Sunday, January 14, 2007

essay 7

ဤစာစုအတွက် ကြိုတင်တောင်းပန်ချက် … ။
ဇီးသီး ၏ စာလုံးပေါင်းအမှန်မှာ ဆီးသီးဖြစ်သော်လည်း ကျမအနေနဲ့ ဇီးသီး ဟုသာ အသံထွက်အတိုင်း အားပါးတရ ရေးချင်ပါသဖြင့် တပုဒ်လုံးရှိ ဆီးပင် ဆီးသီးများကို ဇီးပင် ဇီးသီးဟုသာ ရေးရခြင်းဖြစ်သည်ကား တချက်။
နောက်တချက်မှာ … တျာချင်း၊ ကာချင်း၊ လွမ်းချင်း စသည့် ကဗျာအမျိုးအစားတွေကို ‘ချင်း’ လို့ စာလုံးပေါင်းပါမှ မှန်မည် ဖြစ်သော်လည်း ကျမရဲ့ “ဇီးသီးကောက်တမ်းခြင်း” ကတော့ ကဗျာမဟုတ်ပါ၊ တမ်းခြင်း=တမ်းတခြင်း ဟူသည့် အဓိပ္ပါယ်ဖြင့် ရေးခြင်းသာဖြစ်ပါကြောင်း စာလုံးပေါင်းအမှားကို ကြိုတင် ကာဗာလုပ်လိုက်ရပါသည်ရှင့်။

***
ဇီးသီးကောက် တမ်းခြင်း
***
အရင်ကလို ဒီအချိန်ဆိုရင် သူတို့ ခြံထောင့်က ဇီးပင်ကြီး အသီးတွေ ဝေနေရှာရော့မည်။
အခုတော့ ပြီးခဲ့တဲ့ မိုးရာသီကပင် ဒီဇီးပင်ကြီး အရင်းနားမှ ခုတ်ခံလိုက်ရတာမို့ ငုတ်တိုကလေးသာ ကျန်တော့၏။
ဒီဇီးပင်ကြီးသက်တမ်းကလည်း မနည်းလှ။ သူလူမှန်းသိတတ်စ တောက်တောက်တက်တက် ပြေးလွှားဆော့ကစားချိန်လောက် ကတည်းကပင် ဇီးပင်ကြီးကရှိနေနှင့်ပြီ။
သည်တုန်းကတော့ ဇီးပင်ပျိုကလေးပေါ့။ သူ့မိခင် ဇီးပင်အိုကြီးက သူတို့ ခြံအရှေ့ဘက် ကားဂိုဒေါင်ထက်မှာ အုပ်မိုးလျက်။ ဒီလိုရာသီဆို အသီးတွေ ပြွတ်ခဲနေအောင် သီးနေကျ။

ဇီးပင်ထက်မှာ ဇီးကင်းလေးတွေ စထွက်ပြီဆိုလျှင်ဖြင့် သူကတော့ ဇီးပင်အောက်မှာ မော့တော့ မော့တော့ လုပ်လို့နေပြီ။ ဇီးရွက်ဇီးခက် အကြိုအကြား ရွက်ပုန်းသီး မှည့်ဝင်းဝင်း တလုံးတလေများ တွေ့ရလို တွေ့ရငြားပေါ့။
တဖြည်းဖြည်း ဇီးသီးလေးတွေ မှည့်ချိန်တန်လာရင်တော့ ဇီးသီးအမှည့်တွေရဲ့ အလေးချိန်ကို မခံနိုင်သည့် ညှာတံသေးသေးလေးတွေက လေတိုက်တိုင်း တဖြုတ်ဖြုတ်နှင့် ခြွေချပေး၏။
ကြွေကျလာသော ဇီးသီးလေးတွေကို သူတို့မောင်နှမတတွေ အပြေးအလွှား လိုက်ကောက်လေ့ရှိကြစမြဲ။

