Tuesday, July 10, 2007

ဒီမနက်ခင်း …

ဒီနေ့မနက်ပေါ့ …ဈေးသွားရမယ့်နေ့မို့ အိပ်ရာစောစောထ၊ ကိစ္စ ၀ိစ္စလေးတွေလုပ် ပြီးတာနဲ့ ဈေးကိုထွက်ခဲ့တယ်။ ရာသီဥတုကတော့ အုံ့အုံ့ပျပျလေးပါပဲ။ နေမထွက် ပေမဲ့ မိုးရွာမယ်လို့လည်း မထင်မိတာနဲ့ ထီးယူမသွားမိဘူး။ ကိုင်ရတာ အလုပ်ရှုပ် မှာ စိုးတာလည်း ပါတာပေါ့။ မနက်စောစောမို့ ဈေးအသွားလမ်းက ကားလည်းရှင်း လူလည်းရှင်းနေပါတယ်။ လမ်းဘေးဝဲယာက သစ်ပင်လေးတွေကိုကြည့်လိုက်၊ ဓာတ်ကြိုးပေါ် တန်းစီ နားနေကြတဲ့ ခိုကလေးတွေကို ကြည့်လိုက်၊ ကောင်းကင်ကြီး ကို ကြည့်လိုက် … ဟိုတွေးဒီတွေးနဲ့ပဲ ဈေးကိုရောက်ခဲ့တယ် ဆိုပါတော့။

ဈေးအ၀င်ဝက သမာဓိချိန်ခွင်ဆိုတဲ့ ဆိုင်းဘုတ်ကလေးကတော့ စောင်းစောင်းရွဲ့ရွဲ့နဲ့ မတင့်တယ် ရှာတော့ပါဘူး။ ဆိုင်းဘုတ်အောက်မှာ ချိန်ပေးသူမရှိ လာချိန်သူမရှိ စံပြုရမယ့် အလေးလည်းတခုမှမရှိဘဲ သံချေးတက်နေတဲ့ ချိန်ခွင်ကလေးတခုထဲ တဖက်စောင်းနင်း ချိတ်ဆွဲခြင်း ခံနေရပါတယ်။ သမာဓိချိန်ခွင်ဘေးက အုတ်လှေခါးလေးအတိုင်း ဆင်းလိုက်တာနဲ့ ဈေးထဲရောက်ရော။ ဈေးထဲဝင်ဝင်ချင်း ငှက်ပျောသီး အုန်းသီးရောင်းတဲ့ဆိုင်က ဖွင့်ထားတဲ့ နတ်ဒိုးသံနဲ့ ဆီးကြိုတယ်။ ဆိုင်ဘေးကအဖြတ် … အမွှေးတိုင်နံ့ စပယ်ပန်းနံ့တွေလည်း ကြိုင်လို့ လှိုင်လို့…။

ငှက်ပျောသီးဆိုင်နဲ့ မျက်စောင်းထိုးက ၀က်သားဆိုင်ကိုတော့ မ၀င်မဖြစ် ၀င်ရပါ တယ်။ ၀က်သားသည်ဆီမှာ ပေါင်သား ၅၀ သား ၀ယ်ပြီး ၂၅၀၀ ပေးလိုက်ရတယ်။ တပိသာ ၅၀၀၀ ဈေးကိုး။ ၀က်နံရိုးတောင် ၄၀၀၀ ဈေးဆိုတော့ အသားက ပိုကိုက် တာမို့ အသားပဲ ၀ယ်မိနေတော့တာ။ နံရိုးတောင် မစားဖြစ်တာကြာပေါ့။ ၀က်သား ၀ယ်ပြီး ငါးသည် ဆီဝင်ရတယ်။ ဥပါတဲ့ ငါးပုဏ်ဏားဆို … အမေကြိုက်တာမို့ ၃၀ သား ၀ယ်လိုက်တယ်။ တဆယ်သား ၅၀၀ ဈေးဆိုတော့ ၁၅၀၀ ဖိုးပေါ့။ ရွေးလည်း မရွေးတတ်လို့ ဈေးသည်ကပဲ ရွေးပေးတယ်။ အိမ်ရောက်မှကိုင်ရင် အလုပ်ရှုပ်မှာမို့ ဈေးသည်ကိုပဲ တခါတည်း ကိုင်ခိုင်းလိုက်တော့ အေးရော … ။

