Tuesday, January 23, 2007

သွားရှာပြီပေါ့ ဧည့်သည်ကြီး …


ဆေးလိပ်လည်း တို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ … ။ ။

***
စာသားလေး သုံးကြောင်းသာပါပဲ၊ ဒါပေမဲ့ အဓိပ္ပါယ်ရှိလှတယ်။ လောကရဲ့ မတည်မြဲခြင်း အနိစ္စ တရား နဲ့ သင်္ခါရတရား ကို ဖော်ညွှန်းပြထားတဲ့ ဒီ “ဧည့်သည်ကြီး” ကဗျာဖန်တီးရှင်ဟာ ဒီကနေ့မှာပဲ … အားလုံးကိုခွဲခွါလို့ ဘ၀တပါး ပြောင်းလဲ သွားခဲ့ပါပြီ။ သူ့ဘ၀ရဲ့ နေ၀င်ချိန်တောင် ရောက်ခဲ့ပါပေါ့လား။
***
ငယ်စဉ်တောင်ကျေး ကလေးဘ၀တတည်းက သူ့ကဗျာတွေနဲ့ ရင်းနှီးခဲ့ရတယ်၊
သူဟာ ကလေးတွေကို အရေးတယူပြုပြီး ကလေးများအတွက် ဆိုလွယ် ဖတ်လွယ် နားလည်လွယ်တဲ့ ချစ်စရာ ကဗျာလေးတွေ ဖန်တီးပေးခဲ့သူ တဦးပါ။

နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကိုသွားကြမယ် … ဆိုတဲ့ “အမေ့ကျောင်း” ကဗျာလေး …

မနီကလေး ဘယ်ကလာ
အိမ်ကထွက်လို့လာ …
မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား … ဆိုတဲ့ “ထီးကလေးနဲ့ မနီ” ကဗျာတွေ …

နွားနို့သယ် .. နွားနို့သယ် ..
မုတ်ဆိတ်ဖွားနဲ့ ကုလားကြီးရယ်
ပေးပါအုံးကွယ် နို့တခွက် .. ပူစီလျှာနဲ့လျက် … ဆိုတဲ့ “ပူစီ” ကဗျာလေးတွေ …

ကလေးအရွယ် ငယ်ငယ်တုန်းက အရမ်းချစ် အရမ်းမြတ်နိုးစွာ စွဲစွဲလန်းလန်း ရွတ်ဆိုခဲ့ဖူးပါတယ်။
***
အသက်တွေကြီးလာတော့ သူ့ရဲ့ ကလေးကဗျာလေးတွေနဲ့ ဝေးခဲ့ရပေမဲ့ … လေလှိုင်းထဲကတဆင့် သူ့ရဲ့အသံကို နားထောင်ခဲ့ရပြန်တယ်။ သူ့ကဗျာတွေ စာတွေကိုလည်း အင်တာနက် စာမျက်နှာတွေပေါ်မှာ ဖတ်ရှုခဲ့ရတယ်။
သူဟာ မြန်မာပြည်ရဲ့ အဝေးမှာ ရောက်နေတာတောင် မြန်မာပြည်သူပြည်သားတွေအတွက် မြန်မာစာပေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ဝေငှပေးနေတုန်း … စာပေတာဝန်ကို ရောက်တဲ့အရပ်မှာ ထမ်းဆောင်နေတုန်း။ ကဗျာတွေ စာတွေ စဉ်ဆက်မပြတ် ရေးသားနေတုန်း … ။

သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့မှတ်တမ်းများ … ဆိုပြီး စကားပြေနဲ့ ရေးတဲ့ ကဗျာ ၅၅ ပုဒ် ကိုလည်း ထူးထူးခြားခြား မှတ်သား ဖတ်ရှုခဲ့ရဖူးပါတယ်။
ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

အဲဒီ ထဲက တပုဒ်ကို ကောက်နုတ်ဖော်ပြလိုက်ပါရစေ … ။
***
ယပ်တောင်ကလေးများမှတဆင့်

နုပျိုတက်ကြွ၍ ဘ၀ကို အားနှင့်မာန်နှင့် တည်ဆောက်နေသော လုလင်ငယ်ကလေး တဦး၏ အသုဘပွဲသို့ ရောက်ခဲ့၏။

စကားမျှ မဆိုနိုင်ရှာသော ဖခင်အို၏ ၀ဲနေသော မျက်ရည်စသည် ဖခင်၏ဟဒယကို ဖွင့်လှစ်ပြနေသကဲ့သို့။
နုပျိုသူသည် မရဏတံတားပေါ်သို့ အံ့အားသင့်ဖွယ် တက်ရောက်ကူးမြောက်သွားပြီးနောက် ပြန်မလာတော့ချေ။

ရပ်ကွက်ထဲတွင် အဖွားအိုတဦး၏ ဈာပန၊ မူးယစ်လူငယ်တဦး၏ အသုဘ စသည်ဖြင့် မကြာခဏ ကြုံရတတ်၏။ သူတို့၏ ယပ်တောင်ကလေးများသည် ကျန်ရစ်သူကို အေးစေ၍ သူတို့ကိုယ်တိုင်ကမူ အပူကို ယူဆောင်သွားကြပုံ ရသည်။ သို့သော် …

