Wednesday, January 03, 2007

ကားတစီးဖြင့် ခရီးသွားခြင်း

“ရော့ … ကားသော့ … မင်းတို့ကားကို မင်းတို့ ပိုင်သွားပြီ၊ ကြိုက်ရာလမ်းကို စိတ်ကြိုက်မောင်းပေတော့”
((((((((((((ဟေး))))))))))))
***
ဟိုးအရင်တုန်းကတည်းက ကျမတို့ဆီမှာ ဘိုးဘွားပိုင် ကားကြီးတစီးရှိပါတယ်။
ကားကြီးပေါ်မှာ အဖိုးတန်ပစ္စည်းတွေအပြည့် ဆွေမျိုးသားချင်းတွေအပြည့်တင်ပြီး မောင်းနှင်နေတဲ့ အဲဒီကားကြီးကို ဘိုးဘွားတွေလက်ထဲကနေ တခြားသူတွေက အပိုင်စီး သိမ်းပိုက်ပြီး နှစ်တော်တော်ကြာအောင် မောင်းနှင်နေခဲ့ရာက တချိန်မှာတော့ ကိုယ့်ကားကိုယ် မောင်းနှင်ခွင့် ပြန်လည်ရရှိခဲ့ပါတယ်။
အားလုံး ပျော်ရွှင်ကြတာပေါ့။
တံခွန်လေး တလွင့်လွင့်ထူထားပြီး မောင်းနှင်နေတဲ့ ကားကြီးပေါ်မှာ မိသားစုဝင်တွေဟာ မြူးပျော် တက်ကြွလို့ … တေးသီချင်းတွေ သီဆိုဟစ်ကြွေးလို့ …။ တခါတလေတော့လည်း မိသားစုဝင်အချင်းချင်း မသင့်မမြတ်ဖြစ်ကြပါရဲ့။
“နင်ချည်းပဲ ခေါင်းခန်းမှာထိုင်နေတာပဲ၊ ငါလည်း ထိုင်အုံးမယ်၊” “ငါ့နေရာ ငါအပိုင် .. ဘယ်သူမှ လာမထိုင်နဲ့” စသဖြင့် တယောက်နဲ့တယောက် ငြိကြ အငြင်းပွားကြတာလေးတွေလည်း ရှိပါရဲ့။

ဒီလိုနဲ့ ခရီးရှည်ကြီးကို နှင်နေရင်း တနေ့တော့ (ကားသော့ရပြီး ၁၄ နှစ်အကြာ) မိသားစုဝင်ထဲက လူတယောက်ဟာ ယာဉ်မောင်းတာဝန်ကျသူဆီက ကားသော့ကို အတင်းလုယူပါတော့တယ်။ ဒီလိုလုယူတာကိုလည်း မိသားစုဝင်တွေ တယောက်နဲ့ တယောက် မညီညွတ်လို့ … သူက ၀င်ထိန်းရပါတယ်ဆိုပြီး ကြားကောင်းအောင် ပြောပါသေးတယ်။ တကယ်တမ်း သူက လူမိုက်ပဲ၊ သူ့ဆီမှာ တုတ်၊ ဓား စတဲ့ လက်နက်တွေရှိနေတော့ ကားသော့ကို သူရသွားပါတယ်။ ကားသော့ရတယ်ဆိုရင်ပဲ ဒီလူမိုက်ဟာ မောင်းချင်သလို မောင်း၊ ရမ်းချင်သလိုရမ်း၊ မကျေနပ်တဲ့သူ ကားပေါ်ကဆင်း ဆိုပြီး မောင်းထုတ်လို ထုတ်၊ သူနဲ့မတည့်သူတွေကို တုတ်နဲ့ ရိုက်လိုရိုက်၊ ကားပေါ်ကကန်ချလိုချ၊ အဲဒီလိုတွေ ရမ်းကားနေလေတော့တယ်။

ဒါ့အပြင် ကားကြီးပေါ်က အဖိုးတန်ပစ္စည်းတွေရောင်းပြီး သူ့ကိုယ်ကျိုးအတွက် သုံးတာတွေပါ လုပ်လာတော့ အားလုံးက မကျေနပ်ကြတော့ဘူး။ ဒါပေမဲ့ ဘယ်ပြောရဲမှာလဲ၊ သူ့ ဓားတွေ တုတ်တွေကြောက်တော့ ပြောချင်လည်း ငြိမ်နေကြတာပေါ့။ ငြိမ်မနေဘဲ ပြောမိသူ တချို့တလေလည်း ကားပေါ်ကနှင်ချခံရတာတို့ တုတ်စာကျွေးတာတို့ ခံရပြန်ပါတယ်။

