Monday, July 30, 2007

အဖေ့အတွက် ...

အဖေ …
လွန်ခဲ့တဲ့ ၆၂ နှစ် ခုလို ၀ါဆိုလပြည့်ကျော် တရက်နေ့မှာ သမီးရဲ့ ကျေးဇူးရှင် ဖြစ်လာမယ့် အဖေ လူ့လောကထဲ ရောက်လာခဲ့တာ … နော်။ ရှေးရေစက်နဲ့ ကံတရားရဲ့ တွန်းပို့မှုကြောင့် အဖေချစ်တဲ့ အမေနဲ့ ဆုံဆည်းခဲ့ရပြီး အဖေတို့ရဲ့ နှစ်ယောက်ဘ၀ထဲမှာ သံယောဇဉ်ကြိုး ခပ်ဆိုးဆိုး လေးမျှင် တိုးလာခဲ့တယ်ပေါ့။ တမျှင်ပြီး တမျှင်တိုးပွားလာတဲ့ အဲဒီ သံယောဇဉ်ကြိုး ခပ်ဆိုးဆိုးလေးတွေကို ခိုင်သည်ထက်ခိုင်အောင် မြဲသည်ထက်မြဲအောင် ပြုလုပ်ပေးရင်းနဲ့ လောက အလယ်မှာ မျက်နှာမငယ်စေဖို့ ပြုစုပေး စောင့်ရှောက်ပေး ဆုံးမပေးနေတဲ့ အဖေ့ရဲ့ ဂုဏ်ကျေးဇူးတွေအတွက် ဦးညွတ် ကန်တော့လိုက်ပါတယ် အဖေ … ။

မောင်နှမလေးယောက်ထဲမှာ အဖေက သမီးကို အချစ်ဆုံးတဲ့ … ။ အားလုံးက အဲဒီလိုပြောရင် အဖေကတော့ ပြုံးပြုံးကြီးပါပဲ။ တကယ်လည်း သမီးနဲ့ အဖေဟာ အနီးစပ်ဆုံး အနီးကပ်ဆုံး စိတ်ချင်း အတိုက်ဆိုင်ဆုံးပဲ မဟုတ်လား။ သွေးအမျိုးအစားတောင်မှ အဖေနဲ့ သမီးက တူတူပဲ။ ကျန်တဲ့ အမနှစ်ယောက်က အမေနဲ့တူတာလေ။ ဒါကြောင့် အဖေနဲ့သမီး ပိုပြီး နီးစပ်မိတာများလား။ သမီး ကိုယ်တိုင်လည်း အဖေက သမီးကိုအချစ်ဆုံးလို့ ထင်နေခဲ့သလို ပတ်ဝန်းကျင် ကလည်း ဒီလိုပဲ အသိအမှတ်ပြုထားကြတယ်။ အမေဆို သမီးတို့ သားအဖ စကားတွတ်ထိုးနေကြရင် ခပ်လှမ်းလှမ်းကနေ မျက်စောင်းလေးလှမ်းထိုးပြီး အမြင်ကတ်ဟန် ပြုနေကျလေ။ ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် အဖေ့အချစ်ဆုံး သမီး ဖြစ်ရတာ ဂုဏ်ယူစရာပဲမဟုတ်လား။

သမီးငယ်ငယ်က အိပ်ခါနီးဆိုရင် အဖေချီပြီး လမ်းလျှောက်ရင်း သီချင်းဆို သိပ်မှ အိပ်တတ်တာနော်။ တကယ်တော့ အဖေ့ကို ချစ်လို့ နွဲ့ဆိုးဆိုးပြီး ဂျီကျတာ အဖေ ပင်ပန်းအောင် လုပ်သလိုမျိုးဖြစ်ခဲ့တယ်။ အဖေကတော့ တချက်ကလေးမှ မညည်း ပါဘူး။ သမီးကို ချီထားရင်း … သီချင်းကလေးတွေသာ ညည်းဆိုလို့ပေါ့။
“ဘူးမမှုတ်နဲ့ သမီးရယ် … ဖေဖေ့ကို ချစ်တယ်ဆို … ဖေဖေကြီးကို ချစ်တယ်ဆို … ဆို .. ဆို .. ဆို …”
အဲဒီသီချင်းလေး အဖေဆိုပြရင် သဘောသိပ်ကျတဲ့သမီးက အခု အဲဒီသီချင်းရဲ့ နာမည်ကို နှစ်ခြိုက်စွာလည်း သုံးစွဲတတ်နေပါပြီ။

