Wednesday, January 31, 2007

ပေါင်းစည်း ညီညွတ်ခြင်းရဲ့ ရသ


“ဒီလိုရာသီ ကောက်ဦးနှမ်းဦး ပေါ်ပြီဆိုရင် အမေတို့ ဘိုးဘွားတွေဟာ ကိုယ့်လယ် ကိုယ်ယာထဲက ထွက်တဲ့ ကောက်ဦးနှမ်းဦးနဲ့ ထမနဲထိုးပြီး ဘုရားကို ကပ်တယ်၊ ဘုန်းကြီးကျောင်းတွေသွားပြီး သံဃာတော်တွေကို လှူဒါန်းတယ်၊ အိမ်နီးပါးချင်း ရပ်ထဲရွာထဲ ဝေငှကြတယ်၊ သိပ်ချစ်စရာကောင်းတဲ့ အလေ့အထပဲ … ဒါကြောင့် အမေက ကိုယ့် အဘိုးအဘွားတွေလုပ်ခဲ့တဲ့ အလေ့အထကို မပျက်အောင် ဆက်လုပ်နေတာ”

မနက်ဖြန်ဆို တပို့တွဲလပြည့်နေ့ရောက်ပြီမို့ အိမ်မှာ ကောက်ညှင်းဆန်တွေပြာတီး၊ မြေပဲလှော်တွေ အခွံချွတ်၊ ချင်း(ဂျင်း)တွေနေလှမ်း စသဖြင့် စီစဉ်ညွှန်ကြားရင်း အမေကပြောတယ်။ ထမနဲထိုးခြင်းဟာ အပျော်သက်သက် တခုတည်း မဟုတ်၊ ရိုးရာအစဉ်အလာမပျက် ကောက်သစ်ပေါ်ချိန်မှာ ကောက်ဦးနှမ်းဦးကို ဘုရားအမှူးပြုတဲ့ သံဃာတော်တွေ လှူဖို့၊ အရပ်ထဲ ဒါနပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထမနဲ ထိုးကြတာလို့ အမေက ဆိုပါတယ်။

ကောက်ညှင်းတမျိုးထဲ ကောင်းလို့လည်း ထမနဲမကောင်းဘူး၊ သူ့မှာပါတဲ့ အမယ်စုံက အချိုးညီညီ ပေါင်းစပ်ပြီး ကောင်းမွန်ရမယ့်အပြင် ပါဝင်လုပ်ကိုင်သူအားလုံးက တက်ညီလက်ညီ ၀ိုင်းဝန်းလုပ်ကိုင်ကြပါမှ ထမနဲကောင်း တဒယ် ဖြစ်မယ်လို့လည်း အမေက ဆက်ပြောတယ်။ အမေ့စကားကို နားထောင်ရင်း … ထမနဲပွဲဆိုတာ ပေါင်းစည်းခြင်း၊ ညီညွတ်ခြင်းရဲ့ ရသပါလားလို့ တွေးမိတယ်။

အမေခရီးထွက်နေတုန်းက တပို့တွဲလပြည့်အမီမှ အမေပြန်လာပါ့မလား တွေးပူခဲ့ရသေးတယ်၊ ဘာကြောင့်ဆိုတော့ အမေ့ထမနဲကို လွမ်းလို့ပါ၊ အမေ့ထမနဲကို စားဖူးသူတိုင်း ကြိုက်ကြတယ်၊ အမေကိုယ်တိုင် မထိုးနိုင်ပေမဲ့ အမေ့အညွှန်းအတိုင်း အားလုံးက ၀ိုင်းဝန်းလုပ်ကြရတာပါ။ နှစ်တိုင်း မပျက်မကွက် အမေ့ထမနဲကို ဘုန်းကြီးကျောင်းတွေပို့ မိတ်ဆွေသင်္ဂဟတွေ ကျွေးပါတယ်။

ထမနဲက နှမ်းများများထည့်ပြီး ထိုးရတာမို့ တချို့က နှမ်းမနဲလို့လည်း ခေါ်ကြတယ်။ ထမနဲထိုးနည်းကတော့ တကျောင်း တဂါထာ တရွာတပုဒ်ဆန်း ဆိုသလို ကိုယ့်နည်းနဲ့ ကိုယ်အသီးသီး ရှိကြပါရဲ့။ အမေကတော့ လူအင်အား သိပ်မကုန်စေဘဲ ထိုးလို့ရတဲ့ အလွယ်နည်းကို ကျမတို့ကိုပြောပြတယ်။

