Friday, July 20, 2007

ဂီလာန အတွေး ...

ဒီရက်ပိုင်း နေမကောင်းတာကြောင့် စာရေးစာဖတ် မလုပ်နိုင်ခဲ့ပါဘူး။ အိပ်ရာထဲမှာ လဲလျောင်းနေရင်း နေမကောင်းခြင်းရဲ့ အရသာကို ခံစားနေမိတယ်။ တော်တော် တော့ ခါးသီးတာပဲ။ စားချင်တာမစားရ။ သွားချင်ရာ မသွားရ။ လုပ်ချင်ရာ မလုပ်ရ တဲ့ ဘ၀ မဟုတ်လား။ ဘလော့လေးနဲ့လည်း ဝေးနေတာကြာပေါ့။ လွမ်းပါ့။ နည်းနည်းလေး ခေါင်းထောင်နိုင်တဲ့အချိန် မေးလ်ဘောက်စ်ကို စစ်လိုက်တော့ အွန်လိုင်းမတက်တာကြာလို့ စိတ်ပူစွာမေးလ်ပို့လာတဲ့ ညီမလေးဟန၊ ဘလော့ မရေးတာကြာလို့ အကျိုးအကြောင်း မေးလာတဲ့ ကနေဒါမှ မခိုင်၊ နောက်ပြီး နေကောင်းစေဖို့ ဆုတောင်းပေးတဲ့ ညီမလေး မီးအိမ် …. တို့ရဲ့ စာလေးတွေကို တွေ့ရလို့ ကျေးဇူးတင်မိတယ်။ ဂျီတော့ခ်မှာ ခဏတွေ့တုန်း အမိအရ ဆေးကု ဆေးညွှန်းပေးပြီး အစားအသောက် ဆောင်ရန်/ရှောင်ရန်တွေကို ပြောပြပေးတဲ့ အကို ကိုတင့်ဦးကိုလည်း ကျေးဇူးအထူးပါ။ တကူးတက ဖုန်းဆက်ပြီး အားပေးစကားပြောတဲ့ ကိုသံလွင် (ခ) ကိုစေးထူးကို လည်း ကျေးဇူးတင်ပါကြောင်း ဒီနေရာက ပြောချင်ပါတယ်ရှင်။

ကျမရဲ့ အွန်လိုင်းမိတ်ဆွေ မောင်နှမတွေဟာ ကျမနဲ့ အပြင်မှာ မသိမကျွမ်းပါဘဲနဲ့ ခုလို ကျမကို ဂရုတစိုက် အားပေးဖော်ရတာ ကျမ အလွန်ပဲ ပီတိ ဖြစ်မိပါတယ်။ ရင်ထဲလည်း နွေးထွေးစွာ ခံစားမိပါတယ်။ ကျမ နေမကောင်းတဲ့အချိန်မှာ ဆရာဝန်ပေးတဲ့ ဆေးတွေထက် ကျမကို ချစ်ခင်ကြတဲ့ မိတ်ဆွေ မောင်နှမများရဲ့ အားပေးမှုက ကျမအတွက် ပိုလို့ သက်သာစေတာ အမှန်ပါပဲ။

အခုရေးတဲ့စာကတော့ နေမကောင်းဖြစ်လို့ အိပ်ရာထဲလဲနေချိန် တောင်စဉ်ရေမရ ဟိုဟိုဒီဒီ တွေးမိတွေးရာ တွေးခဲ့မိတာလေးတွေကို အခုလို သက်သာချိန်မှာ မမေ့ လျော့အောင် ချရေးလိုက်မိတာပါ။ နေမကောင်းတဲ့အချိန်တွေးမိတဲ့ အတွက် ဂီလာန အတွေးလို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ဂီလာနအတွေးဆိုတော့လည်း ဟိုဒီ ပြေးလို့ပေါ့ … ။
***
ဂီလာန အတွေး

