Monday, July 09, 2007

မေတ္တာ့ ၀န်တာ ...

ငယ်ငယ်ကတည်းက ခုထိအောင် ခဏခဏ ကြည့်ခဲ့ဖူးပြီး ကြိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကား တကားရှိပါတယ်။ အဲဒါကတော့ ၀င်းဦး၊ တင်တင်မြနဲ့ ချိုပြုံးတို့ အဓိက ပါဝင် သရုပ်ဆောင်တဲ့ ‘တကျော့ နှစ်ကျော့ တေးကိုသီ’ ဇာတ်ကားပါပဲ။ ဒီဇာတ်ကားကို မြန်မာ့ရုပ်သံမှာ ခဏခဏ လွှင့်ခဲ့တာမို့ တော်တော်များများ ကြည့်ဖူးကြမှာပါ။

ဒီဇာတ်ကားထဲ ကျမအနှစ်သက်ဆုံး အခန်းကတော့ နောက်ဆုံးဇာတ်သိမ်းခန်း လေးပါပဲ။ တင်တင်မြဟာ သူ့ကိုယ်သူ မွေးစားသမီးမှန်းသိသွားတဲ့နောက် မွေးစား မိဘ နှစ်ပါးကို စွန့်ခွါပြီး အမေရင်းဆီထွက်သွားခဲ့တယ်။ မကောင်းမှုနဲ့ အသက် မွေးနေတဲ့ အမေရင်း (ခင်လေးဆွေ) က မွေးစားမိဘတွေထံ ပြန်သွားဖို့ ငေါက်ငမ်း ပြောပေမဲ့ မရဘူး။ တချိန်တည်းမှာ ဂီတပဒေသာ ဖျော်ဖြေပွဲက ကျင်းပနေတယ်။ သူ့ရဲ့ တာဝန်အရ အဲဒီပွဲမှာ ဖျော်ဖြေပေးရမယ်။ အားလုံးက သူ့ကို မျှော်နေကြပြီ …။

သူ … ဘာလုပ်မလဲ … ။

သူဟာ ၀င်းဦးရဲ့ အချစ်ကိုလည်း ဆုံးရှုံးခဲ့တဲ့အပြင်၊ ညီမလေးဖြစ်သူ ချိုပြုံးက အထင်လွဲ၊ တသက်လုံးက မိဘအရင်းလို့ ထင်ခဲ့မိတဲ့ မိဘနှစ်ပါးဟာလည်း မွေးစားထားသူ တွေဖြစ်နေတော့ … သူ့စိတ်ထဲ မခံစားနိုင်လောက်အောင် ဖြစ်ပြီး ထွက်ပြေးသွားခဲ့တာ … ။ သူ ရှက်လည်း ရှက်တယ်။ ထင်မထားတာတွေလည်း ဖြစ်လာလို့ ဒီလောက .. ဒီအသိုင်းအ၀ိုင်းကနေ လွတ်မြောက်လို လွတ်မြောက်ငြား ထွက်ပြေးသွားခဲ့တယ်။ ဒါပေမဲ့ … သူ့မှာ တာဝန် ဆိုတာကြီးက ရှိနေသေးတာ .. ။

“သူ …ပြန်လာပါလိမ့်မယ် … သူဟာ တာဝန်ကျေပွန်သူ တယောက်ဆိုရင် သူ့တာဝန်သူ သိမှာပါ။ ဘယ်တော့မှ ထွက်ပြေးမှာ မဟုတ်ပါဘူး … သူ့နာမည်ကို ကြေညာထားလိုက်ပါ”

လို့ အဓိပ္ပါယ်ရတဲ့ စကားမျိုး ၀င်းဦးက ပြောခဲ့တယ်။ အခမ်းအနားမှူးက အစီအစဉ် မှာ သူ့နာမည်ကို ကြေညာလိုက်ချိန်မှာပဲ သူ …ရောက်လာခဲ့ပါတယ်။ စင်ပေါ်မှာ တည်တည်ငြိမ်ငြိမ် နေရာယူပြီး သီချင်းမဆိုခင် စကားအနည်းငယ် ပြောပါရစေလို့ ခွင့်ပန်တယ်။

