Tuesday, January 02, 2007

အားလုံးရဲ့ အနားမှာ ....

ဒီနေ့ …
ဒီနေ့လို့ပဲ ဆိုပါတော့ …
အင်္ဂလိပ်နေ့မှာတော့ ၁၂ နာရီကျော်တာနဲ့ နောက်တနေ့ကူးပြီပေါ့။ ဇန်န၀ါရီ ၃ ရက် ရောက်ပြီလို့ ဆိုရမယ်။
မြန်မာနေ့တနေ့တာအတွက်ဆိုရင်တော့ ဒီနေ့ ပြာသိုလပြည့်နေ့ ဟာ မကုန်သေးပါဘူး။
အရုဏ်တက်ခါမှ နေ့သစ်ကူးမှာဆိုတော့ … ဒီနေ့ထဲမှာပဲ ရှိသေးတယ်သဘောထားပြီး ဒီနေ့လို့ပဲ သုံးလိုက်ပါရစေ။

ဒီနေ့ မနက်ဈေးသွားတော့ နေတော်တော်နဲ့ မထွက်တာ သတိထားမိတယ်။ ခါတိုင်း အိမ်ကထွက်တာနဲ့ အရှေ့ဘက်က ရောင်ခြည်ဖြာနေတဲ့ နေမင်းကြီးကို ကြည့်ပြီး ဥဒေတယံ ဂါထာရွတ်ဖြစ်တယ်။ ဒီနေ့ နေမထွက်သေးလို့ ကြည့်စရာ နေမင်းမရှိပေမဲ့ ရွတ်နေကျအတိုင်း နေမင်းကို ရည်မှန်းပြီးတော့ပဲ ရွတ်လိုက်ပါတယ်။
ဈေးအပြန်ကျမှ နေရောင်ခြည်တစွန်းတစကို မြင်ရတယ်။ နေထွက်နောက်ကျပေမဲ့ အအေးဓာတ်ကတော့ နည်းနည်း လျော့သွားသလိုပါပဲ။

ညဘက်ကျတော့လည်း လပြည့်ညပေမဲ့ ကောင်းကင်ထက်မှာ လက ထိန်ထိန်မသာနိုင်ရှာပါဘူး။ နှင်းငွေ့တွေ မြူငွေ့တွေနဲ့ လမင်းလည်း ခပ်မှိန်မှိန်သာ လင်းရရှာတယ်။
လမင်းကိုကြည့်နေရင်းနဲ့ ပြာသိုလပြည့်ကို အမေများနေ့ လို့ သတ်မှတ်ထားကြတာ သွားသတိရမိရင်းက
အဝေးရောက် အမေ့ကိုပါ တဆက်တည်း သတိရလိုက်မိတယ်။
အမေ …နေမှကောင်းရဲ့လား။

တကယ်တော့ ….
နေ့တိုင်း အမေ့ကို သတိမရသင့်ဘူးလား … လို့ ကိုယ့်ကိုယ်ကို ပြန်မေးဖြစ်ပါတယ်။
ကိုယ့်ကို လူ့လောကထဲရောက်အောင် ခေါ်ဆောင်ပေးတဲ့ အမေကို … အမေနေ့ကျမှ သတိရရမတဲ့လား။

များသောအားဖြင့်တော့ ကျမတို့တွေဟာ လူထက် နေ့ရက်တွေကို သိပ်ပြီး တန်ဖိုးထားကြတယ်။
ဒီနေ့ရောက်မှ ဒါကို လုပ်မယ်ဆိုတဲ့ အစွဲမျိုးတွေ ထားလေ့ရှိကြပါတယ်။

ကိုယ်အသက်ရှင်နေထိုင်နေသမျှ …နေ့တိုင်းဟာ အမေနေ့လို့ မဆိုနိုင်ဘူးလား … ကျမစဉ်းစားကြည့်မိတာပါ။
နေ့တိုင်း အမေ့ရဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ သတိရသင့်တာပေါ့။
ကျမတို့ မေ့နေတတ်ကြပါတယ်။
တိုက်ဆိုင်မှုလေးတွေရှိမှ …
ခုလို ရက်အခါမျိုးကြုံမှ …
ဒုက္ခတွေနဲ့ ရင်ဆိုင်ရတော့မှ …
အမေ့ကိုသတိရ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ….
အမေတိုင်းကတော့ မေတ္တာစိတ်နဲ့ ခွင့်လွှတ်နေကြမှာပါပဲ …. ။
နေရောင်ခြည်ဟာ လိုချင်သူရော မလိုချင်သူအပေါ်ပါ နွေးထွေးမှုကို ပေးသလို …
လရောင်ဟာ တမ်းတသူရော မတမ်းတသူအပေါ်ပါ အေးချမ်းမှုကို ပေးသလို …
အမေ့မေတ္တာတွေကလဲ သတိရသူကိုပဲဖြစ်ဖြစ် … သတိမရသူကိုပဲ ဖြစ်ဖြစ် … ချမ်းမြေ့စွာ ဖြန့်ကျက်ပေးထားမယ် လို့ ယုံကြည်ပါတယ် … အမေ … ။

ကြည့်တတ်ရင် မြင်ပါမယ် …
ခံစားတတ်ရင် ရပါမယ် …

နေမထွက်ပေမဲ့ …နေ့ဘက်မှာ နေမင်းရှိနေသလို ….
လမသာပေမဲ့ … ညဘက်မှာ လမင်းရှိနေသလို …

အမေ့မေတ္တာဓာတ်တွေဟာ … အားလုံးရဲ့ အနားမှာ ရှိနေပါတယ်။
***
အဝေးရောက် အမေနှင့် … အားလုံးရဲ့ အမေများသို့ …
***
3.1.07
0:22 am

(ညက ကမန်းကတန်းတင်လိုက်တာ စာ နှစ်ကြောင်းပြုတ်ကျကျန်ခဲ့လို့ ထပ်ဖြည့်လိုက်ပါတယ်။)

2 comments:

ကလိုစေးထူး said...

ဒီတခါတော့ ထူးထူးခြားခြားကိုပဲ ပို့စ်အသစ်မှာ ဘယ်သူမှ ကွန်မန့်မရေးခင် ကျနော်ဖတ်ရတယ်ဗျ... အမေအကြောင်း ရေးထားတော့ အမေ့ကို သတိရမိပြန်ရော... ခလုတ်ထိမှ အမိတ ဆိုတာကျနော့်လိုကောင်မျိုးအတွက် ပိုလို့ မှန်နေတယ်ဗျာ... ခလုတ်တွေကလဲ ခဏခဏ ထိနေတော့ အမိကလဲ ခဏခဏ တနေမိတာပေါ့..

ThuHninSee said...

မွန်လဲ လွမ်းတယ်..မမေ၇ယ်