Wednesday, June 30, 2010

ပဲနိဝိုက်၏ ... မ၀ိုက်၏

အင်း … ထွက်တော့မယ် ထွက်တော့မယ်၊ အဲ ပြန်ဝင်သွားပြန်ပြီ၊
အားလေးနည်းနည်း စိုက်ပြီး ညှစ်ဦးမှ ကဲ … အာ … ထွက်ခါနီးမှ တကယ်ပဲ …
ကိုင်းဟာ … ဒီတခါ နောက်ဆုံး … လာလေရော့ … အင့် …
((((( ဟင် ))))) ပြုတ်ကျသွားပြီ ……… :(
***
လွန်ခဲ့သော တလခန့် မနက်ခင်း တခင်း၊ ရေချိုးခန်းတွင်းက အဖြစ်အပျက် တခုပါ။ တခြားတော့ မဟုတ်ပါဘူး၊ ပိန်ကပ်ရှုံ့တွနေတဲ့ သွားတိုက်ဆေးဗူးထဲက သွားတိုက်ဆေး အနည်းငယ် ထွက်လာရေး အားကြိုးမာန်တက် ညှစ်ထုတ်နေတာ ဖြစ်ပါတယ်။ ကုန်လုလု သွားတိုက်ဆေးဗူးကို လွှင့်ပစ်ရမှာလဲ နှမြောတော့ ရသလောက်ကလေး ကြိုစားပမ်းစား ညှစ်ကြရတဲ့ အဖြစ်အပျက်မျိုးကို ကြုံဖူးကြမလားတော့ မသိဘူး။ ကျမတော့ ငယ်ငယ်တုန်းက မကြာခဏ ကြုံခဲ့ဖူးတယ်။ သွားတိုက်ဆေးဗူး ကုန်ခါနီးရင် အမေက တော်တော်နဲ့ အသစ်ထုတ်မပေးဘူး။ အသစ်ထုတ်လိုက်ရင် အဟောင်းကို ကုန်အောင် မသုံးကြတော့ဘဲ အသစ်ကိုပဲ အလွယ်တကူ သုံးကြတာမို့ ညှစ်လို့ မထွက်နိုင်လောက်အောင် ပြားချပ်ပြီး ကုန်လုလု ဖြစ်သွားမှ အသစ်ဗူးကို ထုတ်ပေးပါတော့တယ်။ ကျမတို့လဲ အသစ်မရမချင်း ဗူးဟောင်းကို ဆေးပုလင်းနဲ့ လှိမ့်ပြီး ညှစ်လိုညှစ်၊ သနပ်ခါးတုံးနဲ့ ဖိပြီး ညှစ်လိုညှစ် လုပ်ခဲ့ကြရတာပေါ့။ အဲဒီတုန်းက သုံးခဲ့ဖူးတဲ့ မြန်မာပြည်တွင်းဖြစ် ပက်(ပ်)ဆိုးဒန့် သွားတိုက်ဆေးဗူးလေးတွေကို ပြန်ပြောင်း အောက်မေ့မိရင်း ဆရာဇော်ဂျီရဲ့ ကဗျာလေးက ခေါင်းထဲကို မဆီမဆိုင် ရောက်လာတယ်။
"အပ်နဖား"
ထိုးသော်တဲ့ ထိုးသော်
ကြိုးချော်လို့သွား၊
အဘွားအိုအမြင်ကပ်တယ်
အပ်ရွှေနဖား။

ဒါနဲ့ပဲ ကျမလဲ ဆရာဇော်ဂျီရဲ့ အပ်နဖားကဗျာကို အတုခိုးပြီး "သွားတိုက်ဆေး" ဆိုတဲ့ ကဗျာတပုဒ် စိတ်ကူးထဲမှာ ရေးလိုက်တယ်။

"သွားတိုက်ဆေး"
ညှစ်သော်တဲ့ ညှစ်သော်
လစ်ချော်လို့ဝေး၊
ဒေါ်လေးမေ အကြံအိုက်တယ်
ဒီသွားတိုက်ဆေး။***
တကယ်တော့ အဲဒီနေ့ မနက်က သွားတိုက်ဆေးဗူးကို အတင်းကာရော ညှစ်မယ့်သာ ညှစ်နေတာပါ အသစ်တဗူးက အိပ်ခန်းထဲက အံဆွဲထဲမှာ အဆင်သင့်ရှိပြီးသား။ ဒါပေမဲ့ ရေချိုးခန်းထဲရောက်မှ အိပ်ခန်းထဲ ပြန်သွားမယူချင်တော့လို့ ထွက်သလောက်ကလေး ကြိုးစား ညှစ်ရတာ။ ဖြစ်ချင်တော့ အထက်မှာ ပြောခဲ့သလိုပါပဲ အားသွန်ခွန်စိုက် ညှစ်လိုက်လို့ ဖြွတ်ခနဲ ထွက်လာတဲ့ သွားတိုက်ဆေးလေးဟာ သွားတိုက်တံ ပေါ်မရောက်ခင်မှာပဲ မျက်နှာသစ်ခွက်ထဲ ဖြုတ်ခနဲ ပြုတ်ကျသွားတော့ ပါးစပ်ထဲ ရောက်ခါနီးမှ မြေကြီးပေါ် ကျသွားတဲ့ အသားတုံးကို နှမြောချင်းကြီးစွာ ငေးကြည့်ရတဲ့ အဖြစ်မျိုး ဖြစ်သွားပါတော့တယ်။ အဲဒီလို ပြုတ်ကျသွားတော့မှ ကိုယ့်အဖြစ်ကိုယ် ပြန်တွေးပြီး ငါတော့ penny wise ဖြစ်နေပြီလားမသိပါဘူးလို့ ရှက်ရယ် ရယ်မိပါတယ်။ ဒါနဲ့ပဲ ထပ်လဲ မညှစ်ချင်တော့ဘူး၊ အားကုန်တယ်၊ အချိန်ကုန်တယ်၊ အသစ်သွားယူတာက ပိုသက်သာတယ်ဆိုတဲ့ အတွေးနဲ့ အသစ်ဗူးကလေး ပြေးယူပြီး အမြန်အဆန်ပဲ သွားတိုက်လိုက်တော့လဲ လွယ်လိုက်တာ။