သူဟာ မေတ္တာတရားတွေကို နားမလည်ဘဲ အားလုံးကို ကျောခိုင်း စွန့်ခွါ ထွက်ပြေး ဖို့ ကြံစည်ခဲ့မိတယ် … ခုချိန်မှာ သူနားလည်ပြီ … သူ့တာဝန်သူ ကျေအောင် ဆောင်ရွက်ဖို့ သူပြန်လာပါပြီ … လို့ အဓိပ္ပါယ်ရတဲ့ စကားလေးတွေ ပြောပြီး ….
တကျော့နှစ်ကျော့ တေးကိုသီ … ဆိုတဲ့ သီချင်းကလေး သီဆိုရင်း ဇာတ်ကားကို နိဂုံးချုပ်လိုက်ပါတယ်။ (မှတ်မိသလောက် ပြန်ရေးပြတာပါ။ အနည်းအကျဉ်း လွဲချင် လွဲပါလိမ့်မယ်။)

ကျမ သဘောကျတာက …
“တာဝန်သိသူတယောက်ဟာ ဘယ်တော့မှ ထွက်ပြေးမှာ မဟုတ်ဘူး” ဆိုတဲ့ စကားရပ်ကိုပါ။

အဟုတ်ပါပဲ … ။
တာဝန်ဆိုတဲ့စကားကို တချို့က တလွဲမှတ်ယူဆကြတယ်။ တာဝန်အရ လုပ်ရတာ ဆိုရင် စေတနာမပါဘူး လို့ ထင်ကြတယ်။ တကယ်တမ်း တာဝန်သိသူမှာသာ တာဝန်ရှိပါတယ်။ သူဟာ တစုံတခုကို ဆောင်ရွက်တဲ့အခါ ဒါဟာ ငါလုပ်ရမယ့် တာဝန်ဆိုတဲ့ အသိနဲ့ လုပ်တယ်ဆိုရင် သူ့အလုပ်ဟာ ပိုပြီး မြန်ဆန်စွာ ပြီးမြောက် အောင်မြင်ပါမယ်။ တာဝန်အရ ပြုလုပ်တယ်ဆိုတာ … ပြီးပြီးရော ဖြစ်ကတတ်ဆန်း လုပ်တာကို ဆိုလိုတာမဟုတ်ဖူးလို့ ကျမကတော့ ခံယူထားပါတယ်။ ကိုယ် လုပ်ကို လုပ်ရမယ့် တာဝန်ဆိုတာ သိနေရင် ဘယ်တော့မှလည်း ပြီးပြီးရော လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီအသိရှိသူတိုင်း တစုံတခု ပြုတဲ့အခါ စေတနာလေး အလိုလို ကပ်ပါသွားမှာပါပဲ။

ဒါကြောင့် … ဒီရုပ်ရှင်ထဲမှာ တင်တင်မြက ပုဂ္ဂလိကခံစားချက်တွေ ရောပြွမ်းပြီး ရုတ်တရက် သူ့ တာဝန်ကိုမေ့သလိုဖြစ်ကာ ရှောင်ပြေး တိမ်းခွါသွားခဲ့မိတယ်။ ဒါပေမဲ့ သူဟာ ဆင်ခြင်တုံတရားရှိသူပီပီ သူ့အပေါ်ထားရှိတဲ့ လူတွေရဲ့ မေတ္တာတရား ကိုလည်း နားလည် သဘောပေါက်ပြီး သူ့တာဝန်သူ ကျေပွန်အောင် ပြန်လည်ဆောင်ရွက်နိုင်ခဲ့တယ်။
***
ထွက်ပြေးခြင်းနဲ့ ပတ်သက်ပြီး မမေငြိမ်းက အခုလို ရေးခဲ့ဖူးပါတယ်။
***
တကယ်ပဲ လူမှုလောကထဲ နေစရာနေရာမရှိတော့ဘူးလို့ ခံစားရဖူးချိန်မှာ ကျမလဲ ကဗျာတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ကဗျာကို နာမည်ပေးမိတာကိုက …

“ထွက်ပြေးတဲ့အခါ”

ထွက်ပြေးတဲ့အခါ…
ပိတ်ဆို့လမ်းတွေ ကျယ်ပြော
သဲဆူးတောတွေ ဖြတ်နင်းရင်း
ဟင်းလင်းပွင့်ရင်ကတောင် လေးလံရဲ့။

ထွက်ပြေးတဲ့အခါ…
မျက်လုံးများစွာကြား
ပြားပြားဝပ်အကျဉ်းကျ
ပါးစပ်ပေါက်တွေက ကာဆီးတောင်တန်း
ကျရတဲ့ မျက်ရည်တွေက ပင်လယ်။

