Tuesday, August 30, 2011

၅-နှစ် ရှည်ကြာ ဘလော့ရွာ …

၂၀၀၆ ခုနှစ် သြဂုတ်လ ၃၀-ရက် နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ မေဓာဝီရဲ့ တွေးမိတွေးရာ ရေးမိရေးရာ ဘလော့ဟာ ဒီကနေ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၀-ရက်မှာ ၅ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ၅ နှစ်တာ ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက် ဘလော့နဲ့ ပတ်သက်လို့ အမှတ်ရစရာတွေ တပုံတပင်မို့ ၅-နှစ်ပြည့် အထိမ်းအမှတ် ပို့စ်တခု ရေးမယ်ဆိုပြီး စိတ်ကူးနေတုန်း ပျူဆရာ ကိုအောင်က သြဂုတ်လ ၃၁ ရက် မှာ ကျရောက်တဲ့ ဘလော့နေ့ အထိမ်းအမှတ် ပို့စ်ရေးဖို့ တဂ်ပါလေရော။ ဒီတော့လဲ ဘလော့အကြောင်း ရေးရမှာချင်း အတူတူ တဂ်ပို့စ်နဲ့ အမှတ်တရပို့စ် တခါထဲ ပေါင်းရေးမယ်ဆိုတဲ့ အကြံနဲ့ အလုပ်သွား အလုပ်ပြန် ရထားပေါ် ဘတ်စ်ကားပေါ်မှာ အိပ်ငိုက်ရင်း ရေးဖို့ အကြောင်းအရာတွေ တစီတတန်းကြီး စဉ်းစားလို့ပေါ့။

ရေးချင်တာတွေကများတော့ ဦးဟန်ကြည်လို အခန်းဆက် တဂ်ကျမ်း ဖြစ်သွားလေမလား၊ ကိုယ်က သမိုင်းဆရာမဟုတ်တော့ တဂ်ဆရာ ပျူနိုင်ငံလို မှတ်တမ်းမှတ်ရာကလဲ မပြည့်စုံ၊ မလေး အိမ်ချမ်းမြေ့လို ဘလော့ခေတ်ဦးပိုင်း အကြောင်း အလွမ်းပြေ ရေးရအောင်လဲ ခေတ်ဦးပိုင်းမှာ ကိုယ်က လူတကာ အမြင်ကပ်အောင် ရေးမိလို့ အဆဲချည်း ခဏခဏ ခံနေရတာ ဆိုတော့ မဖြစ်သေးဘူး၊ ကိုညီလင်းသစ်လို ဘလော့ဂါ နာမည်တွေ အကုန်ပါအောင် ရှည်ရှည်လျားလျားလဲ မရေးနိုင်၊ အစိမ်းရောင် မမ(ချော)လို လင့်ခ်တွေ များစွာ ဖွယ်ဖွယ်ရာရာနဲ့ ရေးဖို့ကလဲ အချိန်က မရ၊ စဉ်းစားရင်းနဲ့ အချိန်တွေသာ ကုန်လာတယ်၊ စာအဖြစ် တလုံးတပါဒမှ ချမရေးဖြစ်ဘူး။ ဒီရက်ပိုင်းလဲ အလုပ်က ၉ -ရက် ဆက်တိုက် နားရက်မရှိ လုပ်ရတာမို့ အတော်လေး ပင်ပန်းနေပါတယ်။ အိပ်ခါနီးတိုင်း ရီဒါထဲကနေ ဘလော့နေ့ အမှတ်တရဆိုပြီး ဘလော့ဂါတွေ ရေးသမျှ ဖတ်ရင်း ကိုယ်ရေးဖို့တောင် မကျန်တော့သလောက် ပြည့်စုံနေပြီလို့ တွေးမိပါရဲ့။

ဘလော့နေ့အမှတ်တရအကြောင်း မရေးခင် ဆရာတော်တပါး ပြောပြတဲ့ အဖြစ်အပျက်ကလေးတခုကို ပြောပြပါရစေအုံး …။
***
ဂျနီဗာမှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓ ဓာတ်တော်ပူဇော်ပွဲ အခမ်းအနားကျင်းပ စဉ်က … တဲ့၊ အဲဒီအခမ်းအနားကို နိုင်ငံတကာက ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေ ဗုဒ္ဓဘာသာနိုင်ငံတွေက သံအမတ်တွေ တက်ရောက်ကြသတဲ့။ ဖွင့်ပွဲနေ့မှာ နိုင်ငံတနိုင်ငံက ကိုယ်စားလှယ် တဦးစီက စကားပြောကြရတော့ ကိုယ်စားလှယ်တွေဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သူတို့နိုင်ငံတွေမှာ ဘယ်လိုတွေ လုပ်တယ်၊ ဘယ်လိုတွေရှိတယ် ဆိုတာတွေက တယောက် တမျိုး မရိုးရအောင် အမွှန်းတင် ပြောကြတော့တာပဲ တဲ့။ ဒီလိုနဲ့ ကြာလာတော့ နားထောင်တဲ့ လူတွေကလဲ အီလာကြတာပေါ့။ ဆရာတော်ရဲ့ အလှည့်လဲ ရောက်ရော …. ဆရာတော်က ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ တမိနစ် နှစ်မိနစ်စာလောက် ခပ်တိုတို ပြောပြီးနောက် အားလုံးကို လက်အုပ်ချီစေပြီး “ဘ၀တု သဗ္ဗမင်္ဂလံ” ၃-ဂါထာကို ရွတ်ဆိုကာ blessing ပေးလိုက်ပါသတဲ့။ အဆုံးမှာတော့ ပရိသတ်ကြီးလဲ ၀မ်းမြောက်နုမော် သာဓု ၃ ကြိမ် ခေါ်လိုက်ကြတော့တယ်။

ဘာရယ်မဟုတ်ပါဘူး။ ဘလော့နေ့အကြောင်း ရေးမယ်ကြံတော့ အဲဒီအဖြစ်အပျက်ကလေး ဆရာတော်ပြောပြတာနဲ့ တိုက်ဆိုင်နေတာကြောင့် ကျမလည်း ရေးချင်တဲ့ အတွေးမျှင်များစွာကို ဘေးချိတ်ပြီး ဘ၀တု သဗ္ဗမင်္ဂလံ ကိုသာ ရွတ်လိုက်ပါတော့မယ် ဆိုတဲ့အကြောင်း …. စာဖတ်သူများနဲ့ ဘလော့ဂါအပေါင်းလဲ မျက်စိညောင်း သက်သာတဲ့အတွက် သောင်းသောင်းဖြဖြ သာဓုသာ ခေါ်ကြပါတော့လို့ ….
***
အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ …
မြန်မာဘလော့လောကကြီး ငြိမ်းချမ်းသာယာစွာ အဓွန့်ရှည် တည်တံ့ပါစေ ...

မေတ္တာဖြင့် ...

မေဓာဝီ
၃၀၊ သြဂုတ်၊ ၂၀၁၁
၂၃း၁၂ နာရီ

ရေးခဲ့ဖူးသော အမှတ်တရပို့စ်များ ...

၁) အခါလည် အတွေး (၁ နှစ်ပြည့်)
၂) သုံးနှစ် သုံးမိုး (၃ နှစ်ပြည့်)
၃) ၄ နှစ် နှင့် ၅၂၈ + ၁ (၄ နှစ်ပြည့်)

Read More...

Friday, August 26, 2011

ဦးပုည၏ ၀တ္ထုများ ... အပိုင်း (၅)

ဆဒ္ဒန်ဆင်မင်းဝတ္ထု
(ဇာတ်သိမ်း)

မူဆိုးလူဖျက်၊ ဘုတ်သဘက်လည်း၊ ခြောက်ရက်ခရီးနှင့်၊ ပြည်ကြီးဗာရာ၊ နန်းအောင်ချာသို့၊ လျင်စွာဆိုက်ရောက် တည့်လေလျှင်၊ ဝေယန်ညာစွယ်၊ ကမ္ဗုလယ်၌၊ စံပယ်ပျော်ပါးသော၊ မိဘုရား သုဘဒ္ဒါအား၊ ခြောက်ဖြာရောင်ထင်၊ စွယ်တော်ရှင်ကို၊ ၀င်၍ ချက်ခြင်းဆက်လေ၏။

ဆက်ပြီးလတ်သော်၊ ဆဒ္ဒန်ဆင်မင်း၊ မှာရင်းစကား၊ အကြောင်းများကို၊ မထားမချန်၊ စေ့စုံအောင်ပြန်သည်တွင်၊ ဗိမာန်နန်းဘွား၊ သုဘဒ္ဒါမိဘုရားသည်၊ စကားရှေ့နောက်၊ ပြန်လှန်ကာ ထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊ အံ့လောက်ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ ခံယူတင်ပြီး၊ ရင်ခွင်တော်၌၊ စွယ်တော်ကို ပိုက်ပြန်၍၊ တစိုက်စိုက် ရှုရင်းပင်၊ ပြုမိသည့် ဖြစ်ထွေ၊ လင်သေသည့် အကြောင်း၊ ဘ၀ဟောင်းက၊ ငယ်ပေါင်းပြီပြီ၊ လည်ချင်းမှီ၍၊ နာရဏီခိုင်၊ အင်ကြင်းမြိုင်နှင့်၊ မြဆိုင်ပညောင်၊ ရွှေဂူချောင်ဝယ်၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု၍၊ ကယုကယင်၊ ချစ်တုံ့တင်လျက်၊ ကြင်ကြင်လည်လည်၊ ပျော်ဖူးခဲ့သည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့် အောက်မေ့၍၊ တငွေ့ငွေ့ ဆင်ခြင်၊ ပူစကို ငင်မိလျှင်၊ ပူပင်လယ်ပွေ၊ လှိုင်းဘောင်ဘင် ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းဆိုင်မှာ လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင်၊ အော်ဟစ်၍ ငိုဆဲတွင်၊ နကိုယ် ဘောက်လှဲ၍၊ ဗာရာမင့် လည်ဆွဲသည်။ ရင်ကွဲနာနှင့်၊ နတ်ရွာစံတော်မူလေ၏။ … ။

ဆင်မင်းမြတ်စွာ၊ သေလွန်ရာလည်း၊ သုဘဒ္ဒါ မိဘုရားနှင့်၊ ပေါက်သား မာတင်၊ ရှစ်ထောင်သော ဆင်တို့သည်၊ ကောင်းကင်သမုဒ္ဒရာ၊ ဟိမ၀ါတောတောင်၊ နှံ့အောင် ရှာ၍၊ ရန်သူကို မတွေ့မှ၊ ရှေ့တည်မိရာ၊ ပြန်ခဲ့လာ၍၊ ရာဇာဘုန်းလျှံ၊ ဆင်မင့်းထံသို့၊ ခြံရံ ဆိုက်ရောက်ကြလေသတည်း။ ။

