Sunday, July 29, 2007

ဝါဆိုလပြည့် - ဓမ္မစကြာအခါတော်နေ့

မနေ့က အဖိတ်နေ့မှာ ၀ါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့အကြောင်း အနည်းအကျဉ်း ဖော်ပြခဲ့ပြီးပြီမို့ ဒီကနေ့တော့ ဓမ္မစကြာတရားတော် (ဓမ္မစက္ကပ၀တ္တနသုတ်) နဲ့ ပတ်သက်ပြီး အနည်းငယ် ဖော်ပြပါမယ်။ အခုဖော်ပြမယ့်စာကတော့ ကျမ ဖခင်ကြီး ပြုစု စီစဉ်တဲ့ “နည်းပြဓမ္မစကြာ” စာအုပ်မှ ကောက်နုတ်ဖော်ပြမှာ ဖြစ်ပါတယ်။ တိုတိုနဲ့ လိုရင်း ကောက်နုတ်ဖို့ရာ တအုပ်လုံးကိုဖတ်ကြည့်တော့ ဒီစာအုပ်ပါ နိဒါန်းကိုဖော်ပြရင်ဖြင့် တရား အားလုံးကို ခြုံငုံမိမယ်လို့ ယူဆတဲ့ အတွက် အဖေရေးခဲ့တဲ့ နိဒါန်းအစအဆုံးကို ရိုက်ကူးဖော်ပြလိုက်ပါတယ်ရှင်။
***
နည်းပြ ဓမ္မစကြာ

နိဒါန်း

ဓမ္မစကြာဆိုတာ မြန်မာအခေါ်ဖြစ်ပါတယ်၊ ပါဠိကျမ်းဂန်တွေမှာတော့ ဓမ္မစက္က ပ၀တ္တနသုတ် မည်ပါတယ်။
“ဓမ္မ” ဆိုတာ ဉာဏ်တော်၊
“စက္က” ဆိုတာ စက်ဝန်း၊
“ပ၀တ္တန” ဆိုတာ လည်သောတရား။ ပေါင်းလိုက်ရင် -
“ဉာဏ်တော်စက်ဝန်းလည်သောတရား” ဖြစ်ပါတယ်၊ ဓမ္မစကြာကို ဟောကြားတာ ဟာ ဉာဏ်တော်စက်ဝန်းကို လှည့်တာဖြစ်ပါတယ်။

ဓမ္မစကြာသုတ်တော်ကို ဘုရားရှင်တိုင်း တရားဦးအဖြစ်နဲ့ ဟောကြားတော်မူပါ တယ်၊ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်ပြီးနောက် ဗောဓိမဏ္ဍိုင်မှ (၁၈) ယူဇနာဝေးတဲ့ ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တောကို ကြွသွားပြီး ၀ါဆို လပြည့် စနေနေ့, နေ၀င်လထွက်ချိန်မှာ ပဉ္စ၀ဂ္ဂီရဟန်းတို့ကို အမှူးထားကာ ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူပါတယ်။ ဒေသနာအဆုံးမှာ နတ်ဗြဟ္မာ (၁၈) ကုဋေနဲ့အတူ အရှင်ကောဏ္ဍည သောတာပန်တည်ပါတယ်။

ဓမ္မစကြာတရားတော်ဟာ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ရဲ့ မိခင်သဖွယ် ဖြစ်ပါတယ်၊ လေးဆယ့်ငါးဝါပတ်လုံး ဟောသမျှ သစ္စာလေးပါးမှ လွတ်တာ မရှိ ပါဘူး၊ ဟောကြားသမျှ တရားအားလုံး သစ္စာလေးပါးမှာ အတွင်းဝင်ပါတယ်။ ဓမ္မစကြာဟာ အလွန်ရခဲတဲ့ တရားဖြစ်ပါတယ်၊ ဘုရားတစ်ဆူပွင့်တော်မူမှ တစ်ကြိမ်သာ ပေါ်လာတဲ့တရားမို့ နေ့စဉ်ဝတ်တက်ပြီး ရွတ်ဖတ် ပူဇော်သင့်ပါတယ်၊ အထူးသဖြင့် စနေနေ့ကို ရွတ်ဖတ်ပူဇော်ရင် လောက-ဓမ္မ နှစ်ဌာနမှာ အတိုင်းမသိ ကောင်းကျိုးချမ်းသာ တိုးတက်စေတယ်လို့ ဆရာမြတ်တို့ မိန့်တော်မူပါတယ်။

