Tuesday, July 31, 2007

ကျမ သိသော ကိုယ်ကျင့်တရား

ဆရာမ မမေငြိမ်းအပါအ၀င် ဘလော့ဂါတချို့က ကိုယ်ကျင့်တရားအကြောင်း ရေးကြတော့ ကျမလည်း ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ရေးချင်လာတယ်။ ကျမသိသလောက် ကျမလေ့လာမိသလောက် ကျမရှုထောင့်နဲ့ ကျမ ရေးမှာပါပဲ။ ဘယ်သူ့မှလည်း ပုတ်ခတ်စော်ကားပြီး ရေးမှာမဟုတ်ပါဘူး။ ဘာကြောင့်ဆိုတော့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ကောင်းမကောင်းဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံး ဖြစ်သလို ကိုယ်ကိုယ်တိုင် ကောင်းဖို့က ပိုလို့အရေးကြီးတယ်လို့ ကျမအနေနဲ့ ယူဆလို့ပါပဲ။ ဘယ်သူကောင်းကောင်း မကောင်းကောင်း လူတိုင်းလူတိုင်း တယောက်ချင်းစီဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ကောင်းမွန်အောင် စောင့်ထိန်း သွားရင် အေးချမ်းပါတယ်။ ဟိုလူ မကောင်းရကောင်းလား။ ဒီလူ ဆိုးရ ကောင်းလား ဆိုပြီး တခြားလူတွေကို လိုက်ကြည့်မနေဘဲ ကိုယ်ကိုယ်တိုင်သာ ကောင်းမွန်အောင် ကျင့်ကြံနိုင်ရင်ဖြင့် လောကကြီး ငြိမ်းချမ်းသာယာမယ်လို့ ထင်တာပါပဲ။

မရေးခင် တခု ၀န်ခံရမှာကတော့ ကျမကိုယ်တိုင်သည်လည်း အခု ကျမရေးမယ့် စာထဲကလို ကိုယ်ကျင့်တရားကို ပြည့်စုံစွာကောင်းမွန်အောင် စောင့်ထိန်းနိုင်သူ တယောက် မဟုတ်ခဲ့/မဟုတ်သေးပါဘူး။ ပြည့်စုံစွာ ကောင်းမွန်အောင် စောင့်ထိန်း နိုင်ဖို့ ကြိုးစားနေသူ တယောက်မျှသာ ဖြစ်ပါတယ်။ အရင်ကပို့စ်တွေမှာလည်း ကျမ ရေးခဲ့ဖူးပါတယ်။ ကျမဟာ သိသာသိပြီး မကျင့်နိုင်သေးသူ အန္ဓပုထုဇဉ် တယောက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမက ဘယ်သူ ကောင်းတာ ဆိုးတာ အကျင့်ပျက်တာတွေကို လက်ညှိုးထိုး ပြောပြနေမှာ မဟုတ်ပါဘူး။ တကယ်တမ်း ကိုယ်ကျင့်တရား ကောင်းမွန်တယ်ဆိုတာ ဘာလဲ၊ ကိုယ်ကျင့်တရား စောင့်ထိန်း တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲဒါကိုသာ အလေးထား ပြီး ရေးသားသွားမှာ ဖြစ်ပါတယ်။ ကျမအခု ရေးမယ့်စာကို ဗုဒ္ဓဘာသာ တခုတည်းရဲ့ ရှုထောင့်က မဟုတ်ဘဲ မည်သည့်ဘာသာဝင်မဆို ဖတ်ရှု လေ့လာ ဆင်ခြင် သုံးသပ်ပြီး ရှုထောင့် အသီးသီးက ဝေဖန် ဆွေးနွေး နိုင်ပါတယ်ရှင်။
***
ကိုယ်ကျင့်တရား

