Friday, August 31, 2018

တွေးမိ​တွေးရာ ပုံပမာ


***
ဟိုး​ရှေး​ရှေးတုန်းက​ အင်​တာနက်​ ကမ္ဘာကြီးထဲက ဘ​လော့ရွာ​လေး တစ်​ရွာမှာ ​"တွေးမိ​တွေးရာ ​ရေးမိ​ရေးရာ" ဆိုတဲ့ ဘ​လော့အိမ်​က​လေး တစ်​အိမ်​ ရှိသတဲ့။ အဲဒီတုန်းက ဘ​လော့ရွာ တည်​ခါစ ဆို​တော့ ရွာထဲမှာ အိမ်​က​လေး​တွေ နည်းနည်းပဲ ရှိ​သေးတာ​ပေါ့။ ​တွေးမိ​တွေးရာ ဘ​လော့အိမ်​​လေးက​တော့ ​အနက်​​ရောင်​ ​ရေနံချေးသုတ်​ထားတဲ့ မြန်​မာဆန်​ဆန်​ အိမ်​က​လေးပါပဲ။
.
တွေးမိ​တွေးရာ ဘ​လော့​လေးဟာ တ​နေ့တ​နေ့ ဘ​လော့ အိမ်​နီးနားချင်း​တွေဆီ သွားလည်​လိုက်​ ကိုယ့်​ဆီလာလည်​တဲ့ သူ​တွေကို ဧည့်​ခံလိုက်​နဲ့ မအားရပါဘူး။ ကိုယ့်​ဆီ လာတဲ့သူ​တွေ ပျင်းမှာစိုးလို့ ​တွေးမိတာ​လေး​တွေ တတ်​သ​လောက်​ မှတ်​သ​လောက်​ ချ​ရေးပြီး ဧည့်​ဝတ်​ပြုရသတဲ့။ ဝတ္ထု၊ ကဗျာ၊ ​ဆောင်းပါး၊ ဟို​ရောက်​ ဒီ​ရောက်​ အ​တွေးများ ... စသဖြင့်​​ပေါ့။
.
အဲဒီလိုဧည့်​ခံရင်း တခါတ​လေ သူများ မကြိုက်​တာ​တွေနဲ့ ဧည့်​ခံမိတဲ့အခါ လူတကာ ငြိုငြင်​တာ​တွေလည်း တခါတ​လေ ခံရတယ်​။ ခပ်​​ပေ​ပေ ညစ်​တစ်​တစ်​ သူက​တော့ အဲဒါ​တွေကို ဂရုမစိုက်​ပါဘူး​၊ ဧည့်​သည်​ ကြိုက်​ကြိုက်​ မကြိုက်​ကြိုက်​ သူ​လုပ်​ချင်​တာ​တွေသာ ​လျှောက်​​လုပ်​နေ​တော့ တာပဲတဲ့။ ဒီ့ထက်​ဆိုးတာက​တော့ သူများအိမ်​သွားလည်​ရင်​လည်း အငြိမ်​မ​နေဘဲ ဒီအိမ်​ ဆိုင်းဘုတ်​က​တော့ စာလုံး​ပေါင်း မှား​နေတယ်​ ... ဟိုအိမ်​မှာ ကပ်​ထားတဲ့ စာက​တော့ဖြင့်​ ဘယ်​လိုလွဲ​နေတယ်​ ... စသဖြင့်​လည်း ​အလိုက်​မသိ ဝေဖန်​တတ်​​သေးသတဲ့။
.
ဒါ​ပေမဲ့ အဲဒီတုန်းက စိတ်​တူ ကိုယ်​တူ ဝါသနာတူ​တွေ စု​ဝေး​နေတဲ့ ရွာမို့ အများက စည်းလုံး ညီညွတ်​ကြတယ်​။ တစ်​အိမ်​နဲ့ တစ်​အိမ်​ လည်​လိုက်​ကြ၊ tag game ​တွေ ကစားလိုက်​ကြ၊ တခုခု ဖြစ်​ရင်​ ​ဖေးမလိုက်​ ​နေ​နေကြတဲ့ ဘ​လော့ရွာ​လေးဟာ အမြဲ​တော့ မသာယာ ခဲ့ပါဘူး။ တခါတ​လေ ရွာကို သူပုန်​ဝင်​တဲ့ အခါမျိုးဆိုရင်​ အားလုံး ဝိုင်းပြီး ​ဆော်​ကြ​ရသေးတာ​ပေါ့​။
.
တ​နေ့မှာတော့ ဘ​လော့ရွာထဲက တွေးမိ​တွေးရာ အိမ်​အနက်​က​လေး ​သော့ခတ်ပြီး ​ဆေးအဖြူသုတ်လိုက်​ရတယ်​။ သူ့အိမ်​ကို ဘယ်​သူမှ လာလည်​လို့ မရ​တော့သလို သူကိုယ်​တိုင်​လည်း ​နေထိုင်​ခွင့်​ မရှိ​တော့ဘူးတဲ့။ အဲဒီအချိန်​ဟာ ရွာထဲကို သူပုန်​​တွေ ဝင်​တဲ့ အချိန်​လို့ ​ပြောရမလားပဲ။ ရွာကို တိုက်​ခိုက်​ခံရတယ်​၊ ရွာက အိမ်​တချို့ ပျက်​စီးသလို အိမ်​​အသစ်​တွေလည်း ပိုပြီး တိုးပွားလာကြတယ်​။
