Sunday, July 15, 2007

စာဆိုနှင့် ဧကရာဇ်

ဒီစာကလည်း ဟဒယမဂ္ဂဇင်းထဲက စာတပုဒ်ပါပဲ။ မဂ္ဂဇင်းတအုပ် လက်ဆောင်ရ ထားတာနဲ့ပဲ ဒီစာအုပ်ထဲက ဖတ်မိသမျှ သဘောကျရာ စာတွေကို ကျမဘလော့မှာ တင်ဖြစ်နေပါတယ်။ အခု တင်မယ့်စာက စာရေးသူ - နန္ဒာမိုးကြယ် ရဲ့ “ကုန်းဘောင်ခေတ်က စာဆိုကျော်” အမည်ရ စာတပုဒ်ပဲ ဖြစ်ပါတယ်။ ဒီစာကို ဖတ်မိတော့ ဟာသအနေနဲ့ မဟုတ်ဘဲ ဒီ့ထက်ပို မြင်တွေးမိပြီး သဘောကျစွာ ပြုံးမိပါတယ်။ ကျမကဲ့သို့ပဲ ဖတ်သူအများလည်း နှစ်သက်ကြမယ်လို့ ထင်တာပါပဲ။ ဖတ်ကြည့်ကြပါဦး။
***
ကုန်းဘောင်ခေတ်က စာဆိုကျော်

စလေဦးပုညသည် ကုန်းဘောင်ခေတ်၌ ထင်ရှားကျော်ကြားခဲ့သော စာဆိုအကျော် အမော်ကြီး ဖြစ်ပါသည်။ သူ၏စာများသည် စကားလုံးအားဖြင့် လွန်စွာမှ ပြောင်မြောက်လှပါဘိ။ ထို့ကြောင့်လည်း ထင်ရှားကျော်ကြားသော စာဆိုကျော်ကြီး ဖြစ်ခဲ့ခြင်းပါပေ။

သည်သို့ ဦးပုည တော်ခြင်း၊ ကျော်ခြင်းမှာ ဆရာကောင်းတပည့် ပန်းကောင်းပန် ခြင်း ပင် ဖြစ်ပါသည်။ ဆရာကောင်းကို မှီဝဲဆည်းကပ်ပြီး ဆရာကောင်းထံမှ ပညာ အမွေအနှစ်များ ရရှိခဲ့ခြင်းကြောင့် ဆိုလျှင်လည်း မမှားပါချေ။

သို့ဆိုပါက … ဦးပုည၏ဆရာမှာ မည်သူဖြစ်ပါသနည်း။
ဦးပုည၏ ဆရာမှာ အခြားမဟုတ်၊ ကုန်ဘောင်ခေတ်က သာသနာတော်တွင် နေသဖွယ် လသဖွယ် ထင်ရှားရုံသာမက စာကဗျာချိုးရာတွင်လည်း လက်ဖျားခါ လောက်အောင် ထူးကဲ ပြောင်မြောက်လှပါသော ကဗျာစာဆိုတဦးလည်း ဖြစ်သော ကြောင့်ပါတည်း။

ဗန်းမော်ဆရာတော်ဘုရားကြီးသည် အကော်အခတ် ရေးသားရာ၌ အတော် ကလေးကို ပြောင်မြောက်လွန်းလှပြီး စိတ်မထင်လျှင် မထင်သလို သီလရှင်မှအစ၊ မှူးကြီး မတ်ရာတွေအလယ်၊ ရှင်ဘုရင်အဆုံး သူ့ကလောင်လက်နက်ဖြင့် ထိုးနှက် လေ့ရှိစမြဲ။ သည်အတွက်ကြောင့်လည်း ရေမြေ့သနင်း မင်းတုန်းမင်းကြီးခမျာ အမျက်တော်ရှပြီး ဗန်းမော်သို့ နယ်နှင်ခဲ့ဖူးသည်။ ကြည်ညိုရင်းစွဲကလည်း ရှိ၊ အမျက်တော်ကလည်း ပြေလေသည့်အခါ ပြန်လည်၍ မန္တလေးသို့ ပင့်ဆောင်ခဲ့ပြန် သည်။ သို့ရာတွင် ဗန်းမော်ဆရာတော်ခမျာ အမှတ်သည်းခြေ ကြီးရှာသည်။ မန္တလေးသို့မလိုက်။ စစ်ကိုင်းချောင်တွင်ပင် သီတင်းသုံးခဲ့သည်။

