Friday, July 27, 2007

ကလေးဘလော့ ... ဘလော့ကလေး

ခုရက်ပိုင်း စာဖတ်ရတာ စာရေးရတာ ငြီးငွေ့နေမိတယ်။ အရင်လိုလည်း ဘလော့တကာ လျှောက်မလည် သွားမဖတ်ဖြစ်ဘူး။ နီးစပ်ရာဘလော့ တခုတလေ လောက်ကလွဲလို့ စာဖတ်ချင်စိတ်ကို မရှိတာ။ ဖတ်မိသမျှစာတွေကလည်း ညစ်ညူးစရာတွေ ပြည့်နေသလိုပဲ။ စိတ်အပန်းလည်း မပြေဘူး။ အဖေ့ စာအုပ်စင် မွှေပြီး ဖတ်စရာရှာဖို့လည်း စာအုပ်စင်မွှေမိရင် အချိန်တော်တော်ပေးရတာမို့ လတ်တလောအနားမှာရှိတဲ့ ဖတ်ပြီးသား စာအုပ်တအုပ်သာ နောက်တခေါက် ဖတ်နေမိတယ်။ ဒါပေမဲ့လည်း စိတ်ထဲ ငြီးငွေ့နေတုန်းပဲ။

ဒီလိုနဲ့နေရင်း အဲဒီတနေ့တော့ ဟန ရဲ့ Little Green Villa မှာ ပန်းကလေးတွေနဲ့ ပျော်မွေ့နေလိုက်တယ်။ စာတွေဖတ်ရ ရေးရလို့ ငြီးငွေ့နေချိန်မှာ ပန်းလှလှလေး တွေ စိမ်းစိမ်းလန်းလန်း အပင်လေးတွေ ကြည့်ရ မြင်ရတာ စိတ်ထဲ ကြည်နူး ချမ်းမြေ့စရာပါပဲ။ ဟနရဲ့ အပင်လေးတွေ ပန်းလေးတွေထဲ လျှောက်ကြည့်ပြီး ကွန်မန့်ရေးမယ်ကြံတော့ ကွန်နက်ရှင်ဆိုးလို့ ကွန်မန့်ထဲဝင်မရဘူး။ ဒါနဲ့ပဲ ကွန်မန့် ရေးတာ လက်လျှော့လိုက်ရ ပြန်ပါတယ်။

ဟနရဲ့ ပန်းတွေကြားမှာနေရင်း စိတ်နည်းနည်းသက်သာရာရတဲ့အချိန်မှာ နောက်ထပ် လင့်ခ်ကလေးတခု ထပ်တွေ့ပါတယ်။ အဲဒါက “မြန်မာကလေးများ” လို့ အမည်ရ တဲ့ ဘလော့လေးတခုပါ။ ဖန်တီးသူကလည်း ဒေါ်လေးဟနပါပဲ။ ဒီဘလော့ကလေးမှာ ကျမတို့ ငယ်ငယ်က ရွတ်ခဲ့ ဆိုခဲ့ဖူးကြတဲ့ ကဗျာလေးတွေ လင်္ကာလေးတွေလည်းပါတယ်။ ကစားနည်းလေးတွေလည်း ပါတယ်။ ပြီးတော့ ကလေးတွေ နေထိုင်ကျင့်သုံးရမယ့် အမူအကျင့်လေးတွေလည်း ပြောပြလမ်းညွှန် ထားပါတယ်။ စစချင်းတော့ ဒီကဗျာလေးတွေ စိတ်ထဲကနေ ဖတ်နေမိတယ်။ စိတ်နဲ့ဖတ်နေရင်း အလိုလိုပျော်လာပြီး နှုတ်က အသံထွက် ရွတ်ဆိုမိတယ်။ ဟန စိတ်ကူးလေး ကောင်းလိုက်တာလို့လည်း စိတ်ထဲချီးကျူးမိတယ်။

အခုခေတ်ကျမတို့ဆီမှာ ကလေးတွေအတွက်ရယ်လို့ ရည်ရွယ်ပြီးထုတ်တဲ့ ကလေး စာပေဆိုတာ အင်မတန်ပါးရှားနေပါပြီ။ ကျမတို့ငယ်ငယ်တုန်းက ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီးဦးတင်မိုးတို့ ကျေးဇူးကြောင့် ချစ်စရာ ကလေးကဗျာလေး တွေ ပုံပြင်လေးတွေ ရွတ်ဆိုခွင့် ဖတ်ခွင့် ရခဲ့ကြတယ်။ ခုထိလည်း ဒါလောက်ပါပဲ။ အသစ်ထပ်ပြီး တီထွင်ခြင်း ပေါ်ပေါက်လာခြင်း ဆိုတာ မရှိသလောက်ကို ရှားနေ ပါပြီ။