ကိုယ်ကျင့်တရားဆိုတဲ့ စကားလုံးကို ခွဲခြမ်းစိတ်ဖြာလိုက်တော့ …
ကိုယ် + ကျင့် + တရား
ကိုယ် = မိမိ
ကျင့် = ကျင့်သုံးရမည့်/ ကျင့်ကြံရမည့် / လေ့ကျင့်ရမည့် (သို့) ကျင့်ဝတ်
တရား = အချင်းအရာများ … ဖြစ်ပါတယ်။
ဘာတွေကို ကျင့်သုံးရမလဲ။ လေ့ကျင့်ရမလဲ … ဆိုရင် … ။
မိမိတို့ရဲ့ ကိုယ်၊ နှုတ်၊ စိတ်တို့မှာ မကောင်းမှုတွေ မဖြစ်အောင် ရှောင်ကြဉ်၊ စောင့်ထိန်း၊ လေ့ကျင့်ရပါမယ်။

ဒါဆိုရင် မကောင်းမှုဆိုတာ ဘာကိုခေါ်ပါသလဲ … ။
(၁) သူတပါးအသက်ကို ညှင်းဆဲ သတ်ဖြတ်ခြင်း၊
(၂) သူတပါးဥစ္စာကို ခိုးယူခြင်း၊
(၃) သူတပါး သားမယားကို စော်ကားကျူးလွန်ခြင်း၊
ဒီ ၃-ချက်ဟာ ကိုယ်ကာယနဲ့ ပြုလုပ်တဲ့ မကောင်းမှုတွေဖြစ်ပါတယ်။
(၄) လိမ်ညာပြောခြင်း၊ လိမ်ညာပြောခြင်းဖြင့် သူတပါး အကျိုးစီးပွား ထိခိုက် ပျက်ပြားစေခြင်း၊ ဒါကတော့ နှုတ်ဖြင့် ပြုလုပ်တဲ့ မကောင်းမှုဖြစ်ပါတယ်။
(၅) အထက်ပါ ၄-ချက်ကို လုပ်ရဲ ကိုင်ရဲ ပြောဆိုရဲစေတဲ့ အရက် ဘိန်း စတဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်း။
ဒီအချက် ၅-ချက်ဟာ မကောင်းမှုတွေပါပဲ။ ဒီမကောင်းမှု ငါးခုကို ရှောင်ကြဉ် ရမယ်၊ မပြုလုပ်မိအောင် စောင့်ထိန်းရမယ်၊ တကယ်လက်တွေ့ ကျင့်သုံးရပါမယ်။ ဒါမှ သိက္ခာရှိသူ အကျင့်ကောင်းသူလို့ ဆိုနိုင်မှာပါ။ (သိက္ခာ = အကျင့်)

ရဟန်းမှာ ရဟန်းကျင့်ဝတ် (၀ိနည်း)၊ ရှင်သာမဏေမှာ ရှင်ကျင့်ဝတ်၊ လူမှာ လူ့ကျင့်ဝတ် လူ့စည်းကမ်းရယ်လို့ ရှိပါတယ်။
သူတပါးအသက်ကို မသတ်ဘဲ ရှောင်ကြဉ် စောင့်ထိန်းခြင်းဟာ “ကျန်းမာရေးနဲ့ အသက်ရှည်ရေး” စည်းကမ်းကို လိုက်နာရာရောက်ပါတယ်။
သူတပါးဥစ္စာမခိုးဘဲ စောင့်ထိန်းတာဟာလည်း “စီးပွားရေး” စည်းကမ်းကို လိုက်နာ သလိုပါပဲ။ ထိုနည်းတူ …
သူတပါးအိမ်ရာ မကျူးလွန်ဘဲ စောင့်ထိန်းခြင်းဟာ “အိမ်ထောင်ရေး” စည်းကမ်း၊
လိမ်ညာပြောဆိုခြင်းမပြုဘဲ စောင့်ထိန်းခြင်းဟာ “ဆက်ဆံရေး၊ သစ္စာစကား ထွန်းကားရေး” စည်းကမ်း၊
မူးယစ်စေတတ်တဲ့ အရက်သေစာ သောက်စားခြင်းမပြုဘဲ စောင့်ထိန်းခြင်းဟာ “ယဉ်ကျေးမှု” စည်းကမ်း အသီးသီးဖြစ်ပါတယ်။ ဒီစည်းကမ်း ၅-ချက်ဟာ လူသား တိုင်း စောင့်ထိန်း လိုက်နာ ကျင့်ကြံသင့်တဲ့/ ကျင့်ကြံရမယ့် အနိမ့်ဆုံး စည်းကမ်း တွေပါပဲ။