ဒါကို မင်းတရားကြီး ရိပ်စားမိဟန်တူသည်။ မန္တလေးနေပြည်တော်၌ သီတင်းသုံး စေလိုငြား အကြောင်းပြချက် အမျိုးမျိုးဖြင့် ငြင်းပယ်လေသောအခါဝယ် မင်းတရားကြီးအဖို့ ဆည်းကပ်ကိုးကွယ်ခွင့်မရသဖြင့် နေမထိ ထိုင်မသာဖြစ်ရပါချေ သည်။ မဟာဒါန်ဝန်ဖြင့် ပင့်ခိုင်းပြန်တော့လည်း ဆရာတော်က မလိုက်။ နောက်ဆုံး အကြံတခုရသွားခဲ့သည်။ ဒါကတော့ အခြားမဟုတ်။ ၍၎င်းးးးးဆရာတော်၏ ပညာအမွေ အနှစ်ကို ဆည်းပူးခဲ့သော စာဆိုတော် ဦးပုညအား စေလွှတ်၍ ပင့်ဆောင်ခိုင်းဖို့ပဲ ဖြစ်၏။ သည်တာဝန်ကို ဦးပုည ကျေနပ်စွာယူလိုက်ပါချေသည်။ ဦးပုည မသွားခင် မင်းတရားကြီးက အမှာစကားပါးလိုက်ပါသေးသည်။

“မောင်ပုညရေ …မောင်မင်းရဲ့ ဆရာတော်ကို ကြိုးစားပြိး ပင့်ဆောင်ခဲ့ပါကွယ်၊ အဲ … တကယ်လို့ ငြင်းဆန်ခဲ့ရင်လည်း ငါ့အကြောင်းတွေ မကောင်းသတင်းလုပ်ပြီး ပစ်စာတွေ ကဗျာတိုတွေ မရေးဖို့ရာ လျှောက်ထားပေးပါကွယ်”
“မှန်လှပါ … မင်းကြီး”

သို့ဖြင့် ဦးပုညလည်း မင်းတရားကြီး၏ စေခိုင်းချက်အရ မင်းနေပြည်တော်မှ လှေငယ် တစင်းဖြင့် ကူးသွားလေတော့သည်။
***
ဆရာနှင့် တပည့် …၊ တပည့်နှင့် ဆရာ…။
တွေ့ကြုံဆုံစည်းမှုသည် နွေးနွေးထွေးထွေး။
စစ်ကိုင်းချောင်မှာ သုံးလေးရက်ခန့် နေထိုင်စဉ်အတွင်း ဦးပုညအဖို့ လာရင်းကိစ္စ ကို လျှောက်ထားရန်မှာ မ၀ံ့မရဲ ဖြစ်နေမိခဲ့သည်။ ပညာရင်နို့ သောက်စို့ခဲ့စဉ် ကတည်းကပင် ချစ်ကြောက်ရိုသေခဲ့ရသည်မို့ ဆရာအရှင် မနှစ်သက်ဖွယ်စကားကို ဆိုမိလေမလားဟု စိုးတထိတ်ထိတ် ဖြစ်နေခဲ့မိလေသည်။ သို့ပါသော်ငြား တာဝန် ၀တ္တရားကို ခေါင်းခံလာခဲ့ပြီမို့ …
နောက်ဆုံးမှာတော့ …

“ဆရာတော်ဘုရား … ဘ၀ရှင်မင်းတရားကြီးက နေပြည်တော်သို့ ကြွရောက် သီတင်းသုံးရန် ပင့်ဖိတ်လိုက်ပါတယ် ဘုရား”
ဟူ၍ လျှောက်ထားလိုက်လေတော့သည်။
“ဘာကွယ့် …မောင်ပုည၊ မင်းတို့ရဲ့ ဘုရင်က ငါ့ကို ပင့်ဖိတ် လိုက်တယ် … ဟုတ်လား၊ ရယ်ရသကွာ … ခု စာကလေးကြော်၊ ခု ဆီထမင်းကြော်နဲ့ ဘုရင်ပါး မ၀သေးတဲ့ မင်းတို့ဘုရင်ရဲ့ အပါးမှာ သီတင်းသုံးရမှာ စိတ်မသန့်ပါဘူးကွယ်”
လျှောက်ထားချက်စကားကို လက်ခံတော်မမူရုံသာမက ဘ၀ရှင်မင်းတရားကြီးကို ပင် ပုတ်ခတ်စကားတွေ ဆိုမိန့်နေပြန်သဖြင့် ဦးပုညခမျာ မနေသာတော့။ ပြောစရာ စကား၊ လျှောက်ထားစရာစကားတို့ကို ကုန်စင်အောင် လျှောက်ထားရတော့သည်။