ဈေးသည်က ငါးကိုင်ပေးနေတုန်း တခြားဟာ ၀ယ်ထားလို့ ရတာနဲ့ သူ့ဘေးက နောက်ထပ်ငါးသည်တယောက်ဆီမှာ အလုပ်သမားတွေစားဖို့ နောက်ထပ်ငါးတမျိုး ၀ယ်တယ်။ အဲဒီငါးကတော့ ဈေးမဆိုးဘူး။ တပိသာမှ ၂၅၀၀။ (ငါးမြစ်ခြင်း လို့ ပြောပါတယ်) တကောင်ချိန်ခိုင်း လိုက်တော့ ၈၀ ကျပ်သား ရှိတယ်။ ၂၀၀၀ ဖိုးပေါ့။
“၈၀ သား … များလိုက်တာ အဒေါ်ရယ် … အဲလောက် မကုန်ဘူး” လို့ ကျမက ဆိုတော့ … ဈေးသည်အဒေါ်ကြီးက …
“ဒီမှာကြည့် … သူများဆို ဒီအလေးနဲ့ချိန်တာ … အဲဒါဆို တပိသာတောင်ရှိတယ်။ ကိုယ့်အချင်းချင်းမို့ ဒီအလေးနဲ့ချိန်တာတွေ့လား …မများဘူး …”
လို့ ဟိုသည် မျက်စိဝေ့၀ဲကြည့်ရင်း ခပ်တိုးတိုးပြောတယ်။ ဒါလည်း သူ့ရဲ့ ဈေးရောင်းနည်းပညာရပ်တခုပဲလားတော့မသိဘူး။ ဘာမှ မပြောသာလို့ အားလုံး ယူခဲ့လိုက်ရတယ်။ သူကလည်း ငါးကို အကြေးထိုးပြီး ခုတ်ထစ်ပေးပါတယ်။

ငါးဝယ်ပြီးတော့ အမေက အာလူးကတ်တလစ် စားချင်တယ် ပြောထားတာ သတိရလို့ အာလူးဆိုင်ကိုဝင်လိုက်တယ်။ အာလူးက တပိသာ ၉၀၀ ဈေး။ ၅၀ သားလောက် ၀ယ်မယ်စိတ်ကူးပြီး အလုံးချောချော အနာအဆာ မပါတာလေးတွေ တတ်သလောက် မှတ်သလောက် ရွေးရတာပေါ့။ ရွေးကောင်းကောင်းနဲ့ ရွေးလိုက် တာ ဘယ်လောက်သားလည်း မမှန်းတတ်တော့ ဈေးသည်ကို အရှိသာချိန်လို့ ခပ်တည်တည်နဲ့ ပြောလိုက်တယ်။ အရင်ကတော့ အဲလို မပြောတတ်ပေါင်။ ဘယ်လောက်သားလဲ မေးရင် မသိဘူးချည်း ပြောမိနေတာ။ ခုနောက်ပိုင်းတော့ “အရှိ” ဆိုတာ ပြောတတ်ပြီ။ အရှိချိန်လိုက်တော့ ၆၀၀ ဖိုးလို့ ဈေးသည်က ပြောတာပဲ။ ဘယ်လောက်သားလဲတော့ သူကလည်း မပြောသလို ကိုယ်ကလည်း မမေးမိပါဘူး။ သူ့ချိန်ခွင်ထဲ အလေးပိစိလေးတွေ ၃ ခုလောက်ဆင့်ထားတာတော့ တွေ့သား။

အာလူးဝယ်ပြီး အဖေက ငါးခြောက်ကြိုက်လို့ ငါးခြောက်လေးတွေ တုံးထားတာ တဆယ်သား ၀ယ်ခဲ့သေးတယ်။ ငရုတ်သီးနဲ့ကြော်ကြော်၊ ခရမ်းချဉ်သီးနဲ့ ချက်ချက် အဖေက သိပ်ကြိုက်တယ်။ ငါးခြောက်ကတော့ အနေတော် တုံးပြီးသားလေးတွေ တဆယ်သားကို ၇၀၀ ကျပ်ပါ။ ဘာငါးခြောက်လဲတောင် မမေးလိုက်ဘူး။ နမ်းကြည့်ပြီး မနံတာနဲ့ ၀ယ်ခဲ့လိုက်တာပါပဲ။