ထွက်ပြေးတဲ့အခါ…
နာကျင်ခြင်းမြွေတွေက
ခန္ဓာကိုလိမ်ပတ်
ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူးမျက်ဆံပြူးနဲ့ ရုန်းထ
သူ့ဘ၀ကို
ပိုရုပ်ကြွလာစေပြန်တယ်။

ထွက်ပြေးတဲ့အခါ…
အရိပ်တွေဟာ
နဂိုထက်မြန်မြန်ပိုလိုက်
ဒါနဲ့ပဲ
မိုက်မဲတဲ့ အသည်းက
မေ့ထားသမျှကို
ပို ပို သတိရ
အဲဒီအခါ…
နင်ဟာ အနာတရနဲ့သာ
ထိုက်တန်တဲ့ကောင်လို့
ကိုယ့်ကိုယ်ကို ဆဲရေးရ…။

တကယ်တမ်းကျ…
ထွက်ပြေးရ တာကိုက…
ထွက်ပြေးမရ…တာ။ … ။

မေငြိမ်း(၁၉၉၆)

ကျမကတော့ လက်တွေ့ဘ၀ထဲမှာ ထွက်ပြေးတာဟာ တကယ့်အဖြေမဟုတ်ဘူးလို့
နားလည်ခဲ့တယ် ထင်ပါရဲ့။
……………………………………မေငြိမ်း (ဇွန် ၁၃)
***
မမေငြိမ်း ရေးခဲ့သလိုပဲ …
တခါတလေ … ကျမလည်း ဒီလိုမျိုးခံစားခဲ့ဖူးပါတယ်။ အနီးစပ်ဆုံး ဘလော့နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ပုဂ္ဂလိက ခံစားချက်တွေနဲ့ တအားစိတ်ရှုပ်ထွေး မွန်းကျပ်လာတဲ့အခါ ဘလော့ လောကကြီးက ထွက်ပြေး ကျောခိုင်းပြီး အေးရာ အေးကြောင်းသာ နေတော့မယ် … လို့ စိတ်ကူးခဲ့မိဖူးပါတယ်။ ဒါပေမဲ့ …
ထွက်ပြေးခြင်းဟာ ထွက်ပေါက်လား … ။
ထွက်ပြေးခြင်းဟာ အဖြေလား … ။
ထွက်ပြေးခြင်းရဲ့ ရလဒ်က အကောင်းလား … အဆိုးလား … ။
စသဖြင့် ကျမ ပြန်တွေးတောမိတယ်။ ဒီလိုနဲ့ အားတင်းပြီး ကျမ ဆက်ရေး ဖြစ်ပါတယ်။ ကျမကို အားပေးကြသူတချို့ဆီက ခွန်အားတွေလည်း ပါတာပေါ့လေ။

ခုနောက်ပိုင်းမှာတော့ … ကျမဟာ ဘလော့ရေးတာကို တာဝန်တရပ်လို သဘော ထားပြီး ရေးနိုင်ခဲ့ပါပြီ။ ကျမကြုံတွေ့ရတဲ့အဖြစ်အပျက်၊ အကြောင်းအရာ၊ ကျမ ခံစားမိသမျှတွေကို ချရေးတဲ့အခါ ကျမလုပ်ရမယ့် တာဝန်တရပ်ကို ဆောင်ရွက် တယ်လို့ သဘောထားနိုင်ခဲ့တယ်။ ကျမ ဘလော့အတွက် ကျမမှာ တာဝန်ရှိတယ်၊ ဒီတာဝန်ကို ကျမ သိတတ် နားလည်တတ်ရမယ် … ကိုယ့်တာဝန် ကိုယ်ယူနိုင်စွမ်း ရမယ် … လို့ စဉ်းစားမိတဲ့အခါ ကျမ ထွက်ပြေးချင်စိတ် မရှိတော့ပါဘူး။ ထွက်ပြေး လို့လည်း မရတော့ဘူး။ ထွက်ပြေးရင် ကျမဟာ တာဝန်မသိသူ တယောက်ဖြစ်ပြီ။ ဒါကြောင့် ကျမ သိပ်စိတ်ပင်ပန်းလာတဲ့အခါ … ခဏတဖြုတ် အားယူချင် အားယူမယ် … အနားယူချင် အနားယူမယ် … ကျောခိုင်း ထွက်ပြေးဖို့အထိတော့ စိတ်ကူးမရှိသလို စိတ်လည်း မကူးမိတော့ပါဘူး။
***

