Wednesday, January 17, 2007

ကိုယ့်ကံကြမ္မာကို ကိုယ်မဖန်တီးနိုင်ကြသူများ ...

တလောက (ခရစ်စမတ်မတိုင်ခင်) ကျမရဲ့ဆရာတယောက် အိမ်ကိုရောက်လာပါတယ်။
ဆယ်တန်းတုန်းက သင်္ချာပြတဲ့ဆရာပါ။ ဆရာက စာပြတဲ့အပြင် ရန်ကုန်မြို့နဲ့ မလှမ်းမကမ်း ဒေသလေးတွေမှာ စိုက်ပျိုးရေးလုပ်ငန်းလည်း လုပ်ပါတယ်။ သူ လာရင်း ကိစ္စကတော့ ကျမကို အီးမေးလ် ပို့ခိုင်းချင်လို့ပါပဲ။
ဆရာက ၀က်ဘ်ဆိုက် လိပ်စာ ၂ ခု ပြပြီး ကျမနားလည်အောင်ရှင်းပြတယ်။ သူက ထိုင်းနိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီးတခုဆီ လှမ်းပြီး ရွက်ဖြန်းဆေး မှာချင်တာပါ။

“ပိုးသတ်ဆေးလား ဆရာ”
“အဲဒီဆေးက ပိုးသတ်ဆေး မဟုတ်ဖူး .. သမီးရဲ့၊ ပိုးကောင်တွေ မကြိုက်တဲ့ အနံ့ထည့်ထားတော့ ပိုးမကပ်နိုင်တာ၊ ပိုးသေတာမဟုတ်ဖူး၊ လူကိုလည်း ဘေးဥပဒ်မဖြစ်စေဘူး၊ တောင်သူလယ်သမားတွေ တအားအသုံးတည့်တယ်၊ ဈေးကလည်း သင့်တင့်တယ်ဆိုတော့ သူတို့သိပ်ကြိုက်ကြတယ်၊ အရင်ကအမြဲသွင်းနေတဲ့ အမျိုးသမီးက အခု အဲဒီပစ္စည်းမသွင်းတော့လို့ …”

ဆရာ့ကိုကူညီပေးပါမယ်လို့ ကတိပေးပြီး တခြား အာလာပသလ္လာပ စကားတွေဆက်ပြောဖြစ်ကြရင်းနဲ့ … ဆရာ့ စိုက်ပျိုးရေး လုပ်ငန်းရော အဆင်ပြေလား မေးမိတယ်၊ မိုးတွင်းတုန်းက ရေကြီးလို့ ဆရာ့ကွမ်းပင်တွေ ဂျင်းပင်တွေ တော်တော် ဆုံးရှုံးသွားတယ်ဆိုလို့ပါ။
ဆရာကသူ့လုပ်ငန်းအခြေအနေထက် တောင်သူလယ်သမားတွေ အလုပ်သမားတွေ ဒုက္ခရောက်တဲ့အကြောင်း ကျမကို ခုလိုပြောပြပါတယ်။

“ဈေးတွေက အစစအရာရာကြီးတော့ သူတို့တွေ သိပ်ဒုက္ခရောက်တာပဲ၊ သူတို့စားတဲ့ဆန်ဆိုတာ သမီးမြင်ရင် အံ့သြသွားမယ်၊ ထမင်းချက်ပြီးသားကို ဖွင့်ကြည့်လိုက်ရင်တောင် နီရဲနေတာပဲ။ ဒီလိုဆန်မျိုးကို အဲဒီမှာတင် ဈေးကြီးပေးပြီး ၀ယ်စားရတာ …”

“တပြည် ဘယ်လောက်မို့လဲ ဆရာ”

“သမီး ဒီမှာဆို အခွန်လွတ်ဈေးတို့ဘာတို့မှာ သွားဝယ်ရင် တပြည် ၄၅၀ - ၅၀၀လောက် ရဦးမယ်၊ ဟိုမှာ တပြည် ၆၀၀-၆၅၀ နဲ့ ၀ယ်စားရတာကို ဆန်ဖြူမရဘူး၊ ဒါတောင် စပါးစိုက်တဲ့ နေရာနော်”

“ဟင် ဟုတ်လား …. သူတို့ ၀မ်းစာစပါးတွေ ချန်မထားဘူးလား”