နောက် … ဟင်းသီးဟင်းရွက် ၀ယ်ဖို့အတွက် မကင်းရာ မကင်းကြောင်း ဆိုင် ၃ ဆိုင် ရှိတာနဲ့ မျှပြီးဝယ်ရတယ်။ တဆိုင်ဝယ်ပြီး နောက်တဆိုင် မ၀ယ်ရင် အားနာဖို့ ကောင်းတယ်ထင်လို့ အမြဲ မျှဝယ်နေကျပါ။ ပထမ တဆိုင်မှာ ကြံမဆိုင်မေးတော့ တစည်းကို ၁၀၀ ဆိုတာ နဲ့ ၃ စည်း ၃၀၀ ဖိုး၊ နောက်ဆိုင်မှာ ချဉ်ပေါင် ၃ စည်း ၁၀၀၊ မျှစ် ၁၀၀ ဖိုး နဲ့ ဂေါ်ဖီထုတ် ၁၀၀ ဖိုး (ဂေါ်ဖီ ၁၀၀ ဖိုးက တစိတ်ပဲရပါတယ်)၊ နောက်တဆိုင်မှာတော့ ပုထုဇဉ်သီး (အဲ … ကင်းပုံသီးပါ … ချက်ဖို့ ထုလိုက်ရင် ပု ၀င်သွားပြီး ဟိုဟိုဒီဒီ စင်တတ်လို့ ပုထုဇဉ်လို့ နောက်ပြီးခေါ်တာပါ) ၂၅၀ ဖိုး၊ နံနံပင် ၅၀ ဖိုး၊ ဘူးသီးတစိတ် ၂၀၀ ဖိုး ၀ယ်ခဲ့လိုက်တယ်။

အဖေက နေမကောင်းတဲ့ ကြောင်မလေးကို တိုက်ဖို့ နွားနို့မှာလိုက် သေးတယ်။ ဒါကြောင့် နွားနို့ဖိုးနဲ့ ဆိုက်ကားစီးဖို့ ပိုက်ဆံချန်ပြီး ဈေးဝယ်တာကို အဆုံးသတ် လိုက်ပါတယ်။ အဲ …ဈေးအထွက်က လှေခါးလေးလည်း တက်ရော အပြင်လောကမှာ မိုးတွေရွာနေပြီ … ။ ထီးပါမလာတဲ့ ကျမ ဘယ်လိုလုပ်ရပါ့ … ။

ခါတိုင်းဆိုရင်တော့ လှေခါးလေးတက်လို့ အပေါ်ဆုံးတထစ် နှစ်ထစ်လောက်ရောက် ရင် မျက်နှာချင်းဆိုင် လမ်းဘက်မှာ ဂိတ်ထိုးထားတဲ့ ဆိုက်ကားသမားလေးတွေက ကျမနဲ့ မျက်မှန်းတန်းမိနေကျမို့ ဈေးခြင်းကိုလာသယ်ပြီး ဘယ်သွားမလဲ မေးစရာ မလို … အိမ်ကို လိုက်ပို့နေကျပါ။ ဒီနေ့တော့ မိုးကလည်း တဖွဲဖွဲရွာနေတာမို့ ဂိတ်မှာ ဆိုက်ကား တစီးသာရှိပြီး လူကတော့ တယောက်မှ ရှိမနေပါဘူး။ ကျမလည်း လှေခါးရဲ့အဆုံး ဘယ်ဘယ်ခြမ်းက ဈေးတာဝန်ခံရုံးခန်းရှိရာ အဆောက်အဦးလေးရဲ့ အမိုးအောက်မှာ မိုးခိုရင်း ဆိုက်ကားတစီးစီး ၀င်လာလိမ့်နိုး မျှော်နေမိတယ်။

