Saturday, July 21, 2007

ပျောက်ပါစေခြင်း အကျိုးငှာ ...

“မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ …
သည်းခံရတယ် … ခွင့်လွှတ်ရတယ် … သဘောထားကြီးရတယ်”

အဲဒီဆောင်ပုဒ်ကလေးကို ညွှန်ကြားသူကတော့ ဆရာတော် အရှင်ဇနကာဘိဝံသ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ထစ်ခနဲဆို ဒေါသထွက်၊ စိတ်တို၊ နည်းနည်း လေးမှ အတင်စီးမခံတတ်တဲ့ ကျမတို့ကို အဖေက ဒီဆောင်ပုဒ်လေး ရွတ်ပြ လေ့ရှိပါတယ်။ ဆရာတော်ရဲ့ ဒီဆောင်ပုဒ်ကလေးကို ငယ်ငယ်ကတည်းက တွေ့မြင် သိရှိနေပေမဲ့ ကျမဟာ လက်တွေ့မကျင့်သုံးနိုင်ခဲ့ပါဘူး။ ကိုယ့်ကို စော်ကားသလို ပြုလာရင် သည်းမခံဘဲ တုန့်ပြန်တတ်တဲ့စိတ်၊ ခွင့်မလွှတ်ဘဲ အတေးအမှတ် အာဃာတ ထားတတ်တဲ့စိတ်၊ နားလည်မှုမရှိစွာ အမြင်ကျဉ်းမြောင်းပြီး သဘောထားသေးသိမ်တဲ့ စိတ်တွေ ကျမဆီမှာ အပြည့်ပါပဲ။ ကျမဟာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် တယောက် မဟုတ်ခဲ့ပါဘူး။

သည်းခံခြင်း ဆိုတာမှာ ဘယ်လိုသည်းခံရမှာလဲ … ။
ကိုယ့်အပေါ် ကျူးကျော်စော်ကားလာရင်တောင် မတုန့်ပြန်ဘဲ သည်းခံရမယ်လို့ ဗုဒ္ဓက ဆိုထားတယ်။ ကျမတို့ ခဏခဏ သည်းခံဖူးတာပေါ့။ ဒါပေမဲ့ မနိုင်လို့ သည်းခံရတာက ခပ်များများရယ်ပါ။ ခွင့်လွှတ်တယ် … ဆိုတာကရော … ။ တူတူပါပဲ။ သည်းခံလိုက်တာနဲ့ တပြိုင်နက် ခွင့်လွှတ်စိတ်ဖြစ်သွားသလို … ခွင့်လွှတ်စိတ်ဖြစ်သွားတာနဲ့လည်း သည်းခံမိပါ တယ်။
သဘောထားကြီးခြင်းကလည်း ခွင့်လွှတ်ခြင်းနဲ့ အတူတူလို့ ထင်တာပါပဲ။ ကျမ ပြောနေကျစကားလုံးနဲ့ ပြောရရင်တော့ သဘောထားကြီးခြင်းဟာ “ယောနိသော မနသိကာရ” သင့်တင့်မှန်ကန်စွာ နှလုံးသွင်းခြင်း လို့ ယူဆပါတယ်။
ဒီတော့ သည်းခံ … ခွင့်လွှတ် … သဘောထားကြီးတယ်ဆိုတဲ့ ဒီသုံးချက်ကို ကြည့်ရင် မေတ္တာတရားကို အခြေခံနေတာ တွေ့ရပါတယ်။

သည်းခံခြင်းနဲ့ ပတ်သက်လို့ ကျမ မကြာခဏ ရေးခဲ့ဖူးပါတယ်။ ရေးသာရေးတယ် ကိုယ်တိုင် လက်တွေ့ကျင့်ကြံနိုင်သူ တယောက်လည်း မဟုတ်ခဲ့ပါ။ ဒါကြောင့် ကျမဟာ “အသိသညာ”သာရှိပြီး “အသိပညာ” မရှိတဲ့ “လူ့အန္ဓ”တယောက်လို့ ကိုယ့်ကိုယ်ကိုယ် ရှုမြင်သုံးသပ်မိတယ်။ ဒီလို သုံးသပ်မိရင်းက တကယ်တမ်း ကိုယ်ရေးသလို ကိုယ်ကိုယ်တိုင် လက်တွေ့ကျင့်သုံးနိုင်ရင် ဘယ်လောက်များ ကောင်းလိမ့်မလဲလို့ … ကျမတွေးနေမိပါတယ်။