တခါတလေတော့လည်း လေငြိမ်လို့ ဇီးသီးတလုံးတလေမှ မကြွေကျနိုင်သည့်အခါမျိုးမှာ ဇီးပင်ကြီးကို တုတ်ဖြင့်ထိုး၍ လှုပ်ချကြသေးသည်။ ဘယ်လိုပင်ကြွေကြွေ ကြွေကျလာသည့် ဇီးသီးလေးတွေကို လိုက်ကောက်ပြီး မက်မက်စက်စက် စားခဲ့ကြပါ၏။ ဇီးသီးလေးတွေက သေးသေးလေးတွေပေမဲ့ တော်တော်တော့ ချိုသား။ ဇီးသီးချိုပြီဆိုမှဖြင့် ပိုးကောင်လေးတွေကလည်း ဇီးသီးထဲ ဘယ်ပုံ ဘယ်နည်း ရောက်လာသည် မသိ။ တချို့ ဇီးသီးတွေထဲမှာ ပိုးကောင်လေးတွေ ရွစိ ရွစိနှင့်။

သူ့အမ တယောက်ကတော့ ဇီးသီးစားရင်း ပိုးကောင်နှင့် တခါတိုးမိပြီးကတည်းက ဇီးသီးကို တသက်လုံး ဝေရာမဏိ လိုက်သည်မှာ ယခုချိန်ထိအောင် ဇီးယို ဇီးထုတ်ပင်မစားတော့။ သူကတော့ ပိုးပါလျှင် ဖယ်၊ ပိုးမပါလျှင် တွယ်ခဲ့သော်လည်း သူ့ဆရာတယောက်ကတော့ဖြင့် ဇီးသီးထဲက ပိုးဟာ ဇီးသီးပဲ ဟု ယူဆကာ ဇီးသီးရော ပိုးပါ အပြတ်ဝါးစားခြင်းဖြင့် ပိုးပါမပါ ကြည့်ရသောဒုက္ခ ကင်းဝေးလို့နေ၏။

ဇီးပင် နှစ်ပင် ရှိစဉ်ကတော့ မနက်ခင်းဆိုလျှင် ကျောက်ကာလုပ် ယွန်းခြင်းတောင်းလေးနှင့် တလုံး၊ ပလပ်စတစ် ဇကာကုံးလေးနှင့်တခု ဇီးသီးတွေ ကောက်လို့ရခဲ့သည်။ နောက်ပိုင်း ကားဂိုဒေါင်နေရာတွင် အဆောက်အဦအသစ်တခု ဆောက်လိုက်သည့်အခါ ဇီးပင်အိုကြီးအပါအ၀င် တခြားအပင်တွေပါ ပါသွားရရှာသည်။ ဇီးပင်အိုကြီးက သူ၏ မျိုးဆက် ဇီးပင်ပျိုလေးကို ချန်ထားခဲ့လို့သာ တော်သေးသည်ဟု ဆိုရမည်။
ကျန်ခဲ့သည့် ဇီးပင်ပျိုကလေးကတော့ သူ့မိခင်၏တာဝန် ကျေပွန်စွာဖြင့် အချိန်မှန်မှန်ပင် ဇီးသီးချိုချိုတွေ သီးပေးစမြဲ။ သူတို့ကလည်း အရင်လိုပင် ဇီးပင်အောက်မှာ ဇီးသီးကောက်ကာ တမက်တမော စားကြစမြဲ။

သူတို့တတွေ ဇီးသီးကောက်ပြီး စားကြသည့်အခါမျိုးမှာ အမေက ဇီးသီးသယ်(သည်) မဗျိုင်းပုံပြင်ကလေးကို ပြောပြဖူးသည်။ ဘုရင်ရဲ့တော်ကောက်ခြင်း ခံလိုက်ရလို့ မိဖုရားဖြစ်ပြီး နန်းတော်ရောက်ကာ ဘ၀မေ့သွားသော ဇီးသီးသယ်မလေး အကြောင်း ဇီးသီးစားရင်း နားထောင်ခဲ့ဖူးသည်။ ဇီးသီးသယ်မှ မိဖုရားဖြစ်ပြီး ကိုယ်ရောင်းခဲ့ဖူးတဲ့ ဇီးသီးကိုတောင်မေ့သွားလို့ ဘုရင်က နန်းတော်မှ နှင်ထုတ်၊ နောက်ဆုံးမတော့ ဒုံရင်း ဒုံရင်းဇီးသီးသယ် ပြန်ဖြစ်သွားသော မဗျိုင်းကလေးကို အမြင်ကပ်ရမလို သနားရမလို ငယ်ငယ်က ခံစားချက်တွေ ဇဝေဇ၀ါ ဖြစ်ခဲ့ရဖူးသည်။

