ကျမဟာ နားသမင်္ဂလာအခမ်းအနားမှာ ငုတ်တုတ်ထိုင် ဗီဒီယိုရိုက်ခံခဲ့ပေမဲ့ နားပေါက်မဖောက်ခဲ့ပါဘူး။

ကျမဘက်မှာ ရှိတာကတော့ အဖေတဦးတည်းပါပဲ။ အဖေက ကျမ နားမဖောက်တာကို အားပေးပါတယ်။
အဖေက ကျမကိုပြောပြတယ်။ သူ ငယ်ငယ်က သူ့အမကြီးနဲ့ ကြက်တောင်ရိုက်ကစားကြတော့ သူ့အမကြီးက အလယ်ပိုက်တန်းနားမှာ ကြက်တောင်ကျလို့ ကုန်းကောက်တာ နားကပ်နဲ့ ပိုက်နဲ့ ငြိပြီး နားရွက်ဖျားလေး ပြတ်သွားခဲ့ရဖူးတယ်တဲ့။ အဖေလဲ သူ့အမကြီးဖြစ်တာကို ကြည့်ပြီး အဲဒီအချိန်ကတည်းက သူ့မှာ သမီးမွေးရင် သမီးတွေကို နားမဖောက်ပေးဘူး လို့ ဆုံးဖြတ်ခဲ့တယ် တဲ့။

ဒါပေမဲ့ … အဲဒီ နားသ’မင်္ဂလာဟာ အဖိုး (အဖေ့ယောက္ခမ) ရဲ့ အမိန့်ဆိုတော့လဲ အဖေက ဘယ်လွန်ဆန်ရဲမလဲ၊ သမီးတွေကို နားမဖောက်နဲ့လို့ အဖေ မတားခဲ့ပါဘူး။ ကျမကသာ ကလန်ကဆန်လုပ်ပြီး မဖောက်ခဲ့လို့ အဖေ့ စိတ်ကြိုက်ဖြစ်ခဲ့ရတာ။ ကျမ နားမဖောက်ဘူးဆိုတော့မှ ဒီအကြောင်းကို အဖေက ပြောပြခဲ့တာပါ။
‘ဒါမှ အဖေ့သမီး’ လို့လဲ အဖေက ပြောပါသေးတယ်။

ဒီလိုနဲ့ အမတွေ ဆယ်တန်းအောင်တဲ့အခါ အဖိုးက ဆုချတဲ့အနေနဲ့ စိန်နားကပ်တွေ ဆင်ပေးပါတယ်။ ကျမကတော့ ဘာနားကပ်မှလဲ မလိုချင်၊ အဲဒါကြီးကို မက်မောစရာလို့ကို မထင်ခဲ့မိပါဘူး။
နားကပ်ပန်သူ အချင်းချင်းကတော့ … ဟိုတယောက်ရဲ့ စိန်နားကပ်က ဘယ်လို၊ သူ့စိန်ကြီးက လက်လိုက်တာ မျက်လုံးတောင်ကျိန်းတယ်၊ ဟိုအဒေါ်ကြီးစိန်နားကပ်က ဖက်ထုတ်စိန်ကြီး စသဖြင့် ကြည့်ကြ ဝေဖန်ကြပေမဲ့ ကျမကတော့ ဖက်ထုတ်ဆို မုန့်ဖက်ထုတ်လောက်သာ သိတဲ့အတွက် အဲဒီနားကပ်တွေလဲ အရေးလုပ်ပြီး ကြည့်မနေမိပါဘူး။

ကျမဘွဲ့ယူတော့ သူများတကာတွေ စိန်နားကပ် ဘာနားကပ်တွေနဲ့ ဖိတ်ဖိတ်လက်နေမှာ … နင်က နားရွက်ငုတ်တုတ်ကြီးဆို မကောင်းဘူးဆိုပြီး နားကပ်ပန်ခိုင်းပါတယ်။ ကျမက နားပေါက်မရှိတဲ့အတွက် ကပ် နားကပ်ပေါ့။ အဖိုးတန်မဟုတ်ပါဘူး။ ဖန်စီကပ်နားကပ် လှလှလေးတွေပါ။ ကျမလဲ ဒီတခါတော့ မငြင်းမိတော့ဘဲ ကပ်နားကပ်လေး နားမှာအညှပ်ခံပြီး ဘွဲ့နှင်းသဘင်အခမ်းအနားတက်ခဲ့ရတယ်။
အဲ ..တော်တော်ဆိုးတဲ့ ကပ်နားကပ်ပဲ၊ ကျမနားကို ပူထူနေအောင်ကို ညှပ်ပါတယ်။ အခမ်းအနားအပြီး အိမ်မရောက်ခင် ကားပေါ်မှာတင် ဒီနားကပ်ဆွဲဖြုတ်ခဲ့ရတယ်။ နာလွန်းလို့။
နားကပ်ဆို ဘာနားကပ်မှ မကောင်းပါလားလို့ ကျမ တော်တော် နောင်တရသွားပါတယ်။
***
ရှေးခေတ်က မြန်မာမိန်းကလေးရော ယောက်ျားလေးတွေပါ နားတောင်းတို့ နားကပ်တို့ကို ပန်ဆင်ကြပေမဲ့ အလယ်ခေတ်လောက်မှာတော့ ယောကျာ်းလေးတွေ နားကပ် မပန်ကြတော့ဘူး။ အခုခေတ်မှာတော့ ယောကျာ်းလေးတွေ နားကပ်တွေ နားကွင်းတွေ ဆင်မြန်းတာ ပြန်ပြီးတွေ့နေရပြန်ပါပြီ။ ဒေးဗစ်ဘက်ခမ်းလဲ စိန်နားကပ်နဲ့ စိုင်းစိုင်းခမ်းလှိုင်လဲ စိန်နားကပ်နဲ့ ဖြစ်နေပြီမဟုတ်လား။
ခုခေတ်ရဲ့ ထူးခြားချက်ကတော့ နားပေါက်ကို တပေါက်မက ဖောက်ကြတာပါပဲ။ နားရွက်ရဲ့ လွတ်သမျှ နေရာ တွေမှာ စီတန်းပြီး သုံး လေးပေါက် ဖောက်ထားတာများ သူတို့မို့ အသားမနာတယ် … လို့ ကျမဖြင့် အံ့သြမိပါရဲ့။

