“ကျနော် ကျောင်းဆက်မတက်တော့ဘူး …ကျောင်းထွက်ခွင့်ပေးပါ”
အမေရိကန်နိုင်ငံ ဆေးပညာသင် တက္ကသိုလ်တခုရဲ့ ပါမောက္ခရုံးခန်းထဲကို ကျောင်းသားတယောက် ရုတ်တရက်ဝင်လာပြီး ပါမောက္ခကြီးကို အဲဒီလို ပြောလိုက်ပါတယ်။
“ဘယ်လိုဖြစ်တာလဲ …ကျောင်းပြီးခါနီးနေမှတပည့်ရယ် … မင်းလို စာတော်တဲ့သူတယောက် တို့ကျောင်းမှာ မဆုံးရှုံးစေချင်ဘူး .. ငါ့တပည့် ဘာပြဿနာရှိလဲ၊ ဆရာ့ကို ပွင့်ပွင့်လင်းလင်းပြောပါ”
“ဒီလိုပါ ဆရာကြီး … ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ ကျနော်တို့လူမျိုးတွေဟာ သန်မာ ထွားကျိုင်းပြီး ကျန်းမာရေးနဲ့ ပြည့်စုံကြပါတယ်၊ ဒါပေမဲ့ သူတို့မှာ အသိဥာဏ်တော့မရှိဘူး၊ တကယ်တမ်း သူတို့လိုအပ်နေတာ အသိဥာဏ်ပါ၊ ကျနော်ဒီမှာ ဆေးပညာသင်ပြီးနောက် … ကျနော်တို့ လူမျိုးတွေကို ဆေးကုသပေးတာထက် အသိပညာ ဖြန့်ဖြူးပေးဖို့က ပိုပြီး အရေးတကြီး လိုအပ်ပါတယ်၊ ဒါကြောင့် ကျနော် ဆရာဝန်မလုပ်တော့ဘူး၊ လူတွေကို အသိပညာပေးဖို့ ကျနော့်တိုင်းပြည်ကို ကျနော်ပြန်ရပါမယ် ဆရာကြီး”
“ငါ့တပည့် … စဉ်းစားပါအုံးလေ”
“ကျနော် ဆုံးဖြတ်ပြီးပါပြီ”
“ …. …. ….”
***
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဒီအဖြစ်အပျက်လေးဟာ တကယ်ကို ဖြစ်ပွါးခဲ့ပါတယ်။ ကျောင်းထွက်သွားတဲ့ ကျောင်းသားဟာ တရုတ်လူမျိုး လူရွှန်း ဆိုသူပါ။
သူဟာ အမေရိကန်နိုင်ငံမှာ ဆေးပညာသင်ယူနေစဉ် တနေ့ သူတို့ သင်ခန်းစာမစခင် ကမ္ဘာအရပ်ရပ်က သတင်းအတိုအထွာလေးတွေ ပြနေတဲ့အချိန် ဘာကိုသွားတွေ့သလဲဆိုတော့ တရုတ်ပြည်ကြီးမှာ သူတို့ တရုတ်လူမျိုးတွေကို ဂျပန်စစ်သားတွေက ခိုင်းစေနေတဲ့ သတင်း အပိုင်းအစလေးကို ရုတ်တရက် ကြည့်လိုက် ရပါတယ်။ သန်မာ ထွားကျိုင်းတဲ့ တရုတ်လူမျိုးတွေဟာ ပုသေးသေး ဂျပန်တွေရဲ့ လက်နက်နဲ့ ခြိမ်းခြောက် စေခိုင်းခြင်းကို ခံနေရတာ မြင်လိုက်ရတော့ သူ့စိတ်ထဲ ခံပြင်းခြင်း၊ ရှက်ရွံ့ခြင်း၊ ၀မ်းနည်းခြင်းတွေ ရောထွေးပြီး ထိုင်ရာက ၀ုန်းကနဲ ထထွက်သွားလိုက်တယ်။
သူ့အခန်းထဲရောက်တော့ ၀တ်ထားတဲ့ ဂျူတီကုတ်ကို ဆွဲချွတ်၊ အခန်းထောင့်တနေရာကို လွှင့်ပစ်လိုက်ပြီး ချက်ချင်းပဲ သူ့ဆရာ ပါမောက္ခကြီးရဲ့ ရုံးခန်းကို ၀င်သွားခဲ့ပါတယ်။
***
ဒီလိုနဲ့ နောက်ဆုံးတော့ သူ့ဆန္ဒအတိုင်း ကျောင်းထွက်လိုက်ပြီး တရုတ်ပြည်ကိုပြန်၊ စာရေးဆရာလုပ်ရာက၊ တရုတ်စာရေးဆရာကြီး လူရွှန်းဆိုပြီး တချိန်က အင်မတန် နာမည်ကြီးခဲ့ပါတယ်။ လူထုဘက်က ရပ်တည်တဲ့ စာရေးဆရာ၊ လူထုကို ကိုယ်စားပြုတဲ့ စာရေးဆရာ၊ လူထုကို အသိပညာပေးတဲ့ စာရေးဆရာတယောက်ပေါ့။
***
ဒီအကြောင်းလေးကို ကျမ ငယ်ငယ်ထဲက အဖေခဏခဏပြောပြလို့ အားကျစိတ်နဲ့ စွဲစွဲမြဲမြဲ မှတ်မိနေခဲ့တယ်။
ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးစ၊ ဖွံ့ဖြိုးရန်တာစူနေတဲ့ တိုင်းပြည်နိုင်ငံတခုက လူတွေအတွက် အသိဥာဏ်ရှိဖို့ အရေးကြီးတယ် ဆိုတာ သိခဲ့ရတဲ့အပြင် ဒီလို လူတွေကို အသိတရားပေးဖို့အတွက် စာပေဟာ အရေးပါတဲ့ ကဏ္ဍတခုလို့လည်း အသိစိတ်ထဲ အမြဲရှိနေခဲ့တယ်။