မဟာသဗ္ဗဘဒ္ဒါ၊ ဘွဲ့ခရာနှင့်၊ ညာမဟေသီ၊ ဆွေနာဂီလည်း၊ စေတီ ငွေတုံး၊ ပျက်ပြို ဆုံးသကဲ့သို့၊ တုံးလုံးလျောင်းစက်၊ လင်သေသည့်အချက်ကို၊ ဉာဏ်သက်၍ ထောက်မြော်သော်၊ စွယ်တော်ကို ဖြတ်ရာ၊ သွေးစက်ရာများနှင့်၊ လက္ခဏာ အခန်းခန်း၊ သေပုံတော်ဆန်းလှ၍၊ မြောက်နန်းတော် လက်ကိုင်းဟု၊ ဟုတ်တိုင်းကို တွေးတောမိလေ၏။ ။

ထိုပြီးနောက်မှ၊ ငွေတောင်မာတင်၊ မိမိလင်ကို၊ ဦးတင်ဝန္ဒနာ၊ ကန်တော့ငှာဖြင့်၊ လက်ျာသုံးပတ်၊ လှည့်ပြီးလတ်သော်၊ ကိုယ်တော်မြတ် အလောင်းကို၊ နှာမောင်းဖြင့် ပွေ့ချီ၊ ကိုယ်ချင်းမှီ၍၊ ထိုဤ သွဲ့ဝှဲ့၊ မဖွဲ့တတ်ပြီ၊ မပြီသနိုင်၊ အသည်းစိုင်ကို၊ ဖြတ်ချိုင်ဂျွမ်းလှန်၊ ရန်ပုံခွင်း မှန်သကဲ့သို့၊ အလွန်ဆွေးပူ၊ ကြေကွဲတော်မူလှ၍၊ ကျူကျူသံအိုင်၊ တောဂနိုင်ကို၊ တပြိုက်နက်တည်း၊ ပဲ့တင်သံ ကြည့်စေလျက်၊ လှည်း၍ ငိုတော်မူသတည်း။ … ။

ထက်ဝန်းရံဆောင်၊ ဆင်ရှစ်ထောင်တို့လည်း၊ ခေါင်ခေါင်ကျည်ကျည်၊ အော်မြည်လှိုက်ဖို၊ မြေကြီးပြိုမလောက်၊ ထိုဤ ပြေး၍၊ ငိုကြွေးပူပန်ကြပြီးလျှင်၊ နန်းမတောင်ညာ၊ သုဘဒ္ဒါလည်း၊ လိမ္မာရေးခြားသော ဆင်ပေါက်တစီးကို ခေါ်စေ၍၊ ရွှေ ငွေ မြ ဂူ၊ ပန်းမဉ္ဇူနှင့် ၊ နန္ဒမူတောင်မင်း၌၊ သီတင်းသုံးနေတော်မူသော၊ ပစ္စေကဗုဒ္ဓါ၊ ဆရာသခင်တို့အား၊ အရှင်ဘုရားတို့၊ ပစ္စည်းလေးပါး ဒါယကာ၊ မဟာဆဒ္ဒန္တ၊ ပေါက်လှနာဂရတ်၊ ဆင်မင်းမြတ်သည်၊ လောကတ္တယ၊ ဘ၀ဇာတိ၊ ၀ဋ်ရှိသောသူ၊ လူခပ်သိမ်းတို့၊ ရှောင်တိမ်းခြင်းငှါ၊ မတတ်ရာသော၊ ခန္ဓာဘင်္ဂ၊ မရဏသဘော၊ ရွေ့လျောဖောက်ပြန်၊ ဆုံးသေလွန်၍၊ နတ်ဌာန် လားတော်မူချေပြီ။ … ။ တကာတော် ဆင်မင်း၏၊ ရုပ်ကြွင်းဝတ္ထု၊ ကလာပ်စု၌၊ အသုဘ ကမ္မဋ္ဌာန်းကို၊ စီးဖြန်းတော်မူရအောင်၊ ၀ိသာလ မာလက၊ စုံလှပန်းမာန်၊ မြေသုသာန်သို့၊ ဈာန်ဝသီဘော်၊ စက်ယာဉ်ကျော်ဖြင့်၊ ကြွတော်မူကြပါမည့် အကြောင်းကို၊ လျှောက်ပါသည်ဘုရား ဟု၊ အမိန့်တော်ပင့်စာနှင့်၊ တကာတော်မ၊ သဗ္ဗဘဒ္ဒါ၊ မဟာအတုလ၊ နာဂိန္ဒဒေ၀ီ၊ တံဆိပ်နာမံတော် ရှိသော၊ မိဘုရားခေါင်ကြီး ဘုရားက၊ သွား၍ပင့်ချေ၊ ယခုစေသောကြောင့်၊ ခြေရင်းတော်သို့၊ ပင့်ခေါ်မည် ရောက်ပါကြောင်းကို၊ လျှောက်လေဟု စေတော်မူလိုက်၏။ … ။

တမန်ဆင်လည်း၊ ကောင်းကင်ဖြင့် သွား၍၊ ငါးရာသော ပစ္စေကဗုဒ္ဓါတို့ကို ပင့်ခေါ်ပြီးလျှင်၊ အလောင်းတော် ခေါင်းရင်းက၊ သီတင်းသုံး နေစေသတည်း။ ။

ထိုပြီးနောက်မှ၊ ပေါက်လှမုန်ယို၊ ဆင်ပျိုနှစ်စီး၊ မာတင်ကြီးတို့သည်၊ စောမီးဘုန်းမော်၊ အလောင်းတော်ကို၊ မြောက်ကော်ကြပ်မ၊ အစွယ်နှင့် ကြွပြီးလျှင်၊ ပစ္စေက ဗုဒ္ဓါတို့၏ ခြေကို၊ ရိုသေညွတ်နှိမ်၊ သုံးကြိမ်ဦးခိုက်စေပြီးမှ၊ အကျော် စမ္ပာ၊ နံ့သာ ကရမက်၊ ထင်းပုံထက်သို့၊ စွယ်ရှက်ခါ ချီတင်၍၊ စီရင် သင်္ဂြိုဟ် ကြလေကုန်၏။ ။

ပစ္စေကဗုဒ္ဓါ၊ ရဟန္တာရှင်ပျံ၊ ထေရ်ဘုန်းလျံတို့လည်း၊ ညဥ့်သုံးယံပတ်လုံး၊ စုရုံးညီညာ၊ ဒေသနာ ပရိယတ်ကို၊ ရွတ်ဘတ်စီးဖြန်းတော်မူ၍၊ ကမ္မဋ္ဌာန်း အသုဘ၊ ရှုကုန်ကြပြီးလျှင်၊ လင်းမှပင် ပြန်ကြွတော်မူကြလေ၏။ ။

သုဘဒ္ဒါမိဘုရားနှင့်၊ အများသောင်းသောင်း၊ ဆင်အပေါင်းတို့လည်း၊ ဦးခေါင်းညွတ်ဆိုက်၊ သင်းချိုင်းကို ဦးခိုက်လျက်၊ ရစ်ဝိုက်လက်ျာ၊ သင်းချိုင်းပြာကို၊ နှာမောင်းဖြင့် ယူငင်၍၊ ချစ်ခင်မရဲ၊ ဦးကင်းထက်ကြဲပြီးလျှင်၊ ကန်တော့ပွဲ ခံကြ၍၊ ညာစံမဟာ၊ သုဘဒ္ဒါကို၊ သိင်္ဂါဇမ္ဗူ၊ ရွှေဂူဗိမာန်၊ နန်းဝေယန်သို့၊ ပြန်တော်မူချိန်သင့်ပြီဟု၊ ချီးပင့်ခေါ်လျက်၊ သံတော်ဦးတင်ကြကုန်၏။ ။

မိဘုရားမြတ်၊ ဆင်မျာ့းနတ်လည်း၊ စောထွတ်မိမိုင်း၊ လင်သက်နှိုင်း၏၊ သင်းချိုင်းတော်ရာ၊ မြေမျက်နှာကို၊ မခွါတတ်အား၊ မသွားခဲ့ရက်၊ ငဲ့ကွက်စောင်းလှည့်၊ ပြန်ကြည့်ကြည့်နှင့်၊ လှော်မှည့် ရတနာ၊ မျက်နှာမဉ္ဇူ၊ လဣန္ဒူကို၊ လွှမ်းမြူတိမ်တောင်၊ မြှေးရစ်မှောင်သို့၊ ခေါ်ယောင်မြှော်ကာ၊ ပေါ်လာလိမ့်နိုး၊ ထင်ကိုးဆိုင်းလင့်၊ တဖင့်နွှဲနွှဲ၊ မျက်ရည်ရွှဲနှင့်၊ ပျော်မြဲရပ်ဌာန်၊ ရွှေဂူဗိမာန်၊ နန်းဝေယန်သို့၊ ပြန်ရှာတော်မူရလေသတည်း။ ။

ဤဆဒ္ဒန် ဒေသနာ၌၊ မဟာဗောဓိသတ်၊ ဆင်မင်းမြတ်သည်၊ စွယ်ဓာတ်နှစ်ဆူကို၊ အမူကြမ်းခက်၊ မူဆိုးကြီးလက်သို့၊ ရက်ရက်ရောရော၊ လှူသော အခါ၊ တိရိစ္ဆာန် ဖြစ်ပါလျက်၊ ဗြဟ္မာလူနတ်၊ စည်းစိမ်မြတ်ကို၊ ၀ဋ်၏ မျိုးစေ့၊ ဖြစ်လေ ရွှေ့လျှင်၊ တပ်မွေ့ စုံမက်၊ မနှစ်သက်သောကြောင့်၊ နှုတ်မြွက်၍ မတောင်းပဲ၊ ၎င်းလောကီ၊ စည်းစိမ်အီကို၊ မညှီမနံ၊ မရွံနိုင်ငြား၊ ကောင်းသည်ဟု ခံစားလျှင်၊ ဆယ်ပါးသော သံယောဇဉ်၊ စပ်ယှဉ်ကပ်ငြိ၊ တိုးပွါးဘိ၍၊ ဇာတိမပြတ်နိုင်လေရာ၊ ဇာတိဝဋ်ညှောက်၊ မကုန်ပျောက်က၊ အဖောက်ဖောက် အပြန်ပြန်၊ မဖန်ဖန် အခါခါ၊ နာလိုက်လား၊ သေလိုက်လား၊ ချားရဟတ်ပုံ၊ ငုပ်တုံပေါ်ပြန်၊ ဒုက္ခကြီး ၀ဲဆန်၍၊ နိဗ္ဗာန်အလွန်ဝေးချိမ့်မည်၊ ဤအဖြစ်ကို၊ စင်စစ်တွေးမိ၊ ဆင်မင်းသိသောကြောင့်၊ လောကီ့စီးပွါး၊ ချမ်းသာများကို ပယ်ရှား စွန့်ပစ်တော်မူသတည်း။ ။