“ဆရာတော်ဘုရား … ဒကာတော် မင်းတုန်းမင်းတရားကြီးက လျှောက်ထားပေးဖို့ မှာကြားလိုက်ပါသေးတယ် ဘုရား”
“ဟ … မကုန်နိုင်သေးပါလား … ။ ကိုင်း ဆိုစမ်းပါဦး။ မင်းတို့ဘုရင်က ငါ့ကို ဘာများ မှာလိုက်ပါလိမ့်…”
“အရှင်ဘုရား … မင်းတရားကြီးက အရှင်ဘုရားအနေနဲ့ မန္တလေးနေပြည်တော်ကို ကြွချင်စိတ်မရှိလို့ မကြွဘဲ ဟောဒီစစ်ကိုင်းချောင်မှာပဲ စိတ်ချမ်းမြေ့စွာ သီတင်းသုံး ချင်ရင်လည်း သုံးပါ တဲ့။ အဲ … ဒါပေမဲ့လို့ သူ့အပေါ်တော့ သူနဲ့ပတ်သက်ပြီး မကောင်းသတင်းတွေရေးတာ၊ မကောင်းတဲ့စာကဗျာတွေ ချိုးတာမျိုး မလို့ဖို့ရာ လျှောက်တင်ပေးဖို့ မှာကြားလိုက်ပါတယ်ဘုရား။”
“ဟာ ဟ၊ မင်းတို့ဘုရင်က ကျလည်း ကျသကွယ်..”
သို့ကလို ခနိုးခနဲ့စကားဆိုရင်း ဆရာတော်သည် အနီးရှိထွေးခံအတွင်းသို့ ၀ါးခဲ့ပြီးသော ကွမ်းဖတ်ကို ထွေးထည့်လိုက်သည်။

“ဟေ့ …မောင်ပုည”
“ဘုရား …”
“မင်းတို့ဘုရင်က ငါဒီဘက် ကမ်းကနေ သူ့အကြောင်း မကောင်းသတင်းပြောတာ ကို ဟိုဘက်ခြမ်းကနေ ကြားရသတဲ့လား …”
“တင်ပါ့ … ကြားသိတော်မူလို့လည်း … ခုလိုမျိုး မှာကြားလျှောက်ထား လိုက်တာပေါ့ ဘုရား”
“သြော် … ဒီလိုတဲ့လား …နေစမ်းပါဦးကွယ်။ အကြောင်းဆိုက်လာလို့ ပြောပါရစေဦး။ မင်းတို့ ရှင်ဘုရင်ရဲ့ မိဖုရားခေါင်ကြီး မကျန်းမမာဖြစ်တုန်းက နေပြည်တော်တ၀ိုက်မှာ ညည ခွေးတွေ ထထအူတာ နားငြီးတဲ့ အကြောင်း မှတ်မိ တယ်မဟုတ်လား”
“မှတ်မိပါတယ်ဘုရား … အဲသည်တုန်းက တော်သလင်းလလေ၊ ခွေးတွေ မိတ်လိုက်တဲ့ရာသီမို့ အူကြပါတယ်ဘုရား….”
“အဲသလိုအူတော့ မင်းတို့ဘုရင်က သူ့မိဖုရားခေါင်ကြီး နားငြီးသက်သာအောင် ဘာတွေလုပ်သလဲကွယ်”
“တင်ပါ့ …နေပြည်တော်ဝန်းကျင်က ခွေးတွေကို စစ်ကိုင်းဘက်ကမ်းဆီ ပို့ပါတယ် ဘုရား”
“ဟုတ်တယ် …မောင်ပုညရဲ့၊ အဲသည်တုန်းက ဖိုးသူတော်ဦးမင်းကတောင် လေးဆစ်တပုဒ် ရေးခဲ့ပါသေးရဲ့။ အဲဒါ မင်း မှတ်မိသေးရဲ့လား”
“မှတ်မိပါတယ်ဘုရား … အတော်ကလေး ပြောင်မြောက်တဲ့ ကဗျာပါပဲ …”
“ကိုင်းကွယ် … ငါ့ကို အဲဒီကဗျာကလေး ရွတ်ပြစမ်းပါဦး … နားအရသာခံချင်လို့”