ထမနဲ မထိုးခင် တရက်လောက်ကြိုပြီး ချင်း (ဂျင်း)တွေကို သေးသေးလေးတွေလှီးကာ နေလှန်းထားရတယ်။
ထမနဲထိုးမယ့်နေ့မှာ ကောက်ညှင်းကို ထမင်းပေါင်းအိုးနဲ့ အရင်ချက်၊ ကောက်ညှင်းချက်တဲ့အထဲ အမေကတော့ အုန်းနို့ညှစ်ထားတာလေး နည်းနည်းထည့်ချက်တယ်၊ သကြားလေး ဆားလေး လိုသလောက် စွက်လို့ပေါ့။ ကောက်ညှင်းချက်နေတုန်း မြေပဲတွေအခွံခွာ လုံးကွဲမျက်ပြဲ ကြိတ်ထားပြီး နှမ်းကိုတော့ ခဲသလဲမပါအောင် သန့်စင်ထားရတယ်၊ ခြစ်ထားပြီးသား အုန်းသီးဆံလေးတွေကိုလည်း အဆင်သင့်လုပ်ထားရတယ်။ အမေက အုန်းသီးကို မလှီးဘူး၊ ခြစ်ပါတယ်။ အုန်းသီးဖတ်ကြီးတွေ ကြီးနေရင် လူကြီးတွေ ၀ါးမရမှာစိုးလို့တဲ့။

အဲဒါတွေအကုန် အဆင်သင့်ဖြစ်ပြီဆိုတော့မှ အခြောက်လှမ်းထားတဲ့ ချင်းတွေကို ဆီသတ်၊ ချင်းကျက်ရင် မြေပဲ၊ နှမ်း၊ အုန်းသီး အစဉ်လိုက်ထည့်၊ ကျက်ပြီဆိုတော့ တ၀က်ကို ဆယ်ပြီး ဆီစစ်ထားရတယ်။ တ၀က်ကိုတော့ ဒယ်အိုးထဲပဲထားပြီး အဲဒီထဲကို ချက်ထားတဲ့ ကောက်ညှင်းထည့်ပြီး ကျေနေအောင် နှဲရတော့တာပဲ။ အဲဒီထဲ ခြစ်ထားတဲ့ အုန်းသီး (မကြော်ဘဲ ဖယ်ထားတာ) ကိုလည်း ဒီတိုင်းထည့်သေးတယ်၊ ကောက်ညှင်းက ကျက်ပြီးသားဆိုတော့ သိပ်ထိုးစရာ မလိုတော့ပါဘူး၊ လူညီညီ မွှေရင်း နှဲရင်း ထိုးရင်း သိပ်မကြာခင်မှာ စားလို့ရတဲ့ ထမနဲ ဖြစ်ပြီပေါ့။ အဲဒီထမနဲကိုမှ စောစောက တ၀က်ဖယ်ထားတဲ့ အကြော်ဆံတွေ အပေါ်မှာဖြူးပြီး စား … ၊ ရေးရင်းနဲ့တောင် သွားရည်ကျလာပေါ့။ လူငယ်တွေက အကြော်ဆံများများကြိုက်တော့ အမေက အကြော်ဆံတွေ တပုံကြီး ကြော်ပါတယ်။ တခါတလေ ထမနဲကုန်တဲ့အထိ အကြော်ဆံတွေ ပုလင်းလိုက် ကျန်ကျန်နေ တတ်တယ်။

အဲဒါကတော့ အမေ့နည်းပေါ့။ ဒယ်အိုးအကြီးကြီးနဲ့ အများကြီးထိုးကြတဲ့ ထမနဲထိုးပွဲတွေမှာတော့ ဒီနည်းက သိပ်အလုပ်မဖြစ်ဘူးထင်တာပဲ။ တနိုင်တပိုင်ထိုးမယ် ဆိုရင်တော့ အမေ့နည်းက မဆိုးဘူးလို့ ထင်သား။ ကိုယ်တိုင် ကိုယ်ကျ အစအဆုံး မထိုးဖူးပေမဲ့ ဘေးနားကနေ ဟိုလုပ်ဒီလုပ် နှမ်းတော့ဖြူးပေးဖူးပါရဲ့။ “နှမ်းဖြူးတယ်” ဆိုတဲ့ ဝေါဟာရ စကားကလည်း ထမနဲပွဲကနေ ဖြစ်လားသလား တွေးမိတယ်။ အဲဒီလို နှမ်းဖြူးပေးရင်းနဲ့ပဲ အမေ့နည်းနာနိသျကို သိခဲ့ရတာပေါ့။