.
ရွာငယ်​က​လေးက​နေ တဖြည်းဖြည်း ရွာကြီးဖြစ်​လာ​ပြီး သတိထား ​စောင့်​ကြည့်​ခြင်း ခံလာရတဲ့အထိ ဖြစ်​လာခဲ့တယ်​။ ရွာသူရွာသား​တွေရဲ့ စည်းလုံးတဲ့ မျိုးချစ်​စိတ်​က​တော့ ခိုင်​မြဲ​နေဆဲပါပဲ။ ဒါ​ပေမဲ့ ဘယ်​​နေရာမဆို စုန်းပြူး ရှိတဲ့အတိုင်း တချို့တ​လေ စုန်းပြူးအိမ်​​တွေလည်း ရှိတာ​ပေါ့။ ဘယ်​လိုပဲဖြစ်​ဖြစ်​ ရွာက​လေးဟာ စည်​ကား​နေဆဲ။
.
ဒီလိုနဲ့ အချိန်​အ​တော်​ကြာ ​သော့ခတ်​ခံထားရတဲ့ ​တွေးမိ​တွေးရာ အိမ်​က​လေးဟာ တ​နေ့မှာ​တော့ တံခါး​လေး ပြန်​ပွင့်​လာပါ​တော့တယ်​။ အဲဒီ​နောက်​မှာ​တော့ ​ရေနံ​ချေးသုတ်​ အနက်​ရောင်​ အိမ်​က​လေးက​နေ အပြာ​ရောင်​ အိမ်​က​လေးအဖြစ်​ ​ပြောင်းလဲသွားတယ်​။ အိမ်​က​လေး အ​ရောင်​​ပြောင်းသွား​ပေမဲ့ ခံယူချက်​နဲ့ စိတ်​ဓာတ်​က​တော့ သူ့အိမ်​ဆိုင်းဘုတ်​မှာ ​ရေးထားတဲ့ "အမှန်​တရားဆီ ရဲရဲချီ" ဆိုတဲ့အတိုင်း မ​ပြောင်းလဲခဲ့ပါဘူး။
.
အိမ်​က​လေး ပြန်​ပွင့်​လာ​တော့ ရွာသူရွာသား​တွေက ​နွေး​ထွေးစွာ ကြိုဆိုကြပါတယ်​။ အဲဒီ​နောက်​ အိမ်​​လေးကို ပြင်​ဆင်​မွမ်းမံ အလှဆင်​ပြီး ​တွေးမိတိုင်း ​ရေး​နေ​တော့တာပဲ။ ဒါ​ပေမဲ့ အိမ်​သစ်​​တွေ များလာ​တော့ အရင်​လို အိမ်​​ပေါက်​​စေ့ ​လျှောက်​မလည်​နိုင်​၊ ​ရေးချင်​တိုင်းလည်း မ​ရေးနိုင်​​တော့ဘူး။
.
တဖြည်းဖြည်း နှစ်​​တွေကြာလာ​တော့ တချို့အိမ်​​တွေဟာ ရွာက​လေးကို စွန့်​ခွာသွားကြတယ်​။ ​သော့ခတ်​ထားတဲ့ အိမ်​၊ ဖြိုဖျက်​လိုက်​တဲ့ အိမ်​၊ တံခါးဖွင့်​ထား​ပေမဲ့ လူမရှိ​တော့တဲ့အိမ်​ ... အဲဒီလို အိမ်​​တွေ များလာတဲ့အခါ ရွာက​လေးဟာ တစတစ ​ခြောက်​ကပ်​ လာပါ​တော့တယ်​။ ကျန်​ခဲ့တဲ့ အိမ်​ တခုတ​လေကလည်း မှန်​မှန်​ ​ဆေးမသုတ်​ မပြုပြင်​ဆို​တော့ လာလည်​မယ့်​သူ​တောင်​ မရှိသ​လောက်​ ဖြစ်​ရတယ်​။
.
ဒီလိုနဲ့ပဲ ဘ​လော့ရွာ​လေးဟာ ပျက်​စီးသွားရ​တော့မှာလား။ ​ခြောက်​ကပ်​ ​အေးစက်​စွာ တစပြင်​လို ငြိမ်​သက်​​နေရ​တော့မှာလား။ ​တွေးမိ​တွေးရာ အိမ်​က​လေးက​တော့ ဧည့်​လာလာ မလာလာ သူ့အိမ်​က​လေးကို အသက်​သွင်းရင်း ရွာက​လေး ပြန်​စည်​ကားမယ့်​အချိန်​ကို တိတ်​တိတ်​က​လေး ​မျှော်​လင့်​​နေပါ​တော့သတဲ့။
***
ပုံပြင်​​လေးက​တော့ ဒါပါပဲ
မေဓာဝီ
310818
22.30
Blogday နဲ့ ​မေဓာဝီ ဘ​လော့ ၁၂ နှစ်​ပြည့်​ အမှတ်​တရ

Read More...