ဤယပ်တောင်ကလေးများသည် ဘ၀သံဝေ၏ သင်္ကေတများသာဖြစ်ပေတော့သည်။
နှမြောခြင်း၊ ယူကြုံးမရဖြစ်ခြင်း ကြေကွဲခြင်းတို့နှင့် တည်ဆောက်ထားသော ဘ၀တွင် ယပ်တောင်ကလေးများ ဝေငှကြရဦးမည်သာ။

ယပ်တောင်နောက်ကွယ်တွင် ကြွယ်ဝသော အဓိပ္ပါယ် ထားရှိခဲ့ဖို့လိုသည်။ အသက်ရှင်စဉ် တန်ဖိုးရှိသော သမိုင်းတခုခု ရေးခဲ့ဖို့တော့လိုသည်။

တင်မိုး
၂၁၊ ၇၊ ၉၈

***
သူဟာ ကျမတို့ချစ်ခင်လေးစားသော ကဗျာဆရာကြီး ဦးတင်မိုး ပါပဲ။
ကွယ်လွန်သွားရှာပြီဖြစ်ပေမဲ့ ဆရာကြီးရေးသားခဲ့တဲ့ ကဗျာ စာပေတွေဟာ ရှင်သန်နေဆဲ … ။
ခေတ်အဆက်ဆက် ရှင်သန်နေအောင် လက်ဆင့်ကမ်း သယ်ဆောင်သွားရမယ့် တာဝန်ကတော့ ကျန်ရစ်ခဲ့သူတွေရဲ့ အလုပ်ပဲပေါ့။

ဆရာကြီးရဲ့ …
ယပ်တောင်ကလေး နောက်ကွယ်မှာ …
တန်ဖိုးရှိတဲ့ စာပေ အနုပညာ တွေ …
ကျမတို့တွေအတွက် ချန်ထားခဲ့တာပါလား … ။
***
ဆရာကြီးဦးတင်မိုး ကောင်းရာသုဂတိ ရောက်ရှိပါစေကြောင်း ၀မ်းနည်းစွာ ဆုတောင်းလိုက်ပါတယ် … ။
***
မေဓာဝီ
23.1.07
12:15pm


ဆရာကြီးရဲ့ ကိုယ်ရေးအကျဉ်း

7 comments:

Anonymous said...

သူချစ်တဲ့မြေမှာ သူခေါင်းမချရပါလားနော်

Anonymous said...

လူတော်လူကောင်းတွေပဲ တစ်ယောက်ပြီးတစ်ယောက်သွားနေကြပါလားဗျာ။

Thiha Kyaw Zaw said...

ကျွန်တော်လေးစားရတဲ့၊ ကဗျာဆရာကြီး ဦးတင်မိုးရဲ့ နောက်ဆုံးခရီးမှာ ဦးညွှတ်နှုတ်ဆက်လိုက်ပါတယ်။ ကောင်းရာ သုဂတိလားပါစေ။

Anonymous said...

ဝမ်းနည်းပါတယ်
ညလေး

Anonymous said...

အော်...မနီကလေးကို သူရေးတာကိုး

ငယ်စဉ်က နုတ်တက်ရနေတဲ့ ကဗျာလေးပဲ

မိနီကလေး ဘယ်က လာ
အိမ်က ထွက်လို့လာ
မိနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား

စာသင်ကျောင်းမှာ ဘာတွေသင်
စာရေးစာဖတ်သင်
စာရေးစာဖတ်ဘာလုပ်ဖို့
မိနီ လိမ်မာဖို့..

တဲ့.

ကောင်းရာသုဂတိလားပါစေဗျာ.

Moe Cho Thinn said...

ကျေးဇူးတင်ပါတယ် ညီမရယ်..

ကိုလူထွေး said...

မချိုသင်းဆီကတဆင့် ရောက်ခဲ့တာပါ...

ယပ်တောင်လေးမှတဆင့်ကို အခုမှ ဖတ်ဖူးတယ်...

ဟိုးအရင်က ဆရာကြီးရဲ့ “၁၂ရာသီ စာနုများ” ကိုဖတ်ပြီး နှစ်သက်ခဲ့ဖူးတယ်။ ဆရာကြီးက ကဗျာတွေ အရေးများပေမယ့် သူ့ရဲ့ စကားပြေတွေမှာလည်း ဒဿနတွေ အများကြီးပါတယ်နော်...

မနှစ်တုန်းကတော့ ခေတ်ပြိုင်မှာ “ဘဝထဲကရတနာ” ဆောင်းပါးတွေ သွားဖတ်ဖြစ်ခဲ့သေးတယ်...

သစ်ရွက်ကြွေလေးကို အခုမှ သိရလို့ ကျေးဇူးအထူးပါ MDW ရေ...