မူးလိုက်တာ … ။
မျက်စိကိုမှိတ်ပြီး အိပ်ရာပေါ်လှဲလိုက်တယ်။ ခေါင်းအုံးနဲ့ ခေါင်းက ငြိမ့်ကနဲ ထိသွားစဉ်မှာ တခေါင်းလုံး သွက်သွက်ခါအောင် ပိုမူးသွားသလိုပဲ။ တစောင်းလှဲ နေရာက ဖြည်းဖြည်းချင်း ပက်လက်အနေအထား ပြောင်းလိုက်တယ်။ မှိတ်ထားတဲ့ မျက်စိထဲမှာ အနီ၊ အပြာ၊ အ၀ါ၊ အစိမ်း၊ ခရမ်းရောင်၊ ပန်းရောင် … အို … အရောင်တွေကို စုံလို့ပါပဲ … ။ အကွက်အကွက်တွေ … အ၀ိုင်းအ၀ိုင်းတွေ ခရမ်းသီးပုံစံ အကွေးအကွေးတွေ … အရောင်စုံ ဒီဇိုင်းစုံ။ ငယ်ငယ်တုန်းက အိမ်ပေါ်ထပ်မှာ ခင်းထားတဲ့ ဖယောင်းပုဆိုး အဆင်အတိုင်းပဲ။ အဲဒီအဆင်ကြီးက မျက်စိနောက်စရာ။ မမြင်ချင်ဘူး … အဲဒါကြီး။

မျက်စိကို ပိုပြီး မှိတ်လိုက်မိတယ်။
ခုနပုံစံအဆင်ကြီးက အကွက်စိပ်စိပ်နဲ့ သေးသွားတာကလွဲလို့ မျက်စိထဲက မပျောက် နိုင်ပါလား။ မျက်ခွံနဲ့ မျက်စိကို ဖုံးထားတာတောင် မြင်နေရတဲ့ အရာတွေ က ရှိသေးတယ်။ ခက်လိုက်တာ … ။ ဘယ်လိုလုပ်ရပါ့။ ခေါင်းကို ယောင်ယမ်းခါမိ တော့ ဦးခေါင်းထဲမှာ ပန်းထိမ်ဖိုငှက် အော်မြည်နေသလို တတုံတုံနဲ့။

အသက်ကို မှန်မှန်ရှူ … မှန်မှန်ရှူ … လို့ ကိုယ့်ကိုယ်ကို ချွေးသိပ်ရင်း နှာခေါင်းဝမှာ တိုးဝင် တိုးထွက်လာတဲ့ လေကို ဂရုတစိုက် စောင့်ကြည့်လိုက်တယ်။ လေက ထိပြီး ၀င်သွားလိုက် … ထိပြီးပြန်ထွက်လာလိုက် … ။
ထိတယ် … ထိတယ် … ထိတယ် …စောင့်ကြည့်မှတ်နေရင်း နှာခေါင်းထိပ်တွေ ပူပြီးကျဉ် လာတယ်။ နောက်ထပ် ဝေဒနာတခုတိုးတာပဲ။ ဆိုးလိုက်တာ … ။ တော်ပြီ … မမှတ်တော့ဘူး။

နှုတ်ခမ်းတွေက ခြောက်ကပ် အက်ကွဲနေကြပြီ။
ရေ …ရေ …ရေဆာလိုက်တာ။ ထပြီးလည်း မသောက်ချင်ဘူး။ ရေလာတိုက်မယ့် သူလည်း တယောက်မှ မရှိဘူး။ ရေဆာနေတဲ့ နှုတ်ခမ်းကို လျှာနဲ့ တချက်သပ် လိုက်တော့ ပူနွေးစိုစွတ်တဲ့ လျှာက ခပ်ကြမ်းကြမ်း အတွေ့အထိကို ခံစားရတယ်။ အာခေါင်တွေလဲ တရှိန်ရှိန်ပူလို့။ ရှိစုမဲ့စု တံတွေးကိုမြိုချတော့ လည်ချောင်းက ရှတတ။ အင်း … တခုမှလည်း ကောင်းတာ မရှိပါလား … ။