“၀မ်းစာဆိုတာ ကြိုတင်ယူပြီးစားနှင့်လို့ ကုန်ပြီလေ၊ ကောက်သစ်ပေါ်ချိန်ဆို အလုပ်တွေတအားများတော့ လယ်ပိုင်ရှင်တွေက အလုပ်သမားတွေကို ကြိုတင်ပေးပြီးခေါ်ရတယ်၊ စပါးဆို စပါး၊ ပိုက်ဆံဆို ပိုက်ဆံကြိုပေးပြီးတော့ ပေါ့၊ အဲဒါတွေရတာနဲ့ သူတို့က ကြိုသုံးလိုက်ရော၊ နောက်ပိုင်းကျ ပြန်ဝယ်စားကြ ရတယ်လေ… ဒီလိုနဲ့ပဲ လုံးလည်လိုက်နေကြရတာ”

“……….”

“ပြီးတော့ အဲဒီလို ဆန်နီကြမ်း ထမင်းကို ဘာနဲ့စားရတယ်မှတ်လဲ၊ ငပိရည်တမျိုးထဲနဲ့နော်၊ ဟင်းမပါဘူး၊ တို့စရာဆိုတာကတော့ အလေ့ကျပေါက်တဲ့ အရွက်လေး ဘာလေး ခူးပြီး တို့လို့ရတယ်လေ၊ အဲဒီ ငပိရည်ကိုလည်း ငရုတ်သီးမှုန့်တောင် မထည့်နိုင်ဘူး၊ ငပိရည်ကျဲ ပလိန်းသက်သက် နဲ့ ထမင်းနဲ့ စားရတာ …ပြီးတော့ သမီးကိုပြောရင် ရယ်စရာပြောတယ်ထင်အုံးမယ် … ရယ်စရာမဟုတ်ဖူး တကယ် … တခါတလေ ဆရာက ကိုယ့်အလုပ်သမားတွေအတွက် ငရုတ်သီးမှုန့်ဝယ်သွားရင် ဒီကောင်တွေ သံသေတ္တာထဲ သော့ခတ် သိမ်းထားတာကွ”

“အယ် … ငရုတ်သီးမှုန့်ကို သော့ခတ်သိမ်းတယ် ….”

“ဟုတ်ပ … သမီးရေ … စားချင်တော့မှ အသာလေး ခွက်လေးနဲ့ နဲနဲ ခွဲယူပြီး ထည့်စားရတာ … အဲဒီလို ငပိရည်ထဲ ငရုတ်သီးမှုန့်ထည့်စားနိုင်တဲ့သူက သူဌေးပဲ”

“ဟင်း …. ဒုက္ခပါပဲနော် …”

“ပြီးတော့ ဒီကောင်တွေက အရိုးစွဲနေတဲ့ အကျင့်တခုကို ဖျောက်ပေးဖို့ တော်တော်ခက်တယ်ကွ၊ ပညာမတတ်တာလဲ ပါတယ်၊ ၂ တန်း ၃ တန်း တက်ဖူးတဲ့သူက သူတို့ထဲမှာ ဆရာကြီးပဲ၊ ဘုန်းကြီးကျောင်းမှာ သေစာ ရှင်စာ ရေးတတ်တဲ့သူဆိုလဲ ဆရာကြီးပဲ … များသောအားဖြင့် ကျောင်းမနေဖူးတဲ့သူတွေချည်းပဲ … အဲဒီတော့ သူတို့အတွေးတွေ အမြင်တွေက တမျိုးတွေဖြစ်နေတာပေါ့ကွာ … သွားပြောလို့လဲ တော်ရုံတန်ရုံ လက်မခံကြဘူး၊ ဆရာ ဆိုရင် နားဝင်အောင် ပြောတတ်ပါတယ်၊ ဒါပေမဲ့ ပြောလွန်းလို့ ဆရာလဲ အာပေါက်ရုံပဲ … သူတို့ သိပ် လက်မခံချင်ဘူး၊ ဒါကြောင့် … အခု ဒီရွက်ဖြန်းဆေးကို သူတို့အရမ်းလိုအပ်နေလို့ သူတို့အတွက် မှာပေးရတာ၊ ကိုယ်က သူတို့လိုအပ်တာလေး တခုခု လုပ်ပေးလိုက်လို့ အဆင်ပြေသွားပြီဆိုတော့မှ သူတို့ကိုယ့်စကား နားထောင် လက်ခံကြမှာလေ”