ပဲနိဝိုက်စ်ကို တွေးမိတော့ တချိန်တုန်းက သိကျွမ်းဝင်ခဲ့ဖူးသူ တယောက်အကြောင်း ခေါင်းထဲ ရောက်လာပြန်ပါတယ်။ အဲဒီလူက ပေသီး ခေါ် သူရိန် ခေါ် အောင်သပြေတဲ့။ သူက တရုတ်လူမျိုး၊ ကပ်စေးနည်းလွန်းလို့ အဖေက သူ့ကို ပေသီးလို့ နာမည်ပေးထားတယ်။ သူက မျက်နှာသစ် ဆပ်ပြာခရင်မ်ဗူး ကုန်သွားရင် ကပ်ကျေးနဲ့ ထက်ပိုင်းဖြတ်ပြီး လက်ညှိုးနဲ့ ကလော်သုံးတာ။ ကျမဖြင့် အံ့သြရော၊ ငယ်ငယ်တုန်းကသာ သွားတိုက်ဆေးကို ပုလင်းနဲ့လှိမ့်ပြီး ညှစ်သုံးဖူးတာ၊ သူ့လိုတော့ ကပ်ကျေးနဲ့ဖြတ်ပြီး တခါမှ မလုပ်ဖူးဘူးကိုး။ ကျမအံ့သြပေမဲ့ သူကတော့ ခပ်အေးအေးပဲ၊
“လေးငါးခါလောက်တော့ သစ်လို့ရသေးတယ်ဟ” လို့ ပြောပါတယ်။

အဲဒီလိုသာ ကပ်စေးနည်းတာပါ၊ သုံးတဲ့နေရာကျတော့လဲ အသုံးသားပဲ။ သူကြိုက်တဲ့ သီချင်းစီဒီတို့ ဘာတို့ဆိုရင် လက်မနှေးဘူး ၀ယ်တာပဲ။ တခါတုန်းက အိမ်နီးနားချင်း မိသားတစုလဲ အဲဒီလိုပဲ။ မနက်မိုးလင်းရင် သွားတိုက်တံလေးတွေ ကိုင်ပြီး သွားတိုက်ဆေး လာချေးကြတယ်။ ဆေးလိပ်သောက်ခါနီး မီးခြစ်မရှိလို့ ဘုရားမီးပူဇော်ဖို့ ထားတဲ့ မီးခြစ်ကို လာငှားကြတယ်။ သွားတိုက်ဆေးတဗူး၊ မီးခြစ်တလုံး မ၀ယ်နိုင်လောက်အောင် ချို့တဲ့ကြတာလဲ မဟုတ်၊ စားသောက် သုံးစွဲနေကြတာ မြင်နေရတာပဲ။ အဲဒီလို မဟုတ်တဲ့နေရာ ချွေတာပြီး တခြားနေရာမှာ သုံးဖြုန်းနေတတ်တဲ့ လူတွေနဲ့ ကြုံရင် ကျမတို့က penny wise, pound foolish လို့ တီးတိုးတီးတိုး သဖန်းပိုး ပြောလေ့ရှိတယ်။

အဘိုးလေး ပြောပြဖူးတာ ရှိသေးတယ်၊ သူ့မိတ်ဆွေ ခပ်ကြီးကြီးပိုင်းထဲက လူကြီးတယောက် ဆိုပါတော့။ သူ့အိမ်သွားရင်တောင် လုံခြုံရေးအထပ်ထပ်ကို ဖြတ်ပြီးသွားရတာမျိုး။ အဘိုးလေးနဲ့ ငယ်သူငယ်ချင်းဆိုတော့ တပတ်တခါလောက် တရားဆွေးနွေးကြရင်း ထမင်းအတူ စားကြတယ်တဲ့။ တခါတော့ ထမင်းစားသောက်ပြီး အဘိုးလေးက သွားကြားညပ်လို့ သွားကြားထိုးတံ ရှိလားမေးတော့ အဲဒီလူကြီးက second hand လေးတော့ ရှိတယ်ကွလို့ ပြောသတဲ့။ သွားကြားထိုးတံတောင် second hand ပြန်သုံးတယ်ဆိုတော့ အံ့သြကုန်နိုင်ဖွယ် ပဲနိဝိုက်စ်ပေပဲလို့ တွေးမိပါရဲ့။