သူနဲ့ သူ့အပေါင်းပါတွေသာ ကားသော့ကို အပိုင်စီး ကားကြီးကို သိမ်းပိုက်ပြီး ခရီးနှင်လာလိုက်တာ … တော်တော်ကြာသွားပါတယ်။ ကားပေါ်ကလူတွေလည်း စိတ်ညစ်တဲ့သူညစ်၊ စိတ်ဓာတ်ကျသူကျ၊ အရင်လို တက်ကြွမှုဆိုတာ မရှိသလောက်ပဲပေါ့။ ကားပေါ်ကပစ္စည်းတွေလည်း တစတစ နည်းနည်း လာပါပြီ။ လူတွေလည်း ငတ်တလှည့် ပြတ်တလှည့်ပေါ့။ မျိုသိပ်ထားတာတွေ ပေါက်ကွဲလာတဲ့ တနေ့မှာ (ကားသော့လုယူပြီး ၂၆ နှစ်အကြာ) ကားပေါ်ကလူတွေ တညီတညွတ်တည်း ၀ိုင်းပြီးပြောကြ အော်ကြတော့ ဒီလူလည်း မနေသာတော့ဘဲ ကားသော့ကို တခြားလူ အပ်ဖို့အတွက် အများသဘောထားကို တောင်းခံလိုက်ရပါတယ်။

ဒါပေမဲ့ … မထူးဇာတ်ကို ဆက်ကရသလို …
ကားကြီးတိမ်းမှောက်မှာ စိုးလို့ ကားသော့ကို ပြန်ယူလိုက်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့တပည့်လက်သစ်တွေဟာ ကားသော့ကို သူတို့လက်ထဲ မလိမ့်တပတ် ပြန်ယူခဲ့တယ်။
အများပိုင်ကားကြီးကို သူတို့ပိုင်သလိုလို “ငါ့ကားငါဆွဲ၊ ချောက်ထဲရောက်ရောက်..” ဆိုပြီး မောင်းချင်သလို လျှောက်မောင်း … ။ ကားထဲကပစ္စည်းတွေလည်း ထုတ်ရောင်းစား။
နောက်လာတဲ့ မောင်ပုလဲ၊ ဒိုင်းဝန်ထက် ကဲ ဆိုသလို …. လူမိုက်တွေမောင်းနှင်တဲ့ ကားကြီးဟာ တဖြည်းဖြည်းနဲ့ စက်သံတောင် သိပ်မမှန်ချင်တော့ဘဲ ဂျုံးဂျုံးကျလာခဲ့တော့တယ်။

ထုံးစံအတိုင်း ကားပေါ်ကလူတွေကိုလည်း သူတို့စိတ်နဲ့မတွေ့ရင် မောင်းထုတ်၊ ကန်ချ .. စသဖြင့် အရင်နည်းတွေသုံးပြီး နှိပ်စက်နေဆဲပါပဲ။ မခံနိုင်တဲ့သူ တချို့လည်း သူတို့ဟာသူတို့ပဲ တခြားကားပြောင်းစီးလိုစီး၊ ကားပေါ်ကခုန်ချလိုချ၊ ကားရပ်တုန်း ထွက်ပြေးလိုပြေး …ဝေးရာကိုသွားကြလေရဲ့။ မတတ်သာလို့ ကားပေါ်ကျန်နေသူတွေထဲမှာ …
စိတ်ပျက်လက်ပျက်နဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေသူတွေရှိသလို ဒီကားကြီးရဲ့ ကားသော့ပြန်ရဖို့ ကြိုးစားနေသူ တွေလဲ ရှိတယ်။ ကားကြီးကို အမှီပြုပြီး ကြီးပွားနေသူတွေလည်း ရှိသပေါ့လေ။
ဒီလိုပါပဲ ဝေးရာသွားတဲ့လူတွေထဲမှာလည်း တခြားတခြားသော ကားတွေပေါ်က လူတွေရဲ့ အကူအညီနဲ့ ကားသော့ပြန်ယူဖို့ ကြိုးစားနေတဲ့သူတွေရှိသလို ကားစုတ်ကြီးပေါ်က ငါလွတ်မြောက်သွားပြီဆိုပြီး စိတ်အေးလက်အေး နေနေသူတွေလည်း ရှိပါတယ်။