မိုးကတဖြည်းဖြည်း သည်းလာပြီ။ ကျမလိုပဲ မိုးခိုနေတဲ့သူ သုံးလေးယောက်လည်း ဒီအမိုးအောက်မှာ ရှိနေတယ်။ ဒီအချိန်မှာ ဆိုက်ကားတစီး လမ်းထဲဝင်လာတော့ ကျမက လက်လှမ်းပြပေမဲ့ သူက လက်ခါပြီး မအားဘူး အမ လို့ အော်ပြောသွား တယ်။ အဲဒါမှ ဒုက္ခ၊ နွားနို့ဝယ်ဖို့ကလည်း ရှိသေးတယ်။ နွားနို့ရောင်းတဲ့နေရာက ဈေးနဲ့ ခပ်လှမ်းလှမ်းမှာရှိတာ။ “ခြံထွက်နွားနို့စစ်စစ်ရမည်” လို့ ရေးထားပြီး ပလပ်စတစ်ပုံး အနီကြီးထဲ ပက်လက်ကြီးထည့်ရောင်းတဲ့ နွားနို့တွေပေါ့။ ခုလောက် ဆို မိုးရေတွေ တသောသော ၀င်နေလောက်ပြီ ထင်ပါရဲ့။

နာရီကြည့်တော့ ၇ နာရီခွဲပြီးပြီ။ မိုးက တိတ်မယ့်ပုံ မပေါ်ဘူး။ ပိုပြီးသာ သည်းလို့ လာပါတယ်။ မနက်စာလည်း စားမလာရသေးတော့ ဗိုက်ထဲကလည်း နည်းနည်း အော်မြည်ဆန္ဒပြစ ပြုနေပါပြီ။ အငှားကားတစီး လမ်းထဲဝင်လာတယ်။ သူ့ကိုများ ငှားလေမလားလို့ မိုးခိုနေတဲ့ ကျမတို့ဘက် တစေ့တစောင်း လှမ်းကြည့်တယ်။ ကျမလည်း ဘေးနားမှာ မိုးခိုနေတဲ့ ဦးလေးကြီးကို လှည့်ကြည့်မိတော့ သူကဖြင့် အေးရာအေးကြောင်းပါပဲ။ ဒီလိုနဲ့ အငှားကားလေးလည်း လွန်သွားခဲ့ပြန်ရော။ ခဏအကြာ… လှမ်းမြင်နေရတဲ့ လမ်းထိပ်က ကားဂိတ်မှာ ၄၃ ဘတ်စ်ကားကြီး ချောင်ချောင်ချိချိ လာရပ်ပြန်တယ်။ လမ်းထိပ်ကိုပြေးရင် မိုးတော့စိုမှာပဲ။ ဈေးနဲ့ အိမ်က ဘတ်စ်ကားစီးရင်လည်း တမှတ်တိုင်ထဲရယ်၊ ဈေးခြင်းတောင်းကလည်း လေးတယ်။ ဒီကားနဲ့ လိုက်သွားရကောင်းမလား၊ နွားနို့လည်း မ၀ယ်ရသေးဘူး။

စဉ်းစားနေတုန်း ကားကြီးက ၀ူးဆို ထွက်သွားပြန်ရော။ နာရီထပ်ကြည့်တော့ ရှစ်နာရီတောင် ထိုးတော့မှာပါလား။ မဖြစ်ဘူး … နောက်တခါ အငှားကား ထပ်ဝင် လာရင်တော့ ကားငှားပြီးပဲ ပြန်တော့မယ်၊ ပိုက်ဆံ မကျန်တော့ပေမဲ့ ကိစ္စမရှိဘူး အိမ်ရောက်မှ ပေးလည်း ဖြစ်တာပဲ … အဲသလို အဲသလို စိတ်ထဲ တွေးတောပြီး အငှားကား မျှော်နေတုန်း …ဗြုန်းဆို …