Thursday, August 23, 2018

The K vs L's Speech


***
ချန်​နယ်​ 9 က လာတဲ့ The King's Speech ကို ခုနကပဲ ကြည့်​ပြီးသွားတယ်​။ အဲဒီဇာတ်​ကား ထွက်​ကတည်းက အ​ခေါက်​​ခေါက်​ ကြည့်​ခဲ့ဖူးပါတယ်​။ ကြိုက်​လို့ အ​ခွေ ကူးထားသလို ကိုယ့် ကျောင်းသား​တွေကိုလည်း အတုယူဖို့ရာ ခဏခဏ ပြခဲ့ဖူးတယ်​။
.
တော်​​တော်​များများလည်း ဒီဇာတ်​ကား ကြည့်​ဖူးကြမယ်​ ထင်​ပါတယ်​။ ဗြိတိန်​က အခုလက်​ရှိ အဲလစ်​ဇဘက်​ ဘုရင်​မကြီးရဲ့ ခမည်း​တော်​ ဆဋ္ဌမ​မြောက်​ ​ဂျော့ဘုရင်​ရဲ့ တကယ့်​ အဖြစ်​အပျက်​ကို အ​ခြေခံပြီး ရိုက်​ထားတာပါ။ အစ်​ကိုဖြစ်​သူ အက်​ဒွပ်​ ဘုရင်​ နန်းစွန့်​ပြီး​နောက်​ စကားထစ်​တဲ့ ​ဂျော့ဘုရင်​ ​လောင်းလျာက ဘုရင်​အဖြစ်​ တိုင်းပြည်​ကို မိန့်​ခွန်း​ပြောနိုင်​ဖို့ ကြိုးစား ​လေ့ကျင့်​ရတဲ့ ဇာတ်​လမ်း ဆိုပါ​တော့။
.
သူဟာ ​ရေဒီယိုက​နေပြီး တိုင်းပြည်​ကို အ​ရေးကြီးတဲ့ မိန့်​ခွန်း​ အသံလွှင့်​ဖို့အတွက်​ ​နောက်​ဆုံးအချိန်​ထိ အဆင်​သင့်​မဖြစ်​​သေးဘူး။ စကား​ပြောခွက်​​ရှေ့မှာ အင်​မတန်​ စိတ်​လှုပ်​ရှား​နေခဲ့တယ်​။ သူ မိန့်​ခွန်း​ပြောတဲ့ တ​လျှောက်​ သူ့ကို ​လေ့ကျင့်​​ပေးတဲ့ ​ဆရာက သူ့​ရှေ့မှာ ရပ်​​နေပြီး အသံတိတ်​ ညွှန်​ကြား​နေရတယ်​။ ​နောက်​ဆုံး​တော့ ​အနည်းငယ်​ အထစ်​အ​ငေါ့​လေးနဲ့ အောင်​မြင်​စွာ ​ပြောနိုင်​ခဲ့လို့ အားလုံးက သြဘာ​ပေးကြ​လေတယ်​။ 


ပြောချင်​တာက ​ဂျော့ဘုရင်​ အ​ကြောင်းမဟုတ်​ပါဘူး။ အဲဒီဇာတ်​ကား ကြည့်​ပြီးတဲ့အခါ ၂၁ ရက်​​နေ့က ဒေါ်​အောင်​ဆန်းစုကြည်​ စင်​ကာပူမှာ ​စကားပြောခဲ့တာကို သတိရလိုက်​မိတယ်​။
.
အများသူငါ​ရှေ့မှာ စကား​ပြောရတဲ့ အတတ်​ပညာဟာ ဘယ်​​လောက်​ ခက်​ခဲတယ်​ ဆိုတာ ​ပြောဖူးသူတိုင်း နားလည်​ကြမှာပါ။ အင်္ဂလိပ်​လို မွှတ်​​နေ​အောင်​ ​ပြောတတ်​တိုင်း အများ​ရှေ့​မှောက်​ ​ပြောနိုင်​ဖို့ရာ မလွယ်​ကူပါဘူး။ အများ​ရှေ့​မှောက်​ဆိုတာကလည်း သူလိုကိုယ်​လို အရပ်​သား​တွေ ​ရှေ့​မှောက်​ မဟုတ်​ပါဘူး။ သူတို့နိုင်​ငံက အကြီးအကဲ​တွေ၊ နိုင်​ငံတကာက ​ခေါင်း​ဆောင်​​တွေ၊ ပညာရှင်​​တွေ အသီးသီးရဲ့ ​ရှေ့​မှောက်​မှာ ​ပြောရတာပါ။
.
အဲဒီလို ​ပြောတဲ့အခါ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှု အပြည့်​နဲ့ အများ စိတ်​ဝင်​စား​အောင်​ ​ပြောနိုင်​တယ်​၊ ဟာသဉာဏ်​ တင်္ခဏုပ္ပတ္တိဉာဏ်​ ရှိတယ်​။ အချက်​အလက်​ အလို့ငှာ တခါတရံ စာရွက်​ကြည့်​ရ​ပေမဲ့ အလွတ်​ကျက်​ပြီး ​ပြောတာ မဟုတ်​ဘူး၊ နား​ထောင်​တဲ့ ပရိသတ်​ကိုလည်း ​လေးစားမှု ရှိတယ်​၊ မလိုအပ်​ဘဲ ရှည်​လျား ​ထွေပြား ​ပြောမ​နေဘဲ ကိုယ်​ ​ပြောလိုတဲ့ အချက်​အလက်​ကို တိကျစွာ ​ပြောနိုင်​တယ်​၊ ပရိသတ်​က ​မေးခွန်းထုတ်​ရာမှာလည်း ကျေနပ်​​လောက်​တဲ့ အ​ဖြေကို မဆိုင်းမတွ ပြန်​​ဖြေ​ပေးနိုင်​ခဲ့တယ်​... စတဲ့ public speaker တ​ယောက်​ရဲ့ အရည်​အချင်း ​ဒေါ်စုမှာ အပြည့်​အဝ ရှိပါတယ်​။ 