သည်တော့လည်း ဦးပုညခမျာ သူကြိုက်နှစ်သက်လွန်း၍ အလွတ်ကျက်မှတ် ထားသော ဖိုးသူတော်ဦးမင်း၏ လက်ရာ လေးဆစ်ကဗျာလေးကို ရွတ်ပြပါ လေသည်။

“ဒီနှစ်တွင် ကြုံပြန်ရ
ကျား, မ နှင့် ဂမ္ဘီ။
မောင်ကြီး ကြိုးတွေသိုင်းပါလို့
စစ်ကိုင်းဆို ဇေယျာမြို့ကို
ကူးပို့ပြန်ပြီ။
ယင်းရဲ့ ကျောက်ဆောင်ဆိပ်ဆီက
လွမ်းစိတ်နဲ့ မယ်တို့ဆီ
မျှော်ပြီကွယ် … ၀ူး … ။
မောင့်နည်းတူပင်
မောင်ကြီးလှေငယ်တင်၍
ကူးပြန်လျှင် မနေစိမ့်ပါနှင့်
သောတာပန်ဆိုတဲ့ ဆိပ်ကိုကွယ်
(အို … ရှင်) လှိုင်းတိတ်မှ … ကူး ….။
ပါတဲ့ ဘုရား …”

“ကောင်းလိုက်တဲ့ ကဗျာကွယ်၊ အရာမဟုတ်တာကို အရာလုပ်နေလို့ … သဘာဝတရားကို ဖီလာဆန့်ကျင်နေလို့၊ အုပ်ထည့်လိုက်တဲ့ ကဗျာပါကွယ်။ အဲသလိုမျိုး အမြင်ကိုအမြင်အတိုင်း ခပ်စပ်စပ်ကလေး တွယ်ထည့်လိုက်နိုင်မှ ကဗျာ ကောင်းကွယ့်။ ဝေ့နေ ၀ိုက်နေတာမျိုး မလုပ်နဲ့။ စကားလုံးပြောင်ပြောင်နဲ့ ဗြောင်သာဆော်။ ဟုတ်ပလား ငါ့တပည့်”
“တင်ပါ့ … ဘုရား”

ဦးပုညအဖို့ တင်လျှောက်ချက် မှန်သမျှ ဘာတခုမှ မအောင်မြင်သည့်အပြင် ဆရာ အရှင်၏ နည်းပေးလမ်းညွှန်မှုကိုပင် ခံနေရသည်။
“မောင်ပုညရေ …”
“ဘုရား …”
“အဲသလိုမျိုး မင်းတို့ဘုရင်က သူ့မိဖုရားခေါင်ကြီး မကျန်းမာလို့ မန္တလေး နေပြည်တော်တ၀ိုက်က ခွေးထီးတွေကို စစ်ကိုင်းကို ပို့လိုက်တော့ စစ်ကိုင်းက ခွေးထီးတွေ ဟောင်ကြ အူကြတာကို မင်းတို့ဘုရင်ရော မိဖုရားခေါင်ကြီးပါ ကြားတော်မူကြသလားကွယ်”
“တင်ပါ့ … မကြားရကြောင်းပါဘုရား…”
“ဟား … ဟား … ဟား၊ ကျလည်း ကျသကွယ်။ ဒီစစ်ကိုင်းဘက်က ခွေးထီးတွေ ဟောင်ကြ အူကြတာကို မကြားရဘဲနဲ့ ငါအခု ပြောဆိုနေတာတွေကျမှ ကြားတယ်ဆိုတော့ …ဟေ့ …မောင်ပုည …”
“ဘုရား …”
“မင်းတို့ဘုရင်ကို ဘယ် မအေတရာလင်တွေက မျက်နှာလို မျက်နှာရ သွားပြီး သံတော်ဦး တင်ကြသလဲကွာ …”