ကားကြီးကတော့ ဖွတ်ချက် ဖွတ်ချက်နဲ့ တရွေ့ရွေ့မောင်းနှင်နေဆဲ။
ကားအင်ဂျင်ကလည်း ကျနေပြီ၊ ဆီကလည်း ကုန်လုပြီ။
ဘက်ထရီလည်း ဒေါင်းတော့မယ်၊ ဘော်ဒီကလည်း တောင့်တင်းခိုင်မာမှု မရှိတော့ဘူး။
အမိုး နဲ့ ထိုင်ခုံတွေကိုလည်း ဖြုတ်ရောင်းစားထားတာကြာပြီ။
ကားပေါ်မှာ လူတွေကို ၀က်တင်သလို ပြွတ်သိပ်တင်ပြီး နေပူပူ မိုးရွာရွာ လေပြင်းပြင်း နှင်းထန်ထန် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ … ခံကြလို့များ မပြောရုံတမယ်ပါပဲ။
ဆင်းရဲ ကြပ်တည်း ဒုက္ခတွေ တပုံတပင်နဲ့ …. ကားစုတ်ကြီးပေါ်မှာ… မျှော်လင့်ချက်မဲ့စွာ ….။

မောင်းနှင်သူတွေကတော့ ကားရှေ့ခေါင်းခန်းမှာ ကျော့ကျော့မော့မော့ ပြုံးလို့ပျော်လို့ပေါ့။
အင်း …. ဒီလူတွေလက်ထဲ ကားသော့ရောက်တာ ၁၈ နှစ်ကျော်လို့ ၁၉ နှစ်ထဲ ရောက်လုပါပေါ့လား။
ပြန်တွက်ကြည့်ရင် … ကိုယ့်မိသားစုပိုင်ကားကို ကိုယ့်မိသားစုဝင်က မောင်းနှင်ခွင့်ရတာ … ၅၉ နှစ်ရှိပြီ။
မိသားစုဝင် လူမိုက်တွေရဲ့လက်ထဲ ကားသော့ရောက်တာ ဆိုရင် ၄၅ နှစ်တောင် တိုင်တော့မယ် …။
ကားကြီးနဲ့ ကားပေါ်က လူတွေရဲ့ဘ၀ဟာ တစတစ ဆုတ်ယုတ်လို့ပါပဲ … ။

ဘယ်မှာလဲ တိုးတက်မှု၊
ဘယ်မှာလဲ လွတ်လပ်မှု၊
ဘယ်မှာလဲ ပျော်ရွှင် ချမ်းမြေ့မှု၊
ဘယ်မှာလဲ ဖြောင့်ဖြူးတဲ့ ခရီးလမ်း၊
ဘယ်မှာလဲ လှပတဲ့ အနာဂတ်၊
***
အဲဒီကားကြီးပေါ်မှာ … ခုချိန်ထိ ကျမ စီးနင်းလိုက်ပါနေဆဲပါ။
ဘယ်တော့များ ချောက်ထဲကျသွားမလဲ တထိတ်ထိတ်နဲ့ပေါ့။
ဒီလူတွေလက်ထဲက ဘယ်တော့လွတ်မြောက်မလဲလို့လည်း မျှော်လင့်တကြီး စောင့်စားလို့ … ။
လွတ်လပ်စွာ မောင်းနှင်ခွင့် ရခဲ့ပေမဲ့ … ကျမတို့ ဘ၀တွေဟာ မလွတ်မြောက်သေးပါဘူး။

ဘာပဲဖြစ်ဖြစ် ….
တချိန်ချိန်မှာတော့ ….
အမှန်တကယ် လွတ်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ …. စိတ်ဓာတ်မကျအောင် ကိုယ့်ကိုယ်ကို အားပေးလို့သာ နေရပါတော့တယ်။
***
မေဓာဝီ
4.1.07
00:00 am

13 comments:

boedawgyi said...

:)

ကလိုစေးထူး said...

