Sunday, July 22, 2007

ကျမ်းကိုးစာရင်း

တနေ့က မင်းလူရဲ့ Post Humor ၀တ္ထုတိုများ ဆိုတဲ့စာအုပ်ကလေး ညီမ တယောက် ယူလာတာနဲ့ ဖတ်ဖြစ်တယ်။ ဟာသ၀တ္ထုတိုလေးတွေ စုစည်းထားတာ ပါပဲ။ တချို့ဖတ်ဖူးပြီးသားတွေပါပေမဲ့ မင်းလူရဲ့ အရေးအသား သဘောကျလို့ အစ အဆုံးပြန်ဖတ်မိပါတယ်။ အခုဖော်ပြမယ့် “ကျမ်းကိုးစာရင်း” ဆိုတဲ့ ၀တ္ထုကလေး ဖတ်ပြီး ကျမတော်တော်သဘောကျလို့ ရယ်မိပါတယ်။ လူကြီးရှက်တော့ ရယ်တယ် လို့ ဆိုရလေမလားပဲ။ ကျမက နေရာတကာ ကျမ်းကိုးတတ်တာကိုး။ စာလုံးပေါင်းသတ်ပုံနေရာ ရောက်တော့လည်း ကျမပြုံးမိပါတယ်။ ရှက်ပြီးရယ်လိုက် ရှက်ပြီး ပြုံးလိုက်နဲ့ နောက်ဆုံးတော့ ဒီစာလေးကို ကျမဘလော့မှာ တင်ပြီး ဝေမျှဖို့ ဆုံးဖြတ်လိုက်မိတယ်။ ဖတ်ကြည့်ကြပါဦး။
***
ကျမ်းကိုးစာရင်း

သမ္ဗန်သမားတယောက်သည် ကူးတို့ဆိပ်မှာ ခရီးသည်ကို မျှော်နေသည်။ ခဏအကြာတွင် သားသားနားနားဝတ်စားပြီး လက်ဆွဲအိတ်တလုံးဆွဲထားသော လူတယောက် ရောက်လာသည်။
တဖက်ကမ်းသို့ပို့ပေးဖို့ ငှားရမ်းသည်။ သမ္ဗန်ထွက်ခွါစတွင် ထိုသူကမေး၏။

“မင်း အင်္ဂလိပ်စာ တတ်သလား”
သမ္ဗန်သမားက
“ရက်စ်နဲ့ နိုးကလွဲရင် ဘာမှ မတတ်ဘူးခင်ဗျာ”
ခရီးသည်က ခေါင်းကိုယမ်းခါလိုက်ပြီး
“အင်း ခုခေတ်မှာ အင်္ဂလိပ်စာ မတတ်ရင် လူဖြစ်ရှုံးတာပဲကွ”

မြစ်လယ်သို့ ရောက်သောအချိန်မှာပင် ကောင်းကင်တပြင်လုံး အုံ့မှိုင်းပြီး နီရဲ လာတာတွေ့ရ၏။ သမ္ဗန်သမားက …
“မုန်တိုင်း တိုက်တော့မယ်ဗျ”
ခရီးသည်လည်း ထိတ်လန့်တကြား
“ဒုက္ခပါပဲ၊ ငါရေမကူးတတ်ဘူးကွ၊ ဘယ်လိုလုပ်ကြမလဲ”
သမ္ဗန်သမားက ကောင်းကင်ကို မော့ကြည့်ပြီး
“လေမုန်တိုင်းက အင်္ဂလိပ်လိုမတတ်တော့လည်း ခက်သားကလားဗျ” ဟု ရေရွတ်လိုက်၏။
***
ယုတ္တိဗေဒသမားတယောက်သည် ဘတ်စ်ကားစောင့်နေ၏။ သူစီးရမည့် အမှတ် (၄၈) ဘတ်စ်ကားသည် အချိန်အတော်ကြာအောင် ရောက်မလာခဲ့။ ထိုအခါ သူသည် မှတ်တိုင်သို့ ဆိုက်လာသော အမှတ် (၄၇) ကားကို တက်စီးလိုက်သည်။ လမ်းဆုံမှတ်တိုင်မှာဆင်းပြီး အမှတ် (၁) ကားကို ပြောင်းစီးသည်။ (၄၇) နှင့် (၁) နဲ့ ပေါင်းတော့ (၄၈) ဖြစ်သွားတာပေါ့ဟု သူက သတ်မှတ်သည်။ နောက်ဆုံးတော့ သူသည် သွားလိုရာခရီးနှင့် ဆန့်ကျင်ဘက်အရပ်သို့ ရောက်သွားလေသည်။
***
စာပေသမားတယောက်သည် ကားတစီးငှားပြီး ခရီးထွက်လာခဲ့သည်။ ထမင်းစားချိန် ရောက်သောအခါ မြို့ငယ်တမြို့ရှိ ထမင်းဆိုင်တဆိုင်ရှေ့မှာ ကားရပ် လိုက်ပြီး ဒရိုင်ဘာက
“ထမင်းစားကြရအောင် ဆရာ။ ဒီဆိုင်က ဟင်းတွေ သိပ်ကောင်းတယ်”
စာပေသမားက ဆိုင်ကိုလှမ်းကြည့်ပြီး ခေါင်းခါလိုက်သည်။