ငယ်ငယ်တုန်းက ဗိုလ်တထောင်ဘုရားက မေတ္တာဗြူဟာမှာ သင်တန်းတက်တော့ ဆရာကြီးဦးမြသောင်းက တပို့တွဲလပြည့်မတိုင်ခင်ဆို ထမနဲအကြောင်း အမြဲပြောပြပါတယ်။ ထမင်းနဲထိုးနည်း စာချိုးကလေးလည်း ပြောပြဖူးတယ်၊ စာအုပ်ထဲ ရေးမှတ်ထားပေမဲ့ မမှတ်မိတော့ဘူး။ ဆရာကြီးကလည်း ထမနဲ သိပ်ကြိုက်သူပါ။ တပို့တွဲလပြည့်မတိုင်ခင် အလှူငွေတွေကောက်ခံပြီး ထမနဲပွဲ အမြဲကျင်းပကြတယ်။ ဆရာကြီးရဲ့ထိုးနည်းကတော့ ၀ါးလုံးနဲ့ထိုးတာပါ။ နေ့ခင်းထဲက လုပ်ကြကိုင်ကြနဲ့ ညနေစောင်းကစပြီး ထိုးလိုက်တာ … မနက်အရုဏ်တက်ချိန်ကျတော့ ဦးဦးဖျားဖျား ဘုရားကိုကပ်၊ ဘုန်းကြီးကျောင်းတွေပို့၊ ဘုရားဖူးလာသူတွေကို အထုတ်ကလေးတွေနဲ့ ဝေ …ပျော်စရာ ကြည်နူးစရာ အလွန်ကောင်းပါတယ်။ ၀ိုင်းဝန်းကူညီ လုပ်ကိုင်သူတွေလည်း ထမနဲ ထုတ်လေးတွေ ကိုယ်စီနဲ့ပေါ့။

ထမင်းနဲကို ဆရာကြီးဦးမြသောင်းက ရက်ရှည်ထားစားပါတယ်။ ခြောက်နေအောင် နွှေးထားရင် အကြာကြီး ခံတယ်၊ ကြာသွားလို့ ဒီတိုင်းမစားချင်တော့ရင်တောင် အပြားလေးတွေလုပ်ပြီး ဗယာကြော်ကြော်သလို ကြော်စား တအားစားလို့ကောင်းတယ် လို့ ဆရာကြီးပြောခဲ့ဖူးတာ အမှတ်ရမိသေးတယ်။ သူ့ရာသီမှာ ရာသီစာစားတာ ဘေးဥပဒ်မဖြစ်ဖူး .. စားသာစားလို့ ကောက်ညှင်းမစားရဲတဲ့ တချို့ သက်ကြီးသူတွေကိုလည်း ဆရာက အနည်း အကျဉ်းလောက်တော့ စားစေတယ်။ ဆရာ မရှိတော့တဲ့နောက် မေတ္တာဗြူဟာမှာပြုလုပ်တဲ့ ထမနဲပွဲတွေမှာ အလှူငွေသာ လှူဒါန်းနိုင်တော့တယ်၊ အရင်လို ကိုယ်တိုင်ကိုယ်ကျ လုပ်အားဒါန မပေးနိုင်ဖြစ်တော့ပါဘူး။ ခုလို အချိန်ဆို မေတ္တာဗြူဟာ အသင်းသားတွေ အလုပ်များများ လှုပ်ရှားနေကြရော့မယ် … ။

အိမ်မှာလည်း ညနေဆို ထမနဲ ထိုးကြတော့မယ်၊ နက်ဖန် ဘုရားကပ်ပြီးရင် စားရတော့မယ်။
အင်း .. ညီညွတ်ပေါင်းစည်းခြင်းရဲ့ အရသာကို ပြည့်ပြည့်၀၀ ခံစားရချည်သေးရဲ့။
***
31.1.07
1:30 pm