နိုင်​ငံတကာမှာ သွား​ပြောတဲ့ ​ဒေါ်စုရဲ့ မိန့်​ခွန်း​တွေ လက်​ချာ​တွေကို နား​ထောင်​ရတိုင်း ​သြော်​ ​ဒေါ်စုတ​ယောက်​ ရှိခြင်းဟာ ကိုယ့်​တိုင်းပြည်​အတွက်​ အရ​တော်​​ပေစွ လို့ ​ကျေနပ်​စွာ ​ရေရွတ်​ရတာ အခါခါ။
.
အင်္ဂလိပ်​စာမွှတ်​​နေ​အောင်​ ​ပြောနိုင်​တိုင်း ပညာတတ်​ မဟုတ်​ဘူး ... အ​ပြော​ကောင်း သလို အလုပ်​လည်း ​ကောင်းပါ​စေ ဆိုတဲ့ မှတ်​ချက်​မျိုး​တွေ မြင်​ရ​တော့ စိတ်​မ​ကောင်း ဖြစ်​ရတယ်​။ နှစ်​​ပေါင်းများစွာ မ​ပြောရဲ မဆိုရဲဘဝ၊ နိုင်​ငံတကာ အလယ်​ အူလည်​လည်​ ဖြစ်​ခဲ့ရတဲ့ ဘဝကို ​မေ့သွားလို့ပဲလား ပြန်​များ လိုချင်​ကြသလားရယ်​လို့ ​တွေးမိပါတယ်​။
.
ဒေါ်စုက​တော့ ​ပြောစရာရှိတာ ​ပြောသွားမှာပါပဲ။ စကား​ပြောရမယ့်​ တာဝန်​က သူ့တာဝန်​ကိုး။ သူမ​ပြောရင်​ ဘယ်​သူက သူ့လို ​ပြောနိုင်​မှာမို့လဲ​လေ။ လိုက်​လုပ်​ရမှာက ကိုယ်​​တွေပဲ။ သူ​ပြောသွားသလို ​နောက်​က လိုက်​လုပ်​ကြရမှာ။ သူ့တာဝန်​ သူယူသလို ကိုယ့်​တာဝန်​ ကိုယ်​ယူကြရမှာ​။ 
.
လူ သန်း​ခြောက်​ဆယ်​ဟာ သူ့ဆီကသာ အများကြီး ​မျှော်​လင့်​​နေကြတယ်​ ဆိုတာ တကယ်​​တော့ မတရားပါဘူး။ တဘဝလုံး ​ပေးဆပ်​ခဲ့ရတဲ့ သူက လူ သန်း​ခြောက်​ဆယ်​ဆီကသာ ​ပြန်​မျှော်​လင့်​သင့်​တာ။ ကိုယ်​​တွေက သူ့ကို ပြန်​​ပေးဆပ်​သင့်​တာ၊ ပြန်​ကူညီသင့်​တာ။ စကားလုံး​တွေနဲ့ တိုက်​ခိုက်​တာ​တွေ ​လျှော့ပြီး ဒီအသက်​အရွယ်​မှာ သူ့ တကိုယ်​စာ​လေးနဲ့ တိုင်းပြည်​ကိုယ်​စား ဒီ​လောက်​ လုပ်​​ပေး​နေတာကိုပဲ ​ကျေနပ်​ရမှာပါ။
.
နာရီပြန်​ ၂ ချက်​ ​ကျော်​ပါပြီ။ ကျွန်​မ အိပ်​မ​ပျော်​ပါဘူး။
The King's Speech ဇာတ်​ကားထဲမှာ ​​ဂျော့ဘုရင်​ဟာ သူများ​ရေး​ပေးတဲ့ မိန့်​ခွန်းကို အထစ်​အ​ငေါ့​လေး​တွေနဲ့ အများ​ရှေ့​မှောက်​မဟုတ်​ဘဲ ​ရေဒီယိုက တဆင့်​ ​ပြောသွားတာကို တနိုင်​ငံလုံး တ​လေးတစား နား​ထောင်​​နေတဲ့ ဇာတ်​ဝင်​ခန်း​လေး ပြန်​မြင်​​ယောင်​ပြီး စိတ်​မ​ကောင်း ဖြစ်​​နေမိလို့ပါ။
***
မေဓာဝီ
23.08.18
02.22

Read More...