“ဆိုင်းဘုတ်ကိုကြည့်စမ်း၊ ထမင်းဆိုတဲ့ စာလုံးကို ‘ထဆင်ထူး’ နဲ့ ‘မ’ ကို နှစ်လုံးဆင့် ရေးထားတယ်။ သတ်ပုံမှားနေတယ်” ဟု မနှစ်မြို့ဟန်ဖြင့် ပြောသည်။ ထိုအခါ ဒရိုင်ဘာက …
“ဆရာက ထမင်းစားမှာလား၊ သတ်ပုံစားမှာလား” ဟု ပြန်မေးလိုက်လေသည်။
***
ပညာရှိကြီးက စာအုပ်ပုံကို လက်ညှိုးထိုးပြပြီး
“ဟောဒီ စာအုပ်တွေဟာ ငါ့ရဲ့ အတွေးအခေါ်တွေပဲ” ဟုဆို၏။
“အဲဒီ အတွေးအခေါ်တွေ ပေါင်းလိုက်ရင် အချိန်တဆယ်လောက်တော့ ရှိမယ်နော် ဆရာကြီး” ဟု ဘော်တယ်ကုလားက ပြန်ပြောလိုက်၏။
***
သစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ထိုင်ရင်း ငေးမောနေသော အလုပ် လက်မဲ့တယောက် နားသို့ ဘောဂဗေဒပညာရှင် တယောက် ရောက်ရှိလာ၏။ သူက …
“မင်း အလုပ်တခုခုကို ကြိုးကြိုးစားစား လုပ်သင့်တယ်၊ ဒါမှ အသက်ကြီး လာတဲ့အခါ ဇိမ်နဲ့ နေနိုင်မှာပေါ့” ဟု အကြံပေးညွှန်ကြားသည်။ ထိုအခါ အလုပ် လက်မဲ့က ပြန်ပြော၏။
“ဒါဆို ဘာလုပ်နေစရာ လိုတော့လို့လဲဗျာ။ အခုလည်း ကျွန်တော် ဇိမ်နဲ့ ထိုင်နေနိုင် တာပဲ”
***
သင်္ချာသမားတယောက်သည် အပြင်သွားခါနီးတွင် သတင်းစာထဲက မိုးလေ၀သ သတင်းကို ဖတ်ကြည့်သည်။
“ယနေ့ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ငါးဆယ်” ဟု ခန့်မှန်းချက်ပေး ထားသည်။ ထို့ကြောင့် သူသည် မိုးကာအင်္ကျီဝတ်ပြီး နေကာမျက်မှန် တပ်လျက် ထွက်သွားလေသည်။
***
“ယောကျာ်းတွေ အမှားကြီးမှားပြီဆိုရင် အသက်တချောင်း ဆုံးရှုံးရတဲ့အထိ ဖြစ်သွား တတ်တယ်” ဟု ရှေ့နေတယောက်က ပြောသောအခါ ဆရာဝန် တယောက်က ….
“မိန်းမတွေ အမှားကြီးမှားပြီဆိုရင်တော့ အသက်တချောင်းကို မွေးထုတ်ပေးရ တတ်တယ်ဗျ” ဟု ပြန်ပြောလိုက်သည်။
***
(အချို့သော အချက်အလက်များသည် ကြားဖူး ဖတ်ဖူးသော ပုံပြင်များ စကားများကို ဆင့်ပွားခံစားထားခြင်း ဖြစ်ပါသည်။)
မင်းလူ