ဓမ္မစကြာရဲ့ အဓိကအချက်များကတော့
(က) အကျင့်သုံးပါး
(ခ) သစ္စာလေးပါး
(ဂ) ဉာဏ်တော် တဆယ့်နှစ်ပါးတို့ပဲ ဖြစ်ပါတယ်။ ဒီအချက် သုံးချက်ကို မူတည်ပြီး မြတ်စွာဘုရားရှင် ဟောကြားတော်မူတာ ဖြစ်ပါတယ်။

ဓမ္မစကြာတရားတော်ကြီးကို လေ့လာရင် “သစ္စာအနက် တဆယ့်ခြောက်ချက်” ကိုလည်း သိထားဖို့ လိုပါလိမ့်မယ်။

ဒုက္ခသစ္စာမှာ -
၁) ပီဠနဋ္ဌ = နှိပ်စက်တတ်တဲ့အနက်
၂) သင်္ခတဋ္ဌ = ပြုပြင်တိုင်း ခံရတဲ့အနက်
၃) သန္တာပဋ္ဌ = ပူလောင်စေတတ်တဲ့အနက်
၎) ၀ိပရိဏာမဋ္ဌ = ဖောက်ပြန်ပျက်စီးတတ်တဲ့အနက်
….. လို့ ဒုက္ခသစ္စာမှာ အနက်သဘောလေးပါးရှိပါတယ်။ ထို့အတူ -

သမုဒယသစ္စာမှာ -
၁) အာယုဟနဋ္ဌ = (၀ဋ်ဆင်းရဲကိုရဖို့) အားထုတ်တတ်တဲ့အနက်
၂) နိဒါနဋ္ဌ = (၀ဋ်ဆင်းရဲ၏) အကြောင်းဖြစ်တဲ့အနက်
၃) သံယောဂဋ္ဌ = (၀ဋ်နဲ့မကွာအောင်) ယှဉ်တွဲတတ်တဲ့အနက်
၎) ဗလိဗောဂဋ္ဌ = (၀ဋ်ဆင်းရဲမှ မလွတ်အောင်) နှောင့်ယှက်တတ်တဲ့အနက်
…. လို့ သမုဒယသစ္စာမှာ အနက်သဘောလေးပါးရှိပါတယ်။

နိရောဓသစ္စာမှာ -
၁) နိဿရဏဋ္ဌ = (၀ဋ်ဆင်းရဲမှ) ထွက်မြောက်တတ်တဲ့အနက်
၂) ၀ိဝေကဋ္ဌ = (၀ဋ်ဆင်းရဲအနှောင့်အယှက်မှ) ဆိတ်ငြိမ်တတ်တဲ့အနက်
၃) အသင်္ခတဋ္ဌ = (အကြောင်းတရားလေးပါးတို့မှ) ပြုပြင်ခြင်းကင်းတဲ့အနက်
၎) အမတဋ္ဌ = အသေကင်းတဲ့အနက်

မဂ္ဂသစ္စာမှာ -
၁) နိယျာနဋ္ဌ = (၀ဋ်ဆင်းရဲမှ) ထုတ်ဆောင်တတ်တဲ့အနက်
၂) ဟေတုဋ္ဌ = (၀ဋ်ဆင်းရဲမှ) လွတ်မြောက်ကြောင်းအနက်
၃) ဒဿနဋ္ဌ = (နိဗ္ဗာန်ကို) မြင်တတ်တဲ့အနက်
၎) အဓိပတေယျဋ္ဌ = (မိမိသာလျှင်) အကြီးအမှူးဖြစ်တဲ့အနက်

အဲဒီလို သစ္စာတပါးတပါးမှာ အနက်သဘောလေးပါးစီရှိတာကြောင့် အနက် တဆယ့်ခြောက်ချက် ဖြစ်လာပါတယ်။