ကျမဟာ အမှားပေါင်းများစွာ ကျူးလွန်ခဲ့၊ ကျူးလွန်နေ၊ ကျူးလွန်လတ္တံ့ သော သူ တယောက်ပါ။ ကျူးလွန်ခဲ့တာကတော့ ထားလိုက်တော့ ကျူးလွန်နေ … ကျူးလွန် လတ္တံ့ လို့ ဘာကြောင့်ပြောနိုင်ရသလဲဆိုရင် ကျမဟာ ဒီဘ၀မှာ တမဂ် တဖိုလ် ကို ရနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာနေလို့ပါဘဲ။ မဂ်ဖိုလ်ကို မရသေးသရွေ့ လူတို့ဟာ မောဟ အမိုက်မှောင်တောထဲမှာ မှားယွင်းစွာ လျှောက်လှမ်းနေကြဦးမှာ မဟုတ်ပါလား။

ကျမတို့ဟာ မွေးဖွားသည်ကစလို့ အပြစ်ကြီးငယ်တွေကို သိလျက်နဲ့ဖြစ်စေ မသိ လို့ဘဲဖြစ်စေ ကျူးလွန်ခဲ့ကြပါတယ်။ ဒီအပြစ်တွေကို တခါတရံတော့ ၀န်ချ တောင်းပန်ခဲ့မိတယ်။ တခါတရံလည်း မသိလိုက် မသိဖာသာ နေခဲ့မိတယ်။ တခါ တလေ ကိုယ်ကမှားလျက်နဲ့ မမှားလေသယောင် ၀ူးဝါး ၀ူးဝါးပြုခဲ့မိတာမျိုးလည်း ရှိကောင်းရှိရဲ့။

ကျမတို့မိသားစုမှာ ၀ါကျွတ်အခါဆို မိဘ ဘိုးဘွား ဆရာသမားနဲ့ ကြီးသူများကို လက်အုပ်ချီပြီး ကန်တော့တဲ့ အလေ့အထရှိပါတယ်။ ဒီလိုကန်တော့တဲ့အခါမှာ …
“ကာယကံ ၀စီကံ မနောကံနဲ့ ပြစ်မှားမိခဲ့ပါလျှင် အပြစ်မှ ခွင့်လွှတ်ပေးပါ” လို့ နှုတ်က ရွတ်ဆိုကြပါတယ်။ ကျမတို့ဟာ ဒီလိုအပြစ်မျိုး မကျူးလွန်ပါဘူးရယ်လို့ အာမ မခံနိုင်ပါဘူး။ အနည်းဆုံး လွယ်ကူတဲ့ မနောကံနဲ့ ပြစ်မှားမိနိုင်ပါတယ်။ ဒီလို ပြစ်မှားမိတာတွေကို ခွင့်လွှတ်ဖို့ တောင်းပန်တဲ့အခါ အကန်တော့ခံ ပုဂ္ဂိုလ်တွေ (ဥပမာ အဖေ-အမေ ဆိုပါတော့) က
“ခွင့်လွှတ်ပါတယ်… အဖေနဲ့အမေကလည်း မင်းတို့အပေါ် ပြစ်မှားခဲ့မိရင် တဖန် ပြန်ပြီး ခွင့်လွှတ်ပါ” လို့ ပြန်လည် တောင်းပန်စကား ပြောကြားပါတယ်။

ဘာဖြစ်လို့လဲ … ။ မိဘက သားသမီးအပေါ် တောင်းပန်စရာလား … လို့ မေးစရာ ဖြစ်နိုင်ပါတယ်။ အဖေကတော့ ခုလိုပြောပါတယ်။