ဤထုံးစံကို၊ နည်းခံစွဲသူ၊ ခုလူတို့သည်၊ ထောက်ကူမစ၊ ရှေးပုညကြောင့်၊ သာသနာ့အတွင်း၌၊ အလင်းကြုံဘိ၊ ဒွိဟိတ်, တိဟိတ်၊ စိတ်ဝိပါက်ယှဉ်၊ လူစင်ဧကန်၊ ဖြစ်သည်မှန်လျက်၊ တိရစ္ဆာန်လောက်မျှ၊ အရိပ်ကိုမသိကြဘဲ၊ ဒါနကောင်းမှု၊ ပြုကြသောခါ၊ ၀ဋ်ချမ်းသာကို၊ တဏှာလိုက်စား၊ ဆုတောင်းမှားကြလျှင်၊ နာလိုက်လား၊ သေလိုက်လား၊ တမွှားမွှားနှင့်၊ အလျားလိုက်မျော၊ ဆင်းရဲ၍ မောကြမည်၊ သဘောကြီးကြပါစေကုန်။ … ။

ထို့ကြောင့်၊ ကုသိုလ်ကမ္မပထ၊ ပြုသမျှ၌၊ သာဝက ပစ္စေကာ၊ သမ္မာသမ္ဗုဒ္ဓ၊ ၀ဋ်မှဆန်တက်၊ ဆုသုံးချက်ကိုသာ၊ နှုတ်မြွက်ကောင်းကောင်း၊ ရလွယ်ကြောင်းဖြင့်၊ ဆုတောင်း မြတ်ထွတ် စေရမည်။ သဇ္ဇန ပုဂ္ဂိုလ်၊ မဂ်ဖိုလ်ငံ့မြှော်၊ သူတော်သူမြတ် အပေါင်းတို့ …. ။ … ။

ဤတွင်ရွေ့ ဆဒ္ဒန်ဆင်မင်းဝတ္ထု ပြီး၏။
***

ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းကတော့ ဒီနေရာမှာ ဇာတ်သိမ်းသွားပါပြီ။ ငယ်ငယ်က ငါးရာ့ငါးဆယ် နိပါတ်တော်တွေ ဖတ်ရင် ဇာတ်ပေါင်းသော် ... ဘယ်သူက ဘယ်သူဖြစ်၊ ဘယ်ဝါက ဘယ်ဝါ ဖြစ် ဆိုတာမျိုး ဖတ်ခဲ့နေကျဆိုတော့ ဒီဇာတ်သိမ်းခန်းမှာ စူဠသုဘဒ္ဒါက ဘယ်သူဖြစ်သွားသလဲ ဆိုတာ သိချင်နေမိပါတယ်။ ဆဒ္ဒန်ဆင်မင်းနဲ့ မဟာသုဘဒ္ဒါကတော့ မြတ်စွာဘုရားနဲ့ ယသောဓရာဒေ၀ီ မိဘုရား ဖြစ်တယ်ဆိုတာ ရှင်းပေမဲ့ စူဠသုဘဒ္ဒါ အကြောင်းကို မသိလို့ သိသူများ ပြောပြပေးကြပါရှင်။ ကျမစိတ်ထဲ စိဉ္စမာဏ ဖြစ်သွားသလားလို့ ထင်မိပေမဲ့ အကိုးအကားမရှိတော့ မသေမချာ ဇဝေဇ၀ါ ဖြစ်နေလို့ပါ။

ဆဒ္ဒန်ဆင်မင်း ဇာတ်လမ်းက ဇာတ်သိမ်းသွားပေမဲ့ မေဓာဝီကတော့ ဇာတ်မသိမ်းသေးဘူး၊ ဆက်ရန် ဇာတ်လမ်းတွဲတွေ ကျန်ပါသေးတယ်။ အင်တာဗျူးလဲ ပြီးအောင်ရေးရအုံးမယ်၊ ကိုအောင် (ပျူနိုင်ငံ) တက်ဂ်ထားတဲ့ ဘလော့နေ့ အမှတ်တရဆိုတာလဲ ရေးရအုံးမယ်၊ တခြား ရေးချင်တဲ့ စာတွေလဲ အတွေးထဲမှာ တပိုင်းတစ တေးထားတာတွေ အများကြီးပဲ။ သို့ပေသိ လောလောဆယ် အလုပ်များပုံက အသက်တောင် ၀၀ မရှူနိုင်တဲ့ ဘ၀မို့ ရေးနိုင်တဲ့သူတွေကိုသာ အားကျနေမိပါတယ်။ အလုပ်များလို့ ကျမဘက်က တာဝန်မကျေတာတွေ ပျက်ကွက်တာတွေအတွက်လဲ အားလုံးကို တောင်းပန်ချင်ပါတယ်။ ရှေ့လဆို ဒီထက် အလုပ်ပိုများတော့မှာမို့ ဇာတ်လမ်းတွဲလေးတွေ ဖြတ်စရာရှိ ဖြတ်ပြီးရင် ဘလော့ကို ခဏနားရအုံးမလား ဆိုတာလဲ စဉ်းစားနေမိပါတော့တယ်။

***
မေဓာဝီ
၂၆၊ သြဂုတ်၊ ၂၀၁၁
၂၁း၄၃ နာရီ

Read More...

Sunday, August 21, 2011

မွေးနေ့ ဆွမ်းကျွေး

၂၁၊ သြဂုတ်၊ ၂၀၁၁၊ တနင်္ဂနွေနေ့။

မွေးနေ့မှာ ဆွမ်းကပ်ဖို့ မနက်စောစော ဘာမင်ဂန် ဘုန်းကြီးကျောင်းကို သွားကြတယ်။ ဘုန်းကြီးကျောင်းမှာ သံဃာ ၆-ပါး၊ ယောဂီ ၈ ယောက်နဲ့ ဖိတ်ထားတဲ့ ဧည့်သည်တွေ အတွက် ထုံးစံအတိုင်းထက် နည်းနည်းသာတဲ့ ဟင်းတွေချက်ယူသွားခဲ့တယ်။ ကံကောင်းချင်တော့ အလုပ်က စနေ တနင်္ဂနွေ ၂ ရက်လုံး off ပေးထားလို့ စနေနေ့ တနေ့လုံး ဟင်းချက်ချိန် ရခဲ့တယ်။


ဆွမ်းဟင်းပွဲတွေ ...

အားလုံး မေဓာဝီ တယောက်ထဲ ချက်တာ မဟုတ်ပါဘူး။ ကြွရောက်လာကြတဲ့ ဧည့်သည်တွေ ယူလာကြတဲ့ ဟင်းတွေလဲ အသီးသီး အသက ပါတာမို့ ဖွယ်ဖွယ်ရာရာ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတယ်။


သံဃာတော်များ နေ့ဆွမ်းဘုဉ်းပေး



အချိုပွဲ ... (မေဓာဝီကိုယ်တိုင်နှပ်သော လက်ဖက်လဲပါတယ်။)



ပုံ (၁) ကြွရောက်ချီးမြှင့်ကြသော ဧည့်ပရိသတ်များ ... ပုံ (၂) ကာလသားဝိုင်း


ဒါကတော့ ကာလသမီးဝိုင်း ... အဲ မှားလို့ ... အပျိုချောလေးတွေဝိုင်း



ပရိတ်တရား ချီးမြှင့်နေသော သံဃာတော်များနှင့် နာကြားနေသော ပရိသတ်များ



ဒေါက်တာဦးဥတ္တရဥာဏ၏ တရားလက်ချာ သင်္ခါရာ ....
(သင်္ခါရက္ခန္ဓာ နှင့် ပတ်သက်သည့် တရားဒေသနာကို ချီးမြှင့် ဟောကြားနေပုံ)

တောင်းပန်စကား ...
နက်ဖြန် မနက်စောစော ထပြီး အလုပ်သွားရမှာမို့ ပို့စ်ကို ကမန်းကတန်းသာ တင်လိုက်ပါသည်။ စာရှည်ရှည်လဲ မရေးနိုင် အလွန်ပင်ပန်းကာ အိပ်ချင်ပြီမို့ ဤမျှသာ တင်လိုက်ရကြောင်း အားလုံးကို တောင်းပန်ပါ၏။

ကျေးဇူးစကား ...
အဝေးရောက် မိဘနှစ်ပါး၊ အမကြီး မောင်လေးနှင့်တကွ ... မွေးနေ့ (ဟုမပြောဘဲ) အလှူ ဖြစ်မြောက်အောင် အစစ အရာရာ ငွေကြေးစိုက်ထုတ် စီစဉ်ပေးသော ဦးရီးတော်၊ ငွေအားလူအား ကူညီပေးသော အမလတ်နှင့် ယောက်ဖတော်၊ မွေးနေ့အကြို ကိတ်မုန့်ကို အထူးအော်ဒါမှာပေးသော ညီမ သုသုနှင့် မိသားစုဝင်များ၊ အလှူကို လာရောက်၍ အစားအသောက်နှင့်တကွ အစစ အရာရာ ပံ့ပိုး ကူညီပေးကြသူများ ... အမှတ်တရ လက်ဆောင် ပေးကြသူများ ..... အားလုံး အားလုံးကို ကျေးဇူး အထူးတင်ပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

Finally ....


ပုံ(၁) ခွဲပြီ ... (ကိတ်မုန့်) ။ ပုံ (၂) ဖောက်ပြီ (လက်ဆောင်ထုတ်များ)


and then ....

အိပ်ပြီ ... good night
***
MDW
21.08.2011
23;30

Read More...