ကျမ အလွန်လေးစား အားကျတဲ့ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးဟာလည်း ဆေးကုသရေးနဲ့ စာပေရေးသားထုတ်လုပ်ရေး အလုပ်နှစ်ခုကို ဒွိဟဖြစ်ခဲ့ဖူးတယ်။ နှစ်ခုစလုံးက ကောင်းတဲ့ အလုပ်၊ မွန်မြတ်တဲ့ အလုပ်တွေပါပဲ။ သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ … ဂျာနယ်ကျော်မမလေး ကွယ်လွန်သွားတဲ့ နောက်ပိုင်း ဆေးမကုသနိုင်တော့ပေမဲ့ သူ့စာတွေကတော့ ဒီနေ့အထိ ရှင်သန်နေဆဲ။
ဆေးတလုံးဟာ လူတယောက်အသက်ကိုသာ ကယ်နိုင်ပေမဲ့ စာတပုဒ်ဟာ လူပေါင်းများစွာရဲ့ ဘ၀ကို ကယ်တင်နိုင်ပါတယ်။
ဒါကိုငယ်ငယ်လေးထဲက စိတ်ထဲစွဲနေတဲ့ ကျမဟာ လူတွေကို အသိတရားဖြန့်ဝေပေးနိုင်တဲ့သူတယောက် ဖြစ်ချင်ခဲ့ပါတယ်။
ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ …
……………………….
……………………….
……………………….
ခုချိန်ထိ ဘာမှလည်း ဖြစ်မလာသေးပါဘူး။
***
ကျမကို “ကိုအမြဲစိမ်းစတိဗ်” က ကွန်မန့်ထဲမှာ “Why are you there?” ဆိုတဲ့ မေးခွန်းထုတ်တော့မှ ကျမ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်မိပါတယ်။
ကျမ ဘာလို့ ဒီမှာနေနေတာလဲ။
အခွင့်အရေး တစုံတရာ ရှိနေလို့လား၊
အများအတွက် တစုံတရာ လုပ်ဆောင်ပေးနေရလို့လား၊
ဒါမှမဟုတ် ရေသာခို လှေကြုံလိုက်ရင်း ရောယိမ်းလိုက် ဘာသာယိမ်းလိုက် ဆိုတဲ့ အထဲမှာပါဝင်နေသူလား၊
ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်မိတယ်။ ဆက်ပြီး စဉ်းစားမိတာက ….
တကယ်လို့ နိုင်ငံရပ်ခြား တိုင်းတပါးကို သွားခွင့်ရမယ်ဆိုရင်ရော … ဒီတိုင်းပြည်ကို စွန့်ခွါသွားမှာလား၊
သွားမယ်ဆိုရင် ဘာအတွက် သွားမှာလဲ၊
ကိုယ်လွတ်ရုန်းဖို့လား …
ဒါမှမဟုတ် …
…. …. ….
သူ့ရဲ့ တပ်လှန့် မေးခွန်းတခုကြောင့် အဲဒီလိုတွေ တသီတတန်းကြီး ကျမ စဉ်းစားမိပါတယ်၊
ကျမကဲ့သို့သော …မြန်မာပြည်မှာ နေထိုင်နေသူတွေ … ဘာအတွက် နေနေကြတာလဲ၊
အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ကိုခွဲခွါပြီး တိုင်းတပါးရောက်နေသူတွေ …
ဘာအတွက်သွားနေကြတာလဲ၊
မိမိအတွက်လား … အများအတွက်လား။
***
သေချာတာတခုကတော့ ဂျူတီကုတ် လွှင့်ပစ်ပြီး ကလောင်ကိုင်ခဲ့တဲ့ လူရွှန်းလို စိတ်ဓာတ်မျိုးရှိသူတွေ ကျမတို့ နိုင်ငံမှာ အများကြီး လိုအပ်နေပါသေးတယ်။
***
လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်လောက်က ကြည့်ခဲ့ရတဲ့ ‘တခါကဧရာဝတီညများ’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲက စကားတချို့ နှစ်သက်လွန်းလို့ ခုထိ မှတ်မိနေပါတယ်။ ဂျူးရဲ့ စကားဆိုပါတော့။
စကားလုံးအတိအကျမဟုတ်ပေမဲ့ ဆိုလိုရင်းမပျက်စေရအောင် မှတ်မိတဲ့အတိုင်း ပြန်ရေးပြပါမယ်။
“အရင်ခေတ်ကလူတွေဟာ ငါတို့ တိုင်းပြည်ကို ငါတို့က ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ (we) ဘက်က စဉ်းစားပေးကြတယ်၊ ခုခေတ်လူတွေကတော့ ငါ့ကို တိုင်းပြည်က ဘာလုပ်ပေးနိုင်မှာလဲ ဆိုတဲ့ (me) ဘက်ကသာ တွေးတော စဉ်းစားကြတော့တယ်”
ကျမတို့ရော … ဘယ်ဘက်က စဉ်းစားကြပါသလဲ။
ဘယ်ဘက်က စဉ်းစားကြမှာလဲ …။
WE လား??? ME လား???
