Sunday, July 01, 2007

ဇူလိုင် အသစ်

ညက ညဥ့်နက်မှ အိပ်ပျော်ခဲ့ပေမဲ့ မနက်ကျတော့ အစောကြီး နိုးနေတယ်။ အိပ်ရေးမ၀လို့ ခေါင်းတွေက အုံတုံတုံနဲ့။ ပြတင်းပေါက်ကို ဖွင့်လိုက်တော့ လေပြေအေးအေး အခန်းထဲတိုးဝင်လာလို့ လန်းဆန်းသွားတယ်။ အိပ်ရာကနိုးခါစ ငှက်ကလေးတွေလည်း သစ်ပင်ပေါ်မှာ ကျီကျီကျာကျာ အော်မြည်လို့။ ပျံသွားလိုက် … ပြန်နားလိုက် … ။

စိမ်းစိုနေတဲ့ သစ်ရွက်တွေလည်း လေပြေကြောင့် တသိမ့်သိမ့် လှုပ်ရှားနေကြ လေရဲ့။ ကားလမ်းမပေါ်မှာ ပုံမှန်အတိုင်းပဲ ကားတွေ ဥဒဟို သွားနေကြတယ်။ ပလက်ဖောင်းပေါ်မှာ လူတွေလည်း ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားလို့။ လမ်းတဘက် ဆေးရုံဝင်းထဲက မြက်ခင်းလေးလည်း စိုပြေလန်းဆန်းလို့။ ၀န်းကျင် တခုလုံး သာသာယာယာနဲ့။
ဒီလိုနဲ့ ဇူလိုင် ၁-ရက် နေ့သစ်ကို လှလှပပ ဖွင့်လှစ်လိုက်ပြီကော။
***
ငယ်စဉ်ထဲက ဒီငှက်ကလေးတွေ … ဒီလေပြေညင်း … ဒီသစ်ရွက်တွေ … ဒီကားတွေ … ဒီလူတွေ … ဒီမြင်ကွင်းကလေး အမြဲမြင်နေကျ။ အဆောက်အဦး အသစ်တွေနဲ့ လမ်းအကျယ်အ၀န်းသာ အနည်းငယ် ပြောင်းလဲသွားတယ်၊ အရာအားလုံးဟာ အရင်အတိုင်းပါပဲလို့ ထင်ခဲ့မိတယ်။
ဒါပေမဲ့ … အခုမြင်နေတဲ့ ငှက်ကလေးတွေဟာ… အရင်က ငှက်ကလေးတွေလား။
အခု လာရောက်တွေ့ထိ ရှူရှိုက်ရတဲ့ လေပြေညင်းဟာ အရင်က လေပြေ လေညင်းလား။
အခု မြင်နေရတဲ့ သစ်ရွက်ကလေးတွေဟာ အရင်က သစ်ရွက်တွေပဲလား … ။
အခု မြင်နေရတဲ့ ကားတွေ … လူတွေကရော … ။

အားလုံးဟာ အသစ်အသစ်တွေချည်းပဲ မဟုတ်လား။
အရင်က ငှက်ကလေးတွေရဲ့ နေရာမှာ အခုငှက်ကလေးတွေ အသစ် ရောက်လာ တယ်။ အခုငှက်ကလေးတွေနေရာမှာလည်း နောက်ထပ် ငှက်ကလေးတွေ ရောက် လာလိမ့်ဦးမယ်။ ဒါဟာ သဘာဝနိယာမပါပဲ။ အဟောင်းတွေ ချုပ်တဲ့အခါ အသစ် ဆိုတာ ပေါ်ပေါက်လာရစမြဲလေ။ ဒါကြောင့် ကျန်ခဲ့တဲ့ အဟောင်းတွေကို တမ်းတ နေမယ့်အစား လာမယ့်အသစ်အသစ်တွေကိုသာ လက်ကမ်းကြိုဆိုရင်း နေ့သစ် တွေမှာ အဓိပ္ပါယ်ရှိစွာ ရှင်သန်ခွင့်ရချင်ပါဘိလို့ တွေးနေမိတယ်။