ကျောအောက်မှာ ဖုတုတုနဲ့ .. ဘာကြီးပါလိမ့်။ နေရခက်လိုက်တာ … ။ လက်နဲ့ မမီမကမ်း စမ်းပြီးယူတော့ ရှူဆေးဗူးကလေး။ ကြုံတုန်း အဖုံးဖွင့်ပြီး တချက် နှစ်ချက် ရှူလိုက်တယ်။ လန်းလည်း မလန်းပါဘူး … အလကားပဲ ဒီရှူဆေး … ။ ခေါင်းရင်းထောင့်ကို ပြန်ပစ်လိုက်တယ်။ ရင်ဘတ်ထဲမှာ အပူလုံးကြီးတခု ဟိုဟိုဒီဒီ လျှောက်သွားနေသလိုပဲ။ ငုတ်တုတ်ထထိုင်လိုက်တယ်။ ရင်ဘတ်ကို ခေါင်းအုံးနဲ့ ဖိထားရင်း လေတွေ ပါးစပ်က အလုံးအရင်းထွက်သွားမှ နည်းနည်းသက်သာ… ။ ဟင် … လာပြန်ပြီ နောက်တလုံး … ။

ဝှူး …မောပြီ။
ပက်လက်ပြန်လှဲလိုက်တယ်။ ခေါင်းအုံးနှစ်လုံးဆင့်ထားမှ။ စောင်ခေါက်ကလေး ရင် ဘတ်ပေါ်တင်ထားရင်း အသက်မှန်မှန်ပြန်ရှူ … ။ ရင်ဘတ်က နိမ့်ချည် မြင့်ချည်။ ဟုတ်ပြီ … ဒီတခါ .. ၀မ်းဗိုက် ဖောင်းတာနဲ့ ပိန်တာကို မှတ်ရမယ်။ အသက်ရှူလိုက်တိုင်း ၀မ်းဗိုက်က ဖောင်းလာတယ်။ ပြန်ထုတ်တော့ ပိန်သွား … ။ ဖောင်းတယ် … ပိန်တယ် …
ဖောင်းတယ် … ပိန်တယ် …
ဖောင်းတယ် … ပိန်တယ် …
အင်း … စာလဲ မရေးဖြစ်ဘူး။ ဘလော့ကိုလည်း မစစ်ရတာကြာပြီ။ ဘာတွေထူးနေလဲ မသိ။ စာအသစ်မရေးတော့ ဖတ်မယ့်သူလည်းရှိမှာမဟုတ်ဘူး။ ဘလော့ကလေးတော့ ခြောက်ကပ်ကပ်ဖြစ်နေရှာမှာပဲ။

ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် …
အာဇာနည်နေ့အတွက် ရေးချင်တဲ့စာလည်း မရေးလိုက်ရပါလား။ အသက် အရွယ်အလိုက် အာဇာနည်နေ့အပေါ် မတူညီတဲ့ အသိ အမြင်ကလေးတွေ ရေးချင် လို့ လိုက်မေးထားတာ။ ခုခေတ်ကလေးတွေ အာဇာနည်ဆိုတာ ဘာမှန်း မသိကြတော့ဘူး။ တနင်္ဂနွေနေ့က ဟိုကလေး ၃ ယောက် ပြောတဲ့စကားလေးတွေ … ။ အာဇာနည်နေ့ကို သိလားဆိုတော့ အငယ်ဆုံး ကောင်လေးက “သားသိတယ် … Rဇာနည်ရဲ့ မွေးနေ့” တဲ့။ ကောင်းရော။ နောက် တယောက်ကတော့ လွတ်လပ်ရေး နေ့လား … တဲ့။ အကြီးကောင်လေးကတော့ သားမသိဘူး … တဲ့။ စိတ်မကောင်းစရာပဲ။ အာဇာနည်နေ့ဆိုတာ မသင်ရဘူးလား … ထပ်မေးတော့ ဟင့်အင်း … တဲ့။ မသိတဲ့ ကလေးတွေရဲ့ အပြစ်လား။ မသင်တဲ့ လူကြီးတွေရဲ့ အပြစ်လား … ။ အာဇာနည် …. အာဇာနည် … ။ ဘလော့လေးမှာ အာဇာလည်း မနည်လိုက်ရတော့ပါဘူး။ ခြောက်ကပ်ကပ် ဖြစ်နေမယ့် ဘလော့လေးကို လွမ်းလိုက်တာ။