***
(ဒီစာကို ရေးဖြစ်အောင် ဖန်တီးပေးသော ကိုအမြဲစိမ်းစတိဗ် အား ကျေးဇူးတင်ရှိပါကြောင်း။)
မေတ္တာဖြင့်
မေဓာဝီ
29.12.06
11:07pm
(ဒီစာကို ၂၉ ရက်ညကတည်းက ရေးပြီးပေမဲ့ အင်တာနက် ကွန်နက်ရှင်မရလို့ ဒီနေ့မှ တင်လိုက်ရပါတယ်။)
အမှားပြင်ဆင်ချက်။ ။ လူရွှန်းအကြောင်းရေးတဲ့နေရာမှာ လူရွှန်း ဆေးပညာသင်ခဲ့တာ အမေရိကန်တက္ကသိုလ်လို့ ကျမ အမှတ်မှားခဲ့မိပါတယ်။ အမှန်တကယ်က ဂျပန်တက္ကသိုလ်ဖြစ်တယ်ဆိုတာကို “ကိုPrince” က အထောက်အထားခိုင်လုံစွာပြောပြခဲ့ပါတယ်။ ဒါကြောင့် ဂျပန်တက္ကသိုလ်လို့ ပြန်ပြင်ဖတ်ပေးကြပါ။
အမှန်ပြင်ပေးခဲ့သော ‘ကိုPrince’ အား အထူးကျေးဇူးတင်ပါတယ်ရှင်။
Subscribe to:
Post Comments (Atom)
19 comments:
“Why are you there?” we? or me?
to be honest ....
US.....(for me,my family and my next generation....)
သိပ်ကောင်းတဲ့ပို့စ်လေးပါ မမေ-ရေ ကျနော်တို့အားလုံး သေသေချာချာစဉ်းစားရမယ့် အချက်ကလေးတစ်ချက်လို့လည်း လက်ခံမိတယ်ဗျာ။
WE လား ME လားလို့ ကိုယ့်ဖာသာ အမြဲတမ်းမေးနေသင့်ပါတယ်။
Your problem.
YOur problem.
Thanks Ma May.That's nice.
"ask not what your country can do for you - ask what you can do for your country."
From Inaugural Address by John F. Kennedy - January 20th 1961.
ကနေဒီပြောသွားတယ့်မိန့်ခွန်းလေးပါ အဲ့ကနေများ ခံစားခိကျါင်္တကူးစက်ပျံနှ့နေသလိုပဲဗျာ မမေရယ်
ဝမ်းနဲဖို့ကောင်းတာက အဲ့လိုပြောမယ့်လူတွေ ကျွန်တော်တို့ဆီမှာ ခေါင်းဆောင်ဖြစ်နေတာပဲနော်မမေရယ်ကျေးဇူးပဲ မမေရေ အဲ့ပို့စ်လေးအတွက်
"ask not what your country can do for you - ask what you can do for your country."
From Inaugural Address by John F. Kennedy - January 20th 1961.
ko kyaw win pointed out that words in The wave.
နိုင်ငံခြားရောက်နေတဲ့ဥူတွေက တော့ဟားကြလိမ့်မယ်..
လောလောဆယ်သူတို့အတွက်အရေးကြီးတာက အနေချောင်ရေး..အဲလေ. သူတို့မိသားစု အဆင်ပြေရေး..
ကြည့်ပါတော့လား...ပီအာ ဆိုပြီး ကြွားရတာအမော...
၁၀ ပါစင်းအခွန်ပေးရတာကို အပြစ်တင်ပြီး...ပါ့စပို့ ဆရင်ဒါလုပ်ဖို့ သံရုံးကို ခေါင်းမော့ရင်ကော့ပြီး လာတဲ့သူတေါ
ဒီပို့စ်ကို ဖတ်မိရင် ပြောကြပါလိမ့်ဦးမယ်..
အူမ တောင့်မ သီလစောင့်နိုင်မယ် ဆိုပြီး.
အခုဆို စလုံး ဖြစ်သွားပြီ ဆိုပြီး ဂုဏ်ယူလိုက်နေကြသေး..
သွားမပြောပါနဲ့ဗျာ....
သူတို့အတွက် ဖြစ်နိုင်ရင် ရေကြည်ရာမျက်နုရာ ဆိုတဲ့စကားကို ကာဗာယူပြီး......မွေးရပ်မြေ ကို အပြစ်တွေပြောပြီး...နိုင်ငံခြားသားဖြစ်ဖို့ တန်းစီစောင့်နေကြလေရဲ့..
တတိယ နိုင်ငံသွားရဖို့အရေး ဆိုပြီး...နယ်စပ် မှာ ဒုက်ခ သည်လက်မှာ ရဖို့ တန်းစီနေတဲ့သူတွေ
တစ်ချို့ဆို ဒုက်ခသည်ဖြစ်ချင်လွန်းလို့ သံရုံးရှေ့ဆန်ဒ ပြလိုပြ. မယုံမရှိနဲ့နော်
ဆန်ဒပြလို့ ပုလိပ် ဖမ်းပြီဆို ပွပေါက်ပဲ..အဲဒါ..ခေါ်ရာလိုက်သွား..အချုပ်ထဲမှာခဏနေလိုက်.
ယူအင်ဒုက်ခသည်ရုံးက လာထုတ်လိမ့်မယ်..