တခြားသူတွေရဲ့ ပဲနိဝိုက်စ်တွေ တွေးနေရင်း မနက်စောစောစီးစီး သွားတိုက်ဆေးဗူး ခြေကန်ညှစ်နေတဲ့ ကျမကိုယ်တိုင်ရော ပဲနိဝိုက်လား မ၀ိုက်လား ပြန်လည် သုံးသပ်ကြည့်မိတယ်။
အင်း … ကျမကတော့ …
… … … … … … … … …
… … … … … … … … …
… … … … … … … … …
ဟုတ်ကဲ့ ...
တနှစ်တခါ ကျောင်းလခနဲ့ အထွေထွေ အသုံးစရိတ်အဖြစ် ဦးရီးတော်ပေးတဲ့ ထောင်နဲ့ချီတဲ့ စတာလင်ပေါင်တွေကိုလဲ ၀ိုက်ပါတယ်။
တလတခါ မုန့်ဖိုး ပဲဖိုးအနေနဲ့ ကျမအမပေးတဲ့ ၂၀၀ မျိုး ၃၀၀ မျိုး ပဲနိလေးတွေကိုလဲ ၀ိုက်ပါတယ်။ (ငွေပမာဏ နည်းလို့ ပဲနိလို့ တင်စားလိုက်တာပါ၊ အမ ဖတ်မိရင် စိတ်ဆိုးပြီး နောက်မပေးတော့ရင် ဒုက္ခ)

ဒါကြောင့် … ကျမကတော့ ပဲနိလဲဝိုက်တယ်၊ ပေါင်လဲဝိုက်တယ် … ကဲ ... မကောင်းဘူးလား ... ကိုယ့်ဟာနဲ့ကိုယ်တော့ အဆင်ကိုပြေလို့။
***
မေဓာဝီ
၃၀၊ ဇွန်၊ ၂၀၁၀
၉း၁၉ နာရီ

ပုံယူသောနေရာ

Read More...

Monday, June 28, 2010

တပတ်စာ ဒိုင်ယာရီ

၁၉ ရက်နေ့က စပြီး ၂၆ ရက်နေ့ထိ ရက်သတ္တ တပတ်တိတိ အင်တာနက်နဲ့ အဆက်အသွယ် ပြတ်သွားရပါတယ်။ ကျမရဲ့ နမော်နမဲ့နိုင်မှုကြောင့် ဆိုပါတော့။ မေးလ်လဲ မစစ်နိုင် ဘလော့တွေလဲ မဖတ်နိုင်တဲ့ အဆုံးတော့ ဦးရီးတော် အိမ်မှာ အိမ်အလုပ်တွေဖိ လုပ်ရင်း တပတ်အတွင်း ပြုပြုသမျှ ကိစ္စအ၀၀တို့ကို အခုမှပဲ မှတ်တမ်းတင်လိုက်ပါတယ်။ တပတ်အတွင်း ဟိုရောက် ဒီရောက် ဒိုင်ယာရီလေးပါ။
***
၁၉၊ ဇွန်၊ စနေနေ့၊ နံနက်ခင်း
ခိုလှုံရာ အခန်းကျဉ်းလေးကို ခေတ္တခွဲရဦးမှာမို့ ပတ်စာခွါ ဖျာသိမ်း၊ အထုပ်အပိုး အဆင်သင့်ပြင်ပြီး ဦးရီးတော် လာအခေါ်ကို စောင့်နေခဲ့တယ်။

ခြောက်သွေ့ အထီးကျန်တဲ့ အခန်းလေးကို
မသွားခင် နောက်ဆုံး အနေနဲ့ ကြည့်ရတာ စိတ်မကောင်းစရာ ...
တကယ်တော့ မသွားချင်ဘူး။ ဒါပေမဲ့ ...


စာကြည့် စားပွဲလေးလဲ လောလောဆယ်တော့ စာဖတ်သူ မဲ့ဦးတော့မယ် ...


တိမ်တွေလို လွင့်ချင်ပေမဲ့
တိမ်တွေတောင် အစုအဖွဲ့နဲ့ နေမှ ပိုလှသလိုပဲ ...