“လူဆိုတာ လူကြီး လူငယ်မရွေး မှားနိုင်တာပဲ။ အပြစ်ကျူးလွန် နိုင်တာပဲ။ သမီးတို့ သားတို့မှန်နေတာကို အဖေတို့က အပြစ်ပေးမိကောင်း ပေးမိလိမ့်မယ်၊ အပြစ် တင်မိကောင်း တင်မိလိမ့်မယ်၊ မိဘနဲ့ သားသမီးဆိုပေမဲ့ မိဘကလည်း သားသမီး အပေါ် အပြစ်ကျူးလွန်နိုင်တာပဲ … ဒါကြောင့် အဖေတို့ မှားခဲ့တာကိုလည်း ခွင့်လွှတ်ဖို့ တောင်းပန်စကား ပြောရတာ”

ကျမတို့ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဟာ အင်မတန် နှစ်သက် မြတ်နိုးစဖွယ်ပါ။ တောင်းပန်ရင် ရန်သူတောင်မှ ကျေအေးရတယ် … ဆိုတဲ့ စကားလည်း ရှိပါတယ်။ ခွင့်မလွှတ်နိုင်ဘူး … အာဃာတထားတယ် … အညှိုးအတေးနဲ့ လက်စားချေတယ်ဆိုတာ ကျမတို့ ဗုဒ္ဓမကြိုက်တဲ့ အယူအဆပါပဲ။

အထက်က စကားကိုပြန်ကောက်ရရင် … သည်းခံ၊ ခွင့်လွှတ်၊ သဘောထားကြီး ခြင်းဟာ မေတ္တာတရားကို အခြေခံပါတယ်။

မေတ္တသုတ်မှာကြည့်ရင်လည်း ဗုဒ္ဓက ခုလိုဟောကြားခဲ့တာ တွေ့ရပါတယ်။
* တယောက်နှင့် တယောက် စဉ်းလဲသမှု လှည့်ပတ်ခြင်း မပြုပါစေလင့်။
* တယောက်နှင့် တယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
* တယောက်နှင့် တယောက် ဒေါသဖြင့်ချုပ်ချယ်မှု ကင်းဝေးကြပါစေ။
* တယောက်နှင့်တယောက် (အချင်းချင်း) ဆင်းရဲဒုက္ခရောက်ခြင်းကို အလိုမရှိကြ ပါစေလင့်။


ဗုဒ္ဓက တယောက်နဲ့ တယောက် မေတ္တာထားခြင်းကိုသာ လိုလားပါတယ်။ ဗုဒ္ဓဘာသာတွင် မဟုတ်ပါဘူး။ ဘယ်ဘာသာပင်ဖြစ်စေ မေတ္တာထားခြင်းကို မလို လားသူ မရှိနိုင်ဘူးလို့ ထင်တာပါပဲ။ “မေတ္တာဆိုတာ သတ္တ၀ါအားလုံးအပေါ် အမျက် ဒေါသ ကင်းတဲ့သဘော၊ ချစ်ခင်တဲ့သဘော” လို့ အဓိပ္ပါယ်ရပါတယ်။ ဒေါသတွေ၊ မာနတွေ၊ အာဃာတတွေဟာ ပူလောင်လှပါတယ်။ မေတ္တာကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ပါ။ အလွန်အေးမြတဲ့ အမြိုက်ဓာတ်လို့ ဆိုထားပါတယ်။

မေတ္တသုတ်ကို ငယ်စဉ်ကတည်းက အကြိမ်ကြိမ်အဖန်ဖန် ရွတ်ဖတ်ခဲ့ဖူးပါတယ်။ အနက်ကိုလည်း စာတွေထဲ ဖတ်ဖူးတဲ့အပြင် အဖေလည်းသင်ကြားပေးခဲ့ ဖူးပါ တယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ကျမဟာ လက်တွေ့ မကျင့်ကြံနိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျမရဲ့လေးခွကို ခိုးခဲ့တဲ့ကောင်မလေးကို အညှိုးကြီးစွာ မှတ်မိနေပါတယ်။ “လေးခွတလက်နဲ့ ရက်ပေါင်းများစွာ” ပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ သူဟာ ကျမလေးခွကို တကြိမ်တခါသာ ခိုးယူခဲ့သူဖြစ်ပေမဲ့ ကျမဟာ အကြိမ်ကြိမ် အခိုးခံနေရသူလို ကျမစိတ်တွေ (သတိရတိုင်း) မချင့်မရဲ ပူလောင်နေမိတယ်။ သူ့အကုသိုလ်ကနေ ကိုယ့်အကုသိုလ်ဖြစ်အောင် ပွားယူနေမိ သလိုပါပဲ။ ဒါကြောင့် ကျမတို့ဟာ မေ့သင့်တာကို မေ့ပစ်လိုက်ရမယ်။ သည်းခံ ခွင့်လွှတ် နားလည်ပေး လိုက်ရမယ်။ ဒါဟာ အကောင်းဆုံးနည်းလမ်းလို့ ကျမကတော့ ယူဆပါတယ်။