လက်မှတ်ရပြီးပြီဆိုရင်..အနှေးနှင့်အမြန်ပဲ...ယူရို.အမေရိကား..သွားဖို့ အိမ်မက်က အကောင်အထည်ပေါ်လာပြီလေ။
တလောက မလေးမှာ ဒီလို ရည်ရွယ်ချက်နဲ့ ဆန်ဒပြကြပြန်တယ်။
ကိုရွှေမြန်မာတွေခမျှာ..မလေးရဲဖမ်းနိုးဖမ်းနိုးနဲ့ အော်နေရရှာတာ.
ဒီတခါတော့ မလေးရဲက နပ်သွားပြီ။
ဒီတစ်ခါတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်သွားတာ....သနားပါတယ်ဗျာ...
ဖမ်းလိုက်ရင်တော့ အမှေုပတ်တော့မယ်ဆိုပြီး..ရဲက မဖမ်းပဲ ဒီအတိုင်းလွှတ်ထားပေးလိုက်တာ..
နောက်တစ်ခါ ဆန်ဒပြဖို့ တောင် အားမရှိတော့ဘူး..
ရဲကမဖမ်းတော့လို့..........
ဟား..ဟား..ဟား...ဟား..
=Please try to get PR first..
later say it again..
hello anonymous
B cool.
1> changing citizenship is a big issue.
2> 10% income is an another issue.
3> Being a PR is not a big issue.(everybody is getting it)
4> Working oversea is a big big big issue.
5> third nation (?)
6> everyone has their own choice.
7> one who can live inside one's own motherland is a god-give-prize.
8> trying to get asylum in the 1st world is also another issue.
9> please do not mix up everything.
10> Ko anonymous has a choice, please make one blog and elaborate the facts which one does not accept and feel unhappy.
11. everyone is dying.
regards
i do not have my own blog.
forgive me ma may dar we.
ပီအာ ပါပဲ...နေချင်ရင် တစ်သက်လုံးနေလို့ရပါတယ်..
ဒါပေမဲ့
တတ်သည့်ပညာ ကို မြန်မာပြည်ပြန်သုံးဖို့ ဆုံးဖြတ်ထားပြီးပြီ။
တို့နိုင်ငံ ဗီယက်နမ်လို ထောင်တက်လာနေပြီ ဆိုမှ ကြည့်ရအုံးမယ်...စီတဇင် ကိုစွန့်ထားသူများ...
ဘယ်လိုစကားပြောမလဲလို့..
(မှတ်ချက်..ဘီဘီစီက ဟောထားတာက သုံးနှစ်မှ ၅ နှစ် တဲ့ )
သေရင် မြေတစ်ကွက်စာ မ၀ယ်နိုင်တဲ့သူတွေ အဲဒီအခါကျ မှ စောင့်ကြည့်ရတာပေါ့ဗှာ..
ဟား..ဟား..ဟား..
တဟားဟားနဲ့ ရီနေသူများ နိုင်ငံချစ်ကြောင်း အလုပ်နဲ့သက်သေပြပါ။
ဒီမှာ.. မြန်မာပြည်မပြန်ချင်တဲ့လူတွေမှာဘာအပြစ်မှမရှိဘူး။ ကိုယ်ကျတော့ပီအာကိုင်ပြီး သူများတွေနိုင်ငံသားစွန့်လိုက်တာကို ပျက်ရယ်ပြုနေတာမရှက်ဘူးလား။
ကျုပ်လည်းမြန်မာနိုင်ငံသားပဲ(ဘာပီအာမှမရှိဘူး)၊ ဘယ်သူ့လက်အောက်မှာပဲလုပ်ရလုပ်ရ၊ နိုင်ငံအတွက်လုပ်ရရင်ပြီးရောဆိုရင် အမြန်သွားလုပ်ပါ။
(မြန်မာတွေဆန္ဒပြတာကိုရီနေတာ၊ စီတဇင် ကိုစွန့်ထားသူများ...ဘယ်လိုစကားပြောမလဲ စဉ်းစားပြီးရီနေတာ) ဒီလိုကလေးဆန်တဲ့အတွေးတွေရှိနေသ၍ခင်များရဲ့
နိုင်ငံချစ်စိတ်ကိုကျုပ်အထင်သေးတယ်။ သူတို့တွေမြန်မာပြည်မပြန်ချင်ရတဲ့အကြောင်းရင်းကိုအားလုံးသိတယ်၊ ခင်များဘီဘီစီနားထောင်ရင်ပိုပြီးသိသင့်တယ်။
အဟဲ..
ခင်ဗျား တွေ့ချင်ရင် ချိန်ဂီကတွေ့မလား..
ရန်ကုန်လေဆိပ်အပေါက်ဝ ကနေ တွေ့မလား...
ဒီလထဲမှာ ပြန်မှာ..
ကဲ..ဘယ်လိုလဲ.
အပြစ်ဟုတ်ပါဘူးဗျာ..
အဆင်ပြေတဲ့နေရာ နေကြတာပါ..
ကိုယ့်အတွက် အဆင်ပြေဖို့က ပထမ ။ နိုင်ငံချစ်စိတ် တိုင်းည်ြချစ်စိတ်. လူမျိုးချစ်စိတ် ဆိုတာ အလကား။
ကဘာမီးလောင် သားကောင်ချနင်း ဆိုသလိုပေါ့။
ဒါတော့ ကိုယ့်အတွက် အဆင်ပြေရေးသည် ပထမ.
ကုယ့် ကောင်းစားရေးသည် ဒုတိယ.