ကိုင်းကျိုးပြီး အမိုးလန်နေတဲ့ ထီးစုတ်ကလေးဆောင်းလို့ စပ်ဖြဲ စပ်ဖြဲနဲ့ ဈေးလမ်းထဲ ချိုးဝင်လာတဲ့ ကယ်တင်ရှင်နတ်သမီး (အဲဒီအခိုက်အတန့်မှာတော့ သူဟာ နတ်သမီးပဲ ဆိုပါတော့) ကို ၀မ်းသာအားရ တွေ့လိုက်ရပါတယ်။ အိမ်မှာ ဗာဟီရ လုပ်တဲ့ ကောင်မလေးပါ။ သူ့တကိုယ်လုံးလည်း မိုးတွေရွှဲလို့။ ကြွက်စုတ် ဖြစ်နေသော နတ်သမီး … လို့ ဆိုရလေမလားပဲ။

“လေတိုက်လို့ ထီးကလည်း လန်သွားတယ်။ ကားတွေကရေတွေလည်း စင်လို့ သမီးတကိုယ်လုံး ရွှဲနေပြီ”
သူကတော့ တကိုယ်လုံး ရေစိုရွှဲလည်း ပျော်နေတာပါပဲ။ အပြင်ထွက်ရမယ်ဆို .. အဲဒီလို တက်ကြွနေတတ်တဲ့ ကျမတို့ အိမ်က နတ်သမီးလေ။
“ငါ ထီးမပါတာ သိလို့လား”
“ဟုတ်တယ် … ပါးပါးက လိုက်သွားလို့ ပြောလို့ သမီးလိုက်လာတာ”
တကယ်တော့ ကျမထီးမပါတာကို သူပဲ သိတာပါ။ အဖေက မသိပါဘူး။ ဒါပေမဲ့ မိုးသိပ်သည်းနေလို့ အဖေက ကျမကို စိတ်ပူပြီး သူ့ကို လိုက်သွားခိုင်းတော့မှ ကျမဆီမှာ ထီးပါမသွားဘူးဆိုတာ အဖေက သိသွားပါတယ်။ နေရာတကာ သိတတ်လွန်းလှတဲ့ အဖေ့ကို စိတ်ထဲကနေ ကျေးဇူးတင်မိလိုက်တယ်။ သူက အပို ပါလာတဲ့ ထီးတချောင်း ထုတ်ပေးပြီး ကျမချထားတဲ့ ဈေးခြင်းတောင်းကို ကောက်ဆွဲတယ်။ နွားနို့ဆိုင်မှာ နွားနို့ဝင်ဝယ် … ပြီး … သူနဲ့ကျမ မိုးသည်းသည်း မည်းမည်းထဲ လမ်းလျှောက်ပြန်ခဲ့ကြပါတယ်။

မိုးရေတွေက တဝေါဝေါနဲ့ လမ်းပေါ်မှာ စီးနေတယ်။ ကျမကလည်း မိုးရွာမယ် မထင်လို့ ကတ္တီပါဖိနပ် စီးလာမိသေးတာ။ ရေတွေထဲ ကတ္တီပါဖိနပ်နဲ့ လမ်းလျှောက် ရတာ အဆင်မပြေလှပါဘူး။ မိုးအရမ်းကြီးတော့ လမ်းတ၀က်မကျိုးခင်မှာပဲ လူတကိုယ်လုံး စိုရွှဲနေပါပြီ။ ကျောင်းတက်ချိန်နီးပြီမို့ အဖြူအစိမ်းဝတ် ကျောင်းသူ ကျောင်းသားကလေးတွေလည်း မိုးသည်းသည်းမှာ ထီးလေးတွေကိုယ်စီ ဆောင်းပြီး ကျောင်းတက်ဖို့ သွားနေကြတယ်။ ကျမသာ အဲဒီအရွယ်တုန်းကဆို ဒီလောက်မိုးရွာနေရင် ကျောင်းတက်မှာ မဟုတ်ဘူး။ ငယ်ငယ်က ကျောင်းတက် သိပ်ပျင်းတာကြောင့် အကြောင်းအမျိုးမျိုးပြပြီး အိမ်မှာ အိပ်နေတတ်တာ။