အခု … ကျမတို့ရဲ့ ဘလော့မိတ်ဆွေကြီး ကိုသံလွင်တယောက် ပုဂ္ဂလိက ခံစားချက် တချို့ကြောင့် သူ့အပေါ်ထားကြတဲ့ မေတ္တာတရားတွေကို ဥပေက္ခာပြုပြီး သူ သိပ်မြတ်နိုးတဲ့ ဘလော့ လောကကိုတောင် ကျောခိုင်း ထွက်ပြေးဖို့ နှုတ်ဆက် နေပါပြီ။

ဒါပေမဲ့ … ကျမ မျှော်လင့်ပါတယ် … ။
သူဟာ သူ့ပေါ်မှာထားရှိကြတဲ့ သူသူငါငါရဲ့ မေတ္တာတရားတွေကို အသိအမှတ်ပြု မယ် ဆိုရင် …
ဘလော့ရေးခြင်းဟာ သူ့ရဲ့ တာဝန်တရပ်ကို ထမ်းဆောင်ခြင်းလို့ သဘောပေါက် နားလည်မယ်ဆိုရင် …
မေတ္တာတရားရဲ့ အတိမ်အနက် …
တာဝန် ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ် …
သူ သေချာ အလေးထားမိမယ် ဆိုရင် …
သူဟာ သူချစ်တဲ့ လမ်းကလေးဆီကို …ပြန်လာလိမ့်မယ်လို့ … ကျမ ယုံကြည် နေမိပါတယ်။
***
မေတ္တာဖြင့် …

မေဓာဝီ
၅ ဇူလိုင်၊ ၂၀၀၇
ည ၁၁ နာရီ ၂၀

8 comments:

hana said...

Ma May,
Thanks for the precious posts.
I have been busy and away from blogs in these days.
Now I get back to online and ..I see
Wow..so many interesting posts on yours.
Sayadaw U Yay Wa Ta came to our town and we donate Wahso Robes and Lunch Dana, Breakfast Dana.
hee..I cook Mote Hinn Kharr..
I am gonna send u photos.

Kay said...

မမေရေ..ပြေးတော့မပြေးပါနဲ့...ကျွန်မလဲတခါတခါစဉ်းစားကြည့်တယ်..ဘလော့ခြင်းရဲ့အနှစ်သာရက..ဘာလဲလို့..အဆုံးရလဒ်ကဘာလဲလို့...
တွေ့မိတာကတော့..ဝေမျှခံစားခြင်းပါပဲ..
ဘာမှအကျိုးမရှိဘူးလို့ထင်ကောင်းထင်ရပေမဲ့..ဒီမျက်လှည့်ထဲမှာ..တခုခုတော့ရှိနေပါတယ်

naing said...

မ မေဓာဝီ
ဆရာ တစ်ယောက်ပြောပြဖူးတာကို ပြန်လည်သတိရစေပါတယ် ။

*သစ္စာ ဆိုတာ ဘာလဲ ။ သစ္စာဟာ တာဝန် ဖြစ်တယ်။*

May Nyane said...

မေရေ..
တာဝန်ဆိုတာလေးကို ပြောသွားတာ
သဘောတူလိုက်တာ..။

MY said...

ရေးတတ်ပါပေတယ်..မမေဓာဝီ..
တစ်ဆက်ထဲဒီနေရာဘဲ မှာ ပြီးခဲ့တဲ့ ပို့ (စ)တွေ အတွက်.. ပေါင်းပြီး မှတ်ချက်ရေးပါရစေဦး၊တစ်ခါမှ မရေးဖြစ်ခဲ့လို့ ပါ။
၁။ ညတုန်းက
ဆို တဲ့ ပို့ (စ) = ကျွန်တော်သာ အယ်ဒီတာဆို မြန်မာ့အလင်းထဲမှာ ချက်ချင်းထည့် လိုက်ပြီ။ သူများနိုင်ငံတွေမှာဆို ဒီလောက်အသက်ဘေး မီးဘေး ရှိတဲ့ အန္တရာယ်ကိုကာကွယ်ဖို့ သတင်းပေးခေါ်တဲ့ လူကို ကျေးဇူးရှင် အဖြစ်နဲ့ သတင်းစာထဲမှာအင်တာဗျူးတွေပါလာပြီဘဲ..အင်း...