ဆရာစိုက်ပျိုးရေးလုပ်တဲ့နေရာက တွံတေးမြို့နယ်မှာပါ၊ ရန်ကုန်နဲ့သိပ်မဝေးတဲ့ အဲဒီလိုနေရာမျိုးမှာတောင် လူနေမှုအဆင့်အတန်း ပညာရေးအဆင့်အတန်းက နိမ့်ကျလွန်းနေတော့ ဒီထက်ဒီ အစွန်အဖျား ဝေးလံ သီခေါင်တဲ့ အရပ်ဒေသတွေမှာဆို ဘယ်လိုနေရှာပါလိမ့်လို့ ခပ်ဆိတ်ဆိတ်နေရင်းက တွေးနေမိပါတယ်။

ဆရာပြန်သွားတော့ ပေးသွားတဲ့ ၀က်ဘ်ဆိုက်လိပ်စာ အတိုင်း အင်တာနက်မှာ ရှာပေးခဲ့တယ်။ ဆရာပြောတဲ့ ၀က်ဘ်ဆိုက်ကလည်း မှားနေပါတယ်၊ လိပ်စာပဲပြောင်းသွားလို့လားမသိ၊ နောက်ဆုံး ကြိုးစားရှာဖွေရင်းနဲ့ အဲဒီကုမ္ပဏီနဲ့ အီးမေးလ် အချိတ်အဆက်ရ သွားပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို သူတို့တင်သွင်းပေးမှာ ဖြစ်ကြောင်း မြန်မာပြည်မှာ ဘယ်သူနဲ့ ဆက်သွယ်နိုင်ကြောင်း ပြန်အကြောင်းကြားလာပါတယ်။ မနေ့က ဆရာ့ကိုတွေ့လို့မေးကြည့်တော့ ဆရာက အဆင်ပြေသွားပြီ ပစ္စည်းတွေရောက်နေပြီလို့ ၀မ်းသာအားရပြောတယ်။

ဆရာနဲ့ထပ်တူ ၀မ်းသာပေမဲ့လို့ မြန်မာပြည်က တောင်သူလယ်သမားတွေရဲ့ဘ၀ဟာ ဘယ်တော့များမှ မြင့်မားလာမလဲဆိုတာ ကျမ ဇဝေဇ၀ါနဲ့တွေးနေမိပါတယ်။ ဆရာကြီးမောင်ထင် ရေးတဲ့ “ငဘ” ၀တ္ထုရဲ့ အဖွင့်စာမျက်နှာမှာ “ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်ကြရှာသော ဗမာပြည်မှ ငဘ များသို့” .. လို့ ရည်ညွှန်း ရေးသားထားတာ မှတ်မှတ်ရရ ဖတ်ခဲ့ဖူးပါတယ်။

အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ် ကနေ ..ခေတ်တွေအမျိုးမျိုးပြောင်းလို့ အခုခေတ်ထိ …တောင်သူလယ်သမားတွေရဲ့ဘ၀ဟာ ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်ခဲ့ကြပါဘူး။ တိုးတက်လာဖို့ နေနေသာသာ တဖြည်းဖြည်း ပိုပိုပြီးသာ ဆုတ်ယုတ် နိမ့်ကျနေကြပါပြီ။
ဒီလိုနဲ့ပဲ ရှင်သန်နေထိုင်ရင်း တင်းတိမ်ရောင့်ရဲရင်း အဘိုးခေတ်ထက် အဖေခေတ်ကနိမ့်ကျ အဖေခေတ်ထက် သားခေတ်က နိမ့်ကျရင်းနဲ့ … အ၀ီစိထဲ ရောက်တော့မယ် … နောက်ထပ်ဘယ်လောက်ထိများ ဆက်လက် နိမ့်ကျနေကြအုံးမှာလဲ လို့ စိတ်ပျက်လက်ပျက် တွေးမိပါတော့တယ်။
***
17.1.07
4:04 pm

8 comments:

tun said...