အဲ …ပြန်မှတ်ဦးမှ .. ။
ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …
ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …
“နင်ရေးတဲ့ ခြေလှမ်း ၃၀၀ ပို့စ်က သေတမ်းစာကျနေတာပဲ။ ဘ၀အဆုံးသတ်ခါနီး နှုတ်ဆက်နေသလိုလို …”
အဲဒီစာ တင်တဲ့နေ့က သူငယ်ချင်းတယောက် ပြောတာ အမှတ်ရမိတယ်။ မဟုတ်ဘူး။ မဟုတ်ပါဘူး။ အဲဒါ သေတမ်းစာမှ မဟုတ်ဘဲ … ။ ဒီပုံစံမျိုးနဲ့ သေတမ်းစာ မရေးပါဘူး။ သေလည်း မသေချင်သေးဘူး။ သေဖို့လည်း ဘာတခုမှ အဆင်သင့်မဖြစ်။ အင်း … ဒါပေမဲ့ ကိုယ်သေချင်မှ သေမှာလား။ သေခြင်းတရားက ကိုယ်နဲ့ အနီးဆုံးမှာ အမြဲရှိနေတာ။ သတိ … သတိ … သတိ မလွတ်စေနဲ့တဲ့။ မှတ်နေရင်း လွတ်လွတ်သွားတယ်။

ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …
ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …
ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …

ဂျီတော့ကို ဆိုင်းအင်လည်း လုပ်လို့မရပါလား။ ကြာလိုက်တာ။ ဘလော့ဂါပေ့ခ်ျက လည်း အယ်ရာတက်နေပြန်ပြီ။ ရီဖရှက်ခ်ျ လုပ်ဦးမှ။ ဟင် … ယူဇာနိမ်း ပါ့စ်ဝေါ့ နေရာမှာ The page cannot be displayed တဲ့။ ဖြစ်ပြန်ပြီ။ ဒီကွန်နက်ရှင်နဲ့တော့။ ဂျီတော့မှာလည်း ကွန်နက်တင်းက မတက်နိုင်ဘူး။ ဟော.. ပြောရင်းဆိုရင်း ၀င်သွားပြီ … ကံထူးတာပဲ။ ဘယ်သူတွေရှိလဲ … ကြည့်ဦးမှ … ။

* မအားတဲ့သူ
* အမှန်တကယ် ဘုရားစူးစေ့ လုံးဝမအားတဲ့သူ
* အဝေးမှာရောက်နေတဲ့သူ
* လွမ်းနေတဲ့သူ
* ပို့စ်အသစ်တင်ထားတဲ့သူ
* နေ့လည်စာ စားနေတဲ့သူ
* မီးစိမ်းပြထားသူ …
…………………………………. ထိုသူ … ထိုသူတွေ … ရှိနေသားပဲ။

စာတွေရိုက်တယ် … ။
typing … typing … typing …
ဘယ်သူမှလည်း ပြန်မထူးဘူး။
စာတွေ ရောက်မလာတာလား။
ဘယ်သူမှ အဖက်မလုပ်ကြတာလား … ။
ပိန်လိုက် …ဖောင်းလိုက် … ၀မ်းဗိုက်က
ထွက်လိုက် … ၀င်လိုက် … နှာသီးဝက …
အပူလုံးကြီး တလုံးက ရင်ဘတ်ထဲ မွှေနေဆဲ …
အမေ … အမေ …ရေဆာတယ် …
အသံ ထွက်မလာဘူး။
အမေလည်း အနားမှာမရှိဘူး။