ဘာဖြစ်လို့ စောင့်ထိန်းသင့်တာလဲ … ။
သက်ရှိသတ္တ၀ါတဦးမှာ အသက်ဟာ တန်ဖိုးအရှိဆုံး အမြတ်နိုးဆုံး ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် အသက်ကို မဖျက်ဆီးဖို့ ပထမဆုံး စည်းကမ်းနဲ့ သတ်မှတ် ရခြင်းပါ။
ဒုတိယ … ပစ္စည်းဥစ္စာဟာ အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် အရေးကြီးတဲ့ အထောက်အပံ့ ပစ္စည်းမို့ စီးပွားကို မဖျက်ဆီးဖို့ ဒုတိယ စည်းကမ်းချက်နဲ့ သတ်မှတ်ပါတယ်။
အိမ်ထောင်ဟာ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဖြစ်တာကြောင့် စီးပွားထိန်းသိမ်း ရေးအတွက် အရေးကြီးပါတယ်။ ဒါကြောင့် တတိယစည်းကမ်း သတ်မှတ်တယ်။
အသက်၊ စီးပွား၊ အိမ်ထောင် ပြီးရင် ဆက်ဆံရေးက အရေးကြီးပါတယ်။ ဆက်ဆံ ရေးမှာ သစ္စာစကားဟာ အကောင်းဆုံးမို့ စတုတ္ထစည်းကမ်းကို သတ်မှတ်ပါတယ်။
ကျန်းမာရေးနဲ့ အသက်ရှည်ရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးနဲ့ ဆက်ဆံရေးပြီးရင် ယဉ်ကျေးမှု က အရေးကြီးပါတယ်။ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေး အောင်/ မရိုင်းစိုင်းအောင် ပဉ္စမစည်းကမ်းကို သတ်မှတ်ပါတယ်။

ဒီ ၅-ချက်သော လူ့ကျင့်ဝတ်ကို စောင့်ထိန်းရင် လူသားလောကနဲ့ သက်ရှိလောက ကို အကူအညီ အစောင့်အရှောက်ပေးရာ ရောက်ပါတယ်။
ပထမအချက်ကို စောင့်ထိန်းခြင်းဖြင့် - သူတပါးရဲ့ ကျန်းမာရေးနဲ့ အသက်ရှည်ရေး ကို ကူညီရာရောက်ပါတယ်။ ထိုနည်းတူ ….
ဒုတိယအချက် - သူတပါး စီးပွားရေး
တတိယအချက် - သူတပါး အိမ်ထောင်ရေး
စတုတ္ထအချက် - သူတပါးကို သစ္စာစကားဖြင့်
ပဉ္စမအချက် - သူတပါးကို ကိုယ်နှုတ်ယဉ်ကျေးစွာဖြင့် … ကူညီရာ အသီးသီး ရောက်ပါတယ်။

ဒီ ၅-ချက်သော စောင့်ထိန်းမှုကို ဗုဒ္ဓဘာသာမှာတော့ ငါးပါးသီလ လို့ခေါ်ပါတယ်။ သီလရှိသူဟာ ကိုယ်ကျင့်တရားကောင်းသူ လို့ သတ်မှတ်ထားကြတယ်။ သီလမှာ ၀ါရိတ္တသီလနဲ့ စာရိတ္တသီလဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ သတ်ခြင်း၊ ခိုးခြင်း အစရှိတဲ့ ရှောင်သင့်ရှောင်ထိုက်တဲ့ စည်းကမ်းတွေကို ရှောင်ကြဉ်ခြင်းဟာ “၀ါရိတ္တ သီလ” လို့ခေါ်ပါတယ်။ မိဘ၀တ္တရား၊ သားသမီးဝတ္တရားစတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ စည်းကမ်းတွေကို ပြုလုပ် ဆောင်ရွက် လိုက်နာ ကျင့်သုံးခြင်းဟာ “စာရိတ္တသီလ” ဖြစ်ပါသတဲ့။