အဲဒီနေ့က ကောင်းကင်ကြီးက ပြာလို့၊ နေကလဲ သာလို့၊ ရာသီဥတုက သာတောင့်သာယာ ... ။
တူဝရီးနှစ်ယောက် Lancashire နယ်က Burnley မြို့ကလေးကို ရောက်တော့ နေ့လည်စာ စားချိန်။ စားသောက်ပြီး ဦးရီးတော်ကတော့ သူ့မိတ်ဆွေနဲ့အတူ တရားလုပ်ငန်း စပါတယ်။ ကျမကတော့ ထမင်းထုပ် ဟင်းထုပ် ဆိုပါတော့။ ဒါပေမဲ့လည်း တရားထိုင်လာတာဆိုတဲ့ ရည်ရွယ်ချက်ကလေး အထမြောက်အောင် စတိလောက် ထိုင်ပြီး အိမ်ရှင်အန်တီကို ကူညီညာ လုပ်ပေးရတယ်။
***
၂၀၊ ဇွန်၊ တနင်္ဂနွေ
အရုဏ်တက် နံနက်စောစော တရားထိုင်ဖြစ်တယ်။
မနက်စာစားပြီးချိန်မှာ နေက ကျဲကျဲပူနေပြီ။ အိမ်နဲ့ မနီးမဝေးက တူးမြောင်းလေး တလျှောက် လမ်းလျှောက် ထွက်ခဲ့ကြတယ်။

တချိန်ကတော့ လည်ပတ်နေတဲ့ စက်ရုံကြီးပါပဲ၊
ခုတော့ ရပ်တန့်နေသော စက်ရုံဟောင်းကြီး ဖြစ်သွားပြီ။
မြက်စားနေတဲ့ မြင်းတွေ၊
တောရယ် တောင်ရယ် တိရစ္ဆာန်တွေရယ် ကြည့်ရတာ ချမ်းမြေ့ပါဘိ။

ဟိုးအဝေးမှာ Pendle Hill ...
တချိန်က စုန်းတွေရှိတယ်လို့ နာမည်ကြီးတဲ့ နေရာပေါ့။
တနင်္ဂနွေညနေမှာ အဲဒီဒေသက ပြန်ခဲ့တယ်။ လမ်းမှာ long queue နဲ့ တိုးလို့ ကားက တလိမ့်ချင်း လိမ့်မောင်းနေရတယ်။ အဲဒီအချိန်မှာ ဒိန်းဆို သတိရလိုက်တာက ...
"လက်ပ်တော့ ကျန်ခဲ့ပြီ"
လမ်းခုလတ်မှာမို့ ပြန်လှည့်ဖို့လဲ မဖြစ်နိုင်ဘူး။ ဦးရီးတော်ကိုလဲ မပြောရဲဘူး။ တရားသွားထိုင်တဲ့သူ သတိ ဘယ်လောက် ရှိလိုက်ပါသလဲ ဆိုတာ အဲဒါသာကြည့်တော့။ ကိုယ့်အပြစ်နဲ့ကိုယ် ငြိမ်နေရတယ်။ အိမ်ပြန်ရောက်မှ သိသလိုလိုနဲ့ "ဟင် လက်ပ်တော့ ပါမလာဘူးတော့" လို့ ပြောတော့ ဦးရီးတော်က မဆူရှာပါဘူး။ နောက်တပတ် မန်ချက်စတာ သွားမှာပဲလို့ ပြောတယ်။ တော်သေးတာပေါ့ ... ဟင်းးးး ။
***
၂၁၊ ဇွန်၊ တနင်္လာနေ့
တနင်္လာနေ့ တမနက်လုံး ဟင်းချက်တယ်။ ဆွမ်းကပ်ဖို့ပါ။ ပြန်ရောက်ရောက်ချင်း ဈေးလဲ မ၀ယ်ဖြစ်တာမို့ အိမ်မှာ ရှိတာလေးတွေပဲ ကြံဖန်ချက်လိုက်တယ်။
ငါးဟင်း၊ ခရမ်းချဉ်သီး ငပိချက်၊ ကြက်အမြစ်ဟင်း၊ ပဲကြော်။

ကိုယ့်ဟင်းကိုယ် ဝေဖန်ရရင် ငါးက ဆီများပြီး ကြက်အမြစ်ဟင်းက အနှစ်လဲ နည်းတယ်၊ အရောင်လဲမလှဘူး။ ပဲကြော်က ဆီနည်းသွားပြီး ခရမ်းချဉ်သီး ငပိချက်က ငပိနည်းသွားပါတယ်။ ကမန်းကတန်းချက်ရလို့ စိတ်တိုင်းသိပ်မကျလိုက်ပါ။ အားလုံးပြီးတဲ့နောက် ဆွမ်းဗူးနီနီ မေဓာဝီရွက်ပြီး ဘာမင်ဂန် ဘုန်းကြီးကျောင်းကို ဆွမ်းပို့သွားတယ်။