Thursday, August 18, 2011

အားရနေလို့ … အားကျစေဖို့ …

ဇူလိုင်လ ၂၂ ရက်၊ ၂၀၁၁ ခုနှစ်။

လန်ဒန်တက္ကသိုလ် (SOAS) ရဲ့ ဘွဲ့နှင်းသဘင် အပ်နှင်းတဲ့ အခမ်းအနားကို အွန်လိုင်းကနေ စောင့်ကြည့်နေခဲ့တယ်။ အဲဒီနေ့မှာ မဟာဝိဇ္ဇာဘွဲ့ယူသူ ၃ ဦးက ကျမနဲ့ ခင်မင်ရင်းနှီးနေတာမို့ သူတို့ကို အားပေးချင်စိတ်နဲ့ စောင့်ကြည့်နေခဲ့တာပါ။ သူတို့ ၃-ဦးက M.A Religions: Buddhist Studies Pathway (မဟာဝိဇ္ဇာ ဘာသာရေး ဗုဒ္ဓဘာသာလေ့လာရေးလမ်းစဉ်) ဆိုတဲ့ ဘွဲ့ကို ယူကြတဲ့သူတွေ ဖြစ်ပြီး ၃ ဦးအနက် ၂ ဦးက မြန်မာပြည်က သံဃာ ၂ ပါးနဲ့ ကျန် တဦးကတော့ ကျမနဲ့ ခင်မင်ရင်းနှီးနေတဲ့ ပြည့်ပြည့် (ပြည့်ဖြိုးကျော်) ဆိုတဲ့ မိန်းကလေးပါပဲ။


လန်ဒန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား

ပြည့်ပြည့်ကို ကျမသိတာ ကြာပါပြီ။ ဒီနိုင်ငံကို ရောက်ခါစ လွန်ခဲ့တဲ့ လေးနှစ်ခန့်က စသိခဲ့တယ်။ အဲဒီတုန်းက သူက အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ကျောင်းတက်နေတာလို့ သိရတော့ ချီးကျူးဂုဏ်ယူမိတယ်။ ကျမ ငယ်ငယ်ကတည်းက ခုချိန်ထိ သိပ္ပံမောင်ဝရဲ့ “အောက်စ်ဖို့ဒ်တက္ကသိုလ် ခရီးသွားမှတ်တမ်း” စာအုပ်ကြီးကို မရိုးနိုင်အောင် အခေါက်ခေါက် ဖတ်ပြီး အောက်စ်ဖို့ဒ်နဲ့ ရင်းနှီးနေခဲ့တဲ့အပြင် အောက်စ်ဖို့ဒ်လို့ အသံကြားတာနဲ့ ရင်ခုန်မိသလို အောက်စ်ဖို့ဒ်မှာ ကျောင်းတက်ခွင့်ရသူတွေကို ဆိုရင်လဲ သိပ်အထင်ကြီး အားကျတာပဲ။

ပြည့်ပြည့်က အောက်စ်ဖို့ဒ်ကနေ ဘတ်ချလာ ဒီဂရီ ရသွားပြီး လန်ဒန်မှာ မာစတာ ဆက်တက်တယ် ကြားတယ်။ အဲဒါက မထူးဆန်းပေမဲ့ ထူးဆန်းတာက မာစတာဒီဂရီကို ယူတဲ့ ဘာသာရပ်က အောက်စ်ဖို့ဒ်မှာ တက်ခဲ့တဲ့ ဘာသာရပ်နဲ့ မတူဘဲ လုံးဝ ပြောင်းလဲသွားလို့ပါပဲ။ သူတက်တဲ့ ဘာသာရပ်က အထက်မှာ ရေးခဲ့တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ (Buddhist Studies Pathway) ဆိုတော့ ထူးခြားနေတာပေါ့။ အဲဒီကတည်းက ကျမသူ့ကို စိတ်ဝင်စားနေမိတယ်၊ သူနဲ့ အေးအေး ဆေးဆေး စကားပြောချင်တယ်၊ သူကလဲ အလုပ်က ခပ်များများ၊ ခရီးတွေ ဟိုသွားဒီသွားနဲ့၊ နောက်ပြီး စာဂျပိုးလေးဆိုတော့ စာကလွဲရင် ဘာမှ အာရုံမရှိသူ။ စာတွေ သိပ်လုပ်လွန်းလို့ ဆရာမတွေကတောင် တားနေရတယ်လို့လဲ တဆင့်စကား သတင်းတွေကြားရဲ့။

နောက်တော့ မာစတာဒီဂရီကိုလဲ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီး အခု PhD အတွက် ဆက်လုပ်နေပြီ ဆိုတော့ ကျမအတော်လေးကို အံ့သြရင်း ချီးကျူးမိသလို ၀မ်းလဲ ၀မ်းသာဂုဏ်ယူမိတယ်။ နိုင်ငံရပ်ခြားရောက် မြန်မာမိန်းကလေး (လူဝတ်ကြောင်) ထဲမှာ ခုလို ဗုဒ္ဓဘာသာဆိုင်ရာ ပညာရပ်ကို စိတ်ဝင်တစားနဲ့ တစိုက်မတ်မတ် PhD အဆင့်ရောက်အောင် လေ့လာတဲ့သူ (ကျမသိသလောက်ဆိုရင်) အင်မတန်မှ ရှားပါတယ်။ သူ့ကို အားကျစိတ်၊ သူ့လုပ်ရပ်တွေကို အားရကျေနပ်စိတ်ကြောင့် အင်တာဗျူးလုပ်ချင်လို့ မေးခွန်းလေးတွေ စီစဉ်ပြီး ဇူလိုင်လရဲ့ နေ့လည်ခင်း တခုမှာ သူ့အိမ်ကို သွားတွေ့ဖြစ်ခဲ့တယ်။
***

(၁) အင်တာဗျူးနေ့က လျှပ်တပြက်ရိုက်ချက် (၂) ပါဠိသင်တန်းတခု၌စိတ်ဝင်စားစွာ နားထောင်နေစဉ်

မေ - ပြည့်ပြည့် အောက်စ်ဖို့ဒ်က ရတဲ့ဘွဲ့ နာမည်နဲ့ ခုနှစ်ကို ပြောပြပါဦး။

ပြည့် - B.A (Hons) Economics and Management ပါ။ စီးပွါးရေးနဲ့ စီမံ အုပ်ချုပ်ရေးပေါ့။ ၂၀၀၈ ခုနှစ်က ဘွဲ့ရခဲ့ပါတယ်။

မေ - အောက်စ်ဖို့ဒ် တက္ကသိုလ်ဝင်ဖို့အတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ၊ ၀င်ခွင့်ရဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်လဲ။
ပြည့် - ၀င်ခွင့်ရဖို့က Grade A level မှာ အနည်းဆုံး 3 A ရမှ လျှောက်လို့ရတယ်။ အဲဒီအတွက် GCSE မှာရော A Level မှာရော တောက်လျှောက် ကြိုးစားခဲ့ရပါတယ်။ ကျောင်းလျှောက်ဖို့အတွက် အက်ဆေး ၂ ပုဒ်နဲ့ application form ကို အောက်တိုဘာမှာ နောက်ဆုံးထားပြီး တင်ရတယ်၊ အဲဒါကို ကြည့်ပြီးးမှ သူတို့က လက်ခံတယ်ဆိုရင်ရင် အင်တာဗျူး ခေါ်တယ်။

မေ - အက်ဆေးကို သူတို့ ဘာခေါင်းစဉ်ပေးထားလဲ၊ စာလုံးရေရော သတ်မှတ်ထားလား။
ပြည့် - ဘာခေါင်းစဉ်ရယ်လို့ မပြောဘူး၊ စာလုံးရေလဲ သတ်မှတ်မထားဘူး။ အဲဒီတုန်းက ကံကောင်းချင်တယ်လို့ပဲ ပြောရမှာပေါ့၊ A level မှာတုန်းက ဘိုင်အိုတို့ Business study တို့မှာ အက်ဆေးအရှည်တွေ extra class အနေနဲ့ ဆရာတွေက လုပ်ခိုင်းထားတာ ရှိတယ်၊ တချို့လူတွေကတော့ မလုပ်ကြဘူး၊ မလုပ်လဲရတယ်။ သမီးကတော့ လုပ်ထားတာ ရှိတယ်ဆိုတော့ ပို့လိုက်တာပေါ့။ နောက်ပြီး Reference တွေလဲ ဆရာတွေဆီက ရတယ်။ application form ကို အောက်တိုဘာမှာပို့လိုက်တယ်၊ ဒီဇင်ဘာလဆန်းမှာ အင်တာဗျူးသွားရတယ်။

မေ - အင်တာဗျူးမှာ မေးတဲ့မေးခွန်းတွေ မှတ်မိသေးလား။ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။
ပြည့် - အင်တာဗျူးက ၂-ရက်မေးတာ၊ ပထမနေ့မှာ ရေးဖြေ၊ သင်္ချာနဲ့ အင်္ဂလိပ်စာ ဖြေရတယ်။ နောက်တနေ့ အီကိုနဲ့ Management ဆိုတော့ အင်တာဗျူး ၂-ကြိမ် ဖြေရတယ်။ အီကိုက တကြိမ် Management က တကြိမ်ဆိုတော့ စုစုပေါင်း ၃-ကြိမ်ပေါ့။ မေးတာကတော့ အစုံပဲ။ နာရီဝက်စီလောက် ကြာတယ်။ မေးတဲ့သူက နှစ်ယောက်၊ တယောက်က ဘာသာရပ်ဆိုင်ရာမေးတာ၊ နောက်တယောက်ကတော့ အထွေထွေပေါ့။ အဲဒီတုန်းက မှတ်မှတ်ရရ အာရှဘက်က တက်နေတဲ့အချိန်၊ အီကိုမှာမေးတာ … အနောက်နိုင်ငံက စတော့မားကတ်တွေနဲ့ အရှေ့နိုင်ငံက စတော့မားကတ်တွေကို နှိုင်းယှဉ်ခိုင်းတယ်။ အရှေ့ကတော့ အနောက်ကို မှီမှာမဟုတ်ဖူး … လို့ ။ အရှေ့နိုင်ငံက institution အနေနဲ့ လုပ်ထားတဲ့ law တွေဘာတွေက သိပ်ပြီး strong မဖြစ်ဘူး။ အနောက်နိုင်ငံက ကြာလှပြီ၊ အကုန်လုံး ဖွဲ့စည်းတည်ဆောက်ပုံက စနစ်တကျ ရှိပြီးသား။ ဒါတောင်မှ crash ဖြစ်တာဆိုတော့ အရှေ့နိုင်ငံမှာ ဆိုရင်တော့ ပိုဆိုးမှာပေါ့။ အဲဒါကတော့ မှတ်မှတ်ရရပဲ။

မေ - ဒါနဲ့ ပြည်ပြည့်က ဘာဖြစ်လို့ ဒီဘာသာရပ်ကို ရွေးခဲ့တာလဲ။
ပြည့် - Business Study လုပ်ထားတယ်ဆိုတော့ Eco နဲ့ Management ကို ရွေးလိုက်တာပါ။ အောက်စ်ဖို့ဒ်မှာ သမီးစ၀င်တော့ အဲဒီကို့စ် စတာ ၄ နှစ်လောက်ပဲ ရှိသေးတယ်။ အရင်က B.A Eco ပဲ ရှိတယ်။ Management နဲ့ မပေါင်းဘူး။ နောက်မှပေါင်းလိုက်တာ။ ဒီကို့စ်က အောက်စ်ဖို့ဒ်မှာ competition အများဆုံးဖြစ်လို့ ၀င်ဖို့ ခက်တဲ့ ကို့စ်တခုပဲ။