ဒီ ၅-ချက်ကိုမှ နည်းနည်းထပ် အကျယ်ချဲ့လိုက်တော့ မကောင်းကျင့် (၁၀) ချက် ကို ထပ်ပြီး တွေ့ရပါတယ်။
၁) သူ့အသက်ကို ညှဉ်းဆဲ၊ သတ်ဖြတ်ခြင်း။
၂) သူ့ဥစ္စာကို မတရား ခိုးယူခြင်း။
၃) သူ့အိမ်ယာကို ပစ်မှားကျူးလွန်ခြင်း။
၎) မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း။
၅) ကုန်းတိုက်စကား၊ သွေးခွဲစကားပြောဆိုခြင်း။
၆) ကြမ်းတမ်းစကား၊ ညစ်ညမ်းဆဲရေးစကား ပြောဆိုခြင်း။
၇) အဓိပ္ပါယ်မရှိသောစကား၊ အနှစ်မရှိသောစကား ပြောဆိုခြင်း။
၈) သူတပါးပစ္စည်းကို မတရားကြံစည်ခြင်း။
၉) သူတပါးကို သေကြေပျက်စီးအောင် ကြံစည်ခြင်း။
၁၀) အယူအဆမှားယွင်းခြင်း။
ဒီ (၁၀) ချက်ဟာ မကောင်းမှု ဒုစရိုက် ၁၀-ချက်ပဲ ဖြစ်ပါတယ်။ ဒီ ၁၀-ချက်ကို ပြုလုပ်သူဟာ ကိုယ်ကျင့်တရားကောင်းမွန်ပါသလား။ စဉ်းစားကြည့်ဖို့ပါ။

မကောင်းမှု ၁၀-ချက်ရှိသလို ကောင်းမှု ၁၀-ချက်လည်းပဲ ရှိပါသေးတယ်။
၁) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၂) ကိုယ်နှုတ် တို့ကို စောင့်ထိန်းခြင်း။
၃) စိတ်ကို စင်ကြယ်အောင် စောင့်ထိန်းလေ့ကျင့်ပွားများခြင်း။
၎) မိမိထက် “အသက်ကြီးသူ၊ ၀ါကြီးသူ၊ ဂုဏ်ကျေးဇူးကြီးသူ” စတဲ့ “ရိုသေ လေးစားထိုက်သူ” တို့နဲ့ ဆက်ဆံတဲ့အခါမှာ မာနမကြီးဘဲ ဘ၀င်မမြင့်ဘဲ မိမိကိုယ်ကို နှိမ့်ချပြီး ရိုသေလေးစားစွာ ဆက်ဆံခြင်း။
၅) သူတပါးရဲ့ ကိစ္စကြီးငယ်တို့ကို စေတနာသန့်သန့်ဖြင့် ကူညီဆောင်ရွက် လုပ်ကိုင်ပေးခြင်း။
၆) မိမိပြုခဲ့တဲ့ ကောင်းမှုတို့ကို သူတပါးတို့အား မျှဝေပေးခြင်း။ (အမျှပေးဝေခြင်း)
၇) သူတပါးက ကုသိုလ်အမျှပေးခြင်းကို ၀မ်းမြောက်ခြင်း။ (သာဓုခေါ်ခြင်း)
၈) အသိစင်ကြယ်အောင်၊ အမြင်စင်ကြယ်အောင်၊ အယူအဆ စင်ကြယ်အောင် သူတော်ကောင်းတရား နာကြားခြင်း။
၉) လာဘ်လာဘကို မငဲ့ဘဲ၊ ထင်ရှားကျော်ကြားမှုကို မမျှော်ကိုးဘဲ စိတ် စေတနာ သန့်သန့်နဲ့ မိမိသိရှိထားပြီးသော သူတော်ကောင်းတရားတို့ကို တဆင့်ပြန်လည် ပြောပြခြင်း။
၁၀) အယူအဆ ဖြောင့်မတ်မှန်ကန်ခြင်း၊ အသိဉာဏ် စင်ကြယ်ခြင်း။
စတဲ့ ၁၀-ချက်ပဲ ဖြစ်ပါတယ်။ ဒီအချက် ၁၀-ချက်ကိုရော လိုက်နာဆောင်ရွက် ကျင့်ကြံနိုင်ပါသလား။