ကိုယ့်ဘ၀ရဲ့ အတက်အကျကို ကိုယ်ကိုယ်တိုင်ကသာ ဖန်တီးပေးနိုင်တာပါပဲ … လို့ တွေးနိုင်တဲ့ ခုလိုအရွယ် ရောက်တဲ့အခါမှာတော့ ဇီးသီးသယ် မဗျိုင်းကို အမြင်ကပ်တာ သနားတာထက် ကိုယ်ကိုယ်တိုင် မဗျိုင်းဖြစ်ဖို့က အရေးကြီးတယ်ဟုသာ သူ့ကိုယ်သူ ပြန်ဆုံးမနေရပြီ။

ခုတော့လည်း တနှစ်ပြီးတနှစ်တွေ ကုန်ဆုံးပြောင်းလဲသွားပြီး ဇီးပင်အောက်မှာ ဇီးသီးတွေ ကောက်တဲ့ အရွယ်လည်း မဟုတ်တော့။ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေနဲ့ လုံးချာလည်နေတဲ့ဘ၀မှာ ဇီးပင်ကြီးကို တနှစ်နေလို့မှ တခါပင် သတိမရနိုင်တော့။ ဇီးသီးချိုချိုသေးသေးလေးတွေကိုလည်း မက်မက်မောမော မရှိလှတော့။ ဒီလိုနှင့် ဇီးပင်ကြီးလည်း ခြံထောင့်မှာ အထီးကျန်ခဲ့တာ ကြာပါပကော။

ဒီနှစ်မှ ဘာရယ်ကြောင့်မှန်းမသိ ဇီးပင်ကြီးကို တခုတ်တရ သတိရမိသည်။ ငယ်ငယ်တုန်းက ဇီးသီးကောက်ခဲ့ကြတာတွေ အမေပြောပြတဲ့ ဇီးသီးသယ် မဗျိုင်းပုံပြင်တွေကို တတမ်းတတ ဖြစ်မိသည်။
ထိုစဉ်တုန်းကလို ယွန်းခြင်းတောင်းလေး ဆွဲကာ ဇီးပင်အောက် ပြေးလွှားရင်း ကြွေကျလာမည့် ဇီးသီးလေးတွေ အလုအယက် ကောက်ချင်မိပြန်သည်။
သတိရ၍ ခြံထောင့်မှာ သွားကြည့်မိတော့ … ဇီးပင်ကြီးက ငုတ်တိုသာကျန်တော့၏။ ဟိုတလောက မီးစက်နှင့်မလွတ်လို့လားမသိ ခုတ်ခံလိုက်ရခြင်းကြောင့်ပင်။

ဇီးပင်ငုတ်တိုကြီးကို ကြည့်ရင်း လူတွေဟာ ပြန်မရနိုင်တာတွေကို ဘာကြောင့်များ တခါတရံမှာ တမ်းတနေရပါလိမ့်ဟု မချင့်မရဲတွေးမိသည်။ အသီးတွေမဝေနိုင်ရှာတော့သော ဒီငုတ်တိုကြီးသည်လည်း အခက် အရွက် အသီး အပွင့်တွေ ဖြာဖြာဝေခဲ့ဖူးသော ဟိုစဉ်တချိန်ကိုများ သတိတရ တမ်းတနေလေရော့မလား … စဉ်းစားမိပါသည်။

သို့တိုင်လျက် …
ငုတ်တိုသာ ရှိရှာတော့သော ဒီဇီးပင်ကြီးမှာ ရွက်နုသစ်လေးတွေ ထိုးထိုးထောင်ထောင်ထွက်ကာ စိမ်းစိုလို့ နေသည်ကို မြင်လိုက်ရ၍ သူ့စိတ်ထဲ ကြည်နူးပီတိ ဖြစ်မိပါတော့သည်။
***
မေဓာဝီ
13.1.07
11:31 am

3 comments:

ကလိုစေးထူး said...

ပြန်မရနိုင်တော့တာကို တမ်းတတာတော့လဲ မဟုတ်လောက်ပါဘူး အမ... တကယ်တော့ အသီးတွေ မဝေနိုင်တဲ့ ငုတ်တိုကြီးက ချန်ရစ်ခဲ့တဲ့ မျိုးစေ့ကလေးတွေကနေ အသီးတွေ မြောက်များစွာ ဝေနိုင်တဲ့ ဇီးပင်ကြီးမြောက်မြားစွာ ပေါက်လာနိုင်တယ်လို့ ကျနော်တော့ မျှော်မှန်းမိတယ်..ယုံကြည်မိတယ်.. ဘာပဲဖြစ်ဖြစ်ပါဗျာ ငုတ်တိုပဲရှိနေသေးတာတောင် ရွက်နုသစ်လေးတွေ ထိုးထိုးထောင်ထောင်ထွက်နေသေးတာကိုက အားတက်စရာပဲပေါ့..

moezan2004 said...

