Monday, January 15, 2007
ချိုတမြမြ … ခါးသလေလေ့ …
တနေ့က အနောက်ဖက်အိမ်က အမကြီးတွေဆီရောက်တော့ သူတို့ဟင်းချက်နေတာနဲ့ မီးဖိုထဲထိဝင်သွားပြီး စကားစမြည်ပြောဖြစ်ပါတယ်။ ပြန်တော့မယ်လို့ နှုတ်ဆက်ခါမှ … ခဏလေး ခဏလေး ဆိုပြီး ကြောင်အိမ်ပေါ်တင်ထားတဲ့ ပုလင်းတလုံးကိုယူလို့ ဖန်ခွက်ထဲ အရည်လေးတွေငှဲ့ပေးပြီး ..
“ထရေ (ထန်းရည်) ချိုလေး ၀ယ်ထားလို့ သောက်ကြည့် အရမ်းချိုတာပဲ” လို့ ပေးလာပါလေရော။
ကရင် ထန်းလျက်အိုးတွေ့တယ်ဆိုမလား၊ ရခိုင်ငပိအိုးတွေ့တယ်ဆိုမလားဘဲ ..။ ကျမလည်း ထန်းရည်ပုလင်း နဲ့တွေ့တော့ မငြင်းဘဲ သောက်လိုက်မိတော့တာပေါ့။
ချိုလည်း အတော်ချိုပါတယ်။
ရှလည်း အတော်ရှပါတယ်။
ဒါပေမဲ့ တခွက်သောက်အပြီးမှာ ချိုချိုရဲရဲ ပါးစပ်ထဲ ချွဲသွားလို့ ထန်းရည် မစစ်ဘူးဆိုတာတော့ အတွေ့အကြုံအရ လျှာက သိလိုက်သား။ အားနာလို့သာ ဘာမှမပြောလိုက်တာ၊ နောက်တခွက် ထပ်မသောက်ဖြစ်တော့ပါဘူး။
ထပ်မသောက်ဖြစ်ပေမဲ့ သောက်ခဲ့ဖူးတဲ့ ထန်းရည်တွေအကြောင်း သတိရလို့ .. ဒီစာကိုရေးလိုက်ရပြန်ပါပြီ။
***
ထန်းရည်ကို စသောက်ဖူးတဲ့အရွယ်က တော်တော်တော့ ငယ်ပါသေးတယ်။ ဘယ်အရွယ်လဲတော့ မမှတ်မိတော့ဘူး။ ထန်းရည်ဆိုတာဘယ်လိုရမှန်းမသိ၊ အုန်းရည်လိုမျိုး အသီးထဲပါလာတဲ့ အရည်လို့သာ ထင်နေသေးတဲ့အရွယ်ပေါ့။
တရက် .. အဖေတို့ အသိတွေ သာယာဝတီဘက်က အိမ်ကိုလာလည်ကြတော့ ထန်းရည်တွေ ပုံးကြီးနဲ့ တပုံး ပါလာပါတယ်။ ထန်းရည်ချိုသောက်ရင် ဆီးကောင်းတာလား ဘာကောင်းတာလဲတော့မသိပါဘူး၊ လူကြီးတွေလည်း သောက်ကြတော့ ကျမလည်း တခွက်တဖလား ၀င်နွှဲပါတယ်။ အဲဒီအရွယ် ခပ်ငယ်ငယ်ထဲက ထန်းရည်ရဲ့ အရသာကို တခွက်သောက်လိုက်တာနဲ့ ကြိုက်သွားတယ်ထင်ပါရဲ့။ ဒါနဲ့ပဲ ခွက်ကလေး ထိုးထိုးပေးပြီး ဘယ်နှစ်ခွက်မှန်းမသိ သောက်နေခဲ့တာ။ သောက်နေရင်း ပျင်းလာတာနဲ့ ဟိုဟိုဒီဒီကြည့်တော့ ကြောင်အိမ်ပေါ်မှာတင်ထားတဲ့ ပဲကြီးလှော်ပုလင်း သွားတွေ့တယ်။ ဒါနဲ့ ပဲလှော်လက်တဆုပ်ကို အိတ်ထောင်ထဲ ထည့်ပြီး ထန်းရည်လေးသောက်လိုက် ပဲလှော်လေးဝါးလိုက်နဲ့ ဟုတ်နေတော့တာပေါ့။ အဲဒါကို မြည်းတယ်ရယ်လို့လည်း မသိပေါင်။ အဟုတ်ပြောတာ။