ဒါဟာ အခြေခံကျတဲ့ အချက်ကလေးတွေမျှသာပါ။ ဒါတွေကိုတောင်မှ မရှောင်နိုင် မဆောင်နိုင်တဲ့အတွက် ကျမက ကိုယ့်ကိုယ်ကိုယ် အန္ဓပုထုဇဉ်လို့ မရှက်တမ်း ပြောရခြင်း ဖြစ်ပါတယ်။

ဒါတွေအပြင် လူ့ကျင့်ဝတ်ဆိုပြီး ဆရာတော်တွေ ဆရာသမားတွေ ရေးခဲ့တဲ့ ဆောင်ပုဒ် လင်္ကာတွေရှိပါသေးတယ်။ အားလုံးလည်း သိကြမှာပါ။

* တယောက်စကား၊ တယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ ဆိုလေ၊ ပျားသကာသို့၊ ချိုလှစေ။
* မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ကြနှင့်၊ မာန်မာနကို၊ ထိန်းကြလေ။ …
စသည် စသည် လူ့ဘောင်လောကမှာ နေထိုင်သူတွေအဖို့ စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေ တပုံတပင်ကြီး ရှိပါသေးတယ်။

ဒါကြောင့် လူ့ကျင့်ဝတ်ဆိုတာ တခုထဲ မဟုတ်ပါဘူး။ ကိုယ်ကျင့်တရားဆိုတာ လည်း တချက်ကောင်း နှစ်ချက်ကောင်းထဲ မဟုတ်ပါဘူး။ အထက်ပါဆိုခဲ့ပြီးတဲ့ အချက်တွေထဲက တချက်တလေ ကျူးလွန်မိသူတိုင်း ကိုယ်ကျင့်တရား ဖောက်ပြန် သူတွေချည်းပါပဲ။

ဒါဆို လူတိုင်း ကိုယ်ကျင့်တရား ဖောက်ပြန်နေကြတာချည်းပဲလား … ဆိုလာရင် တော့ ….
ဖောက်ပြန်မှု အနည်းနဲ့ အများတော့ရှိပါသေးတယ်လို့ ကျမက ဆင်ခြေတက်ချင် တာပါပဲ။ ဥပမာ - ခြင်သတ်တာနဲ့ လူသတ်တာနဲ့ ကွာသလိုပေါ့။ သူတပါး အသက် ကို သတ်ဖြတ်တာခြင်းအတူတူ မသတ်ခင်က ကြိုတင်ကြံစည်မယ်၊ သေစေဖို့ ခွန်အား အားစိုက် ထုတ်ရမယ်၊ ၀မ်းမြောက်ဝမ်းသာနဲ့ သတ်မယ်၊ ဒီလို သတ်ခြင်းဟာ အပြစ်မရှိဘူးလို့ ထင်မယ်ဆိုရင်တော့ သူ့မကောင်းမှုကံ အကျိုးပေး မယ်ဆိုရင် အဆိုးဆုံးကို ပေးမှာပါပဲ။
ကိုယ်ကျူးလွန်မိတဲ့ မကောင်းမှုကို မကောင်းမှုမှန်းသိရင်၊ နောင်တရပြီး ထပ်မံ မကျူးလွန်ဘဲ ပြန်လည် ပြင်ဆင်ရင် … ဒီအပြစ်တွေကို ဆေးကြောတဲ့အနေနဲ့ ကောင်းမှုတွေ ထပ်ခါ ထပ်ခါလုပ်နေမယ်ဆိုရင် … ကိုယ်ကျူးလွန်ခဲ့တဲ့ မကောင်းမှု ဟာ တဖြည်းဖြည်း ကင်းစင်ပပျောက်သွားမှာ ဖြစ်ပါတယ်။ ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုသလိုပေါ့။