ကိုယ် အနေချောင်ရေးသည် တတိယ.
ဘယ်မှာပဲ နေနေပါ။
ဟုတ်ဘူးလား..
မောင်အဟဲ
မရှင်းလို့..ဘာအတွက်တွေ့ရမှာလဲ..??
အလုပ်သာကောင်းကောင်းလုပ်ပါ၊နောက်ဆံတင်းမနေနဲ့။
သူတပါးကိုနှိမ့်ချချင်လို့ကိုယ့်ကိုကိုယ်မြှင့်တင်နေတာမျိုးမဖြစ်ရင်ပြီးရော။
အဟဲ.. ဟား ဟား ဟား.. အဟဲ (လိုက်ရယ်ကြည့်တာ၊စပ်ဖြဲဖြဲအရသာသိချင်လို့)
မမေဓာဝီကိုအားနာတယ်၊ဒီလောက်နဲ့ပဲရပ်လိုက်တော့မယ်။
Anonymous said...
အပြစ်ဟုတ်ပါဘူးဗျာ..
အဆင်ပြေတဲ့နေရာ နေကြတာပါ..
ကိုယ့်အတွက် အဆင်ပြေဖို့က ပထမ ။ နိုင်ငံချစ်စိတ် တိုင်းည်ြချစ်စိတ်. လူမျိုးချစ်စိတ် ဆိုတာ အလကား။
ကဘာမီးလောင် သားကောင်ချနင်း ဆိုသလိုပေါ့။ ... xxx xxx xxx
--------------
အပေါ်ဆုံးနှစ်ကြောင်းမှန်ပါတယ်၊အောက်ပိုင်းဆက်ရေးတာတွေကကိုယ့်ခံယူချက်ကိုရေးထားတာလား၊သိပ်မရှင်းဘူး။
မြန်မာနိုင်ငံကိုအကြောင်းအမျိုးမျိုးကြောင့်စွန့်ခွာခဲ့တဲ့လူတွေဆီကအပြစ်လိုက်ရှာနေတာဘာအတွက်လဲ၊ဘာအဖြေရလာမလဲ၊စဉ်းစားပါ။
လူသားတိုင်းကိုယ့်အတွက်၊ကိုယ့်မိသားစုအတွက်အရင်ဆုံးစဉ်းစားတတ်ကြတယ်၊ဒါကိုပြည်သူတွေမသိမှာစိုးလို့အုပ်ချုပ်မင်းလုပ်တဲ့သူတွေကဦးဆောင်ဦးရွက်ပြုပြီးသူတို့မိသားစုတွေ၊ဆွေမျိုးသားချင်းတွေကိုချစ်ပြနေတယ်၊ဘယ်သူတွေကောင်းစားနေလဲမျက်စိရှိရင်မြင်နိုင်တယ်။
လက်မခံနိုင်တဲ့ပြည်သူတွေတော်လှန်ကြတယ်၊ထောင်ကျတယ်၊သေကြတယ်။ရွေးစရာလမ်းမရှိတော့ခေါင်းဆောင်တွေအတိုင်းလိုက်လျှောက်ကြတယ်၊လတ်တလောနိုင်ငံ့အရေးဘေးချိတ်၊ကိုယ့်မိသားစုဝမ်းရေးအတွက်တကိုယ်ကောင်းဆန်ကြရတယ်။
ကိုယ်အကျင်လည်ဆုံးနေရာလေးကိုစွန့်ပြီးသူများနိုင်ငံမှာအောက်ကြို့ခံကြရတယ်၊ကိုယ်အကျွမ်းကျင်ဆုံးမြန်မာစကားကိုမေ့ထားပြီးသူများဘာသာစကားမနည်းလိုက်ပြောရတယ်။ဒါတွေကိုသူတို့အသည်းထဲအူထဲကနေဂုဏ်ယူပြီးလုပ်နေကြတယ်လို့ထင်သလား၊အပေါ်ယံမကြည့်နဲ့၊အဲဒါဝမ်းရေးထက်ဘာမှမပိုဘူး။
တိုင်းပြည်ကကိုယ့်အတွက်ဘာလုပ်ပေးနိုင်တာထက်ကိုယ်ကတိုင်းပြည်အတွက်ဘာလုပ်ပေးနိုင်သလဲ၊ဒီစကားနဲ့ကိုင်ပေါက်တာအရသာတွေ့နေကြတယ်။
ဒီစကားနေရာတိုင်းမှန်သလား၊ဒီစကားပြောခဲ့တဲ့သမ္မတသာရှေ့ကနေစံပြမလုပ်နိုင်ရင်သူ့နောက်လိုက်လုပ်မယ့်ပြည်သူရှိမလား၊ခေါင်းသုံးပါ။
ဒါပြည်သူတွေအပြစ်ပါလို့ပြောတဲ့သူဟာအဲဒီညံ့ဖျင်းတဲ့ခေါင်းဆောင်နဲ့ရူးသွတ်နေတဲ့နောက်လိုက်ပဲဖြစ်လိမ့်မယ်။
မြန်မာတယောက်တခြားနိုင်ငံသားခံယူလိုက်တဲ့အတွက်သူ့မှာမြန်မာနိုင်ငံရေးလောကထဲဝင်ဖို့လမ်းပိတ်သွားပြီ၊ဒါဟာအကြီးမားဆုံးပေးဆပ်ရခြင်းပဲ။ဒါပေမယ့်သူဟာမြန်မာနိုင်ငံအတွက်တခြားအကျိုးရှိတဲ့အရာအများကြီးလုပ်လို့ရတယ်၊အစိုးရသာလုပ်ချင်အောင်စွဲဆောင်နိုင်ရင်ပေါ့။