“အဖေ … ချီ …”
“ဟတ် … ချိုး”
အဖေက အမြဲ အဲဒီလိုနောက်တတ်သေးတယ်။
“အဲဒီလို ချီတာမဟုတ်ဘူး။ မ- ပြီး ချီလေ … ချီမ လေ … အဖေ … ချီမပါဆို”
အဖေက ခြေမကြီး ပေးတယ် … ရော့ ဒီမှာ ခြေမ တဲ့။
အဲဒါဆိုရင် နှုတ်ခမ်းစူ ခြေထောက်ဆောင့်ပြီး စိတ်ကောက်ပြတော့မှ အဖေက ကောက်ပြီး ချီပါတယ်။ ချီပြီး လမ်းလျှောက်နေတဲ့ အဖေ့ပခုံးပေါ်မှာ ခေါင်းမှီတင်ရင်း အိပ်ငိုက်ရတဲ့အရသာက တော်တော်လေးဇိမ်ရှိတာ။ အဖေပင်ပန်းနေမယ်ဆိုတာ တွေးတောင် မတွေးမိဘူး။ ဆိုးချင်တာ တခုတည်း သိခဲ့တာလေ။

“အဖေ … ပုံပြောပြ”
အဖေပြောနေကျ ပုံပြင်တွေထဲမှာ ခဏခဏ နားထောင်ဖြစ်တာက ငလက်မလေး ပုံပြင်၊ ရွှေယုန်နဲ့ ရွှေကျားပုံပြင်၊ ကြက်ကလေးမိသားစုနဲ့ ကြောင်ကြီးပုံပြင်၊ မြီးဆွဲဖင်ထိုး တုတ်ရိုက်ကောင် ပုံပြင်တွေပဲ။ ကြာလာတော့ ပုံပြင်တွေ ထပ်လာတဲ့အခါ တခါတလေ အဖေက လံကြုတ်ပုံပြင်တွေ ပြောပြတတ်သေး တယ်။ နည်းနည်းလေး ကြီးလာတော့ နိပါတ်တော်တွေထဲက ဇာတကတွေကို ပုံပြင်လုပ်ပြီး အဖေကပြောပြတယ်။ သင်ခန်းစာယူစရာ ပုံပြင်လေးတွေပေါ့။

သမီးတို့ စာမဖတ်တတ်ခင်မှာ အရုပ်စာအုပ်ကလေးတွေ၊ စာဖတ်တတ်လာတော့ ကဗျာ စာအုပ်၊ ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်လေးတွေ ဖတ်စေပြီး အသိပညာကို တိုးပွားစေခဲ့တယ်။ အဖေ့ရဲ့ ပုံပြင်တွေ အဖေ့ရဲ့ သီချင်းတွေ အဖေ့ရဲ့ ကဗျာတွေ ကြားမှာ မွေ့လျော်ရင်း သမီးတို့တတွေ ကြီးပြင်းလာခဲ့ကြတာပါ။ ဘာသာတရားကို လေးစားအောင် သက်ဝင်ယုံကြည်အောင် အသက်အရွယ်နဲ့ လိုက်လျောညီထွေ အဖေက ဆုံးမပေးခဲ့တယ်၊ သင်ကြား ပေးခဲ့တယ်၊ ဆရာကောင်းတွေထံ အပ်နှံပေးခဲ့တယ်။ မြန်မာစာပေကို ချစ်တဲ့အဖေ၊ ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းလွန်းတဲ့ အဖေဟာ သမီးတို့ကိုလည်း မြန်မာစာပေကို ချစ်တတ်အောင် မြတ်နိုးတတ်အောင် စာအုပ်စာပေတွေနဲ့ ထိတွေ့ပေးခဲ့တယ်၊ စာပေကို ချစ်မြတ်နိုးမှ ယဉ်ကျေးမယ်တဲ့။ ဘာသာတရားကို လေးစားမှ လူကောင်း သူကောင်းဖြစ်ပြီး ပစ္စုပ္ပန် သံသရာ အကျိုးကျေးဇူးရရှိမယ်တဲ့ .. ။ အဖေ့ကြောင့် စာပေကိုရော ဘာသာကိုပါ ချစ်တတ် လေးစားတတ် လာခဲ့တာပါ။