Tuesday, August 21, 2018

မွေးသည့်နေ့မှာ တစ်နေ့တာ

***
အသက် တစ်နှစ်ကြီးပြီ။
မနက် အိပ်ရာကနိုးတော့ ဦးစွာ ထိုသို့ ရေရွတ်မိ၏။ မျက်နှာသစ် ကိုယ်လက် သန့်စင် အဝတ်အစားလဲပြီး အိမ်တံခါး သော့ပိတ်၍ ထွက်ခဲ့သည်။ ရွှေတိဂုံဘုရားဆီ .. ။

 မြောက်ဘက်မုခ် သွေးဆေးကန်မှာ ဗိုက်ဆာနေကြရှာမည့် ငါးတွေကို မနက်စာ ပေါင်မုန့် ကျွေးသည်။ ရာသီဥတုက မိုးမရွာ နေမပူ၊ နေလို့ ကောင်းရုံ တိမ်ညိုအုံ့ဆိုင်း ခပ်မှိုင်းမှိုင်းကလေး။ ငါးစာကျွေးပြီး မြောက်ဘက်မုခ် လှေခါးမှ တထစ်ချင်း ဖြည်းဖြည်းနင်း၍ မေတ္တာပွါးရင်း တက်ခဲ့သည်။ ခါတိုင်းလို ဓာတ်လှေခါး မစီးတော့။ ဘုရားရင်ပြင်တော်ပေါ် ရောက်ခါနီး ပန်းဆိုင်မှာ ပန်းဝယ်ပြီး ရင်ပြင်တော်ကို လက်ျာရစ် ပတ်သည်။

ဘုရားပန်းမရှိသော စောင်းတန်းတခုမှ ရုပ်ပွါးတော်များ ရှေ့တွင် ဝယ်လာသော ကြာပန်း ကပ်လှူ၍ သီလယူ ဘုရားရှိခိုးပြီး နာရီကြည့်လိုက်တော့ ၇ နာရီ ခွဲလုပြီ။ ညက ခင်ပွန်းဖြစ်သူ တင်ထားသော မွေးနေ့ဆုတောင်းပို့စ်၏ ကွန်မန့်တွင် ဆုတောင်းပေးကြသူများနှင့် မက်ဆန်ဂျာမှ တဆင့် ဆုတောင်းပေး ကြသူများ အားလုံးကို ကျေးဇူးစကား ပြန်လည်ဆိုပြီး အဝေးရောက် မိဘများထံ ဖုန်းလှမ်း​ခေါ်လိုက်သည်။

၇ နာရီ ခွဲ။
လွန်ခဲ့တဲ့ နှစ်များစွာ ဒီလိုအချိန်မှာ အမေနာကျင်နေမလား … ဟု သူတွေးမိသည်။ သေချာတာကတော့ နာကျင်ခြင်းနှင့် မျက်ရည်တွေ ရောယှက်ကာ သူ့ကို လူ့လောကကြီးထဲ ခေါ်ဆောင်ခဲ့ရပေမည်။ ကလေးတယောက် မွေးဖွားခြင်းသည် ဘယ်မိခင် အတွက်များ လွယ်ကူနေမှာမို့လဲ။ အမေသည် ထိုသို့ မလွယ်ကူသည့် ကြားက တတိယမြောက် သမီးတယောက် ဖွားမြင်ခဲ့ပါသည်။

“အမေ … ကြားရလား … အမေ ဒီအချိန် သမီးကို မွေးတာနော် ဟုတ်တယ်မို့လား”
“အခု မြန်မာပြည်မှာ ဘယ်အချိန်လဲ သမီး”
“ခုနစ်နာရီ ခွဲပြီ အမေ”
“အေး … ဟုတ်တယ် ဒီအချိန် သမီးကို မွေးတာ၊ အဖေကြီး သမီးနဲ့ လာပြောလိုက်ပါဦး”
“သမီး အခု ဘုရားရောက်နေတာ … ဘုရားလည်း ရှိခိုးပြီးပြီ၊ အဖေနဲ့ အမေကို အဝေးကနေ ကန်တော့ လိုက်ပါတယ်”