အမှားပြင်ဆင်ချက်။ ။

(တကယ်တမ်းထိုးတော့ ရေးထားတာနဲ့ နည်းနည်းလွဲနေလို့ ပြန်ပြင်လိုက်ပါတယ်။ ဒီလိုပါ ..စောစောက အကြော်ဆံတွေကြော်တာက တ၀က်ပဲကြော်ရတာပါ။ ချင်းထည့်ပြီးတော့လည်း မကြော်ဘူး။ မြေပဲ၊ နှမ်းနဲ့ အုန်းသီးကိုပဲ တ၀က်ကြော်ပြီး ဆယ်ထားရတယ်။ ကျန်တဲ့ ဆီထဲမှာ ချင်းကိုအရင် ဆီသတ်ပြီးတော့မှ ကောက်ညှင်းချက်ထားတာ ထည့်မွှေ၊ ကောက်ညှင်းအစေ့လေးတွေ ကျေသွားတော့မှ မကြော်ဘဲ ဖယ်ထားတဲ့ မြေပဲ၊ နှမ်းနဲ့ အုန်းသီးတွေကိုထည့်ပီးမွှေပါတယ်။ အချိုအငံမြည်းပြီးရင် ချပြီးတော့ ကြော်ထားတဲ့ အကြော်ဆံလေးတွေဖြူးပြီး စားရတာပါ .. အိမ်မှာတော့ ထိုးပြီးသွားပါပြီ၊ မနက်ကျမှ ဘုရားကပ်မယ်တဲ့၊ မြည်းတောင်မမြည်းလိုက်ရဘူး။ :P )

7:30pm

7 comments:

Anonymous said...

ဒုတိယနှစ်တုန်းက ကျောင်းမှာ မေဂျာအလိုက် ထမနဲထိုးပြိုင်ကြသေးတယ်
ကျောင်းရှေ့မှာ တန်းစီပြီး မီးတွေဖို ဗုံတွေတီးနဲ့ ပျော်စရာအရမ်းကောင်းခဲ့တယ်။
စနေတို့ မေဂျာက ထင်းမခြောက်လို့ မီးခိုတအူအူကြားမှာ ထိုးခဲ့ရတယ် မမေ...
ဟား...ဟား...ဆုတော့မရခဲ့ဘူး....မီးခိုနံ့သင်းနေတဲ့ ထမနဲတော့ စားခဲ့ရတယ်...
ထမနဲမစားရတာ ကြာပါပြီ ...မမေ :(

စိုးဇေယျထွန်း said...

သူငယ်ချင်း
C Box လုပ်ထားရင်ပို ကောင်းမယ်
မြန်မာပြည် Connection က comment ရေးရတာ တစ်ခါတစ်လေ အဆင်မပြေဘူး

Anonymous said...

အဟုတ်ကိုသွားရည်တွေကျလာသဗျို့။
ဘလော့ပေါ်တင်ပေးလို့ရမလားဗျ။

Chan Mya Soe said...

ကျွန်တော်လည်း ၃ ရက်နေ့ ထမနဲ သွားထိုးမလို့ စဉ်းစားနေတယ် :)

Anonymous said...

မမေရဲ့ ထမင်းနဲရသကိုဖတ်ရလို့အပြီးမှာ သွားရည်ယိုစိမ့်မိတာတော့
အမှန်ပါပဲ... ဟိုတချိန်တုန်းက ရွာဦးကျောင်းဇရပ်နဘေးမှာ ကာလသား လူပျိုတသိုက်ဟာ ခါးတောင်းပြောင်အောင်ကျိုက်ပြီး နွှဲခဲ့ရတဲ့ထမင်းနဲပွဲတွေကို မြင်ယောင်ရင်း အတိတ်ကခြေရာတွေကို စိတ္တဇဝေဒနာအဖြစ်ခံစားရတယ်ဗျာ.... ထမင်းနဲဆိုတော့ ထိုးမုန့်ပါအမှတ်ရလာတယ်... သူတို့တွေကို မမြင်ရ၊ မစားရတာ နှစ်ကာလတွေ ကြာပြီပကောကွယ်...း(

Anonymous said...

ကျွန်မကတပို့တွဲလပြည့်အဖိတ်မွေးနေ့ဖြစ်လို့မွေးနေ့အမှတ်တရဆိုပြီးအမေကထမနဲနှစ်တိုင်းထိုးပေးပါတယ်။ကျွန်မမှာရင်ကျပ်ရောဂါအခံရှိလို့တပို့တွဲလကိုရောက်ရင်ဖျားတာပါဘဲ။
ဒါကြောင့်နှစ်တိုင်းနီးပါးကျွန်မမွေးနေ့အထိမ်းအမှတ်နဲ့ထိုးတဲ့ထမနဲကိုမစားရပါဘူး။မြည်းရုံဘဲ
စားခဲ့ရပါတယ်။ဒီနှစ်လဲချောင်းဆိုးနေလို့မစားရပါရှင်။

ကလိုစေးထူး said...

ကွန်မန့် အကြွေးလာဆပ်ပါတယ်ဗျို့။ ထမနဲကျန်သေးလား။ နောက်ကျသွားပီ ထင်ပါရဲ့။ နောက်နှစ်ကျမှ လာစားတော့မယ်. ဟဲဟဲ