ဝမ်းကွဲအကိုက မြင်တော့ မေးတယ်။ ဘာတွေစားနေတာတုန်း … ဆိုတော့၊ ပဲကြီးလှော် ..ပေါ့။ တဖက်မှာက ထန်းရည်၊ ဆိုတော့ကာ အကို့မှာ အံ့အားတွေသင့်ပြီး ထန်းရည်ကို ပဲလှော်နဲ့မြည်းရတယ်လို့ နင့်ဘသူပြောတုန်း လို့မေးတယ်၊ ဟင့်အင်း မသိဘူးလေ … စားချင်လို့စားတာပဲ စားလို့ကောင်းသားပဲ … ဘာဖြစ်လို့လဲ … ဆိုတော့ …သြော် ..တောက်မဲ့မီးခဲ တရဲရဲ .. သင်မပေးဘဲ တတ်ရှာတယ်ဆိုပြီး နားရွက်ဆွဲလွှတ်လိုက်တာပါပဲ။
ထန်းရည်ရဲ့ အရှိန်ကလည်း တက်နေ အကိုကလည်း နားရွက်ဆွဲလိုက်တော့ နားရွက်ဖျားကပူပူထူထူနဲ့ ခဏအကြာ လူလည်း ရီဝေေ၀ဖြစ်ပြီး အိပ်ပျော်သွားတယ်ထင်ပါရဲ့။
အဲဒါကတော့ ပထမဆုံး ထန်းရည်သောက်ဖူးခြင်းပါ။
နောက် .. ရှစ်တန်း ကိုးတန်း နှစ်လောက်မှာ အဒေါ်မိသားစုရှိတဲ့ ပျဉ်းမနားမြို့နဲ့ မနီးမဝေး အေလာဆိုတဲ့ တောမြို့ကလေးကို နွေကျောင်းပိတ်ရက် အလည်အပတ်ရောက်ရာက ထန်းရည်နဲ့ ပြန်တွေ့ပါတော့တယ်။
အဲဒီအချိန်ကျတော့ …
နွေဦးကာလ မြူထသောခါ … ဘာဘာညာညာတွေ သင်ဖူး ဖတ်ဖူးထားပြီမို့ ထန်းနဲ့ပတ်သက်တဲ့ ဗဟုသုတလည်း ရတန်သလောက်တော့ ရနေပါပြီ။
ကျမကြိုက်မှန်းသိလို့ အဒေါ်ရဲ့သားလေးက ရွာထဲကနေ ထန်းရည်တွေဝယ်ဝယ်လာပြီး တခါတရံ ကျမကို ဧည့်ဝတ်ပြုလေ့ရှိပါတယ်။ တော်တော်အလိုက်သိတဲ့ မောင်လေးပါ၊ (အဲဒီကျေးဇူးတွေ ဆပ်တဲ့အနေနဲ့ ဟိုတလောက သူ့ကို ဘီယာပြန်တိုက်လိုက်ရပါသေးတယ်။)
တနေ့တော့ ဦးလေးက အေလာနဲ့ မနီးမဝေး (ဘယ်နှစ်မိုင်ကွာလဲ မမှတ်မိတော့ပါဘူး)ကြောင်ရေရွာက သူ့တပည့်အိမ်ကို သွားကြမယ် လိုက်ခဲ့လို့ ခေါ်တာနဲ့ စက်ဘီးလေးတွေ ကိုယ်စီနင်းရင်း ကြောင်ရေရွာကို သွားကြတယ်။ ဦးလေးရဲ့ တပည့်က စပယ်ရှယ်ထန်းရည်နဲ့ အမြည်းစုံကို စီစဉ်ထားတာပါ။ ကြောင်ရေက ထန်းရည်ကနာမည်ကြီးဆိုပဲ၊ ဟုတ်မဟုတ်တော့ မသိပါဘူး၊ သောက်လို့တော့ ကောင်းသား။
ဦးလေးတပည့် ကိုယ်တိုင်ချပေးတဲ့ ထန်းရည်စစ်စစ်တွေကို မြူအိုးလေးထဲကနေ ခပ်ခပ်သောက်ရင်း ဘယ်နှစ်အိုးကုန်မှန်းမသိ တော်တော်သောက်လိုက်ကြပါတယ်။ အမြည်းတွေအစုံပါပေမဲ့ ထန်းရည်နဲ့ လိုက်ဖက်အညီဆုံးကတော့ ပဲခြမ်းကြော်သုတ်ပါ။