လူနေမှုဘ၀တွေနိမ့်ကျကြတဲ့သူတွေအကြောင်းကြားဖူးပါတယ်။ ရန်ကုန်နဲ့သိပ်နီးတဲ့ တွံတေးလိုနေရာမျိုးမှာ ဒီလိုဖြစ်နေတာ အံ့သြစရာပဲ။ မမေဒါဝီပြောသလိုပဲ ခေတ်တွေသာပြောင်းသွားတယ်။ တောင်သူလယ်သမားတွေရဲ့ ဘ၀က ဒီအတိုင်းဒီအတိုင်းပဲ်။ ဖိလစ်ပိုင်၊ ထိုင်း တို့မှာလည်း လယ်သမားတွေ အဆင်မပြေကြလို့ အလုပ်အကိုင်ပြောင်းလုပ်ကြတော့ စပါးစိုက်မယ့်လူဦးရေနည်းနည်းလာတယ်လို့ ကြားဖူးတယ်။ ကျနော်တို့နိုင်ငံရော ဘယ်လိုဆက်သွားမှာပါလိမ့်။ ရင်မောစရာပါ။

ကလိုစေးထူး said...

အံ့သြစရာပဲ.. ကျနော်တို့ဘက်တွေမှာတော့ (ငယ်ငယ်တုန်းက)ပေါ့.. ၀မ်းစာစပါးဆိုတာ အထိကို မခံတာ.. ငပိရည်ကို ငရုတ်သီးမှုန့်မပါပဲ စားရတာ၊ သော့ခတ်သိမ်းထားရတာကတော့ တကယ့်ကို အံ့သြ ကရုဏာသက်စရာပါပဲ.. ကိုယ်စိုက်တဲ့ စပါးက ဆန်ကိုတောင် ကိုယ်က လုံလုံလောက်လောက် မစားရတာက ?????

ဆလုံ said...

အမယ် ..

ငါတို့လောက်ပဲ ဒီလိုစားနေရတယ်လို့ အောက်မေ့တာ...
လက်စ သပ်တော့ အဖေါ်တွေအများကြီး ရှိနေသေးပါလား ဟရို့.

ဟေး ......ဆွဲထားဟ...ဒီတစ်ဆူး ဆွဲပြီးရင် ထမင်းစားမယ်....

ဟေ့ အုံ လားလ၀ါး...ဟေ ရာ ရာလေး..

ဆလုံ said...

ရန်ကုန်နဲ့သိပ်မဝေးတဲ့ အဲဒီလိုနေရာမျိုးမှာတောင် လူနေမှုအဆင့်အတန်း ပညာရေးအဆင့်အတန်းက နိမ့်ကျလွန်းနေတော့ ဒီထက်ဒီ အစွန်အဖျား ဝေးလံ သီခေါင်တဲ့ အရပ်ဒေသတွေမှာဆို ဘယ်လိုနေရှာပါလိမ့်လို့ ခပ်ဆိတ်ဆိတ်နေရင်းက တွေးနေမိပါတယ်။


တို့ဆီမှာတော့ ပန်းကန်တစ်ချပ်ထဲ ကထမင်းကို ခလေး ရော ခွေးပါ အတူတူစားတယ်။
ခလေးကိုကွေးလည်း ဒီပန်းကန်.လူကြီးစားလည်း ဒီပန်းကန်.. ခွေးကို ကွေးလည်း ဒီပန်းကန်ပဲ။ အညစ်အကြေးဆိုတာ ရေဆေးလိုက်ရင် ပြောင်တာပဲ။ တစ်ခါတလေ အမြန်လိုရင် အနားက ခွေးကိုထိုးပေးလိုက်.။ ပြောင်အောင် လျှာနဲ့လျက် လိုက်ရင်.... ရယ်ဒီ ဖြစ်သွားပြီ။ နောက်လူအတွက် ..ထမင်းစားဖို့..

အဆင့်အတန်းခဲါခြားတယ် ဆိုတာ တို့ဆီမှာ မရှိပါဘူး။ လူ နှင့် တိရစ်ဆန်တောင် အဆင့်အတန်းမခွဲ တာဘဲ ဟာ...
လူအချင်းချင်းဆို ပြောစရာတောင် လိုမယ်မထင်ပါဘူး.


ဟေ့ အုံ လားလ၀ါး...ဟေ ရာ ရာလေး....