အဲဒီပို့စ်ကို ပြန်ဖတ်တော့ ကွန်မန့်ထဲမှာ ကျမ ခုလို ရေးခဲ့မိတာတွေ့ရတယ်။
“အမှားကိုအမှားမှန်း သိတဲ့အချိန်မှာ ၀န်ခံစရာရှိတာ ၀န်ခံတဲ့ သဘောပါပဲ” လို့။
ပြောခဲ့ပြီးသလို ကျမ ဟာ အမှားတွေပြုခဲ့မိတယ်။ အပြစ်တွေကျူးလွန်ခဲ့မိတယ်။ မှားမှန်းသိချိန်မှာ ၀န်ခံခဲ့တယ်။ တောင်းပန်စရာရှိရင် တောင်းပန်ခဲ့တယ်။ ဒီလို ၀န်ခံ တောင်းပန်နေသူအတွက် ခွင့်လွှတ်ခြင်းဆိုတာ မရှိသင့်ဘူးလား။ မှားမှန်းသိသူအတွက် အမှားကို ပြန်လည်ပြင်ဆင်ခွင့် ပြုပြင်ခွင့်ဆိုတာ ရှိသင့်ပါ သလား။ တခါမှားဖူးသူဟာ နောက်လည်း အမြဲမှားမှာဘဲ ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ့အသိုင်းအ၀ိုင်း အလယ်က အပြီးတိုင် ကြဉ်ဖယ်လိုက်ကြတော့မှာလား။

ခဏခဏ မှားတတ်တဲ့ ကျမဟာ “အမှားများနဲ့ ပြင်ဆင်ခွင့်” ဆိုတဲ့ စာတပုဒ်လည်း ရေးခဲ့ဖူးပါသေးတယ်။ ကျမကတော့ဖြင့် ပုထုဇဉ်လူသားမို့ မှားနေမိဦးမှာပါပဲ။ (ပုထုဇဉ်ဖြစ်လျက် အမှားတစုံတရာမရှိဘူးဆိုတဲ့ ပါရမီ့ရှင်များကိုတော့ ကျမ ဒီနေရာမှ လေးစားစွာ ဂါရ၀ပြုချင်ပါတယ်။) ဒီလိုအမှားတွေကို ကြုံလာတဲ့အခါ မှားမှန်းသိရင် နောင်တတွေနဲ့အတူ တောင်းပန်နေမိဦးမှာပါပဲ။ ဒီလို တောင်းပန် လာတဲ့အခါ ခွင့်လွှတ်ဖို့ ခွင့်မလွှတ်ဖို့ကတော့ မိမိရဲ့ ဆန္ဒနဲ့ နားလည်မှုပေါ် မူတည် နေပါတယ်။

တကယ်တော့ မေတ္တာတရားတို့ သည်းခံခြင်း နားလည်ခြင်း ခွင့်လွှတ်ခြင်း တို့ ဆိုတာ အပြောလွယ်သလောက် လိုက်နာ ကျင့်သုံးဖို့ က အင်မတန် ခဲယဉ်းလှ ပါလား လို့ စဉ်းစားမိရင်း ဒါကြောင့်လည်း ဒီခေတ်ကြီးမှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ် ရှားပါးနေတာထင်တယ်လို့သာ တွေးနေမိပါတော့တယ်။
***
တယောက် တယောက် အမျက်ဖျောက် … ချီးမြှောက်နိုင်ပါစေ …