ကြက်သွန်နီများများ၊ ငရုတ်သီးစိမ်းပါးပါးလှီးပြီး ဆီရွှဲရွှဲဆမ်းထားတဲ့ ပဲခြမ်းကြော်သုတ်ကတော့ ကျမအကြိုက်ဆုံးမို့လား မသိပါဘူး။ ထန်းရည်နဲ့တော်တော်လိုက်ပါတယ်။
(ပြောနေရင်းစားချင်လာပြီ၊ :P)
ဒီလိုနဲ့စားသောက်ပြီး အိမ်အပြန်မှာတော့ တော်တော်လေး မူးယစ်ရီဝေနေပါပြီ။ စက်ဘီးကိုနင်းရင်း သီချင်းတွေဆိုရင်း … ထန်းရည်ရဲ့အရှိန်ကလည်း လေတိုက်တိုင်း တရိပ်ရိပ်တက်လို့ပေါ့။ စက်ဘီးမနင်းနိုင်တော့တဲ့အခါ လမ်းဘေးက ဇရပ်လေးတွေမှာ ခဏနား … စကားတွေပြောလိုက် တဟားဟားရယ်လိုက် ဘာမှန်းမသိ အူတွေရွှင်နေလိုက်တာဆိုတာ။ မှတ်မှတ်ရရ တော်တော်မူးအောင် သောက်ခဲ့ကြတာပေါ့။
သူများတွေကတော့ ထန်းရည်နံ့ကြီးဆိုးလှတယ်ဆိုပြီး တယ်မကြိုက်ချင်ကြပါဘူး။ ခုနမောင်ဝမ်းကွဲဆို ထန်းရည်ရဲ့ အနံ့ကို မကြိုက်ဘူး၊ မူးချင်လို့သာ သောက်တယ်ဆိုပဲ။ ကျမက အရသာခံပြီး တငုံချင်းသောက်နေတာမို့ သူက အံ့သြတယ်။ ဒီအရသာကြီးများ ကြိုက်ရသလားရယ်လို့ပေါ့။ ကျမစိတ်ထဲတော့ နံတယ် မထင်ပါဘူး။ ကိုယ်ကြိုက်ရင် ကောင်းကြစမြဲမဟုတ်လား။
တက္ကသိုလ်တက်နေတုန်းတော့ သူငယ်ချင်းတွေနဲ့ သန်လျင်ထန်းရည်ကောင်းတယ်ဆိုလို့ သွားသောက်ဖြစ်ကြ ပါသေးတယ်။ ရန်ကုန်မှာတော့ ထန်းရည်ကောင်းကောင်း ဘယ်မှာရနိုင်တယ် မသိပါဘူး။ အတုတွေက များတာပဲ။ ကျောင်းတက်နေတုန်းက ကန်တော်မင် ပန်းခြံထဲက လဖက်သုတ် ဂျင်းသုတ်ဆိုင်လေးမှာ ထန်းရည်ရတတ်တယ်ဆိုလို့ တခါတလေ သွားသောက်ဖူးပါတယ်။ သိပ်တော့ မကောင်းလှပါဘူး။
ထန်းရည်ဆိုတာမျိုးကလည်း ဆိုင်ကြီးကန္နားကြီးမှာ ပုလင်းတွေဖန်ခွက်တွေနဲ့ ထိုင်သောက်လို့ အရသာရှိမယ် မထင်ပေါင်။ ထန်းလက်တဲလေးထဲမှာ တင်ပလ္လင်ခွေထိုင်၊ မြေအိုးကလေးထဲက ထန်းရည်တွေကို ခပ်စုတ်စုတ်ခွက်ကလေးနဲ့ နှစ်ခပ်ပြီး သောက်ရမှ သူ့အနှစ်သာရပိုပေါ်လွင်မယ် ထင်ပါရဲ့။ ဒီလိုဆိုတော့ ကျမကို ဒါမျိုး စုတ်တီးစုတ်ပြတ်တွေမှ တော်တော်သဘောကျတယ် ထင်ကြလေမလားမသိ။
တကယ်တော့ … သပ်ရပ်ခြင်း စုတ်ပြတ်ခြင်းဆိုတာထက် … ကျမက လွတ်လပ်ခြင်းရဲ့ အရသာကိုပါ ခံစားသုံးဆောင်လိုလို့ပါပဲ။