မေ - အောက်စ်ဖို့ဒ်မှာ ဘယ်နှနှစ်ကြာခဲ့လဲ။
ပြည့် - ပုံမှန်က ၃ နှစ် ကို့စ်၊ ၂၀၀၄ ကနေ ၂၀၀၇ ဆိုရင် ပြီးရမှာ။ ဒါပေမဲ့ သမီးက ၁ နှစ် gap ယူလိုက်တာ။ အမေဆုံးလို့ ရန်ကုန်ပြန်တာနဲ့ ၂၀၀၆-၂၀၀၇ တနှစ်နားလိုက်တယ်။ အဲဒါကြောင့် ၂၀၀၈ မှ ပြီးတယ်။


(၁) အောက်စ်ဖို့ဒ်တက္ကသိုလ်ဘွဲ့နှင်းသဘင် (၂) ဆရာတော်ဦးဓမ္မသာမိနှင့်

မေ- ပြည့်ပြည့် အဲဒီမှာ သင်နေတဲ့ ကာလတလျှောက် ကြုံခဲ့ရတဲ့ အခက်အခဲတွေ ဘာတွေများရှိလဲ။
ပြည့် - ကြုံရတဲ့ အခက်အခဲကတော့ အောက်စ်ဖို့ဒ်မှာ သင်တဲ့စနစ်က တခြားတက္ကသိုလ်တွေနဲ့ ကွာတယ်။ ဘက်ခ်ျလာ လယ်ဗယ်မှာတောင် independent study မို့ ဆရာတွေကိုချည်း သိပ်ပြီး အားကိုးလို့ မရဘူး။ နောက်ပြီး အောက်စ်ဖို့ဒ်မှာက ကျူတိုရီယာယ် စနစ်၊ အက်ဆေးစနစ် ဆိုတာ ရှိတယ်။ အက်ဆေးက တပတ်ကို ပျမ်းမျှခြင်း ၂ ပုဒ် အမြဲရေးရတယ်၊ တပုဒ်ကို စာလုံးရေ ၁၂၀၀ နဲ့ ၁၅၀၀ကြား ဆိုတော့ စုစုပေါင်း တပတ်ကို စာလုံးရေ ၃၀၀၀ လောက်က အမြဲရေးနေရတယ်။ အဲဒီအတွက် စာကလဲ အနည်းဆုံး source ၁၀ ခုလောက် ဖတ်ရတယ်။ စုစုပေါင်းဆို ၂၀ လောက် သွားကျတာပေါ့။ chapter ဆိုလဲ ၂၀၊ article တွေ ဖတ်ရင်လဲ ၂၀ ပေါ့။ အဲဒီလိုမျိုးဖတ်ရတော့ time pressure ရှိတယ်၊ အောက်စ်ဖို့ဒ်မှာ essay crisis က အမြဲတမ်းဖြစ်တယ်။ တင်ခါနီး မနက်ဖြန် တင်ရမယ်ဆိုရင် ဒီနေ့ညက အိပ်ချိန်က တော်တော်နည်းသွားပြီ။

နောက်တခုက သမီးရဲ့ ကို့စ်မှာ လက်ချာနဲ့ ကျူတိုရီယာယ်နဲ့က အံဝင်ခွင်ကျ မဖြစ်ဘူး။ ပုံမှန်က လက်ချာပြီးမှ ကျူတိုရီယာယ်ဖြစ်ရမယ်။ ဒါပေမဲ့ တခါတလေ ဒီ term က လက်ချာကို နောက် 3rd term လောက်ကျမှ ကျူတိုရီယာယ် ၀င်ရတယ်။ တခါတလေ ကျူတိုရီယာယ် အရင်ဝင်ပြီးမှ လက်ချာလာတယ်။ အဲဒီတော့ စာကို ကိုယ့်ဟာကိုယ် ဖတ်ရတယ်။ ကောင်းတာကတော့ ကျူတိုရီယာယ်မှာ ကျောင်းသား အများဆုံး ၃ ယောက်လောက်ကို ဆရာတယောက် ဆိုတော့ ဆရာက ပိုပြီး attention ပေးနိုင်တာပေါ့။ အဲဒါကတော့ အားသာချက်ပေါ့။ အားနည်းချက်ကတော့ ဆရာတွေက မရှင်းပြနိုင်ဘူး။ သူတို့မှလဲ အချိန်မရှိဘူး။ ကိုယ်စာဖတ်ပြီး နားမလည်ရင် အဲဒါ ကိုယ့်ရဲ့ ပြဿနာပဲ။ ဆရာတွေက ဘာမှ လုပ်ပေးလို့မရဘူး။ လက်ချာကလဲ နောက်မှလာမှာဆိုတော့ မသိဘူး။ အဲဒီတော့ တကယ့် Independent study ပဲ။

နောက်ပြီးတော့ အကုန်လုံးက competition များတယ်။ ၀င်ဖို့လဲ competition ရှိသလို ကျောင်းသားတွေကလဲ တယောက်နဲ့ တယောက် အမြဲတမ်း ပြိုင်နေကြတာ။ နောက်တခုက အဲဒီက အားနည်းချက်လို့ ဆိုရမှာပေါ့လေ … ကိုယ်သာလျှင် အညံ့ဆုံးလို့ ကျောင်းသားတိုင်းလိုလိုက တွေးတာ။ အဲဒါက မှန်ခြင်းမမှန်ခြင်း ဘေးချိတ်၊ ကျောင်းသား အများစုက တွေးကြတာ။

မေ - ဘာဖြစ်လို့ အဲဒီလိုတွေးတာလဲ။ သူများတွေက ကိုယ့်ထက်သာတယ်လို့ ထင်တာလား။
ပြည့် - ဟုတ်တယ် … ထင်တာ … အထင်နဲ့ချည်း ဖြစ်နေကြတာ။

မေ - အဲဒါဆို စိတ်ဓာတ်ကျတဲ့ သဘော ဖြစ်နေကြတာပေါ့။
ပြည့် - ဟုတ်တယ်၊ စိတ်ဓာတ်ကျတဲ့ ရောဂါက အဲဒီမှာ တော်တော်များတယ်။ အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ တနှစ်ကို အနည်းဆုံး ၂ ယောက် ၃ ယောက်လောက် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ်။

မေ - ဆရာတွေကရော ကျောင်းသားတွေကို စိတ်ဓာတ်အင်အား မြှင့်တင်မပေးကြဘူးလား။
ပြည့် - လုပ်တော့လုပ်တယ်၊ ဒါပေမဲ့ ဆရာတွေနဲ့ ကျောင်းသားနဲ့က ထိတွေ့မှု သိပ်မရှိဘူး။ အောက်စဖို့ဒ် တက္ကသိုလ်က ကောလိပ်တွေနဲ့ အုပ်ချုပ်တာမို့ ကိုယ်က ဒီကောလိပ်မှာနေပေမယ့် တခြားကောလိပ်က ဆရာဆီမှာ ကျူတိုရီယာယ်သွားယူရတာဆိုတော့ ဆရာနဲ့ ကျောင်းသားနဲ့က ထိတွေ့မှုသိပ်မရှိဘူး။ အထူးသဖြင့် ဘတ်ချလာ လယ်ဗယ်ဆိုရင် ထိတွေ့မှုပို နည်းတယ်။

ပထမနှစ်က အီကိုလက်ချာဆိုရင် သွားသာထိုင်တယ် ဘာမှ နားမလည်လိုက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာတွေက စာသင်ချိန် ၂ နာရီအတွင်း သင်ရတဲ့ ခေါင်းစဉ်တွေက အရမ်းများတော့ အမြန်သင်ရတယ်။ ဘာသာစကားကို ရွေးတာကိုက စကော်လာတွေကို သင်သလို terminology တွေသုံးတာဆိုတော့ နားလည်ရခက်တယ်။ ကိုယ်က ကြိုမဖတ်ထားရင် နားမလည်ဘူး။

နောက်တခုက … အောက်စ်ဖို့ဒ်ကို ၀င်တဲ့ ဗြိတိသျှ ကျောင်းသားအများစုက ပရိုက်ဗိတ်ကျောင်းတွေက လာကြတာ၊ အဲဒီကို ၀င်တဲ့ နိုင်ငံတကာက ကျောင်းသားတွေဆိုရင်လဲ ပရိုက်ဗိတ်ကျောင်းထွက်တွေပဲ။ သမီးရဲ့ အတန်းဖော်တွေက ပရိုက်ဗိတ်ကျောင်းက၊ သမီးတယောက်ထဲ စတိတ်ကျောင်းက ဆိုတော့ သူတို့ ပရိုက်ဗိတ်ကျောင်း ယဉ်ကျေးမှုနဲ့ကွာတာပေါ့။ ဒါကြောင့် သမီးအနေနဲ့ adjust လုပ်ရခက်ခဲ့တယ်။

မေ - အဲဒီတော့ ပြည့်ပြည့် စာသင်တဲ့တလျှောက် စိတ်ဖိစီးမှုတွေ ဖြစ်တာကို ဘယ်လို တွန်းလှန်ခဲ့လဲ။
ပြည့် - ၂၀၀၅ ဒီဇင်ဘာမှာ ဆရာတော်ဦးဓမ္မသာမိ အောက်စ်ဖို့ဒ်ကျောင်း အဟောင်းကို ပြောင်းလာပြီ။ အဲဒီမှာ သောကြာညဆို စုပေါင်း တရားထိုင်တာ ရှိတယ်။ အဲဒါက တော်တော်ကယ်သွားတယ်။ အဲဒီကနေ မျိုးစေ့ပျိုးသလို ဖြစ်သွားတာပေါ့။ ပထမတုန်းကတော့ စာသင်ပြီး ပင်ပန်းတာနဲ့ ဆိုတော့ အိပ်ငိုက်တာက များတယ်။ အိပ်ငိုက်ပေမဲ့လဲ အဲဒါက အစပျိုးသလို ဖြစ်သွားပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုတွေကို တော်တော်လေး လျော့ကျစေပါတယ်။

မေ - အဲဒီအရင်ကရော ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ခဲ့လဲ။
ပြည့် - အရင်ကတော့ မိရိုးဖလာ ဘုရားရှိခိုး ပုတီးစိပ်တာလောက်ပဲ။ တရားထိုင်တာက ဆရာတော်နဲ့တွေ့မှ၊ ဆရာတော်က အခြေခံကစပြီး ဘယ်လိုထိုင်ရမယ် ဆိုတာသင်ပေးတယ်။ ဆရာတော်က ပရိယတ္တိဘက်လဲ အားသန်တယ်ဆိုတော့ စာလေးတွေနဲ့ ရှင်းပြတယ်။ သောကြာနေ့တိုင်း ၄၅ မိနစ်တရားထိုင် ပြီးရင် group discussion လုပ်တယ်။ အဲဒီအချိန်မှာ မသိတာရှိရင် မေးလို့ရတယ်၊ ဆရာတော်က ရှင်းပြပေးတယ်။