နည်းနည်းတော့ ရုပ်ရှင်ဇာတ်လမ်း ဆန်နေမလား မသိ။ တကယ်ပင် ထိုသို့ သူ ပြောခဲ့ပါသည်။ အမေ နှင့် အဖေက ဝမ်းမြောက်စွာ သာဓုခေါ်ကြပြီး ဆုတွေ အများကြီး ပေးသည်။ အဖေက ထုံးစံအတိုင်း ဆုအားလုံး၏ နောက်ဆုံးမှာ သမီးလေး ပျော်ပါစေ … ဟု အဆုံးသတ်ခဲ့၏။ အ​ဖေ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ … ဟု ရှေ့တည့်တည့်မှ ရွှေတိဂုံစေတီတော်ကြီးကို ကြည့်ရင်း ပြန်လည်ပြောခဲ့သည်။ လွမ်းတယ် အဖေနဲ့ အမေ … ။ (ဒီနေရာ ရေးနေရင်း မျက်ရည်ဝဲရသည်)

မွေးနံထောင့်ရှိ ဆင်းတုတော်နှင့် ဂြိုလ်တိုင်တွင် ရေသပ္ပါယ်လေ့ သိပ်မရှိပေမဲ့ “အေးချမ်းအောင် ရေသပ္ပါယ် ခဲ့ပါသမီး” ဟု အဖေပြောသည့်အတိုင်း ရေသပ္ပါယ်ခဲ့သည်။ အောင်မြေမှနေ၍ ​ရွှေတိဂုံ စေတီတော်မြတ်ကြီးကို အပြည့်အဝ ဖူးမြော်ကြည်ညို ပြီးသည့်နောက် မြောက်ဘက်မုခ် လှေခါးမှပင် ပြန်ဆင်းခဲ့သည်။

“မေ ကြိုက်တဲ့ မနက်စာ သွားစားနော်” ခင်ပွန်းသည် မှာသည့်စကားကြောင့် သူ့ကိုယ်သူ treat လုပ်ရန် အငှားကားလေးကို ကန်တော်ကြီးထဲရှိ Signature သို့ မောင်းခိုင်းလိုက်သည်။ ထုံးစံမပျက် သူမှာသည်ကား ဆိတ်စွပ်နှင့်ပလာတာ၊ ကြက်ခြေထောက် ငရုတ်ကောင်း ဒင်ဆမ်း၊ ကော်ဖီတခွက် ရေနွေးကြမ်း တအိုး ကုန်သောအခါ ဆိုင်မှ ထွက်၍ နောက်တနေရာဆီသို့။
***
ကျောက်မြောင်းဈေး။
ချက်ပြုတ်ရန် ဟင်းလျာများနှင့် ဘုရားပန်းဝယ်ပြီး ဆိုက်ကားကြီးစီး၍ အိမ်ပြန်ခဲ့သည်။ သားငါးကိုင် ဆေးကြော သိမ်းဆည်း၊ သောက်တော်ရေနှင့် ဘုရားပန်းကပ် … အားလုံးပြီးသော် မောပြီ။ ခဏနားပြီး ခင်ပွန်းသည်နှင့် စကားပြော … ကွန်မန့်လေးတွေ ပြန်။
.... .... ....
နေ့လည် ၁ နာရီခွဲသာသာမှာတော့ အမေစုရဲ့ lecture ကို နားထောင်သည်။ အမေ့ လက်ချာကတော့ သူ့မွေးနေ့ အတွက် အဖိုးအတန်ဆုံး လက်ဆောင်ပမာပါပဲ။ 21 August ဟု ​​နေ့စွဲ​ ရေးထိုးထားသည့်​ ​နောက်​ခံ​ရှေ့တွင်​ စကား​ပြော​နေသည့်​ အ​မေစုပုံရိပ်​က ကြည့်​မဝ ရှုမဝ။ သူ့​မွေး​နေ့သည်​ သမိုင်းဝင်​မည့်​ ​နေ့တ​နေ့ ဖြစ်​ခဲ့ပြီ။

မိသားစုနှင့် အဝေးမှာ … ခင်ပွန်းသည်နှင့် အဝေးမှာ … တယောက်တည်း ရှိနေခဲ့ရပေမဲ့ ဖေ့ဘွတ် စာမျက်နှာ၊ မက်ဆန်ဂျာနှင့် ဗိုင်ဘာက ဆုတောင်းစကားများကြောင့် အထီးကျန် ဖြစ်မနေခဲ့။

ဒီလိုနှင့်​ ညရောက်ပြီ။
မွေးနေ့ဆုတောင်း ကွန်မန့်တွေ၊ မက်ဆေ့ခ်ျတွေက ဝင်လာမစဲ တသဲသဲ။ (အဟဲ)
မွေးနေ့တွင် ဆုတောင်းပေးတာကို နှစ်သက်သော်လည်း တကယ်က အင်မတန် အားနာလှပါသည်။ သို့သော် …
မိတ်ဆွေ သူငယ်ချင်း ဆရာသမားတို့က … ခင်ပွန်းသည် တင်သည့် မွေးနေ့အမှတ်တရ ပို့စ်တွင် မွေးနေ့ဆုတောင်း ပေးကြသလို တိုင်းမ်လိုင်းတွင် ပို့စ်တင်၍လည်း ဆုတောင်း ပေးကြသည်။ ဒါ့ပြင် ပရိုဖိုင်းမှာ ငယ်ငယ်က ပုံလေး ပြောင်းလိုက်သည့် အခါတွင်လည်းကောင်း၊ အငြိမ်မနေနိုင်သေး၍ လွန်ခဲ့သည့် ၄ နှစ်က ကိတ်မုန့်တွင် ဖယောင်းတိုင် ထွန်းနေသည့် ဓာတ်ပုံလေးကို ပြန်ရှယ် လိုက်မိ ရာတွင်လည်းကောင်း မိတ်​​ဆွေအ​ပေါင်းက ဆုတွေ​တောင်း ကြရပြန်လေသည်။ 