သစ္စာအနက် တဆယ့်ခြောက်ချက် ရှိပေမဲ့လဲ ဒုက္ခသစ္စာရဲ့ အနက်လေးချက်ကိုသာ ပိုင်ပိုင်နိုင်နိုင် ထင်မြင်အောင်အားထုတ်ပါ။ ပိုင်ပိုင်ထင်မြင်လို့ ဒုက္ခသစ္စာမှာ ပရိညာ ကိစ္စပြီးခဲ့ရင် ကျန်သစ္စာသုံးပါးတို့ရဲ့ အနက် တဆယ့်နှစ်ချက်ဟာ အလိုလိုကိစ္စပြီးပါ တော့တယ်၊ တမင်အားထုတ်ဖို့ ကိစ္စမရှိတော့ပါဘူး၊ ဒုက္ခသစ္စာအနက် လေးချက်ဟာ အနိစ္စ, ဒုက္ခ, အနတ္တ-လက္ခဏာရေးသုံးပါးမှာ ပါဝင်ပါတယ်။

အနက်လေးချက်လုံးဟာ ဒုက္ခလက္ခဏာရေးမှာ အကုန်ဝင်ပါတယ်။ ၀ိပရိဏာမဋ္ဌ အနက်တခုဟာ အနိစ္စလက္ခဏာရေးဘဲ ဖြစ်ပါတယ်။ အနိစ္စ, ဒုက္ခနှစ်ပါးမှာ ပါဝင်ရင် အနတ္တလက္ခဏာရေးမှာလဲ ပါဝင်ပါတော့တယ်။ ဒါကြောင့် လက္ခဏာရေးသုံးပါး နေရာကျပြီးစီးခဲ့ရင် သစ္စာအနက်တဆယ့်ခြောက်ချက်ဟာ အလိုလိုပြီးစီး ပါတော့ တယ်။

လက္ခဏာရေးသုံးပါးမှာလဲ အနိစ္စလက္ခဏာတစ်ခုသာ လိုရင်းပဓာနဖြစ်ပါတယ်၊ အနိစ္စလက္ခဏာဆိုတာ သေခြင်းတရားပင်ဖြစ်ပါတယ်၊ ကိုယ့်ခန္ဓာတကောင်လုံးမှာ မျက်တောင်တခတ်မျှ မလပ်မစဲ တသဲသဲ သေမှုဘေးဆိုက်ကပ်နေတာဟာ အနိစ္စ လက္ခဏာလို့ ဆိုရပါတယ်၊ တကိုယ်လုံး အဏုမြူလောက်မျှမလပ် ခဏမစဲ သေဘေးကြီး တဖြုန်းဖြုန်းကျရောက်နေတာကို မြင်ရင် ဒုက္ခလက္ခဏာမြင်မှု, အနတ္တလက္ခဏာမြင်မှု ပြီးစီးပါတော့တယ်။

ဘယ်လိုပြီးစီးသလဲဆိုတော့ ဒီခန္ဓာကိုယ်ကြီးကို ချမ်းသာတယ် (သုခ) လို့ ယူပါဦး မလား၊ ငါ့ရဲ့အနှစ်သာရ (အတ္တ) လို့ကော ယူဖို့ရှိပါသေးသလား၊ ဒီလို အမှန်အတိုင်း ထင်မြင်နိုင်ရင်တော့ သောတာပန်မှစပြီး ရဟန္တာတိုင်အောင် ဖြစ်နိုင်ပါတယ်။ ကြိုးစားအားထုတ် ကျင့်ကြံပွားများဖို့ စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။ … ။