အတွေးသစ်ဂျာနယ် (၂၄-၃-၂၀၀၃)
***

8 comments:

kay said...

မမေရ နေကောင်းသွားပီလား..မင်းလူစာလေးတွေအလွမ်းပြေသွားလို့ကျေးဇစူ

Hteink Min said...

ကောင်းမှကောင်း

မေငြိမ်း said...

ဟေးး မေရေ.. တူတူပဲ..အမလည်းကျိတ်ပြုံးမိတယ်..
ကိုယ်တောင်ဘာလုပ်ရမှန်းမသိတဲ့ အဲလိုအလွဲတွေ
တကယ်ရှိနေတာ..။ အဲဒီစာအုပ် အမ မဖတ်ဖူးသေးဘူး။နောက် တင်ပေးပါဦး..အဲလိုလေးတွေ။

Thet Oo said...

မေဓာဝီတို့ကျမ်းကိုးပုံကတော့ အမှတ်တရပါပဲ။ ဟိုတလောက သတ်ပုံတွေကိစ္စတွေ အပြန်အလှန် ငြင်းကြတုံးက သူတင်တဲ့ပို့စ်မှာ `ကိုသက်ဦး၏ကွန်မန့်´ ဆိုပြီး ကိုးကားလို့ ရုတ်တရက် `ဟ- ငါဘာများ ရေးထားမိပါလိမ့်လို့ ထိတ်ကနဲ ဖြစ်သွားခဲ့ဘူးတယ်။ နောက်မှ ကြီးသော က၊ ငယ်သော ဂ တို့ကို ရှင်းပြတာကို ကိုယ်က ထိုင်းမှာလည်း `ကောကိုင်´ `ခေါခိုင်´သုံးလေ့ရှိတယ်လို့ comment ပေးလိုက်မိတာကို သတိရလိုက်တာ။ အဲဒါကြောင့် ပို့စ်အစမှာ သူရေးထားတဲ့ ကျမက နေရာတကာ ကျမ်းကိုးတတ်တာကိုး ဆိုတာကို ဖတ်ရင်း ပြုံးမိကြောင်းပါ။

ကလိုစေးထူး said...

သဘောအကျဆုံးက ထမင်းစားမှာလား၊ သတ်ပုံစားမှာလားဆိုတာပဲ။ ဟားဟား။ မမေ ဒီတခါလဲ ကျနော့်အကြံဦးသွားပြန်ပြီဗျ။ ကျနော်လဲ ဟာသလေးတွေကို ပို့စ်လုပ်ပြီးတင်ဖို့ စဉ်းစားထားတာ သုံးလေးခုရှိတယ်။ ဒါပေမယ့် စကားပုံရှိသားပဲဗျ…နော..။ အကြံတူ နောက်လူ သာသတဲ့။ :P

ကိုဖြိုး said...

မမေရေ .. ကျေးဇူးပါပဲဗျာ .. အားပေးတဲ့အတွက် .. ကျွန်တော့်စာတွေမှာ အမြင်မတော်တာလေးတွေရှိခဲ့ရင်လည်း ပြောပေးပါဦးလို့

Anonymous said...

so nice and lovely, Dhaw that pone, tha min ma sar ya pe nay oo mel. ..ha ha ha

Anonymous said...

ကျမ်းကိုးစာရင်း ဆိုတဲ့ခေါင်းစဉ်ကို တော်တော်သဘောကျတယ်။
တစ်ခါတလေ ကျမ်းကြောင့်လဲ လေးတတ်တယ်လေ။