တခါတော့ ဒီဇင်ဘာလရဲ့ ခရစ်စမတ်ညတညမှာ ကျမနဲ့ ခင်မင်ရင်းနှီးနေတဲ့ ကောင်လေးတယောက်က သူတို့ရဲ့ ခရစ်စမတ် ပါတီကို လာဖို့ဖိတ်ပါတယ်၊ ကျမက အသက်အရွယ်စုံ အလွှာစုံက လူတွေနဲ့ အကျွမ်းတ၀င်ရှိပါတယ်၊ ဒီကောင်လေးကတော့ ခေတ်ဆန်ဆန် လူငယ်အသိုင်းအ၀ိုင်းထဲက ကောင်လေးတယောက်ပါ။ ကျမလဲ ပျင်းပျင်းရှိတာနဲ့ သူလာခေါ်တော့ လိုက်သွားမိတယ်။ အဲဒီခရစ်စမတ်ပါတီက ခြံကျယ်ကြီးတခြံထဲမှာလုပ်တာပါ။
သူတို့အသိုင်းအ၀ိုင်းက ကောင်လေးတွေ ကောင်မလေးတွေ တပုံတပင်ကြီးလာကြပါတယ်။ မချမ်းပေမဲ့ မီးပုံကြီးတပုံလဲ ဖိုထားပြီး ၀ိုင်းထိုင်ကြ စားကြသောက်ကြ သီချင်းဆိုကြနဲ့ပေါ့။

ကျမကတော့ ကျီးကြည့် ကြောင်ကြည့်နဲ့ လာတဲ့သူတွေကိုသာ လိုက်ပြီးကြည့်နေမိတယ်။
လာတဲ့သူတွေရဲ့ အ၀တ်အစား အပြင်အဆင်တွေကိုကြည့်ပြီး ကျမရောက်နေတာ မြန်မာပြည်မှ ဟုတ်ရဲ့လားလို့ ထင်မိပါရဲ့။ ယောကျာ်းလေးတွေက လုံလုံခြုံခြုံဝတ်သလောက် မိန်းကလေးတွေက ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ တိုနိုင်သလောက်တို၊ ဟိုက်နိုင် သလောက်ဟိုက်၊ ဖော်နိုင်သလောက် ဖော် ဆိုတဲ့ ရည်ရွယ်ချက်ကြီးတွေနဲ့များ လုပ်လာကြသလားပဲရယ်။
ပြီးတော့ နားပေါက်တွေကလဲ နားတဖက်တချက်ကို သုံးလေးပေါက်တန်းစီဖောက်ထားတဲ့အပြင် မျက်ခွံတွေမှာရော နှုတ်ခမ်းတွေမှာရော အပေါက်တွေဖောက်ပြီး ကွင်းတွေတပ်ထားတယ်၊ ပိုဆိုးတာက ချက်ကိုပေါ်အောင်ဖော်ထားပြီး ပေါ်နေတဲ့ ချက်နားမှာပါ အပေါ်ဖောက်ထားတာပါပဲ။

ကျမဖြင့် ကြည့်ရတာနဲ့တင် အသဲယားလှပါပြီ။ သူတို့နားပေါက်တွေကွင်းတွေကိုကြည့်ပြီး ဘာမှမရှိတဲ့ ကျမ နားရွက်ကိုသာ မသိမသာ ပြန်စမ်းမိရင်း ဒါဟာ ယဉ်ကျေးမှုတခုလား ကျမ စဉ်းစားနေမိတယ်။
သူတို့ရဲ့ နားပေါက်ယဉ်ကျေးမှုထဲမှာ ကျမကတော့ဖြင့် ၀င်ဆန့်သူတယောက်မဖြစ်ခဲ့ပါဘူး။
သူတို့ကိုကြည့်ပြီး ကျမမျက်စိထဲမှာတော့ အင်္ကျီမပါ အပေါ်ပိုင်း ဗလာကျင်းပြီး အောက်ပိုင်းကို အရှက်လုံရုံဖုံးလွှမ်းကာ နားရွက်မှာ အရိုးတွေထိုး၊ ဆံပင်နီ ရှုပ်ထွေးထွေးနဲ့ ဗုံတွေတီးလို့ ကခုန်နေတဲ့ အာဖရိက ဇူးလူးတွေကိုသာ မြင်ယောင်နေမိပါတော့တယ်။
***

Read More...