အသက်ကို ၀အောင် တအားရှူရှိုက်လိုက်တယ်။
ညခင်းက စိတ်ပင်ပန်းခဲ့တာတွေ … အဆင်မပြေခဲ့တာတွေ … နွမ်းနယ်ခဲ့တာတွေ အားလုံးလျောကျ ပြေပျောက်သွားသလိုပဲ။ စိတ်ကူးယဉ်ကမ္ဘာထဲက ရုန်းထွက်ဖို့ အချိန်တန်ပြီလို့လည်း ကိုယ့်ကိုယ်ကို သိလိုက်တယ်။ ဘာကိုလုပ်ရမယ် ဆုံးဖြတ် ရမယ်ဆိုတာလည်း ခေါင်းထဲမှာ ရှင်းလင်းပြတ်သားနေပြီမို့ စိတ်ထဲမှာ ကြည်လင် ပေါ့ပါးလို့ပေါ့။

ထုံးစံအတိုင်း နေထွက်ရာဘက် မျက်နှာမူပြီး ဥဒေတယံဂါထာကို ရွတ်လိုက်တယ်။

“ကမ္ဘာသူ ကမ္ဘာသားတို့အား ပေးအပ်သော မျက်စိရှိ၍ အရောင်များတွင် တဦးတည်းသော ဘုရင်ဖြစ်သော ရွှေအဆင်းရှိလျက် မြေပြင်နှံ့အောင် ထွန်းလင်း တတ်သော ဤနေမင်းသည် ထွက်ပေါ်လာ၏၊ ထို့ကြောင့် ရွှေအဆင်းရှိကာ ကမ္ဘာမြေအနှံ့ ပြန့်အောင် ထွန်းလင်းတတ်သော အရှင်နေမင်းကို အကျွန်ုပ်ရှိခိုး ပါ၏။ ယနေ့ အရှင်နေမင်း၏ အစောင့်အရှောက်ခံယူရ၍ ကျွန်ုပ်တို့ တနေ့တာ ပတ်လုံး ချမ်းသာစွာ နေကြရပါကုန်အံ့”

“၀ိသုဒ္ဓိဗြဟ္မဏ ဗုဒ္ဓရှင်တော်မြတ်တို့သည် အလုံးစုံသော တရားတို့ကို သိမြင်တော် မူကြကုန်၏။ ထိုဗုဒ္ဓရှင်တော်မြတ်တို့သည် အကျွန်ုပ်၏ ရှိခိုးခြင်းကို ခံယူတော် မူကြ ကုန်၊ ထိုရှင်တော်မြတ်ဘုရားတို့သည် အကျွန်ုပ်ကိုလည်း စောင့်ရှောက်တော်မူကြ ပါကုန်၊ ဘုရားရှင်တို့အား ရှိခိုးပါ၏၊ ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုး ပါ၏၊ ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုး ပါ၏။ ထို ဘုရားရှင်တို့၏ ၀ိမုတ္တိငါးပါး အား ရှိခိုးပါ၏ …”

စိတ်ထဲ ကြည်နူးစွာနဲ့ တခေါက်ပြီး တခေါက် ရွတ်နေမိတယ်။ သံယောဇဉ်ဆိုတဲ့ အနှောင်အဖွဲ့ ကျော့ကွင်းတွေက လွတ်မြောက်ပါစေ … လို့ ဆုတောင်းရင်းနဲ့ … ။
***
မေဓာဝီ
1st July, 2007
10:00 am

ဓာတ်ပုံယူသောနေရာ

2 comments:

မေငြိမ်း said...

အမကတော့လေ.
အရာရာဟာ အလှလို့မြင်ရင် လှတာပဲ..
စိတ်ပျက်စရာလို့ မြင်ရင် စိတ်ပျက်တာပဲ..
အားလုံးဟာ စိတ်ရဲ့ သွားရာအတိုင်းပဲနော်။
ဗုဒ္ဓကလည်း ဒါပဲ ပြောခဲ့တာမဟုတ်လား..။
ခု..မေက နေ့သစ်ဟာ လှတယ်ီလို့ မြင်တယ်။
သေချာတာပေါ့ ညီမရယ်..ဒါဆို…
ရှေ့လျှောက် နေ့တွေဟာ.. လှပြီ။

Anonymous said...

May all new things and new ones come to you as you wish and may all new make you to be happy as you wish... May no suffering come to you...

With pure-love or Metta