ခေါင်းထဲက မူးလိုက်တာ … ချာချာကိုလည်လို့ …
ဝိုင်းကြီးပတ်ပတ် ကစားထားသလိုပဲ … ။
ဝိုင်းကြီးဝိုင်းကြီး ဘယ်လောက်ကြီး … လက်တွေတွဲထားတယ်။
ဒါပေမဲ့ … တွဲတဲ့လက်တွေ မခိုင်တော့တာ သေချာနေပြီ။
ဒီစည်းဝိုင်းထဲက ဘယ်တော့ထွက်ရမလဲ … ။
ခေါင်းမူးလို့ လက်တွဲဖြုတ်ပြီး ယိုင်နဲ့စွာ ထိုင်ချလိုက်ရတော့မှာလား …
လက်တွေ … လက်တွေ … မဖြုတ်ပါနဲ့ဦး …
ကျေးဇူးပြုပြီး တွဲပေးထားပါ … ။
ခဏလေး … ခဏလေး … ခဏလေးပဲပါ … ။

မျက်စိမှိတ်ထားတယ် … ။
ဒါပေမဲ့ နားတွေက ကြားနေရတယ် … ။
အစိမ်းရောင် အသံတွေ …
အနက်ရောင်စကားတွေ …
အပြာရောင်သီချင်း တပိုင်းတစ … ။
ခဏအကြာ ပါးပေါ်မှာ ပူနွေး စိုစွတ် လာတယ်။
အားလုံးတိတ်ဆိတ်သွားကြပြီ။
တိတ်တိတ်ကလေး …
ဘာသံမှမကြားပဲ ပူနွေးစိုစွတ်ခြင်းတွေ ပါးပြင်ပေါ် စီးဆင်းနေတယ် … ။
အဆက်မပြတ် … စီးဆင်းရင်း … စီးဆင်းရင်း … နဲ့ပေါ့။
***
မေဓာဝီ
၂၀၊ ဇူလိုင်၊ ၂၀၀၇
နေ့ ၁၁ နာရီ ၃၅ မိနစ်

7 comments:

s0wha1 said...

မမေ ဒီလောက် နေမကောင်းဖြစ်နေမှန်းမသိဘူး... တရက်၊ နှစ်ရက်နေရင် ကောင်းလောက်ပြီ ထင်နေတာ... ပို့စ်လေးဖတ်ပြီး ၀မ်းနည်းရပါတယ်... အမြန်ဆုံး ကျန်းမာပါစေ...

May Nyane said...

အီးးးးး မေကလေး ၀မ်းနည်းလိုက်တာ။
ညီမလေးနေမကောင်းဖြစ်မှန်းသိပေမဲ့ မမေးမိ။
အဲဒီရက်တွေမှာ အမခမျာမှာလည်း မအားလိုက်လေခြင်း။ဘုရားစူးစေ့ မအားတာ အမပဲဖြစ်မှာနော်။
စိတ်ထဲမကောင်းလိုက်တာညီမလေးရယ်။
အမြန်ဆုံး နေကောင်းအားပြည့်ပါစေ။

loimwethu said...

wish you get well soon.

CMS said...

မမေ အမြန်ဆုံး နေပြန်ကောင်းပါစေဗျာ :)

mg gyi said...

ukd,f usdkLufwmrSeforSs trsm;MuD;rpm;rd trsm;MuD; raomufrdatmif trsm;MuD; rvkyf rdatmifqifjcifyg eEGif;cg;pm;yg rif8vma&SGtkyfpm;yg tjrefqHk;aeaumif;jyD; tjrefqHk; awG;ekdif a&;ekdifygap 300 rSonf 3 odef; 3 oef; 3 uka# wkdifonfxd a&;ekdifygap

M.Y. said...

(Ma)May Dar Wii,

Take care..
With warm regards,

Mg Yin.

Anonymous said...

Your blog keeps getting better and better! Your older articles are not as good as newer ones you have a lot more creativity and originality now keep it up!