တရားဦးမှသည် တရားထူး ရကြပါစေ …
စီစဉ်သူ

***
ကျမ အဖေရေးခဲ့တဲ့ နိဒါန်းကတော့ ဤမျှပါပဲ။
ဒီနေ့လို ဗုဒ္ဓဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ် အခါသမယ ဖြစ်တဲ့ ၀ါဆိုလပြည့်နေ့ မှာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဦး တရားထူး ဒေသနာအကျဉ်းကို ကျမဘလော့မှာ ပူဇော်ပြီး စာဖတ်သူများကို ဝေမျှရတဲ့ ကုသိုလ်ကောင်းမှုကြောင့် တရားထူးတရားမြတ်ရရှိရန် အကျင့်ကောင်းများ အားထုတ်နိုင်သူ ဖြစ်ရပါစေ … ။ ဤကုသိုလ်ကောင်းမှု အဖို့ဘာဂကို သုံးဆယ့်တဘုံသားတို့အား အမျှပေးဝေပါ တယ်။ အမျှရကြ၍ ၀မ်းမြောက်စွာ သာဓုခေါ်နိုင်ကြပါစေ … ။

***
မေဓာဝီ

၂၉၊ ဇူလိုင်၊ ၂၀၀၇
(ဒုတိယ၀ါဆိုလပြည့်)
နံနက် ၉ နာရီ ၃၀ မိနစ်

ကိုးကား။
နည်းပြဓမ္မစကြာ - ဦးမောင်မောင် (ဟံသာဝတီ)

5 comments:

ညလေး said...

မမေရေ မမေက စီဘောက်စ်မရှိတော့ ဒီမှာပဲ အော်တော့မယ် tag ထားတယ် ရေးပေးဦး ဘာလို့ ဘလော့ဂ်ရေးဖြစ်လဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ရေးပြီးလဲ ထပ်ရေးပေးပါ... :)

mg yin said...

မြန်မာပြ က္ခဒိန် နဲ့ အလွန်ဝေးနေတဲ့ ကျွန်တော့် အတွက် ဒီကနေ့ ဝါဆိုလပြည့်နေ့ ဆိုတာမမေဓာဝီဘလော့(ဂ)ရောက်မှ သိလိုက်ရပါတယ်။
ဒုက္ခသစ္စာဆိုတာ ကျွန်တော်တရားမှတ်ခဲ့ တဲ့အခါတွေတုန်းက အဲဒိဝေဒနာနုပသနာဆိုတဲ့ နှိပ်စက်၊ပြုပြင်၊ ပူလောင်တွေကိုစဉ်ဆက်မပြတ် ရှုမှတ်ပြီး နောက်ဆုံး ခံရခက်တဲ့ကျဉ်မှု၊ယားယံနာကျင်မှု တွေ ဟာလဲ ဖြစ်ပြီး ပျက်တတ်တယ်ဆိုတာနဲ့ ပြန်ပြန်လည်ပတ်နေတတ်တဲ့သဘောကို ကကြီးရေက အဆင့်လောက် သဘောပေါက်ခဲ့ဖူးပါတယ်။ သမုဒယသစ္စာ အနက်ကို ချမ်းမြေ့ ဆရာတော်ကြီးအတိုချုပ်ပြသလို တစ်ခုမကချစ်တာ ဖြစ်လို့ အခုထိ တရားမှန်ကိုစာသိဘဲသိတဲ့ အဆင့်နဲ့ သာမာန်လူတစ်ယောက်အဖြစ်ဘဲရှိလျက်ပါ။ တဆက်ထဲ ရှင်းပြထားတဲ့ ဓမစကြာတရား အနက် ကိုထပ်မံဆင်ခြင်ပွားများသွားပါတယ်။ ကူးလဲကူးယူသွားပါတယ်။ဘယ်မှာမှမသုံးပါ။ကျွန်တော့် ကိုယ်ပိုင်နုတ်(စ)အတွက်ပါ။ တရားလှုကနိဗ္ဗာန်ရ ဆိုသလို ဒါ အင်မတန်ထူးမြတ်တဲ့ကုသိုလ်ပါ။ ဘလော့(ဂ)ခြင်းရဲ့ အကျိုးတစ်ခု ပေါ့နော။ ဆရာဦးမောင်မောင်နဲ့ မမေဓာဝီကို ကျေးဇူးတင်သာဓုခေါ်ပါတယ်။

Anonymous said...

ကျေးဇူးတင်သာဓုခေါ်ပါတယ်.

မခိုင်

tint said...

သာဓုပါဗျာ

sophia said...

Many thanks.