ဒီတော့ နိဂုံးချုပ်ရမယ်ဆိုရင် ကိုယ်ကျင့်တရား ကောင်းဖို့ မကောင်းဖို့ဆိုတာ ကိုယ် ကိုယ်တိုင်နဲ့သာ ဆိုင်ပါတယ်။ ကိုယ်မကောင်းရင် မကောင်းကျိုးကို ခံစားရမယ်။ ကိုယ်ကောင်းရင် ကောင်းကျိုးကို စံစားရမှာပါပဲ။ သူတပါးမကောင်းတာကို ကိုယ်က အပြစ်ပေးနေလို့လည်း မရပါဘူး။ သူ့အပြစ် သူသာလျှင် ခံရမှာပါ။ ကိုယ်က ဒီလို မကောင်းသူနဲ့ ကြုံရ ဆုံရတယ်ဆိုပါတော့ … ။ ဒီလိုကြုံလာဆုံလာ ခဲ့ရင် မကောင်းသူကို အပြစ်မတင်ဘဲ ကိုယ်မကောင်းခဲ့လို့ မကောင်းသူနဲ့တွေ့ရ ကြုံရဆုံရတယ်ဆိုတာကို သေသေချာချာ သဘောပေါက် နားလည်ဖို့ လိုပါတယ်။ ကိုယ်က ဒီဘ၀မှာ ခြောက်ပစ်ကင်း သဲလဲစင်နေပေမယ့် ကိုယ်မသိတဲ့ သံသရာဆို တာ အရှည်ကြီးပါ။ အရင်ဘ၀တွေမှာ ကိုယ်မှားခဲ့လို့ ကိုယ်ကျူးလွန်ဖောက်ပြားခဲ့မိ လို့ ဒီဘ၀မှာ မကောင်းကျိုးတွေ ရရှိတာပဲ မဟုတ်လား။ ဒါကြောင့် ကိုယ်ကိုယ်တိုင် ကျင့်ကြံအားထုတ် ဆောင်ရွက်ရမယ့် တရားတွေကို ကိုယ်ကလွဲပြီး ဘယ်သူမှ လာကျင့်ပေးလို့ မရပါ။ သူများကိုလည်း (တိုက်တွန်းရုံကလွဲလို့) ကိုယ်စား သွားပြီး ကျင့်ပေးလို့မရတဲ့အတွက် လူတိုင်းလူတိုင်း ကိုယ်တိုင်ကောင်းဖို့ကလေးသာ အဓိက လိုအပ်တယ် လို့ ကျမကတော့ ထင်မြင် ယူဆပါတယ်။
***
မေတ္တာဖြင့် …

မေဓာဝီ
၃၁၊ ဇူလိုင်၊ ၂၀၀၇
ည ၇ နာရီ

ကိုးကား ။
သာကီနွယ်၏ ပြဋ္ဌာန်းကျမ်းစာသင်ကြားနည်း

7 comments:

hana said...

Thanks, Ma May.
Now I remember I wrote about Morality ..hee hee. But I didn't mention details. Thanks for explaining.
hee hee..I am just pointing out others's morality.
Now I am asking myself.lol

Thanks , Connection at Home.
I can write comment fortunately.
by the way, I love your mommy & daddy. They look so lovely.
My mommy and daddy are fat although I am thin.
hee hee..I eat more than they do.

Khine Khine said...

Dear May,

I'm regular visitor of your blog.But this is the first time I try to post a comment.I like and love most of your blogs.Your blog make me relax when I feel stressful.May, you are very lucky that you can stay with your lovely parents togethers. Your parent and my parent are about the same age.For me, I'm very far from my parent and can meet my parent once a year. Somehow, I wish all the best for your family.

Khine

May Nyane said...

မေရေ..အမက မေ့လိုပဲ ကိုယ်ကျင့်တရားဆိုတာ ကိုယ်ကျင့်ရမယ့် တရားလို့ လက်ခံတာမို့ အဲဒီခေါင်းစဉ်ကို tag တောင် မလုပ်တော့ပါဘူး။
ခု မေအသေးစိတ်ပြောောတ့ သိပ်ကောင်းတာပဲ။ အမကကျတော့ ပျင်းတယ်လေ..ဟဲဟဲ။
အင်းး ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်ကျင့်ရမယ့်တရားဆိုပေမယ့် ကိုယ်ကျင့်တရားဆိုတာဘာလဲ သိအောင်..ကိုယ်ကျင့်တရားပျက်ရင် ဘာဖြစ်မယ်ဆိုတာတွေတော့ ပြောရမှာပေါ့မေရယ်။ ပြောရရင်တော့ ဘုရားဟောတွေနဲ့ ညီအောင်တော့ နေနိုင ကျင့်နိုင်ခဲသားပါ။ ပြီးတော့ ဘသူမှလည်း ခြောက်ပြစ်ကင်းသဲလဲစင်မဟုတ်နိုငပါဘူး။ ခုခေတ်ဆို ဘုန်းကြီးရဟန်းတွေထဲမှာတောင် အပြစ်မစင်ကြသေးတာ။ဒါပေမဲ့ ကိုယ့်ဝန်းကျင်လေးနဲ့ ပတ်သက်သလောက်မှာတော့ ရသလောက်ကျင့်ကြံရမယ်ထင်တာပဲ။ အမကတော့ မလျှော့သေးဘူးကွယ်.. အထူးသဖြင့် လူထုရှေ့ဆောင်တွေကတော့ မဖြစ်မနေကျင့်ကြံသင့်တယ်ဆိုတာကိုလေ။
ပြီးတော့လေ မကောင်းသူကို အပြစ်တော့ တင်ရမယ် ညီမရဲ့.. မဟုတ်ရင် သူတို့ခမျာ ဒါကို အပြစ်လို့ မသိဘူးဖြစ်နေမှာလေ။ အမတော့ အဲလို ထင်တာပဲ။

