Friday, July 06, 2007

ညတုန်းက ...

ညတုန်းကပေါ့ …
ဒီညတော့ စောစောအိပ်မယ်ဆိုပြီး ကွန်ပျူတာပိတ် အိပ်ရာဝင်တော့ ၁၂ နာရီ စွန်းစွန်းဖြစ်နေပါပြီ။ မှေးခနဲ အိပ်ပျော်ခါစရှိသေး အသံဗလံဆူဆူညံညံကြောင့် နိုးလာပြီး မျက်စိမှိတ်ထားရင်း နားစွင့်မိတယ်။ ကျမရဲ့ အမကြီး အော်ကျယ် အော်ကျယ်နဲ့ ဖုန်းပြောနေတာပါ။ သူပြောတာနားထောင်နေရင်း ကျမမျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူက တာမွေမြို့နယ် လျှပ်စစ်ဌာနကို ဖုန်းဆက်နေတာ။

ဖြစ်ပုံက ဒီလိုပါ။
ကျမတို့ဝင်းနဲ့ ကပ်ရပ်မှာ ပါဝါစတေရှင်တခုရှိတယ်။
(ပုံမှာမြင်ရတဲ့ အဆောက်အဦးလေးပါ၊ အဲဒါက ၂၀၀၅ ခုနှစ်က ရိုက်ထားတဲ့ပုံ)

အဲဒီပါဝါစတေရှင်ထဲကနေပြီး မီးတွေ တဖောက်ဖောက်နဲ့ ရှော့ဖြစ်နေတာမို့ တာမွေအီးပီစီကို ဖုန်းဆက်ပြီး ပြောနေတာပါ။ တာမွေမြို့နယ် အီးပီစီရုံးက တာဝန်ကျသူတွေဟာ အမကြီးကို သေချာစစ်ဆေး မေးမြန်းပါတယ်။ နေရာတို့ ဖြစ်ပုံတို့ အသေးစိတ်မေးလည်း ပြီးရော …. အဲဒီအပိုင်းက ကျနော်တို့ တာမွေမြို့နယ် အပိုင် မဟုတ်ဘူးတဲ့။ ကျနော်တို့နဲ့ မဆိုင်ဘူးလို့ ဆိုပါလေရော။

တကယ်လည်း ကျမတို့က တာမွေနဲ့ ဗဟန်း နယ်စပ်မှာ ရောက်နေတာပါ။ ဟိုဘက်လမ်းကူးရင် တာမွေ၊ ကျမတို့ဘက်အခြမ်းက ဗဟန်း ဆိုတော့ကာ သူတို့နဲ့ မဆိုင်ဘူး ပြောရင်လည်း ပြောလို့ရတာပေါ့။ ဒါပေမဲ့ ပါဝါစတေရှင်နဲ့ တာမွေ အီးပီစီရုံးက ၃ မိနစ်လောက် လမ်းလျှောက်ရုံနဲ့ ရောက်နိုင်တာမို့ ကျမ အမကြီးက တာမွေကို ဖုန်းဆက်လိုက်တာ … သူက အဲဒီလိုရှင်းပြပေမဲ့ .. အလကားပါပဲ။ မဆိုင်ဘူးချည်း တွင်တွင်ပြောတာနဲ့ ဗဟန်းကိုထပ်ဆက်ရပြန်တယ်။

ဗဟန်းအီးပီစီကတော့ အိပ်နေကြဟန်တူပါတယ်။ မိုးကလည်း အေးအေးနဲ့ဆိုတော့ … ဖုန်းကိုတော်တော်နဲ့ လာမကိုင်ပါဘူး။ လာကိုင်ပြန်တော့လည်း အိပ်ချင်မူးတူးနဲ့။ ဖြစ်ကြောင်းကုန်စင် ရှင်းပြတော့ … ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီးသာ ဖုန်းချသွားတယ် ရောက်မလာကြဘူး။ ကျမတို့လည်း တအိမ်လုံးနိုးပြီး အဲဒီပါဝါစတေရှင်လေးကိုပဲ ကြည့်နေကြရပါတယ်။ မကြည့်လို့ မဖြစ်ရတဲ့ အကြောင်းလေးတွေက ဖြစ်ခဲ့ဖူးလို့ ပါပဲ။

ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကထင်ပါတယ်။ သေချာတော့မမှတ်မိတော့ဘူး။ မနက်ဖက် အိပ်ရာထဲမှာ အိပ်ကောင်းနေတုန်း ဖောင်းခနဲ ဖောင်းခနဲ ပေါက်ကွဲ သံတွေ ကြားလို့ ဘာများလဲထအကြည့် အိမ်နံရံဖြူဖြူမှာ မီးရိပ်နီနီတွေ တလှုပ်လှုပ် ထင်နေတာကို မြင်လိုက်ပါတယ်။ ဒါနဲ့ ကမန်းကတန်းအိပ်ရာသိမ်း … အိပ်ပျော် နေတဲ့ မောင်လေးကို အတင်းနှိုးပြီး အိမ်ပြင်ထွက်လိုက်တော့ အဲဒီ အဆောက်အဦး လေးထဲက မီးညွန့် မီးလျှံတွေ လျှံထွက်နေတာကို မြင်လိုက်ရတယ်။ ကျမတို့ ခြံဝင်းရဲ့ အုတ်တံတိုင်းနဲ့ ဒီအဆောက်အဦးက ကပ်ရပ်ပါပဲ။ နွေဘက်မို့ သစ်ရွက်ခြောက်တွေကလည်း အများကြီး။ ဒါနဲ့ မီးသတ်ကိုဖုန်းဆက်သူကဆက်၊ အနားက အုတ်ရေကန်ထဲက ရေတွေနဲ့ပက်သူက ပက် … ကျမတို့လည်း ဘာပစ္စည်းမှ မသိမ်းမိဘဲ ယောင်ချာချာနဲ့ အဲဒါတွေပဲ ၀ိုင်းကြည့်နေမိတယ်။ ရင်ထဲ တော့ တထိတ်ထိတ်နဲ့ပေါ့။