တာဝန်ကျေသော မိတ်ဆွေများကို အလွန်ပင် အားတုံ့အားနာ ဖြစ်ရပါသည်။ မကြာမီ အချိန်ပိုင်းတွင် ဒီကနေ့ တနေ့တာ ကုန်ဆုံးပါတော့မည်။ ယခု ဒီစာသည် ကျင်လည်ခဲ့သော မွေးနေ့တနေ့တာကို မှတ်တမ်းတင်ခြင်းနှင့် ဆုတောင်းစကား ဆိုသူ like သူ love သူ wow သူ … သူ … သူ … ထိုထိုသူ မှန်သမျှ အပါအဝင်​... ကျေးဇူးရှိခဲ့ဖူးသူ မှန်သမျှအား ကျေးဇူးတင်ပါကြောင်း ပြောလိုခြင်းမျှသာ ဖြစ်ပါသည်။
***
အားလုံးကို ကျေးဇူးတင် အားနာစွာဖြင့်
မေနန္ဒာ (a) ​မေဓာဝီ
၂၁ သြဂုတ်​ ၂၀၁၈
၂၃.၁၇ နာရီ

Read More...

Monday, August 20, 2018

နံရံထက်​က မီးအိမ်​​လေး


***
မှောင်​ချိန်​မှာ အလင်း​ပွင့်​​တွေ လန်းဖြာ
နေသာ​ရင်​ တိတ်​တိတ်​က​လေး အိပ်
သူ့အရိပ်​ သူကြည့်​ရင်း...
သက်​ပြင်းချတဲ့အခါ ချ
နံရံထက်​က သူ့ရဲ့ဘဝ ... ။
***
MDW
20.08.18
10.36
.
ခုတ​လော မီးအိမ်​​ပုံလေး​တွေ ​ရေး​နေမိတယ်​။ ဟို​နေ့က ​ရေးဖြစ်​တာ ငယ်​ငယ်​က သုံးခဲ့ဖူးတဲ့ ​ရေနံဆီ မီးအိမ်​​လေး၊ အခုက​တော့ နံရံထက်​က မီးအိမ်​​လေး။ ​လေ့ကျင့်​တဲ့အ​နေနဲ့ ရှိပြီးသား မူရင်းပုံ​တွေကို ကူး​ရေးတာပါ။ ​တူတာ မတူတာ အပထား နောက်​ထပ်​လည်း မီးအိမ်​​လေး​တွေ ထပ်​ရှာပြီး​ ရေးအုံးမယ်​။ လင်း​နေချိန်​မှာ အသုံးမဝင်​​ပေမဲ့ ​အမှောင်​ထဲမှာ အသုံးဝင်​တဲ့ မီးအိမ်​က​လေး​တွေကို အားကျ​နေမိလို့။

Read More...

Sunday, August 19, 2018

တယောလေးရဲ့ အလွမ်း ...


 *
ချွဲတတ်​တဲ့ တ​ယော​ဆိုးကလေး​တောင်
ဘိုးတံ​​​လေး အ​ဝေး​ရောက်​​နေတဲ့အခါ ...
သံစဉ်​​တွေ​ ခြောက်​ခမ်းလို့
လွမ်း​ ... လွမ်း ... နေရသတဲ့ ... ။
***
MDW
19.8.18
10.46

Read More...

Friday, August 17, 2018

အဝေးမှ ...


***
စိတ်​မဆိုးပါနဲ့
တိတ်​တခိုးပဲ ပွင့်​​တော့မယ်​။
ဆွတ်​ချူသူ အမြင်​ခက်​​အောင်
ကွယ်​ဝှက်​လို့ရယ်​။

အပွင့်​က ငယ်​ငယ်
အရွယ်​က ခပ်​​သေး​သေး။
မ​မွှေးချင်​ပါနဲ့
ဝေး​နေရင်​ သူ​​လွမ်း​စေဖို့
လေသင့်​ရာ ရနံ့သင်း
ဖြန့်​ခင်းလို့​ပေး ... ။ ။
***
မေဓာဝီ
17.08.18

Read More...

Tuesday, August 14, 2018

မီးအိမ်


*
မှောင်နေချိန်မှာ
ထွန်းညှိပါသည်
လင်းခါ ငြှိမ်းကြဦးမည်တည့်။
***
MDW
14.08.18

Read More...

Sunday, August 12, 2018

တကယ်တော့ ...