ကြည်ညိုဖွယ်ရာ ဘာမင်ဂန်မှ စေတီတော်

***

ဒီနောက်ပိုင်း ရက်တွေမှာတော့ အင်တာမနက်ရတဲ့ အတူတူ သန့်ရှင်းရေး၊ အ၀တ်လျှော်၊ မီးပူတိုက်၊ သစ်ပင်ရေလောင်း၊ ခြံလုပ် ... ဘောလုံးပွဲလဲ မလွတ်စေရ၊ Wimbledon tennis လဲ မလွတ်စေရ တယောက်ထဲ အလုပ်များနေပါတယ်။ ဦးရီးတော်ကတော့ ကျမဘောလုံးပွဲကြည့်ရင် တခြားအခန်းမှာ တရားသွားနာ ရရှာပါတယ်။ တရားမနာလဲ သူကြည့်ချင်တဲ့ ပရိုဂရမ်ကို အိမ်ရှေ့ခန်းက တီဗီမှာ ကြည့်ရရှာတယ်။ တူမကို အလိုလိုက်တဲ့အနေနဲ့ အေဘီစီဒီလဲ မသင်သေးပါဘူး။ (သင်ရမှာ စိတ်ပျက်တာလဲ ဖြစ်နိုင်ပါတယ်)

၂၆၊ ဇွန်၊ စနေနေ့၊ ပထမ ၀ါဆိုလပြည့်
မနက်စောစော ခေါက်ဆွဲကြော် ထကြော်ပြီး မန်ချက်စတာ ဘုန်းကြီးကျောင်းကို သွားကြပါတယ်။ မန်ချက်စတာကို ချမ်းမြေ့ဆရာတော် ကြွလာလို့ သွားဖူးတာပါ။ ရောက်တာ နည်းနည်းနောက်ကျသွားတော့ ဆရာတော်က အချိုပွဲတောင် ဘုဉ်းပေးနေပြီ။ ခေါက်ဆွဲကြော် မကပ်လိုက်ရဘူး။ လူတွေကိုတော့ ကျွေးလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်ရတာပဲလို့ ဖြေသိမ့်လိုက်တယ်။

ချမ်းမြေ့ဆရာတော် အချိုပွဲဘုဉ်းပေးနေစဉ်

၂၇၊ ဇွန်၊ တနင်္ဂနွေ

ဝါဆိုလပြည့်ကျော် တရက်

ဦးရီးတော်ရဲ့ မြန်မာလို မွေးနေ့ပါ။ ၀ါထပ်တဲ့နှစ် မွေးလို့ ၄-နှစ်မှ တကြိမ်မွေးနေ့ ဖြစ်ရရှာတယ်။ အသက် ၆၀ ပြည့်သွားပြီ။ (၄ နဲ့ စားရင်တော့ ခုမှ ၁၅ နှစ် :D) လူပျိုကြီးဆိုတော့ နုတုန်း ပျိုတုန်း။ (ကြော်ငြာဝင်တာပါ) ဦးရီးတော်ကို ဘာစားချင်လဲ ချက်ကျွေးမယ် မုန့်ဟင်းခါးလား အုန်းနို့ခေါက်ဆွဲလားဆိုတော့ မုန့်ဟင်းခါးက စားထားတာ မကြာသေးလို့ မချက်နဲ့တဲ့။ ဒါနဲ့ပဲ ဘိလပ်နေပူပူမှာ အုန်းနို့ခေါက်ဆွဲချက်ပြီး ဦးရီးတော်ရဲ့ အသက် ၆၀ ပြည့် ဟက်ပီးဘတ်ဒေးလိုက်ပါတယ်။

အဲဒီနေ့ညနေကြည့်တဲ့ ဘောလုံးပွဲကတော့ စိတ်မကောင်းစရာ၊ အင်္ဂလန်အသင်း ဘင်သံလေးနဲ့ အိမ်ပြန်ရပါပြီ။ ကိုအောင် (ပျူ) တဂ်ထားတဲ့ ဘောလုံးလဲ တ၀က်တပျက် ရေးထားပြီးမှ လက်ပ်တော့ မေ့ကျန်ခဲ့လို့ ဆက်မရေးနိုင်တော့ဘူး။ ခုအချိန်မှာတော့ တော်တော်များများလဲ ရှုံးပြီး အိမ်ပြန်ကုန်ကြပြီမို့ အတော်လေး နောက်ကျသွားပြီထင်ပါရဲ့။ အားနာပါတယ် ကိုအောင်ရေ ... ။

စတိလောက်တော့ ဒီနေရာကပဲ ရေးလိုက်မယ်နော် ... ကျမကတော့ ဘရာဇီးကို အစဉ်တစိုက် အားပေးပါတယ်။ ချန်ပီယံ ဘရာဇီး ဖြစ်မယ်လို့ ထင်ပါကြောင်း ... ။ (ဒီနေ့ပွဲမှာ နိုင်သွားလို့ ပိုပြောလို့ ကောင်းသွားတာ)

တပတ်အတွင်း ဟိုရောက်ဒီရောက် ဒိုင်ယာရီကို ဒီနေရာမှာပဲ ရပ်နားလိုက်ပါရစေ။ ဦးရီးတော် အိမ်မှာ နှေးကွေးတဲ့ အင်တာနက်မို့ အရင်လို စိတ်သွားတိုင်း လက်မပါနိုင်တော့ဘူး။ ပျက်ကွက်မှုအပေါင်းအတွက် ခွင့်လွှတ်တော်မူကြပါရှင်။

Read More...