လွတ်လပ်ရေးနေ့မှာ ဖတ်ဖြစ်တဲ့ စာတွေထဲမှာ ရသအစုံ ပေးနိုင်စွမ်းတဲ့ ပို့စ်ပါပဲ.. ကွန်ဂရက်ကျူးလေးရှင်း အမ..

Anonymous said...

အင်း...ဟုတ်ပါရဲ့ဗျာ...

ဒီကားကြီးကို အမွေဆက်ခံကြရမဲ့နောက်လူတွေ အတွက်က တို့ဘိုးဘွားအမွေမို့ ချစ်မြတ်နိုးလျက်ရှိပေမဲ့..
ပိုက်ဆံလည်းတတ်နိုင်တယ်..အကူအညီပေးမဲ့သူလည်းရှိတယ်
ဒါပေမဲ့..ကားသော့ကိုဘယ်လိုပြန်ယူရမလဲ မသိသေးဘူးဗျာ..

ဒီလိုနဲ့တို့တစ်တွေလည်း ဆေးရောင်သစ်လွင် အင်ဂျင်အသစ်တပ်ထားတဲ့ ကားကြီးကိုတော့ စိတ်ထဲ မြင်ယောင်မိပါရဲ့.
သို့သော်လည်းလေ ..ဘယ်နေ့မှန်းမသိရသေး..

generation96 said...

မချီးကျူးပဲနေလို့မရပါ မမေဓာ။

KGYG EI said...

အင်း ကားပေါ်ကလည်း မဆင်းချင် ကားပေါ်မှာလည်းမသေချင် ကားကလည်း အမြန်ပြင်ဖို့ လိုနေပြီနော်

အမွန် said...

သိပ်ကောင်းပါတယ်မမေ..
စာအုပ်ထုတ်ပါလားဟင်..
ထိပ်တန်းစာေ၇းဆ၇ာတွေ၇ဲ့လက်ကို ကောင်းကောင်းမီပါတယ်..

TZA said...

တကယ်ပဲလွတ်လပ်တဲ့လွတ်လပ်ရေးနေ့အမြန်ရောက်ပါစေ။

Ka Daung Nyin Thar said...

ကိုယ့်ကိုယ်ကို ယုံကြည်မှုမွေး အားတင်းထားပါ မမေ..
မမေတို့ ကျနော်တို့ တတ်စွမ်းရာ ပါဝင်ကြရပါမယ်..

Anonymous said...

what is magnificent thought!!
Bravo Ma Maydarwi.

CMS said...

အရေးအသား တကယ်ကောင်းတယ်ဗျာ အတွေးမမြင်တွေလည်း အများကြီးရတယ် ဆက်လက်အားပေးနေပါတယ် အစ်မ

seinmyoutmyout said...

ိမရောက်တာကြာပီ။ မအားတာရယ် အင်တာနက် ကောင်းကောင်းမသုံးနိုင်တာရယ်ကြောင့်။
ဘာဘဲဖြစ်ဖြစ် အမရေးတာတွေ တစ်ဝကြီးဖတ်လိုက်ရတယ်။ ဒူးသာဒူးအမရေ....
တစ်ချိြူ့ကိုက်တာလေးတွေကို ဒီက စာစောင်တွေမှာ တင်လို့ရမလား။

tun said...

အစ်မရယ်တော်တော်စာရေးကောင်းပါလား။ မချီးကျူးဘဲမနေနိုင်ဘူးဗျာ။ အင်း... ဒီကားကြီးကိုပြင်ဖို့ကတော့ ကျနော်တို့အားလုံးရဲ့ တာဝန်ပါပဲအစ်မရယ်။ ခက်တာက ပြင်မယ့်သူတွေကိုယ်တိုင် ကိုယ့်အိုင်ဒီယာနဲ့ကိုယ် အမျိုးမျိုးဖြစ်နေသလားလို့ဗျာ။

Thet Oo said...

Youtube မှာ တင်ထားတဲ့ လူမိုက်တို့၏သွားရာလမ်း (သီတဂူဆရာတော်) ရဲ့ ဗီဒီယို ကိုကြည့်ပြီးပြီးချင်းပဲ ဒီပို့စ်ကို ဖတ်မိတာ... အင်း လူမိုက်... လူမိုက်...
http://www.youtube.com/watch?v=t1xyA4fv5po&feature=related