မြန်မာပြည်၌ သီလရှင်ဝတ်စဉ်

၂၀၀၇ မှာ မြန်မာပြည်ကို တနှစ်ပြန်တော့ သဲအင်းဂူမှာ ၁၀ ရက်စခန်းဝင်တယ်။ အဲဒါက ပထမဆုံး တရား စခန်း စ၀င်ဖူးတာပဲ။ သီလရှင်ဝတ်တာကတော့ ၂၀၀၈ အောက်စ်ဖို့ဒ်မှာ ဖိုင်နယ် စာမေးပွဲဖြေပြီးမှ မြန်မာပြည် ပြန်ပြီး သီလရှင် ၅ ပတ် ၀တ်တယ်။ ပြည်က သဲအင်းဂူမှာ တရားထိုင်တယ်။ အဲဒီနောက်ပိုင်း တောက်လျှောက် တရားထိုင်ဖြစ်တယ်။ ဒီကို ပြန်လာတော့ ပဋိပတ္တိက လက်တွေ့လုပ်ထားပြီးပြီ ဆိုတော့ ပရိယတ္တိ လေ့လာချင်စိတ် ပေါ်လာတာပေါ့။ ဆရာတော် ဦးဓမ္မသာမိကတော့ သီအိုရီပိုင်းတွေ ရှင်းပြတယ်။



မေ- ပြည့်ပြည့် မဟာဝိဇ္ဇာဘွဲ့ ယူခဲ့တဲ့ M.A Buddhist Study ကို လေ့လာဖို့ စိတ်ကူးဖြစ်ခဲ့ပုံကို ပြောပြပါအုံး၊
ပြည့် - ၂၀၀၈ နိုဝင်ဘာမှာ ဒီကိုပြန်ရောက်ပြီး အောက်စ်ဖို့ဒ်မှာ ဘွဲ့နှင်းသဘင်ရှိလို့ နေတဲ့အချိန်မှာ တည တိပိဋက ဆရာတော် ဦးဂန္ဓမာလာကို ပဋ္ဌာန်းအကြောင်း သိချင်လို့ မေးရင်း ပဋ္ဌာန်းဆိုတာ အရမ်းခက်တယ် အရမ်းရှုပ်တယ်ဆိုတော့ စာသင်ရင်ကောင်းမလား လျှောက်တော့ ဆရာတော်က အားပေးတယ်။ အဲဒါနဲ့ ဆရာတော် ဦးဓမ္မသာမိဆီက အကြံဉာဏ်တောင်းပြီး SOAS မှာ M.A Buddhist Study ရှိတာနဲ့ လျှောက်လိုက်တယ်။

အဲဒီဟာ လျှောက်တဲ့အချိန်မှာပဲ ဘာမင်ဂန်မှာလဲ M.A Eco Development study ကို လျှောက်လိုက်သေးတယ်။ B.A ပြီးသွားတော့ M.A ဆက်လုပ်ချင်တာလဲ ပါတယ်။ စီးပွါး စီမံနဲ့ ဘီအေဘွဲ့ရပေမဲ့ စီးပွါးရေး မလုပ်ချင်ဘူး။ အရင်ကတည်းက စာသင်တာဝါသနာပါတယ်၊ စာရေးတာဝါသနာပါတယ်၊ စကော်လာ ဖြစ်ချင်တာကိုး။ ဒီ Buddhist Study မလုပ်ဖြစ်ရင်တောင် Development Study နဲ့ လုပ်ပြီး စာသင်တဲ့ လိုင်းဘက်သွားမှာ။ အခုက subject ပြောင်းပေမဲ့ career အနေနဲ့ကတော့ မပြောင်းဘူး။

အဲဒါနဲ့ ဘာမင်ဂန်မှာ Development Study လျှောက်တော့လဲ ၀င်တယ်။ အဲဒီအချိန်မှာ အဖေက အလုပ်ရှာလို့ပြောလို့ အလုပ်လျှောက်လိုက်သေးတယ်။ နောက်တော့ ဖေဖော်ဝါရီ ၂၀၀၉ မှာ ဦးဂိုအင်ကာ စခန်းသွားတယ်။ စခန်းက ထွက်ထွက်ချင်း အလုပ်က အင်တာဗျူး လှမ်းခေါ်တယ်၊ ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ SOAS ကလဲ လှမ်းခေါ်တယ်၊ အလုပ်လုပ်ပြီဆိုရင် ကျောင်းတက်ရမှာ မဟုတ်တော့ဘူး၊ နောက်ဆုံးတော့ အလုပ်ကို မသွားတော့ဘူး။ SOAS အင်တာဗျူးပဲ သွားတော့တယ်။ အင်တာဗျူးတာကတော့ ခဏပါပဲ၊ ဘာကြောင့် social science ကနေ ဒီဘာသာရပ်ကို ပြောင်းတာလဲ ဆိုတာမျိုးလောက်ပဲ မေးတယ်။

အဲဒါကတော့ စိတ်ဝင်စားလို့ပေါ့၊ လေ့လာချင်တယ်၊ ကိုယ်လဲ meditation လုပ်ထားတဲ့ အခံရှိထားတော့ ဘာသာရေးကို တကယ့်ပညာရပ်တခုလို လေ့လာချင်လို့ ဖြေလိုက်တယ်။ နောက်ပြီး သမီးရဲ့ Reference တွေက အရမ်းကောင်းတယ်ပေါ့လေ၊ ဆရာတော်ဦးဓမ္မသာမိနဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်က ဆရာရဲ့ reference ဆိုတော့ အရမ်းကောင်းလွန်းလို့တဲ့။ အင်တာဗျူးကတော့ လွယ်လွယ်ကူကူပဲ ပြီးသွားပါတယ်။
***
ပထမပိုင်းကို ဒီနေရာမှာ ခဏရပ်လိုက်ပါတယ်။ နောက်အပိုင်းမှာ …
- ဗုဒ္ဓဘာသာဆိုင်ရာ မဟာဝိဇ္ဇာကို လေ့လာသင်ယူတဲ့အတွက် မိဘဆွေမျိုးတွေရဲ့ အားပေးမှု (သို့) ကန့်ကွက်မှု အနေအထားတွေ …
- ဘာသာရေးနဲ့ ပတ်သက်လို့ ငယ်စဉ်ကနေ ခုချိန်ထိ အမြင်ပြောင်းလဲ လာပုံတွေ …
- မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုစာတမ်းအမည်နဲ့ အချက်အလက် စုဆောင်းခဲ့ရပုံတွေ …
- လက်ရှိလုပ်နေတဲ့ ပီအိတ်ခ်ျဒီဘွဲ့အတွက် ရွေးချယ်ထားတဲ့ ခေါင်းစဉ်၊ ပြီးစီးမှု အခြေအနေတွေ …
- ပီအိတ်ခ်ျဒီဘွဲ့ရပြီးနောက် အနာဂတ် ရည်မှန်းချက် … စသဖြင့် ဆက်လက်ဖော်ပြသွားပါမယ်။

စိတ်ဝင်စားရင် ဆက်ပြီး ဖတ်ရှုအားပေးကြပါအုံး။ ပြီးခဲ့တဲ့ လကတည်းက အင်တာဗျူးခဲ့တဲ့ အသံဖိုင်ကို အားတဲ့အချိန်လေးမှာ နည်းနည်းချင်း နားထောင်ပြီး ပြန်ရေးထားတာမို့ အချက်အလက် အမှားအယွင်းများ ပါရှိခဲ့ရင် ကျမတာဝန်သာ ဖြစ်ပါကြောင်း။
***
မေဓာဝီ
၁၈၊ သြဂုတ် ၂၀၁၁
၂၂း၄၂ နာရီ

Read More...

Wednesday, August 10, 2011

မေဓာဝီ အလစ်သုတ်ရခြင်း

ဒီခေါင်းစဉ်ဖတ်ပြီး မေဓာဝီတယောက် ဘိလပ်တ၀ှမ်းမှာ ခုတလော ဖြစ်ပွါးနေတဲ့ ဆူပူမှုတွေထဲ ရောယောင်ပါပြီး ဆိုင်တွေဖောက် ပစ္စည်းတွေ အလစ်သုတ်နေတယ်လို့ အထင်တော် မလွဲလိုက်ကြပါနဲ့။ အလစ်သုတ်ရတယ် ဆိုတာ အလုပ်သစ်ရတာကို ဆိုလိုတာပါ။ ဟုတ်ကဲ့ မေဓာဝီ အလုပ်သစ် ရနေပါပြီ။ အသစ်ရတယ်ဆိုတော့ အဟောင်းရှိလို့လား ဆိုရင်ဖြင့် အိမ်မှုကိစ္စ ဗာဟီရနဲ့ ဘလော့ရေး ဘလော့ဖတ် စတဲ့ ကြီးစွာသော အလုပ်တွေဟာ ပိုက်ဆံမရတဲ့ ကျမရဲ့ အလုပ်ဟောင်းတွေပေါ့။ အခု အလစ်သုတ်ကတော့ ပိုက်ဆံရမယ့် အလုပ်ပါ။

ဘိလပ်ရောက်ပြီး ၄ နှစ် ပြည့်လု ပြည့်ခင်မှ အလုပ်ဆိုတာကြီးကို နဖူးနဲ့ ဒူးနဲ့ စတွေ့တာမို့ တော်တော်တော့ မလွယ်ပါဘူး။ ဖရီးရိုက်နေတာ ကြာလို့လားမသိဘူး၊ လူက ခပ်တုံးတုံး ဖြစ်နေပြီ။ ဒီအလုပ်ရတာကလဲ နည်းနည်းတော့ ထူးဆန်းသား။ ကျမ ဒီကို ရောက်စကတည်းက ကျမ အမက အလုပ်လျှောက် အလုပ်လျှောက်ဆိုပြီး ရရာ အလုပ်လုပ်ဖို့ တိုက်တွန်းလွန်းလို့ သူမေးရင် လျှောက်တယ်လို့ ဖြေနိုင်ရုံ အွန်လိုင်းကနေ စတိသဘောမျိုး လျှောက်နေခဲ့တာ ကြာပါပြီ။ အွန်လိုင်းက လျှောက်တဲ့ အလုပ်ဆိုတာက ရဖို့ရာခိုင်နှုန်းက အင်မတန် နည်းပါတယ်။ ဒါပေမဲ့လဲ မရလဲ အရေးမကြီးဘူးဆိုပြီး ၆ လကို တခုနှုန်းလောက် လျှောက်နေခဲ့တယ်။ အလုပ် လောဘကြီးပုံများ အဲဒီလို … ။