စစ်အာဏာရှင်စက်ကွင်းထဲကလွတ်သွားတဲ့အတွက်လွတ်လပ်မှုတွေ၊လူ့အခွင့်အရေးတွေရသွားလိမ့်မယ်(ပိုပြီးဖိနှိပ်ခံရတဲ့နိုင်ငံတွေကိုရောက်သွားတဲ့မြန်မာ(လုပ်သား)တွေကိုမဆိုလိုဘူး)၊ဒီလိုလူသားတယောက်ရှိသင့်တဲ့အခွင့်အရေးရှိမှသူဟာသန့်ရှင်းတဲ့လေကိုရှူသွင်းလို့ရမယ်၊
လူတယောက်ဟာယုံကြည်ချက်အပြည့်အဝရှိနေမှလုပ်ချင်တာကိုတစိုက်မတ်မတ်လုပ်နိုင်မယ်၊ကိုယ့်ထင်မြင်ချက်ကိုလိပ်ပြာမလုံပဲတဟားဟားရီသံနဲ့ဖုန်းဖိနေစရာမလိုတော့ဘူး။
အဖိနှိပ်ခံ(နေကြတဲ့၊နေခဲ့ကြတဲ့၊နေအုန်းမယ့်)ပြည်သူအချင်းချင်းစိတ်ဝမ်းကွဲစေမယ့်စကားမျိုးလူရှေ့သူရှေ့မှာဘယ်တော့မှမပြောကြပါနဲ့၊
လူတိုင်းမှာအင်အားကိုယ်စီရှိကြတယ်၊ခေါင်းဆောင်ကောင်းတယောက်ဖြစ်ချင်ရင်အင်အားတွေကိုစုစည်းနိုင်အောင်ကြံဆပါ၊မခွဲပါနဲ့။
ဒီလိုစာမျိုးရေးရတာကျုပ်အင်မတန်ဝမ်းနည်းမိတယ်။
နေမင်း.
ဘာဘဲပြောပြော နိုင်ငံခြားသားဖြစ်သွားရတာဟာပေးဆပ်ခြင်းလို့ မြင်တာကအရမ်းထူးဆန်းနေတယ်။ အဲဒီလိုမျိုးပေးဆပ်ချင်လွန်းလိုံတန်းစီနေကြတယ်လေဗျာ
နိုင်ငံခြားသားဖြစ်သွားတာဟာ နိုင်ငံတော်ကိုသစ်စာဖေါက်တာပဲလို့မြင်တယ်။
ဒီနေရာမှာ ရှိသေးတယ်။ ကိုယ်မူရင်းစီတီဇင် ကို မစွန့်တာ နဲ့ စွန့်တာပဲ။
ကိုယ့်စီတင်ဇင်ကို စွန့်ပြီးမှနြိုင်ငံခြားခြားဖြစ်ရတာကို မက်မောနေကြတာဟာ...တိုင်းပြည်အကျိုးကို တဖက်တလမ်းမှထမ်းဆောင်ချင်လို့ပါ.ဆိုတဲ့စကားက
မရယ်ရ တဲ့ဟာသ တစ်ပုဒ်ပါပဲ။
ကလေးတောင်တေါးတတ်ပါတယ်ဗျာ.......
တစုံတခုရယူလိုက်တဲ့အတွက်တခြားရှိနေတဲ့အရာတခုဆုံးရှုံးသွားခြင်းကိုဆိုလိုပါတယ်၊ပေးဆပ်ခြင်းဆိုတဲ့စကားလုံးထက်ဆုံးရှုံးခြင်းဆိုပိုကောင်းလိမ့်မယ်။ဒီစကားလုံးအဓိကမကျပါဘူး။
နိုင်ငံခြားသားဖြစ်ဖို့မက်မောတာနဲ့တိုင်းပြည်အကျိုးထမ်းတာနဲ့ဘာမှမဆိုင်ဘူး၊အဲဒီလိုဆင်ခြေပေးတဲ့လူမျိုးကိုရှုံ့ချတာမှန်တယ်။သို့သော်နိုင်ငံခြားသားဖြစ်ဖို့အတွက်တွန်းပို့နေတဲ့အကြောင်းကဘာလဲ။
ပါးစပ်ပေါက်ကထွက်လာတဲ့စကားတွေအရေးကြီးသလား၊တကယ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအရေးကြီးသလား။ရှင်းရှင်းလေးပါ။
(၁)
မြန်မာနိုင်ငံသားကိုမစွန့်ချင်ရင်တနှစ်ကိုအခွန်ဘယ်လောက်ဆောင်ရသလဲအားလုံးအသိပဲ၊ဒီလိုဥပဒေဟာနိုင်ငံတိုင်းမှာရှိတယ်၊အဆိုးမဆိုသာဘူး။
နိုင်ငံကိုချစ်ရင်အခွန်ဆောင်သင့်တယ်၊နိုင်ငံသားကောင်းမှန်ရင်တိုင်းပြည်အခွန်ကိုထမ်းသင့်တ်ယ်ဆိုတာလည်းအားလုံးအသိပဲ၊ဒါဟာလူတိုင်းရှိသင့်တဲ့အခြေခံအသိစိတ်ပဲ။
ဒါပေမယ့်ဒီလူတွေဘာလို့မဆောင်ချင်တာလဲစဉ်းစားမိလား။