၂။ လူနာဆောင်အမှတ်-၁
ဆိုတဲ့ ပို့ (စ) ကလေး က ကျန်းမာရေး အတွက် ရင်းနှီးမြုပ်နှံမှု..အဲ…တော်ပါပြီ. ဒီမှာလာထပ်ပြီး ပြောတော့ပါဘူး..ဘားမား ကညွှန်းသလိုဘဲ..တင်ပြပုံလှပါသည်ခင်ဗျားပေါ့…

၃။ ဟောဒိ မေတ္တာ့ ဝန်တာဆိုတဲ့ပို့ (စ)

တာဝန်သိဘလော့(ဂ) ပြည်သူလေး တွေ ဖြစ်အောင်ရေးတတ်ပါပေတယ်..
ကျွန်တော်တောင် ဆက်ရေးဖို့  နည်းနည်းစဉ်းစားနေတာ..ဒါဖတ်ပြီး..တခြားဖက်က သွား စဉ်းစားမိပြန်ရော…
အင်း..ကျေးဇူးပဲဗျာ..နည်းနည်းရှည်သွားပြီ…

မောင်ရင်

MY said...

ရေးတတ်ပါပေတယ်..မမေဓာဝီ..
တစ်ဆက်ထဲဒီနေရာဘဲ မှာ ပြီးခဲ့တဲ့ ပို့ (စ)တွေ အတွက်.. ပေါင်းပြီး မှတ်ချက်ရေးပါရစေဦး၊တစ်ခါမှ မရေးဖြစ်ခဲ့လို့ ပါ။
၁။ ညတုန်းက
ဆို တဲ့ ပို့ (စ) = ကျွန်တော်သာ အယ်ဒီတာဆို မြန်မာ့အလင်းထဲမှာ ချက်ချင်းထည့် လိုက်ပြီ။ သူများနိုင်ငံတွေမှာဆို ဒီလောက်အသက်ဘေး မီးဘေး ရှိတဲ့ အန္တရာယ်ကိုကာကွယ်ဖို့ သတင်းပေးခေါ်တဲ့ လူကို ကျေးဇူးရှင် အဖြစ်နဲ့ သတင်းစာထဲမှာအင်တာဗျူးတွေပါလာပြီဘဲ..အင်း...

၂။ လူနာဆောင်အမှတ်-၁
ဆိုတဲ့ ပို့ (စ) ကလေး က ကျန်းမာရေး အတွက် ရင်းနှီးမြုပ်နှံမှု..အဲ…တော်ပါပြီ. ဒီမှာလာထပ်ပြီး ပြောတော့ပါဘူး..ဘားမား ကညွှန်းသလိုဘဲ..တင်ပြပုံလှပါသည်ခင်ဗျားပေါ့…

၃။ ဟောဒိ မေတ္တာ့ ဝန်တာဆိုတဲ့ပို့ (စ)

တာဝန်သိဘလော့(ဂ) ပြည်သူလေး တွေ ဖြစ်အောင်ရေးတတ်ပါပေတယ်..
ကျွန်တော်တောင် ဆက်ရေးဖို့  နည်းနည်းစဉ်းစားနေတာ..ဒါဖတ်ပြီး..တခြားဖက်က သွား စဉ်းစားမိပြန်ရော…
အင်း..ကျေးဇူးပဲဗျာ..နည်းနည်းရှည်သွားပြီ…

မောင်ရင်

mg yin said...

sorry..double click and repeated publish comment..please delete this and above extra one....

Chit Lay Pyay said...

မမေရယ်ကောင်းလိုက်တဲ့ပိုစ်၊ ညီမလဲ အဲဒီရုပ်ရှင်ကားကို အရမ်းကြိုက်တာ ရုပ်မြင်သံကြားက လာတိုင်း မလွတ်တမ်းကြည့်လွန်းလို့ အားလုံးကို အလွတ်တောင်ရနေတာ မမေရေးတာမှန်ပါတယ်၊ အဲဒီထဲက သီချင်းတွေကိုလဲအရမ်းကြိုက်တယ်၊ နောက်ဆုံးခန်းလေးရောက်ရင်တော့ ရင်ထဲမှာဆို့နေအောင် ငိုရတာပေါ့၊ မမေ အရေးအသား ဘယ်လောက်ပြောင်မြောက်သလဲဆိုရင် ကိုစေးထူးကြီး တခါတည်း ပြန်လာတော့တာပဲ၊ လေးစားပါတယ်မမေရေ၊ မမေပြောမှ တာဝန်ဆိုတာကိုသဘောပေါက်တော့တယ်၊ ကျေးဇူးပါ၊