ဟေ လား လာ လ၀ါး...အား ရ၀ါး လာ လေ...

ဟေ့ အုံ လားလ၀ါး.....

SaNay said...

လယ်သမား မိသားစုက မွေးလာတဲ့ စနေ့အတွက် လယ်သမားတွေ ထမင်းငတ်
တာ အဆန်းတော့ မဟုတ်တော့ပါဘူး။ ဆည်ထဲရေမရှိဘဲ နွေရာသီ မိုးခေါင်ခေါင်
မှာ နွေစပါး မစိုက်မနေရ၊ မစိုက်ရင် ဒဏ်ခတ်၊ သတ်မှတ်ထားတဲ့ စပါးမျိုး မစိုက်
မနေရ။ စပါးပေါ်ချိန်မှာ လယ်ထဲ စပါးထွက်ထွက် မထွက်ထွက် အ၀ယ်ဒိုင်ထဲ နိမ့်
ကျတဲ့ဈေးနဲ့ လယ်ဧက ဘယ်လောက်မှာ စပါးဘယ်နှစ်တင်း မသွင်းမနေရ။ သတ်
မှတ်ထားတဲ့ ဈေးထက်မြင့်တဲ့ မြေသြဇာကို မ၀ယ်ရင်လဲ မဖြစ်။ မိုးကြီးလို့ လယ်ရေ
မြုပ်ရင် သွားပြီပေါ့ တနှစ်စာ။ ပိုလို့ရောင်းဖို့ နေနေသာသာ...ကိုယ့်အတွက် တနှစ်
စာတောင် မကျန်ပါဘူး။ ပြောရင်တော့ ဆုံးတော့မှာ မဟုတ်ပါဘူး....မမေ...
တခြားနိုင်ငံက လယ်သမားတွေ လယ်ထဲသွားရင် ကားမောင်းသွား၊ လယ်လုပ်ရင်း
ဟမ်းဖုန်းကိုင်နေတဲ့ ခေတ်မှာ မြန်မာပြည်က လယ်သမား ထမင်းငတ်နေပါတယ်..

nyi said...

မမေ
ဒီ့ထက်များ ထက်နိမ့်ကျနေရင်တော့ အ၀ီစိထက်အောက်ရောက်ဖို့ပဲရှိတော့တယ် ဒါပေမယ့် အ၀ီစိကိုဖောက်ပြီးဟိုဖက်ကိုထွက်သွားရင် အာကာသထဲပြန်ရောက်လိမ့်မပေါ့....

TZA said...

ဟုတ်ပါတယ်မမေဓာ၊ ရင်နင့်စရာပါပဲ။ တွံတေးဆိုတာ ရန်ကုန်နဲ့ နီးနီးလေး။

ဒလ၊ ဆိပ်ကြီး ခနောင်တို စတဲ့ နေရာတွေလည်း ဘာများ ထူးမလဲ။ စဥ့်အိုးတန်း ကနေ တဖက်ကမ်း ကူးလိုက်ရင် ရောက်နိုင်တဲ့ ဒလကိုတောင် တိုးတက်အောင် မလုပ်နိုင် ကြဘူး၊ ဒါကိုပဲ...

ရန်ကုန်က ကြပ်သိပ်လွန်းပြီး နောက်ထပ် တိုးတက်စရာ မရှိတော့လို့ ပျဉ်းမနားရွှေ့ပါတယ်... တဲ့၊ ရန်ကုန်မြို့ကို အားမနာ ရင်တောင် ရန်ကုန်တိုင်းကို အားနာသင့်တယ်။

ညီလင်းသစ် said...

ဒီလို အဖြစ်မျိုးတွေက မြို့နေ လူတန်းစားတွေ ကြားရင် ကိုယ့်နားတောင် ကိုယ်မယုံနိုင်ပါဘူး၊ ဒီစာလေး ဖတ်ပြီးတော့ မျိုးရိုးစဉ်ဆက် ဒီနွံထဲက မတက်နိုင်ကြတဲ့ တောင်သူတွေအကြောင်း အကြာကြီး တွေးမိသွားတယ်၊ ကျနော့် အမေကလည်း လယ်သမား မျိုးရိုးက လာခဲ့တာပါပဲ..။