နွေကျောင်းပိတ်ရက် အားလပ်ချိန်ဆိုရင် အဖေနဲ့တူတူ ကစားခဲ့ကြတာ မှတ်မိပါ သေးတယ်။ အဖေက ရုပ်ရှင်ပြမယ်ဆိုပြီး စက္ကူတရွက်ကို အပေါက်ဖောက်၊ နောက် စက္ကူရှည်ရှည်လေး တရွက်မှာ ကာတွန်းကွက်လေးတွေရေးဆွဲပြီး ဖြည်းဖြည်းချင်း ဆွဲပြတဲ့အခါ ကာတွန်းကား ကြည့်ရသလိုပဲမို့ ထူးထူးခြားခြား သိပ်ပျော်ခဲ့ရ သေးတယ်။ အဖေရဲ့ ကာတွန်းနဲ့ ပန်းချီတွေကို သမီးတို့ အားလုံး သိပ်သဘောကျ ကြတာမဟုတ်လား။ အဖေအရင်က လက်မှတ်ထိုးရင်တောင် ကာတွန်းပုံလေးနဲ့ ထိုးတာနော်၊ အမေ့ကို အဖေပေးတဲ့ စာတွေခိုးဖတ်ပြီး သိတာပေါ့။ အဖေ ဘုန်းကြီး ဘ၀က ပေးတဲ့စာရဲ့ လက်မှတ်မှာတော့ ဘုန်းကြီးပုံ ကတုံးကြီးနဲ့ သင်္ကန်းနဲ့။ အဖေက အဲဒီလို ကာတွန်းလက်ရာလည်း ပြောင်မြောက်သေးတယ်။

သိပ်ကြင်နာတတ်ပြီး စိတ်ရှည်လွန်းတဲ့အဖေက သမီးတို့ကို ရိုက်နှက်ဆုံးမဖို့ မပြောနဲ့ လေသံမာမာနဲ့တောင် မအော်ငေါက်ခဲ့ဖူးဘူးနော်။ ဒါပေမဲ့ တခါတော့ အဖေရိုက်ဖူးပါတယ်။ တခါဆိုပေမဲ့ တသက်လုံး အသည်းထဲစွဲအောင် သမီး မှတ်မိ သွားတော့တာ။ အဖေရိုက်တာ အသားမနာပေမဲ့ အဖေက သမီးကို ရိုက်ရက်လေ ချင်းလို့ စိတ်ထဲဝမ်းနည်းနေမိတာ။ တကယ်တော့ သမီးကပဲ ဆိုးလို့ စိတ်မရှည် နိုင်တော့ပဲ အဖေက ရိုက်ခဲ့တာ။ အခုပြန်စဉ်းစားကြည့်တော့ ရယ်တော့ရယ်ရသား။

သမီးတို့ညီအမ ရေချိုးခန်းထဲမှာ ရေဆော့နေပြီး တော်တော်နဲ့မထွက်လို့ အဖေက ခေါ်တာလေ။ တကြော်ကြော်ခေါ်နေတာတောင် မထွက်တော့ ထွက်လည်းလာရော အဖေက စိတ်တိုတိုနဲ့ ရိုက်တော့တာပေါ့။ ရိုက်တာကလည်း ခေါင်းဖြီးတဲ့ ပလပ်စတစ်ဘီးကလေးနဲ့ပါ။ ဘီးအစိမ်းကလေး … ခုထိမှတ်မိသေးပါရဲ့။ အဲဒီ ဘီးကလေးနဲ့ တင်ပါးကို ခပ်စပ်စပ်ရိုက်တာ ဘယ်လောက်နာမှာမို့လဲ။ ဒါပေမဲ့ နာပါတယ် … ရင်ထဲမှာ၊ စိတ်ထဲမှာ … နာလိုက်တာမှ။ ၀မ်းနည်းလိုက်တာမှ။ စိတ်မကောင်းလိုက်တာမှ။ ငိုလို့လည်း မဆုံးတော့ဘူး။ တွေးလိုက်တိုင်း မျက်ရည်က ကျနေတော့တာ။ နောက်ဆုံး အဖေပဲ ပြန်ချော့ခဲ့ရတာနော်။ သမီးက ဆိုးသလား အဖေ … ။