မေတ္တာဖြင့် …

မေဓာဝီ
၂၀၊ ဇူလိုင်၊ ၂၀၀၇
ညနေ ၅ နာရီ ၁၀ မိနစ်

ကိုးကား ။ … ။ ပရိတ်ကြီး (၁၁) သုတ် အသံထွက်ရွတ်ဖတ်နည်း
***
ဖြည့်စွက်ခြင်း

ဒီစာကိုရေးနေချိန်မှာ အမေ့ရဲ့ ဘုရားရှိခိုးသံကို ကြားလိုက်ရပါတယ်။

“သြကာသ … သြကာသ … သြကာသ … ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသောအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ … ပထမ၊ ဒုတိယ၊ တတိယ၊ တကြိမ် .. နှစ်ကြိမ် ... သုံးကြိမ်မြောက်အောင် …”

အမေ့ ဘုရားရှိခိုးသံကို နားထောင်နေရင်း ကျမဆက်တွေးနေမိပါတယ်။
ခပ်သိမ်းသောအပြစ်တွေကို ပျောက်ကင်းအောင် ကျမတို့ ဘုရားရှိခိုးကြတယ်။ အပြစ်ဆိုတာ အကြိမ်ကြိမ်ပြုမိကောင်း ပြုမိမယ်။ ဒါကြောင့် ကျမတို့ နေ့စဉ် ဘုရားရှိခိုးကြတယ်။ သဗ္ဗဒေါသ ဆိုတဲ့ ခပ်သိမ်းသော အပြစ်တွေကို ပပျောက်စေဖို့ ဘုရားထံမှာ ရှိခိုးကန်တော့တဲ့ ကျမဟာ … ကျမရဲ့ ပြုမိမှားတဲ့ အပြစ်တွေ မပပျောက်တောင် လျော့နည်းစေဖို့ရာ ဒီစာတပုဒ် ရေးလိုက်ပါတယ်။
***

5 comments:

hana said...

Ma May,
This post hits me.
eek
..hee hee
thank you so much.

May Nyane said...

မေရေ.. တွေးစရာအများကြီးပါတဲ့စာပါပဲ။
မေတ္တာတရား၊သည်းခံခြင်း၊ခွင့်လွှတ်ခြင်း။ဒါတွေက အရည်အချင်းတွေ ဆိုပါတော့..
အင်းး အမ တခါတလေစဉ်းစားမိတယ်။
ရှေ့ကလူကြီးတွေ အဲလို အရည်အချင်းတွေ ရှိခဲ့လို့ဦးနေ၀င်းတာရှည်ခဲ့။တိုင်းပြည်ဆုတ်ယုတ်ခဲ့။ မျိုးဆက်တွေအထိနာခဲ့။သည်းခံခွင့်လွှတ်ခဲ့ပေမဲ့ မအေးချမ်းခဲ့ရပါလား။ မေရေ.. ဘုရားကတော့ ကာလာမသုတ်မှာငါဟောတာကိုတောင်စဉ်းစားပြီးမှ လက်ခံပါတဲ့။ အမကတော့ အခြေနေတွေ အချိန်အခါတွေ အဖြစ်အပျက်တွေနဲ့ယှဉ်ပြီး
ခွင့်လွှတ်တာ သည်းခံတာတွေကို ဆုံးဖြတ်ရမှာ ထင်တာပဲ။ ခု မေ့ဆီက ရတဲ့အတွေးလေးနဲ့ အမလည်းတပုဒ်ရေးစရာရသွားပြီ ညီမရေ...

s0wha1 said...

သူများရဲ့ ကျူးလွန်သော အပြစ်တွေကို ခွင့်လွှတ်နိုင်တဲ့ မေတ္တာရှင် မမေကို သာဓု ၃ ကြိမ် ခေါ်လိုက်ပါတယ်။ ညီမကတော့ ခွင့်လွှတ်သင့်တဲ့လူမှ ခွင့်လွှတ်တတ်လေတော့ မြင့်မြတ်သူမဟုတ်ဘူးဆိုရင်တောင် မမြင့်မြတ်သူအဖြစ် ကျေကျေနပ်နပ်ကြီး လက်ခံတယ်...ဟီဟီ

Mg Thingyan said...

http://mgthingyan.blogspot.com/2007/02/blog-post_24.html

Maydarwii said...