တသက်နဲ့တကိုယ် အလုပ်ဆိုတာကို အားကြိုးမာန်တက် တခါမှ မလျှောက်ဖူးခဲ့ဘဲ အလိုလို အလုပ်တွေ ရရနေခဲ့တော့ အလုပ်လျှောက်တဲ့ ကိစ္စမှာ သိပ်အားမထုတ်တတ်တာလဲ ပါတယ်။ ဒီအလုပ်ကို လျှောက်ဖြစ်တာကတော့ စာမေးပွဲပြီးရင် အိမ်မှာ ခြေချုပ်မိနေမှာ စိုးတာက တကြောင်း၊ အဲဒီအလုပ်မှာ လုပ်နေတဲ့ ညီမတယောက်က တိုက်တွန်းတာက တကြောင်း စာမေးပွဲ ဖြေနေတဲ့ ရက်အတွင်းမှာပဲ အွန်လိုင်းကနေ လျှောက်လွှာတင်လိုက်တယ်။ စာမေးပွဲပြီးတာနဲ့ အလုပ်လုပ်တော့မယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ အလုပ်ဆိုတာ လျှောက်တိုင်းရမှာ ကျနေတာပဲ။

အဲဒီလိုနဲ့ ဇွန်လ ၁၅ ရက်မှာ စာမေးပွဲပြီးပြီး ဇူလိုင်လထဲ ရောက်လာတယ်။ အလုပ်က လှုပ်တောင် မလှုပ်ဘူး။ လျှောက်ခိုင်းတဲ့ ညီမလေးကတော့ ပြောပါတယ်၊ ခေါ်မယ်ဆိုရင် သူတို့ ဖုန်းဆက်လိမ့်မယ် … တဲ့။ မခေါ်လဲ နေပေါ့၊ နောက်အလုပ်လဲ ထပ်မလျှောက်ပါဘူး။ လျှောက်ထားတဲ့ တခုလေးကိုပဲ ထိုင်စောင့်နေတာ၊ ဇွဲကောင်းတယ်လို့ ဆိုရမလားပဲ။ ဇူလိုင် ၁၁ ရက်နေ့ ဘာမင်ဂန်ဘုရားပွဲမှာ ဓာတ်တော် စွယ်တော်တွေ ဖူးပြီးတဲ့နောက် ဆရာတော်က စွယ်တော်ထည့်ထားတဲ့ ကြုတ်ကလေးကို ကျမ ခေါင်းပေါ်တင် ရွတ်ဖတ်ပြီး သိဒ္ဓိတင်ပေးတယ်။

ထူးခြားတာက နောက်တနေ့ မနက်စောစော ကျမအိပ်မက် မက်ပါတယ်။ အိပ်မက်ထဲမှာ အလုပ်က အမျိုးသမီးက ဖုန်းခေါ်တယ်၊ ကျမက လူစည်စည် ပွဲလမ်းတခုမှာ ရောက်နေတော့ သူပြောတာလဲ သိပ်မကြားရဘူး၊ ကိုယ်ကလဲ မနည်းအော်ပြောနေရတယ်။ နောက်တော့ ကျမ အီးမေးလ်လိပ်စာ သူ့ကိုပေးပြီး ပြောစရာရှိရင် အီးမေးလ်ပို့လိုက်ပါလို့ ပြောရင်း လန့်နိုးသွားတယ်။ အဲဒီတော့မှ အင်းး အလုပ်ကလဲ ခုထိ ငါ့ဆီ ဖုန်းမဆက်သေးပါလား မခေါ်တော့ဘူး ထင်ပါရဲ့ … ဆိုတဲ့အတွေး ခေါင်းထဲ ရောက်လာပြီး ခဏအတွင်းပဲ ပြန်အိပ်ပျော်သွားတယ်။

သိပ်မကြာလိုက်ပါဘူး ဖုန်းမြည်သံနဲ့ ကျမနိုးလာပြန်ပါတယ်။ နံပါတ်ကို ကြည့်လိုက်တော့ ကိုယ်မသိတဲ့ နံပါတ်။ အိပ်ချင်မူးတူးနဲ့ ကိုင်တော့ …
“ဟယ်လို … မေလား … ငါ xxx က ထရေစီပါ … နင် အလုပ်လျှောက်ထားတာအတွက် အင်တာဗျူး ခေါ်မလို့ … xxxx”

ရုတ်တရက် ကျမ ကောင်းကောင်း အိပ်ရာက မနိုးသေးဘူး။ အိပ်မက်လား တကယ်လား ဝေေ၀၀ါးဝါးနဲ့။ သူက နှစ်ခေါက်လောက် ပြန်ပြောတယ်။ အဲဒီတော့မှ ၀ုန်းခနဲ ထထိုင်ပြီး … အင်တာဗျူးသွားရမယ့် နေ့တွေ အချိန်တွေ ကမန်းကတန်း လိုက်မှတ်ရတယ်။ ဖုန်းချပြီး နာရီကြည့်တော့ မနက် ၇ နာရီ ခွဲနေပြီမို့ ပြန်မအိပ်တော့ဘဲ အိပ်မက်အတိုင်း ချက်ချင်းကြီး ဖြစ်တာကို အံ့သြနေမိတယ်။ မနေ့က ဘုရားပွဲမှာ စွယ်တော်နဲ့ သိဒ္ဓိတင်ပေးလိုက်လို့ နတ်ကောင်းနတ်မြတ်တွေက လာလှုံ့ဆော်ကြတာလား မသိပါဘူး။ ကိုယ်ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် မျှော်လင့်မထားချိန်မှာ အလုပ်က လှမ်းဆက်သွယ်တာပဲ လို့ တွေးမိတယ်။ အဲဒီလိုနဲ့ ချိန်းတဲ့ရက်မှာ ပထမအင်တာဗျူး ပြီးသွားတော့ ဒုတိယ အင်တာဗျူးအတွက် ထပ်ဆက်သွယ်ပါမယ်တဲ့၊ စောင့်ပေအုံးတော့ပေါ့။

အဲဒီရက်ပိုင်း ကျမက အိမ်မှာနေပြီး ၉ ရက် တရားထိုင်နေတဲ့အချိန်။ တရားထိုင်နေတုန်း ဖုန်းလာပြန်တယ်။ မကိုင်ဘူးလို့ စိတ်ကိုတင်းထားပေမဲ့ မနေနိုင်လို့ မျက်လုံးလေးခိုးဖွင့်ပြီး ချောင်းကြည့်တော့ အဲဒီအလုပ်က ဖုန်းဖြစ်နေတာနဲ့ အမြန် ကိုင်လိုက်ရတယ်။ ဒုတိယ အင်တာာဗျူးအတွက် လာခဲ့ဖို့ ထပ်ခေါ်တာပါ။ ဒါနဲ့ပဲ အဲဒီမနက်ခင်း တရားထိုင်တာ ဖျက်ပြီး အင်တာဗျူးသွားလိုက်တယ်၊ သူက မေးချင်တာမေး ကိုယ်ကလဲ ဖြေချင်တာ ဖြေလိုက်တာပဲ။ လူမစွမ်း နတ်မ-တာလားတော့ မသိပါဘူး၊ နောက်ဆုံးတော့ ကျမ အလုပ်ရခဲ့တယ်။


အလုပ်သွားရာ လမ်းကလေးနဲ့ အလုပ်နားက ရေကန်ကြီး

သြဂုတ်လ ၁ ရက်နေ့မှာ အလုပ်စဆင်းရပါတယ်။ အလုပ်က ယူနီဖောင်းပေးတယ်၊ နေ့လည်စာကျွေးတယ်၊ ကော်ဖီ အချိုရည် ကြိုက်သလောက် သောက်လို့ရတယ်၊ gym အခမဲ့ သုံးလို့ရတယ်၊ ပင်စင်အတွက် အချိုးကျ ရာခိုင်နှုန်း ထည့်ပေးတယ်၊ ကျန်းမာရေးအတွက် မျက်စိစစ်တာ ဘာညာ အခမဲ့ လုပ်ပေးတယ်၊ စသဖြင့် ၀န်ထမ်း အကျိုးခံစားခွင့်တွေ တော်တော်များများ ရပါတယ်။ သို့ပေသိ ပင်ပန်းတယ်၊ အလုပ်ချိန် ၈ နာရီကို အသွား ၂ နာရီ အပြန် ၂ နာရီ ပေါင်းလိုက်တော့ စုစုပေါင်း ၁၂ နာရီက အပြင်မှာ။


အဲဒီအဆောက်အဦးကြီးမှာ လုပ်ရတာ ...

မနက်တိုင်း ၄း၄၅ အိပ်ရာထ၊ မျက်နှာသစ်၊ ဘုရား သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ အ၀တ်အစားလဲ၊ မနက်စာစား၊ ဦးရီးတော်အတွက် မနက်စာ အသင့်ပြင်၊ ခိုစာကျွေး ခိုရေလဲ … အမလေး မောလိုက်တာ … အားလုံးပြီးတဲ့အချိန် ၅ နာရီ ၄၅ မိနစ် အိမ်က ထွက်တယ်။ အိမ်နားက ဘူတာကို ၁၅ မိနစ် လမ်းလျှောက်ပြီး ၆ နာရီ ၉မိနစ် လာတဲ့ ရထားကို စီးရပါတယ်။ ရထားကလဲ တဆင့်ထဲ မရောက်ဘူး၊ ၂ ဆင့်ပြောင်းစီးရတယ်။ ရထားပေါ်မှာ ဘုရားစာရွတ်လိုက်၊ စာဖတ်လိုက်၊ အိပ်ငိုက်လိုက်နဲ့ ဆင်းရမယ့် လမ်းဆုံးဘူတာ ရောက်တော့ မနက် ၇ နာရီ သာသာပဲရှိပါသေးတယ်။ အလုပ်စချိန်က မနက် ၈ နာရီဆိုပေမဲ့ ဒီ့ထက်နောက်ကျတဲ့ ရထားကို စီးရင် ၈ နာရီကျော်မှ ရောက်မှာမို့ အဲဒီရထားကို စီးမှ အဆင်ပြေပါတယ်။ စောနေတော့လဲ ဘူတာရုံမှာ ထိုင်ပြီး ပရိတ် ပဋ္ဌာန်း ဓမ္မစကြာ ရှိသမျှ ဘုရားစာတွေ ရွတ်နေတာပေါ့။ အကျိုးမမဲ့ပါဘူး။