ပြည်သူတွေရုန်းကန်စုဆောင်းထားတဲ့ချွေးနဲစာထဲကနေအခွန်ထမ်းနေပါတယ်၊ဘောက်ချာတွေကိန်းဂဏန်းတွေအတိအကျရှိတယ်၊တခုမေးပါရစေ၊ခေါင်းဆောင်များအခွန်ဆောင်ကြပါသလား။
သူတို့ဝင်ငွေဘယ်လောက်လဲ၊ဝင်ငွေခွန်ဘယ်လောက်ဆောင်သင့်သလဲ၊ဆောင်နေကြသလား။ဘာမှမပြောနဲ့၊ဟိုမင်္ဂလာပွဲမှာရတဲ့လက်ဖွဲ့တွေအတွက်ဆောင်သင့်တဲ့အခွန်ပဲတွက်ကြည့်၊
ဆောင်နေသလား၊ဘယ်မလဲကိန်းဂဏန်း။ဒီလိုအခြေအနေမျိုးမှာနိုင်ငံသားတွေအခွန်မဆောင်ချင်လို့နိုင်ငံသားစွန့်တာကိုသစ္စာဖောက်တယ်ဆိုခဲ့ရင်ခေါင်းဆောင်တွေကသစ္စာရှိနေကြတာလား။
ပြသနာအရင်းအမြစ်ကိုစဉ်းစားပါ၊အဲဒီအရင်းအမြစ်ကိုမဖြေရှင်းနိုင်သ၍ဘာလုပ်ပိုင်ခွင့်မှမယ်မယ်ရရမရှိတဲ့နိုင်ငံသားတွေမှာအလားတူပြသနာတွေရှိနေဦးမှာပဲ၊ပြည်သူ့အပြစ်လို့ဆိုဦးမလား။
နိုင်ငံ့ခေါင်းဆောင်တွေကိုဂရုမစိုက်နဲ့၊ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်လို့ပြောစရာရှိတယ်၊ဒါဆိုကျုပ်တို့ဘာအတွက်ရုန်းနေတာလဲလို့ပြန်မေးပါရစေ၊ခေါင်းဆောင်နဲ့မတူတဲ့ခေါင်းဆောင်တွေ
သက်ဆိုးရှည်နေဖို့ကလွဲလို့ဘာများအနှစ်သာရရှိသေးလဲ၊နိုင်ငံ့အတွက်???နောက်နေတာလား???
(၂)
တခြားနိုင်ငံလေးတွေမှာလည်းအလားတူအဖြစ်အပျက်တွေရှိတယ်၊သို့သော်သူတို့နိုင်ငံသားကိုလွယ်လွယ်နဲ့မစွန့်ကြဘူး၊နှစ်စဉ်နှစ်တိုင်းအချိန်မှန်ကိုယ့်နိုင်ငံပြန်ပြီးအခွန်ဆောင်ကြတယ်၊အခွန်ဆောင်ရမယ့်
ရာသီရောက်ရင်ကမ္ဘာအနှံ့ကပြန်လာဆောင်ကြတာနိုင်ငံချစ်စိတ်ကိုပြသနေခြင်းတမျိုးပဲ။ဘာဖြစ်လို့မြန်မာတွေဒီလိုမဖြစ်နိုင်သလဲ၊သိပ်လွယ်တဲ့မေးခွန်းပါ၊ခေါင်းဆောင်တွေခေါင်းဆောင်ပြီးလုပ်မနေလို့ပေါ့။
ဘယ်မလဲကိန်းဂဏန်း၊ပြည်သူတွေထမ်းနေတဲ့အခွန်၊ဘယ်တွေရောက်ပြီး၊ဘယ်လိုသုံးနေသလဲ၊ဘယ်မလဲကိန်းဂဏန်း၊နှစ်ပေါင်းများစွာကြာတဲ့အထိဘာမှဖြစ်မြောက်အောင်မလုပ်နိုင်တဲ့လူတစုကိုကိုယ့်
အိတ်ထဲကပိုက်ဆံတွေထုတ်ပေးဖို့သင့်မသင့်ဆိုတာပုံမှန်လူတယောက်အနေနဲ့ခေါင်းမသုံးပဲဆုံးဖြတ်လို့ရတယ်၊ဘယ်လိုနည်းနဲ့အခွန်ကင်းလွတ်နိုင်သလဲ၊နိုင်ငံသားစွန့်လွှတ်တာကနည်းလမ်းတခုပေါ့၊စွန့်ကြပေါ့။
သုံးမကုန်တဲ့ငွေတွေရှိတယ်၊တနှစ်တာဆောင်ရမယ့်အခွန်ဟာတညစာဟိုတယ်မှာသွားဖြုန်းတာလောက်ပဲရှိတဲ့သူတွေဆိုရင်သိပ်ဆောင်တာပေါ့၊ပမာအားဖြင့်အစိုးရနဲ့ပိုင်လို့ငွေသောက်သောက်လဲဝင်နေသူ
ူတယောက်နိုင်ငံခြားမှာအခွန်ပုံမှန်ဆောင်နေတယ်၊နိုင်ငံသားအတင်းစွန့်ခိုင်းလည်းမစွန့်ဘူး၊ဒါဟာနိုင်ငံချစ်လို့လား။ပွဲစားကိုအကြွေးတွေတပုံတခေါင်းတင်ပြီးနိုင်ငံခြားမှာကော်လာပြာအောက်ခြေလုပ်သား