အခုဘလော့ရေးတော့လည်း ကိုယ်အားသန်ရာ သန်ရာကိုသာရေးနေကြတယ်။ ကလေးတွေအတွက်ဆိုတာ ကျမတို့ ထည့်မစဉ်းစားမိကြပါဘူး။ (ကျမတို့ဆိုပေမဲ့ ကျမကိုယ်ကျမ ပြောတာပါ) ကလေးတွေက ဘလော့ ဖတ်မှာမို့လား ဆိုတဲ့အတွေး တွေနဲ့ မစဉ်းစားမိတာလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် ကလေးတွေအတွက် ရည်ရွယ်ပြီးတင်တော့ ဖတ်မိတဲ့လူကြီးတွေက ကိုယ့်ကလေးတွေကို ဖတ်ပြ ရွတ်ပြ ညွှန်ပြနိုင်လိမ့်မယ် ထင်တာပါပဲ။

လောလောဆယ် ကလေးတွေ ဖတ်မိလား မဖတ်မိလားတော့ မသိ။ ကျမ ဖတ်မိ၊ ရွတ်မိ ဆိုမိပြီး စိတ်ညစ်ညူး ငြီးငွေ့ခြင်းတွေ တဒင်္ဂပြေပျောက်သွားမိပါတယ်။ ငယ်ငယ်တုန်းက ကလေးဘ၀ကိုလည်း ပြန်သတိရပြီး စိတ်တွေလန်းဆန်း ကြည်နူး သွားမိတယ်။ ချစ်စရာ့ သရုပ်ဖော်ပုံလေးတွေနဲ့ ယှဉ်တွဲ ဖော်ပြထားတာမို့ လည်း ဖတ်ရတာ ကြည့်ရတာ ပျော်စရာလေးပါ။ ကျမချစ်တဲ့ ကလေးကဗျာ လေးတွေ ကစားနည်းလေးတွေ ခုလို တစုတဝေးထဲ ဘလော့ကလေးတခု စီစဉ် ဖန်တီးထားတဲ့ ဒေါ်လေးဟနကို ကျေးဇူးတင်မိတယ်။

ဒီစာကို “ကြော်ငြာ” လို့ ပြောလိုကလည်း ပြောနိုင်ပါတယ်။ လောလောဆယ် စာရေးချင်စိတ်မရှိလို့ မရေးသေးဘူး စဉ်းစားထားပေမဲ့ ဒီဘလော့လေး ဖတ်လိုက် ရလို့ ကြော်ငြာချင်စိတ်တွေ ပေါ်လာပြီး ဒီစာကိုရေးလိုက်ရခြင်းပါ။

တခါတလေ … မွန်းကျပ်တဲ့စာတွေ … နာကျည်းမုန်းတီးမှု အာဃာတတွေ ရောပြွမ်းနေတဲ့ စကားလုံးတွေ … အထိမ်းအမှတ်ရက်စွဲတွေ … စိတ်ပင်ပန်း ငြီးငွေ့မှုတွေ … ထိုထိုအရာတွေကနေ ခဏတဖြုတ်ကင်းကွာချင်ရင် “ဒီဘလော့” လေးဆီ တခေါက်လောက် အလည်သွားကြည့်ပါလို့ … ကျမကတော့ တိုက်တွန်းလိုက်ချင်ပါရဲ့ရှင်။
***
မေဓာဝီ
၂၇၊ ၀၇၊ ၂၀၀၇
နေ့လည် ၁ နာရီ ၃၀ မိနစ်

3 comments:

ကလိုစေးထူး said...

မမေကတော့ လူလည်ကျပြီးရင်း ကျနေတော့တာပဲကိုး.. :P တကယ်က ကျနော့်နောက်မှ သိတာ..သူက အကြံဦးသွားပြီး ကြော်ငြာပါ ၀င်နေပါတယ်ဗျို့။ :D နောက်တာပါဗျာ။ အဲဒီ ဘလော့ကတော့ တကယ်ကို အပြစ်ကင်းတယ်။ ဒေါ်လေး ဟနတယောက် ကလေးတွေနဲ့ အပြင်မှာ တကယ်ကို စာသင်နေသလိုပဲ။ :)

ကိုဖြိုး said...

မမေရေ .. လိုဂိုလေးလာရွေးပေးပါဦးဗျာ

tun, wai lin said...

မွန်းကြပ်တဲ့စာတွေ၊ နာကျည်းမုန်းတီးမှု၊ အာဃာတတွေရောပြွန်းနေတဲ့ စကားလုံးတွေ၊ အထိမ်းအမှတ်ရက်စွဲတွေ၊ စိတ်ပင်ပမ်းပြီးငွေ့မှုတွေ တဲ့။
အမှန်ပြောရရင် ကျနော်လည်း အဲဒါတွေက ထွက်ပြေးချင်လို့ ဘလော့လောကထဲ ၀င်လာတာပါ။
ဒါပေမယ့် တကယ်က ဒါတွေက ကျနော့်ဘ၀ပဲလေ။ ဘယ်လိုလုပ် ထွက်ပြေးလို့ လွတ်နိုင်ပါ့မလဲ။
မမေရဲ့ ခံစားချက်ကို ကျနော် အပြည့်အ၀ နားလည်ပါတယ်။ ကျနော့်အတွက် ထွက်ပြေးစရာ မမေရဲ့ဘလော့လေးကို ရှာတွေ့ထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျန်းမာပါစေ

ဝေလင်း