အပြန်ကတော့ အလုပ်ရှိရာ မင်းဂန်ရွာ (ဘာမင်ဂန်) ကနေ ကျမနေတဲ့ ၀ံပုလွေရွာကို ရောက်တဲ့ တွေ့ရာရထား ကောက်စီးလိုက်တာပဲ၊ မြို့ထဲရောက်မှ ဘတ်စ်ကား ဂိတ်စကနေ အိမ်ရှေ့တည့်တည့် ရောက်တဲ့ ဘတ်စ်ကားစီးပြီး ပြန်တယ်။ ဂိတ်စ ဂိတ်ဆုံး နာရီဝက် နီးပါးလောက်ကို စီးရတာပါ။ ဦးရီးတော်အိမ်က ၀ံပုလွေရွာအစွန် တောင်ဘက် စတက်ဖို့ဒ်ရှားနယ်က ရွာငယ် ဇနပုဒ်မှာ ရှိတာကိုး။ အိမ်ရောက်တော့လဲ မနားရပါဘူး။ အ၀တ်အစားလဲပြီးတာနဲ့ ညစာပြင်၊ ဦးရီးတော်နဲ့ အတူ ညစာစား၊ ဦးရီးတော် နောက်နေ့ ထမင်းဗူးအတွက် ထမင်းကြော်၊ ဟင်းမရှိရင်ချက်၊ ဆေးကြော သိမ်းဆည်း၊ အားလုံးပြီးတော့ ရှစ်နာရီခွဲ ကိုးနာရီ။ တရားထိုင် မပျက်ချင်လို့ အချိန်ရသလောက်ကလေး တရားထိုင်၊ (ထိုင်ရင်း အိပ်ငိုက်တာက ခပ်များများ) မဟာသရဏဂုံတော်ကြီးကို နာရီဝက် တိတိရွတ်၊ ပြီးမှ ရေမိုးချိုးပြီး အိပ်ရာဝင်ရတယ်။ မအိပ်ခင် အိပ်ရာထဲကနေ ကွန်ပျူတာလေးဖွင့်ပြီး သတင်းပလင်းလေး ဘလော့လေးဘာလေး ဖတ်တာလဲ ပါသေးတာပေါ့။ ကွန်ပျူတာ ပိတ်ပြီး အိပ်တဲ့ အချိန်မှာ ၁၁ နာရီခွဲလောက် ရှိပါပြီ။

အလုပ်နားရက်ကတော့ အတိအကျ မရှိဘူး၊ စနေ တနင်္ဂနွေကလွဲလို့ ကြားရက်မှာ အလှည့်ကျ ပေးနားပါတယ်။ ကျမတို့က ကျောင်းသားဆိုတော့ ကျောင်းဖွင့်ရင် စနေ တနင်္ဂနွေ အဓိကထားပြီး လုပ်ရမှာမို့ ကြားရက်ပဲ ပေးနားတာပါ။ စစချင်း အပတ်မှာ ၇ ရက် ဆက်တိုက် လုပ်လိုက်ရပြီး ၈ ရက်နေ့ (တနင်္လာနေ့) မှ နားရတယ်။ အင်္ဂါနေ့ ပြန်ဆင်း၊ ဒီနေ့ ဗုဒ္ဓဟူးနေ့ တခါပြန်နားရပြန်ရော။ တမျိုးကြီးပဲ၊ ၂ ရက် ဆက်တိုက် ပေးနားတာလဲ မဟုတ်။

မနေ့ကတော့ ဘာမင်ဂန်မှာ အဓိကရုဏ်း ဖြစ်နေတာမို့ အလုပ်က စောစောပေးပြန်တယ်။ မန်နေဂျာ ထရေစီက ကျမကို …
“နင် ဘူတာကနေ အိမ်ကိုတန်းပြန်နော်၊ မြို့ထဲမသွားနဲ့” လို့ မှာတယ်။ ကျမလဲ ထုံးစံအတိုင်း ဘာမင်ဂန်ကနေ ရထားစီးပြီး ၀ံပုလွေရွာ ရောက်တော့ ဘူတာက အထွက် အိမ်ရှေ့တည့်တည့်ရောက်တဲ့ ဘတ်စ်ကားစီးဖို့ ဂိတ်ကိုအသွားမှာ ပုလိပ်ကားကြီး တစီး ရပ်ထားတာ တွေ့တယ်။ ဆက်လျှောက်တော့ လူ သုံးယောက်ကို ပုလိပ်က ဖမ်းပြီး ရှာနေတယ်။ လမ်းပေါ်မှာလဲ လူတွေက လှုပ်လှုပ်ရှားရှား၊ ပုံမှန် မဟုတ်သလိုပဲ။ လန်ဒန်က ဆူပူမှုက ဘာမင်ဂန်ရောက်၊ ဘာမင်ဂန်ကနေ ဒီကိုရောက်ပြီလား မသိဘူးလို့ တွေးနေရင်း ကားဂိတ်ရောက်တော့ national express ၀န်ထမ်းတွေက ၀င်ပေါက်ကို ပိတ်ရပ်ထားတယ်။ ဘယ်သူ့ကိုမှ ကားဂိတ်ထဲ ပေးမ၀င်ဘူး၊ ဂိတ်ကို ပိတ်ထားလိုက်ပါပြီ။ တခြားမှတ်တိုင်က သွားစီးပါတဲ့။ တခြားမှတ်တိုင်ဆိုတာက မြို့လယ်ခေါင် High Street နားမှာပါ။ လမ်းလျှောက်ရင် ၇ မိနစ် ၈ မိနစ်လောက်ပဲဆိုတော့ အဲဒီသွားမလို့လဲ ကြည့်လိုက်ရော လမ်းတဘက်မှာ ပုလိပ်တပ်သားတွေ ၀တ်စုံပြည့်နဲ့ ဒိုင်းတွေ ကိုင်ပြီး စောင့်နေတယ်။ ကျမရှိတဲ့ လမ်းဘက်မှာ လူအုပ်ကြီး၊ ဘေးနားကြည့်လိုက်တော့ ကျမနဲ့ မလှမ်းမကမ်းမှာ ခေါင်းစွပ်အမဲတွေနဲ့ လူတသိုက်။ သတင်းထဲကြည့်ရတဲ့ ဖျက်ဆီးရေးသမားတွေ ပုံစံမျိုး။ အမလေး … ကိုယ်နဲ့ သိပ်မကွာတော့ပါလား။

ကျမက လမ်းလျှောက်ရင်း အမနဲ့ဖုန်းပြောနေတာမို့ မြင်သမျှတွေ အစီရင်ခံတော့ အမက စိတ်ပူပြီး အမြန်ပြန်လှည့် ခိုင်းတယ်။ ကျမက ခပ်ကြောက်ကြောက်နဲ့ပဲ စပ်စုချင်လို့ မလှမ်းမကမ်းကနေ ရပ်ကြည့်ချင်သေးတာ။ ဒီနေ့မှ ကင်မရာ ယူမလာမိတာ နာတာပဲလို့ တဖျစ်တောက်တောက် ဖြစ်နေမိသေးတယ်။ တခုခုဖြစ်ရင် နင်က သူများတွေလိုလဲ ပြေးနိုင်တာ မဟုတ်ဘူး ရပ်ကြည့်မနေနဲ့ အမြန်ဘူတာထဲပြန်သွားလို့ ပြောတော့ သူ့အမိန့်အတိုင်း ဘူတာဆီ ပြန်လျှောက် တက်ခ်စီငှားမယ် ကြည့်တော့လဲ တက်ခ်စီတွေက တစီးမှ မရှိတော့ဘူး။ သူတို့လဲ ပြေးပြီပေါ့ … ဒီလူတွေက ကားတွေလဲ မီးရှို့ကြတာကိုး။ ဆိုးပါတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတာကလဲ တော်ရုံတန်ရုံပဲ ကောင်းပါတယ်၊ လွန်ကဲအားကြီးရင် ခုလို အဖျက်သမားတွေအတွက် အခွင့်အရေးပေးသလို ဖြစ်နေတော့တာပဲ။

နောက်ဆုံးတော့ ကျမနေတဲ့ ရွာငယ် ဇနပုဒ်ကလေးကို ဖြတ်သွားတဲ့ ရထားပဲ အကြာကြီး စောင့်စီးပြီး ပြန်ခဲ့ရတယ်။ ညောင်းညာနေတဲ့ ခြေထောက်ကို မနိုင့်တနိုင် သယ်ရင်း အိမ်ရောက်တော့ ၆ နာရီ ခွဲနေပြီ။ သတင်းထဲမှာ မြင်ရကြားရတာတွေက စိတ်ဆင်းရဲစရာတွေချည်းပဲ။ လန်ဒန်က စလိုက်တဲ့ အဓိကရုဏ်းက ဘာမင်ဂန်နဲ့ West Midlands ကို ပြန့်သွားတဲ့အပြင် မန်ချက်စတာနဲ့ တခြားမြို့တွေလဲ ဆက်ပြီး ဖြစ်နေတုန်းပါပဲ။ အိမ်တွေ မီးရှို့လို့ အိုးမဲ့ အိမ်မဲ့ ဖြစ်သူတွေ၊ ဆိုင်တွေကို ဖျက်ဆီးလုယက်ကြတာတွေ၊ လုယက်သူတွေ မလာအောင် ကိုယ့်ဆိုင်ကိုယ် စောင့်နေသူတွေကို ကားနဲ့တိုက်လို့ သေသွားတာတွေ … စုံလို့ပဲ။ ဖုန်းမက်ဆေ့ခ်ျတွေနဲ့လဲ အချင်းချင်း ခုလို သတိပေးကြတယ်။

WARNING! A group of armed thiefs targeting Asian houses at anytime of the day A white girl wearing burkha knocks on when the door opens 3 / 4 black men rush in n search 4 gold, cash and use violence. It has happened nearly 10 times in Birmingham in the last few weeks n started in Coventry and now it has started in Manchester please please be very careful and don’t open the door. Please pass on to others.

တဲ့။ မက်ဆေ့ခ်ျထဲက စာလုံးတွေ အတိုင်း ပြန်ကူးရေးထားတာပါ။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ သတိဆိုတာ ပိုတယ်မရှိတော့ သတိထားရမှာပဲပေါ့။

ကျမလဲ အလုပ်သစ်ရတာမှ တပတ်လောက်ပဲ ရှိသေးတယ်၊ အလစ်သုတ်တွေနဲ့ တိုးရင်ဖြင့် ခက်ရချည်ရဲ့လို့ တွေးရင်း ဆူပူ ဖျက်ဆီး လုယက်မှုတွေ အမြန်ဆုံး ပြီးဆုံးပါစေ၊ အစိုးရလဲ ထိထိမိမိ ကိုင်တွယ် ထိမ်းသိမ်းနိုင်ပါစေ၊ အပြစ်မဲ့တဲ့ လူတွေလဲ ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပြီး သတ္တ၀ါတွေကိုသာ မေတ္တာအခါခါ ပို့နေမိပါတော့တယ်။
***
မေဓာဝီ
၁၀၊ သြဂုတ်၊ ၂၀၁၁
၁၀း၄၀ နာရီ

ကျေးဇူးစကား ။ ... ။ လတ်တလော ဖြစ်ပွါးနေတဲ့ ဘိလပ် အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အနယ်နယ် အရပ်ရပ်မှ ကျမကို စိတ်ပူစွာနဲ့ မက်ဆေ့ခ်ျပို့ကြ၊ သတိပေးကြ၊ ဆုတောင်းပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ မေဓာဝီ ဘေးရန်ကင်းစွာနဲ့ အလစ်သုတ် နေပါကြောင်း။ :)

Read More...