Tuesday, October 29, 2019

မင်္ဂလာ အရှိဆုံး ...


  ***
မနက်ခင်း
နေမင်းကတောက်ပတယ်။
.
 
သစ်ပင်အထက် ဆင်းတက်ပြေးလွှား
ရှဉ့်ညိုလေးများရယ် ...
​.
 
ရေကန်သာထဲ လူးလာကူးသွား
ဘဲကလေးများရယ် ...
.
 
မြက်ခင်းစိမ်းပေါ် နှစ်ဖော်ယှဉ်လျက်
အစာရှာထွက်တဲ့ ကြိုးကြာငှက် မောင်နှံရယ် ...
.
 
သစ်ကိုင်းကြီးပေါ် အဖော်မပါ
တကောင်သာတည်း ထီးထီးကြီးရပ်
သိန်းငှက်ကြီးရယ် ...
ဘယ်သူတွေ ဘယ်လောက်ပဲ လှပပါစေ ...
ဘယ်အရာတွေ ဘယ်လောက်ပဲ သာယာပါစေ ...
.
 
 အမေ့ရဲ့ ပြုံးနေတဲ့ နှုတ်ခမ်း
အဖေ့ရဲ့ သွက်နေတဲ့ ခြေလှမ်းတွေက
အားလုံးထက် သာ
မင်္ဂလာအရှိဆုံး ဖြစ်တယ်။
***

 မေဓာဝီ
29 Oct 19
11.02

Read More...

Saturday, October 26, 2019

လိပ်ပြာ

 
ပန်းပွင့်အထက်
ဆင်းသက်မနား
ခြေသွားလမ်းမှာ
နေရာမှား၍ နားခဲ့သည်။
***
မေဓာဝီ
၂၆ အောက်တိုဘာ ၂၀၁၉
၁၁း၁၈

Read More...

Thursday, October 24, 2019

နံနက်ခင်း၏ မနှင်းဆီ


 ***
နှင်းဆမ်းသည့်ပန်း
လန်းသည့် တပွင့်
ဝင့်သည့် တဖူး
ခူးမဆွတ်သာ ...
ဝါသော နှင်းဆီ
ကြည်သော နှလုံး
ပြုံးသော နှုတ်ခမ်း
နမ်းခွင့် တရှိုက်
လှိုက်၍ရင်ခုန်
ကြုံခဲ့သည်။
***
မေဓာဝီ
24.10.19
10.35

Read More...

Monday, October 21, 2019

နံနက်ခင်းကို ဆောင်ကြဉ်းခွင့်ပြုပါ


 ***
ဒီနံနက်ခင်းမှာ သတင်းကောင်းတခုနဲ့
နိုးထလာခဲ့တယ်။
မနက်စာပြင် ဆွမ်းတော်တင်ချိန်မှာ
အဖေက စာဖတ် - အမေက ဘုရားရှိခိုး
အဆိုးတွေ ဖယ်ခွာစေကြောင်း
ဆုတွေတောင်းကောင်း တောင်းလိမ့်မယ်။
စားသောက်ပြီး လမ်းလျှောက်ထွက်
မြက်ခင်းစိမ်း နဲ့ ရေကန်ပြာ
ဘဲလေးတွေနဲ့ ကြိုးကြာ
သာယာတဲ့ ရှုခင်း
လမ်းးလျှောက်ရင်း ငေးမော ...
ကျောခိုင်းရမှာ နှမြောနေမိသေး။
နံနက်ခင်း နေမင်းက မပူပြင်း
နံနက်ခင်း လေညင်းတဝ ရှူသွင်း
ငြိမ်းချမ်းခြင်း တခဏ
ကိုယ့်ဒေသဆီ ထုပ်ပိုးသယ်ယူလို့မရတဲ့
သဘာဝရဲ့ လက်ဆောင်များ
စံစားရင်း ... ခံစားရင်း
နံနက်ခင်းကို ဆောင်ကြဉ်းသွားချင်တယ် ... ။
***
မေဓာဝီ
21.10.19
09.48

Read More...