အမပြောတာ ဟုတ်ပါတယ်။
သည်းခံခြင်းနဲ့ပတ်သက်လို့ ညီမပို့စ်တခုမှာ ရေးခဲ့တုန်းက ကဒေါင်းက အခုလိုပဲ ပြောခဲ့ဖူးတယ်။ အခုအစိုးရကို သည်းခံသင့်သလားပေါ့။ ဘာသာရေးသမားအနေနဲ့ ဆိုရင် သည်းခံသင့်တယ်၊ နိုင်ငံရေးသမားအနေနဲ့တော့ သည်းမခံသင့်ဘူးလို့ ညီမ ပြန်ဖြေခဲ့ပါတယ်။ တကယ်တော့ ဘုရင်၊ အစိုးရ အပါအ၀င် နိုင်ငံရေးလုပ်သူတွေ ဟာ အများအကျိုးကို ပြုလုပ်တယ်ထားဦး ကိုယ့်အတွက် သံသရာမှာ သိပ်နစ်နာ ပါတယ်။ ဒါကြောင့် ညီမကတော့ သူတို့အနစ်နာခံပြီး ဒီလိုတွေ ပြုလုပ်ပေးတဲ့ အတွက် သိပ်လေးစား ဂုဏ်ယူပါတယ်။ ဘုရင်ဖြစ်ရတာ သံသရာမှာ ဆင်းရဲ ကောင်း ဆင်းရဲနိုင်တယ်ဆိုတာ မြတ်စွာဘုရား တေမိမင်းဘ၀တုန်းက ဘုရင်ဖြစ် ရမှာကြောက်လို့ နှုတ်ပိတ်နေခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။
သည်းခံခွင့်လွှတ်ခြင်းဟာ ဒီဘ၀မှာ မအေးချမ်းဘူးလို့ ထင်ကောင်းထင်နိုင်ပေမဲ့ သံသရာမှာတော့ အေးချမ်းပါတယ်။ ဒါဟာ တကိုယ်ကောင်းဆန်တယ်လို့ ပြောချင် လည်းပြောလို့ရပေမဲ့ မြတ်စွာဘုရားကိုယ်တော်တိုင် သည်းခံခြင်း ပါရမီကို ဘ၀ ပေါင်းများစွာ ဖြည့်ကျင့်ပြီးမှ ဘုရားအဖြစ် ရရှိခဲ့လို့ သတ္တ၀ါလောကသားတွေ အကျိုးကို သယ်ပိုးနိုင်တာ မဟုတ်လား။ ဘုရားဟောကို သံသယဖြစ်မယ်ဆိုရင် ကိုယ်တိုင်ကျင့်သုံးကြည့်တာ ပိုပြီး လက်တွေ့ကျပါတယ်လို့သာ ပြောချင်ပါတယ် အမရေ … ။

ညီမလေးဆိုးဝှက်က စာကိုသေချာမဖတ်ဘဲကိုး။
မမေက သူများအပြစ်ကို ခွင့်လွှတ်နိုင်သူလို့ ကိုယ့်ကိုယ်ကိုယ် ရေးထားတာ မဟုတ်ဘူးလေ။ ခွင့်မလွှတ်နိုင်လို့ဘဲ ငယ်ငယ်တုန်းက လေးခွခိုးခဲ့သူကို အတေး အမှတ်ကြီးစွာ မှတ်မိနေခဲ့တယ်လို့ ရေးထားတာပေါ့။ ဒါကြောင့် မမေကို ခေါ်ထားတဲ့ သာဓု ၃ ကြိမ်လုံးကို ပြန်လည်ရုတ်သိမ်းလိုက်ပါနော်။ သာဓု ဆိုတာ ကောင်းလေစွ (ကောင်းတယ်)… လို့ပြောတာ။ ဒီပို့စ်မှာ မမေ က မှားတာတွေ အပြစ်တွေ လုပ်ထားကြောင်း ရေးထားတာဆိုတော့ ကောင်းတယ်လို့ပြောရင် ရယ်စရာကြီး ဖြစ်နေမှာစိုးလို့ပါ။ မမေ စာကိုမရှင်းရင် နောက်တခေါက် ထပ်ဖတ် လိုက်ပါဦး ညီမလေး။

(ကို) မောင်သင်္ကြန် ညွှန်းတဲ့စာကို ဖတ်ပြီးပါပြီ။ ဟိုအရင်ကလည်း တခေါက် ဖတ်ခဲ့ဖူးပါတယ်။ အဲဒီအတွက် ကျမ ပို့စ်တခု သပ်သပ်ရေးပါဦးမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။