Tuesday, June 15, 2010

အမောများ

ဝှူးးးးးးးးးးးးးးးးးးးး
အဲဒီလို အဖျားရှူးသွားတဲ့ သက်ပြင်းအလုံးကြီးကြီး ချလိုက်မိတယ်။
ဟုတ်ကဲ့ … စာမေးပွဲ ပြီးသွားပါပြီ။
ကျောင်းလည်း ၃ လ ပိတ်ပါပြီ။
စာသင်နှစ် တနှစ်တော့ နိဋ္ဌိတံ ပြန်ပေါ့။
ကျေးဇူးပြုပြီး ခင်တယ်ဆိုရင် ဖြေနိုင်လားလို့ မမေးပါနဲ့။
နတ်သံလေးနှောပြီး ငိုချင်းချမိမှာစိုးလို့ပါ။
***
သနားကြပါ …

ငယ်ငယ်တုန်းက စာမေးပွဲ ဖြေပြီးရင် စာမေးပွဲဆိုတာ အောင်ရင်အောင် မအောင်ရင် တံ့နေတာပဲ၊ ကျတယ်ဆိုတာ မရှိဘူးလို့ ညစ်ကျယ်ကျယ် ပြောခဲ့ဖူးတယ်။ ပြောမှာပေါ့ ခဏခဏလည်း တံ့နေဖူးတာကိုး။ (ကြုံတုန်း တော်ကြောင်း ကြွားရတာပါ။) စာမေးပွဲဆိုတဲ့ အသံကြားရင် ခေါင်းကိုက် ဇက်ထိုး ရင်ပူ လေထ ဗိုက်နာ ကိုယ်လက်မအီမသာ ဖြစ်တတ်လွန်းလို့ စာမေးပွဲဆိုတာကြီးကို စိတ်ပျက် စိတ်ကုန် စိတ်နာ စိတ်ဆိုး စိတ်တို နေမိတာ။ စာမေးပွဲကို အင်မတန်မုန်းတဲ့ကျမ (တကယ်တော့ ကြောက်တာ) စာမေးပွဲပေါင်းများစွာ ဖြေရမယ့် ဘာသာကိုမှ သင်မိရက်သား ဖြစ်နေပါတယ်။ ၀က်ဖြစ်မှတော့ ဟိုဒင်းကြောက်လို့ မဖြစ်ဘူး ဆိုတဲ့စကားအတိုင်း မချစ်သော်လည်း အောင့်ကာနမ်းပြီး ခြောက်လတခါ စာမေးပွဲ ၀င်နေရတဲ့ သနားစရာ သတ္တ၀ါလေးပေါ့။ ဒီပို့စ်ကို ကျမရဲ့ ချစ်လှစွာသော အမကြီး ဖတ်မိရင်တော့ နင့်ကိုသနားအောင် ကမ္ဘာဖြန့်ပြန်ပြီလားလို့ ပြောအုံးတော့မှာပဲ။ တတ်နိုင်ဘူး ဖြန့်စရာဆိုလို့ ဒီဘလော့ပဲ ရှိတာကိုး။ သနားတယ် မဟုတ်လား ဟင်။
***
ကြိုးစားပုံ

စာမေးပွဲကို ကြောက်လို့ နှစ်စကတည်းက တနှစ်လုံး စာကို မနားမနေ ကြိုးစားပါတယ်။ (ယုံတယ် မှတ်လား) ကျောင်းမှန်မှန်တက် စာမခက် ဆိုရိုးစကားအတိုင်း (black ice ပေါ်မှာ ချော်လဲတဲ့နေ့ကလွဲလို့) ကျောင်းကိုလည်း တရက်မှ မပျက်ခဲ့ပါဘူး။ သို့ပေသိ စာတွေကတော့ လွယ်မလာပါဘူး။ ကျောင်းဘယ်လောက်သွားသွား ခက်တဲ့စာက ခက်တာပါပဲ။ ကျောင်းမသွားရတဲ့ နေ့ဆိုလည်း အသောက်အစား အပျော်အပါး ဝေရာမဏိ ဝေးစွာရှောင်ကြဉ်၊ ပါတီ နိုက်ကလပ် ဘား ဘယ်မှမသွားဘဲ အခန်းထဲပဲ အောင်းပြီး လက်ပ်တော့လေးမှာ မျက်နှာအပ် အွန်လိုင်းကနေ စာတွေ အသကုန် ဖတ်မှတ် လေ့လာပါတယ်။ မျက်စိတွေေ၀၀ါးပြီး စုတ်မှိတ် စုတ်မှိတ် ဖြစ်လာတဲ့အထိ စာကို ဖတ်တာပါ။ စာမေးပွဲနီး တော့လည်း ဘလော့ကိုတောင် မရေးတော့ဘဲ နားထားပြီး စာကို ဘယ်လောက်တောင် ဖတ်သလဲဆိုရင် မနက် ၄ နာရီထ၊ ၅ နာရီ ပြန်အိပ် (အဲဒီလို မလုပ်ပါဘူး) မနက် ၄ နာရီက စပြီး အချိန်ဇယားအတိုင်း စာကြည့်စားပွဲမှာ ထိုင်ပါတယ်။ (စာရတာ မရတာတော့ မသိဘူးပေါ့၊ ထိုင်တော့ ထိုင်နေတာပဲ။)