ရေချိုးခန်းဆိုလို့ … အဖေရေချိုးခန်းထဲက ထွက်လာရင် ကြမ်းမှာထင်နေတဲ့ အဖေ့ခြေရာတွေကို လိုက်နင်းပြီး “အဖေ့ခြေရာနင်းမယ့်သမီး” လို့ သီချင်းလုပ် ဆိုခဲ့ကြတာ မှတ်မိပါသေးတယ်။ တကယ်တမ်း အဖေ့ခြေရာနင်းနိုင်ဖို့ မပြောနဲ့ အဖေ့ခြေမှုန်တောင် မနင်းနိုင်ခဲ့ပါဘူး။ အဖေ့လို လုပ်နိုင်ဖို့ဆိုတာ ဝေးရော အဖေ့ လိုလည်း စိတ်ထား မမြင့်မြတ်တဲ့ အဖေ့သမီးက အဖေ့ခြေရာ နင်းနိုင်ပါ့မလား။ ရယ်စရာကြီးနော် … ။

အဖေက ဒေါသကို စက်ဆုပ်တယ်၊ သည်းခံစိတ်အမြဲထားတယ်၊ မေတ္တာတရားနဲ့ ပြည့်ဝတယ်။ သမီးတို့နဲ့ တခြားစီပါပဲ။
သည်းခံတာ(ခန္တီ)က ယူတာ … မေတ္တာက ပေးတာ .. လို့ အဖေ အမြဲပြော လေ့ရှိတယ်။
“မေတ္တာပို့တယ်ဆိုတာ သတ္တ၀ါအားလုံးအပေါ် ကိုယ့်ရဲ့ မေတ္တာကို ဖြန့်ကျက် ဝေငှ တာ၊ ပေးတဲ့ သဘောပေါ့ …
“ခန္တီကတော့ ကိုယ့်ကို မစင် အညစ်အကြေးနဲ့ ပစ်သမျှ ပေါက်သမျှ အပြုံးမပျက်ဘဲ လက်ခံ ယူတဲ့သဘော …
“မေတ္တာထက် ခန္တီက ပိုပြီး ခက်ခဲတယ်။ ခန္တီတရားကို လက်ကိုင်ထားရင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ် …”

အဖေ့စကားတွေ အမြဲ အမှတ်ရနေပေမဲ့ လက်တွေ့မကျင့်သုံးနိုင်သေးတာတော့ ၀န်ခံပါတယ်အဖေ …။ အဖေ့စကားကို နားထောင်တဲ့ သမီးဖြစ်စေဖို့ အဖေ့ အဆုံးအမတွေကို လက်တွေ့ ကျင့်သုံးနိုင်ဖို့ သမီးကြိုးစားမှာပါ။

မကျေနပ်ချက်တွေ များလွန်းလှတဲ့ သမီးက တိုတောင်းလှတဲ့ ဘ၀လေးအတွင်းမှာ အဖေ့သမီး ဖြစ်ခွင့်ရတဲ့အတွက်တော့ ကိုယ့်ဘ၀ကိုယ် ကျေနပ်မိပါတယ်။ အဖေ့ရဲ့ မေတ္တာရိပ်အောက်မှာ ခိုနားနေထိုင်ရင်း၊ အဖေ့အကြင်နာတွေကို ကြည်နူးစွာ ခံယူရင်း အဖေ့ဂုဏ်ကျေးဇူးတွေကို အမြဲမပြတ်သတိရနေတဲ့ အဖေ့သမီးဟာ အဖေ့အပေါ်မှာ ပေးဆပ်ခြင်းထက် ရယူခြင်းတွေကသာ ပိုလို့များနေပါတယ်။ ဒါပေမဲ့ ဒါကို အဖေခွင့်လွှတ်လိမ့်မယ်ဆိုတာ သမီးသိနေပါတယ် အဖေ … ။

အဖေ …
လောကအတွက် … သာသနာအတွက် … အဖေချစ်တဲ့ မိသားစုအတွက် … အဖေ ရှိနေပေးပါ။
အဖေ့မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ သမီး ဆုမတောင်းချင်ပါဘူး… ။
ပျော်ရွှင်မှု ၀မ်းနည်းမှုတွေ ချုပ်ငြိမ်းရာ အမတခေမံ မြတ်နိဗ္ဗာန်ကို ရောက်အောင် တရားထူး တရားမြတ်ကိုအားထုတ်နိုင်ပြီး သာသနာအကျိုး ဆထက်တံပိုး ထမ်းဆောင်နိုင်တဲ့သူ ဖြစ်စေဖို့ သမီးဆုတောင်း လိုက်ပါတယ် … အဖေ … ။

***
မေဓာဝီ
၃၀၊ ဇူလိုင်၊ ၂၀၀၇
ဝါဆိုလပြည့်ကျော် တရက်
ညနေ ၆ နာရီ

7 comments:

ph said...

မနာလိုစရာကောင်းလိုက်တာဗျာ။

ကလိုစေးထူး said...