wai said...
This comment has been removed by the author.
wai said...

ဒီ post လေးကိုတော့ အရမ်းနှစ်သက်မိပါတယ်။ တကယ်ပဲ မေတ္တာဓာတ်တွေထုံလွှမ်းနေပါတယ်။ ကိုယ်ကျင့်တရားဆိုတာ လူမျိုးတိုင်း၊ ဘာသာတိုင်းရဲ့ အနှစ်ဖြစ်တယ်လို့ ခံစားမိပါတယ်။ ခေါင်းစဉ်က လေးနက်သလောက် ကျယ်ပြန့်တော့ ကိုယ့်အယူအဆနဲ့ ကိုယ်လျှောက်လှမ်းကြတာပေါ့။ ဒီလင်္ကာလေးက ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်မယ်ထင်လို့ တင်ပါရစေ မမေဓာဝီ ခင်ဗျား။ ချမ်းမြေ့ဆရာတော်ရဲ့ လင်္ကာလေးပါ။

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။
ပြောပြုတွေးလျှင်၊ သတိယှဉ်၊ ဆင်ခြင်ဥာဏ်ရှေ့သွား။
စိတ်ထားဖြောင့်မှန်၊ ခွင့်လွှတ်ရန်၊ သည်းခံမေတ္တာထား။
လုံလနှင့်ဇွဲ၊ မလျှော့ပဲ၊ အမြဲတင်းတင်းထား။
အရာရာတွင်၊ အသုံးဝင်၊ အောင်မြင်ကြောင်းတရား။

Chocolaier said...

မမေ...
ဆရာလုပ်တာတော့မဟုတ်ပါဘူး။ တခုလောက်ပြောချင်လို့ပါ။ မမရဲ့
ဒုစရိုက် ၁၀ပါးကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သုစရိုက် ၁၀ပါးက ဒုစရိုက်၁၀ပါးရဲ့ပြောင်းပြန်ကို ခေါ်တာလို့ထင်ပါတယ်။ မမရေးထားတဲ့ ၁၀ပါးက ပုညကိရိယ၀တ္ထု ၁၀ပါး လို့ ထင်ပါတယ်။ ကောင်းကျိုးတို့၏ တည်ရာဖြစ်သော ပြုထိုက်သည့်ကောင်းမှုများ လို့ ချမ်းမြေ့ဆရာတော်က အနက်ဖွင့်ပါတယ်။ သုစရိုက်၁၀ပါးနဲ့မတူပါဘူးထင်လို့ပါ။

မေဓာဝီ said...

ဟုတ်တယ် ဒေါ်လေးဟနရေ … ။ မမေတို့က ကိုယ့်ကိုယ်ကိုယ် မကြည့်ဘဲ သူများကိုပဲ ကြည့်နေမိတာ များတာကို။ အဲဒါက မထူးဆန်းပါဘူး။ အများအားဖြင့် ဒီလိုပါပဲ။
ဟနပြောတာ မမေရဲ့ အမေနဲ့ အဖေကို ပြောပြလိုက်တော့ … ပြုံးနေကြတယ်။ ကျေးဇူးနော် .. ဟန။