*
တိုက်ဆိုင်မှု မရှိတိုင်း
လွဲတတ်သတဲ့လား။
တကယ်တော့
မိုးမပြိုခဲ့ပါဘူး
ညိုရုံ ညိုခဲ့တာ ... ။ 
***
MDW
12.08.14

Read More...

Friday, August 10, 2018

ဆန္ဒ ...


.
နံနက်ခင်းဟာ ပန်းလေးတပွင့်ဆိုရင် ... 
ကံ့ကော်ပန်းကလေး ဖြစ်စေချင် ... ။ 
***
MDW
10.08.18

Read More...

Thursday, August 09, 2018

အဲဒီတုန်းက ...

.
ငါးတန်းရောက်မှ အေဘီစီဒီ စသင်ပြီး
စီအေတီ ကတ်၊ အာအေတီ ရတ်
အော်အော်ပြီး ကျက်ခဲ့ရတဲ့ခေတ်။
...
ဆပ်ပြာဆို ကာဘော်လစ် ရွှေဝါ
မွှေးဆပ်ပြာဆိုတာ တခါတလေမှ
ပြည်သူ့ဆိုင်က ထုတ်ရတဲ့ခေတ်။

သွားတိုက်ဆေးက ပက်ဆိုးဒန့်
စီးကရက်ဆို ဒူးယားနဲ့ ခပေါင်း
အကောင်းလုပ် သောက်ရတဲ့ခေတ်။

ပိတ်စက တက်ထရွန် ပေါ်ပလင်
တခါတလေ ဝါကျင်ကျင်နဲ့
ရေနံဆီနံ့ပင် ရလိုက်သေး
ကလေးအနှီး နို့မှုန့်ပါ ကိုတာနဲ့ဝယ်ရတဲ့ခေတ်။

သမဆိုင်မှာ ဆီစာအုပ်နဲ့
တန်းစီပြီး ထုတ်ခဲ့ရတဲ့
ငစိန် ငကျွဲနဲ့ ဧည့်မထ
ဆန်ကွဲတွေ ရောသမမွှေ
စပါးလုံး စက်ချေးခဲတွေ နိုင်းချင်း
ဖယ်ရှားရင်း စားခဲ့ရတဲ့ခေတ်။

ကုန်တိုက်မှာ တန်းစီတိုး
မှောင်ခိုတွေ ကြီးစိုးတဲ့ခေတ်။

အမှန်ပျောက်နေတဲ့ ခေတ်
ပြန်မရောက်စေချင်တဲ့ ခေတ်
တိုင်းပြည် ချောက်ကျတဲ့ ခေတ်
သမိုင်းတွေ ဖျောက်ကြတဲ့ ခေတ်
အရိုင်းတွေ ကြောက်ရတဲ့ ခေတ်

ခေတ် … ခေတ် … ခေတ်
… … … …
အဲဒီခေတ်ကို ဖြတ်ရင်း
ကျွန်တော်တို့ ကြီးပြင်းလာခဲ့တဲ့ ခေတ်။
***
မေဓာဝီ
9.8.18
9.40

Read More...

Tuesday, August 07, 2018

အနှစ်​ သုံးဆယ်​လမ်း

အနှစ်​ သုံးဆယ်​လမ်း
***

စခဲ့
ဆက်ခဲ့
အသက်တွေနဲ့ စတေးခဲ့။
...
တွဲထား
မြဲထား
ခွဲသွားသူတွေလည်း ရှိရဲ့။
...
 တင်းထား
ရင်းထား
နင်းသွားတဲ့လမ်းတွေက ကြမ်းခဲ့။
...
လျှောက်ဆဲ
မရောက်လည်း
တယောက်ထဲတော့ အပြစ်ပုံမချနဲ့။
...
မပြီးသေး
မညည်းကြေး
အနီးကလေးသာ လိုတော့သတဲ့။
...
ပန်းတိုင်
လှမ်းကိုင်
မြန်းနိုင်ဖို့ စောင့်နေရခဲ့။
...
သောင်းထု
ပေါင်းစု
ကောင်းမှုနဲ့ တည်ဆောက်ကြစို့ရဲ့။
***

မေဓာဝီ
07.08.18

Read More...

Friday, August 03, 2018

ပြုံးထားမယ် ...


 
*
ငါနဲ့ မ​ခေါ်ရင်​ ငါ့အရုပ်​ပြန်​​ပေး -
နင့်​ကိုမ​ခေါ်ဘူး နင့်​အရုပ် ပြန်​ယူ - ဆိုတာ ...
အရွယ်​မ​ရောက်​​သေးတဲ့
က​လေး​တွေ လုပ်​ကြတာ။
...
လူကြီး​နေရာ ဆိုတာ ...
အသက်​ကြီးတိုင်း
ရာထူးကြီးတိုင်း
ပါဝါကြီးတိုင်း ဖြစ်​ပါ့မလား ...
နှလုံးသားလည်း ကြီးဦးမှ​လေကွယ်​ ... ။

ကိုယ်​က​တော့
အားလုံးကို အပြုံးနဲ့သာ ရင်​ဆိုင်​ချင်​မိတယ်​။
***
MDW
03.08.18
Friday
16.29

Read More...