မမေ…
ဒီပို့စ်ကို မနက်က အလုပ်သွားခါနီးဖတ်လိုက်ရကတည်းက ကွန်မန့်ရေးချင်တာပါ။ ဘာလို့လဲ ဆိုတော့ ဒီပို့စ်ကို ဖတ်ပြီးတာနဲ့ ကျနော်လည်း ကျနော့်ဖေဖေကို ချက်ချင်း သတိရသွားမိတယ်။ (ကြော်ငြာဝင်တာတော့ မဟုတ်ပါဘူး) မမေ ဖေဖေလို ကျနော့်ဖေဖေက ပုံပြင်တွေ တခါမှ မပြောဖူးဘူး။ (ပုံပြင်ပြောဖို့ အခြေအနေနဲ့ အချိန်လဲ မရှိခဲ့တာပါ)။ ကျနော့်ကိုလည်း ဘီးအစိမ်းနဲ့ မရိုက်ဖူးဘူး။ ခါးပတ်နဲ့ ဆော်ပလော်တီးတာ။ ဘီးအစိမ်းနဲ့ ရိုက်တာတောင် စိတ်ထဲကနေ မမေက ၀မ်းနည်း နာကျင်ခဲ့ရတယ်ဆိုရင် ခါးပတ်နဲ့ အဆော်ခံရတဲ့ ကျနော်ကတော့ နာကျင်လား၊ ၀မ်းနည်းလား ဘာဖြစ်ရမှန်းတောင် မသိတော့ဘူး။ မမေဖေဖေနဲ့ ကျနော့်ဖေဖေက မတူတာတွေ အများကြီးပါပဲ။ ဒါပေမယ့် တခုကတော့ အသေအချာတူတယ်။ ကျနော့်ကို ဖေဖေကလည်း သိပ်ချစ်တာပဲ။ ကျနော်တို့ မောင်နှမသုံးယောက်မှာ ဖေဖေက ကျနော့်ကို ပိုချစ်တယ်လို့ ခံစားရသလို သူများတွေက အဲလို ပြောတာကိုလည်း (အခု မမေရေးထားသလိုပဲ) ကျနော်ကျေနပ်တယ်။

မမေက မမေအဖေ မွေးနေ့ကို မှတ်မိတယ်။ တော်တာပေါ့။ ကျနော်ကတော့ မမှတ်မိဘူးဗျာ။ မမေဖေဖေရဲ့ မွေးနေ့မှာ ကျနော်လဲ ပါဝင်ဆုတောင်းလိုက်မယ်ဗျာ။ ကျနော်ကတော့ မမေလို တရားသံနဲ့ ဆုမတောင်းတော့ပါဘူး။ :D မမေရဲ့ ဖေဖေ အခုမွေးနေ့ရော နောင်မွေးနေ့ပေါင်းများစွာ၊ နေ့ရက်ပေါင်းများစွာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းများနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့စရာ တတိယအရွယ်ကို ဖြတ်သန်းနိုင်ပါစေဗျာ။

MELODYMAUNG said...

အဖေ့ အချစ်ဆုံးသမီးဖြစ်ရတာ ဂုဏ်ယူတဲ့ မမေရေ
အဖေ့ ခြေရာနင်းနိုင်ပြီး ဂုဏ်ယူနိုင်တဲ့ သမီးလိမ်မာဖြစ်ပါစေနော်

tint said...

မေညာစားနေပါတယ်ဗျို့ 

Naung Lay said...

Hello,

Thanks for your post..
My father was also 30-July born.
I really like this post and i will forward this post to my father...



Regards,
NaungLay

တပြည်သူ အိမ့်ချမ်းမြေ့ said...

ဒီလောကထဲမှာ မရှိတော့တဲ့ ကျွန်မဖေဖေ့ကို လွမ်းသွားတယ် မမေ။
ဖေဖေလဲ ကျွန်မကို တစ်ခါက ရိုက်ဖူးတယ်။ ကျွန်မ ထမင်းမစား ဟင်းမစားငိုခဲ့တယ်။
သူကျွန်မကိုရိုက်တာ ၆ လက်မပဲ ရှည်တဲ့ ဘီးသေးသေးလေးနဲ့ပါပဲ။

မမေက ဆီဗုံးမထားတော့ ရောက်ဖြစ်ပေမယ့် နှုတ်မဆက်မိပါး)

Maydarwii said...

ကွန်မန့်ရေးသူ ဆုတောင်းပေးသူ ... အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ... ။