မီးသတ်ကားရောက်လာပြီး အဲဒီအဆောက်အဦးလေးရဲ့ တံခါးကိုဖွင့်လိုက်တော့ အုံးခနဲ ပေါက်ကွဲသံကြီးမြည်သွားပါတယ်။ လမ်းမမှာလည်း လူတွေရော ကားတွေ ရောအပြည့်။ နောက်ဆုံးမှာတော့ မီးညွန့်ကျိုးပြီး မီးငြိမ်းသွားတယ်။ ဒါပေမဲ့ မီးသတ်ဝန်ထမ်းတယောက် အသက်ဆုံးရှုံးသွားပါတယ်။ အဲဒီလိုမျိုး ၂ ခါတိတိ ဖြစ်ဖူးတာ မို့ ဒီတခါ ကျမတို့ လန့်နေကြတာပါ။ လန့်လို့လည်း တာဝန်ရှိသူတွေဆီ ဖုန်းဆက်အကြောင်းကြား ရတာပါပဲ … ။
***
အဲ … ဗဟန်းအီးပီစီကလည်း ရောက်လာမယ်ထင်သလား။ တော်တော်နဲ့ မလာ နိုင်တဲ့အဆုံး အမကြီးက ထပ်ဖုန်းဆက်ရပြန်ပါတယ်။ အထဲမှာလည်း ပေါက်သံ တွေ တထိန်းထိန်းနဲ့ မြည်နေတဲ့အပြင် မီးပွါးတွေက တလက်လက် ဖြစ်နေ ပါသေးတယ်။
ကျမ အမကြီးကလည်း စိတ်ကြီးသူပီပီ … ရှင်တို့ မလာဘူးဆိုရင် တရပ်ကွက် လုံးကို နှိုးပြီး ပြောလိုက်မယ် … ဆိုတာကတမျိုး … 199 ကိုဖုန်းဆက်မယ် ဆိုတာ က တဖုံ … မျိုးစုံပြောတော့မှ … ခုလာခဲ့ပါမယ် အမ ဆိုပြီး နာရီဝက်အကြာမှာ ဆိုင်ကယ်လေး တဖွတ်ဖွတ်နဲ့ လူ နှစ်ယောက် ရောက်လာပါတယ်။

သူတို့က ကျမတို့ရပ်ကွက်ကို မီးပေးတာပဲဖြစ်ဖြစ် မီးဖြတ်တာပဲဖြစ်ဖြစ် ဒီကို အမြဲ လာနေကျပါပဲ။ ညဥ့်နက်သန်းခေါင် မီးဖြတ်မယ်ဆိုရင်တော့ ရောက်အောင် လာနိုင်ကြပါတယ်။ ဒီပါဝါစတေရှင်ထဲက မီးလိုင်း ထိန်းချုပ်ခလုတ်တွေဟာ ဗဟန်းမြို့နယ်အတွက်ရော တာမွေမြို့နယ်အတွက်ပါ ရှိပါတယ်။ ဒါကို သူနဲ့ မဆိုင် ကိုယ်နဲ့မဆိုင် လွှဲချနေကြတာကတော့ဖြင့် လုံးဝကို အလုပ်မဟုတ်တာပါ။ အကယ်၍များ မပြောကောင်း မဆိုကောင်း အရင်လို ထပ်ပြီး ပေါက်ကွဲခဲ့ရင် … ဘယ်သူ့မှာ တာဝန်ရှိသလဲ … ဘယ်သူ့ဘယ်သူ လွှဲချနေကြဦး မလဲ … ကျမ စဉ်းစားနေမိပါတော့တယ်။
***
မေဓာဝီ
ဇူလိုင် ၆ ၊ ၂၀၀၇
နေ့ ၁၁ နာရီ ၃၀ မိနစ်

7 comments:

mgphyu said...

ခေါင်မိုးကမလုံမှတော့ တံစက်မြိတ်ကယိုပြီပေါ့ဗျာ။

Min Min said...

တံစက်မြိတ်ကယိုတော့ အိမ်ကြီး ပျက်ဆီးပြီပေါ့ဗျာ

philtre said...

အိမ်ကြီးပျက်စီးတော့ … အင်းးးးး…. ဘာဆက်ဖြစ်မလဲ.??

pandora said...

အိမ်ကပျက်စီးတော့ သူများနေရာ အောက်ကျို့ပြီး သွားနေရတာပေါ့ဗျာ.

May Nyane said...

သူများအောက်ကျို့ပြီးသွားနေရတော့
ကိုယ်လူမျိုးကို အထင်သေးခံရတာပေါ့ကွာ..

philtre said...

ကိုယ့်လူမျိုးကိုအထင်သေးခံရတော့… အင်း…. ဘာဆက်ဖြစ်မလဲ ???

mgphyu said...

ပျက်စီးယိုယွင်းထိုအိမ်တွင်းဝယ်
ချစ်ခင်မောင်နှမ စည်းလုံးကြရင်
အိမ်ပြန်ပြင်ဖို့မခက်ပါဘူးဗျာ။
ပြင်ဖို့အချိန်ကျလာတဲ့ အချိန်မှာ
ပြင်စရာအတတ်တွေနဲ့ ကိရိယာတွေ
အဆင်သင့်ရှိနေဖို့ပါပဲ။