မယုံရင် ဟောဒီမှာကြည့်။

စာကြိုးစားသူ တယောက်ရဲ့ စာကြည့်စားပွဲ။ အမှတ်တရ မှတ်တမ်းတင်ထားတယ်။ စာချည်းပဲ ဖတ်နေရတာ ဘယ်လောက် ငြီးငွေ့စရာကောင်းလဲ။ ဘေးနားမှာ စားစရာ သောက်စရာလေးပါမှ အိပ်မငိုက်မှာ မဟုတ်လား။ ဒါကြောင့် လက်ဆောင်ရထားတဲ့ ရွှေကြက် ပဲလှော်၊ ရှောက်သီးဆေးပြား၊ အိန္ဒိယ စာကလေးချီး၊ စပျစ်သီး၊ လိမ္မော်သီး စသဖြင့် ရှိတာလေးတွေ ခြံရံပြီး စာဖတ်ပါတယ်။ အစာကြေဆေးတောင် ပါသေး။ တော်တော်ကောင်းပါတယ် (စားလို့)။ အဲဒါတွေကုန်သွားပြီး ဘာမှ စားစရာမရှိတော့လဲ ရေနွေးကြမ်းလေး ဘလက်ကော်ဖီလေးနဲ့ ပြီးရတာပါပဲ။
***
သက်သေ

စာကြည့်စားပွဲမှာ ထိုင်ရုံထိုင်ပြီး စာမလုပ်ဘဲ တွေးမိတွေးရာ တွေးနေတယ် မထင်ပါနဲ့။ သက်သေပြပါမယ်။ မြင်တယ် မဟုတ်လား၊
အဲဒီလို စာမျက်နှာ ၄၀၀ ပါတဲ့ အေဖိုးဆိုက် စာအုပ် ၃ အုပ်ခွဲကုန်တယ်။ စာမျက်နှာ ၁၆၀ ပါတာက တအုပ်၊ ပရင့်ထုတ်တဲ့ အေဖိုးအလွတ်က အထုတ် တ၀က်၊ အကြမ်းသုံးဖို့ ဦးရီးတော်ဆီက မ-လာတဲ့ တဖက်လွတ် အေဖိုးတွေကလည်း တော်တော်များပါတယ်။ အကုန်ပြောင်တာပဲ။ ကျမက ရေးပြီးသား စာရွက်တွေလည်း လွှင့်မပစ်ဘူး။ ကိုယ့်လက်ရေးနဲ့ ရေးထားတာတွေ အကြမ်းပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လွှင့်ပစ်ရမှာ မပစ်ရက်လို့ သိမ်းထားတာ အထုတ်က တော်တော်ကြီးနေပြီ။ မြန်မာပြည်မှာလို "ဗလာစာအုပ်တွေ ၀ယ်ဒယ် ... သတင်းစာစက္ကူတွေ ၀ယ်ဒယ်" ဆိုတဲ့ လူတွေဆီမှာ ပိဿာချိန်နဲ့ သွင်းလို့ရလည်း အကောင်းသား။ သိမ်းလို့ မနိုင်တော့မှပဲ ရီဆိုင်ကယ်ပုံးထဲ ထည့်တော့မယ်။ လောလောဆယ်တော့ အခန်းဆန့်သေးတယ်။ မင်ကုန်သွားတဲ့ ဘောပန် အဟောင်းတွေလည်း မပစ်သေးဘူး၊ အဲဒါကတော့ သက်သေအလို့ငှာ ခေတ္တ သိမ်းထားတာပါ။ တချို့ဘောပန်တွေ စိတ်တိုလို့ ချိုးပစ်ထားတာလည်း ပါသေးတယ်။ မင်ကုန်မှချိုးတာပါ၊ မကုန်မချင်း မချိုးဘူး။
***
အနှိပ်စက်ခန်း (၀ါ) စာမေးပွဲ ခန်းမ

ဒီနေ့က နောက်ဆုံးနေ့ဆိုတော့ ထုံးစံအတိုင်း ကင်မရာလေး သယ်သွားပါတယ်။ စာမေးပွဲခန်းမကို ဓာတ်ပုံ ရိုက်ခွင့် ရှိမရှိတော့ မသိပါဘူး။ ဖြေရမယ့် exam centre ကို အစောကြီးသွားပြီး ခန်းမကို ဓာတ်ပုံ ခိုးရိုက်လာခဲ့တယ်။
မှန်တံခါးကတဆင့် ရိုက်တာမို့ ပုံကတော့ ခပ်ဝါးဝါးပဲ။ ငါတို့ကို သတ်မယ့် နေရာ၊ ၃ နာရီနဲ့ ၁၅ မိနစ်တိတိ ကိုယ့်ပိုက်ဆံနဲ့ကိုယ် နှိပ်စက်ခံရတဲ့ နေရာ။ ပြန်ပြန်ကြည့်ပြီး စိတ်နာချင်တိုင်း နာရအောင် မှတ်တမ်းတင်ထားတာပါ။ တနှစ်လုံး ဘယ်လောက်စာလုပ်လုပ် ဒီ ၃ နာရီနဲ့ အဆုံးအဖြတ်ပေးတာ မတရားဘူး၊ မျှတမှု မရှိဘူးလို့ အမြဲတွေးမိတယ်။ မေးခွန်းဖတ်ချိန် ၁၅ မိနစ် အပါအ၀င် ၃ နာရီနဲ့ ၁၅ မိနစ်တိတိ တနေရာထဲမှာ ထိုင်နေပြီး ခြေကုန်လက်ပန်းကျ ပင်ပန်းအောင် ပညာရှိနှိပ်စက်နည်းနဲ့ နှိပ်စက်ခံရသော အနှိပ်စက်ခန်းမ ပါ။
***
တပွဲပြီးပြန်တော့ …