လုပ်ရင်းအကြွေးဆပ်နေတဲ့မြန်မာနိုင်ငံသားတယောက်အခွန်မဆောင်နိုင်လို့တခြားနိုင်ငံသားခံယူလိုက်တယ်၊ဒါဟာသစ္စာဖောက်လား။နိုင်ငံခြားမှာရုန်းနေကြတဲ့မြန်မာတိုင်းလျှံနေကြသလား၊မိသားစုတိုင်း
ဟိုဖိုး၊ဒီဖိုးတွေပိပြီးစုမိဖို့မပြောနဲ့၊တလလုပ်စာကိုလောက်ငှအောင်သုံးနိုင်ရင်ပဲကံကောင်း၊ဒီလိုတိုင်းတပါးမှာအောက်ကြို့ခံပြီးနေကြရတဲ့(အပေါ်မှာဆိုခဲ့သလိုရဲဖမ်းတာကိုတောင်တောင့်တနေရတဲ့)အခြေအနေ
ရောက်အောင်ကျေးဇူးကြီးလှစွာသောခေါင်းဆောင်တွေကဖန်တီးပေးခဲ့တာလို့ဆိုရင်လွန်ရာမကျဘူး၊နိုင်ငံ့သစ္စာဖောက်ဆိုတဲ့နာမည်ဆိုးမလိုချင်လို့အသုံးမကျတဲ့လူတွေကိုအလုပ်အကျွေးပြုမယ်ဆိုတဲ့မြန်မာ
လူမျိုးကမ္ဘာပေါ်မှာဘယ်နှယောက်များရှိမလဲ၊စာရင်းကောက်ပြီးပြတိုက်ထဲထည့်ထားသင့်တယ်။
တတ်နိုင်ရင်ဘယ်သူကကိုယ်ကြီးပြင်းခဲ့တဲ့နေရာ၊ကိုယ့်ဆွေတွေမျိုးတွေရှိတဲ့နေရာကိုစွန့်ချင်မလဲ၊ဒီလောက်သာယာလှပပြီး၊သဘာဝဘေးကပ်တွေအရမ်းနည်းတဲ့နေရာကိုဘယ်နိုင်ငံသားကစွန့်ခွာချင်ပါ့မလဲ၊
သို့သော်လက်ရှိအဖြစ်အပျက်ကဒီလောက်ရှင်းနေတဲ့ကိစ္စတခုကိုပြောင်းပြန်လှန်ပစ်လိုက်တယ်၊နေ့စဉ်နေ့တိုင်းအကြောင်းအမျိုးမျိုးကြောင့်အဲဒီတခါကအရှေ့တောင်အာရှမှာထိပ်ဆုံးကပြေးနေတဲ့နိုင်ငံကြီးကို
ကျောခိုင်းပြီးထွက်လာတဲ့လူတွေအပုံကြီး(ကိန်းဂဏန်းအတိအကျသိရင်ဖော်ပြပေးပါ)။ဘယ်သူတွေမြန်မာနိုင်ငံကိုပြောင်းပြန်လှန်ပစ်သလဲ၊ဘယ်သူတွေကသစ္စာဖောက်လဲ၊ခေါင်းသုံးပါ။
ဒါနဲ့..
နိုင်ငံရပ်ခြားမှာအလုပ်လုပ်နေကြတဲ့တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးကလူတွေနိုင်ငံသားမစွန့်လည်းပဲကိုယ့်နိုင်ငံကိုအခွန်ပေးဆောင်စရာမလိုဘူး။
အပေါ်မှာရေးခဲ့တဲ့(ဒီလိုဥပဒေဟာနိုင်ငံတိုင်းမှာရှိတယ်)ဆိုတာကိုပြန်ရုပ်သိမ်းပါတယ်၊ရေးချင်ဇောနဲ့အလောတကြီးရေးလိုက်မိတယ်။
မြန်မာနိုင်ငံလည်းသူတို့လမ်းစဉ်ကျင့်သုံးနိုင်မယ်ဆိုရင်နိုင်ငံသားစွန့်တဲ့လူဦးရေကျဆင်းသွားမယ်လို့ယုံကြည်ပါတယ်။
မှန်ပါ တယ်..
ဒွီဝယ် စီတီဇင် ကို တော့ထောက်ခံပါတယ်။ အဲဓီလို ဆိုရင် တော့ မဆိုးပါဘူး။ တိုင်းပြည် အခြေအနေကောင်းချိန်မှာ ကိုယ့်နိုင်ငံသားတွေ ပြန်လာနိုင်ဖို့ရျိပါတယ်။
ဒါပေမဲ့ ပြဿနာက စင်္ကာပူပါ။
ဆရင်ဒါမလုပ်ရင် စီတီဇင် မရဘူးမဟုတ်လား......
စီတီးလိုက်ဖ်မှာ ဘယ်လောက် ပျော်နိုင်ကြမလဲ....ပိုက်ဆံ ရှာ ကောင်းတဲ့အချိန် ဆို မဆိုးဘူး။ အိုလာရင် ဒုက်ခဖြစ်ရော..
အပြောင်းအလဲ ဆိုတာ ရှိလာမှာပါ...နောက် ၁၀ စုနှစ်တစ်ခု တောင် မစောင့်ရလောက်ဘူးထင်ပါတယ်။
အတက်ရှိရင် အကျ ဆိုတာ ရှိစမြဲပါ
Post a Comment