ဒါနဲ့ပဲ အိမ်ပြန်ရောက်တော့ စိုရွှဲနေတဲ့ အ၀တ်အစားတွေလဲ၊ ဆံပင်ရေစိုတွေကို မျက်နှာသုတ်ပုဝါလေးနဲ့ သုတ်၊ ပြီးတော့ အဖေငှဲ့ပေးထားတဲ့ ရေနွေးကြမ်းပူပူလေး သောက်ပြီး မနက်စာ စားဖို့ ပြင်ရတယ်။ ကောင်မလေးကို မိုးရေထဲ နောက်တခေါက် မထွက်စေချင်တာနဲ့ အိမ်မှာရှိနေသေးတဲ့ ပလာတာကို အဖေနဲ့ ကျမအတွက် တယောက် ၂ချပ်စီ ကြော်လိုက်တယ်။ ခါတိုင်းဆိုရင်တော့ ထမင်းကြမ်းကျန်ရင် ပဲပြုတ်နဲ့ ထမင်းကြော်ဖြစ်ဖြစ်၊ မကျန်ရင် ပဲပြုတ်နဲ့ အီကြာကွေးဖြစ်ဖြစ်၊ စားလေ့ရှိပါတယ်။ ခုတော့ ပဲပြုတ်ထပ်မ၀ယ်စေချင်တာနဲ့ … ပလာတာသာ ကြော်စားဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒီလိုနဲ့ … မနက်ခင်း မိုးအေးအေးမှာ အဖေနဲ့ ထွေရာလေးပါး စကားစမြည် ပြောရင်း ဘလက်ကော်ဖီခါးခါးလေးကို သောက်လိုက်၊ သကြားမပါတဲ့ ပလာတာ ပူပူလေးကို စားလိုက်နဲ့ … ကျမရဲ့ အေးချမ်းတဲ့ မနက်ခင်းလေး ကုန်ဆုံးခဲ့ပါ တော့တယ်။
***
မေဓာဝီ
၉၊ ဇူလိုင်၊ ၂၀၀၇
ည ၁၁ နာရီ ၂၀

7 comments:

phoe htway said...

၁။ ဈေးသည်တွေက မေဓာဝီလို ဖောက်သည်တွေကို သဘောကျမှာပဲ။
ဈေးသည်များအဖို့ အင်္ဂါနေ့မနက်ဟာ မင်္ဂလာပါ၊ မေဓာဝီကို လှမ်းတွေ့ရင် မရွေးတတ်၊ ဈေးမဆစ်တတ်၊ အားနာတတ်တဲ့ တို့ဖောက်သည် လာပြီဟေ့ ပေါ့။
ကျနော်လည်း ဖတ်ရင်းနဲ့ အဲဒီဈေးထဲရောက်သွားသဗျာ။
သမာဓိချိန်ခွင်၊ ကြွက်စုတ်ဖြစ်နေတဲ့နတ်သမီး၊ ရန်ကုန်မိုး ဖတ်လို့ကောင်းပ။ နိဂုံးကို အရသာရှိရှိချုပ်ထားတာလည်း သဘောကျပ။

၂။ ကျနော့်ဘလော့ဂ်တစ်ခု ကြော်ငြာရဦးမယ်။
လိပ်စာက
http://phyuphyuthin.blogspot.com
မြန်မာပြည်ထဲကသတင်းဖတ်သူများအတွက်။ ခေတ်ပြိုင် ဧရာဝတီတို့ကို ၀င်ဖတ်လို့မရကြဘူးဆို။
ဘလော့ဂ်ကို ရှယ် လုပ်ချင်ပေမယ့် အချိန် မပေးနိုင်ဘူးလို့ ဆင်ခြေပေးရမှာပဲ။
ဝန်ခံရမယ်ဆိုရင်တော့ အင်း - - ဒါ လက်ကုန်ထုတ်ထားတာ။
ဖိုးထွေး

Chit Lay Pyay said...