မခိုင်ခိုင်ရဲ့ ကွန်မန့်အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဘလော့ကို အမြဲလာလည်ဖတ်ရှုတယ်ဆိုလို့လည်း ၀မ်းသာမိပါတယ်။ နောက်လည်း ဖတ်ပါဦးနော်။

အမမေငြိမ်း ပြောတာဟုတ်ပါတယ်။
ဒါပေမဲ့ ဒီစာမှာ ရေးခဲ့တဲ့ အချက်တွေဟာ ဗုဒ္ဓဘာသာတခုတည်း ကျင့်ကြံရမယ့်အချက်တွေ မဟုတ်ပါဘူး။ ဒါကြောင့် ဘုရားဟောတွေနဲ့ ညီအောင်နေတယ် ဆိုတာထက် လူသားဆန်စွာ လူပီသစွာနေထိုင်လိုသူတိုင်း ဒီအချက်တွေနဲ့ ညီအောင် နေသင့်တာပါ။ နေနိုင်ခဲ ကျင့်နိုင်ခဲတာတော့ အမှန်ပဲ အမရေ .. ။ ဒါကြောင့်လည်း ရာဇ၀တ်မှုတွေ ရှိလာတယ်၊ ရာဇ၀တ်သားတွေကို အပြစ်ပေးနိုင်တဲ့ စည်းမျဉ်းဥပဒေတွေ ပေါ်လာတယ်၊ ထောင်တွေ အချုပ်တွေ ဆိုတာလည်း ပေါ်ပေါက်လာတာ မဟုတ်လား။
ဘုန်းကြီး ရဟန်းတွေလည်း အပြစ်မကင်းကြဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အသေးစား အပြစ်တွေကို အာပတ်ဖြေရင် ရပါတယ်။ ပါရာဇိကဏ် ကျမှသာ အာပတ်ဖြေလို့ မရတာပါ။ ဒါကြောင့် ဘုန်းကြီးတွေ အနည်းအပါး အပြစ်ကျူးလွန်မိတာကို ဒကာတွေ ဒကာမတွေက လိုက်အပြစ်တင်လို့မရဘူး။ ဒီလို အပြစ်တင်ရင် သူတို့ အကုသိုလ်က ကိုယ့်အကုသိုလ်ဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ လူတွေ (သူတပါး) ကျူးလွန်တဲ့ အပြစ်တွေကို လိုက်ကြည့် အပြစ်ပြောနေတာထက် ကိုယ်ကိုယ်တိုင် ကောင်းအောင် အရင်ကျင့်ကြံနေထိုင်ဖို့က အရေးကြီးပါတယ်။ မသိတဲ့လူကို သိအောင်လမ်းညွှန်ပြတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အပြစ်တင်တဲ့ ပုံစံမဟုတ်ဘဲ စေတနာနဲ့ ညွှန်ပြတတ်ရင် ပြောသူ နာသူ နှစ်ဦးနှစ်ဘက် အကျိုးရှိတာပေါ့။
ညီမစာရဲ့ ဆိုလိုရင်းက လူတိုင်း ကိုယ်တိုင်ကောင်းအောင်နေထိုင် ကျင့်ကြံ နိုင်ဖို့ပါ။ ဒီလိုသာဆိုရင် ဘယ်သူ့ ဘယ်သူမှ အပြစ်ပြောဖို့လည်း မလိုဘူး။ အပြစ်တင်ဖို့ အပြစ်မြင်ဖို့လို့ လိုတော့မယ် မထင်ပါဘူး အမရေ … ။

Wai >> ချမ်းမြေ့ဆရာတော်ရဲ့ လင်္ကာလေးအတွက် ကျေးဇူးတင်ပါတယ်ရှင်။

Chocolaier ပြောတာမှန်ပါတယ်။ မမေရေးထားတာ ပထမ (၁၀) ချက်က ဒုစရိုက် (၁၀) ပါးပါ။ သုစရိုက် (၁၀) ပါးကတော့ ဒုစရိုက် (၁၀) ပါးရဲ့ အပြန်အလှန်မို့ မရေးတော့ဘဲ ပုညကြိယ၀တ္ထု (၁၀)ပါး (တနည်းအားဖြင့်) ကုသိုလ် ဆယ်မျိုးကို ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

မေဓာဝီ