ဆရာတော်၏စကား ပြတ်သည်။ တပည့်ဖြစ်သော ဦးပုညမှာတော့ ပါးစပ် အဟောင်းသား။
***
ပညာရှိစာဆိုတို့ကား ဘာပဲရေးရေး ဘာပဲပြောပြော သက်သေအထောက်အထား အကိုးအကားတွေ ရှိနေကြသည်။ သည်အထဲမှာမှ ဟာသဉာဏ်ရွှင်သော စာဆိုတို့၏ စကားမှာ ပြုံးရွှင်ကြည်နူးရသည်သာမက မှတ်သားလိုက်နာစရာတွေ ကိုလည်း ရှာဖွေတတ်လျှင် တွေ့မြင်နိုင်မည်မှာ သေချာလှပါဘိ။
……………………………………………………………………………….နန္ဒာမိုးကြယ်
……………………………………………………… (၂၀၀၇၊ ဧပြီလ၊ ဟဒယ မဂ္ဂဇင်း)
***
စာကတော့ ဤမျှပါပဲရှင်။
ဖတ်ရှုသူများ နှစ်သက် သဘောကျ နိုင်ပါစေ … ။
***
မေဓာဝီ
၁၅၊ ဇူလိုင်၊ ၂၀၀၇
နေ့ ၁ နာရီ ၂၀

(ကွန်နက်ရှင် မကောင်းလို့ ခုမှ တင်လိုက်ရပါတယ်။)

8 comments:

မေငြိမ်း said...

အမလေး..သဘောကျပါပေ့ရှင်..
ဒါမျိုးလေးတွေဖတ်ရတာ မြိန်ပါ့..
ပြီးတော့ ရဟန်းသံဃာတော်ဆိုတာ..
ပြီးတော့ စာရေးဆရာဆိုတာ..
အဲလိုခံယူချက် အဲလိုသတ္တိရှိရတာပါလားလို့လဲ
တွေးမိပါတယ်..မေရေ..

kay said...

အဲလို ရဲရင့်ပြသတ်သားတဲ့..စာပေအကျော်ကြီးများကို..လွမ်းလှသကို..

Thet Oo said...

ခံယူချက် (သို့မဟုတ်) ယုံကြည်ချက်အတွက် ပြတ်သားမှုမျိုးကို ပါဠိလို ဝေသာရဇ္ဇပတ္တော လို့ ခေါ်တယ်ထင်တယ်။

Anonymous said...

လူလည်း နေမကောင်း၊ အင်တာနက်လည်း ကွန်နက်ရှင် မကောင်းတာမို့ ဒီနေ့အဖို့ ဘလော့မှာ စာမတင်နိုင်တာကို ခွင့်လွှတ်ကြပါရှင် … ။
မေဓာဝီ
၁၆၊ ဇူလိုင်၊ ၂၀၀၇
ညနေ ၅ နာရီ ၃၀ မိနစ်

s0wha1 said...

မမေရေ...ဆရာတော်ပြောတဲ့ စကားတွေ တော်တော်များများဖတ်ဖူးပေမဲ့ ဒီစာတော့ မဖတ်ဖူးဘူးဗျ...တကယ်ကောင်းတယ်...ဆရာတော်က စကားပြောနည်းနည်း ကြမ်းတာကလွဲလို့ ဒီလိုဆရာတော်မျိုး ခုခေတ်မှာ ရှိရင် တော်တော်ကောင်းမယ်လို့ တမ်းတမိတယ်... မမေလည်း အမြန်ကျန်းမာပါစေ...

Anonymous said...

ဒွေးသတင်းဦးအောင်တင်လို့
ဒွေးဓါတ်တွေမကူးပါစေနဲ့
ဒွိယောနိ ဒုမင်္ဂလာတွေ
သူ့ရင်မှာ အစဉ်တိုးလို့
မသိုးသော မေတ္တာ
မကြာသော အပြုံးစကားနဲ့
နှလုံးသား ရေစက်ချပွဲ
ဆင်နွှဲနိုင်ပါစေ…..

Anonymous said...

သူ့နှမစအိုတွန်လို့
မောင်ငစွန်မျက်မာန်ရှတယ်
ဒေါသနဲ့ဆဲ။
ဆိုတဲ့ လက်တမ်းစပ်ကဗျာလေးကလဲ ဗန်းမော်ဆရာတော်ပဲလားမသိဘူး။

ကလိုစေးထူး said...

မြန်မြန်နေပြန်ကောင်းပါစေ