အစားထိုးမရတဲ့ တမ်းတခြင်းလား။ မျိုးဆက်ရွက်နုကို မြင်ရလို့ တမ်းခြင်းလား မမေဓာ။ ဘယ်လိုပဲဖြစ်ဖြစ် မဗျိုင်းက သူဇာတ်ကြောင်းနဲ့ ဖြစ်သလို ကြားခံဖြစ်သွားတဲ့ ဇီးပင်ကတော့ ဘယ်သူ့ကိုမှ အပြစ်မြင်မယ် မထင်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်အတွက် လှပစေခဲ့တဲ့ ကလေးကအစ လူကြီးထိတိုင် အမှတ်ရစေမယ့် အရာကို လူတွေက ဖန်တီးပြီး လူတွေပဲ ပြန်ဖျက်ဆီးကြတာကတော့ စိတ်မကောင်းဘူးပေါ့နော်။

ဒါပေမယ့်ပေါ့လေ မမေဓာ ငုတ်တိုကနေ မွေးဖွားလာမယ့် အရွက်နုကနေတဆင့် ပင်ပျိုတွေ ထပ်ဖြစ်လာနိုင်သလို ပင်ပျိုကနေ ဇီးပင်ကြီးတွေ ဖြစ်လာမယ့် တာဝန်ကို သူတို့ ထမ်းဆောင်နိုင်အောင် လူတွေကပဲ စွမ်းဆောင်ဖို့ လိုမယ်ထင်တယ်နော်...

မမေဓာလို ကလေးဘ၀ကို နောက်ထပ် ကလေးဘ၀ပေါင်းမြောက်များစွာက ဇီးသီးနဲ့ ဆီးသီးသည် မဗျိုင်းအကြောင်း ဘယ်လောက် လက်ဆင့်ကမ်း သိနိုင်ကြမလဲဆိုတာ တမ်းခြင်းမဟုတ်တာတောင်မှ မျှော်မှန်းမိပါတယ်ဗျာ။

ခွန်အောင်

yangonthar said...

အစ်မမေ ကျွန်တော် မရောက်ဖြစ်တာ သုံးရက် ရှိပြီ .... စာတွေဖတ်မယ် ဖတ်မယ်နဲ့ .... အစ်မ နေကောင်းတယ်နော် ..... အဆင်ပြေတယ်ဟုတ် ..... ဆီးသီးကောက် တမ်းခြင်း လေးကို ဖတ်ရင်း တွေးမိတာတွေ အများသားအစ်မရေ .... အမေပြောတဲ့ အိပ်ရာဝင်ပုံပြင်တွေ ... ငယ်ဘဝကို လည်း ပြန်ပြောင်းသတိရမိပါတယ် .... ဒါပေမယ့် အစ်မရယ် ကိုယ်က သတိရလို့ ခဏလေး အဲဒီ ပတ်ဝန်းကျင်လေးကို ပြန်ရောက်သွား မိတယ် အဲဒီ ပတ်ဝန်းကျင်နဲ့  ကျွန်တော် အံ မကျတော့ဘူး ကျွန်တော် ပျော်ခဲ့ တာတွေ အဲဒီ အချိန်က တွေးခဲ့တာတွေဟာ ပြောင်း ပြန်ဖြစ်လုမတတ်ဖြစ်နေပြီ ..... ကျွန်တော် ပြောင်းလဲ သွားတာဖြစ်မယ်ထင်တယ် .... ရင့်ကျက်သွားတာတော့ မဖြစ်တန်ရာဘူးနော် ......ငုတ် တိုပဲ ကျန်နေတဲ့ ဆီးသီးပင်အိုမှာ အတက် အရွက် အခက်တွေ စိုပြေနေတာ ကို ကြည့်ပြီး ပီတိဖြစ်ချင်နေမိတယ် ....
လေးစားလျှက်
ရန်ကုန်သား
အဆင်ပြေပါစေ :))))