စာမေးပွဲပြီးတော့ နားရမလား မှတ်တယ်၊ နောက်ပွဲတွေက ဆက်တိုက် ရှိနေပြန်တယ်။ တခြားပွဲ ဟုတ်ရိုးလား။ ၄ နှစ် တကြိမ်မှ ရှားရှားပါးပါး ကြုံရတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေ ပဲပေါ့။ တိုက်တိုက်ဆိုင်ဆိုင် စာမေးပွဲဖြေနေတုန်းမှာ ဖွင့်ပွဲလုပ်တယ်။ အလွန်ကြည့်ချင်တဲ့ အင်္ဂလန်နဲ့ အမေရိကန်ပွဲလာတယ်။ ဘယ်ပွဲကို ဦးစားပေးရမလဲ စဉ်းစားတော့ … အင်း … စာမေးပွဲက ၆ လ တခါ ပြန်ဖြေလို့ရတာပဲ၊ ကမ္ဘာ့ဖလားက ၄ နှစ်မှ တခါကန်တာ …. ဆိုပြီး စာမေးပွဲမဖြေဘဲ ဘောလုံးပွဲပဲ ကြည့်တော့မယ်လို့ စိတ်က ဖြစ်မိပါသေးတယ်။ (တကယ် မလုပ်ပါဘူး စိတ်ကူးထဲက တွေးမိတာ ပြောပါတယ်)

ဒီလိုနဲ့ စာမေးပွဲပြီးတဲ့ ဒီညမှာ ဘရာဇီးနဲ့ မြောက်ကိုရီးယားပွဲကလေး အားပေးလိုက်ပါတယ်။ ဘရာဇီးအသင်းကို ကြိုက်လို့ အားပေးမယ် စိတ်ကူးပေမဲ့ မကန်ခင် နိုင်ငံတော်သီချင်း ဆိုနေတုန်း မြောက်ကိုရီးယား ကစားသမား (နံပါတ် ၉) ငိုတော့ သနားသွားပြီး မြောက်ကိုရီးယားဘက်ကနေ အားပေးမိတယ်။ (မိန်းမပီပီ မျက်ရည်မြင်တော့ သနားမိတာပေါ့) ကြည့်နေရင်းနဲ့ … သြော် … မြောက်ကိုရီးယားတောင် ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ဖို့ အဆင့်မီသေးတယ်၊ တို့များ မြန်မာအသင်းကတော့ ဘယ်တော့များပါလိမ့်ကွယ် … လို့ … တွေးရင်း ငေးရင်း ဆွေးရင်းနဲ့ပဲ … အိပ်ချင်လာပြီမို့ အိပ်ပါတော့မယ်။
***
မေဓာဝီ
၁၅၊ ဇွန်၊ ၂၀၁၀
၂၂း၄၉ နာရီ
***
နောက်ဆက်တွဲ

ကျောင်းပိတ်ပြီမို့ ဦးရီးတော်အိမ်မှာ တနွေခိုရပါဦးမယ်။ လာမယ့် စနေနေ့ကျရင် သူ့မိတ်ဆွေအိမ်မှာ တရားထိုင်ပွဲရှိလို့ ဒီဘက်ကို လာရင်းနဲ့ ကျမကို ၀င်ခေါ်မှာပါ။ ကျမလည်း သူတို့နဲ့အတူ တရားထိုင်ရပါမယ်။ တညနဲ့ တရက် ရိပ်သာဝင်ရမယ်ဆိုပါတော့။ ပြီးရင်တော့ ဦးရီးတော်အိမ်မှာ တနွေလုံး အေဘီစီဒီတွေ ပြန်ကျက်ရလေဦးမလား မသိပါဘူးရှင်။

ကျမ ဘလော့နားထားစဉ်မှာ လာရောက် ဖတ်ရှုကြသူများ ကွန်မန့် ပေးကြသူများ၊ စာမေးပွဲဖြေနိုင်အောင် ဆုတောင်းပေးကြသူများ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျောင်းစာတဖက်နဲ့မို့ ၀တ္တရားမကျေတာကို ခွင့်လွှတ်ကြပါနော်။

Read More...