ကဲ …. ထန်းရည်ဋီကာချဲ့နေတာလည်း ရှည်လှပေါ့၊ ဒီလောက်နဲ့ပဲ နားကြဦးစို့ရဲ့။
***
13.1.07
12:45 pm
Subscribe to:
Post Comments (Atom)
4 comments:
အားပါးပါး.. ၀ါရင့်ပညာရှင်ပါလား အမရယ်.. ထန်းရည်ကို ဖွဲ့နွဲ့ထားတာများ အမျိုးသား ထန်းရည်သမားတွေ နောက်ကောက်ကျလောက်ပါရဲ့။ ဒီစာဖတ်ပြီး ကျနော်လဲ လေချဉ်တက်လာတယ်ဗျ.. ထန်းရည်ကို အာပြဲခြောက်ကြော်နဲ့မြည်းတာလဲ ကောင်းတယ်ဗျ.. ကြွက်ကြော်ဆို ပိုကောင်း။ :P
That's is a good one indeed, the art of drinking toddy... :P
Please come and join, you are invited to come to my native town where there are plenty of toddy trees as well as plum trees.
I like yesterday POST that was about PLUM tree too.
TODDY is very natural compared to the modern beer, there are two kinds, SWEET ,fresh one which is very sweet, without yeast, this kind can be get normally in the early morning, the best time is when the man just climb down form the tree.
The others is the bitter, which include yeast, that can available the whole day and suitable with beans salad as you said in the post.. really ...YUMMY... then.. ...
I mean ......
Drinking toddy form the smoked black collecting pot with coconut cups.....then try to get a ride with your bike ... How niceeeeeeeee.....
THE ART OF DRINKING TODDY :)
Not many country can get that kind of things in this world.....
Prince
ပါဒကြီးက ထန်း၇ည်သောက်ဘူးလား..
အချိုပဲသောက်ဖူးတယ်..
ရီဝေေ၀ဖြစ်တဲ့ဟာကို မခံနိုင်လို့..
ထန်း၇ည်ချိုတော့ကြိုက်တယ်
ဟုတ်တယ် ထန်းရည်နဲ့ အလိုက်ဆုံးကတော့ ပဲခြမ်းကြော်သုပ်ပဲ၊ ဒါပေမယ့် လယ်ကြွက်ကြော်လေးနဲ့လဲကောင်းပါ့နော်၊ ပြီးတော့ ကွပ်ပျစ်ပေါ်အကျအနထိုင်ပြီး သောက်ရတာပိုကောင်းတယ်ဗျ၊ ထိုင်နေရာက ထလိုက်တာနဲ့ မူးဝေေ၀လေး တစ်မျိုးပဲ၊ လေတိုက်ရင် ပိုးမူးရော.... :)
Post a Comment