ဟုတ်တယ် အမရေ မြန်မာပြည်ရဲ့ ကုန်ဈေးနူန်းကတော့ မပြောနေပါနဲ့တော့၊ မိုးပေါ်မှာကြီးပဲ၊ ညီမတောင်ဧပြီလပြန်တုံးက အမေ့ကို ဈေးဝယ်ပေးတာ ဈေးတွေက ကြီးလွန်းလို့ ၀ယ်တောင်မ၀ယ်တတ်တော့ဘူး၊ ပါသမျှ ပိုက်ဆံတွေလဲကုန်လို့ မနက်စာစားဖို့နဲ့ ဆိုက်ကားခတောင်မကျန်လို့ အမြဲ ကုန်းကြောင်းလျှောက် ပြန်ရ တယ်၊ နောက်တော့ အမေ့ကိုပဲ တာဝန်ပြန်ပေးလိုက်ရတယ်၊ နောက်မို့ဆို နှလုံးရောဂါရသွားနိုင်တယ်လေ၊

Anonymous said...

မြန်မာပြည်ကုန်ဈေးနှုန်းအပိုင်းအစကို ဈေးသွားခြင်းဖြင့် ရေးပြလိုက်တာ တကယ်ကို ဈေးရောက်သွားသလို ခံစားခဲ့ရပါတယ်။ ကျေးဇူးတင်ပါတယ်။ မဒေ၀ီ့စာကို ဖတ်ပြီး မြန်မာပြည်မှာ ရှိသေးတဲ့ အလုပ်ရှင် အလုပ်သမား ခွဲခြားမှူ ၊ အိမ်ဖေါ် (ကျွန် စနစ်) ဆက်လက်ရှင်သန်နေသေးမှူ ၊ တွေကို တွေ့ ရတော့ စိတ်မကောင်းပါ။
ဖြစ်နိုင်မယ်ဆိုရင် မြန်မာပြည်က အများသုံးနိုင်တဲ့ အင်တာနက် ကာလ်ဖေးလ် တွေမှာ ဘယ်လို သုံးရတယ် ဘယ်လောက်ပေးရတယ် စသည်ဖြင့် ရေးပြပေးနိုင်မယ်ဆို ရင် ကောင်းမယ်။
လေးစားစွာဖြင့်

ကလိုစေးထူး said...

အခုတလော မမေရေးတဲ့ စာတွေက သရုပ်ဖော်တွေဘက်ကို ဇောင်းပေးပေမယ့် ပေးချင်တဲ့ မက်ဆေ့လေးတွေလဲ တွေ့ရတယ်။

mgphyu said...

အင်း… ဒါတွေဖတ်ပြီး စာရင်းမပေါင်းပဲကို မနေနိုင်တော့ဘူး။ ပေါင်းကြည့်ဦးမှ။
ဝက်သား ၅၀၀၀
ငါး ၁၅၀၀
ငါးမြစ်ခြင်း ၂၀၀၀
အာလူး ၆၀၀
ငါးခြောက် ၇၀၀
ကြံမဆိုင် ၃၀၀
ချဉ်ပေါင် ၁၀၀
မျှစ် ၁၀၀
ဂေါ်ဖီ ၁၀၀
ကင်းပုံသီး ၂၅၀
နံနံပင် ၅၀
ဘူးသီး ၂၀၀
------------------------------
စုစုပေါင်း ၁၀၉၀၀
ဒါတောင် ဆိုက္ကားခနဲ့ နွားနို့ဖိုးမပါသေးဘူး။ မမေဓါဝီက “ကျွန်မရဲ့အေးချမ်းတဲ့ မနက်ခင်းလေးတဲ့”။ ကျွန်တော်တော့ ဒီစာဖတ်ပြီး တော်တော်ချမ်းသွားတယ်၊ ကျောလေ။

ပင့်ကူ said...

အစ်မရေ ... အစ်မရေးတဲ့ ဈေးခင်းလေးက ကျွန်တော့်စိတ်ထဲ တော်တော်လေး ရင်းနှီးနေသလိုပဲ။ ၄၃ ဘတ်စ်ကားဂိတ်နဲ့ နွားနို့ဆိုင်ပေါင်းလိုက်တော့ မဟုတ်မှလွဲရော အရှေ့မှာ မီးသတ်စခန်းလဲ ရှိတယ်နဲ့တူတယ်။

Anonymous said...

မြန်မာပြည်အတွက် အလွမ်းပြေစာစုလေးအတွက် ကျေးဇူးပါမမေ။ အားပေးလျက်ပါ။

m